Tuesday, June 9, 2015

သေရန်မကြောက်သင့် ဥက္ကလာမြင့်သန်းအောင်

ဘုရားရှင်လမ်းညွှန်ခဲ့သော ဘဝမကူးမီ
နှလုံးသွင်းရမည့် အာရုံတရား
          သေရန်မကြောက်သင့်
ဥက္ကလာမြင့်သန်းအောင်
ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ်အခါက ဖြစ်သည်။
          ဒီဃာဝုဥပသကာသည် အနာရောဂါနှိပ်စက်မှု ကြောင့် ပြင်းထန်စွာ နာမကျန်းဖြစ်နေရသည်။ အနာ ရောဂါကြောင့် ဆင်းရဲခြင်းသို့ရောက်နေရသည်။ ဤ ရောဂါဝေဒနာမှ သက်သာခွင့်ရတော့မည် မဟုတ်ဟု စိတ်အားလည်း ငယ်နေသည်။ ထိုအချိန်၌ ဘုရားရှင် ထံမှ တရားဓမ္မကို နာကြားလိုသောစိတ်ဆန္ဒဖြစ်ပေါ် လာသည်။ ဘုရားရှင်ကိုလည်း ဖူးမြော်လိုသောစိတ် ဆန္ဒ ပြင်းပြလာခဲ့သည်။ ထိုသို့ဖြစ်ပေါ်လာသော စိတ် ဆန္ဒများကြောင့် မိမိအနီးတွင် ရှိနေသောဖခင်အား
          “ဖခင် - ဘုရားရှင်ထံ သွားရောက်ချဉ်းကပ်၍ ‘အရှင်ဘုရား - ဒီဃာဝုဥပသကာသည် အနာရောဂါ နှိပ်စက်သဖြင့် ဆင်းရဲခြင်းသို့ရောက်နေရပါသည်။     ပြင်းထန်သော နာမကျန်းမှု ဖြစ်နေရပါသည်။ ဒီဃာဝု ဥပသကာသည် အရှင်ဘုရား၏ခြေတော်အစုံကို ဦးခေါင်း ဖြင့် ရှိခိုးလိုက်ပါသည်။ ဒီဃာဝုဥပသကာအား အစဉ်သနားသဖြင့် အိမ်သို့ ကြွပေးစေလိုပါသည်’ဟု လျှောက်တင်ပေးပါရန်” ပြောကြားစေခိုင်းလေသည်။
          “ချစ်သား၊ ကောင်းပါပြီ၊ ဖခင်ကိုယ်တိုင် ဘုရားရှင်ထံ သွားရောက်လျှောက်ထားပေး ပါမည်ဟု ပြောဆိုပြီး ဖခင်ဖြစ်သူ ဇောတိကသူကြွယ်သည် ဘုရားရှင်ထံသို့သွားရောက်၍ သားဖြစ်သူမှာကြားသည့်အတိုင်း ဘုရားရှင်အား လျှောက်ထားလေသည်။ ဘုရားရှင်သည် ဆိတ်ဆိတ်နေ၍ သည်းခံတော်မူလေသည်။ ထို့နောက် သပိတ်၊ သင်္ကန်းကိုယူဆောင်ပြီး ဒီဃာဝုဥပါသကာ အိမ်သို့ ကြွတော်မူလေသည်။
          ဘုရားရှင်သည် ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူပြီးလျှင် -
          “ဒီဃာဝု - သင်သည် ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏လော၊ ဆုတ်ယုတ်ကုန်၏ဟု ထင်ပါသလော”ဟု မိန့် တော်မူ၏။
          “အရှင်ဘုရား-တပည့်တော်သည် မခန့်ကျန်းပါ၊ မမျှတပါ၊ ဆင်းရဲဝေဒနာတို့သည် မဆုတ်ယုတ်ပါ၊ တိုးပွား၍သာ နေပါသည်”ဟု လျှောက်တင်လေ၏။
          “ဒီဃာဝု - ဤသို့လျှင် သင်သည် ဘုရားရှင်၌ မတုန်မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံသူဖြစ်လော့၊ တရားတော်၌ မတုန်မလှုပ်ကြည်ညိုခြင်းနှင့်ပြည့်စုံသူ ဖြစ်လော့၊ သံဃာတော်၌ မတုန်မလှုပ်ကြည်ညိုခြင်းနှင့်ပြည့်စုံသူဖြစ်လော့၊ အရိယာတို့နှစ်သက်အပ်သော သီလနှင့်ပြည့်စုံသူဖြစ်လော့ ဤသို့ကျင့်ရပါမည်”
          “အရှင်မြတ်ဘုရား၊ ဘုရားရှင် ဟောကြားတော်မူသော သောတာပန်အင်္ဂါ လေးပါးတို့သည် တပည့်တော်၌ တည်ရှိပါ၏။ တရားထူး၌လည်း ထင်မြင်ပါ၏”
          “ဒီဃာဝု - သင်သည် သောတာပန်အင်္ဂါလေးပါး တည်ရှိပါက ဝိဇ္ဇာမဂ်ဥာဏ်လျှင်အဖို့ရှိသော -
၁။       အလုံးစုံသော သင်္ခါရတရားတို့၌ မမြဲဟု အဖန်တလဲလဲ ရှု၍လည်းကောင်း၊
၂။       မမြဲသောသင်္ခါရတရား၌ ဆင်းရဲဟု အမှတ်ရှိသည်ဖြစ်၍လည်းကောင်း၊
၃။       ဆင်းရဲသောသင်္ခါရတရား၌ အစိုးမရဟု အမှတ်ရှိ                  သည်ဖြစ်၍လည်းကောင်း၊
၎။       ပယ်စွန့်အံ့ဟုအမှတ်ရှိသည်ဖြစ်၍လည်းကောင်း၊
၅။       စွဲမက်မှုကင်းအံ့ဟု အမှတ်ရှိသည်ဖြစ်၍
          လည်းကောင်း၊
၆။       ချုပ်ငြိမ်းပေအံ့ ဟု အမှတ်ရှိသည် ဖြစ်၍
          လည်းကောင်း နေပါလော့။
          သင်သည် ဤသို့သာ ကျင့်ရပေမည်။”
          “အရှင်မြတ်ဘုရား၊ ထိုဝိဇ္ဇာမဂ်ဥာဏ်အဖို့ရှိသော ခြောက်ပါးသောတရားသည် တပည့်တော်၌ တည်ရှိပါ၏ ဘုရား။ တပည့်တော်သည် ထိုတရားတို့၌ ထင်မြင်ပါ၏။ အထူးအားဖြင့် တပည့်တော် ပူပန်မိသည်မှာ ဖခင် ဖြစ်သော ဇောတိကသြွူကယ်သည် တပည့်တော် ကွယ်လွန်သွားသောအခါ ဆင်းရဲခြင်းသို့ ရောက်ရမည်ကို စိုးရိမ်နေမိပါသည်ဘုရား။”
          ထိုအခါ ဖခင်ဖြစ်သူ ဇောတိကသူကြွယ်က-
          “ချစ်သား ဒီဃာဝု၊ သင်သည် ငါ့အတွက် မစိုးရိမ်လင့်၊ ဤသို့ နှလုံးသွင်းအံ့၊ ဘုရားရှင်ဟောကြားအပ် သော တရားကိုသာ နှလုံးသွင်းနေပါတော့”ဟု တိုက်တွန်း လေသည်။
          ထို့နောက် ဘုရားရှင်သည် ဒီဃာဝုဥပါသကာအား ဆုံးမတရားဟောကြားပြီးလျှင် ပြန်လည်ကြွသွားတော်မူသည်။ ဒီဃာဝုဥပါသကာလည်း မကြာခင် ကွယ်လွန် သွားတော့သည်။
          ထိုအခါ ရဟန်းတို့သည် ဘုရားရှင်ထံ ချဉ်းကပ်၍ ဒီဃာဝုဥပါသကာ၏လားရာဂတိကို မေးလျှောက် ကြလေသည်။
          “ရဟန်းတို့၊ ပညာရှိသော ဒီဃာဝုဥပါသကာသည် နိဗ္ဗာန်အားလျော်သော မဂ်ဖိုလ်တရားကို ရရောက်ခဲ့သည်။ တရားဟောပုဂ္ဂိုလ်ဖြစ်သော ငါဘုရားကို မပင်ပန်းစေ။ ဒီဃာဝုသည် အောက်ပိုင်းသံယောဇဉ်ငါးပါး ကုန်ခြင်းကြောင့် ဗြဟ္မာဘုံ၌ ဥပပတ်ပဋိသန္ဓေနေ၍ ထိုဘုံမှပြန်လာခြင်းမရှိ၊ ထိုဘုံမှ ပရိနိဗ္ဗာန်ပြုမည်၊အနာဂါမ်ဖြစ်သည်”ဟု မိန့်တော်မူလေသည်။
(မဟာဝဂ္ဂသံယုတ်၊ ဒီဃာဝုဥပါသကာသုတ်)
          အပ္ပမာဒေါ အမတံ ပဒံ။
          ပမာဒေါ မစ္စုနော ပဒံ။
          အပ္ပမတ္တာ နမီယန္တိ။
          ယေပမတ္တာ ယထာ မတာ။
          မမေ့မလျော့ မပေါ့ဆခြင်း၊ သတိရှိနေခြင်းသည် မသေခြင်း၏အကြောင်းတည်း။ မမေ့မလျော့ မပေါ့မဆ၊ သတိရှိနေသမျှသောသူတို့သည် မသေနိုင်ကုန်။ သေသူမမည်ကုန်။ အကြင်မေ့လျော့ပေါ့ဆသူတို့သည် သေသူနှင့်တူကုန်၏။ သေသူမည်ကုန်၏။
(ဓမ္မပဒ ပါဠိတော်)

ဘုရားရှင်၏မတွေဝေဘဲသေနည်းလမ်းညွှန်
          မတွေဝေဘဲ သေရခြင်း အကျိုးတရားများကို ဘုရားရှင်သည် သီလအကျိုးတရားများကို ဖော်ပြရာ ၌လည်းကောင်း၊ မရဏာနုဿတိဘာဝနာ၏အကျိုး တရားများကို ဖော်ပြရာ၌လည်းကောင်း၊ မေတ္တာဘာဝနာအကျိုးတရားများကို ဖော်ပြရာ၌လည်းကောင်း၊ ရရှိနိုင်မည့်အကျိုးတရားတစ်ခုအဖြစ် ဟောတော်မူခဲ့ ပါသည်။
          ထို့ကြောင့် မတွေဝေဘဲသေရခြင်းတည်းဟူသော အကျိုးကို ယခုဘဝမျက်မှောက်ပြုနိုင်ရန် -
၁။       ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါး သီလတို့ကို စောင့်ထိန်းရမည်။ 
၂။       အခါအားလျော်စွာ မရဏာနုဿတိကိုပွားများနေရပါမည်။
၃။       မေတ္တာတရားကို လက်ကိုင်ထားရပါမည်။
          ဤတရားများကို ကျင့်သုံးဆောက်တည်နေလေ့ ရှိသောသူတို့သည် ဘဝကူးပြောင်းရာတွင် မတွေဝေဘဲ၊ ထိတ်လန့်ကြောက်ရွံ့မှုမရှိ ငြိမ်သက်တည်ငြိမ်        အေးဆေးစွာ ဘဝသစ်သို့ ကူးပြောင်းနိုင်သည်။ သုဂတိဘုံ အဆင့်ဆင့်သို့ရောက်ရှိခံစားကြရသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်၏
ဘဝနေဝင် နည်းလမ်းပြင်နည်း
          ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အချိန်ကာလဖြစ်သည်။
          ဇေတဝန်ကျောင်းတော်၏ ဒါယကာ ဖြစ်သော အနာထပိဏ်သူဌေးကြီးသည် ရောဂါဝေဒနာဖိစီးလျက် ပြင်းထန်စွာ ဆင်းရဲမှုကို ခံစားနေရလေသည်။
          သူဌေးကြီးသည် မိမိ၏ တပည့်လက်သားတစ်ယောက်ကို ခေါ်ယူပြီး
          “အမောင်၊ ဘုရားရှင်ထံသို့သွား၍ အနာထပိဏ် သူဌေးသည် ရောဂါဖိစီးနေသဖြင့် ဆင်းရဲပင်ပန်း နွမ်းရိနေပါသည်။ ဝေဒနာလည်း ပြင်းစွာ ခံစားနေရပါ သည်။ ထိုသို့ ခံစားနေရသော အနာထပိဏ်သူဌေး သည် အရှင်ဘုရားခြေတော်ကို ဦးခိုက်ပါ၏ဘုရားဟု လျှောက်ထားပေးပါ။ ပြီးတော့ အရှင်သာရိပုတ္တရာထံ သွားပြီး ငါ ရောဂါဝေဒနာပြင်းစွာ ခံစားနေရကြောင်း လျှောက်ထားပြီး အရှင်သာရိပုတ္တရာ ကိုယ်တော်တိုင် အနာထပိဏ် သူဌေးကြီးထံ ကြွလာစေလိုကြောင်း လျှောက်ထားတောင်းပန်ကြောင်းကိုလည်း လျှောက်ထားပါ”ဟု စေခိုင်းလိုက်လေသည်။
          အနာထပိဏ်သူဌေး၏တပည့်လုလင်သည် ဘုရားရှင်ထံသွား၍ အနာထပိဏ်သူဌေးကြီး လျှောက်ထားသည့်စကားအတိုင်း လျှောက်ထားသည်။ ထို့နောက် အရှင်သာရိပုတ္တရာထံသွားရောက်ပြီး မှာသည့်အတိုင်း လျှောက်ထားသည်။ အရှင်သာရိပုတ္တရာ ခပ်မဆိတ် နေသည်။ သည်းခံတော်မူပြီးနောက် သင်္ကန်းကိုဝတ်လျက် ရှင်အာနန္ဒာကို နောက်ပါအဖြစ် ခေါ်ဆောင်ပြီး အနာထပိဏ်သူဌေးအိမ်သို့ ကြွတော်မူလေသည်။
          သူဌေးအိမ်သို့ရောက်သောအခါ အသင့်ပြင်ထားသောနေရာတွင် သီတင်းသုံးနေထိုင်တော်မူပြီးနောက်
          “သူဌေးကြီး၊ ကျန်းမာရေးအခြေအနေ ဘယ်လို ရှိသလဲ၊ ခံစားနေရသောရောဂါ သက်သာပါရဲ့လား၊ ရောဂါဆုတ်ယုတ်ပါရဲ့လား”ဟု မေးတော်မူသည်။
          “အရှင်ဘုရားသာရိပုတ္တရာ၊ တပည့်တော် နေမကောင်းသေးပါ၊ ရောဂါဝေဒနာလည်း မဆုတ်ယုတ် ပါ။ အစားအသောက်တွေကလည်း မမျှတဆိုပါတော့ ဘုရား၊ သန်မာသောယောကျာ်းတစ်ယောက်က ချွန်ထက်သောဆူးဖြင့် ဦးခေါင်းကိုထိုးနေသကဲ့သို့ တပည့်တော် ၏ဦးခေါင်း၌ လွန်ကဲသောလေတို့က တိုးနေပါသည် ဘုရား၊ သန်မာသော ယောကျာ်းသည် ခိုင်ခံ့သော ကြိုးစဖြင့် ဦးခေါင်း၌ ကျစ်ကျစ်ပါအောင် ရစ်ပတ်သကဲ့သို့ တပည့်တော်ဦးခေါင်း ကိုက်ခဲနေပါသည်ဘုရား။ ကျွမ်းကျင်သော နွားသတ်ယောကျာ်း တစ်ယောက်က ထက်မြသောသားလှီးဓားဖြင့် နွား၏ဗိုက်သားကို လှီးဖြတ်သကဲ့သို့ တပည့်တော်ဝမ်းဗိုက်၌ လေတို့က လှီးဖြတ်နေပါသည် ဘုရား၊ သန်မာသော ယောကျာ်းပျို နှစ်ဦးက ချည့်နဲ့သောယောကျာ်း၏ လက်မောင်းကို ကိုင်ဖမ်းပြီး တရှဲရှဲငြီးသော မီးကျီအတွင်း၌ ပြင်းစွာ ပူစေသကဲ့သို့ တပည့်တော်မှာ ပြင်းစွာ ပူလောင်စေရ ပါသည်ဘုရား၊ သို့အတွက် တပည့်တော်၏ ရောဂါ ဝေဒနာသည် မဆုတ်ယုတ်ဘဲ တိုးတက်နေဆဲဖြစ်ပါ သည်ဘုရား”ဟု လျှောက်ထားသည်။
          “သူဌေးကြီး၊ ဤသို့ဆိုလျှင် ‘မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို မက်မောမှု၊ တက်ြွကမှု၊ အမြင် မှားမှုတို့ဖြင့် ငါ မစွဲလမ်းလိုတော့ပါ၊ ငါ့အား မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို မှီ၍ သိမှုတို့သည် မဖြစ်တော့ပါ’ဟု သူဌေးကြီး ကျင့်ဖို့ ကောင်း၏။
          သူဌေးကြီး၊ ဤသို့ကျင့်ဖို့ကောင်း၏။ ‘အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့တရားအာရုံတို့ကို  မက်မောမှု၊ တက်ကြွမှု၊ အမြင်မှားမှုတို့ဖြင့် ငါ မစွဲလမ်းလိုတော့ပါ၊ ငါ့အား အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့တရားအာရုံတို့ကိုမှီ၍ သိမှုတို့သည် မဖြစ်တော့ပါ”ဟု ကျင့်ဖို့ကောင်း၏။
          သူဌေးကြီး၊ ဤသို့ ကျင့်ဖို့ကောင်းပါ၏။ ‘အမြင် နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊စိတ်တို့၌ အသိကို မက်မောမှု၊ တက်ြွကမှု၊ အမြင်မှားမှုတို့ဖြင့် ငါမစွဲလမ်းလိုတော့ပါ၊ ငါ့အား အမြင်၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့၌ အသိကိုမှီ၍ သိမှုတို့သည် မဖြစ်တော့ပါ’ဟု ကျင့်ဖို့ကောင်း၏။
          သူဋ္ဌေးကြီး၊ ဤသို့ကျင့်ဖို့ကောင်းပါ၏။ ‘အမြင် နား၊နှာခေါင်း၊လျှာ၊ကိုယ်၊ စိတ်အတွေးတို့ကို မက်မောမှု၊ တက်ြွကမှု၊အမြင်မှားမှုတို့ဖြင့် ငါ မစွဲလမ်းလိုတော့ပါ၊ ငါ့အား အမြင်၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် အတွေးတို့မှ သိမှုသည် မဖြစ်တော့ပါ’ဟု ကျင့်ဖို့ ကောင်း၏။
          သူဌေးကြီး၊ ဤသို့ကျင့်ဖို့ကောင်းပါ၏။ ‘မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်အတွေ့ကြောင့်ဖြစ် သော ခံစားမှုကို မက်မောမှု၊ တက်ြွကမှု၊ အမြင်မှား မှုတို့ဖြင့် ငါမစွဲလမ်းလိုတော့ပါ၊ ငါ့အား မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်အတွေ့ဖြစ်သော ခံစားမှုကို သိမှုသည် မဖြစ်တော့ပါ’ဟု ကျင့်ဖို့ကောင်း၏။
          သူဌေးကြီး၊ ဤသို့ကျင့်ဖို့ကောင်းပါ၏။ ‘မြေဓာတ်၊ ရေဓာတ်၊  မီးဓာတ်၊လေဓာတ်၊ ကောင်းကင်ဓာတ်၊ အာကာသဓာတ်၊ အသိဥာဏ်ကို မက်မောမှု၊တက်ကြွမှု၊ အမြင်မှားမှုတို့ဖြင့် ငါမစွဲလမ်းလိုတော့ပါ၊ ငါ့အား ယင်းဓာတ်တို့၌ မှီသိမှုသည် မဖြစ်တော့ပါ’ဟု  သင် သူဌေးကြီး ကျင့်ဖို့ကောင်း၏။
          သူဌေးကြီး၊ ဤသို့ ကျင့်ဖို့ကောင်းပါသည်။ ‘ရုပ် အစု၊ ခံစားမှုအစု၊ ထင်မှတ်မှုအစု၊ ပြုပြင်မှုအစု၊ အထူး သိမှုအစုကို မက်မောမှု၊ တက်ကြွမှု၊ အမြင်မှားမှုတို့ဖြင့် ငါ မစွဲလမ်းလိုတော့ပါ၊ ငါ့အား ယင်းတို့၌မှီသိမှုသည် မဖြစ်တော့ပါ’ဟု သင်သူဌေးကြီး ကျင့်ဖို့ကောင်း၏။
          သူဌေးကြီး၊ ဤသို့ကျင့်ဖို့ကောင်းပါသည်။ ‘ကောင်းကင်ပညတ်အာရုံရှိသော အာကာသာနဉ္စာ ယတနဈာန်၊ ပထမာရုပ္ပဝိဥာဏ်အာရုံရှိသော ဝိညာဏဉ္စာ ယတနဈာန်၊ ဒုတိယာနတ္ထိဘောဟုပညတ်အာရုံရှိသော အာကိဉ္စညာယတနဈာန်၊ တတိယာရုပ္ပဝိဥာဏ် အာရုံ ရှိသော နေဝသညာ နာသညာယတန ဈာန်ကို မက်မောမှု၊ တက်ကြွမှု၊ အမြင်မှားမှုတို့ဖြင့် ငါမစွဲလမ်းလိုတော့ပါ၊ ငါ့အား ယင်းတို့၌ မှီသိမှုတို့သည် မဖြစ်တော့ပါ’ဟု ကျင့်ဖို့ကောင်း၏။
          သူဌေးကြီး၊ ဤသို့ကျင့်ဖို့ကောင်းပါသည်။ ‘ဤလောကကိုလည်းကောင်း၊ တမလွန်လောကကို လည်းကောင်း၊မက်မောမှု၊ တက်ကြွမှု၊ အမြင်မှားမှုတို့ဖြင့် ငါမစွဲလမ်းလိုတော့ပါ၊ ငါ့အား ဤလောက၊ တမလွန် လောက၌ မှီသိမှုတို့သည် မဖြစ်တော့ပါ’ဟု ကျင့်ဖို့ ကောင်း၏။
          သူဌေးကြီး၊ ဤသို့ကျင့်ဖို့ကောင်းပါသည်။ ‘အကြင် ဝတ္ထုပစ္စည်းကို ငါမြင်အပ်ပါသည်။ ကြားအပ်ပါသည်။ တွေ့အပ်ပါသည်။ သိအပ်ပါသည်။ ရအပ်ပါသည်။ ရှာမှီးအပ်ပါသည်။ ထပ်ခါထပ်ခါရှာမှီးအပ်ပါသည်။ စိတ်ဖြင့် စေစားအပ်ပါသည်။ ထိုဝတ္ထုပစ္စည်းကို မက်မောမှု၊ တက်ြွကမှု၊ အမြင်မှားမှုတို့ဖြင့် ငါမစွဲလမ်းလိုတော့ပါ၊ ငါ့အား ယင်းတို့အပေါ်၌ မှီသိမှုသည် မဖြစ်တော့ပါ’ဟု ကျင့်ဖို့ကောင်း၏။
          ထိုသို့ အရှင်သာရိပုတ္တရာ ဟောကြားတော်မူသောအခါ အနာထပိဏ်သူဌေးကြီးသည် မျက်ရည်တွေတွေ စီးကျလျက် ငိုရှိုက်လေသည်။ ထိုဖြစ်အင်ကိုမြင်သော ရှင်အာနန္ဒာမထေရ်က
          “သူဌေးကြီး၊ ပစ္စည်းဥစ္စာ၌ တွယ်တာနေမိသည် ဟု ထင်ပါသည်။ ကုသိုလ်ကောင်းမှုမှ တွန့်ဆုတ်စိုးကြောက်နေသည် ထင်ပေသည်”ဟု မိန့်ကြားတော်မူလေသည်။
          ထိုအခါ အနာထပိဏ်သူဌေးကြီးက
          “အရှင်ဘုရားအာနန္ဒာ၊ တပည့်တော် ပစ္စည်းဥစ္စာ၌ မတွယ်တာရိုးအမှန်ပါ။ ကုသိုလ်ကောင်းမှုမှမတွန့် ဆုတ် မစိုးကြောက်ရိုး အမှန်ပါ။ တပည့်တော်သည် ထာဝစဉ်ကာလပတ်လုံး ဘုရားရှင်ကို ဆည်းကပ်ခဲ့ပါ၏။ စိတ်ကို ထုံမွှမ်းစေတတ်သောရဟန်းတို့ကိုလည်း အမြဲဆည်းကပ်ပါသည်။ သို့သော် ဤကဲ့သို့သောတရားတော်မျိုးကို တပည့်တော် မကြာမနာဖူးသေးပါ”ဟု လျှောက်ထားလေသည်။
          ထိုအခါ အရှင်သာရိပုတ္တရာမထေရ်က -
          “သူဌေးကြီး၊ အမှန်မှာ လူဝတ်ကြောင်တို့အတွက် ဤလို တရားမျိုးသည် မထင်မြင်၊ သဘောမပေါက်နိုင်ပါ။ ရဟန်းတော်တို့အားသာလျှင် ထင်မြင်သဘော ပေါက်လွယ်နိုင်ပါသည်”ဟု မိန့်ကြားတော်မူသည်။
          “အရှင်ဘုရား သာရိပုတ္တရာ၊ ယင်းသို့ ဖြစ်ပါမူ လူဝတ်ကြောင်တို့အားလည်း ဤလိုတရားမျိုး ထင်မြင် သဘောပေါက်အောင်ပြုတော်မူပါဘုရား၊ ပညာမျက်စိ၌ ကိလေသာဖုတ်ထူကုန်သော အမျိုးသားတို့သည် တရားတော်ကို မနာရသောကြောင့် အကျိုးယုတ်ရပါသည်။ တရားတော်ကို ထင်မြင်လွယ်သူ၊ သဘော ပေါက်လွယ်သူတို့လည်း ရှိကြပါသည်ဘုရား။”
          ထို့နောက် အရှင်သာရိပုတ္တရာမထေရ်မြတ်နှင့် ရှင်အာနန္ဒာမထေရ်မြတ်တို့သည် အနာထပိဏ်သူဌေးကြီး အား ဆုံးမတရား ဟောကြားတော်မူပြီးနောက် ပြန်လည် ကြွသွားတော်မူလေသည်။ မထေရ်မြတ်နှစ်ပါး ပြန်ကြွတော်မူပြီးနောက် မကြာမီပင်လျှင် အနာထပိဏ်သူဌေးကြီးသည် ကွယ်လွန်အနိစ္စရောက်ပြီး တုသိတာနတ်ပြည် သို့ရောက်ရလေသည်။
          အနာထပိဏ်သူဌေးကြီး၏ဘဝနေဝင်ခါနီး ပြင်ဆင် လုပ်ဆောင်သွားသောနည်းသည်ကား ကောင်းသော အာရုံနိမိတ်ရရှိပြီး တုသိတာနတ်ပြည်တွင် စံရသည့် ဘဝသို့ ရောက်ခဲ့ရလေသည်တကား။
(ဥပရိပဏ္ဏာသ၊ သဠာယတနဝဂ္ဂ၊
အနာထပိဏ္ဍိကောဝါဒသုတ္တ)
(မဟာဗုဒ္ဓဝင်၊ ဆဋ္ဌမတွဲ၊ ဒုတိယပိုင်း)
တမလွန်ပြောင်းသူတို့အတွက်
အားထားမှီခိုရာတရားများ
          တစ်နေ့တွင် အသက် (၁၂၀)နှစ်အရွယ် အိုမင်း ရင့်ရော်နေသော ပုဏ္ဏားကြီးနှစ်ယောက်တို့သည် ဘုရား ရှင်ထံသို့ ရောက်လာကြသည်။ ဘုရားရှင်နှင့် ဝမ်းမြောက် ဝမ်းသာစကားဆိုပြီး သင့်လျော်ရာတွင် ထိုင်ကြသည်။
          “အရှင်ဂေါတမ၊ ကျွန်ုပ်တို့သည် အသက်တစ်ရာ့ နှစ်ဆယ်ရှိပြီး အိုမင်းရင့်ရော်သောအရွယ်သို့ ရောက် နေကြပါပြီ။ ကျွန်ုပ်တို့သည် ဒုဂ္ဂတိဘေးမှ တားမြစ် ကြောင်း ကုသိုလ်ကောင်းမှုများ မပြုကြရသေးပါ။ အရှင်ဂေါတမသည် ကျွန်ုပ်တို့အား ရှည်ကြာမြင့်စွာ အကျိုးစီးပွားဖြစ်ခြင်း၊ ချမ်းသာခြင်းအကျိုးငှာ ဆုံးမ သွန်သင်မှုပြုပါ”ဟု လျှောက်ထားကြသည်။
          “ပုဏ္ဏားတို့၊ အိုခြင်း၊ နာခြင်း၊ သေခြင်းသည် ဤသတ္တလောကကို အဆင့်ဆင့်ပို့ဆောင်အပ်၏။ ဤ မျက်မှောက်ဘဝ၌ ကိုယ်ဖြင့် စောင့်စည်းခြင်း၊ နှုတ် ဖြင့် စောင့်စည်းခြင်း၊ စိတ်ဖြင့် စောင့်စည်းခြင်းသည်  တမလွန်ဘဝသို့ပြောင်းသွားသူအတွက် မှီခိုအားထား ရာဖြစ်ပါသည်။
          အိုနာသေရေးဒုက္ခဘေးသည် ဇိဝိတိနြေ္ဒ အဆင့် ဆင့် ပို့ဆောင်အပ်သည်။ သတ္တဝါတို့၏အသက်သည် တိုတောင်းလှ၏။ အိုခြင်းတရားသည် အဆင့်ဆင့်         ပို့ဆောင်အပ်သော သတ္တဝါတို့အား ကိုးကွယ်ရာ မရှိ၊ သေခြင်းတရား၌ ဤမည်သောဘေးကို ပညာမျက်စိ ဖြင့် မြင်အောင်ရှုလျက် ချမ်းသာကိုဆောင်နိုင်သော ကုသိုလ်ကောင်းမှုကို ပြုရာသည်။
          ဤမျက်မှောက်ဘဝ၌ ကိုယ်၊နှုတ်၊စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်းကောင်း၊ အသက်ဝိညာဉ် ရှင်သန်နေစဉ် ကောင်းမှုပြုကျင့်ခြင်းသည်လည်းကောင်း တမလွန်လောကပြောင်းသွားသူအား ချမ်းသာစေခြင်းငှာ ဖြစ်ပါသည်။
          ပုဏ္ဏားတို့၊ ဤသတ္တလောကကို အိုခြင်းမီး၊ နာ ခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်နေပါသည်။ ဤမျက်မှောက်ဘဝ၌ ကိုယ်၊ နှုတ်၊ စိတ် စောင့်စည်း ခြင်းသည် တမလွန်ဘဝသို့ ပြောင်းသွားသူအတွက် အားထားမှီခိုကိုးကွယ်ရာဖြစ်ပါသည်။
          အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင်သူသည် အိုးခွက် စသောပစ္စည်းတို့ကို ထုတ်ယူအပ်၏။ ထိုမီး လောင်မခံရသော ပစ္စည်းများသည် အိမ်ရှင်အတွက် အကျိုးရှိသည်။ ဤအတူ ဤသတ္တလောကကို အိုခြင်း၊ နာခြင်း၊သေခြင်းမီးတို့သည် စွဲလောင်ကုန်၏။  ချမ်းသာ ကိုဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပေးလှူ ခြင်းဖြင့် ထုတ်ယူအပ်ပါသည်။ ပေးလှူအပ်ပြီးသော အလှူဒါနသည် ကောင်းစွာထုတ်ယူထားပြီးသည်နှင့် တူပါ၏။
(အင်္ဂုတ္တိုရ်၊ ဒုတိယပဏ္ဏာသ၊ ဗြဟ္မဏဝဂ္ဂ၊
ပထမ၊ ဒုတိယဒွေဗြဟ္မဏသုတ်)

ဥက္ကလာမြင့်သန်းအောင်

No comments: