Tuesday, June 9, 2015

လုပ်သမျှ ဒုက္ခမဖြစ်ဖို့ အရှင်ဇာနေယျ(ကော့မှူး)

          ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ဘယ်အရပ်ကိုရောက်ရောက် ဘယ်ဒေသမှာ သီတင်းသုံးသုံး နေ့စဉ်ပြုလုပ်နေကျ အလုပ်ကိစ္စတွေကို အချိန်ငါးပိုင်းခွဲပြီး(၄၅)ဝါ ပတ်လုံး မနားမနေလုပ်ဆောင်တော်မူခဲ့ပါတယ်။ အဲဒီလို အချိန် ငါးပိုင်း ခွဲပြီး ပြုလုပ်တော်မူတဲ့ လုပ်သမျှ ဒုက္ခမဖြစ်ဖို့
အရှင်ဇာနေယျ(ကော့မှူး)
ကိစ္စတွေကတော့ -
          ၁။       နံနက် (၆)နာရီကစပြီး ညနေ (၆) နာရီအထိ ချေချွတ်ရမယ့် ပုဂ္ဂိုလ်တွေကို လိုက်လံတရားဟော ချေချွတ်ခြင်းကိစ္စကို ဆောင်ရွက်တော်မူပါတယ်။
          ၂။       ညနေ (၆)နာရီကနေ ည (၁၀) နာရီအထိ ရဟန်းတော်များကို တရားဟောခြင်းကိစ္စကို ဆောင်ရွက်တော်မူပါတယ်။
          ၃။       ည (၁၀) နာရီကနေ ည (၁၂)နာရီအထိ စကြဝဠာတိုက်တစ်သောင်းမှ လာရောက်ကြတဲ့ နတ်တွေ,ဗြဟ္မာတွေရဲ့ မေးသမျှ ပြဿနာတွေကို ဖြေရှင်းပေးတော်မူရင်း တရားဒေသနာဟောခြင်း ကိစ္စကို  လုပ်ဆောင်တော်မူပါတယ်။
          ၄။       ည (၁၂) နာရီကနေ နာရီ ပြန် (၂) ချက်အထိကိုတော့ ဖလ သမာပတ်ဝင်စားပြီး လျောင်းစက် အနားယူတော်မူပါတယ်။
          ၅။       နာရီပြန် (၂)ချက်တီးကနေ နံနက် (၆)နာရီအချိန်အထိ ကိုတော့ ယနေ့ သွားရောက်ချေချွတ်တော်မူရမယ့် ဝေနေယျသတ္တဝါတွေ ကို အစဉ်အတိုင်း သဗ္ဗညုတÓာဏ် တော်ကြီးနဲ့ကြည့်ရှုတော်မူခြင်းကိစ္စကို ပြုတော်မူပါတယ်။ နံနက်ပိုင်းမှာ ဘယ်အရပ်က ဘယ်ပုဂ္ဂိုလ်ကို ချေချွတ်ရမယ်၊ နေ့လယ်ပိုင်းကျတော့ ဘယ်နေရာက ဘယ်သူ့ကို၊          ညနေပိုင်းရောက်ရင် ဘယ်ဒေသက ဘယ်ပုဂ္ဂိုလ်ကို စသဖြင့်ပေါ့လေ။
          ခြုံကြည့်လိုက်ရင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ တစ်ရက်လို့ ဆိုတဲ့ (၂၄) နာရီမှာ (၂) နာရီ လောက်လေးသာ နားတော်မူရတာပါ။ ဒါကိုကြည့်ရင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ လောကသားတို့အတွက် ဘယ်သူနဲ့မှ မတူအောင်ကို အလုပ်လုပ်တော်မူခဲ့တယ် ဆိုတာကို စာဖတ်သူများ နားလည် သိရှိ နှလုံးသွင်းပြီး ကြည်ညိုနိုင်ပါတယ်။
          အရှင်သာရိပုတ္တရာ၊ အရှင် မောဂ္ဂလာန်၊ အရှင်မဟာကဿပ စတဲ့ ရဟန္တာ မထေရ်မြတ်ကြီးတွေဟာလည်း ဘုရားရှင်ကိုယ်တော် မြတ်ကြီးနီးပါးလောက် အလုပ်လုပ် တော်မူကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီ ရဟန္တာမထေရ်မြတ်ကြီးများဟာ  လောကသားတို့အတွက် သူမတူအောင် အလုပ်လုပ်တော်မူတဲ့ ဘုရားရှင် ကိုယ်တော်မြတ် ကြီးရဲ့တပည့်ရင်းကြီးတွေ ဖြစ်တာကြောင့်ပါ။
          မျက်မှောက်ခေတ် ဘုရားသားတော် မထေရ်မြတ်ကြီးများလည်းပဲ လောကသားတို့ရဲ့ အားကိုးရာဘုရားသာသနာတော်ကြီးအတွက် မနားမနေ အလုပ်လုပ်တော်မူကြတာကို စာဖတ်သူ သတိပြုကြည့်ရင် သိမှာပါ။
          ကျေးဇူးတော်ရှင် ကျမ်းပြု အကျော် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဆိုရင် သက်တော် ၇၈ -နှစ် အရွယ်၊ ၁၃၃၉- ခုနှစ်၊ နတ်တော် လပြည့် ကျော် ၂-ရက်၊ အင်္ဂါနေ့ ညနေ (၄) နာရီခွဲအချိန်မှာ ပျံလွန်တော်မူခဲ့တာပါ။ အဲဒီနေ့ နေ့လယ် (၁၂)နာရီအချိန်ကနေ၁-နာရီအထိ စာဝါပို့ချတော်မူလိုက်ပါသေးတယ်။ ကျန်းမာရေးမကောင်းနေတဲ့ကြားက စာဝါပို့ချတဲ့ အလုပ်ကို လုပ်တော်မူခဲ့တာပါ။ ၁- နာရီထိုး စာဝါ ချပြီးတဲ့အခါမှာ “နက်ဖြန်လည်း မသေသေးရင် ဆက်လက် ပို့ချသေးတာပ”လို့တောင် မိန့်တော်မူ လိုက်ပါသေးသတဲ့။ ပျံလွန်တော်မူခါနီး (၃)နာရီခွဲလောက်အလိုအချိန်အထိ အလုပ် လုပ်တော်မူသွားခဲ့တာကို ကြည်ညိုနိုင်ပါတယ်။
          ဓမ္မဒူတဆရာတော်ကြီး ဆိုရင် လည်း ဒါယကာတစ်ယောက်က “ဥပုသ်နေ့မှာတောင် ဆရာတော် အလုပ်တွေက မနားဘူးလား ဘုရား” လို့ လျှောက်တော့ ဆရာတော်ကြီးက “ဘုန်းကြီးတွေမှာ ဟောလီးဒေးဆိုတာမရှိဘူး”လို့ မိန့်တော်မူကြောင်း ဆရာတော် အရှင် ဆေကိန္ဒရဲ့ တရားတစ်ပုဒ်ထဲမှာ နာကြားလိုက်ရပါတယ်။
          ဓမ္မဒူတဆရာတော်ကြီးရဲ့ အနားယူနည်းက အင်မတန် အတုယူဖို့ ကောင်းလှပါတယ်။ စာဝါတွေ ပို့ချတာကို တရားဟော တရားပြ အလုပ်ပြောင်းလုပ်ပြီး အနားယူ ပါသတဲ့။ တရားဟော တရားပြတာကို တရားထိုင် တရားမှတ်အလုပ် ပြောင်းလုပ်ပြီး အနားယူပါသတဲ့။ တစ်ခါ တရားထိုင် တရားမှတ် အလုပ်ကို စာဝါတွေ ပို့ချပြီး အနား ယူပါသတဲ့။ ကဲ . .အဲဒီလိုဆို    တော့ ဓမ္မဒူတဆရာတော်ကြီးဟာ ဘယ်လောက် အလုပ်လုပ်တော်မူခဲ့တယ်ဆိုတာကို မှန်းဆကြည်ညို နိုင်လောက်ပါပြီ။
          အလားတူပါပဲ။ မိုးကုတ်ဆရာ တော်ကြီး၊ မဟာစည်ဆရာတော်ကြီး၊ မင်းကွန်းဆရာတော်ကြီးစတဲ့ စတဲ့ ဆရာတော်ကြီးများရဲ့ တစ်ဘဝ ဖြစ်စဉ်တွေကို ရှာဖွေ ဖတ်ရှုကြည့် ရင် မနားမနေ အလုပ်လုပ်တော်မူကြတာကို သိရှိ ကြည်ညိုရပါလိမ့်မယ်။
          သက်တော် ထင်ရှားရှိဆဲ ပဏ္ဍိတာရာမရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်ကြီး ဆိုရင် အခုဆို သက်တော် (၁၀ဝ) နားနီးနေပါပြီ။ သို့တိုင်အောင် ပြည်ပနိုင်ငံများကို တရားဟော တရားပြ ကြွတော်မူတုန်းပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က ကျောင်း ရေစက်ချပွဲ အခမ်းအနားတစ်ခုမှာ ဩဝါဒတရား ချီးမြှင့်ဖို့ စာရေးသူတို့ သွားပင့်ကြတော့ ဆရာတော်ကြီးက အခုလို မိန့်တော်မူပါတယ်။
          “ဘုန်းကြီး မြွကလည်း ဒီ အခမ်းအနားက ဖြစ်တယ်မဟုတ် လား၊ ဖြစ်တယ်ဆိုရင် မြွကပါရစေ နဲ့၊ ဘုန်းကြီးတို့မှာ အရေးကြီးတဲ့ လုပ်စရာအလုပ်တွေ အများကြီးရှိ နေတယ်၊ အထူးအားဖြင့် ဘွဲ့ထူး ဂုဏ်ထူးရလို့ လုပ်တဲ့ ပူဇော်ပွဲ ဆို တာမျိုးတွေကို အချိန်ပေးပြီး မြွက လိုပါဘူး”လို့ မိန့်တော်မူတာကို မှတ်မိနေပါတယ်။ အဲဒီတုန်းကတော့ ဆရာတော်ကြီးကို ကျောင်း ရေစက်ချအတွက် ပင့်တာ ဖြစ်လို့  မအားတဲ့ကြားကပဲ အချိန်လုပြီး  ကြွရောက် ချီးမြှောက်တော်မူပါတယ်။
          အဲဒီနှစ်ကပါပဲ၊ ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသကို ဆရာဝန်များက ကျန်းမာရေးအခြေအနေအရ အနားယူဖို့လိုအပ်လို့ ဆေးရုံတက်ပြီး အနားယူနေစေပါတယ်။ စောစောက ပြောခဲ့တဲ့ ကျောင်းရေစက်ချမှာပါပဲ။ ညတရားပွဲအတွက် ဆရာတော်ကြီး ကို ပင့်ထားပြီး ဆရာတော်ကြီးက လည်း လက်ခံထားပြီးသားဖြစ်နေပါပြီ။ အဲ့ဒီနေ့ ညတရားပွဲအတွက် နံနက်ပိုင်းမှာ ဆရာတော်ကြီး ဆေးရုံ မှာဆိုလို့ လိုက်ပြီး ထပ်မံလျှောက် ကြတော့ ဆရာတော်ကြီးက သူ့ကိုယ်စား တခြားတစ်ပါးပါး အစား ထိုးဟောလို့ မဖြစ်ဘူးလားလို့ မေး ပါတယ်။ လာလျှောက်ကြတဲ့ ဆရာတော်နဲ့ ဒါယကာတွေက “အစားထိုး ဟောမယ့် ဓမ္မကထိကဆရာတော် မရှိတဲ့အကြောင်း၊ တရားပွဲက ဆရာတော်ကြီး ဘွဲ့နာမည်နဲ့ ကြေငြာထားပြီးဖြစ်လို့ တရားနာ ပရိသတ်က ဆရာတော်ကြီး ဟောကြားမှာကိုပဲ မျှော်လင့်တောင့်တ နေကြမှာဖြစ်တဲ့အကြောင်း၊ ဆရာတော်ကြီးအနေနဲ့ (၅)မိနစ်မျှလောက် ဖြစ်ဖြစ်၊ (၁၀)မိနစ်မျှလောက်ဖြစ်ဖြစ် ကြွလာတယ်ဆိုရင်ပဲ ဝမ်းမြောက် ကျေနပ်ကြမှာ ဖြစ်တဲ့အကြောင်း” လျှောက်ကြတော့ ပါမောက္ခချုပ် ဆရာတော်ကြီးဟာ ကျန်းမာရေး သိပ်မကောင်းလှတဲ့ကြားကပဲ အဲဒီ ညတရားပွဲကို ဆေးရုံကနေလိုက် ဟောပေးတော်မူပါတယ်။
          သီတဂူဆရာတော်ကြီးဟာလည်း တစ်နှစ်(၃၆၅)ရက်မှာ တစ်ရက်မှ နားရက်မရှိ၊ အလုပ်လုပ် တော်မူရတာကို စာဖတ်သူများ သိပြီးသားပါ။
          ဒီ သူတော်ကောင်း ပုဂ္ဂိုလ် မြတ်ကြီးများဟာ ဘာကြောင့် ဒီ လောက် မနားမနေ အလုပ် လုပ် တော်မူကြတာလဲဆိုရင် ဘုရား၊ ရဟန္တာ အရိယာပုဂ္ဂိုလ်မြတ်ကြီး တွေကတော့ ကိုယ်တော်တိုင်ဘဝ ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တော် မူကြပြီးဖြစ်သော်လည်း ဝေနေယျ သတ္တဝါ တပည့် ဒါယကာ ဒါယိကာမတွေကို ဘဝဆင်းရဲဒုက္ခထဲမှ လွတ်မြောက်စေချင်လွန်းလို့ မနား မနေ အလုပ်လုပ်တော်မူကြတာပါ။ ကိုယ်တိုင် မလွတ်မြောက်ကြသေးတဲ့ မထေရ်မြတ်ကြီးများဟာလည်း ကိုယ်တိုင်လည်း လွတ်မြောက်ဖို့၊ တပည့် သာဝကများကိုလည်း လွတ်မြောက်စေချင်လွန်းလို့ပါ။
          စာရေးသူတို့ဟာ ဆင်းရဲဒုက္ခ မှန်သမျှကနေ လွတ်မြောက်ချင်ကြတယ်ဆိုရင် အဲ့ဒီသူတော်ကောင်း ပုဂ္ဂိုလ်မြတ်ကြီးများကို နည်းယူပြီး အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ ဘာအလုပ်မှ မလုပ်ဘဲနဲ့တော့ ဆင်းရဲဒုက္ခကနေ လွတ်မြောက်ချင်လို့ မရပါဘူး။
          “လုပ်သမျှ ဒုက္ခလို့ ဆရာ တော်တစ်ပါးဟောတဲ့ တရားထဲမှာ နာရတယ်၊ လုပ်ပြီး ဒုက္ခခံရမယ့် အတူတူ မလုပ်ဘဲ ဒုက္ခခံရတာက သက်သာတာပေါ့”လို့ လူရွယ်        ဒါယကာတစ်ယောက် ပြောတာကို စာရေးသူ ကြားရဖူးပါတယ်။ အဲဒီ လူရွယ်ဟာ အဲဒီတရားကို သေသေချာချာ သဘောပေါက်အောင် မနာ ယူမိဘူးထင်ပါရဲ့။
          လုပ်သမျှ ဒုက္ခဆိုတာ အန္ဓ ပုထုဇဉ်ကို ရည်ညွှန်းပြီး ဟောတော်မူတာ ဖြစ်ပါတယ်။ အန္ဓပုထုဇဉ်ဟာ ကုသိုလ်ကောင်းမှု လုပ်လိုတဲ့ အလေ့အထနည်းပြီး အကုသိုလ်ကို လွယ်လွယ် ပြုမိတတ်ပါတယ်။ သူ လွယ်လွယ် ပြုလုပ်မိတတ်တဲ့ အကုသိုလ်က ဘယ်မှာ သုခ ဖြစ်စေ မှာလဲ။ ဒုက္ခပဲ ဖြစ်စေမှာပေါ့။  ကုသိုလ်ပြုလိုတဲ့စိတ် ဖြစ်ပေါ်လာလို့ ကုသိုလ်ပြုလုပ်ပြန်တော့လည်း ဘဝတွေကို ဒုက္ခလို့ သူက မသိတော့ ဘဝတွေကိုပဲ တောင့်တပြီး ကုသိုလ်ပြုလုပ်တော့တာပဲ။ အဲဒီ ပြုလုပ်တဲ့ကုသိုလ်ကြောင့် တောင့်တတဲ့ ဘဝတွေရတော့ ဒုက္ခကိုပဲ ပြန်ရတော့တာပေါ့။ ဒါကြောင့် အန္ဓ ပုထုဇဉ်အတွက်ကတော့ ဘာပဲ      လုပ်လုပ် လုပ်သမျှ ဒုက္ခပါပဲ။
          လုပ်သမျှ ဒုက္ခမဖြစ်ရအောင် ကိုယ့်ကိုယ်ကို ကလျာဏပုထုဇဉ် ဖြစ်အောင် ကြိုးစားရပါလိမ့်မယ်။ ဘဝတွေကို ဒုက္ခလို့ တကယ်သိတဲ့ ကလျာဏပုထုဇဉ်ဖြစ်လာရင်     အကုသိုလ်ကိုလည်း လွယ်လွယ် မပြုလုပ်မိတတ်တော့ပါဘူး။ကုသိုလ် ပြုလုပ်ရင်လည်း ဘယ်ဘဝအတွက်မှ ဆုမတောင်းတော့ဘဲ ဘဝလွတ်မြောက်မှုအတွက် အထောက် အပံ့ဖြစ်ဖို့သာ ပြုလုပ်တော့မှာပါ။
          အဲဒီလိုဆို လုပ်သမျှ ဒုက္ခမဖြစ် တော့ပါဘူး။ လုပ်သမျှ ဒုက္ခ       လွတ်ကြောင်းချည်းသာဖြစ်တော့မှာ ဖြစ်တဲ့အကြောင်း တင်ပြရပါတယ်။
          လုပ်သမျှ ဒုက္ခ မဖြစ်ရလေ အောင် ဒုက္ခလွတ်ကြောင်းကုသိုလ် တွေကို မနားမနေပြုလုပ်ကြပါစို့။

အရှင်ဇာနေယျ(ကော့မှူး)     

No comments: