မြတ်ဗုဒ္ဓ၏အဆုံးအမများနှင့်
မြန်မာ့ထေရဝါဒသာသနာ
စလင်း
-မောင်မွှေးကြိုင်
လောကတွင် လူ့ဘဝသည် ရခဲ၏။ သာသနာနှင့်
ကြုံခဲ၏။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေဘဝသည် ရခဲ၏။ ဤသို့ ဗုဒ္ဓမြတ်စွာ
ဟောကြားတော်မူခဲ့ပါသည်။
မှန်ပေသည်။ ထိုသို့ဟောကြားတော်မူသည့် ‘လူ’
ဆိုသည်မှာ မိမိကိုယ်ကျိုးသာမက သူတစ်ပါးအကျိုးကိုပါ သယ်ပိုးတတ်သူများဟု
ဖွင့်ဆိုကြပါသည်။ မျက်မြင် သတ္တလောကတွင် ခြေနှစ်ချောင်း မတ်တတ်ရပ်၍
လမ်းလျှောက်သူများကို သာမန်အားဖြင့် ‘လူ’ ဟူ၍ သိရှိကြပါသည်။
သို့သော် ဓမ္မဒေသနာအမြင်အရ အသိဥာဏ်ရှိ
ခြင်း၊လုံ့လဝီရိယ ရှိခြင်း၊ထိုးထွင်းကြံစည်တတ်ခြင်း၊ ကူညီစောင့်ရှောက်တတ်ခြင်း
ဟူသောတရားများကို လက်ကိုင်ထားသူများကိုသာလျှင် ‘လူသား’ဟူ၍ သတ်မှတ်ရပါမည်။
မိုက်မဲခြင်း၊
ပျင်းရိခြင်း၊ထုံထိုင်းခြင်း၊အနိုင်အထက် ကိုယ်ကျိုးရှာခြင်း ဟူသည့် တရားဆိုးများ
သက်ဝင်နေ သူကို အနွယ်အားဖြင့် ‘လူ’ ဟူ၍ သာမန် ဆိုရသော်လည်း ‘လူမဆန်တဲ့လူ’များဟုသာ
ဆိုရပေမည်။
အမှားနယ်မှလွတ်မြောက်ရန်
‘သာသနာ’ဟူသည် ‘အဆုံးအမ’ဟူ၍ အဓိပ္ပာယ်
အနက်ပြန်ပါသည်။ တိကျပြည့်စုံစွာဆိုရသော် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတော်ဟူ၍ ဆိုရပေမည်။
တရားတော်များသည် မြတ်ဗုဒ္ဓ၏အဆုံးအမတော်များ ဖြစ်ကြသည်။ ထိုအဆုံးအမများသည် နိကာယ်
ငါးရပ်၊ ပိဋကသုံးပုံများ ဖြစ်ကြသည်။ အတိုချုံးသော် ဒါန၊ သီလ၊ဘာဝနာ သုံးပါး ရသည်။
တစ်နည်းဆိုရသော် သီလ၊ သမာဓိ၊ ပညာ ဖြစ်ပေသည်။
သက်ရှိ သူ ငါ သတ္တဝါ အားလုံးတို့သည် အလို
ကြီးခြင်း ‘လောဘ’ ကြောင့် ကိုယ်စိတ်နှလုံး ပူလောင်၊ ပင်ပန်းဆင်းရဲရသည်။
ဒေါသအမျက်ကြောင့် ပူလောင် ခံခက်ရသည်။ မောဟအမိုက်မှောင်ကြောင့် အမှားနယ်တွင်
တဝဲလည်လည်ဖြင့် မောဟိုက်နွမ်းနယ် ပင်ပန်းရပါသည်။
သို့အတွက် လိုချင်မှု၊ အလိုကြီးမှု၊
ပါးသည်ထက် ပါးအောင် ပေးကမ်းစွန့်ကြဲ၍ဒါနအမှုပြုရပါသည်။ ဒေါသ အမျက်
ပါးသည်ထက်ပါးအောင် သည်းခံခြင်းကို ညွှန်း ဆိုတဲ့ ‘သီလ’ကိုဆောက်တည်ရပါသည်။
အမိုက်မှောင် မောဟ ပါးသည်ထက်ပါး၍ အမှားနည်းပါးအောင် မိမိ အပြစ်ကို
သုံးသပ်ရှာဖွေစစ်ဆေးခြင်းဟူသော ‘ဘာဝနာ’ ကို ပွားရပါသည်။ ဘာဝနာကို ‘ပညာ’ဟူ၍
ညွှန်ပြပါသည်။
ဒုလ္လဘ
ဟူသည်
ရခဲလှတဲ့ လူ့ဘဝကိုလည်း ရပါပြီ။
ကြုံဆုံခဲလှတဲ့ သာသနာ(ဘုရားအဆုံးအမ)နဲ့လည်း ဆုံပါပြီ။ သက်ဝင် ယုံကြည်မှုလည်း ရှိပြီဆိုပါစို့။
သို့သော်ငြားလည်း ကျင့်ဝတ်သိက္ခာ များပြားလှသော ရဟန်းဘဝ၊ ရှင်သာမဏေဘဝကို
ရယူခံယူနိုင်ဖို့ ခက်ခဲ၍ မဝံ့မရဲ ဖြစ်နေကြပါသည်။
မှန်လှပေသည်။ရှင်çရဟန်းဘဝသည် စားသောက်
သုံးဆောင်ရာတွင် တိကျတဲ့ ညွှန်ကြားချက်များ ဝတ်ရုံ သုံးဆောင်ရာတွင်လည်း
တိကျမှန်ကန်သော စည်းကမ်းများ၊ ပြောဆို, နေထိုင်ရာ, သွားလာရာ၌လည်း လိုက်နာရမည့် ဘောင်များကို သိသာထင်ရှားစွာ
မြတ်ဗုဒ္ဓက လမ်းညွှန် ဆုံးမ၍ထားပါသည်။ ထို ညွှန်ကြားချက်များကို လောကအေးချမ်း၍၊
ကိုယ်တိုင်လည်း သာယာ၊ ဘေးကင်းချမ်းသာစေရန် ညွှန်ကြားခဲ့ခြင်းဟူ၍ ဆိုပါသည်။
ထိုကျင့်ဝတ်ဥပဒေများကို သာမန်သဒ္ဓါတရားဖြင့်
မလိုက်နာနိုင်ပါ။ မရနိုင်ပါ။ သို့အတွက်ကြောင့် ရခဲ၊ ကြုံခဲသော ရဟန်းဘဝ၊
ရှင်ဘဝတို့အတွက်သာ ညွှန်းဆို၍ ထိုပုဂ္ဂိုလ်တို့သာ လက်ခံလိုက်နာနိုင်ကြပါ သည်။ သာမန်
ရှင်, ရဟန်းအတွက် ‘ရခဲ’ဟူသည့် အသုံးတွင် မပါဝင် ဟုဆိုရပေမည်။
ပရိယတ္တိ
ပြိုလဲခဲ့သော်
ဆက်၍ ဆိုရသော် သဒ္ဓါတရား ထက်သန်သော ရှင်,ရဟန်း၊
ဥပါသကာ၊ဥပါသိကီတို့ ဖြစ်ဖို့ရန်အတွက် မြတ်ဗုဒ္ဓ၏အဆုံးအမပေါ်တွင် ရပ်တည်ရပါမည်။
သို့မှ သာ ခိုင်မြဲသော သဒ္ဓါ၊ တည်တံ့သော သဒ္ဓါ၊ မပြိုလဲနိုင်သော သဒ္ဓါဖြစ်ပေမည်။
ထိုသဒ္ဓါတရားသည် ဘယ်ကလာပါသနည်းဟုဆိုသော်
မြတ်စွာဘုရားသည် လေးဆယ့်ငါးဝါပတ်လုံး ဟောကြားတော်မူခဲ့သည့် သာသနာတော်သုံးရပ်၊ အဆုံးအမမြတ်မှ
လာသည်ဟုဆိုရပေမည်။ တစ်ဖန် ဆိုရသော် အဆုံးအမသုံးရပ် အကျင့်မြတ်တွင် ပရိယတ်
တည်းဟူသော ပိဋကသုံးရပ်သည် အခြေခံအုတ်မြစ် ဖြစ်သည်။
မှန်ပေသည်။ ပရိယတ္တိပေါ်တွင် ပဋိပတ္တိကို တည်ဆောက်ရပါသည်။
ပဋိပတ္တိပေါ်တွင်မှ ပဋိဝေဓကို တည်ဆောက်ရပါသည်။ ထို့ကြောင့် အခြေခံပရိယတ္တိ
ပြိုလဲလျှင် အလယ်ထပ် ပဋိပတ္တိနှင့် အပေါ်ထပ် ပဋိဝေဓတို့သည်လည်း
အလိုအလျောက်ပြိုလဲကုန်တော့သည်။
ယနေ့အထိ သုံးလောကတွင် သို့မဟုတ်
ကမ္ဘာတွင် သာသနာအဆုံးအမ တည်ရှိ၍နေခြင်း၊ ဘုရားသံ၊ တရားသံ ကြားသိနေရခြင်းသည်
ရှင်ကောင်း၊ ရဟန်း မြတ်တို့ကျေးဇူးကြောင့်ဆိုက မှားမည်မထင်ပေ။
သက်စွန့်ကြိုးပမ်း
မြတ်ဝန်ထမ်း
အရှင်ကောင်း အရှင်မြတ်တို့သည်
မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှသည် ယနေ့တိုင် ပရိယတ္တိ သာသနာကို
လက်ဆင့်ကမ်း၍ထိန်းသိမ်းစောင့်ရှောက် လာခဲ့ကြသည်ကို အားလုံးအသိပင်။ သင်္ဂါယနာ အထပ်ထပ်
တင်၍လည်း ထိန်းသိမ်းခဲ့ကြရ၏။ မကွယ်ပျောက် အောင်၊ မယိုယွင်းအောင် ကြီးမားသော
ဇွဲလုံ့လဖြင့် ဆရာစဉ်၊ တပည့်ဆက်တို့ စောင့်ရှောက် ထိန်းသိမ်း ကာကွယ်ခဲ့ကြရသည်။
သင်အံ၊ ပို့ချ၊ မှတ်သား လိုက်နာကျင့်ကြံအားထုတ်ခဲ့ကြရပါ သည်။
ထိုသို့ထိန်းသိမ်းကြရာတွင် ရံခါ
ပစ္စည်းလေးပါး ခေါင်းပါးပြတ်လတ်၍ အသက် အန္တရာယ်များကြုံတွေ့ခဲ့ကြရသည်။ ရံခါ
မင်းဆိုးမင်းဘေးနှင့် ရံခါ ရောဂန္တရဘေးနှင့် ရံခါ
သတ္တန္တရဘေးဆိုးများနှင့်ကြုံတွေ့ခဲ့ကြရသည်။ ထိုသို့ကြုံတွေ့ရပင်ငြားလည်း
မကြောက်မရွံ့ နောက်မတွန့်ပါဘဲ အသက်စွန့်၍ ထိန်းသိမ်းတော်မူခဲ့ကြပါသည်။
အေးချမ်းပျော်ရွှင်နေချင်စရာ
မြန်မာနိုင်ငံတွင် သာသနာတော်မြတ်
အဆုံးအမ သုံးရပ်သည် နိမ့်တုံ၊ မြင့်တုံ ကြုံခဲ့ရသည်။ ယနေ့တိုင် လည်း
ကြုံဆဲဟုဆိုရပေမည်။ယေဘုယျခြုံ၍ဆိုရသော် ပုဂံခေတ်မှ သည် ကုန်းဘောင်ခေတ်သို့တိုင်
ရှင်ကောင်း အရှင်မြတ်တို့က သာသနာတော်ကို မွန်မြတ်တဲ့ စေတနာ၊ သဒ္ဓါတရားတို့ဖြင့်
မိမိ တတ်သိနားလည် ကျင့်သုံး၍ ပြည့်ရှင်မင်းမှသည် တိုင်းသူပြည်သားတို့၏
နှလုံးအိမ်အတွင်းသို့လည်း အမြစ်တွယ်၊ အခြေခံအောင် ထည့်သွင်းတည်ဆောက်ပေးခဲ့ကြသည်။
ပြည့်ရှင်မင်းနှင့်
တိုင်းသားပြည်သူတို့ဘက်ကလည်း ဗုဒ္ဓဝါဒအမြင်၊ ဗုဒ္ဓအဆုံးအမနှင့်အညီ အာမိသဒါနဖြင့်
ထောက်ပံ့ခဲ့ကြသည်။ထိုစဉ်က သတ္တဝါတို့သည် အမှား နည်းပါး၍ အမှန်များခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏အရိပ်ဟူသော အဆုံးအမတော်ကြောင့်ဖြစ် သည်။
အမှားနှင့်အမှန်သည် ‘အမြင်’ပေါ်တွင်
တည်ရှိနေ ပေသည်။ မှန်၏။ အမြင်သည် ‘ဝါဒ’ပေါ်တွင် တည်၍ နေသည်။ ဝါဒသည်
နှလုံးသွင်းစရိုက် ‘ဥာဉ်’အပေါ်၌ တည်နေသော ကြောင့် ဖြစ်ပါသည်။ ထပ်ဆိုညွှန်းရလျှင်
ဗုဒ္ဓမြတ်စွာ၏ဝါဒအနှစ်သာရကား လူ့ဘဝ ဝါ လူသား ကို ‘ဒုလ္လဘ’ဟူ၍တန်ဖိုးထားကာ
အမြင်ကြည်လင် သန့်စင်လှပေသည်။ ထို့ကြောင့်ပင်လျှင် ထိုစဉ်ကာလက မြန်မာ့
ရေမြေတောတောင် သဘာဝတို့သည် စိမ်းလန်း စိုပြည်၍ လူသားတို့ဘဝသည်
အေးချမ်းပျော်ရွှင်ဖွယ် ကောင်းလှသည်။
မိမိဟူသည့်
ကိုယ်ကျိုးကို တတိယထား
ထိုသို့ သာယာအေးမြ၍
နေချင့်စဖွယ်ဖြစ်အောင် ဖန်တီးတည်ထောင်ကြရပေမည်။ ယင်းသို့တည်ထောင် ရာတွင်
အခြားနည်းလမ်းတို့ဖြင့် တည်ထောင်၍မရနိုင်ပါ။ မြတ်ဗုဒ္ဓဝါဒလမ်းစဉ်ကို
သက်ဝင်ကျယ်ပြန့်၍ လူသားအားလုံး၏နှလုံးအိမ်၊ အသိဥာဏ်သို့ ပို့ဆောင်ပေး နိုင်မှသာ
ရပေမည်။ သို့မှသာ အထက်က ဆိုခဲ့သလို လူ့ဘဝကို ‘ဒုလ္လဘ’ဟုညွှန်းဆို၍ ထိုသို့
လူသားချင်း လေးစားတန်ဖိုးထားကာ အလောဘတရား-အချင်းချင်း အနစ်နာခံမှု၊ အဒေါသတရား-
အချင်းချင်း ငဲ့ညှာ သနားမှု၊ အမောဟတရား- လောကသဘာဝကို ဟုတ်တိုင်းမှန်ရာ ယထာဘူတကျကျ
သိမြင်မှုတရားများ တိုးတက်ထွန်းကား ပြည့်ဝလာကြပေမည်။
ထို အလောဘ၊ အဒေါသ၊ အမောဟ ဟူသည့်
တရားသုံးပါး ပြည့်ဝမှသာ လူသားတို့သည် အများ၏ ကောင်းကျိုးဟူသည့် ‘လောကတ္ထ’ကို
ပထမထား၍၊ အသိုက်အဝန်း၊ ဆွေမျိုး၊ တပည့်တို့၏ကောင်းကျိုး ဟူသည့် ‘ဥာတတ္ထကို ဒုတိယ’ထားလျက်
မိမိကောင်းကျိုး (ကိုယ်ကျိုး) ‘အတ္တတ္ထ’ကို တတိယနေရာသို့ ပို့ဆောင် နိုင်ကြပေမည်။
သို့မှသာ လောကပါလတရားထွန်းကားပေမည်။
အသိ
ဝိဇ္ဇာနှင့် အကျင့် စရဏ
လောကပါလတရား တိုးတက်ထွန်းကား၍ ပြန့်ပွား
လာနိုင်စေရန် ဘာသာဝင် အားလုံး၊ လူသား အားလုံးတွင် တာဝန်ရှိကြပါသည်။ လောကမှာ
မြတ်ဗုဒ္ဓဝါဒကို သိမြင်ရန် အထူးလိုအပ်ပါသည်။ မြတ်ဗုဒ္ဓဝါဒသည် အသိဥာဏ် ‘ဝိဇ္ဇာ’နှင့်
အကျင့် ‘စရဏ’တရားတို့ကို အခြေခံ တည်ဆောက်ပါသည်။ အခြားသော ဝါဒများသည် ဝိဇ္ဇာသာ
ပါဝင်၍ စရဏ မပါဝင်သောကြောင့် ထိုဝါဒများဖြင့် လောကကို သာယာအေးချမ်းအောင်
မစွမ်းဆောင်နိုင်ကြပါ။
ဗုဒ္ဓမြတ်စွာ၏အဆုံးအမတော်များတွင်
လုပ်ငန်းစဉ် အရ ဓမ္မနှင့် ဝိနယဟူသည့် နှစ်မျိုးကို တွေ့ရပါသည်။ ထိုနှစ်မျိုးတွင် ‘ဓမ္မ’သည် ဝိဇ္ဇာတွင် ပါဝင်၍ ‘ဝိနယ’
သည် စရဏဖြစ်ပါသည်။
မြန်မာဝေါဟာရအရ ဓမ္မနှင့်ဝိဇ္ဇာသည် အသိပညာ
နှင့်ပတ်သက်၍ ဝိနယနှင့်စရဏသည် အကျင့်နှင့် ပတ်သက်သည်။ သို့အတွက် သိရုံသာသိ၍
မကျင့်ပါလျှင် ‘အကျိုး’နှင့်တူ၍ အသိပညာမပါသောကျင့်သုံးမှု သက်သက်သည်လည်း ‘အကန်း’နှင့်
တူသည်ဟု ဆိုပါသည်။
ကိုယ်သွားလိုရာ ခရီးပေါက်ရောက်နိုင်ဖို့
မျက်စိ အမြင်လည်း ကောင်းရပါလိမ့်မည်။ ခြေလည်း ကောင်း ရပါမည်။အလားတူ
လိုရာပန်းတိုင်သို့ရောက်ရန် အသိဥာဏ်ကိုလည်း ကြိုးစားရပါမည်။ အကျင့် စရဏကိုလည်း
ကျင့်သုံးရပေမည်။
အနှိုင်းမဲ့သော
မြတ်ဆရာ
ဝိဇ္ဇာနှင့်စရဏကို နှလုံးအိမ်တွင်
တည်ဆောက်ရန်မှာ လူသားအားလုံးတွင် တာဝန်ရှိပေသည်။အသိဥာဏ် နှင့် အကျင့်စရိုက်တို့သည်
လူသားတို့အတွက် အဖြူ အမည်းကွဲပြားလေသည်။ မှန်ကန်သောအသိဥာဏ် ရယူဖို့အတွက်
ဆရာကောင်းဆရာမြတ် လိုအပ်ပေသည်။ ထိုဆရာမြတ်ဟူသည်ကား ပိဋကစာပေသည် အနှိုင်းမဲ့သောဆရာ
ဖြစ်ပါသည်။
ထိုအနှိုင်းမဲ့သောဆရာမြတ်ကို
မည်သို့ရှာကြံရမည် ဆိုသည်ကို ဤသို့တွေ့ရှိရသည်။ ‘ယော ခေါ အာနန္ဒ မယာဓမ္မောစ ဝိနယော စ
ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ’(မဟာပရိနိဗ္ဗာနသုတ်) ဒေသနာတော်အရ
ဓမ္မနှင့်ဝိနယတို့ကို တွေ့ရပါသည်။ ထို
ဓမ္မနှင့် ဝိနယ ဟူသော ပိဋကစာပေများသည် လောကကို အမြဲထာဝရ ဆုံးမတော်မူနေသည့် သက်ရှိ
ထင်ရှား မြတ်စွာဘုရားပင် ဖြစ်ပေသည်။ ထိုဓမ္မနှင့် ဝိနယတို့မှ သက်တော်ထင်ရှား
မြတ်စွာဘုရားကို ကိုယ်တိုင်လက်တွေ့မျက်မြင် ဖူးမြော်ပူဇော်နိုင်ကြပေ သည်။
ထို့ကြောင့် မြတ်စွာဘုရားရှင်က ‘ယော
ဓမ္မံ ပဿတိ၊ သော မံ ပဿတိတရားကို မြင်ပါက
‘ငါဘုရားကို မြင်သည်’ဟူ၍ ဟောတော်မူပါသည်။
ဝိုင်းဝန်းကူညီ
ရှေ့သို့ချီ
မြတ်ဗုဒ္ဓ၏ အဆုံးအမတော်ကို အပျောက်မခံလိုကြသော
ဆရာတော် အရှင်မြတ်များနှင့် လူ ဥပါသကာ ဥပါသိကီအပေါင်းတို့သည် ကိုယ်အား ဥာဏ်အား
ပစ္စည်းလေးပါးအားတို့ဖြင့်စုပေါင်း၍ ကြိုးစားအားထုတ် ခဲ့ကြ၏။ ယနေ့တိုင်လည်း
အားထုတ်နေကြဆဲ၊ နောင်လည်း အားခဲကြရပေဦးမည်။
မြတ်ဗုဒ္ဓ၏ အဆုံးအမတော်များ မကွယ်ပစေရန်
လည်းကောင်း၊ တိုးတက်ပြန့်ပွားစေရန်လည်းကောင်း၊ သန့်ရှင်းတည်တံ့စေရန်လည်းကောင်း
အကောင်းဆုံး သောနည်းမှာ ပရိယတ္တိစာသင်တိုက်များ တည်ထောင် ခြင်း၊ ကူညီအားပေးခြင်း၊
စာပေပရိယတ္တိကို သင်အံ၊ ပို့ချ၊ အားပေးချီးမြှောက်ခြင်း၊ တရားဓမ္မများကို လာဘ သက္ကာရ
သိလောက ရှေ့မရှုဘဲ ဟောကြား ပြသ ဆုံးမပေးခြင်း၊ စာပြန်ပွဲ၊ စာမေးပွဲများ ပြုလုပ်ပေး၍
ချီးမြှောက် ကြရပေမည်။
သို့မှသာ မြတ်ဗုဒ္ဓ၏အဆုံးအမသာသနာ၊ သိက္ခာ
သုံးရပ်၊ အကျင့်မြတ်တို့သည် မြန်မာ့ထေရဝါဒသာသနာတော်တွင် စည်ပင်၍
ထာဝရကြည်လင်နေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
စလင်း
မောင်မွှေးကြိုင်
No comments:
Post a Comment