Tuesday, June 9, 2015

မြတ်ဗုဒ္ဓ၏အဆုံးအမများနှင့် မြန်မာ့ထေရဝါဒသာသနာ စလင်း -မောင်မွှေးကြိုင်



မြတ်ဗုဒ္ဓ၏အဆုံးအမများနှင့်
မြန်မာ့ထေရဝါဒသာသနာ
စလင်း -မောင်မွှေးကြိုင်
          လောကတွင် လူ့ဘဝသည် ရခဲ၏။ သာသနာနှင့် ကြုံခဲ၏။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေဘဝသည် ရခဲ၏။ ဤသို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါသည်။
          မှန်ပေသည်။ ထိုသို့ဟောကြားတော်မူသည့် ‘လူ’ ဆိုသည်မှာ မိမိကိုယ်ကျိုးသာမက သူတစ်ပါးအကျိုးကိုပါ သယ်ပိုးတတ်သူများဟု ဖွင့်ဆိုကြပါသည်။ မျက်မြင် သတ္တလောကတွင် ခြေနှစ်ချောင်း မတ်တတ်ရပ်၍ လမ်းလျှောက်သူများကို သာမန်အားဖြင့် ‘လူ’ ဟူ၍ သိရှိကြပါသည်။
          သို့သော် ဓမ္မဒေသနာအမြင်အရ အသိဥာဏ်ရှိ ခြင်း၊လုံ့လဝီရိယ ရှိခြင်း၊ထိုးထွင်းကြံစည်တတ်ခြင်း၊ ကူညီစောင့်ရှောက်တတ်ခြင်း ဟူသောတရားများကို လက်ကိုင်ထားသူများကိုသာလျှင် ‘လူသား’ဟူ၍ သတ်မှတ်ရပါမည်။
          မိုက်မဲခြင်း၊ ပျင်းရိခြင်း၊ထုံထိုင်းခြင်း၊အနိုင်အထက် ကိုယ်ကျိုးရှာခြင်း ဟူသည့် တရားဆိုးများ သက်ဝင်နေ သူကို အနွယ်အားဖြင့် ‘လူ’ ဟူ၍ သာမန် ဆိုရသော်လည်း ‘လူမဆန်တဲ့လူ’များဟုသာ ဆိုရပေမည်။
အမှားနယ်မှလွတ်မြောက်ရန်
          ‘သာသနာ’ဟူသည် ‘အဆုံးအမ’ဟူ၍ အဓိပ္ပာယ် အနက်ပြန်ပါသည်။ တိကျပြည့်စုံစွာဆိုရသော် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတော်ဟူ၍ ဆိုရပေမည်။ တရားတော်များသည် မြတ်ဗုဒ္ဓ၏အဆုံးအမတော်များ ဖြစ်ကြသည်။ ထိုအဆုံးအမများသည် နိကာယ် ငါးရပ်၊ ပိဋကသုံးပုံများ ဖြစ်ကြသည်။ အတိုချုံးသော် ဒါန၊ သီလ၊ဘာဝနာ သုံးပါး ရသည်။ တစ်နည်းဆိုရသော် သီလ၊ သမာဓိ၊ ပညာ ဖြစ်ပေသည်။
          သက်ရှိ သူ ငါ သတ္တဝါ အားလုံးတို့သည် အလို ကြီးခြင်း ‘လောဘ’ ကြောင့် ကိုယ်စိတ်နှလုံး ပူလောင်၊ ပင်ပန်းဆင်းရဲရသည်။ ဒေါသအမျက်ကြောင့် ပူလောင် ခံခက်ရသည်။ မောဟအမိုက်မှောင်ကြောင့် အမှားနယ်တွင် တဝဲလည်လည်ဖြင့် မောဟိုက်နွမ်းနယ် ပင်ပန်းရပါသည်။
          သို့အတွက် လိုချင်မှု၊ အလိုကြီးမှု၊ ပါးသည်ထက် ပါးအောင် ပေးကမ်းစွန့်ကြဲ၍ဒါနအမှုပြုရပါသည်။ ဒေါသ အမျက် ပါးသည်ထက်ပါးအောင် သည်းခံခြင်းကို ညွှန်း ဆိုတဲ့ ‘သီလ’ကိုဆောက်တည်ရပါသည်။ အမိုက်မှောင် မောဟ ပါးသည်ထက်ပါး၍ အမှားနည်းပါးအောင် မိမိ အပြစ်ကို သုံးသပ်ရှာဖွေစစ်ဆေးခြင်းဟူသော ‘ဘာဝနာ’ ကို ပွားရပါသည်။ ဘာဝနာကို ‘ပညာ’ဟူ၍ ညွှန်ပြပါသည်။
ဒုလ္လဘ ဟူသည်
          ရခဲလှတဲ့ လူ့ဘဝကိုလည်း ရပါပြီ။ ကြုံဆုံခဲလှတဲ့ သာသနာ(ဘုရားအဆုံးအမ)နဲ့လည်း ဆုံပါပြီ။ သက်ဝင် ယုံကြည်မှုလည်း ရှိပြီဆိုပါစို့။ သို့သော်ငြားလည်း ကျင့်ဝတ်သိက္ခာ များပြားလှသော ရဟန်းဘဝ၊ ရှင်သာမဏေဘဝကို ရယူခံယူနိုင်ဖို့ ခက်ခဲ၍ မဝံ့မရဲ ဖြစ်နေကြပါသည်။
          မှန်လှပေသည်။ရှင်çရဟန်းဘဝသည် စားသောက် သုံးဆောင်ရာတွင် တိကျတဲ့ ညွှန်ကြားချက်များ ဝတ်ရုံ သုံးဆောင်ရာတွင်လည်း တိကျမှန်ကန်သော စည်းကမ်းများ၊ ပြောဆို, နေထိုင်ရာ, သွားလာရာ၌လည်း  လိုက်နာရမည့် ဘောင်များကို သိသာထင်ရှားစွာ မြတ်ဗုဒ္ဓက လမ်းညွှန် ဆုံးမ၍ထားပါသည်။ ထို ညွှန်ကြားချက်များကို လောကအေးချမ်း၍၊ ကိုယ်တိုင်လည်း သာယာ၊ ဘေးကင်းချမ်းသာစေရန် ညွှန်ကြားခဲ့ခြင်းဟူ၍ ဆိုပါသည်။
          ထိုကျင့်ဝတ်ဥပဒေများကို သာမန်သဒ္ဓါတရားဖြင့် မလိုက်နာနိုင်ပါ။ မရနိုင်ပါ။ သို့အတွက်ကြောင့် ရခဲ၊ ကြုံခဲသော ရဟန်းဘဝ၊ ရှင်ဘဝတို့အတွက်သာ ညွှန်းဆို၍ ထိုပုဂ္ဂိုလ်တို့သာ လက်ခံလိုက်နာနိုင်ကြပါ သည်။ သာမန် ရှင်, ရဟန်းအတွက် ‘ရခဲ’ဟူသည့် အသုံးတွင် မပါဝင် ဟုဆိုရပေမည်။
ပရိယတ္တိ ပြိုလဲခဲ့သော်
          ဆက်၍ ဆိုရသော် သဒ္ဓါတရား ထက်သန်သော ရှင်,ရဟန်း၊ ဥပါသကာ၊ဥပါသိကီတို့ ဖြစ်ဖို့ရန်အတွက် မြတ်ဗုဒ္ဓ၏အဆုံးအမပေါ်တွင် ရပ်တည်ရပါမည်။ သို့မှ သာ ခိုင်မြဲသော သဒ္ဓါ၊ တည်တံ့သော သဒ္ဓါ၊ မပြိုလဲနိုင်သော သဒ္ဓါဖြစ်ပေမည်။
          ထိုသဒ္ဓါတရားသည် ဘယ်ကလာပါသနည်းဟုဆိုသော် မြတ်စွာဘုရားသည် လေးဆယ့်ငါးဝါပတ်လုံး ဟောကြားတော်မူခဲ့သည့် သာသနာတော်သုံးရပ်၊ အဆုံးအမမြတ်မှ လာသည်ဟုဆိုရပေမည်။ တစ်ဖန် ဆိုရသော် အဆုံးအမသုံးရပ် အကျင့်မြတ်တွင် ပရိယတ် တည်းဟူသော ပိဋကသုံးရပ်သည် အခြေခံအုတ်မြစ် ဖြစ်သည်။
          မှန်ပေသည်။ ပရိယတ္တိပေါ်တွင် ပဋိပတ္တိကို တည်ဆောက်ရပါသည်။ ပဋိပတ္တိပေါ်တွင်မှ ပဋိဝေဓကို တည်ဆောက်ရပါသည်။ ထို့ကြောင့် အခြေခံပရိယတ္တိ ပြိုလဲလျှင် အလယ်ထပ် ပဋိပတ္တိနှင့် အပေါ်ထပ် ပဋိဝေဓတို့သည်လည်း အလိုအလျောက်ပြိုလဲကုန်တော့သည်။
          ယနေ့အထိ သုံးလောကတွင် သို့မဟုတ် ကမ္ဘာတွင် သာသနာအဆုံးအမ တည်ရှိ၍နေခြင်း၊ ဘုရားသံ၊ တရားသံ ကြားသိနေရခြင်းသည် ရှင်ကောင်း၊ ရဟန်း မြတ်တို့ကျေးဇူးကြောင့်ဆိုက မှားမည်မထင်ပေ။
သက်စွန့်ကြိုးပမ်း မြတ်ဝန်ထမ်း
          အရှင်ကောင်း အရှင်မြတ်တို့သည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှသည် ယနေ့တိုင် ပရိယတ္တိ သာသနာကို လက်ဆင့်ကမ်း၍ထိန်းသိမ်းစောင့်ရှောက် လာခဲ့ကြသည်ကို အားလုံးအသိပင်။ သင်္ဂါယနာ အထပ်ထပ် တင်၍လည်း ထိန်းသိမ်းခဲ့ကြရ၏။ မကွယ်ပျောက် အောင်၊ မယိုယွင်းအောင် ကြီးမားသော ဇွဲလုံ့လဖြင့် ဆရာစဉ်၊ တပည့်ဆက်တို့ စောင့်ရှောက် ထိန်းသိမ်း ကာကွယ်ခဲ့ကြရသည်။ သင်အံ၊ ပို့ချ၊ မှတ်သား လိုက်နာကျင့်ကြံအားထုတ်ခဲ့ကြရပါ သည်။
          ထိုသို့ထိန်းသိမ်းကြရာတွင် ရံခါ ပစ္စည်းလေးပါး ခေါင်းပါးပြတ်လတ်၍ အသက် အန္တရာယ်များကြုံတွေ့ခဲ့ကြရသည်။ ရံခါ မင်းဆိုးမင်းဘေးနှင့် ရံခါ ရောဂန္တရဘေးနှင့် ရံခါ သတ္တန္တရဘေးဆိုးများနှင့်ကြုံတွေ့ခဲ့ကြရသည်။ ထိုသို့ကြုံတွေ့ရပင်ငြားလည်း မကြောက်မရွံ့ နောက်မတွန့်ပါဘဲ အသက်စွန့်၍ ထိန်းသိမ်းတော်မူခဲ့ကြပါသည်။
အေးချမ်းပျော်ရွှင်နေချင်စရာ
          မြန်မာနိုင်ငံတွင် သာသနာတော်မြတ် အဆုံးအမ သုံးရပ်သည် နိမ့်တုံ၊ မြင့်တုံ ကြုံခဲ့ရသည်။ ယနေ့တိုင် လည်း ကြုံဆဲဟုဆိုရပေမည်။ယေဘုယျခြုံ၍ဆိုရသော် ပုဂံခေတ်မှ သည် ကုန်းဘောင်ခေတ်သို့တိုင် ရှင်ကောင်း အရှင်မြတ်တို့က သာသနာတော်ကို မွန်မြတ်တဲ့ စေတနာ၊ သဒ္ဓါတရားတို့ဖြင့် မိမိ တတ်သိနားလည် ကျင့်သုံး၍ ပြည့်ရှင်မင်းမှသည် တိုင်းသူပြည်သားတို့၏ နှလုံးအိမ်အတွင်းသို့လည်း အမြစ်တွယ်၊ အခြေခံအောင် ထည့်သွင်းတည်ဆောက်ပေးခဲ့ကြသည်။
          ပြည့်ရှင်မင်းနှင့် တိုင်းသားပြည်သူတို့ဘက်ကလည်း ဗုဒ္ဓဝါဒအမြင်၊ ဗုဒ္ဓအဆုံးအမနှင့်အညီ အာမိသဒါနဖြင့် ထောက်ပံ့ခဲ့ကြသည်။ထိုစဉ်က သတ္တဝါတို့သည် အမှား နည်းပါး၍ အမှန်များခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏အရိပ်ဟူသော အဆုံးအမတော်ကြောင့်ဖြစ် သည်။
          အမှားနှင့်အမှန်သည် ‘အမြင်’ပေါ်တွင် တည်ရှိနေ ပေသည်။ မှန်၏။ အမြင်သည် ‘ဝါဒ’ပေါ်တွင် တည်၍ နေသည်။ ဝါဒသည် နှလုံးသွင်းစရိုက် ‘ဥာဉ်’အပေါ်၌ တည်နေသော ကြောင့် ဖြစ်ပါသည်။ ထပ်ဆိုညွှန်းရလျှင် ဗုဒ္ဓမြတ်စွာ၏ဝါဒအနှစ်သာရကား လူ့ဘဝ ဝါ လူသား ကို ‘ဒုလ္လဘ’ဟူ၍တန်ဖိုးထားကာ အမြင်ကြည်လင် သန့်စင်လှပေသည်။ ထို့ကြောင့်ပင်လျှင် ထိုစဉ်ကာလက မြန်မာ့ ရေမြေတောတောင် သဘာဝတို့သည် စိမ်းလန်း စိုပြည်၍ လူသားတို့ဘဝသည် အေးချမ်းပျော်ရွှင်ဖွယ် ကောင်းလှသည်။
မိမိဟူသည့် ကိုယ်ကျိုးကို တတိယထား
          ထိုသို့ သာယာအေးမြ၍ နေချင့်စဖွယ်ဖြစ်အောင် ဖန်တီးတည်ထောင်ကြရပေမည်။ ယင်းသို့တည်ထောင် ရာတွင် အခြားနည်းလမ်းတို့ဖြင့် တည်ထောင်၍မရနိုင်ပါ။ မြတ်ဗုဒ္ဓဝါဒလမ်းစဉ်ကို သက်ဝင်ကျယ်ပြန့်၍ လူသားအားလုံး၏နှလုံးအိမ်၊ အသိဥာဏ်သို့ ပို့ဆောင်ပေး နိုင်မှသာ ရပေမည်။ သို့မှသာ အထက်က ဆိုခဲ့သလို လူ့ဘဝကို ‘ဒုလ္လဘ’ဟုညွှန်းဆို၍ ထိုသို့ လူသားချင်း လေးစားတန်ဖိုးထားကာ အလောဘတရား-အချင်းချင်း အနစ်နာခံမှု၊ အဒေါသတရား- အချင်းချင်း ငဲ့ညှာ သနားမှု၊ အမောဟတရား- လောကသဘာဝကို ဟုတ်တိုင်းမှန်ရာ ယထာဘူတကျကျ သိမြင်မှုတရားများ တိုးတက်ထွန်းကား ပြည့်ဝလာကြပေမည်။
          ထို အလောဘ၊ အဒေါသ၊ အမောဟ ဟူသည့် တရားသုံးပါး ပြည့်ဝမှသာ လူသားတို့သည် အများ၏ ကောင်းကျိုးဟူသည့် ‘လောကတ္ထ’ကို ပထမထား၍၊ အသိုက်အဝန်း၊ ဆွေမျိုး၊ တပည့်တို့၏ကောင်းကျိုး ဟူသည့် ‘ဥာတတ္ထကို ဒုတိယ’ထားလျက် မိမိကောင်းကျိုး (ကိုယ်ကျိုး) ‘အတ္တတ္ထ’ကို တတိယနေရာသို့ ပို့ဆောင် နိုင်ကြပေမည်။ သို့မှသာ လောကပါလတရားထွန်းကားပေမည်။
အသိ ဝိဇ္ဇာနှင့် အကျင့် စရဏ
          လောကပါလတရား တိုးတက်ထွန်းကား၍ ပြန့်ပွား လာနိုင်စေရန် ဘာသာဝင် အားလုံး၊ လူသား အားလုံးတွင် တာဝန်ရှိကြပါသည်။ လောကမှာ မြတ်ဗုဒ္ဓဝါဒကို သိမြင်ရန် အထူးလိုအပ်ပါသည်။ မြတ်ဗုဒ္ဓဝါဒသည် အသိဥာဏ် ‘ဝိဇ္ဇာ’နှင့် အကျင့် ‘စရဏ’တရားတို့ကို အခြေခံ တည်ဆောက်ပါသည်။ အခြားသော ဝါဒများသည် ဝိဇ္ဇာသာ ပါဝင်၍ စရဏ မပါဝင်သောကြောင့် ထိုဝါဒများဖြင့် လောကကို သာယာအေးချမ်းအောင် မစွမ်းဆောင်နိုင်ကြပါ။
          ဗုဒ္ဓမြတ်စွာ၏အဆုံးအမတော်များတွင် လုပ်ငန်းစဉ် အရ ဓမ္မနှင့် ဝိနယဟူသည့် နှစ်မျိုးကို တွေ့ရပါသည်။  ထိုနှစ်မျိုးတွင် ‘ဓမ္မ’သည် ဝိဇ္ဇာတွင် ပါဝင်၍ ‘ဝိနယ’ သည် စရဏဖြစ်ပါသည်။
          မြန်မာဝေါဟာရအရ ဓမ္မနှင့်ဝိဇ္ဇာသည် အသိပညာ နှင့်ပတ်သက်၍ ဝိနယနှင့်စရဏသည် အကျင့်နှင့် ပတ်သက်သည်။ သို့အတွက် သိရုံသာသိ၍ မကျင့်ပါလျှင် ‘အကျိုး’နှင့်တူ၍ အသိပညာမပါသောကျင့်သုံးမှု သက်သက်သည်လည်း ‘အကန်း’နှင့် တူသည်ဟု ဆိုပါသည်။
          ကိုယ်သွားလိုရာ ခရီးပေါက်ရောက်နိုင်ဖို့ မျက်စိ အမြင်လည်း ကောင်းရပါလိမ့်မည်။ ခြေလည်း ကောင်း ရပါမည်။အလားတူ လိုရာပန်းတိုင်သို့ရောက်ရန် အသိဥာဏ်ကိုလည်း ကြိုးစားရပါမည်။ အကျင့် စရဏကိုလည်း ကျင့်သုံးရပေမည်။
အနှိုင်းမဲ့သော မြတ်ဆရာ
          ဝိဇ္ဇာနှင့်စရဏကို နှလုံးအိမ်တွင် တည်ဆောက်ရန်မှာ လူသားအားလုံးတွင် တာဝန်ရှိပေသည်။အသိဥာဏ် နှင့် အကျင့်စရိုက်တို့သည် လူသားတို့အတွက် အဖြူ အမည်းကွဲပြားလေသည်။ မှန်ကန်သောအသိဥာဏ် ရယူဖို့အတွက် ဆရာကောင်းဆရာမြတ် လိုအပ်ပေသည်။ ထိုဆရာမြတ်ဟူသည်ကား ပိဋကစာပေသည် အနှိုင်းမဲ့သောဆရာ ဖြစ်ပါသည်။
          ထိုအနှိုင်းမဲ့သောဆရာမြတ်ကို မည်သို့ရှာကြံရမည် ဆိုသည်ကို ဤသို့တွေ့ရှိရသည်။ ‘ယော ခေါ အာနန္ဒ မယာဓမ္မောစ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ’(မဟာပရိနိဗ္ဗာနသုတ်) ဒေသနာတော်အရ ဓမ္မနှင့်ဝိနယတို့ကို တွေ့ရပါသည်။           ထို ဓမ္မနှင့် ဝိနယ ဟူသော ပိဋကစာပေများသည် လောကကို အမြဲထာဝရ ဆုံးမတော်မူနေသည့် သက်ရှိ ထင်ရှား မြတ်စွာဘုရားပင် ဖြစ်ပေသည်။ ထိုဓမ္မနှင့် ဝိနယတို့မှ သက်တော်ထင်ရှား မြတ်စွာဘုရားကို ကိုယ်တိုင်လက်တွေ့မျက်မြင် ဖူးမြော်ပူဇော်နိုင်ကြပေ သည်။
          ထို့ကြောင့် မြတ်စွာဘုရားရှင်က ‘ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိတရားကို မြင်ပါက  ‘ငါဘုရားကို မြင်သည်’ဟူ၍ ဟောတော်မူပါသည်။
ဝိုင်းဝန်းကူညီ ရှေ့သို့ချီ
          မြတ်ဗုဒ္ဓ၏ အဆုံးအမတော်ကို အပျောက်မခံလိုကြသော ဆရာတော် အရှင်မြတ်များနှင့် လူ ဥပါသကာ ဥပါသိကီအပေါင်းတို့သည် ကိုယ်အား ဥာဏ်အား ပစ္စည်းလေးပါးအားတို့ဖြင့်စုပေါင်း၍ ကြိုးစားအားထုတ် ခဲ့ကြ၏။ ယနေ့တိုင်လည်း အားထုတ်နေကြဆဲ၊ နောင်လည်း အားခဲကြရပေဦးမည်။
          မြတ်ဗုဒ္ဓ၏ အဆုံးအမတော်များ မကွယ်ပစေရန် လည်းကောင်း၊ တိုးတက်ပြန့်ပွားစေရန်လည်းကောင်း၊ သန့်ရှင်းတည်တံ့စေရန်လည်းကောင်း အကောင်းဆုံး သောနည်းမှာ ပရိယတ္တိစာသင်တိုက်များ တည်ထောင် ခြင်း၊ ကူညီအားပေးခြင်း၊ စာပေပရိယတ္တိကို သင်အံ၊ ပို့ချ၊ အားပေးချီးမြှောက်ခြင်း၊ တရားဓမ္မများကို လာဘ သက္ကာရ သိလောက ရှေ့မရှုဘဲ ဟောကြား ပြသ ဆုံးမပေးခြင်း၊ စာပြန်ပွဲ၊ စာမေးပွဲများ ပြုလုပ်ပေး၍ ချီးမြှောက် ကြရပေမည်။
          သို့မှသာ မြတ်ဗုဒ္ဓ၏အဆုံးအမသာသနာ၊ သိက္ခာ သုံးရပ်၊ အကျင့်မြတ်တို့သည် မြန်မာ့ထေရဝါဒသာသနာတော်တွင် စည်ပင်၍ ထာဝရကြည်လင်နေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
စလင်း မောင်မွှေးကြိုင်


တွေ့ဆုံမေးမြန်း ဓမ္မလမ်း မိုးမိုးစောဝင်း

တွေ့ဆုံမေးမြန်း ဓမ္မလမ်း
မိုးမိုးစောဝင်း

   ကျွန်မတို့ ငယ်စဉ်အခါက ဘာသာတရားနဲ့ နီးစပ်အောင် ဘယ်သူများ လမ်းညွှန်ခဲ့ပါလိမ့်လို့ ပြန် စဉ်းစားကြည့်လိုက်တော့ ဒေါ်လေးဖြစ်သူရဲ့ ကျေးဇူးကို ပြေးမြင်ပါတယ်။ ဒေါ်လေး ဆိုသော်ငြား အဖေ့ရဲ့ အဒေါ်သာဖြစ်ပြီး အဖေခေါ်တဲ့အတိုင်း လိုက်ခေါ်မိပေမဲ့ တကယ်တော့ အဘွားလေး တော်စပ်တာပါ။ ကျွန်မတို့ အဖွားရဲ့ ညီမအပျိုကြီးပါ။ ကျွန်မတို့ ငယ်စဉ်အခါက မြန်အောင်မြို့မှာ နေကြတာပါ။  ဒေါ်လေးက သူဈေးသိမ်းလို့ အိမ်ပြန်ချိန် ညနေနှောင်းပိုင်းဆို ဘုန်းကြီးကျောင်းကို အမြဲသွားပါတယ်။ ကျွန်မကလည်း တတန်းတန်း လိုက်ပါတယ်။ မြန်အောင်နန္ဒဝန် ဘုန်းတော်ကြီးကျောင်းဟာ ကျယ်ဝန်းပြီး သာယာလှပ တိတ်ဆိတ်လွန်း တာမို့ ကလေးပီပီ ပျော်ခဲ့တာပေါ့။ ဒါ့အပြင် ဒေါ်လေးနဲ့အတူ ဘုရားစင်ကဘုရားပန်းအိုးတွေ တိုက်ချွတ်ဆေးကြောရတာကို ပျော်ခဲ့ပါတယ်။ ကျောင်းဝင်းအတွင်းက စကြာပန်းလေးတွေ ခူးသီပြီး ပန်းကပ်လှူရတာကိုလည်း ကြည်နူးမိပါတယ်။ လူကြီးတွေ ဘုရားရှိခိုးသလို လိုက်ရှိခိုးပြီး ငြိမ်သက် အေးချမ်းစွာ တရားထိုင်ရတာကိုလည်း ငြိမ်းချမ်းလွန်းလို့ ဒီခံစားမှုကို ဘာသာမပြန်နိုင်ခင်ကတည်းက နှစ်သက်မိခဲ့တာပါ။ အချိန်ကြာလာရင် လူကြီးတွေလို ကြာရှည်မထိုင်နိုင်ဘဲ တိတ်တိတ်လေး ထထွက်လာပြီး ကျောင်းဝန်းအနှံ့ သွားနေမိတာမျိုးလည်း ရှိခဲ့တာပေါ့။
           ကလေးဘဝ ဒီစိတ်အရင်းခံတွေဟာ လူကြီးဘဝတိုင်အောင် စွဲမြဲနေခဲ့တာမို့လည်း ဘာသာ သာသနာအတွက် ဗုဒ္ဓဘာသာကလေးငယ်များကို ဘာသာတရားနဲ့ ရင်းနှီးမှုရှိအောင် ပျိုးထောင်ပေး နိုင်ဆုံးနေရာဟာ ဘုန်းကြီးကျောင်းများလို့ ယုံကြည်မိပါတယ်။ ခေတ်ကာလ ပြောင်းလဲတိုးတက်မှုများ အရ ဘုန်းတော်ကြီးကျောင်းများမှာ ဓမ္မစကူးလ်အဖြစ် သင်တန်း ကျောင်းများ တိုးတက်ဖွင့်လှစ်လာတာ မြင်ရတော့ ပိုလို့ကောင်းတဲ့အစီအစဉ်အဖြစ် ဝမ်းသာမိ ပါတယ်။ ကိုယ့်စိတ်ကူးပုံရိပ်နဲ့ တစ်ထပ်တည်းကျတာမို့ စိတ်ဝင်စားမှုများနေတဲ့ အချိန် တိုက်ဆိုင်စွာပဲ ဓမ္မစကူးလ်ဆရာတော်တစ်ပါးကို တွေ့ဆုံမေးမြန်း ဓမ္မလမ်း အစီအစဉ်မှာ တွေ့ဆုံမေးမြန်းဖို့ ဖြစ်လာပါတယ်ရှင်။                                                                  ဒီတစ်လအတွက်ကျွန်မမေးမြန်း ဖြစ်ခဲ့တဲ့ ဆရာတော်ကတော့ တောင်ငူမြို့ ဒက္ခိဏရာမ စာသင်တိုက် ဒေါက်တာအရှင်ကုဏ္ဍလဖြစ်ပါတယ်။ ဆရာတော်ဟာ လက်ရှိ ဒီကျောင်းတိုက်မှာ သီတင်းသုံးလျက်ရှိပြီး စာချ ပရဟိတလုပ်ငန်းများနဲ့ ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းများအပြင် ဒီကျောင်းမှာပဲ နိုင်ငံခြား ဘာသာနဲ့ ဓမ္မပညာရေး သင်တန်းကျောင်းကို ဦးစီးဦးဆောင်ပြုနေသူ ဖြစ်ပါတယ်။
၁။ အရှင်ဘုရားရဲ့ ဘွဲ့တော်၊ သက်တော်၊ ဝါတော်တို့ကို မိန့်တော်မူပါဦးဘုရား။
          ဘွဲ့တော်က အရှင်ကုဏ္ဍလ ဖြစ်ပါတယ်။ သက်တော် က ၃၈-နှစ် ဝါတော်က ၁၈-ဝါ ဖြစ်ပါတယ်။
၂။ အရှင်ဘုရား ဘယ်အရွယ်က သာသနာ့ဘောင် အတွင်းကို ဝင်ရောက်ဖြစ်တာပါလဲ ဘုရား။ ဝင်ရောက် ခဲ့ပုံအစကိုလည်း မိန့်ပါဦး။
          သာသနာ့ဘောင်အတွင်းကို (၁၂)နှစ်သားအရွယ်က  ဝင်ရောက်ခဲ့ပါတယ်။ ကိုရင်ဝတ်ပြီး အလှူပြီးတဲ့နေ့မှာပဲ တောရွာမှာလာဖွင့်တဲ့ တရား(၁၀)ရက်စခန်း ဝင်ခဲ့ဖြစ်ပါ တယ်။ တရားစခန်း (၁၀)ရက် ပြီးသောအခါ တောင်ငူမြို့ကို ဘုရားဖူး အလည်လာဖြစ်ခဲ့တယ်။ ကြာနီကန် စာသင်တိုက် ဆရာတော်ဘုရားကြီးကို ကန်တော့တဲ့အခါ ဆရာတော်က ကိုရင် ပျော်သလောက်နေဦးပေါ့တဲ့။ သုံးရက်လောက်နေပြီး ဆရာတော်က ပရိတ်ကြီး စ သင်ပေးတယ်။ နောက်ပိုင်းမှာ စာကျက်ရတာကို ပျော်ပြီး ရွာကို မပြန်ဖြစ်တော့ဘဲ။ ဒါယိကာမကြီးက ကိုရင် ဝါဆိုကြည့်လိုက်ဦးပေါ့ဆိုပြီး စာတွေကျက်၊သူငယ်ချင်း
တွေနဲ့ ပျော်ကာ စာမေးပွဲ ဝင်ဖြေခဲ့တယ်။ ဒုတိယအဆင့်အောင်လို့ စာဝါတွေဆက်ပြီး လိုက်ဖြစ်ခဲ့တယ်။ ရွာကို သုံးနှစ်လောက် မပြန်တော့ဘဲ စာဝါသာလိုက်ပြီး ပထမငယ်တန်း အောင်မှ ရွာပြန်ရောက်ခဲ့တယ် ဆိုပါတော့။
၃။       သာသနာ့လမ်းကို လျှောက်ဖြစ်ခဲ့တာဟာ အရှင်ဘုရားရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ရွေးချယ်မှုလား၊ မိဘအသိုင်းအဝိုင်းကတိုက်တွန်းမှုကြောင့်လားဆိုတာလည်း သိပါရစေ။
          ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာအရ ယောကျာ်းလေးမှန်သမျှဟာ ရှင်ပြု၊ ရဟန်း ဝတ်ကြတာ အစဉ်အလာဖြစ်ပါ တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။

၎။       အရှင်ဘုရားရဲ့ ပရိယတ္တိစာပေ  လေ့လာသင်ကြားမှုနဲ့ အောင်မြင်မှုတွေကိုလည်း သိပါရစေ။
          အောင်မြင်ခဲ့တဲ့ စာမေးပွဲတွေ ကတော့ (၁) မူလတန်း၊ ပထမငယ် တန်း၊ ပထမလတ်တန်း၊ ပထမကြီး တန်း။ (အစိုးရ) (၂) ဒုတိယအဆင့်၊ တတိယအဆင့်၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း (သုဓမ္မာ)။ (၃) M.A-Master of Arts (India) 2008 (၄) Ph. D-Doctor of Philosophy (India) 2013 တို့ဖြစ်ပါတယ်။
၅။       သာသနာတော်တွင်း ခက်ခဲတဲ့ စာပေတွေကိုလည်း လေ့လာရတယ်။ ပြီးတော့ တင်းကြပ်တဲ့ ဝိနည်း စည်းကမ်းတွေကိုလည်း လိုက်နာရတယ်။ ဒီအပေါ်မှာ ဘယ်လိုဇွဲလုံ့လ ခံယူချက်တွေနဲ့များ ဖြတ်ကျော်ခဲ့ပါလဲဘုရား။
          အတတ်နိုင်ဆုံး မကောင်းမှုကို မတွေးမိဖို့ မကြံစည်မိဖို့နှင့် မလုပ်မိ ဖို့ အမြဲတမ်း ကြိုးစားရှောင်ကြဉ် တယ်။ အလုပ်တစ်ခုကို လုပ်တော့ မယ်ဆိုရင် မလုပ်ခင် စဉ်းစားပါတယ်။ စဉ်းစားပြီးရင် လုပ်တယ်။ လုပ်ပြီဆို နောက်မဆုတ်နဲ့။ ဘဝ မှာအခက်အခဲဆိုတာ အောင်မြင်မှု ရဲ့ လမ်းအစဖြစ်တယ်လို့ ခံယူတယ်။ ကြိုးစားရမှာက မိမိတာဝန်ဖြစ်တယ်။ မအောင်မြင်တာက ကံပေါ့။ ဘာပဲလုပ်လုပ် စွဲစွဲမြဲမြဲလုပ်တယ်။ အောင်ကို အောင်မြင်ရမယ်ဆိုပြီး လုပ်တယ်။ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ဝီမံသ ဆိုတဲ့ တရားလေးပါးနဲ့ ကြိုးစားတယ်။ အပြုသဘောဆောင်တဲ့ စိတ်နဲ့ မွေးမြူနိုင်အောင် ကြိုးစားတယ်။
၆။       စာသင်သားဘဝမှာ ကျော်ဖြတ် ခဲ့ရတဲ့ ထူးထူးခြားခြား အခက်အခဲများ ရှိမလားဘုရား။
          ၂၀ဝ၀-ပြည့်ခုနှစ်မှာ တောင်ငူ မြို့ကနေ ဓမ္မာစရိယ(စာချ)တန်း စာပေများ လေ့လာဆည်းပူးဖို့ မန္တလေးကို ပြောင်းခဲ့တုန်းကပေါ့။ မြန်မာနိုင်ငံမှာ မန္တလေး၊ ပခုက္ကူ ဆိုတာ စာဝါနဲ့ပတ်သက်လာရင် နာမည်ကြီးတယ်လို့ ဆရာသမား မိတ်ဆွေ သူငယ်ချင်းတွေ ပြောဖူး တယ်။ ငယ်ငယ်ကတည်းက ပထမ ကြီးတန်းအောင်ရင် ရန်ကုန်ဆိုရင် အင်းစိန်ရွာမ စာသင်တိုက်နေမယ်။ မန္တလေးဆို မစိုးရိမ်တိုက်သစ်နေမယ်လို့ ဆုံးဖြတ်ထားတာလေ။ ရွာကနေ မင်းကွန်းကို အပြန် ဆရာတော် ဦးပညာဓဇက မန္တလေးကို ငါနဲ့လိုက်ခဲ့တဲ့။ မစိုးရိမ်တိုက်သစ် မှာ နေချင်ရင် ငါလိုက်လျှောက်ပေး မယ်တဲ့။ ဆန္ဒတွေ ပြည့်ပြီး ပျော်ခဲ့ တယ်။ ဒါကြောင့် မစိုးရိမ်တိုက်သစ် မှာ နေဖြစ်ခဲ့တယ်။ မန္တလေး ရောက်တော့ တောင်ငူမှာလို ဆွမ်းကွမ်း မလွယ်ကူလှပါဘူး။တောင်ငူမှာတော့ ကိုရင်ငယ်ဘဝကတည်းကဆိုတော့ နေထိုင်ရေး စားရေးသောက်ရေး အားလုံးအဆင်ပြေတယ်။ မန္တလေးမှာကျတော့ ဆွမ်းခံမထွက်ရင် ဆိုင်မှာ ဝယ်စား၊ နံနက်စာက နတ္ထိ၊ စောစောထ စောစောပြေး၊ ဘုံလောင်းဆွမ်းရဖို့ မသေချာ၊ ရှေ့မှာကများလှ၊ သံဃာက မနည်း ဘူးလေ။ နေ့စဉ်နေ့တိုင်း ဝီရိယ ထားပြီး အိပ်ရာထ ဆွမ်းကိစ္စ အလုပ်တစ်ခု ဖြစ်နေတယ်။ ပညာရေးဒုတိယ ဦးစားပေးဖြစ်နေ တယ်။ တောင်ငူမြို့ကနေ မန္တလေး မြို့ ပြောင်းသွားတော့လည်း သူများ တွေလို ဝတ္ထုငွေကလည်း များများ စားစား မပါ။ ပါတဲ့ဝတ္ထုငွေကိုလည်း ကောင်းကောင်းမသုံးရဲခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေး မကောင်းခဲ့ရင် ဪသာ် ဒုက္ခ။ မှတ်မှတ် ရရ မန္တလေးပြောင်းတော့ အားလုံး ငွေ(၂၀ဝ၀ဝ) လောက်ပဲပါတယ်။ ရထားလက်မှတ်ခ၊ ဆိုက်ကားခ၊ ဟိုပေး ဒီပေး လုပ်လိုက်တော့ အားလုံး (၁၅၀ဝ၀) လောက်သာ ကျန်တော့တယ်။ ကွမ်းယာလေးကလည်း မစားဘဲ မနေနိုင်။ တောင်ငူ ကဆိုတော့ ကွမ်းယာကို အလွန် ကြိုက်ပါတယ်။ နောက်ပိုင်းမှာ ဆွမ်းကိစ္စလည်း အဆင်ပြေချင်တယ်။ ဘာလုပ်ရရင် ကောင်းမလဲဆိုတော့ ဆွမ်းအရေးç ကွမ်းအရေးç ပညာ အရေးဘယ်ဟာကအရေးကြီးဆုံးလဲ ဆိုတာ စဉ်းစားပြီး ဆွမ်းပြည့်စုံမှ ပညာရေးအတွက် အထောက်အကူ ဖြစ်မယ်ဆိုပြီး ဆွမ်းခံအိမ်လည်း လိုက်ဖိတ်ကြည့်ပါသေးတယ်။ ဒါပေမဲ့ ဆွမ်းခံအိမ် သွားဖိတ်တော့ တပည့်တော်တို့က ဧည့်သည်တွေပါ ဘုရားတဲ့။ ဆွမ်းခံအိမ်လိုက်ဖိတ် လိုက်တာ ဆယ်အိမ်လောက် ဖိတ်လိုက်တာ တစ်အိမ်သာ ရပ်ဆွမ်း ကြွတော်မူပါဘုရားတဲ့။ အစကတော့ တစ်အိမ်ရပြီဆိုတော့ ပျော်နေတာ။ နောက်အိမ်တွေ တစ်အိမ်မှ မရဘူး။ မန္တလေး စာသင်သားဘဝနော်။ ဆွမ်းခံအိမ် လိုက်ဖိတ်ပေးတဲ့ ဦးဇင်းက ရှေ့ကနေပြော၊ ဆွမ်းခံကြွရန် လက်ခံဖို့ ပြောနေတာကို နောက်ကနေပြီး နားထောင်ရင်း တော်တော် အားနာမိတယ်။ တောင်ငူကို ပြန်ပြေးချင်တဲ့ စိတ်တွေ တဖွားဖွားဖြစ်နေမိတယ်။ စိတ်လည်း မကောင်းဖြစ်ခဲ့တယ်။ တချို့အိမ်လေးတွေက ဘေးအိမ်က ဆွမ်းခံ လာဖိတ်သံကို ကြားတာနဲ့ တူပါတယ် တံခါးကလေးပိတ်ပြီး အိမ်ထဲ ဝင်သွားကြလေရဲ့။ တိတ်ဆိတ် ငြိမ်သက်လို့။ ဘာပဲဖြစ်ဖြစ် ရပ်အိမ် တစ်အိမ်ရခဲ့တယ်။ မန္တလေးမှာ ၁။ ထိုင်ကိုယ်တော် ၂။ ရပ်ကိုယ်တော် ၃။ တို့ကိုယ်တော် ဆိုပြီး သုံးမျိုးရှိ တယ်။ ၁။ ထိုင်ကိုယ်တော်ဆိုတာ အိမ်ထဲမှာဝင်ပြီး ထိုင်ရတဲ့ ကိုယ်တော်ကို ထိုင်ကိုယ်တော်လို့ ခေါ်တယ်။ ၂။ရပ်ကိုယ်တော်ဆိုတာက အိမ်ထဲကို မဝင်ရဘူး။ အိမ်ရှေ့ မှာပဲ ရပ်ပြီး ဆွမ်းခြွံကရတဲ့ ကိုယ်တော်ကို ရပ်ကိုယ်တော်လို့ ခေါ်တယ်။ ၃။ တို့ကိုယ်တော်ဆိုတာ က ဆွမ်းခံအိမ် မိသားစုက မိသားစု ကဲ့သို့ စာရင်းသွင်းထားပြီး လိုရာ အလှူခံတော်မူပါဘုရား။ အလိုရှိရာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးကို ဆွမ်းခံအိမ်က အလှူခံခွင့်ပြုထားတာ ဖြစ်တယ်။ နောက်ဆုံးမှာတော့ တောင်ငူကို ပြန်ရင်ကောင်းမလား။ စဉ်းစားကြည့်နေမိတယ်။ စာသင် ချင်တဲ့ စိတ်ကုန်လာတယ်။ (စာဆိုက ပျင်း၊ ပျော်၊ ပျက်၊ ပြေး မန္တလေးတဲ့) ရဟန်းဒါယိကာ၊ ဒါယိကာမများထံမှ ငွေမှာဖို့ဝေးစွ အဲသလို ဒုက္ခရောက် နေတာကိုလည်း အသိမပေးဝံ့ခဲ့ပါ ဘူး။ ဪသာ် မိဘများသာ ရှိခဲ့လျှင် လိုအပ်တဲ့ ဆွမ်းကိစ္စအဝ၀ကို လုပ်ပေးမှာကို မျက်စိထဲ မြင်ယောင် လာတယ်။ မိဘကျေးဇူးကို ပိုပြီး သဘောပေါက်နားလည်လာမိတယ်။ ကိုင်းကွာ ဆွမ်းကို ဘုံလောင်း၊ ကွမ်းကို ဂျောင်း။ ကွမ်းယာကို လုံးဝ မစားတော့ဘူး။ ဒါပေမဲ့စိတ်က ပထမတစ်ပတ်လောက်မှာတော့ ကွမ်းယာဘက်ကို ရောက်ရင် ဒကာတော် တစ်ထုပ်လောက် ဆိုတာလေးကို သတိရနေမိတယ်။ စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်တယ်။ မြတ်စွာဘုရားက စိတ်သာအဓိက ဖြစ်တယ်လို့ တရားသဘော နှလုံး သွင်းလိုက်တယ်။ ဆိုင်ကို မကြည့် ဖြစ်အောင်၊ ကွမ်းယာစားမယ့်အစား ဝတ္ထုငွေကို စုဖြစ်ခဲ့တယ်။ ဘုံလောင်း လည်းြွက၊ ဆွမ်းလည်းရ။ သို့သော် နောက်ပိုင်းမှာ ကွမ်းယာ စားခဲ့မိတဲ့ ဝတ္ထုငွေတွေ ဘယ်လောက်တောင် ကုန်ခဲ့သလဲဆိုတာ စိတ်ထဲမှာ အသိ နောက်ကျခဲ့တယ်လို့ တွေးပြီး စိတ်မကောင်းဖြစ်မိခဲ့ တယ်။ အင်္ဂလိပ်စာ သင်တန်းကြေးအဖြစ် သုံးတယ်။ ကျန်တာကို စုတယ်။ နောက်ဆုံး အိန္ဒိယသွားမယ်ဆိုပြီး စုဗူးဖွင့်ကြည့်လိုက်တော့ ငွေလေးတွေက မှိုလေးတွေတက်လို့။ နှစ်ပေါင်းများစွာ စုထားတဲ့ငွေလေးတွေ သွားပါပြီ။ စိတ်မကောင်းဖြစ်မိခဲ့တယ်။
 ၇။      အရှင်ဘုရား အိန္ဒိယမှာ စာပေ ဆက်လက်သင်ကြားဖို့ ရွေးချယ်ဖြစ်ခဲ့ပုံကိုလည်း သိချင်ပါသေးတယ် ဘုရား။ အခက်အခဲများရှိရင်လည်း သိပါရစေ။
          မန္တလေး မစိုးရိမ်တိုက်သစ်မှာ စာချတန်း (ဓမ္မာစရိယ) စာဝါလိုက်နေရင်း အတူစာဝါတက်နေတဲ့ သူငယ်ချင်းတစ်ယောက်က သူ အိန္ဒိယကို ပညာသင် တကယ် ထွက်တော့မယ်ဆိုတော့ ကိုယ်လည်း စိတ်ထဲမှာ သွားချင်တဲ့စိတ် ဖြစ်မိတယ်။ အားကျမိတယ်။ ကြိုးစား ချင်တဲ့စိတ် ပိုပြီး ဖြစ်မိတယ်။ သူငယ်ချင်းသွားတော့ စုထားတဲ့ စုဗူးထဲက ငွေကို ပညာပါရမီအဖြစ် ဒေါ်လာသွားဝယ်လိုက်တယ်။ တစ်ဒေါ်လာကို (၁၃၅၀) ကျပ် ပေးရတယ်။ (၁၁) ဒေါ်လာရတယ်။ ဒါနဲ့ သူငယ်ချင်းကို တပည့်တော် ပညာပါရမီအဖြစ် လှူလိုက်ပါရစေ ဘုရားဆိုပြီး ကပ်လိုက်တယ်။ ဥပုသ်နေ့မှာတော့ မဟာမြတ်မုနိဘုရား ကြီးဆီသို့သွားပြီး ဘုရားကန်တော့၊ ပရိတ်ကြီး မေတ္တာသုတ်နှင့် ပဋ္ဌာန်း (၂၄) ပစ္စည်း သက်စေ့ရွတ်လို့  ဆုတောင်း အမျှဝေခဲ့တယ်။ အဲဒီနေ့က စပြီး ပဋ္ဌာန်းကိုသက်စေ့ရွတ်ဖတ် ပူဇော်ခဲ့ဖြစ်တာ ယနေ့အထိပါပဲ။ အဆင်ပြေရင် အိန္ဒိယကို တပည့်တော် ပညာလာသင်နိုင်အောင် ကြိုးစား မယ်ဆိုပြီး သူငယ်ချင်းကို ပြောခဲ့တယ်။ အင်္ဂလိပ်စာကို နေ့စဉ် အားတဲ့အချိန်မှာလေ့လာ တယ်။ အပြော လေ့ကျင့်တယ်။ နေ့ဆွမ်းစားပြီး သူများ အနားယူတဲ့အချိန်မှာ အင်္ဂလိပ်စာဝါကို လိုက်တက်တယ်။ ဥပုသ်နေ့ဆို ဘူတာကြီးရှေ့က အင်္ဂလန် စာကြည့်တိုက်ကို သွားတယ်။ စာအုပ် ငှားတယ်။ ဖတ်တယ်။ အင်္ဂလိပ်စာ ကို လိုက်စားခဲ့ဖြစ်တယ်။ အင်္ဂလိပ်စာ မလိုက်နိုင် ရင် နိုင်ငံခြားသွား ပညာသင်လို့ မရဘူးလို့ ကြားဖူးတယ်။ အင်္ဂလိပ်စာ အစပိုင်းမှာ လေ့လာရ တာခက်တယ်။ ဆရာ ပြောတာကို သဘောမပေါက်တာ များတယ်။ စိတ်ပျက်တယ်။ စိတ် သိပ်မဝင်စားတော့ဘူး။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စာသဒ္ဒါနှင့် အင်္ဂလိပ် စကားပြောတန်း တက်ဖြစ်ခဲ့တဲ့အတွက် အင်္ဂလိပ်စာကိုတော့ သံယောဇဉ်ဖြစ်သွားတယ်။ ၂၀ဝ၆- ခုနှစ်မှာတော့ သူငယ်ချင်းက တက္ကသိုလ်တက်ဖို့ လူကြုံနဲ့မှာလိုက်တယ်။ အိန္ဒိယကိုလာမယ်ဆို စာရွက်        စာတမ်းတွေလုပ်ဖို့ အသေးစိတ် ပို့လိုက်တယ်။ ၂၀ဝ၆-ခုနှစ် ၈-လ ပိုင်းမှာ အိန္ဒိယကို ပညာသင် တက္ကသိုလ်တက်ရန် ထွက်ခွာခဲ့တယ်။
          အိန္ဒိယမှာ အဓိက ယဉ်ကျေးမှု နှင့် ဘာသာစကားပါ။ အင်္ဂလိပ်စာ ဘယ်လောက်ပဲ တတ်တတ်  Localူ စကားကို တတ်မှအဆင်ပြေပါတယ်။ M.A တက်တုန်းကတော့သူငယ်ချင်း တွေ အကူအညီနဲ့ အားလုံးအဆင် ပြေပါတယ်။ အစစအရာရာ အဆင် ပြေပါတယ်။ စုပေါင်းဆွမ်းချက်စား ကြတယ်။ ညနေခင်းမှာ မိမိက သံဃာအားလုံးအတွက် ဈေးသွား ဝယ်ရတယ်။ ခက်တာက အင်္ဂလိပ်လို How much?  ဘယ်လောက်လဲလို့ မေးရင် ကုလားဈေးသည်တွေနဲ့ အဆင်မပြေဘူး။ ကိုယ့်အင်္ဂလိပ် စကားပြော လေ့ကျင့်ရင်း ဈေးဝယ် မယ်ပေါ့။ ဒါပေမဲ့ ကိုကုလားက မပြောတတ်။ပြောတော့လည်း သူတို့ အင်္ဂလိပ်စကားကို ကိုယ်က နားမလည်။ ခက်ပြီ။ ဝယ်ဦးဈေး။  နောက်ဆုံး ကြားဖူးတဲ့ Senior ဆရာ တော်တွေပြောတဲ့စကားကို မှတ်မိသ လောက် လိုက်မှတ်။ မေး-ကစ်တ နား။ ဘယ်လောက်လဲ။ ဖြေ ဆဒူး ပြား (၇) ကျပ်တဲ့။ ဒါမှ အဆင်ပြေ သွားတယ်။ မဖြစ်သေးဘူးဆိုပြီး မြန်မာပညာသင် ရဟန်းတော်များ ကို ဟန္ဒီစကား ဘာသာစကား        အတွက် ဟန္ဒီဆရာတစ်ယောက်ကို Senior ဆရာတွေက ရှာပေးတယ်။ နှစ်ပတ်လောက် လေ့လာပြီးနည်းနည်း ပြောတတ်ခဲ့တယ်။ ညနေ ဈေးသွားရင် ပြောကြည့်တယ်။ အရင်လောက် တော့ မဆိုးတော့ဘူး။ အိန္ဒိယမှာ အင်္ဂလိပ်စကား ပြောတယ်ဆိုပေမဲ့ ဗရာဏသီက ရှေးဟောင်းမြို့ ဖြစ်တာကြောင့် ဘယ်လောက် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား တတ်တတ် ဟိန္ဒီစကားကိုသာ အဓိကပြောနေကြတာများတယ်။ M.A-ဘွဲ့အပြီးမြန်မာပြည်ကို ပြန် မယ်ဆိုပြီး ပြန်လာခဲ့တယ်။သူငယ်ချင်းတွေက ဆက်လုပ်ဖို့ အားပေးတယ်။ ဒါပေမဲ့ ငွေကလည်း ကုန်မယ်။ အချိန်ကုန်မယ်။ အသက်လည်း ကြီးလာပြီ။ တရားလည်း လုပ်ချင်သေးတယ်။ပါချုပ်ဆရာတော် ဘုရားကြီး၏ တရားစကားလေးကို အမြဲတမ်း သတိရမိတယ်။ တရား လုပ်ကို လုပ်မယ်ဆို ငယ်ငယ်ကတည်းက တရားအားထုတ်တာ အကောင်းဆုံးပဲတဲ့။ ကျန်းမာရေး ကောင်းတော့ သမာဓိဖြစ်လွယ်တယ်တဲ့။ ဒါနဲ့ပဲ ရွာပြန် ဆရာသမား ကန်တော့ပြီး မြို့ကို ပြန်လာခဲ့တယ်။ ဒါယိကာမကြီးတစ်ဦး ဆွမ်းကပ်ချင် တယ်ဆိုတာနဲ့ ရန်ကုန်ခဏြွကဖြစ်တယ်။ ဒါယိကာမကြီး မိသားစုက ပညာဆက်လက် သင်ကြားပါဘုရား တဲ့။ လောလောဆယ် ငွေဒေါ်လာ (၅၀ဝ) လှူမယ်တဲ့။ မကြာခင် အိန္ဒိယကို ပြန်သွားခဲ့ဖြစ်တယ်။ Ph. D အတွက် တက္ကသိုလ် နောက်တစ်ခု တက်မယ်လို့ ဆုံးဖြတ်လိုက် တယ်။ ပန်ဂျပ်တက္ကသိုလ်သို့ သွား
ဖြစ်ခဲ့တယ်။ ကျောင်းသားသစ် မခေါ် သေးတာနဲ့ ဆရာနဲ့တွေ့တယ်။ ဆရာက ငါ့တက္ကသိုလ်က လောလော ဆယ် Ph. D အတွက် ခုံအလွတ်မရှိ သေးဘူးတဲ့။ ခုံလွတ်ရင် ပြောမယ် တဲ့။ ဆရာက ဂျမူးကက်ချမီယားကို သွားပါလားတဲ့။ မကြာခင် Ph. D ဝင် ခွင့်ဖြေရမယ်တဲ့။ ဝမ်းသာသွားတယ်။ သေချာအောင် ငါဖုန်းဆက်ကြည့် မယ်တဲ့။ ဟိုက မိမိ ဆရာဖြစ်မယ့် သူက ဟုတ်တယ်တဲ့။ ဟုတ် သွား မယ်ဆရာဆိုပြီး သွားဖို့ အစီအစဉ် ဆွဲ လက်မှတ်ဝယ်ပြီး နောက်နေ့ ရထားနဲ့ သွားဖြစ်ခဲ့တယ်။ နံနက် လေးနာရီလောက် ဂျမူးမြို့ကို ရောက်တယ်။ ဘူတာရောက်တာနဲ့ ရဲက စမေးတော့တာပဲ။ ဘယ်သွား မှာလဲ။ ဘယ်ကလဲ။ ဘာကိစ္စလဲ။ အိုင်တီကတ်ပြ (ID) တဲ့ ဟုတ် ဆရာ။ Passport Where is Myanmar? ပြဿနာပဲ။ Thailandနဲ့ကပ်လျက်ဆိုတော့ အိုကေတဲ့။ သိပုံတော့ မထင်ဘူး။ အခြားပြည်နယ်က ဖုန်းတွေက Jammu & Kishmir ပြည်နယ်ကို ရောက်ရင် ခေါ်လို့ မရတော့ဘူး။ အဆက်အသွယ်က ဘယ်ကိုမှ မရ။ ကုလားက စောစောစီးစီး ဘယ်တော့မှ အိပ်ရာမထ။ မဖြစ် ဘူးကွာ။ ရဲကို တက္ကသိုလ်ပါမောက္ခ ဆရာဖုန်းနံပါတ် ပေးလိုက်တယ်။ ဒီ နံပါတ်ပဲ ငါတွေ့ချင်တဲ့ဆရာဆိုတာ။ ရဲက ဟုတ်çမဟုတ် ဖုန်းဆက် မေးတယ်။ ဆရာက ဖုန်းကို ဖြေ တယ်။ ဒါနဲ့ အိုကေဆိုပြီး ဂိတ်က လွန်မြောက်ခဲ့တယ်။ တက္ကသိုလ် ဂိတ်ကနေ တည်းခိုခန်းရောက်တော့ ရိပ်သာတောင် ငိုလောက်တယ်။ တိတ်ဆိတ် ငြိမ်သက်လို့။ သစ်ပင် စိမ်းလန်းစိုပြေနေတယ်။ ရာသီဥတု က ဇန်နဝါရီလ အေးလိုက်တာ။ ညကလည်း ရထားပေါ်မှာ မအိပ်ခဲ့ရ။ ခရီးကလည်းလာသာလာရတယ်။ တစ်ခါမှ မရောက်ဘူးတဲ့ နေရာ ဒေသ။ အသိမိတ်ဆွေဆိုတာ နတ္ထိ။ တည်းခိုခန်းရှေ့ရောက်တော့ ဟလို ဟလို ဟလို သုံးခါလောက် လုပ်တော့မှ အစောင့်တစ်ယောက် ထွက်လာတယ်။ ဘာကိစ္စလဲတဲ့။ ငါ တို့ ဒီမှာ တည်းချင်လို့ဆိုတော့ No No No တဲ့။ ဧည့်သည်တွေ ပြည့်နေတယ်တဲ့။ ငါတို့ Booking လုပ်ခိုင်းထားတယ်ဆိုတော့ စာအုပ်သွားကြည့်တယ်။ စာအုပ်ထဲမှာ အမည်က မရှိ။ နောက်ဆုံးတက္ကသိုလ် ဆရာဖုန်းနံပါတ်ပေးပြီး ဆရာဆီကို Morning Sir. This is Venerable u Kondala from Myanmar. Oh! Good morning Venerable, Sir, We need a room here at University guesthouse. Ok ဆိုပြီးအစောင့်ကိုအခန်းတစ်ခန်း ပေးလိုက်လို့ ပြောလိုက်တယ်နဲ့ တူတယ်။အစောင့်ကုလား ပျာယာခတ် ပြီး ဝင်လာ ဝင်လာ Sir ဆိုပြီး။ အခန်းထဲရောက် အိတ်ကို ပစ်ချပြီး အိပ်လိုက်တာ နံနက်စာ (၉) နာရီလောက်မှ အရုဏ်ဆွမ်း ဘုဉ်းခဲ့ရ တယ်။နံနက်(၁၀)နာရီမှာ တက္ကသိုလ်ဌာနသို့ ဆရာနဲ့သွားတွေ့ပြီး ဆရာက နောက် (၂)ပတ်နေရင် Ph. D ဝင်ခွင့်ဖြေကြမယ်။ မင်း ဒီ တက္ကသိုလ်တက်မယ်ဆိုရင် ၁။ M.A အမှတ်ပေါင်း(၅၅၀)နှင့်အထက် ဖြစ်ရမယ်။မင်းြ.ဗ အမှတ်ပေါင်း ဘယ်လောက်ရသလဲတဲ့။ M.A မှာ အမှတ်ပေါင်း (၉၀ဝ) ပေးတယ်။ မိမိအမှတ်က စုစုပေါင်း (၆၂၂) မှတ် ရထားတယ်။ မင်းအမှတ် ဘယ်လောက်ကောင်းကောင်း Ph. D ဝင်ခွင့်ကို ဖြေရမယ်။ အောင်ရင် တက်ခွင့်ရမယ်တဲ့။ ဟုတ်ဆရာ။ Bank ကို ငွေသွားသွင်းပြီး (Form) ပုံစံ ဝယ်ဖြည့်ခဲ့ကြပါ။ ဖြေမယ့်နေ့ရက် ကို တက္ကသိုလ် website လည်း ကြည့်လို့ရတယ်။ (သို့) ဖုန်းဆက်ပြီး မေးလည်းရတယ်တဲ့။ ငါ အကြောင်းကြားမယ်တဲ့။ စာတွေသာ ကြည့်ထား၊လေ့လာထားတဲ့။ တကယ်တော့ အိန္ဒိယနိုင်ငံမှာ ဂျမူးကက်ချမီးယား ဆိုတာကပြဿနာတွေ ခဏခဏ တက်၊ တိုက်ပွဲတွေ မကြာမကြာ ဖြစ်တဲ့ နေရာဒေသဆိုတာ နောက်မှ သိခဲ့ရတယ်။ ဝင်ခွင့်ဖြေမယ့်ရက်ကို သိရ၊ သွားဖြေခဲ့။ ဝင်ခွင့်အောင်ခဲ့။ ဝင်ခွင့်ကို (၆၃) ရာခိုင်နှုန်းနဲ့ အောင်ခဲ့ပြီး တက္ကသိုလ်တက်ရင် ဒီနေရာဒေသကို သာသနာပြုဖို့ သေချာပြီး ဝမ်းသာခဲ့ရတယ်။ သို့သော်လည်း ဒီဒေသက မူဆလင် အများစုနေထိုင်တဲ့ နေရာဒေသဖြစ် တယ်။ ယနေ့အချိန်ထိ ဂျမူးကက်ချ မီးယားပြည်နယ်ကို မြန်မာနိုင်ငံမှ သာသနာပြုရဟန်းတစ်ပါး အနေနဲ့ ကျောင်းတက်ခဲ့သော ရဟန်းတစ်ပါးသာ ရှိခဲ့သေးတယ်။ ဒီပြည်နယ်မှာ နေထိုင် သီတင်းသုံးခဲ့စဉ် နေ့စဉ် ပဋ္ဌာန်းတရားတော်ကို အများဆုံး ပူဇော်ဖြစ်ခဲ့တယ်။၂၀၁၃-ခုနှစ် မေလမှာ Ph. D ကျမ်းတင်ပြီး၂၀၁၄-ခုနှစ် စက်တင်ဘာ(၁) ရက်နေ့မှာ တော့ အိန္ဒိယသမ္မတ၊ ပြည်နယ် ဝန်ကြီး၊  ပညာရေးဝန်ကြီး၊ တက္ကသိုလ် ပါမောက္ခဆရာ၊ ဆရာမ များက Ph. D (Doctor of Philosophy) ဘွဲ့ကို ဆက်ကပ်ခြင်း ခံခဲ့ရတယ်။
၈။       ဒီနောက်ပိုင်းမှာ မြန်မာပြည်ကို ပြန်လာတော့ ဘယ်မှာ သီတင်းသုံး ဖြစ်တယ်ဆိုတာလေး ဆက်ရှင်းပြပေးပါဦး။
          ငယ်ငယ်ကတည်းက မိခင် စာသင်တိုက်ဟာ တောင်ငူမြို့ ကြာနီကန်စာသင်တိုက်ဖြစ်ပါတယ်။ မြန်မာပြည်ပြန်ရောက်ပြီး မိခင် စာသင်တိုက်ကို စာချဆရာအဖြစ်နဲ့ ပြန်လည် သီတင်းသုံးနေထိုင်ခဲ့ပါ တယ်။မိခင်စာသင်တိုက်ကို အင်္ဂလိပ် စာဝါပို့ချပေးရင် အကောင်းဆုံး အခြေခံအင်္ဂလိပ်စကားပြောနှင့် (The Best Basic English Speaking and Patterns) စာအုပ်ကို ရေးသားဖြစ်ခဲ့တယ်။ မကြာခင်မှာ တောင်ငူမြို့ပေါ်ရှိ ဒက္ခိဏာရာမ စာသင်တိုက်ကို ကြာနီကန် စာသင်တိုက်ဆရာတော်ဘုရားကြီးက ဒက္ခိဏာရာမ စာသင်တိုက် တာဝန်ယူဖို့ တာဝန် ပေးအပ်ခြင်းခံခဲ့ရပြီး နိုင်ငံခြားဘာသာနှင့် ဓမ္မပညာရေး သင်တန်းကျောင်းအမည်ဖြင့်(၁၃) နှစ်အောက် ကိုရင်ငယ်ရှင်သာမဏေငယ်များကို ပါဠိဘာသာအပြင် သင်္ချာဘာသာ၊ အင်္ဂလိပ်စာဘာသာ မသင်မနေရစနစ်ဖြင့် သင်ကြား ပို့ချပေး၍ သာသနာပြုလျက် ရှိပါတယ်။
၉။       ဓမ္မစကူးသင်တန်းကျောင်းကို အရှင်ဘုရားကိုယ်တိုင် တက်ရောက် ဖြစ်တာလည်း ဘယ်လိုစိတ်ကူးနဲ့များလဲဘုရား။
          ဘုန်းတော်ကြီးကျောင်းများဟာ ရှေးမြန်မာတို့၏ ပညာရင်နို့် သောက်စို့ရာ ပင်မဌာနကြီးများ ဖြစ် ခဲ့တယ်။ ရှေးမြန်မာလူငယ်တွေဟာ ဘာသာတရားအပေါ် တန်ဖိုးထား အလေးထားပြီး ဘုန်းကြီးကျောင်းက သင်ပေးလိုက်သော အသိပညာ၊ အတတ်ပညာ၊  ဗဟုသုတတွေကို  ရပ်အကျိုး ရွာအကျိုး အမျိုးဘာသာ သာသနာ့အကျိုး၊ နိုင်ငံအကျိုးတွေကို ဆောင်ရွက်နိုင်ခဲ့ကြတယ်။မြတ်စွာဘုရား သာသနာမြတ်ကြီး အဓွန့်ရှည်တည်တံ့တယ်ဆိုတာ ဘုန်းကြီးကျောင်းတွေနဲ့ လူငယ်တွေ၊ ကျောင်းသား/ကျောင်းသူတွေ အထိ အတွေ့များခဲ့လို့ ဖြစ်ပါတယ်။ ကျောင်းသား/ကျောင်းသူ အသိ ပညာ အတတ်ပညာ ဗဟုသုတတွေ ကို ဘုန်းတော်ကြီးတွေက သင်ကြား ပေးနိုင်ခဲ့ကြတယ်။ ဒီလူငယ်တွေနဲ့  ဘုန်းကြီးကျောင်းနဲ့ ဝေးကွာသွားရင် မကောင်းတဲ့ ဆုတ်ယုတ်တဲ့လက္ခဏာ တွေ ဖြစ်ပါတယ်။ ယနေ့ခေတ် တစ်စထက်တစ်စ အဆက်အသွယ် အားနည်းလာနေတယ်။ကျောင်းသား/ ကျောင်းသူတွေ အပတ်စဉ် ဥပုသ်နေ့ (သို့) တနင်္ဂနွေ နေ့ ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်း တွေ မြတ်စွာဘုရားရဲ့ ဓမ္မပုံပြင်တွေ၊ စာပေတွေ သင်ကြားပေးနိုင်တဲ့ အကောင်းဆုံးတရားဓမ္မလက်ဆောင် ဖြစ်ပါတယ်။ ဒီဟာကွက်ကို ဓမ္မ စကူးလ်က အကောင်းဆုံး ကူညီပံ့ပိုး ပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့် ထားတယ်။ ယနေ့ခေတ် လူငယ်တွေ ရဲ့ စိတ်နေစိတ်ထားဟာ အလွန်နူးညံ့ တယ်။ လူငယ်တွေဟာ အသိပညာ၊ အတတ်ပညာ ဗဟုသုတတွေကို လွယ်လွယ်ကူကူ နေရာတိုင်းတွင် သင်ယူလေ့လာ သင်ကြားနိုင်ကြ တယ်။ ဒီပညာတွေကို မြတ်စွာဘုရား ရဲ့(ဓမ္မ)တရားအသိနဲ့ မြို့တိုင်း ရွာတိုင်း နေရာတိုင်းတွင် ညှိပေးဖို့ လိုတယ်။ဒီရည်ရွယ်ချက် အောင်မြင် ဖို့ ဓမ္မစကူးလ်ကို တက်ဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း ပြန်လည်ဝေမျှဖို့ လည်း ရည်ရွယ်ခဲ့တယ်။
၁၀။     အခု သီတင်းသုံးနေတဲ့ ဒက္ခိဏာရာမစာသင်တိုက်မှာ ဒီဓမ္မစကူးလ်သင်တန်း ကျောင်းကို စဖွင့် ဖွင့်ခြင်း အောင်မြင်မှု ရှိပါရဲ့လား ဘုရား။
          အောင်မြင်မှုရှိပါတယ်။ လော လောဆယ် (၈၀) မှ (၁၀ဝ) ကြား လောက်ရှိနေပြီး ဖြစ်ပါတယ်။
၁၁။     လာရောက်သင်တန်းတက်တဲ့ သူများကိုရော ဘယ်လိုအကြောင်း အရာတွေ ပို့ချလဲဆိုတာ သိပါရစေ။
          သင်ကြားမှုဟာ အပိုင်းက (၂)ပိုင်းဖြစ်ပါတယ်။ ပထမပိုင်း အနေနဲ့ ယဉ်ကျေးလိမ္မာဓမ္မစာပေ တွေကို မြန်မာလို သင်ကြ လေ့လာကြတယ်။ ဆွေးနွေးကြတယ်။ ဒုတိယပိုင်းအနေနဲ့ ပထမပိုင်းက သင်ကြားထားတဲ့ ဘာသာရပ်ကိုပဲ အင်္ဂလိပ်လို ပြန်လည်လေ့လာကြ တယ်။ ကျောင်းသား/ကျောင်းသူများကို လေ့လာမှု၊ သင်ယူမှု၊      နားလည်မှု စသည်များကို စစ်ဆေး တယ်။ ဒီလိုအပိုင်းခွဲပြီး သင်ကြား ပေးနေပါတယ်။ မြတ်စွာဘုရားရဲ့ တရား (ဓမ္မ)တွေကို ကျောင်းသား/ ကျောင်းသူတွေ ကောင်းကောင်း ရှင်းပြနိုင်မယ်ဆိုရင် အင်္ဂလိပ်စာကို လည်း လေ့လာဖြစ်ကြမယ်။ နိုင်ငံခြားသားတွေက မေးလာတဲ့ မေးခွန်းကိုလည်း အတတ်နိုင်ဆုံး အကောင်းဆုံးလူငယ်/ကျောင်းသား/ ကျောင်းသူတွေက ဖြေကြားနိုင် ကြမယ်လို့ မျှော်လင့်ပါတယ်။
၁၂။     အရှင်ဘုရားရဲ့ သာသနာတော်နဲ့ပတ်သက်ပြီး ရည်မှန်းချက်၊      မျှော်မှန်းချက်ကိုလည်း သိချင်ပါတယ်။
          ၁။ မြတ်စွာဘုရားရဲ့ တရား တော်တွေကို ခေတ်စနစ်အညီ လေ့လာ သင်ကြားနိုင်ပြီး ဗုဒ္ဓမြတ်စွာ ရဲ့ တရားတော်တွေကို လက်တွေ့ အသုံးချကာ ကမ္ဘာကို ပြန့်ပွားစေခြင်း။
၂။       ကမ္ဘာ့သာသနာပြု ရဟန်း တော်များ ပေါ်ထွက်စေခြင်း။
၃။ ဆရာနှင့်ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စသည်များဖြစ်ပါတယ်။
၁၃။     ဘာသာတရားတိုင်းကတော့ အကောင်းတွေကို ဦးတည်တာပဲလို့ မြင်ပါတယ်ဘုရား။ ခံယူတဲ့သူတွေ ခံယူချက်လွဲရင် ကိုယ့်ဘာသာ ကိုယ့် သာသနာအပေါ်မှာ အထင်မြင်လွဲမှု တွေ ဖြစ်စေတတ်တယ်လို့ ထင်ပါ တယ်။ အရှင်ဘုရားအနေနဲ့ ဗုဒ္ဓရဲ့လမ်းစဉ်နဲ့ မြတ်ဗုဒ္ဓသားသမီး တွေ ဘယ်လိုနေ ဘယ်လိုထိုင်သင့်တယ် ဆိုပြီး အမြင်လေးများရှိရင် ပြောပြပေးပါဦး။
          ဟုတ်ပါတယ်။ ဘာသာတရားတိုင်းဟာ ကိုယ့်အယူကို မှန်တယ် ပြောကြယူကြပါ တယ်။ ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ္တန်ကိုအားလုံးကြားနာ  ဖူးပါလိမ့်မယ်။ ဒီကာလာမသုတ္တန် လာသည့်အတိုင်း ဗုဒ္ဓမြတ်စွာ ဆုံးမတဲ့အတိုင်း နာယူမှတ်သားပြီး အမှန် ဆင်ခြင်စဉ်းစားရမည့် အဓိက အချက်ဟာ မိမိလုပ်တဲ့အလုပ်က အပြစ်ရှိတဲ့အရာဖြစ်သလား။ အပြစ် မရှိတဲ့အရာဖြစ်သလား။ (ကုသလ) ကုသိုလ်ဖြစ်သလား။ (အကုသလ) အကုသိုလ်ဖြစ်သလား။ ပညာရှိ  သူတော်ကောင်းတွေ ချီးမွမ်းကြသလား။ ကဲ့ရဲ့ကြသလား။ ကိုယ် လက်တွေ့ဘဝ ကျင့်သုံးရင် ကောင်းကျိုးပေးသလား။ မကောင်း ကျိုးပေးသလား။ အတိုင်းအတာနဲ့ ဆင်ခြင်ပြီး ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ပြီး နေနိုင်သွားရင် ဘာသာတရားတိုင်းဟာ ကောင်းကျိုး ချမ်းသာရမှာ သေချာပါတယ်။
၁၄။     အရှင်ဘုရားက ပရိယတ္တိ ပဋိပတ်ကို မျှတစွာ ကျင့်သုံးသူလို့ တပည့်တော် သိထားပါတယ်။ အရှင်ဘုရား ကိုယ့်ဒေသကိုယ့်နေရာမှာအပြင် ဘယ်လိုနေရာမျိုးတွေကို သွားပြီး တရားအားထုတ် ကျင့်ကြံဖြစ်ပါသေးလဲဘုရား။
          ၁။ ပဲခူးတိုင်း၊ အုတ်တွင်းမြို့ နယ်၊ ပေါက်ကုန်း မိုးကုတ်သာသနာ့ ရိပ်သာကြီးတွင် တစ်ကြိမ်၊ (၁၀) ရက် တရားစခန်း။ ၂။ တောင်ငူမြို့၊ မိုးကုတ်ဓမ္မရိပ်သာကြီးတွင် တစ်ကြိမ် (၇) ရက်တရားစခန်း။ ၃။ အိန္ဒိယ နိုင်ငံ၊ ဓမ္မစာလမြို့ ဆရာကြီးဦးဂိုအင်ကာ တရားစခန်း၊ သုတိတာ တရား (ဓမ္မ) ရိပ်သာကြီးတွင် (၁၀) ရက်နှင့် ၄။ မော်လမြိုင်မြို့အနီး ဖားအောက်တောရ စိတ္တလတောင် ကျောင်းဓမ္မရိပ်သာကြီးတွင်(တစ်လ) တိတိ ဝင်ရောက်ကာ ဝိပဿနာတရား ဘာဝနာများကို အားထုတ်ခဲ့ပါတယ်။
၁၅။     အရှင်ဘုရား ဒီလို တရားအားထုတ်တဲ့အခါတိုင်းမှာ ခံစားရတဲ့ ပီတိ၊ ရတဲ့ အကျိုးအမြတ်ကို ဘယ်လိုများ လက်ဆင့်ကမ်းချင်ပါလဲ ဘုရား။
          ပရမတ္ထတရား၊ သစ္စာတရား၊ သိန္တိသုခတရားတို့ကို ရှာဖွေသော နည်းဟာ သတိပဋ္ဌာန်တရားအားထုတ်နည်း ဖြစ်ပါတယ်။ သတိပဋ္ဌာန်တရားဟာ လူသား အားလုံးရဲ့ဘဝ ငြိမ်းချမ်းသာယာ သောတရားဖြစ်ပါတယ်။ သတိပဋ္ဌာန် တရား၏ အစဟာ အာနာပါနဟုပင် ဆိုရမည်ကဲ့သို့ပင်ဖြစ်ပါတယ်။  မြတ်စွာဘုရား အဆူဆူတို့ဟာ အာနာပါနကမ္မဋ္ဌာန်းဖြင့်သာ ဘုရား အဆူဆူ လက်မလွတ်တဲ့ ကမ္မဋ္ဌာန်း ပင်ဖြစ်ပါတယ်။ အာနာပါနသတိကို ပွားများလျှင် သတိပဋ္ဌာန်လေးပါးလုံး အကုန်ပွားပြီး အလိုအလျောက် ဖြစ်လာတယ်။ သတိပဋ္ဌာန်လေးပါးစုံ ပွားများပြီးလျှင် ဗောဇ္ဈင်ခုနစ်ပါးကို အလိုအလျောက်ပွားပြီးသားဖြစ်တယ်။ ဗောဇ္ဈင်ခုနစ်ပါး ပြည့်စုံလျှင် ဝိသုဒ္ဓိ ခုနစ်ပါး စသည်များ စုံလင်လာကြောင်းကို အာနာပါနဿတိ သုတ်တော်က ညွှန်ပြထားပါတယ်။ ဒါကြောင့် အာနာပါနကမ္မဋ္ဌာန်း၏ အကျိုးကျေးဇူးကား အာနာပါန ကမ္မဋ္ဌာန်းကို ခရီးရောက်ပြီးမြောက် အောင် အားထုတ်ထားသော သူ၏ စိတ်အစဉ်သည် အလွန်ထက်မြက် ခြင်း၊ သွက်လက်ခြင်း၊ စူးရှခြင်း၊ တောက်ပခြင်း၊ ကြည်လင်ခြင်း စသော အကျိုးများဖြစ်ပါတယ်။ အားလုံး ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေ။
၁၆။     ဗုဒ္ဓဘာသာဝင်တိုင်း အမြဲတမ်း မမေ့မလျော့ရှိသင့်တဲ့ အရာကို အရှင်ဘုရား လမ်းညွှန်ပေးပါဦး။
          အမြဲသတိနဲ့နေတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်ပေါ်လာတဲ့ ကိစ္စအဝ၀ကို မျှမျှ တတ ကြည့်တတ်မြင်တတ်တယ်။ အကြောင်းကိစ္စတစ်ခုကို ဖြေရှင်းရင် လည်း သတိနဲ့ Óာဏ်နဲ့ကြည့်ပြီး တော့ ဖြေရှင်းတယ်။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ ကိစ္စအားလုံးဟာ အဆင်ပြေသွားတယ်။ သတိ အမြဲတမ်းကပ်ပြီးတော့ နေထိုင်သွားလာတဲ့ ပုဂ္ဂိုလ်ဟာ ဘဝမှာ တွေ့ကြုံ လာရတဲ့ အခက်အခဲတွေကို သတိနဲ့ ကြည့်တဲ့အခါ ပိုပြီးတော့ အမြင် ကြည်လင်လာတယ်။ ရှင်းလာတယ်။ အဲဒီလို ဖြေရှင်းနိုင်ရင် ဆင်းရဲဒုက္ခတွေ အများကြီး နည်းသွားပြီး ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာမယ်။ သတိဟာ မမေ့မလျော့ အမြဲဆောင်ဖို့ပါ။ နောက်ပြီး ရှေ့ဆရာ တော်ကြီးများက များများခိုးပြီး များများပိုးပါတဲ့။ များများခိုးဆိုတာ ဘုရားများများ ရှိခိုးပါတယ်တဲ့။ များများပိုးဆိုတာ အများအကျိုး များများ သယ်ပိုးပါတယ်။ ဒါကြောင့် များများခိုးပြီး များများပိုးပါတဲ့ ရှေ့ဆရာတော်ကြီးများက ဩဝါဒ ပေးခဲ့တယ်။
၁၇။     အရှင်ဘုရားကို အားကျတဲ့ သာသနာ့လမ်းကို လျှောက်ချင်တဲ့ ညီတော် နောင်တော်တွေအတွက် လက်ဆင့်ကမ်းစကားများ ပြောပေးပါဦး ဘုရား။
          ပြောရမယ်ဆိုရင်တော့ တစ်ခါ က မွေးရပ်ဇာတိ၊ ရစ်ခွေစီးဆင်းသွားသည့် ချောင်းကလေး၏ အနောက်ဘက်ခြမ်း ကပ်လျက်တည် ရှိ ရွာဝန်းကျင်(လေး)ရွာ၊ ရွာမြောက် ဘက်ခြမ်းမှာ သမစိတ္တရွာ၊ ရွာ တောင်ဘက်ခြမ်းမှာ မိကျောင်း ခေါင်းရွာ၊ ရွာအနောက်ဘက်ခြမ်းမှာ  ဘွဲ့တိုင်းကုန်းရွာနှင့် ရွာလေးကုန်း ရွာ၊ ရွာအမည်က ဘုရားကုန်းရွာ၊ အိမ်ခြေ (၈၀)မပြည့်။ လူဦးရေ(၁၉၀) ကျော်၊ ရွာထိပ်၌ ရွာဦးဘုန်းတော် ကြီးကျောင်းတစ်ကျောင်း၊ခြေတံရှည် သည့် အခြေခံ မူလတန်းစာသင်ကျောင်းကလေး တစ်ကျောင်းသာ လဲလျောင်း။ ဆေးရုံ၊ ဆေးခန်းမရှိ၊ စာကြည့်တိုက်ဆိုတာ နတ္ထိ၊ လျှပ်စစ်မီးက ပုံပြင်ပမာ၊ ကားလမ်းမပေါက်၊ ကတ္တရာလမ်း မမြင်ဖူးဘူး။ ကျောက်ခင်းလမ်းလည်းမဟုတ်။ ရွံ့လမ်း၊ နွံလမ်း၊ ဗွက်လမ်း၊ ဖုံလမ်း မျှသာ။ လူကဖန်တီးတဲ့ အလှတရားတို့ကင်းရာ၊ သဘာဝ ကပေးတဲ့ အလှအရိုင်းတို့ ကြီးစိုးသည့် ရွာကလေး။ ဇရပ်ကြီးမြို့၏ တောင်ဘက် (၁၅) မိုင်ကျော် အကွာ ဘုရားကုန်း ကလေး တောင်သူလယ်သမားတို့ရွာ၊ ဆင်းရဲသားတို့ရွာ၊ ဘုန်းကြီးတို့ ငယ်စဉ်ကဆို လောကီပညာဆိုလို့ (၁၀)တန်းအောင်မြင်ဖူးသူပင် မရှိတဲ့ ရွာ၊ စာရေးသူရဲ့ တစ်ခါက မွေးရပ် ဇာတိရွာ။ ဒါပေမဲ့ လောကမှာလူဟာ ဘယ်အရပ် ဘယ်ဒေသမှာပဲ မွေးမွေး ဘယ်မိသားစု ဘဝထဲမှာပဲ လူ ဖြစ်ဖြစ်၊ ဘယ်ပတ်ဝန်းကျင်မှာပဲ ကျင်လည်လည်၊ ဘယ်လိုအခက် အခဲဘဝကိုပင် ဖြတ်သန်းဖြတ်သန်း၊ အဓိကကတော့ မိမိသည်သာ အဓိက ပဓာနဖြစ်တယ်။ ဝီရိယနဲ့ ကြိုးစားရင် အောင်မြင်မှုရရှိနိုင်တယ် ဆိုတာ မြတ်စွာဘုရားက ဝီရိယ     ဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။ ဆန္ဒဝတေ ကိံ နာမ ကမ္မံနသိဇ္ဈတိ တဲ့ ၊ ဝီရိယဝတော- ဝီရိယရှိသောသူ အား၊ ကိံ နာမ ကမ္မံ-အဘယ်မည် သော အမှုမျိုးသည်၊နသိဇ္ဈတိ-မပြီးဘဲ ရှိပါအံ့နည်း။ ဝီရိယနှင့် ကြိုးစားလျှင် အောင်မြင်မယ်။ စိတ်ဓာတ် ပြင်းပြင်းနဲ့ ကြိုးစားလျှင် အောင်မြင် ရမယ်။ ကြိုးစားအားထုတ်မှုရဲ့ အဆုံး၌ အောင်မြင်မှုရှိသည်ကား အမှန်ပင်ဖြစ်တယ်။ အားလုံး ညီတော် နောင်တော်တွေ ကြိုးစားနိုင် ကြပါစေ။
မိုးမိုးစောဝင်း

တရားဘာဝနာအပေါ် လွဲမှားသောနားလည်မှုများ [Misconception by Ven. Henepola Cunaratana] ကောင်းထက်ညွန့်

တရားဘာဝနာအပေါ် လွဲမှားသောနားလည်မှုများ
[Misconception by Ven. Henepola Cunaratana]
ကောင်းထက်ညွန့်
လွဲမှားသောအယူအဆ(၁)
Misconception (1)
Meditation is just relaxation technique
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းမျှသာ အားထုတ်ခြင်း။

          တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်း အဖြစ်မျှသာ အားထုတ်ခြင်းမျိုး မလုပ်သင့်ပါ။ စိတ်ရော ကိုယ်ပါ အနားရပြီး အပန်းပြေခြင်းသည် တရား     အားထုတ်ခြင်း၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဝိပဿနာဘာဝနာ (Vipassana-style meditation) သည် ထိုမျှမက လေးနက်သောပန်းတိုင်ကို ရည်ညွှန်းသော်ငြားလည်း အားထုတ်သူယောဂီ အများစုက အပန်းဖြေ အနားယူခြင်းနည်းလမ်းတစ်ခုမျှသာ ယူဆလေ့ကျင့်ကြသည်။
          တရားအားထုတ်နည်း အမျိုးမျိုးတို့သည် စိတ်၏ အာရုံစူးစိုက်ခြင်း (သမာဓိ)ကို အလေးအနက်ထားကြသည်။ စိတ်ကို အာရုံတစ်ခုခုပေါ်၌သော်လည်းကောင်း၊ အရှုခံ(စိတ်၊ ဝေဒနာ၊ ဝင်သက်ထွက်သက်၊ ကသိုဏ်း ပရိကံ)တစ်ခုခုပေါ်၌သော်လည်းကောင်း ငြိမ်သက်စွာ တင်ထားခြင်းဖြစ်သည်။ အလေးအနက် အပြင်းအထန် လေ့ကျင့်နိုင်လျှင် ဈာန်ဟုခေါ်သော ပီတိသုခချမ်းသာ တို့ဖြင့် ပြည့်ဝသည့် အဆင့်မြင့်သမာဓိကိုရရှိနိုင်သည်။           ဈာန်သည် အာရုံတစ်ခုတည်း၌ အချိန်ကြာမြင့်စွာ တည်ငြိမ်နေသော (ဧကဂ္ဂတာ)စိတ်မျိုးဖြစ်သည်။ သာမန် စိတ်တို့ထက် သာလွန်သော ပီတိချမ်းသာသုခဖြင့် ပြည့်ဝ နေသောခံစားမှုတစ်မျိုးဖြစ်သည်။ အားလုံးသော ကမ္မဋ္ဌာန်းနည်း (၄၀)သည် ထိုအဆင့်တွင် လမ်းဆုံးကြသည်။ထိုအဆင့်သည် ပန်းတိုင်ဖြစ်ပြီး သင်လည်း ထို အဆင့်သို့ရောက်ရှိပါက ဘဝတစ်ခုလုံး၏ ကျန်အချိန် အားလုံးကို ထပ်ခါ ထပ်ခါ လေ့ကျင့်နေခြင်းဖြင့် ကုန်ကောင်းကုန်လွန်စေလိမ့်မည်။
          ဈာန်သည် ဝိပဿနာဘာဝနာ မဟုတ်ပါ။ဝိပဿနာ ဘာဝနာ၌ သတိတရားမြဲမှုလိုအပ်၏။ သတိတရား ဖြစ်ရန် သက်သောင့်သက်သာ အာရုံစူးစိုက်နိုင်စွမ်းရှိ ရမည်။ ပီတိ၊ သုခနှင့်အပန်းပြေမှုသည် တရားအားထုတ် ခြင်း၏ဘေးထွက်ပစ္စည်း(by products)၊ ပန်းတိုင်၏ ရှေ့ပြေး(precursors)နှင့် မိမိ တရားအားထုတ်နည်း မှန်မမှန်စစ်ဆေးနိုင်သည့် စံအရာမျှသာ ဖြစ်သင့်သည်။ သို့သော် ပီတိ၊ သုခနှင့် အပန်းပြေမှုတို့ကို ပန်းတိုင် အဖြစ် မသတ်မှတ်သင့်ပါ။
          ဝိပဿနာဘာဝနာသည် အလွန်လေးနက်သိမ်မွေ့သော ဗုဒ္ဓဘာသာ၏ကျင့်စဉ်ဖြစ်ပြီး ကိလေသာတရား များမှ လွတ်မြောက်ရန်၊ စင်ကြယ်ရန်နှင့် စိတ်အဆင့်
ဆင့် တိုးတက်ပြောင်းလဲရန်တို့ ဖြစ်သည်။

Misconception (2)
လွဲမှားသောအယူအဆ (၂)
Meditation means going into a trace
အသိတရားကင်းလွတ်၊ မေ့မျောနစ်မောနေရန် လွဲမှားစွာ တရားအားထုတ်ခြင်း ။
          အသိတရားမှ ကင်းလွတ်မေ့မျောသွားအောင်       ပြုလုပ်နိုင်သောနည်းလမ်းများ ရှိကောင်း ရှိနိုင်ပါသည်။
          ဝိပဿနာဘာဝနာသည် အသိတရားကင်းလွတ်၊ မေ့မျော နစ်မောသွားအောင် လေ့ကျင့်ခြင်း မဟုတ်ပါ။ဝိပဿနာဘာဝနာသည် မိမိကိုယ်ကို အိပ်မွေ့ချခြင်း၊ စိတ်ညှို့ခြင်း(hypnosis)လည်း မဟုတ်ပါ။ မိမိစိတ်ကို အသိတရား (Black out) အားထုတ်ခြင်းလည်းမဟုတ်ပါ။ သင့်ကိုယ်သင် ခံစားမှု ကင်းသည့် ဟင်းသီးဟင်းရွက်အဖြစ်ရောက်အောင် ကြိုးစားနေတာမျိုးမဖြစ်သင့်ပါ။ ထိုသို့မဖြစ်အောင် ကြိုးစားခြင်းကသာ နည်းမှန်ဖြစ်သည်။ တရားဘာဝနာ ပွားများခြင်းဖြင့် သင့်ခံစားမှု၏ အပြောင်းအလဲများကို တစ်စထက်တစ်စ ပိုပြီး နားလည်လက်ခံနိုင်လိမ့်မည် ဖြစ်သည်။  သင့်ကိုယ်သင် ပို၍ တိကျရှင်းလင်းပြတ်သားစွာ လက်ခံနိုင်ရန် သင်ယူအားထုတ်သင့်သည်။
          တရားဘာဝနာအားထုတ်ရန် ကြိုးစားသင်ယူခြင်း ဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ နစ်မျောနေသောစိတ်အဆင့်များ ဖြစ်ပေါ်လာမည်။ အသိတရားကင်းလွတ်ခြင်းမျိုးမဟုတ်ပါ။ အသိကင်းနေသည့်အခိုက် (in hypnotic trace) တစ်စုံတစ်ယောက်က ယောဂီ၏စိတ်ကို လာရောက် ထိန်းချုပ်နေခြင်းဖြစ်ပြီး အဆင့်မြင့်သမာဓိရရှိ(ဈာန်ဝင်စား)နေသည့် ယောဂီသည် မိမိ၏ကိုယ်ပိုင်သတိတရား အောက်တွင် ရှုမှတ်နေခြင်း ဖြစ်သည်။ အသိကင်းနေ ခြင်းသည် စိတ်၏အပေါ်ယံဖြစ်စဉ်မျှသာဖြစ်ပြီးဝိပဿနာ ဘာဝနာမဟုတ်ပါ။ အဆင့်မြင့်သမာဓိ(ဈာန်)သည် သတိတရားမြဲရန်အတွက် အထူးလိုအပ်သော အဆင့် တစ်ခုဖြစ်သည်။
          ဝိပဿနာဘာဝနာ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ  သတိတရားမြဲရန် လေ့ကျင့်ပျိုးထောင်ခြင်း (the cultivation of mindfulness or awareness) ဖြစ်သည်။သင် တရားအားထုတ်နေစဉ် ဘာကိုမျှ မသိမကြားဘဲ အသိကင်းမဲ့နေခဲ့လျှင် သင်သည် ဝိပဿနာဘာဝနာကို    ပွားများနေခြင်း မဟုတ်ပါ။

Misconception (3)
လွဲမှားသောအယူအဆ(၃)
Meditation is a mysterious practice which cannot be understood
တရားအားထုတ်ခြင်းကို နားမလည်နိုင်သည့် ဂန္ဓာရီ ဆန်ဆန်ကျင့်စဉ်အဖြစ် လွဲမှားစွာလက်ခံခြင်း ။
          တရားအားထုတ်ခြင်းသည် အဆင့်အမျိုးမျိုးသော သိစိတ်များ(levels of consciousness)နှင့်သက်ဆိုင်ပြီး သရုပ်ဖော်ပြောဆိုနိုင်ရန်အတွက် အလွန်ခက်ခဲနက်နဲသည်။ အချို့သောအချက်အလက်များကို စကားလုံး များဖြင့် ဖော်ပြပြောဆိုရန် ခက်ခဲသည်ဆိုသော်လည်း လုံးဝ နားမလည်နိုင်သော ကိစ္စမျိုးတော့ မဟုတ်ပါ။ စကားလုံးများဖြင့် ဖော်ပြမှုကို ကျော်လွန်၍ နားလည်နိုင်စွမ်းဖြစ်သည်။ သင်မည်ကဲ့သို့လမ်းလျှောက်ရမည်ကို နားလည်သော်လည်း သင်၏နာဗ်ကြောများနှင့် ကြွက်သားများက မည်ကဲ့သို့လှုပ်ရှားလုပ်ဆောင်ပေးကြသည်ကို အစီအစဉ်တကျ အတိအကျ ဖော်ပြရန်အတွက် မဖြစ်နိုင်ပါ။ သို့သော် သင်လမ်းကောင်းကောင်းလျှောက်နိုင်သည်။ ထို့အတူ ကိုယ်တိုင် လက်တွေ့ တရားဘာဝနာ ပွားများ ခြင်းဖြင့် နားလည်နိုင်ပါသည်။ စိတ္တဇဆန်သည့် ဝေါဟာရများဖြင့် လေ့လာသင်ယူရန် မဖြစ်နိုင်သည့် အရာမျိုး မဟုတ်ပါ။ လက်တွေ့ လေ့ကျင့် ခံစားနိုင်ပါသည်။
          တရားဘာဝနာပွားများရုံဖြင့် ကြိုတင်တွက်ဆ ခန့်မှန်းထားသောရလဒ်များ အလိုအလျောက်ရရှိလိမ့်မည်ဟု လှေနံဓားထစ် မမှတ်သားသင့်ပါ။ ဘာဝနာလုပ်ငန်းသည် လုပ်တိုင်းဖြစ်သည့် ပုံသေနည်း(formula) လည်း မဟုတ်ပါ။ ဘယ်တရားထိုင်ချိန်(session)မှာ ဘာတွေဖြစ်လာလိမ့်မည်ဆိုသော ကြိုတင်ခန့်မှန်းချက်များ မည်သည့်အခါမျှ မမှန်နိုင်ပါ။ တရားထိုင်ချိန်တိုင်း၌ စုံစမ်းမှုများ(investigation)၊ လက်တွေ့စမ်းသပ်မှုများ (experiment)နှင့်စွန့်စားခန်းများ(adventure)ဖြစ်နေလိမ့်မည်။ ယခင်တရားအချိန်များမှရရှိခဲ့သည့်ခံစားချက်များ သင် ခန့်မှန်းထားသည့်အတိုင်း ရရှိခဲ့ပါက သင့် တရားအလုပ်တွင် တိုးတက်မှုရှိကြောင်း ဖော်ပြချက် (indicator) ဖြစ်သည်။ ထိုဖော်ပြချက်အရ သင်သည် ဘာဝနာပန်းတိုင်သို့ သွားရာ လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်။

Misconception (4)
လွဲမှားသောအယူအဆ(၄)
The purpose to meditation is to become a psychic superman
ေ ဈပခ့ငချကစနမာညေ
အဘိညာဉ်ရ စူပါမင်းဖြစ်ရန် ရည်ရွယ်၍ တရား
အားထုတ်ခြင်း။
          တရားအားထုတ်ခြင်းရည်ရွယ်ချက်မှာ သတိတရား  စွဲမြဲမှု၌ တိုးတက်ရန် (To Develop Awareness) ဖြစ်၏။ မိမိစိတ် ဘာဖြစ်နေသည်ကို စောင့်ဖတ်ခြင်းသည်လည်း အဓိကမဟုတ်ပါ။ ကောင်းကင်၌ပျံနိုင်ခြင်းသည် တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်ပါ။ ပန်းတိုင်အစစ်မှာ ကိလေသာတို့မှလွတ်မြောက်ရန် ဖြစ်သည်။အဘိညာဉ် စွမ်းအားနှင့် တရားအားထုတ်ခြင်းတို့မှာ အပြန်အလှန်  ခက်ခဲနက်နဲစွာ ဆက်စပ်နေကြသည်။ တရားအားထုတ်ခါစ ယောဂီများသည် အဘိညာဉ်ကိစ္စများကို တွေးမိကောင်း တွေးမိပေ ဘလိမ့်မည်။ အချို့သော ယောဂီများ လွန်ခဲ့သည့်ဘဝဟောင်းများကို မှတ်မိကောင်း မှတ်မိပေလိမ့်မည်။ ထိုကဲ့သို့မှတ်မိခြင်းမျိုးကို ကောင်းစွာဖွံ့ဖြိုးပြီး စိတ်ချရသော အဘိညာဉ်၏ အစွမ်းဟု မခေါ်ဆိုနိုင်ပါ။ အလွန့်အလွန်အရေးပါသော အရာအဖြစ်လည်း မသတ်မှတ်သင့်ပါ။ ထိုအဘိညာဉ်ကိစ္စများကြောင့် ငြိကပ်တတ်သော တဏှာကို ဖြစ်ပေါ်စေတတ်သောကြောင့် အားထုတ်ခါစ ယောဂီများအတွက် အလွန်အန္တရာယ် များလှသည်။ လမ်းမှန်ပေါ်မှ လွင့်စင်သွားအောင် ဖြားယောင်းတတ်သော ထောင်ချောက်များ  (ဥပက္ကိလေသာ ၁၁-ပါး) ဖြစ်သည်။ အဘိညာဉ်ကိစ္စကို အလေးမပြုမိအောင် ကြိုးစားခြင်းသည် နည်းကောင်းတစ်ခု ဖြစ်သည်။အဘိညာဉ် အစွမ်းများ ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ မည်သို့မျှ မထူးခြားပါ။
          ယောဂီ၏ တရားထိုင်သက်တမ်းတစ်လျှောက်တွင် အဘိညာဉ်အစွမ်းများ ရရန် သီးသန့်လေ့ကျင့်ခန်းများ အားထုတ်ကောင်း အားထုတ်ခဲ့မည်။ အဘိညာဉ်အစွမ်း ရရန် အလွန်ပင် ခဲယဉ်းသည်။ အလွန်အဆင့်မြင့်သည့် ဈာန်ဆိုက်သော သမာဓိကို လေ့ကျင့်အောင်မြင်ခဲ့ပြီးသူ (ကသိုဏ်း ၁၀-ပါး၌ စတုတ္ထဈာန်ရောက်အောင် ဝသီဘော် ၅-တန်ဖြင့် ကျွမ်းကျင်စွာအားထုတ်နိုင်သူ)သာ အန္တရာယ်နည်းပါးစွာ အလွန်ခက်ခဲသော အဘိညာဉ် အစွမ်းကိုရရှိရန် လေ့ကျင့်နိုင်သည်။ ဝေနေယျသတ္တဝါ များ ချေချွတ်ရန်ရည်ရွယ်၍ အဘိညာဉ်အစွမ်းများရရန် အားထုတ်သင့်သည်။ ဆယ်စုနှစ်ပေါင်းများစွာ အဆက် မပြတ် အားထုတ်ရန် လိုအပ်သည်။ မိမိနှင့်သင့်လျော်သည့် လုပ်ငန်းခွင်ကို(သတိတရားစွဲမြဲရန်) ဇောက်ချပြီး ဥပက္ကိလေသာ ၁၁-ပါးတို့မှလွန်မြောက်အောင် ကြိုးစားပါလေ။

Misconception (5)
လွဲမှားသောအယူအဆ (၅)
Meditation is dangerous and prudent person should avoid it.
တရားအားထုတ်ခြင်းသည် အန္တရာယ် များသော ကြောင့် ဆင်ခြင်တွေးခေါ်တတ်သူများ ရှောင်ကြဉ် သင့်သည်။
          အရာရာတိုင်း၌ အန္တရာယ်ရှိသည်။ လမ်းဖြတ်ကူး နေစဉ် ဘတ်စ်ကား ဝင်တိုက်နိုင်သည်။ ရေချိုးနေစဉ် အတွင်း လည်ပင်းရိုးကျိုးနိုင်သည်။ တရားထိုင်နေစဉ် အတွင်း သင်၏အတိတ်မှ မှတ်ဥာဏ်များအားလုံး မေ့ပျောက်သွားနိုင်သည်။ ကြိုးစားပြီး မေ့ပစ်ထား သော ကြောက်စရာကောင်းသည့် အတိတ်က အဖြစ်အပျက်များ တရားအားထုတ်နေစဉ် ပြန်ပေါ်လာနိုင်သည်။
          လုံးဝအန္တရာယ်မရှိသည့်အရာဆိုတာ မရှိနိုင်ပါ။ အရာရာတိုင်းသည် အန္တရာယ်ရှိသည့်အတွက် အချိန် ပြည့် ခေါင်းမြီးခြုံ၍နေရမည်ဟုလည်း မဆိုလိုပါ။ စစ်မှန် သောရှင်သန်ရပ်တည်ခြင်းမဟုတ်ပါ။ အသက်မသေခင် ဘဝဆုံးနေခြင်းသာဖြစ်သည်။ ဘယ်အန္တရာယ်နှင့် တွေ့ဖို့ ဘယ်လောက် ဖြစ်နိုင်ချေများသည်၊ ဘယ်လို အန္တရာယ် မျိုးနှင့်ကြုံတွေ့နိုင်သည်။ ကြုံတွေ့ခဲ့သော် မည်သို့ရင်ဆိုင် ရမည်ဆိုတာ ပြင်ဆင်ထားသင့်သည်။ လက်စွဲစာအုပ်များ၏ ရည်ရွယ်ချက်မှာ ထိုစိန်ခေါ်မှုများကို ကျော်လွှား လွန်မြောက်ရန် ဖြစ်သည်။
          ဝိပဿနာဘာဝနာ၏ရည်ရွယ်ချက်မှာ သတိတရား စွဲမြဲမှုတိုးတက်ရန် (develop awareness) ဖြစ်၏။ ဝိပဿနာ ဘာဝနာသည် အန္တရာယ်မရှိပါ။ ဝိပဿနာ ဘာဝနာသည် အန္တရာယ်များကိုကျော်လွှားရန်အတွက်သာ ဖြစ်သည်။ သတိတရားလက်ကိုင်ထားခြင်းဖြင့် အန္တရာယ်များမှ လုံခြုံစေသည်။ တရားဘာဝနာကို စနစ်တကျ လေ့ကျင့်အားထုတ်ခြင်းဖြင့် သိမ်မွေ့စွာ တဖြည်းဖြည်း တိုးတက်လာပေလိမ့်မည်။ ဖြည်းဖြည်း နှင့် မှန်မှန် လေ့ကျင့်လျှင် သင်၏တရားအားထုတ်မှုသည် သဘာဝအတိုင်း တိုးတက်လာပါလိမ့်မည်။  မည်သည့် အရာကိုမျှ အတင်းအကြပ် မပြုလုပ်သင့်ပါ။ အချိန်ပြည့် တရားစခန်းတွင် ကျွမ်းကျင်သော အရည်အချင်းရှိသည့် ကမ္မဋ္ဌာန်းဆရာကောင်းနှင့် လေ့ကျင့်သင်ကြားပါက အလွန်လျင်မြန်စွာ တိုးတက်အောင်မြင်လာလိမ့်မည်။လွယ်ရာကစပြီး ဖြည်းဖြည်းမှန်မှန်လေ့ကျင့်ပါက အားလုံး ပြီးမြောက်အောင်မြင်လိမ့်မည်။

Misconception (6)
လွဲမှားသောအယူအဆ (၆)
Meditation is for saints and holy men, not for regular people
တရားအားထုတ်ခြင်းသည် ရဟန်းသံဃာများ
အတွက်သာဖြစ်ပြီး သာမန်လူများနှင့်မဆိုင်ပါ။
          အမေရိကန်မှ နာမည်ကြီးသရုပ်ဆောင်များနှင့် ဘတ်စကက်ဘောချန်ပီယံများကို သာမန်လူတို့ထက် စွမ်းဆောင်ရည်မြင့်မားသူများအဖြစ် လက်ခံထားသကဲ့သို့ ရဟန်းတော်များသည် ရိုသေမြတ်နိုးဖွယ်ရာ ဂုဏ်တို့ဖြင့် ပြည့်စုံသောကြောင့် ရဟန်းတော်များသာ ကမ္မဋ္ဌာန်းတရားနှင့် ဝိပဿနာဘာဝနာတို့ကို အားထုတ်ရမည်ဟု အာရှဒေသ၌ ကျယ်ကျယ်ပြန့်ပြန့် လက်ခံယူဆထားကြသည်။
          ထိုသူများသည် စွမ်းနိုင်သူများဖြစ်ကြပြီး ရှားပါးသောအရည်အချင်းများ ပိုင်ဆိုင်ကြသည်။ မြင့်မြတ်သော ရသေ့ရဟန်းများ အားလုံးနီးပါး တရားဘာဝနာ ပွားကြသည်။ သို့သော် ထိုသူများသည် ရသေ့ရဟန်း များဖြစ်သောကြောင့် တရားအားထုတ်ခြင်းမဟုတ်ကြ ပါ။ သံသရာဘေးကိုကြောက်ရွံ့၍ တရားဘာဝနာ၌ မွေ့လျော်သောကြောင့်သာ ရသေ့ရဟန်းများအဖြစ် သတ်မှတ် ခေါ်ဆိုခံရခြင်း ဖြစ်သည်။ တရားဘာဝနာ ပွားများခြင်းက သာ စင်ကြယ်မြင့်မြတ်သူအဖြစ်သို့ ရောက်စေခြင်းဖြစ်သည်။ ရသေ့ ရဟန်း မဖြစ်ခင် ကတည်းက တရားအားထုတ်ကြသူများဖြစ်သည်။ လုံးဝဖြူစင်သည့် သီလအကျင့်ရှိသူသာ တရား အားထုတ်သင့်သည်ဟု ယောဂီအများစုက လွဲမှားစွာ နားလည် လက်ခံထားကြသည်။ ထိုနည်းသည် အလုပ်ဖြစ်နိုင်သောနည်းတစ်ခု မဟုတ်ပါ။
          သီလမြဲရန်အတွက် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု (mental control) သည် အနိမ့်ဆုံးအခြေခံလိုအပ်ချက် တစ်ခုဖြစ်သည်။ အခြေခံ (၅)ပါးသီလ (သို့) (၈)ပါး သီလတို့ကို မစောင့်စည်းနိုင်၊ ဖြူစင်စွာ မလိုက်နာနိုင်လျှင် သမာဓိထူထောင်ရန် မဖြစ်နိုင်ပါ။ ဗုဒ္ဓနည်းအရ တရား ဘာဝနာပွားများရန် သီလ၊ သမာဓိ၊ပညာသည် အခြေခံ အုတ်မြစ်ဖြစ်သည်။ ကျင့်စဉ်နက်ရှိုင်းလာလေလေ ထို သိက္ခာသုံးပါးမှာ ပို၍ဖွံ့ဖြိုးလာလေလေဖြစ်၏။ သိက္ခာ ၃ပါး(သီလ၊ သမာဓိ၊ ပညာ)သည် အပြန်အလှန်     ဆက်စပ်နေသောကြောင့် တစ်ချိန်မှာ တစ်ခုချင်းစီဖွံ့ဖြိုး ရန် လေ့ကျင့်ခြင်းထက် တစ်ပြိုင်နက် ဖွံ့ဖြိုးရန်လေ့ကျင့် ခြင်းက ပို၍မှန်ကန်သည်။ သီလအကျင့်(လုံးဝ) ပြည့်စုံအောင်မြင် ပေါက်မြောက်အောင် စောင့်ဆိုင်း နေသော ယောဂီလောင်းသည် မည်သည့်အခါမျှ စတင် တရားအားထုတ် ဖြစ်လိမ့်မည် မဟုတ်ပေ။ထို ယောဂီ လောင်းသည် ရေချိုးရန်အတွက် သမုဒ္ဒရာကြီးတစ်ခုလုံး လုံးဝငြိမ်သက်သွားအောင် စောင့်နေသူနှင့် တူသည်။ သီလအဆင့် အမျိုးမျိုးရှိပါသည်။ အခြေခံ အဆင့်သီလမှာ တစ်စုံတစ်ဦးက ချမှတ်ပေးသော စည်းမျဉ်း စည်းကမ်း၊ ဥပဒေ(rules and regulations) ဖြစ်သည်။
          သင့်နိုင်ငံ၏ဥပဒေ(သို့) သင့်ကျောင်းစည်းကမ်း(သို့) သင့်ဖခင်ချမှတ်ထားသော လိုက်နာရန်အချက်များဖြစ်သည်။ မည်သူကချမှတ်သည်ဖြစ်စေ ထိုဥပဒေစည်းကမ်း တို့ကို သိနားလည်ပြီး လိုက်နာရန်ဖြစ်သည်။ ထို ဥပဒေ စည်းကမ်းတို့မှာ ရှင်းလင်းလွယ်ကူ၍ တိကျပြတ်သားပြီး စည်းကမ်းတစ်ခုချိုးဖောက်တိုင်း တစ်ချက် အရိုက်ခံရ မည်ဆိုလျှင် ချန်ပင်ဇီမျောက်တစ်ကောင်ပင် လိုက်နာ လိမ့်မည်။ ထိုအခြေခံအဆင့်သီလ၌ တရားဘာဝနာ အားထုတ်ခြင်း မလိုအပ်ပါ။ ဥပဒေ စည်းကမ်းနှင့် ရိုက်မည့်တုတ်(အပြစ်ဒဏ်)တို့သာ လိုအပ်သည်။ ဒုတိယ အဆင့်သီလမှာ စောင့်ကြည့်နေသည့်သူ၊ ရိုက်မည့် တုတ်မရှိဘဲ အထက်ပါစည်းကမ်း အားလုံးကို လိုလိုလားလား လိုက်နာခြင်းဖြစ်သည်။ ထိုစည်းကမ်းများကို သင်၏အဇ္ဈတ္တသန္တာန်မှ သိစိတ်ဖြင့်ကော၊ မသိစိတ်ဖြင့်ပါ ပင်ကိုသဘောအတိုင်း လက်ခံလိုက်နာခြင်းဖြစ်၏။  စည်းကမ်းတစ်ခု ချိုးဖောက်တိုင်းလည်း သင့်ကိုယ်သင် အပြစ်ပေးပါလိမ့်မည်။ ထိုအဆင့်သို့ရောက်ရန် အနည်းငယ်မျှသော စိတ်ထိန်းချုပ်မှုလိုအပ်သည်။   
          သင် ပရမ်းပတာလုပ်ကိုင်တတ်လျှင် သင်၏သွင်ပြင် အမူအရာမှာလည်း ပရမ်းပတာ ဖြစ်နေလိမ့်မည်။ စိတ်ဓာတ်အဆင့်အတန်း မြင့်မားလာခြင်းသည် စိတ် ပရမ်းပတာဖြစ်မှုကို နည်းပါးစေသည်။
          တတိယအဆင့်သီလကို ကိုယ်ကျင့်တရား(ethics) လို့ခေါ်ဆိုရမှာပါ။ အမြင့်ဆုံးသောအဆင့်ဖြစ်ပြီး လုံးဝ ကွာခြားသောအဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ကိုယ်ကျင့်တရားမည်သည် အာဏာပိုင်(သို့)ခိုင်းစေသူမှ ချမှတ်သော စည်းမျဉ်းစည်းကမ်းများ ကို မျက်စိပိတ် နားပိတ်လိုက်နာခြင်းမျိုးမဟုတ်ပါ။ ထိုအဆင့်၌ အခြေအနေ၊အချိန်အခါနှင့် ကိုက်ညီမည့်အပြုအမူကိုကိုယ်တိုင် ရွေးချယ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ အမှန်တကယ် ဥာဏ်ရည်မြင့်မားစွာဖြင့် အခြေအနေအားလုံးအတွက် အကောင်းဆုံးနှင့်အသင့်တော်ဆုံး တုံ့ပြန်မှုတို့ကို ဖန်တီး ပြုမူနိုင်ပြီ ဖြစ်သည်။ ထို့အပြင် အတ္တအကျိုးထက် အများအကျိုးအပေါ် အခြေခံသည့် ဆုံးဖြတ်ချက်တွေကို ရဲဝံ့စွာချမှတ်နိုင်မည်ဖြစ်သည်။ အခြေအနေတစ်ရပ်လုံး၏ ကောင်းရာကောင်းကျိုးကို သိမြင်နိုင်စွမ်းရှိပြီး အတ္တ နှင့်ပရကို ဟန်ချက်ညီညီ ထိန်းချုပ်နိုင်မည် ဖြစ်သည်။လောဘ,ဒေါသနှင့် မောဟတို့ကင်းလွတ်ပြီး မိမိ သူတစ်ပါးအကျိုးများမည့် နည်းလမ်းများဖြင့်သာ တွေ့ကြုံသမျှကိစ္စတို့ကို  လွန်မြောက်စေလိမ့်မည်။
          ထိုကဲ့သို့စိတ်ထားမျိုးကို တရားဘာဝနာ ပွားများခြင်းဖြင့်သာ ရရှိနိုင်သည်။ မည်သည့်နည်းလမ်းမျိုးနှင့်မျှ ထိုကဲ့သို့ မြင့်မားမွန်မြတ်သောစိတ်ထားမျိုးကို မရရှိနိုင် ပေ။ပြဿနာတိုင်းကို ရှုထောင့်တိုင်းမှအဆင်ပြေအောင် ကြိုးစားခြင်းသည် ဘောလုံးများစွာကို လေထဲ၌မြှောက် ကစားခြင်းနှင့်ဆင်တူပြီး မည်သည့်ထူးချွန်ထက်မြက်မှုက မစွမ်းနိုင်ပါ။ အမြဲတမ်းအတွက် အလွန်ပင်ပန်းသော ကိစ္စရပ်လည်းဖြစ်သည်။ တရားဘာဝနာအားထုတ်ခြင်း က ရရှိသည့် အဆင့်မြင့်သမာဓိကသာ အမှားအယွင်းမရှိ ပြီးမြောက်အောင်မြင်နိုင်သည်။

Misconception (7)
လွဲမှားသောအယူအဆ(၇)
Meditation is running away from reality
တရားအားထုတ်ခြင်းသည် အမှန်တရားများမှ ထွက်ပြေးခြင်း ။
          တရားအားထုတ်ခြင်းသည် အမှန်တရားနှင့် ရင်ဆိုင်ခြင်းဖြစ်သည်။ တရားအားထုတ်ခြင်းဖြင့်လည်း ဘဝ၏နာကြည်းဖွယ်ရာများမှ မလွတ်မြောက်သွားပါ။ ဘဝကို နက်ရှိုင်းစွာ နားလည်နိုင်ပြီး အမှန်တရားကို ရဲရဲရင်ဆိုင်နိုင်သောခွန်အားကို ရရှိနိုင်သည်။ ဝိပဿနာ ဘာဝနာသည် သင် မြင်တွေ့သည့်အတိုင်း ဘဝကို  လက်တွေ့ကျကျ (ဓမ္မဓိဋ္ဌာန်ကျကျ)တွေ့ကြုံခံစားနိုင်ရန် ရည်ရွယ်သည့် အလေ့အကျင့်တစ်ခုဖြစ်သည်။
          ထင်ယောင်ထင်မှားမှုများကို မောင်းထုတ်နိုင်ပြီး သင့်ကိုယ်သင် မသိမသာ လိမ်ညာနေမှုများမှ လွတ်မြောက်စေနိုင်သည်။ အရှိကိုအရှိအတိုင်း(သဘာဝ ကို သဘာဝအတိုင်း၊ မမြဲမှုကို မမြဲသည့်အတိုင်း) သင့်ကိုယ်သင် အမှန်အတိုင်းတွေ့မြင်စေသည်။ သင်၏ အားနည်း ပျော့ညံ့မှုများကို အရင်းခံကာ သင့်ကိုယ်သင် ဟန်ဆောင် လိမ်ညာလှည့်ဖျားမှုဝဲဩဃ (wheel of illusion) ထဲက မလွတ်မြောက်အောင် ချည်နှောင်ထား ၏။ ဝိပဿနာ ဘာဝနာသည် သင်၏ ပြဿနာများကို ဖုံးကွယ်မေ့ပျောက် အောင် မစွမ်းဆောင်နိုင်ပါ။သင့်ကိုယ် သင် အမှန်အတိုင်း အတိအကျတွေ့မြင်နိုင်အောင်သာ လေ့ကျင့်ယူခြင်းဖြစ်သည်။ အရှိကိုအရှိအတိုင်း လုံးဝ ရှုမြင်လက်ခံနိုင်မှသာ  တိုးတက်သောပြောင်းလဲမှုကို သင်ကိုယ်တိုင် ပြုလုပ်နိုင်မည်ဖြစ်သည်။



Misconception (8)
လွဲမှားသောအယူအဆ (၈)

Meditation is a great way to get high
တရားအားထုတ်ခြင်းသည် ဘဝမြင့်မားရန်အတွက် အကောင်းဆုံးလမ်း။
          တရားအားထုတ်ခြင်းသည် တစ်ခါတစ်ရံနှစ်သက် ဖွယ်ကောင်းသော၊ ပီတိသုခပြည့်ဝသော ချမ်းသာသည့် ခံစားမှုများရရှိနိုင်ပါသည်။ ထိုခံစားမှုများသည် တရား အားထုတ်ခြင်း၏ ပန်းတိုင်မဟုတ်သလို အမြဲတမ်းလည်း မရရှိနိုင်ပါ။ သမာဓိထူထောင်ရန်၊ သတိတရားမြဲရန် စသော မှန်ကန်သည့်ရည်ရွယ်ချက်များဖြင့် အားမထုတ်ဘဲ ထိုချမ်းသာသုခကို တောင့်တ၍ တရားဘာဝနာကို အားထုတ်ပါက ပို၍ပင် ထိုခံစားမှုများကို ရရှိရန် ခက်ခဲပေလိမ့်မည်။
          စိတ်တင်းကြပ်မှုများမှပြေလျှော့ခြင်းဖြင့် အနားယူ အပန်းပြေမှုမျိုး ဖြစ်ပေါ်လာသည်။ ထိုအနားယူ အပန်းပြေမှုမှတစ်ဆင့် ပီတိသုခများရရှိနိုင်သည်။ တရားအားထုတ်ခြင်းမှ ပီတိသုခကို လိုက်လံရှာဖွေနေခြင်းကြောင့် မွန်းကြပ်သောစိတ်ထားမျိုး ဖြစ်ပေါ်လာကာ ဘာဝနာ၏ ဖြစ်စဉ်တစ်ခုလုံးကို ပျက်စီးစေသည်။
          ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် ချမ်းသာသုခတို့သည် မတောင့်တသည့်အခိုက်အတန့်၌ သာ လွယ်ကူစွာရရှိနိုင် သည်။ထိုပီတိသုခသည် ပန်းတိုင်မဟုတ်။ တစ်ခါတစ်ရံမှ ရလေ့ရှိသော တရားအားထုတ်ခြင်း၏ ဘေးထွက်ပစ္စည်းမျှသာဖြစ်သည်။
          နေ့စဉ်ရက်ဆက် အချိန်ကြာကြာတရားအားထုတ် ခြင်းဖြင့် ရွှင်လန်းဝမ်းမြောက်ခြင်း နှင့် ချမ်းသာသုခတို့ မကြာခဏရရှိနိုင်၏။ ထိုပီတိသုခအကြောင်းကို အဆင့်မြင့်ယောဂီများ ထံမှ တစ်လေသံတည်း (ငြင်းချက်မရှိ) ကြားနိုင်သည်။



Misconception (9)
လွဲမှားသောနားလည်မှု (၉)
Meditation is selfish
တရားအားထုတ်ခြင်းသည် တစ်ကိုယ်ကောင်းဆန်၊ အတ္တကြီးခြင်းဖြစ်သည်။
          တရားအားထုတ်သည့် ယောဂီများကို တစ်ကိုယ်ကောင်းဆန်သူ၊ အတ္တကြီးသူများအဖြစ် သတ်မှတ်တတ် ကြသည်။ ကူရှင်ပေါ်၌ ငြိမ်သက်စွာထိုင်ပြီး တရားအားထုတ်နေသည့် ယောဂီများသည် သွေးလှူရန် ဆေးရုံ သို့သွားနေသူများလည်း မဟုတ်ပါ။ သဘာဝဘေး     အန္တရာယ် ဒုက္ခသည်များကို အကူအညီပေးရန် အလုပ် ရှုပ်နေသူများလည်း မဟုတ်ကြပါ။ ဘာကြောင့် တရား အားထုတ်နေသနည်း။ ယောဂီ၏ဆန္ဒကို ဆန်းစစ် ကြည့်ပါ။ ဘာကြောင့် ယောဂီတစ်ယောက် တရား အားထုတ်နေသနည်း။ ထိုယောဂီ၏ရည်ရွယ်ချက်မှာ ကိလေသာတရားများဖြစ်သည့် လောဘ၊ ဒေါသနှင့် မောဟတို့ကို မိမိစိတ်အစဉ်မှ မောင်းထုတ်နေခြင်း ဖြစ်သည်။ ကိလေသာတရားကို အပြီးသတ်မောင်းထုတ် ရန် အဖန်တလဲလဲ ကြိုးစားနေခြင်းဖြစ်သည်။
          ထိုကိလေသာတရားများသည့် အခြားသူများပေါ် တွင်ထားရှိရမည့် ဗြဟ္မစိုရ်(မေတ္တာ၊ ကရုဏာ၊မုဒိတာ၊ ဥပေက္ခာ)တရားများမဖြစ်ပေါ်အောင် နှောင့်ယှက်ပိတ်ပင် တတ်သောကြောင့်ဖြစ်သည်။ ထိုကိလေသာတရားများကို အပြီးတိုင် မဖယ်ရှားနိုင်သရွေ့ ယောဂီတစ်ဦး ပြုလုပ် သည့် အများကောင်းရာကောင်းကျိုး ကိစ္စများသည် (သံသရာအတွက်) မိမိကောင်းစားရေးနှင့် မိမိအတ္တ၏ အဆွယ်အပွားမျှသာ ဖြစ်သည်။ ‘ကူညီမှု’ဆိုသည့် ခေါင်းစဉ်တပ်ပြီး တစ်စုံတစ်ယောက်(သို့)မိမိကိုယ်ကို ထိခိုက်နစ်နာစေခြင်းသည် အလွဲမှားဆုံး ကစားပွဲ ဖြစ်သည်။
          အဆင့်မြင့်ယောဂီတစ်ယောက်၏ဘဝကို ဆန်းစစ် လျှင် အများအကျိုးအတွက် ကိုယ့်အကျိုးစွန့်လွှတ်ရမည့် လူမှုရေးပရဟိတလုပ်ငန်းများကို ဆောင်ရွက်လေ့မရှိ သည်ကို တွေ့ရှိနိုင်သည်။ အမှန်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထင်တာထက် ပို၍အတ္တကြီးကြသည်။ အကန့် အသတ်မရှိ လွတ်လပ်ခွင့်ရခဲ့လျှင် အတ္တသည် အနှစ်သာရရှိသော လုပ်ငန်းကိစ္စများကို မြောင်းထဲသို့ရောက် အောင်လုပ်နိုင်သည်။ တရားဘာဝနာပွားများခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိအတ္တ၏ ခိုင်းစေမှုများနှင့်နူးညံ့သော လှည့်ဖြားမှုများကို ထင်ရှားအောင်သတိထားလိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ အမှန်တကယ်အတ္တကင်းစင် လိမ့်မည်ဖြစ်သည်။ မိမိ၏အတ္တကို သန့်စင်အောင် ကြိုးစားခြင်းသည် အတ္တကြီးသည့်အလုပ် မဟုတ်ပါ။

Misconception (10)
လွဲမှားသောနားလည်မှု (၁၀)
When you meditate, you sit around thinking lofty thoughts
တရားအားထုတ်ခြင်းသည် ထိုင်၍စဉ်းစားတွေးခေါ် နေခြင်းဖြစ်သည်။
          တရားသဘောကို လေးလေးနက်နက် ဆင်ခြင် ကြည့်ရှုခြင်းနည်းများစွာရရှိပါသည်။ ထိုနည်းများသည်  ဝိပဿနာဘာဝနာ မဟုတ်ပါ။ ဝိပဿနာသည် သတိ တရားမြဲအောင် လေ့ကျင့်ခြင်းဖြစ်သည်။ အရှိအတိုင်း သိအောင်လုပ်ခြင်းဖြစ်သည်။ ဝိပဿနာဘာဝနာသည် ရိုးရှင်းသည့်ကျင့်စဉ်တစ်ခုဖြစ်သည်။ နှစ်သက်မှု၊ မနှစ်သက်မှုနှင့် အတွေးပုံရိပ်တို့မပါဝင်သော ကိုယ်တွေ့        တိုက်ရိုက်ရှုပွားမှု ဖြစ်သည်။ဘဝ၏ ခဏတိုင်း ခဏတိုင်း ကို အရှိအတိုင်း ဟုတ်တိုင်းမှန်စွာ(ယထာဘူတကျစွာ) တွေ့မြင်အောင် အားထုတ်ခြင်းဖြစ်သည်။


Misconception (11)
လွဲမှားသောနားလည်မှု(၁၁)
A couple of weeks of meditation and all my problems will go away
နှစ်ပတ်၊ တစ်လ တရားစခန်းဝင်ရုံဖြင့် ပြဿနာ      အားလုံး အဆင်ပြေသွားလိမ့်မည်။
          တရားဘာဝနာသည် တစ်ခါတည်း၊ချက်ချင်း၊အပြီး ပျောက်ကင်းစေသည့် ဥုံဖွ မန်းဆေးတစ်မျိုးမဟုတ်ပါ။ ပြောင်းလဲမှုကို ချက်ချင်းတွေ့ကောင်းတွေ့ပါလိမ့်မည်။ အနှစ်သာရရှိသည့် အကျိုးရလဒ်ကောင်းကိုတော့         နှစ်ပေါင်းများစွာကြာမှ ရရှိနိုင်လိမ့်မည်။ ကျွန်ုပ်တို့၏ စကြဝဠာကြီးကို ဤကဲ့သို့ ခက်ခဲမှုများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်။ တစ်နေ့တစ်ညနှင့်ရရှိနိုင်သော အရာသည် ဘာမျှတန်ဖိုးရှိမည်မဟုတ်။ တရားဘာဝနာ ပွားများခြင်းသည် အတိုင်းအတာတစ်ခုအထိ ခက်ခဲ လိမ့်မည်။နှစ်ပေါင်းများစွာ စည်းကမ်းကောင်းကောင်းနှင့် စနစ်တကျ အနစ်နာခံလေ့ကျင့်ရသည့်ကျင့်စဉ်ဖြစ်၏။  တရားထိုင်တိုင်း ရလဒ်ကောင်းတွေရရှိနိုင်သည်။ အချို့ သော ရလဒ်များသည် ဖော်ပြခြင်းငှာ မစွမ်းနိုင်အောင် သိမ်မွေ့နက်နဲကြ၏။ ထိုရလဒ်များသည် စိတ်၏       အနက်ရှိုင်းဆုံးနေရာ၌တည်ရှိနေပြီး အချိန်အတန်ကြာမှ     ထွက်ပေါ်လာသည်။ ယောဂီတစ်ယောက်သည် သိသာ ထင်ရှားသော ပြောင်းလဲမှုရလဒ်ကို တရားထိုင်တိုင်း တစိုက်မတ်မတ် လိုက်လံရှာဖွေနေခဲ့လျှင် ထိုယောဂီသည် သိမ်မွေ့နက်နဲသော တိုးတက်ပြောင်းလဲမှုကို လက်လွတ် ဆုံးရှုံးလိမ့်မည်။ ထိုအခါ သူ့မှာ မည်သည့် ပြောင်းလဲမှု၊  တိုးတက်မှုမျှ မရရှိပါဆိုပြီး စိတ်ခွန်အားတွေ လျော့ကျ လာပြီး လက်မြှောက်အရှုံးပေးမှာ သေချာသည်။ သည်းခံ ခြင်း(ခန္တီပါရမီ)သည် အဓိက ကျသည်။ တရားအားထုတ် ခြင်းမှာ ဘာကိုမျှ သင်ခန်းစာအဖြစ်မရရင်တောင်မှ သည်းခံခြင်းသဘောကို သင်ယူပြီးဖြစ်မှာ သေချာသည်။ သည်းခံခြင်းသည် ဘဝအတွက် အဖိုးတန်ဆုံးသော သင်ခန်းစာဖြစ်သည်။

ဆီလျော်အောင် ဘာသာပြန်ဆိုသူ
ကောင်းထက်ညွန့်
From Dhamma Web Notes