Tuesday, June 9, 2015

ဥပါသကာ အရှင်အဂ္ဂသာရ(ဗုဒ္ဓသာသနာ့ဝန်ဆောင်)

ဥပါသကာ
အရှင်အဂ္ဂသာရ(ဗုဒ္ဓသာသနာ့ဝန်ဆောင်)
          သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၏ ဥပါသကာဂုဏ်ရည်နှင့်သရဏဂုံတရားတော်(စာ-၁၂) ၌ “ဥပါသကာ ဟူသည် ဆည်းပူးသူဟု အနက်ရ၏။ ဘုရား, တရား, သံဃာ ရတနာမြတ်သုံးပါးတို့ကို ကိုးကွယ် အားထားရာဟု ဆည်းကပ်သူ သိမှတ်သူတည်း။ တစ်မျိုးပြောရလျှင် ဘုရားကို ကိုးကွယ်ရာဟု     ဆည်းကပ်ပါ၏ စသည်ဖြင့် ဆည်းကပ်သော ပုဂ္ဂိုလ် သန္တာန်မှာ ဘုရားကို ကိုးကွယ်ဆည်းကပ်ကြောင်း သရဏဂုံဖြစ်နေ၏။ ထိုသရဏဂုံမှာကိုးကွယ်ဆည်းကပ်မှု ကို ပြီးမြောက်စေတတ်သော ကိုးကွယ်ဆည်းကပ်ကြောင်း ကုသိုလ်စိတ်ပင်တည်း။ ထိုသရဏဂုံ ဖြစ်လာ သောပုဂ္ဂိုလ်ကို ဥပါသကာဆိုရ၏။ ထိုသို့ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူ၊ သရဏဂုံ တည်ဆောက်သူအဖို့ အမျိုးသမီးဖြစ်က ‘ဥပါသိကာ’ဟု ဝေါဟာရဖြစ်လာ၏။ ထို့ကြောင့် ဥပါသကာကိုပြောလျှင် ဥပါသိကာမိန်းမလည်း ပါဝင်ပြီးဖြစ်ကြောင်း သိပါလေ။
ဆောင် ။   ။ “ရတနာသုံးရပ်၊ အမြတ်ဟုယူ၊ ဆည်းကပ်မူ၊ ထိုသူ ဥပါသကာတည်း”ဟု မိန့်ဆိုထားပေရာ ဗုဒ္ဓလက်ထက်က ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်ကြသူများကို ဥပါသကာဟုခေါ်ပါ၏။
          ထို့နောက် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ များ ပေါ်ပေါက်လာသောအခါ ဗုဒ္ဓကိုကိုးကွယ်သူ ဥပါသကာများကိုလည်း ဗုဒ္ဓဘာသာဝင်များဟု ခေါ်လာကြပါ၏။
          ဥပါသကာဂုဏ်ရည်(စာ-၁၁)၌ “ဗုဒ္ဓရှင်လက်ထက် တော်က များစွာသော ဥပါသကာ၊ ဥပါသိကာတို့ကား အချို့ သရဏဂုံတည်ရုံမျှမဟုတ်။ မဂ်ဖိုလ်ရသော  အရိယာ ဥပါသကာ ဥပါသိကာအများအပြားပင်။ ထိုမျှမက အရိယာ သာမန်မျှ မဟုတ်။ အနာဂါမ်တည် ဂုဏ်ထူးဆောင် ဥပါသကာ ဥပါသိကာများ၊ ပဋိသမ္ဘိဒါရ သောတာပန်၊ပိဋကသုံးပုံဆောင် အနာဂါမ်ç သောတာပန် များလည်း အများပင်။ ထို့ကြောင့် ထိုခေတ်က ထူးခြား သော ရဟန်းတော်မထေရ်မြတ်တို့ဖြင့် လည်းကောင်း၊ ထူးခြားသော ဥပါသကာဥပါသိကာများဖြင့် လည်းကောင်း သာသနာတော်မှာ လွန်စွာ တင့်တယ်ခဲ့ပါပေသည်။ ယခုခေတ် သာသနာ၌လည်း ဥပါသကာ ဂုဏ်ရည် စုံညီပြည့်ဝအောင် အလှဆောင်ကြသော ဥပါသကာ ဥပါသိကာတွေ ဖြစ်ကြလျှင် သာသနာတော်မှာ ဂုဏ်တက်လျက် အများလေးစားခြင်းကို ခံရမည်ဖြစ်ရာ  ဥပါသကာဂုဏ်ရည်၊ဥပါသကာအပြစ်များကို နားလည်ဖို့ အရေးကြီးပါ၏။ သို့မှသာ ဥပါသကာ ဥပါသိကာ ကောင်းများဖြစ်ကာ ဗုဒ္ဓသာသနာမှာ ဘာသာအများ ကပင် လေးစားလောက်အောင် အသရေ ဆောင်ပါလိမ့်မည်။”ဟု မိန့်ဆိုထားပေရာ ဥပါသကာဂုဏ်ရည်၊ ဥပါသကာအပြစ်များကို နားလည်အောင်ကြိုးစား၍ ဆောင်သင့်သည်ကို ဆောင်၍ ရှောင်သင့်သည်ကို ရှောင်ရပေမည်ဖြစ်ပါ၏။
          မိလိန္ဒပဥှာပါဠိတော် မြန်မာပြန်(စာ-၁၁၀)၌ “မင်းမြတ်၊ ဥပါသကာ၏ ကျင့်ဝတ်ဂုဏ်အင်္ဂါတို့သည် ဤဆယ်ပါးတို့တည်း။ အဘယ်ဆယ်ပါးတို့နည်းဟူမူ မင်းမြတ်၊ ဤလောက၌ ဥပါသကာသည် သံဃာနှင့်တူမျှသော ချမ်းသာဆင်းရဲရှိသူ ဖြစ်၏။ တရားတော် လျှင် အကြီးအမှူးထားသူဖြစ်၏။ ဥစ္စာပစ္စည်းအင်အား အလျောက် ဝေဖန်ခွဲခြားခြင်း၌ မွေ့လျော်သူ ဖြစ်၏။ ဘုရားသာသနာတော် ပျက်ပြားဆုတ်ယုတ်သည်ကို ကြားသိတွေ့မြင်သော် တိုးတက်စည်ပင်စေခြင်းငှာ လုံ့လစိုက်ထုတ်၏။ ကောင်းသောအယူဝါဒရှိသူ ဖြစ်၏။ ဒိဋ္ဌသုတမုတ မင်္ဂလာအယူမှ ကင်းလွတ်၍ အသက် ဟူသော အကြောင်းကြောင့်လည်း သာသနာတော်မှ တစ်ပါးသောသူကို ဆရာဟူ၍မညွှန်ကြား။ ထို ဥပါသကာသည် ကိုယ်အမူအရာ၊နှုတ်အမူအရာကိုလည်း စောင့်စည်း၏။  သင့်တင့်ညီညွတ်ခြင်း၌ မွေ့လျော်သူ၊ သင့်တင့်ညီညွတ်ခြင်း၌ ပျော်ပိုက်သူ ဖြစ်၏။ မငြူစူ တတ်သူ ဖြစ်၏။  ကောက်ကျစ်စဉ်းလဲသည့်အစွမ်းဖြင့် သာသနာတော်၌ ကျက်စားကျင်လည်သူ မဟုတ်။ ဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်သူဖြစ်၏။ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်သူဖြစ်၏။ သံဃာတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်သူ ဖြစ်၏။ မင်းမြတ်၊ဤသည်တို့ကား ဥပါသကာကျင့်ဝတ်ဂုဏ်အင်္ဂါ ဆယ်ပါးတို့တည်း။”ဟု ဟောကြားထားပေရာ ဥပါသကာ (ဝါ) ဗုဒ္ဓဘာသာဝင် တစ်ဦး၌ ဥပါသကာဂုဏ်အင်္ဂါရှိ-မရှိ စိစစ်နိုင်ရန် လိုအပ်ပါသည်။
          သာသနာရေးဦးစီးဌာနမှထုတ်ဝေသော ဓမ္မဃောသကဦးမောင်မောင်၏ ‘သံဃာအား ဘုရားယုံခဲ့သည်’ ဒုတိယတွဲ(စာ-၅၉)၌ “အင်း-အဲသည် သာသနာ ဖျက်ကောင်တွေကို ဆရာတော်တို့ အားပေးဖျက်ခိုင်းနေတာ မဟုတ်ပါဘူးလေ၊ အရပ်တကာ မသိမလိမ္မာတဲ့ ဒကာ ဒကာမတွေက အားပေးဖျက်ခိုင်းနေကြတာပါ။ မိုက်မဲတဲ့ ဒကာ-ဒကာမတွေက ရဟန်း သံဃာ အကောင်းအဆိုး မစိစစ်မမေးမြန်း၊ ကိုယ့်ဆရာသမားထံ မစုံစမ်းမရွေးချယ်ဘဲ ဝါဝါမြင်ပြီးရော ဆိုပြီး ပိုက်ဆံလာခံ လည်းပေးလှူလိုက်၊ဆန်လာတောင်းလည်း ထည့်လောင်းလိုက် ဆိုတော့ကာ သည်အယုတ်တမာကောင်တွေက  သင်္ကန်းဝတ်ကာ အတင့်ရဲပြီး အော်လံကြီးတွေ အသံချဲ့စက်တွေနဲ့ လိုက်ပြီး အလှူခံကာ ကြီးပွားထွန်းကား နေကြတာပေါ့ ဒကာကြီးရ။

အဆိပ်ပင် ရေလောင်းနေကြခြင်း - တချို့နယ်တွေများမှာ သူတို့နဲ့သဘောမနောတူသူတွေကို ဒလန်ထား ပြီးတော့ ထက်ဝက်စားနှုန်းနှင့်ဝါဒဖြန့်ခိုင်းကာ စပါးဆန် တွေ ကွင်းဆင်း အလှူခံနေကြတာ ရလိုက်တဲ့ဖြစ်ချင်း ရာပုံထောင်ပုံပဲတဲ့။ ရလာတဲ့ဆန်စပါးတွေကို ရောင်းချ ပြီး မြို့တက်ရောင်းဝယ်ကာ ကစားဝိုင်းထောင် သောက်စား ဖဲရိုက် ဒုစရိုက်တွေ လုပ်နေကြတာပေါ့။ အဲဒါကြောင့် ဆရာတော်တို့က သာသနာဖျက်ကောင်တွေ အားပေး ဖျက်ခိုင်းနေတာ မဟုတ်ပါဘူး။ ဒကာ ဒကာမတွေက သံဃာအဆိုးအကောင်း မရွေးချယ်၊ မစိစစ်၊ မမေးမြန်းဘဲ ပိုက်ဆံတွေထည့်၊ ဆန်စပါးတွေလောင်းလှူကာ  အယုတ်တမာ ကောင်တွေနဲ့ ပေါင်းသင်း အားပေး ပြီးတော့ သာသနာဖျက်နေကြတာပါလို့ ပြောတာပေါ့ ဒကာရ။
          အေး-သည်လိုသာ ဝါဝါမြင်ပြီးရော ဆိုတဲ့သဘော နဲ့ ပေးလှူမှုတွေ ပြုလုပ်နေကြရင် တော့ မြတ်ဘုရား သာသနာ မကြာခင်ပျက်တော့မှာပဲဆိုတာ သေချာနေ ပြီ။ ကြည့်သာ လုပ်ကြပေတော့။ အဆိပ်ပင်ရေလောင်း၊ အလွဲမှာ သဒ္ဓါကောင်းနေကြတဲ့ ဒကာဒကာမအပေါင်းတို့။နောက်ဆုံး အထူးသတိပေးချင်တာကတော့ ခွေး ကျွေးရင်လည်း ကုသိုလ်ရတာပါပဲ။ ဒါပေမဲ့ ခွေးက အယောင်ဆောင်ပြီးတော့ သာသနာ့ဘောင်ကို တက် မဖျက်ဆီးဘူး။ ခွေးလိုပဲ ကောင်းကောင်းနေတယ်၊လူ ဖြစ်တဲ့အကောင်တွေက လူလို ကောင်းကောင်းမနေဘူး၊ သင်္ကန်းဝတ် ရဟန်းယောင်ဆောင်ပြီးတော့ သာသနာတော်ကြီးကို ဖျက်ဆီးနေကြတာမို့ သူတို့ကို ပေးလှူရ တာဟာ အဆိပ်ပင် ရေလောင်းသလို ခွေးထက် ဆိုး သေးတယ်။ ဒါကို သတိထားကာ ပေးလှူကြပါ၊ ကုသိုလ် မရဘူးလို့တော့ မဆိုလိုဘူး။ အမှန်ကတော့ ဒီကိစ္စမှာ ဆရာတော်တို့ဘက်က ချို့ယွင်းချက်တွေလည်း အများကြီးပဲ ပါပါတယ်လေ။ ကိုယ့်ဒကာဒကာမတွေကို ဝိနည်းသီလ အကျင့်သိက္ခာနှင့်ပြည့်စုံတဲ့ ရဟန်းသံဃာ အစစ်အမှန်ကို ရွေးချယ် စိစစ်ကိုးကွယ်တတ်ကြဖို့ သာသနာ့အသိဥာဏ် တိုးတက် ရင့်သန်အောင် သင်ကြား ဟောပြမပေးကြတဲ့အတွက် သည်လို သာသနာဖျက် သဘော သက်ရောက်ကြတာပါပဲ။ အင်း-ဆရာတော် တို့အပြစ်ပဲ ထားလိုက်ပါတော့လေ”ဟု ပါရှိပေရာ -
          “ဘုရားသာသနာတော် ပျက်ပြားဆုတ်ယုတ်သည်ကို ကြားသိတွေ့မြင်သော် တိုးတက်စည်ပင်ခြင်းငှာ လုံ့လစိုက်ထုတ်၍”ဟူသော ဥပါသကာ (ဝါ) ဗုဒ္ဓ ဘာသာဝင်ဂုဏ်ရည် ပျက်စီးနေကြရုံသာမက သာသနာတော်ကိုပင် ဆုတ်ယုတ်ပျက်ပြားအောင်လုပ်ရာကျနေ ကြပေရာ ပြုပြင်နိုင်ကြပါမှ သာသနာတော်လည်း တိုးတက်စည်ပင်၍ မိမိသည်လည်း ဥပါသကာ (ဝါ) ဗုဒ္ဓဘာသာဝင်ဂုဏ်ရည်နှင့် ပြည့်စုံလာမည် ဖြစ်ပါ၏။
          “ကောင်းသောအယူဝါဒရှိသူ ဖြစ်၍ ဒိဋ္ဌသုတမုတ မင်္ဂလာအယူမှကင်းလွတ်၍ အသက်ဟူသောအကြောင်း ကြောင့်လည်း သာသနာတော်မှ တစ်ပါးသောသူကို ဆရာ မညွှန်ကြား”ဟူသော ဥပါသကာ(ဝါ)ဗုဒ္ဓဘာသာ ဝင်ဂုဏ်ရည် မိမိ၌ ရှိ-မရှိကို စိစစ်နိုင်ကြရန် မဟာစည် ဆရာတော်ဘုရား၏အဆိုအမိန့်ကို ဖော်ပြအပ်ပါ၏။
          မဟာစည်ဆရာတော်ဘုရား၏ သမ္မာပရိဗ္ဗာဇနီယ သုတ်တရားတော် (စာ-၆)၌ -
          “ဒိဋ္ဌမင်္ဂလာဆိုတာ အကောင်းအမြတ်ကိုမြင်တွေ့ ရရင် ကောင်းကျိုးရတယ်၊ မကောင်းတာ ဆိုးတာကို မြင်ရရင် မကောင်းကျိုးရတယ်လို့ယူဆချက်ပါပဲ။ ဘယ်လို ဟာလဲဆိုတော့ နံနက် အိပ်ရာမှထခါစမှာ ပျံလွှားငှက်၊ မိုးစာငှက်၊ လူ့စကားပြောတတ်တဲ့ ငှက်ကို မြင်ရလျှင် ကိုယ်ဝန်ဆောင်ကို၊ အပျိုလူပျိုကို၊ ရေပြည့်အိုးကို၊ အာဇာနည်မြင်းကို၊ နွားလားဥဿဘကို၊ ဒီလို နှစ်သက်ဖွယ်အဆင်းကိုမြင်ရလျှင် ကောင်းခြင်းမင်္ဂလာ ဖြစ်တယ်လို့ယူဆကြတယ်။ ရှေးတုန်းက အိန္ဒိယမှာ ယူဆကြပုံတွေပါပဲ။ ယခုခေတ် မြန်မာပြည်မှာလည်း ထိုက် သည့်အားလျော်စွာ ယူဆစွဲလမ်းချက်ဟာ အတော် အတန်တော့ရှိတာပါပဲ။ သူတောင်းစား ဒွန်းစဏ္ဍားကို မြင်ရရင် အမင်္ဂလာ ဖြစ်တယ်လို့ ရှေးခေတ်က အယူ အဆရှိခဲ့တယ်။”         
စာ-၉ - “သုတမင်္ဂလာဆိုတာကတော့ အကြားကောင်းကို မင်္ဂလာလို့ယူပြီး အကြားဆိုးကို အမင်္ဂလာလို့ ယုံကြည်စွဲလမ်းတာပါပဲ။ ဝမ်းမြောက်ပျော်ရွှင်ဖွယ် အသံကောင်း အဆိုကောင်းကိုကြားရရင် မင်္ဂလာလို့ ထင်မှတ်တယ်၊ မသာ စသည်အကြောင်း၊ လွမ်းဆွတ် ငိြုွေကးသံ စသည်တို့ကိုကြားရရင် အမင်္ဂလာလို့ယူဆတယ်။ ဇီးကွက်မြည်သံ ကြားရရင် မင်္ဂလာ ရှိတယ်လို့ ယူဆတယ်၊ ငှက်ဆိုးသံကြားရရင် အမင်္ဂလာဖြစ်တယ် လို့ယူဆတယ်။ ဒါမျိုးတွေပါပဲ။
          မုတမင်္ဂလာဆိုတာကတော့ အနံ့ကောင်းကို နံရ တာ၊ အရသာအထူးကို စားရတာ၊ အတွေ့ကောင်းကို တွေ့ထိရတာ၊ ဒါမျိုးတွေကို မင်္ဂလာလို့ ယူဆတယ်။ဒါနဲ့ဆန့်ကျင်တဲ့ အနံ့၊ အရသာ၊ အတွေ့မျိုးကို အမင်္ဂလာလို့ယူဆတယ်။ အိန္ဒိယက ဇာတ်အယူဝါဒ အရဆိုရင် ဇာတ်နိမ့်ဒွန်းစဏ္ဍား ကိုယ်နဲ့ထိတာနဲ့ အမင်္ဂလာလို့ ယူဆတယ်။”
          စာ-၁၀။ “နောက်ပြီးတော့ ရက်ရာဇာ၊ ပြဿဒါး၊ လာဘ်နေ၊ နတ်နေ စသည်အယူစွဲတွေလည်း ဒီမင်္ဂလာ အမင်္ဂလာအယူစွဲထဲမှာ ပါဝင်ပါတယ်။ အလှူပွဲ၊ထိမ်းမြားပွဲ စသည်မင်္ဂလာကိစ္စကိုပြုကြတဲ့အခါ ရက်ကောင်း နေ့ကောင်း အချိန်ကောင်းကို ရွေးချယ်ကြတယ်။ အိမ်၊ ကျောင်း စသည် ဆောက်လုပ်တဲ့အခါမှာလည်း အချိန် ကောင်းရွေးချယ်ပြီး ပန္နက် အုတ်မြစ်ချကြရတယ်။ ဒါတွေလည်း မင်္ဂလာအစွဲအလမ်း တွေပါပဲ။အမှန်ကတော့ နေ့ရက်အချိန်က ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ အချိုးတကျလုပ်ကိုင်ဆောင်ရွက်ရင် အလုပ်ကိစ္စတွေ အောင်မြင်တာပါပဲ။ ဘယ်လိုအချိန်ကောင်း ရွေးပြီး လုပ်ပေမဲ့လို့ အချိုးတကျမဆောင်ရွက်ရင်တော့ မအောင်မြင်ပါဘူး။
          အဲဒါ စဉ်းစားကြည့်ဖို့ကတော့ ထိမ်းမြားမင်္ဂလာပြု ကြရာမှာ ရက်ကောင်း အချိန်ကောင်းရွေးပြီး ဆောင်ရွက် ကြပေမဲ့ အချင်းချင်းဆက်ဆံရေးက အဆင်မပြေတော့ တကွဲတပြားစီဖြစ်သွားကြတာတွေလည်း များစွာ ရှိနေတာပဲ။ တချို့ ဘုရားကိစ္စ ကျောင်းကိစ္စတွေဟာလည်း မပြီးနိုင်ဘဲဖြစ်နေတာတွေ ရှိနေတာပဲ။
          ဒါကြောင့် ဘုန်းကြီးတို့ကတော့ ရက်ရာဇာ၊  ပြဿဒါး စသည်တွေကိုယုံကြည်တာဟာ အလုပ်ပိုပဲလို့ အသိအမှတ် ပြုထားတယ်။ ယခုနေအခါ ရန်ကုန်က လူတွေလည်း ရက်ရာဇာ စသော ရက်ကောင်းကို မရွေးဘဲ တနင်္ဂနွေကို အလေးပြုပြီးရွေးကြတာ တွေ့ရပါတယ်။ အဲဒါဟာ သဘာဝကျပုံပေါ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တနင်္ဂနွေရုံးပိတ်ရက် မဟုတ်တဲ့ အခြားရက်မှာ  မင်္ဂလာကိစ္စကိုလုပ်ရင် ခမ်းခမ်းနားနား စည်ကားသင့်သလောက် မစည်ကားနိုင်ဘူး၊ ဒါကြောင့်ပါ။
          ဒီဂါထာမှာ လောကီမင်္ဂလာကို ပယ်ရမယ် ဆိုတာက အဲဒီ မင်္ဂလာ၊ အမင်္ဂလာကြောင့် ကောင်းကျိုး ဆိုးကျိုးရတယ်လို့ အယူစွဲကို ပယ်ဖို့ပါပဲ။ အမှန်ကတော့ ကောင်းကျိုးဆိုးကျိုးဆိုတာ ရှေးကုသိုလ်ကံ အကုသိုလ် ကံနဲ့လည်း ဆိုင်တယ်။ ယခုမျက်မှောက် သင့်တော်တဲ့  အလုပ်၊မသင့်တော်တဲ့အလုပ်နဲ့လည်း ဆိုင်တယ်။        ဒါကြောင့် ‘ကုသိုလ်ကံကြောင့် မင်္ဂလာကိုတွေ့ရတယ်၊ အဲဒီကုသိုလ်ကံကြောင့်ပဲ ကောင်းကျိုးကိုရတယ်၊  အကုသိုလ်ကံကြောင့် အမင်္ဂလာကိုတွေ့ရတယ်၊ အဲဒီ အကုသိုလ်ကံကြောင့်ပဲ မကောင်းကျိုးရတယ်’လို့ ကံကိုသာ ပဓာနပြုပြီး ယုံကြည်ယူဆဖို့ပါပဲ။ အဲဒါဟာ ကမ္မဿကတာ သမ္မာဒိဋ္ဌိဖြင့် ယူဆတဲ့ အမြင်မှန်ပါပဲ။ မင်္ဂလာç အမင်္ဂလာကြောင့်ပင် ကောင်းကျိုး ဆိုးကျိုး ရတယ်လို့ ယုံကြည်စွဲလမ်းတာကတော့ အဲဒီ ကမ္မဿကတာ သမ္မာဒိဋ္ဌိနဲ့ဆန့်ကျင်တဲ့ မိစ္ဆာအယူစွဲပဲ။ ဒါကြောင့် မိစ္ဆာအယူစွဲကို ပယ်ဖို့က လိုရင်းပါပဲ”ဟု မိန့်ဆိုထားပေရာ -
          အထက်ပါ အဆိုအမိန့်များကို ဖတ်ရှုလိုက်ကြရ ခြင်းအားဖြင့် ဥပါသကာ(ဝါ)ဗုဒ္ဓဘာသာဝင်တို့ ဂုဏ်ရည် နှင့်အပြစ်ကိုသိရှိကြပြီးလျှင် မိမိသန္တာန်၌ အပြစ်များ(ဝါ) အမှားများ ရှိလျှင်လည်း ပြုပြင်ကြပြီးလျှင် ဂုဏ်သရေ ရှိသော ဥပါသကာ(ဝါ)ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ် အောင်ကြိုးစားကြရမည်မှာ သူတော်ကောင်းစိတ်ဓာတ် ရှိသူတို့၏ဓမ္မတာပင်ဖြစ်ပါ၏။

အရှင်အဂ္ဂသာရ(ဗုဒ္ဓသာသနာ့ဝန်ဆောင်)


No comments: