ပတိပူဇိကာ
ဦးရွှေအောင်
ဤဝတ္ထုသည်
မြတ်စွာဘုရား ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဝတ္ထုဖြစ်၏။ ဤဝတ္ထု
ဖြစ်ပေါ်လာခြင်းမှာလည်း သာဝတ္ထိပြည်သူ ပတိပူဇိကာ ဒါယိကာမကို အကြောင်းပြု၍
ဖြစ်ပေါ်လာခြင်း ဖြစ်၏။ မြတ်စွာဘုရား ဟောကြားတော်မူသော ဤဝတ္ထုကို နာကြားရသောအခါ
သစ္စာလေးပါးတိုင် အောင် သိကြသဖြင့် များစွာကုန်သော တရားနာ ပရိသတ်တို့သည် အရိယာများ
ဖြစ်ကြကုန်၏။ ပါရမီ ရှိသူများအတွက် “စနက်တံ”သဖွယ်ဖြစ် သော နောက်ဆုံးအကြောင်း “သပ္ပါယကာရဏ”နှင့်သာ
တိုက်ဆိုင်လျှင် အရိယာဖြစ်ဖို့ ဆိုသည်မှာ ခဲယဉ်းလှသည် မဟုတ်။
ဤလောက၌ မြတ်စွာဘုရား ပွင့်တော်မူလာ
ခြင်းမှာ ရှိပြီးသား “အဟောင်း”များကို တော်လှန်ကာ ဖျက်ဆီးပစ်ရန် မဟုတ်။ ရှိပြီးသား
“အဟောင်း”များ အပေါ်၌ “အသစ်”ကို အထွတ်တင်ရန်သာ ဖြစ်၏။ ဤနေရာ၌ “အသစ်”ဟူသည်မှာ
သစ္စာလေးပါး ဖြစ်၏။ သင်္ခါရဟူသည် နေရာတိုင်း၌ ရှိ၏။ သင်္ခါရရှိလျှင် သစ္စာလေးပါးသည်လည်း
ရှိသည်သာ ဖြစ်၏။ အမှန် အားဖြင့် သင်္ခါရဟူသည် သတ္တလောက၏ တရားကိုယ် ဖြစ်၏။ ဩကာသလောက၏
တရားကိုယ်လည်း ဖြစ်၏။ ပရမတ္ထအရ ဆိုလျှင် သတ္တလောကဟူသည်လည်း တကယ်ရှိသည် မဟုတ်။
ဩကာသလောက ဟူသည် လည်း တကယ်ရှိသည် မဟုတ်။ သင်္ခါရလောကသာလျှင် တကယ်ရှိ၏။ ထို့ကြောင့်
သတ္တလောကနှင့် ဩကာသ လောကတို့သည် သင်္ခါရလောက၏ “အသွင်”များသာ ဖြစ်ကြ၏။ မြတ်စွာဘုရား
ပွင့်တော်မမူမီ ကာလက ဆိုလျှင် ထိုထို ပုဂ္ဂိုလ်တို့သည် သတ္တလောကနှင့် ဩကာသလောကကို
တကယ်အရှိ အနေဖြင့် သိကြ၏။ သင်္ခါရလောကကို တကယ်အရှိ အနေဖြင့် သူတို့ မသိကြ။ သူတို့သည်
အနိစ္စကိုလည်း သိကြပါ၏။ သို့ရာတွင် သူတို့သိသော အနိစ္စသည် သမ္မုတိအနိစ္စသာ ဖြစ်၏။
သင်္ခါရအနိစ္စ မဟုတ်။ သူတို့သည် ဒုက္ခကိုလည်း သိကြပါ၏။ သို့ရာတွင် သူတို့သိသော ဒုက္ခသည်
သင်္ခါရဒုက္ခ မဟုတ်။ သမ္မုတိဒုက္ခသာ ဖြစ်၏။ သူတို့သည် အနတ္တကိုလည်း သိကြပါ၏။ သို့ရာတွင်
သူတို့သိသော အနတ္တသည် သင်္ခါရအနတ္တ မဟုတ်။ သမ္မုတိအနတ္တသာ ဖြစ်၏။ မြတ်စွာဘုရား ပွင့်တော်
မမူမီကဆိုလျှင် သူတို့ သည် သင်္ခါရလောကကို မသိကြဘဲ သတ္တလောကနှင့် ဩကာသလောကကိုသာ
သိကြသဖြင့် သူတို့သည် သံသရာသုခကို ရရှိရေး အတွက်သာ စိတ်ဝင်စားကြ၏။ ထို့ကြောင့်
သူတို့သည် သံသရာသုခ ရရှိရေးအတွက် ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့ကို ပြုလုပ်ကြခြင်း
ဖြစ်၏။ မြတ်စွာဘုရား ပွင့်တော်မူသောအခါကျမှသာ ရှေးခေတ် အစဉ်အလာ ဒါနမှု၊ သီလမှု၊
ဘာဝနာမှုတို့ အပေါ်၌ သစ္စာလေးပါးကို အထွတ်တင်၍ သံသရာ လွတ်မြောက်မှု သန္တိသုခကို
ရရှိရန်အတွက် သင်္ခါရအနိစ္စ၊ သင်္ခါရဒုက္ခနှင့် သင်္ခါရအနတ္တတို့ကို တရားကျင့်သူများ
ကိုယ်တိုင် မြင်အောင် ဟောကြားတော်မူခြင်း ဖြစ်၏။
မြတ်စွာဘုရား ပွင့်တော်မမူမီကဆိုလျှင်
လောက၌ အကောင်းဆုံး ဝါဒအနေဖြင့် “ကမ္မဝါဒ”သာ ရှိခဲ့ပါ၏။ မြတ်စွာဘုရား ပွင့်တော်မူသော
အခါမှသာ နဂိုမူလ ရှိပြီးသား “ကမ္မဝါဒ” အပေါ်၌ သစ္စာလေးပါး ကို အထွတ်တင်နိုင်ရန် “ဉာဏဝါဒ”ကို
ဟောကြားတော် မူခြင်း ဖြစ်၏။ ကမ္မဝါဒအရ ကျင့်လျှင် လူချမ်းသာကို ရ၏။ နတ်ချမ်းသာကို
ရ၏။ ဗြဟ္မာချမ်းသာကို ရ၏။ “ဉာဏဝါဒ”အရ ကျင့်လျှင် နိဗ္ဗာန်ချမ်းသာကို ရ၏။ ဉာဏဝါဒ
အမြင်အရဆိုလျှင် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဟူသည် ချမ်းသာ မဟုတ်။
ဆင်းရဲသာ ဖြစ်၏။ နိဗ္ဗာန်ချမ်းသာမှသာ ချမ်းသာ ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရား
ပွင့်တော်မူသော အခါ၌ကား ဒါနသည်လည်း မူလနဂို ရှိပြီးသား ဒါနနှင့် မတူ။ သီလ သည်လည်း
နဂို ရှိပြီးသား သီလနှင့် မတူ။ ဘာဝနာ သည်လည်း နဂိုရှိပြီးသား ဘာဝနာနှင့် မတူ။ သစ္စာ
လေးပါးကို အထွတ်တင်ထားသော ဒါန၊ သီလ၊ ဘာဝနာတို့ပင် ဖြစ်ကြလေ၏။
သစ္စာလေးပါးကို အထွတ်တင်ခြင်း ဟူသည်မှာ
မိမိတို့ ပြုလုပ်ထားသော ဒါန၊ သီလ၊ ဘာဝနာတို့၌ အနိစ္စသဘော၊ ဒုက္ခ သဘော၊
အနတ္တသဘောတို့ကို မြင်လာအောင် ဟောကြားတော်မူခြင်း ဖြစ်၏။ အမှန် အားဖြင့်
သင်္ခါရတရားတို့၏ အနိစ္စသဘော၊ ဒုက္ခ သဘော၊ အနတ္တသဘောကို မြင်ပါမှ ဉာဏဝါဒအရ သစ္စာဉာဏ်ကို
ရမည်ဖြစ်၏။ သစ္စဉာဏ်ကို ရပါမှလည်း နိဗ္ဗာန်ချမ်းသာကို ရမည် ဖြစ်၏။ ဤနေရာ၌ ဉာဏဝါဒ ဟူသည်မှာ
ဝိပဿနာပင် ဖြစ်၏။ ဝိပဿနာဟူသည်မှာ မြတ်စွာဘုရား ပွင့်တော်မူသောအခါမှသာ သိရသော ဉာဏ်
ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ပရိသတ် အား တရားဟောကြားတော်မူတိုင်း
သစ္စာလေးပါးကို ထိုးထွင်း၍ သိနိုင်စေရန် ဝိပဿနာကို ပါဝင်အောင်
ဟောကြားတော်မူသည်ချည်းသာ ဖြစ်၏။ သစ္စာလေးပါးမှ လွတ်သောတရားမည်သည် မရှိဟူ၍
ဆိုပါလျှင် ဝိပဿနာမှ လွတ်သော တရားမည်သည်လည်း မရှိ ကောင်းချေ။ သို့ရာတွင် တရားနာ
ပရိသတ်တိုင်း ဝိပဿနာဆိုက်အောင် သိချင်မှသိ၏။ ဝိပဿနာ ဆိုက်အောင် သိသူများကား
တစ်ခုသောနေ့တွင် နိဗ္ဗာန် ကို မျက်မှောက်ပြုမည် ဖြစ်၏။ ဝိပဿနာဆိုက်အောင် မသိသူများကား
မိမိတို့၏ ကံအားလျော်စွာ လူ့ဘဝ လူ့ချမ်းသာများကို ရချင်လည်း ရနိုင်၏။ နတ်ဘဝ
နတ်ချမ်းသာများကို ရချင်လည်း ရနိုင်၏။ ဗြဟ္မာဘဝ ဗြဟ္မာချမ်းသာများကို ရချင်လည်း
ရနိုင်၏။ အချည်းနှီး တော့ မဖြစ်၊ တစ်ခုခုသော ချမ်းသာကို ရမည်ကား ဧကန် ဖြစ်ပါ၏။
မြတ်စွာဘုရားသည် တရားဒေသနာတော်ကို
ဟောကြားတော်မူသောအခါ တရားနာပရိသတ်၏ စရိုက်အလိုက် ဟောကြားတော်မူ၏။ လယ်သမားကို
ဟောကြားတော်မူသောအခါ လယ်ယာလုပ်ငန်းမှ သင်္ခါရ တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်ပြီး
သစ္စာလေးပါးကို ပေါ်ပေါက်လာအောင် ဟောတော်မူ၏။ ပန်းထိမ်သမား အား ဟောကြားတော်မူသောအခါ
ပန်းထိမ်လုပ်ငန်းမှ သင်္ခါရတို့၏အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်ပြီး သစ္စာလေးပါး ကို
ပေါ်ပေါက်လာအောင် ဟောကြားတော်မူ၏။ အခြား ပုဂ္ဂိုလ်များအား တရားဟောကြား တော်မူသောအခါ
အခြား ပုဂ္ဂိုလ်များ၏ စရိုက်အရ ထိုထိုပုဂ္ဂိုလ်တို့၏ လုပ်ငန်းများမှ သစ္စာလေးပါးကို
ပေါ်ပေါက်လာအောင် ဟောကြားတော်မူ၏။ ဤသည်မှာ သဗ္ဗညုတဉာဏ်တော် ၏ အစွမ်းပင် ဖြစ်၏။
ဤဝတ္ထုမှာ ပန်းခူးခြင်းနှင့် ပတ်သက်သော ဝတ္ထု ဖြစ်၏။ ထို့ကြောင့် ပန်းခူးခြင်း
လုပ်ငန်းမှ သစ္စာလေးပါးကို ပေါ်ပေါက်လာအောင် တရားဒေသနာတော်ကို တရားနာပရိသတ်အား
မြတ်စွာ ဘုရားက ဟောကြားတော်မူခြင်း ဖြစ်၏။ မြတ်စွာဘုရား ဟောကြားတော်မူသည့် အတိုင်းပင်
သစ္စာလေးပါးသည် ပေါ်ထွက်ခဲ့ပါ၏။ ဝတ္ထုမှာ ဤသို့ ဖြစ်ပါ၏။
တာဝတိံနတ်ပြည်၌ မာလာဘာရီ အမည်ရှိ သော
နတ်သားတစ်ယောက်သည် ရှိ၏။ မာလာဘာရီ နတ်သားတွင် နတ်သမီး တစ်ထောင် အြွေခအရံရှိ၏။
တစ်ခုသောနေ့တွင် မာလာဘာရီ နတ်သားနှင့် နတ်သမီး တစ်ထောင်တို့သည် ပန်းဥယျာဉ်သို့
သွားကြ၏။ ပန်းဥယျာဉ်သို့ ရောက်သောအခါ နတ်သမီးငါးရာက ပန်းပင်ပေါ်သို့တက်၍
ပန်းများကို ခူးကြ၏။ အောက်သို့ ပစ်ချကြ၏။ ကျန် နတ်သမီး ငါးရာတို့က ပစ်ချလိုက် သော
ပန်းများကို သီကုံးကြ၏။ ပန်းကုံးများ ဖြစ်သော အခါ သူတို့သည် မာလာဘာရီ နတ်သားကို
ဆင်မြန်း ကြ၏။ အမှန်အားဖြင့် နတ်သမီးတစ်ထောင်တို့၏ စိတ်ထဲ ၌ မာလာဘာရီ နတ်သား
ကျေနပ်ရန်သာ ဆန္ဒရှိကြ၏။ အခြားသူတို့အတွက် ကိုယ်ပိုင်ဆန္ဒဟူ၍ ဘာမျှမရှိ။
မာလာဘာရီနတ်သား ပျော်လျှင် သူတို့လည်း ပျော်ကြ ၏။ မာလာဘာရီနတ်သား မပျော်လျှင်
သူတို့လည်း မပျော်ကြ။ ထို့ကြောင့် နတ်သမီးတစ်ထောင်ဟူသည် အသွင်အားဖြင့်
ရုပ်ပိုင်းသဘောအရ တစ်ထောင် ဖြစ်၏။ စိတ်ပိုင်းသဘောအရဆိုလျှင် တစ်ခုတည်း ဖြစ်လေ၏။
မာလာဘာရီ နတ်သား၏စိတ်နှင့် နတ်သမီး တစ်ထောင် တို့၏ စိတ်သည် တစ်ခုတည်း ဖြစ်၏။
ထို့ကြောင့် အားလုံးသည် တစ်ယောက်တည်းသဖွယ် ဖြစ်ကြ၏။ အသွင်သာ ကွဲသော်လည်း သဘောကား
တစ်ခုတည်း ဖြစ်လေ၏။ ကံတို့၏ အကျိုးပေးမှုသည် ဆန်းကြယ်၏။ ထို့ကြောင့် “ကမ္မဝိသယော
အစိန္တေ ယျော-ကံ၏ အရာသည် အစိန္တေယျ ဖြစ်သည်” ဟူ၍ ဆိုခြင်း ဖြစ်ပါ၏။ နတ်ပြည်၌
အမျိုးသမီး အရေအတွက်က များခြင်းသည်လည်း သူတို့၏ကံနှင့် သူတို့ပင် ဖြစ်၏။
ဥယျာဉ်ထဲ၌ ပန်းပင်ပေါ်တက်သော နတ်သမီး
ငါးရာထဲက နတ်သမီးတစ်ယောက်သည် စုတေသွားပြီး သူမ၏ကံအရ သာဝတ္ထိပြည် အမျိုးကောင်း၏အိမ်၌
ပဋိသန္ဓေသွား၍တည်နေ၏။ သူမ၏ဆန္ဒအရ အမျိုးသမီး ပင် ဖြစ်၏။ သူမသည် အမျိုးသား
ဖြစ်လိုသောဆန္ဒမရှိ။ ထို့ကြောင့် သူမသည် အမျိုးသမီး ဖြစ်ရခြင်း ဖြစ်၏။ သူမသည်
အတိတ်ဘဝကို ပြန်လည် မှတ်မိသောဉာဏ်ကို ရ၏။ ထိုဉာဏ်ကို “ဇာတိဿရဉာဏ်”ဟူ၍ ခေါ်၏။ သူမသည်
ဇာတိဿရဉာဏ်ဖြင့် ပြန်လည်စဉ်းစားသော အခါ လွန်ခဲ့သော ဘဝက မာလာဘာရီ နတ်သား၏ဇနီး
နတ်သမီးဖြစ်ခဲ့သည်ကို ပြန်လည် မှတ်မိ၏။ မှတ်မိသည့် အလျောက် တာဝတိံသာနတ်ပြည်၌
မာလာဘာရီ နတ်သား၏ဇနီးသာ ပြန်ဖြစ်လို၏။ ထိုကဲ့သို့ ဖြစ်နိုင် ရန်ကိုသာ ကြံစည်၏။
တောင့်တ၏။
ချစ်ခြင်းမေတ္တာ ဟူသည်မှာ ဆန်းကြယ်၏။
ရှေးရေစက်ကြောင့်လည်း ချစ်ခြင်းမေတ္တာသည် ဖြစ်တတ်၏။ ရှေးရေစက်ကို “ပုဗ္ဗေဝသန္နိဝါသ”ဟူ၍
ခေါ်၏။ ပစ္စုပ္ပန် ရင်းနှီးမှုကြောင့်လည်း ချစ်ခြင်းမေတ္တာ သည် ဖြစ်တတ်၏။ ပစ္စုပ္ပန်
ရင်းနှီးမှုကို “ပစ္စုပ္ပန္နဟိတ” ဟူ၍ခေါ်၏။ ဒေသနာတော်အရဆိုလျှင် ချစ်ခြင်းမေတ္တာ ဖြစ်ရာ၌
ဤအကြောင်းနှစ်ပါးသာ ရှိ၏။ ဤသတို့သမီး အတွက်ဆိုလျှင် ရှေးရေစက်သည် များစွာ
ပြဋ္ဌာန်း၏။
ယခုအခါ ဤသတို့သမီးကား တာဝတိံသာ နတ်သမီး
မဟုတ်တော့။ သာဝတ္ထိပြည်သူ အမျိုးသမီး ဖြစ်၏။ ထို့ကြောင့် လောကထုံးတမ်းအရ အရွယ်ရောက်
လာသောအခါ သင့်လျော်ရာ အမျိုးသားတစ်ယောက်နှင့် အိမ်ထောင်ချပေးလိုက်၏။ ဤသတို့သမီးသည်
ယခုအခါ အိမ်ရှင်မ ဖြစ်သွားလေပြီ။ အိမ်ရှင်မ ဖြစ်သွားသဖြင့် ထိုခေတ် ယဉ်ကျေးမှုအရ
အိမ်ရှင်မတို့၏ တာဝန်ဝတ္တရား ကို ကျေပွန်စွာ ထမ်းဆောင်ပါ၏။ ထို့ပြင် ထိုစဉ်က
သာဝတ္ထိပြည်၌ သာသနာတော်သည် ထွန်းလင်း၏။ သာသနာတော် ထွန်းလင်းသည့် အလျောက်လည်း
ဤသတို့သမီးသည် မြတ်စွာဘုရား၏ သာသနာတော်၌ ကြည်ညို၏။ ရဟန်းသံဃာတော်များကား မြေဩဇာ
ကောင်းသော လယ်ယာနှင့် တူ၏။ မြေဩဇာကောင်း သော လယ်ယာ၌ မည်သည့်မျိုးစေ့ကို
စိုက်စိုက်၊ စိုက်သမျှသည် ဖြစ်ထွန်း၏။ ထိုနည်းအတူပင် ရဟန်းသံဃာတော်များ၌
မည်သည့်ကောင်းမှုကို ပြုပြု၊ မိမိပြုသမျှ ကောင်းမှုသည် မိမိလိုချင်သော အကျိုးကို
ပေးသည်သာ ဖြစ်၏။ ထို့ကြောင့် ရဟန်းသံဃာတော် များကို “ပုညခေတ္တ” ဟူ၍ ဆိုခြင်းဖြစ်၏။
“ပုညခေတ္တ” ဟူသည်မှာ ကောင်းမှုများကို စိုက်ပျိုးရာမြေဟူ၍ ဖြစ်၏။ သာဝတ္ထိပြည်၌
ကောင်းမှုများကို စိုက်ပျိုးရာမြေသည် ပေါများလှ၏။ တကယ်တမ်း စိုက်ပျိုးဖို့သာ
အရေးကြီး၏။
ဤသတို့သမီးသည် ရဟန်းသံဃာတော်များ၌
ကောင်းမှုများကို ပြုလုပ်၏။ ပြုလုပ်သော ကောင်းမှုများ၏ အကျိုးတရား အနေဖြင့် မာလာဘာရီ
နတ်သား၏ ဇနီး ဖြစ်ရန်သာ ဆုတောင်း၏။ အခြား မည်သည့်ဆုကိုမျှ မတောင်း။ ထို့ကြောင့်
ဤသတို့သမီးကို “ပတိပူဇိကာ” ဟူ၍ ရဟန်းသံဃာတော်များက အမည်ပေးထား၏။ ပတိပူဇိကာ၏
အနက်မှာ လင်ယောကျာ်းကို ပူဇော်သူ ဟူ၍ ဖြစ်၏။ ဤ၌ လင်ယောကျာ်း ဟူသည်မှာ
မာလာဘာရီနတ်သား ဖြစ်၏။ လက်ရှိ လင်ယောကျာ်း မဟုတ်။ သို့ရာတွင် ရဟန်း
သံဃာတော်များကမူ ပတိပူဇိကာ မြတ်နိုးသော လင်ယောကျာ်း ဟူသည် သာဝတ္ထိပြည်သား လက်ရှိ
လင်ယောကျာ်းဟူ၍သာ မှတ်ထင်ကြ၏။ မာလာဘာရီ နတ်သားဟူ၍ မမှတ်ထင် ကြ။ ထို့ကြောင့် ရဟန်း
သံဃာတော်များက ပတိပူဇိကာ ကို လင့်ဝတ္တရား ကျေသူအဖြစ်လည်းကောင်း၊ သာသနာ တော်အတွက်
ကျေးဇူးများသူအဖြစ်လည်းကောင်း မှတ်ယူနေကြခြင်း ဖြစ်၏။ မိခင်သဖွယ် ခင်မင်လေးစား
နေကြခြင်း ဖြစ်၏။
ပတိပူဇိကာသည် သာဝတ္ထိပြည်သား လင်
ယောကျာ်းနှင့် သား လေးယောက် ရ၏။ ထို့နောက် ပတိပူဇိကာသည် အသက် အတိုင်းနေ၍
ကွယ်လွန်လေ ၏။ ပတိပူဇိကာ ကွယ်လွန်သောအခါ သူမ တောင့်တ သည့် အတိုင်းပင် မာလာဘာရီ
နတ်သားထံ၌ ပြန်၍ ဖြစ်၏။ ထိုအချိန်၌ မာလာဘာရီနတ်သားနှင့် နတ်သမီး တို့သည်
ပန်းဥယျာဉ်၌ ပျော်မြူးတုန်းပင် ရှိသေး၏။ လူ့ပြည်၌ နှစ်ပေါင်းတစ်ရာသည် တာဝတိံသာ
နတ်ပြည် ၌ တစ်ရက် ဖြစ်လေရာ ပတိပူဇိကာ ပျောက်သွားခြင်း သည် တာဝတိံသာ နတ်ပြည်အတွက်
ခဏသာ ဖြစ်လေ ၏။ ပတိပူဇိကာကို တွေ့သောအခါ မာလာဘာရီ နတ်သားက ‘အသင် နတ်သမီးကို
မတွေ့မိဘူး၊ ဘယ် ရောက်နေတုံး’ ဟူ၍ မေးမြန်းသောအခါ ပတိပူဇိကာ နတ်သမီးက မိမိသည်
နတ်သမီးဘဝမှ စုတေ၍ သာဝတ္ထိ ပြည်၌ လူသွားဖြစ်ကြောင်း၊ အမျိုးကောင်းသား တစ်ယောက်နှင့်
အိမ်ထောင်ကျ၍ သားလေးယောက် ရခဲ့ကြောင်း၊ ယခု လူ့ဘဝမှ စုတေ၍ တာဝတိံ နတ်ပြည် ၌ အရှင်
မာလာဘာရီ နတ်သားထံတွင် နတ်သမီး ပြန်ဖြစ်ပါကြောင်းဖြင့် ပြန်ကြား၏။ ထို့အပြင်
ပတိပူဇိကာ နတ်သမီးက လူတို့၏ သက်တမ်းသည် လူတို့၏ အရေအတွက်အရ နှစ်ပေါင်းတစ်ရာဟူ၍
ဆိုရသော် လည်း တာဝတိံသာနတ်တို့၏ အရေအတွက်အရ ဆိုပါလျှင် တစ်ရက်မျှသာ ရှိကြောင်း၊
လူတို့သည် နှစ်ပေါင်းတစ်ရာကိုပင် နှစ်ပေါင်း အသင်္ချေကဲ့သို့ မှတ်ယူပြီး
ကောင်းမှုကုသိုလ်ကို မပြုလုပ်ကြဘဲ မေ့မေ့လျော့လျော့ နေတတ်ကြကြောင်းဖြင့် ပြောလေရာ၊
မာလာဘာရီနတ်သားသည် လူတို့အတွက် များစွာ သံဝေဂ ဖြစ်လေ၏။ တာဝတိံသာ နတ်တို့၏ အမြင်အရ
ဆိုပါလျှင် လူ့ပြည်၌ လူ့သက်တမ်းအရ နှစ်ပေါင်းတစ်ရာ ဆိုသည်မှာ ဘာမျှ ကြာလိုက်သော
ကာလ မဟုတ် ကြောင်း၊ ဝဋ်ဒုက္ခမှ လွတ်မြောက်ရေးအတွက် မမေ့ မလျော့သော သတိတရားဖြင့်
ကုသိုလ်ကောင်းမှုများကို ကြိုးစား၍ ပြုလုပ်သင့်ပါကြောင်းဖြင့် မာလာဘာရီ နတ်သားက
ပတိပူဇိကာအား ပြောကြားပြီး လူတို့ အတွက် သံဝေဂ ဖြစ်လေ၏။
နောက်နေ့၌ ရဟန်းများသည် ပတိပူဇိကာ
ဆွမ်းကပ်ရာဇရပ်သို့ ရောက်လာကြ၏။ ဆွမ်းစားဇရပ် သည် ခါတိုင်းနှင့် မတူတော့။ နေရာ
ထိုင်ခင်းများ သည်လည်း သပ်သပ်ရပ်ရပ် မရှိ။ သောက်ရေ သုံးရေ များသည်လည်း အဆင်သင့်
မရှိ။ အားလုံး ရှုပ်ပွေနေ၏။ ထိုအခါကျမှ ပတိပူဇိကာ ဒါယိကာမသည် လွန်ခဲ့သော နေ့က
ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ရဟန်းများ သိကြ ၏။ ပတိပူဇိကာသည် သာသနာတော်အတွက်
များစွာ ကျေးဇူးများသူ ဖြစ်၏။ ထို့ကြောင့် ရဟန်းတော်များက ပတိပူဇိကာအပေါ်
မိခင်သဖွယ် မြတ်နိုးကြ၏။ ယခု ပတိပူဇိကာ ကွယ်လွန်ကြောင်း သိကြသောအခါ ပုထုဇဉ်
ရဟန်းတို့သည် ငိြုွေကးကြ၏။ ရဟန္တာ များမှာမူ ဓမ္မ သံဝေဂ ဖြစ်ကြ၏။ ငိြုွေကးခြင်း
မပြုကြ။ ရဟန္တာများ သည် သောကကိုလည်း ပယ်ပြီးပြီ၊ ပရိဒေဝကိုလည်း ပယ်ပြီးပြီ၊
ဒေါမနဿကိုလည်း ပယ်ပြီးပြီ။ ထို့ကြောင့် ရဟန္တာများ အနေဖြင့် ငိြုွေကးခြင်းကို
မပြုကြခြင်း ဖြစ်၏။
ရဟန်းတို့သည် ဇေတဝန်ကျောင်းတော်သို့
ပြန်ရောက်သောအခါ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ကြပြီး နံနက်ပိုင်းက
အကောင်းပကတိ ဖြစ်ပါလျက် ညဥ့်ပိုင်း၌ ကွယ်လွန်သွားသော ပတိပူဇိကာ ဥပါသိကာမ အကြောင်းကို
လျှောက်ထားပြီး ယခု ဥပါသိကာမသည် မည်သည့်ဘုံဘဝ၌ ဖြစ်နေပါသနည်း ဟူ၍
မေးမြန်းလျှောက်ထားသောအခါ မြတ်စွာဘုရားက ပတိပူဇိကာ ဥပါသိကာမသည် တာဝတိံသာ နတ်ပြည်၌
ခင်ပွန်းဟောင်းဖြစ်သူ မာလာဘာရီ နတ်သားထံ၌ ပြန်ဖြစ်ကြောင်း မိန့်ကြားတော်မူပြီး၊
ဘဝကို ပန်းခူးခြင်း လုပ်ငန်းနှင့် နှိုင်းယှဉ်ပြီး အောက်ပါအတိုင်း ဂါထာဖြင့်
ဟောကြားတော်မူ၏။
- ပန်းခူးသူသည် ပန်းတို့ကို အာသာရမ္မက်
ဖြင့် ဆွတ်ယူသကဲ့သို့၊
- ကာမဂုဏ်တို့၏ စုဝေးရာဘဝ၌ အာသာ ရမ္မက်
ငမ်းငမ်းတက် နေသူများကို သေမင်းသည် ဆွတ်ခူးလေ၏။
ကာမဂုဏ်တို့၏ စုဝေးရာဘဝ ဟူသည် ပန်းသဖွယ်
ဖြစ်၏။ ပန်းခူးသူများသည် မရသေးသော ပန်းများကိုလည်း အာသာရမ္မက်ဖြင့် ဆွတ်ခူး၏။
ခူးပြီး သော ပန်းများကိုလည်း မညှိုးနွမ်းအောင် ထိန်းသိမ်း၏။ ညှိုးနွမ်းသွားသော
ပန်းများကိုမူ စွန့်ပစ်ပြီး နောက်ထပ် ပန်းများကို ခူးပြန်၏။ ဤသည်မှာ
ပန်းခူးသူတို့၏ ဓမ္မတာ ဖြစ်၏။
ပန်းခူးသူသည် မိမိ ခူးသော ပန်းများကို
မိမိအတွက် အလှဆင်ရန် ခူးသည်လည်း ရှိ၏။ ဘုရားတင်ရန် ခူးသည်လည်း ရှိ၏။ ရောင်းဖို့ရန်
ခူးသည်လည်း ရှိ၏။ အခမ်းအနား၌ အလှဆင်ရန် ပန်းခူးသည်လည်း ရှိ၏။ အမှန်အားဖြင့်
ပန်းခူးသူသည် ပန်းများကို သူ၏ ဆန္ဒအတိုင်း အသုံးချချင်သလို အသုံးချလေ၏။
လူ့ဘဝ ဟူသည်မှာလည်း ပန်းများသဖွယ်
ဖြစ်ပါ၏။ ပန်းများ လှသလို လူ့ဘဝသည် လှပါ၏။ ပန်းများ မွှေးသလို လူ့ဘဝသည် မွှေးပါ၏။
လှသော၊ မွှေးသော ပန်းများကို ပန်းခူးသူက ခူးပြီး သူ အသုံးချ ချင်သလို ချ၏။
ထိုနည်းအတူ လှသော၊ မွှေးသော လူ့ဘဝများကို သေမင်းက ခူးပြီး သူ အသုံးချချင်သလို
ချလေ၏။ လှသော၊ မွှေးသော ပန်းများကို လောက၌ ထိုက်ထိုက်တန်တန် အသုံးချရသလို လှသော၊
မွှေးသော လူ့ဘဝများကိုလည်း လောက၌ ထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏။ ပန်းများကို
ဘုရားတင်၍ ပူဇော်သလို မိမိတို့၏ ဘဝကိုလည်း လောကအတွက် ပူဇော်နိုင်ပါ၏။ ဘုရားတင်၍
ပူဇော်ခြင်းဖြင့် ပန်းများကို ထိုက်ထိုက် တန်တန် အသုံးချသလို လောကအတွက်
ပူဇော်ခြင်းဖြင့် မိမိတို့၏ ဘဝကို ထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏။ ပန်းအလှနှင့်
ဘဝအလှကို မည်သို့ အသုံးချမည်နည်း။
ပန်း၏အလှသည် ပန်းအတွက်လည်း ဖြစ်၏။
ဥယျာဉ်မှူးအတွက်လည်း ဖြစ်၏။ လောကအတွက်လည်း ဖြစ်၏။ ထိုနည်းအတူ လူ့ဘဝ၏ အလှသည် မိမိ
အတွက်လည်း ဖြစ်၏။ နိုင်ငံတော်အတွက်လည်း ဖြစ်၏။ လောကအတွက်လည်း ဖြစ်၏။ ရတနသုတ်
ပရိတော်၌ မြတ်စွာဘုရားက ဘဝ၏အလှကို လောကအတွက်၊ ဆွေမျိုးဉာတကာတို့အတွက် အသုံးချရန်
စရိယာ အနေဖြင့် ဟောကြားတော်မူခဲ့၏။ လောကတွင် “မြင့်မြတ်သူ” ဟူသမျှသည် မိမိတို့ဘဝ၏
အလှကို ရတနသုတ်တော်လာ မြတ်စွာဘုရား ဟောကြားတော်မူ ထားသည့်အတိုင်း အသုံးချသည်ချည်း
ဖြစ်၏။ မိမိတို့၏ ဘဝအလှကို ထိုကဲ့သို့ အသုံးမချသရွေ့ ကာလပတ်လုံး မိမိကိုယ်ကို
မိမိက ဘယ်လောက်ပင် တော်သည်ဟု ထင်ထင် လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ မည်သူမဆို
အညံ့ချည်းသာ ဖြစ်၏။ အမှန်အားဖြင့် မိမိတို့၏ ဘဝအလှကို မြတ်စွာဘုရား ဟောကြားတော်
မူသည့်အတိုင်း အသုံးချနိုင်မှသာ “ဗုဒ္ဓဘာသာဝင်” စစ်စစ် ဖြစ်မည် ဖြစ်၏။ သို့မဟုတ်ပါက
ဗုဒ္ဓဘာသာဝင် အတုသာ ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ဂါထာ၏ ဆိုလိုရင်း ဖြစ်ပါ၏။
ဦးရွှေအောင်
No comments:
Post a Comment