အပ္ပမာဒေါ အမတံ ပဒံ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်၏အကြောင်း ဖြစ်သည်။
Wednesday, February 18, 2015
ဝေယျာဝစ္စပြုကြရာဝယ် သမဇဉ် (ပေါင်မြို့)
ဝေယျာဝစ္စပြု ကြရာဝယ်
သမ္ပဇဉ်(ပေါင်မြို့)
မရှိတာထက် မသိတာက ခက်တယ်ဆိုတဲ့စကား
ရှိပါတယ်။ ဒီစကားဟာ အလွန်မှ မှန်ပါတယ်။ မသိ လို့ သံသရာမှာ
စုံးစုံးနစ်မြုပ်သွားကြရတဲ့သူတွေ ရှိပါ တယ်။ အထူးသဖြင့်တော့ ဝေယျာဝစ္စ လုပ်ကိုင်ပေး
ကြတဲ့ ဝေယျာဝစ္စသမားတွေကိုပြောလိုတာပါ။ အလုပ် လည်း လုပ်ရတယ်။ အပြစ်ဒဏ်လည်း
အပေးခံရတယ် ဆိုရင် အင်မတန်မှနစ်နာပါတယ်။ အလုပ်လုပ်တယ် ဆိုရင်
အလုပ်ရဲ့အကျိုးတရားကို ခံစားရမယ်၊ အလုပ် ရဲ့ ကျေးဇူးတရားကို ရရှိရမယ်။
ဒီလိုမျိုးပဲ ဖြစ်သင့် တာပေါ့။
ဝေယျာဝစ္စဆိုတာ အမှုကိစ္စကြီးငယ်ကို
ဆောင်ရွက် တာလို့ လွယ်လွယ်ပဲ မှတ်ယူနိုင်ပါတယ်။ ဝေယျာဝစ္စမှာ ကိုယ့်ရဲ့ဝေယျာဝစ္စ
ကိုယ့်ရဲ့အမှုကိစ္စကြီးငယ်ကို မိမိ ကိုယ်တိုင် ဆောင်ရွက်ခြင်းနဲ့
သူတစ်ပါးရဲ့ဝေယျာဝစ္စ သူတစ်ပါးရဲ့အမှုကိစ္စများကို ကူညီဆောင်ရွက်ခြင်းလို့
နှစ်မျိုးရှိပါတယ်။
သူတစ်ပါးရဲ့ဝေယျာဝစ္စတွေကို
ကူညီဆောင်ရွက် ခြင်းဆိုတဲ့နေရာမှာ အတော်လေး အရာကျယ်ပါတယ်။ ဘုရား၊ တရား၊
သံဃာတည်းဟူသော ရတနာသုံးပါး ရဲ့ဝေယျာဝစ္စ၊ အသက်ကြီးသူ ဂုဏ်ကြီးသူပုဂ္ဂိုလ်တို့ အတွက်
ဆောင်ရွက်ပေးရတဲ့ ဝေယျာဝစ္စ၊ အရပ်ကိစ္စ၊ ကျောင်းကိစ္စ၊ ဘုရားကိစ္စ စသည်ဖြင့် ပါဝင်
ကူညီ ဆောင်ရွက်တယ်ဆိုတာ သူတစ်ပါးရဲ့ ဝေယျာဝစ္စကို ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်းပဲ
ဖြစ်ပါတယ်။
နိုင်ငံအကျိုး၊ ရပ်ရွာအကျိုး၊
ပြည်သူ့အကျိုး၊ အမျိုး ဘာသာသာသနာနဲ့ဆိုင်တဲ့အကျိုးကိစ္စတွေကို ဆောင်ရွက် နေတာဟာလည်း
ကိုယ်နဲ့မဆိုင်တဲ့ အများရဲ့အမှုကိစ္စကို ဆောင်ရွက်ခြင်း ဝေယျာဝစ္စပါပဲ။
အထူးသဖြင့်တော့ ဘုရားကိစ္စ၊ ကျောင်းကိစ္စ၊ အလှူဒါနကိစ္စ၊ ကုသိုလ် ရေးရာ ဆောင်ရွက်ကြတဲ့ကိစ္စတွေမှာ
ကာယကံရှင် တစ်ဦးတည်းက မဆောင်ရွက်နိုင်တာမို့ အကူအညီ ဝေယျာဝစ္စသမားတွေ လိုအပ်ပါတယ်။
ရှင်ရေးမှာပဲ ဖြစ်ဖြစ်၊ သေရေးမှာပဲဖြစ်ဖြစ် အသုဘမြေကျဖို့ ကိစ္စမှာ တောင်မှ
ဝေယျာဝစ္စသမားတွေ မရှိရင် မပြီးပါဘူး။
သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တာ၊
မိဘမဲ့ ကလေးတွေကို စောင့်ရှောက်တာ၊ မကျန်းမာတဲ့သူတွေ ကို စောင့်ရှောက်ပေးတာလည်း
ဝေယျာဝစ္စပါပဲ။ ကိုယ့်ရပ် ကိုယ့်ရွာရဲ့သန့်ရှင်းသာယာမှုတွေ၊ လမ်းပြင် မြေဖို့တာတွေ
ဟာလည်း ဝေယျာဝစ္စပြုလုပ်တာပါပဲ။ သူတစ်ပါးရဲ့ အိမ်မိုးတာ အိမ်တိုင်ထူတာတွေမှာ
ပါဝင်ကူညီဆောင်ရွက် ပေးတာလည်း ဝေယျာဝစ္စပါပဲ။ ထပ်ပြီးတော့ ပြောရဦး မယ်ဆိုရင်
သူတစ်ပါး မအားလပ်လို့ ကလေးထိန်းပေး တာ၊ အိမ်ဝိုင်းကူ စောင့်ပေးတာကအစ ဝေယျာဝစ္စ တွေက
များပြားလှပါတယ်။
ဝေယျာဝစ္စလုပ်တာဟာ အများအကျိုးဆောင်တဲ့
ပရဟိတလုပ်ငန်းမျိုး သဘောဆောင်ပါတယ်။ လုပ်အား ဒါနကို အဓိက အရင်းပြုပြီး
လုပ်ဆောင်ရတာလည်း ဖြစ်တယ်။ ဝေယျာဝစ္စလုပ်သမားတွေကို အထင်သေး တတ်ကြတယ်။
မထီမဲ့မြင်ပြုတတ်ကြတယ်။ (ခိုင်းဖတ်) ခိုင်းစရာ အမှုလုပ် ကျွန်လို သဘောထားပြီး
ဘာလုပ် လိုက်ပါ၊ ဘယ်သွားလိုက်ပါ၊ ဘာသွားယူပါစသဖြင့် အပေါ်စီးက လက်ညှိုးထိုး
ခိုင်းစေတတ်သူတွေနဲ့လည်း ဝေယျာဝစ္စသမားတွေဟာ ကြုံဆုံတတ် ကြပါသေးတယ်။ ဒါဟာ
ဝေယျာဝစ္စသမားတွေရဲ့ ကျေးဇူးတရားကို မသိသလို ဝေယျာဝစ္စအလုပ်ရဲ့မွန်မြတ်ပုံနဲ့ အကျိုး
တရားကို မသိမမြင်တဲ့အတွက်ကြောင့်လည်း မထီမဲ့မြင် ပြုတာ အထင်သေးတာ ပြုမိကြခြင်း
ဖြစ်ပါတယ်။
တကယ်တော့ ဝေယျာဝစ္စလုပ်တယ်ဆိုတာ ကုသိုလ်
ကောင်းမှု လုပ်နေတာမှန်း မသိလို့ ဖြစ်ပါတယ်။ ဒါန၊ သီလ၊ ဘာဝနာတွေကသာ
ကုသိုလ်ဖြစ်ကြောင်းတရား လို့ လူသိများကြပါတယ်။ ပုညကြိယာဝတ္ထုဆိုတဲ့
ကုသိုလ်ဖြစ်ကြောင်းတရားဟာ ဆယ်ပါး ရှိပါတယ်။ ကုသိုလ်ဖြစ်ကြောင်းတရား ဆယ်ပါးမှာ ဒါန၊
သီလ၊ ဘာဝနာနဲ့ အပစာယနလို့ခေါ်တဲ့ သက်ကြီးမိဘ စသည်တို့ကို ရိုသေခြင်း၊
ပူဇော်ခြင်းပြီးရင် ပဉ္စမမြောက် ကုသိုလ်ဖြစ်ကြောင်းတရားဟာ ဝေယျာဝစ္စပါပဲ။ ဘာဖြစ်လို့
ဝေယျာဝစ္စအလုပ်ဟာ ကုသိုလ်ဖြစ်ကြောင်း တရားဆယ်ပါးထဲမှာ တစ်ပါးအပါအဝင် ဖြစ်တဲ့
အကြောင်း မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ရ သလဲဆိုတော့
အများနဲ့ဆိုင်တဲ့အလုပ်တိုင်းမှာ ဝေယျာဝစ္စ သမား မပါရှိရင် မပြီးတဲ့အတွက်ကြောင့်ပဲ
ဖြစ်ပါတယ်။
ဝေယျာဝစ္စလုပ်တယ်ဆိုတာ လူတိုင်း စိတ်ရှည်
လက်ရှည်နဲ့မလုပ်နိုင်ကြပါဘူး။ အချို့တန်ခိုးကြီးဘုရား တွေမှာဆိုရင်
ဝေယျာဝစ္စအဖွဲ့တွေဖွဲ့ထားတာ ရှိကြပါ တယ်။ ဝတ်အသင်းတွေ ဖွဲ့ထားတာ ရှိကြပါတယ်။
တနင်္ဂနွေနေ့ ပါရမီရှင်အဖွဲ့၊ တနင်္လာနေ့ပါရမီရှင်အဖွဲ့ လို့ ဆိုပြီးတော့ နေ့အလိုက်
ဝေယျာဝစ္စဝတ်အသင်း အဖွဲ့တွေလည်း ဖွဲ့ထားကြတာ ရှိကြပါတယ်။
ဝေယျာဝစ္စသမားဟာ ဝေယျာဝစ္စလုပ်ဖို့ ဝါသနာ
လည်း ပါရမယ်။ စေတနာလည်း ရှိရမယ်။ ဝီရိယလည်း ကောင်းရမယ်။ဝေယျာဝစ္စလုပ်တဲ့ဆီမှာ
အကျိုးအမြတ် ကို မမျှော်လင့်ရဘူး။ အမြတ်မထုတ်ရဘူး။ သဒ္ဓါတရား ကောင်းရမယ်။
သီလနဲ့ပြည့်စုံရမယ်။ သည်းခံနိုင်ရမယ်။ အဓိကကတော့ စိတ်ထားကောင်းနဲ့ လုပ်ဆောင်ဖို့
လိုပါ တယ်။ စိတ်ထားကောင်းမှ အလုပ်လည်းကောင်းမှာ ဖြစ်ပါတယ်။ အလုပ်ကောင်းမှလည်း
ကောင်းတဲ့ကုသိုလ် တွေ ဖြစ်ပေါ်လာပါမယ်။ ကောင်းတဲ့ကုသိုလ်တွေ ဖြစ်မှ သာ ပစ္စုပ္ပန်
သံသရာ နှစ်ဖြာသောအကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။
သက်ကြီးရွယ်အို၊ လူမမာနဲ့ ကလေးသူငယ်တွေ
ရဲ့ဝေယျာဝစ္စ လုပ်တဲ့နေရာမှာ ရက်ရှည်လများ ဖြစ် လာရင် သက်ကြီးရွယ်အို၊ လူမမာနဲ့
ကလေးတွေရဲ့ ဒဏ်ကို ခံနိုင်ဖို့ အတော်လေးခက်လာပါတယ်။ စိတ် မရှည်ချင်တော့ဘူး။ အော်မိ
ငေါက်မိတာတွေ၊ လျစ်လျူရှု ပစ်ထားချင်စိတ်တွေ ပေါ်လာပါတယ်။
အပြစ်ကင်းပြီး အကျိုးရှိရာကို
ပြုလုပ်ခြင်းဟာ ကောင်းတဲ့အလုပ်၊ မွန်မြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ထို အလုပ်တွေကို
ပြုလုပ်နိုင်ဖို့အလေ့အကျင့်အဖြစ် လေ့ကျင့် ထားရင် ထိုအလေ့အကျင့်တွေက
ကိုယ့်ရဲ့စရိုက် တစ်ခုလို ဖြစ်လာလိမ့်မယ်။ ထိုအလေ့အကျင့် စရိုက်နဲ့ အထုံပါရမီတို့ဟာ
ဝေယျာဝစ္စလုပ်တဲ့နေရာမှာ ဖြူစင်တဲ့ စိတ်နဲ့ သန့်ရှင်းတဲ့စေတနာတွေ သန္ဓေတည်စွဲမြဲ
လာစေမှာ ဖြစ်ပါတယ်။ အခြားသော ဝေယျာဝစ္စတွေ ထက် ဒါနကိစ္စဝေယျာဝစ္စ၊ ရတနာသုံးပါးရဲ့
ဝေယျာဝစ္စ၊ မိဘ ဆရာသမားတို့ရဲ့ ဝေယျာဝစ္စတွေမှာ စိတ်စေတနာ ကောင်းထားတတ်ကြဖို့
လွန်စွာမှ အရေးကြီးလှပါတယ်။ ဝေယျာဝစ္စလုပ်တဲ့နေရာမှာ စိတ် စေတနာကောင်းထား ရင်
ထားသလောက် အကျိုးကြီးကြီး ပေးမှာပါ။ စိတ်ထား ညံ့ခဲ့ရင်၊ စိတ်ထားယုတ်ခဲ့ရင်၊
စိတ်သဘောထား ဆိုးခဲ့ ရင်၊စိတ်သဘောထားမကောင်းခဲ့ရင်မကောင်းသလောက် ကို ကိုယ့်အတွက်
အကျိုးယုတ်စေမှာ ဖြစ်ပါတယ်။ သတိ ထားကြပါ။ ပညာနဲ့ ဝေဖန်ကြပါ။
ဗုဒ္ဓဘာသာဝင်တိုင်းဟာ အဇာတသတ်၊ဒေဝဒတ်
ဆိုတဲ့နာမည်နဲ့ ရင်းနှီးကြသလို ဗိမ္ဗိသာရမင်းဆိုတဲ့ နာမည်နဲ့လည်း
ရင်းနှီးကျွမ်းဝင်နေကြမှာပါ။ ဒေဝဒတ် က ဘုရားဖြစ်ချင်လို့ ဘုရားကို လုပ်ကြံသလို
သူ့ရဲ့တပည့် အဇာတသတ်ကိုလည်း မင်းဖြစ်ဖို့ ဖခင်ဗိမ္ဗိသာရကို သတ်ဖို့ အကြံÓာဏ်ပေးခဲ့တာပါ။
ယခု ဘဒ္ဒကမ္ဘာရဲ့ (၉၂)ကမ္ဘာ အထက်မှာ ဖုဿ
ဘုရားရှင် ပွင့်တော်မူခဲ့ပါတယ်။ ဗိမ္ဗိသာရမင်းကတော့ အဲဒီအချိန်အခါက
မင်းသားညီနောင်သုံးပါးရဲ့အတွင်းဝန် အမတ် ဖြစ်ခဲ့တယ်။
ဝါတွင်းသုံးလလုံးလုံးဖုဿဘုရားရှင် နဲ့ သံဃာတော်တွေရဲ့ ဆွမ်းပန်းဝေယျာဝစ္စ
ဆောင်ရွက်ရ တဲ့အကြီးအမှူးပေါ့။ ဆွေမျိုးနီးစပ်တော်တဲ့သူတစ်သောင်း တစ်ထောင်နဲ့
ဝေယျာဝစ္စတွေကို ဆောင်ရွက်ခဲ့တယ်။
အချို့ဝေယျာဝစ္စသမား ဆွေမျိုးများကတော့ ဝေယျာဝစ္စ ကောင်းကောင်းမလုပ်ချင်ဘူး။
အများအလှူကိုလည်း အမျိုးမျိုး အနှောင့်အယှက် ပေးတယ်။ မြတ်ဗုဒ္ဓနဲ့ သံဃာ
တော်တွေအတွက် ချက်ပြုတ်စီမံထားတဲ့ ဆွမ်း၊ ခဲဖွယ်၊ ချိုချဉ်တို့ကို
ခိုးယူစားသောက်တယ်။ အိမ်က သားသမီး ဆွေမျိုးအတွက်လည်း ခိုးဝှက် ယူဆောင်တယ်။
ခေါင်းဆောင်အမတ်က ပြောရင်လည်း နားမထောင်ဘူး။ ဝေယျာဝစ္စကို စေတနာကောင်းနဲ့
ပြုလုပ်နေကြတဲ့ သူတွေကိုလည်း အနှောင့်အယှက် ပေးတယ်။ ကွယ်ရင် ကွယ်သလို
လစ်ရင်လစ်သလို ညစ်ပတ်ယုတ်မာကြတယ်။
လူဆိုတာ အို နာ သေမျိုးပါ။
အချိန်တန်တော့ သေသွားကြတယ်။ သေသွားကြတဲ့အခါကျတော့ လမ်းခွဲ ကြပြီ။
စိတ်ထားဖြောင့်မတ်မှန်ကန်စွာနဲ့ ကောင်းတဲ့ စေတနာနဲ့ ဖုဿဘုရားရှင် အမှူးပြုတဲ့
သံဃာတော် အပေါင်းကို ဆွမ်းç ပန်းçဝေယျာဝစ္စတွေ ဝါယမစိုက်ပြီး လုပ်ဆောင်ကြတဲ့ အတွင်းဝန်အမတ်နဲ့
ဆွေမျိုးတွေဟာ နတ်ပြည်ကို ရောက်ကြတယ်။ နတ်စည်းစိမ်ကို ခံစား ကြရတယ်။ နတ်ပြည်
တစ်ပြည်ပြီး တစ်ပြည် အဖန်ဖန် ကျင်လည်ကြရတယ်။ ဂေါတမဘုရားရှင် လက်ထက်မှာ ကျတော့
အတွင်းဝန်အမတ်က ဗိမ္ဗိသာရမင်း ဖြစ်လာ တယ်။ စေတနာကောင်းနဲ့ ဝေယျာဝစ္စလုပ်ကြတဲ့
ဆွေမျိုး အပေါင်းဟာလည်း ပုဏ္ဏား၊သူဌေး တွေဖြစ်လာပြီး သောတာပန်တည်ကြတယ်။ နိဗ္ဗာန်
လက်မှတ်ကို အသီးသီးပိုင်ဆိုင်သွားကြရတယ်။
ဝေယျာဝစ္စလုပ်တဲ့နေရာမှာ
စိတ်ထားယုတ်မာခဲ့တဲ့ ဆွေမျိုးတွေကတော့ ငရဲကျကြရတယ်။ ငရဲတစ်ပြည် ကနေ တစ်ပြည်
ပြောင်းရွှေ့ပြီးတော့ ဆင်းရဲဒုက္ခ ခံစား ကြရတယ်။ ငရဲကနေ ကျွတ်လွတ်လာပြန်တော့လည်း
ကဿပဘုရားရှင်လက်ထက်မှာ ပြိတ္တာဘဝနဲ့ အစာငတ် ရေငတ် ဒုက္ခဆင်းရဲကို ခံစားကြရတယ်။
ဝေယျာဝစ္စရဲ့ အကျိုးတရားဟာ အထင်မသေး
ကြပါနဲ့။ ဝါတွင်းသုံးလမှာ စေတနာကောင်းနဲ့ ဝေယျာဝစ္စ လုပ်တဲ့အကျိုးဟာ နတ်စည်းစိမ်ကို
အကြိမ်ကြိမ် ခံစား ရတယ်။ လူ့ဘဝကို ရောက်လာပြန်တော့လည်း မင်း၊ ပုဏ္ဏား၊ သူဌေးတွေ
ဖြစ်ကြရတယ်။ ဂေါတမ မြတ်စွာ ဘုရားရှင်ရဲ့တရားတော်ကို နာရပြီး သောတာပန် တည်ရတယ်။
သောတာပန်တည်ပြီးသူကတော့ အပါယ် ကျဖို့ကို မရှိတော့တာ။
ယခုခေတ် လုပ်အားခတန်ဖိုးနဲ့တွက်ရင်
တစ်နေ့ ကို လုပ်ခ သုံးထောင်ပေါ့။ တစ်လကို တစ်သိန်းနီးပါး ရမယ်။ သုံးလဆိုတော့
သုံးသိန်း ရတယ်ထားပါ။ ငွေ သုံးသိန်း လုပ်အားခဟာ နတ်စည်းစိမ်ရတာနဲ့စာရင် ဖွဲ၊
ဆန်ကွဲလို ဖြစ်သွားတယ်။ ဒါဆိုရင် ဝေယျာဝစ္စ လုပ်တဲ့သူတွေဟာ ပန်းကန်ဆေးတာ၊ ထမင်းဟင်း
ချက်တာ၊ သန့်ရှင်းရေးလုပ်တာ၊ ရေခပ်ထင်းခွဲတာ၊ ပြင်ဆင်ခူးခပ်ကျွေးမွေးတာ၊
ဘာပဲလုပ်လုပ် အထင် သေးစရာမဟုတ်တော့ဘူး။ အထင်ကြီးစရာပါ။ ဂုဏ်ယူ ဖွယ်ရာ အလုပ်တွေပါ။
သူတစ်ပါး မလုပ်ချင်တဲ့
အောက်ခြေသိမ်းအလုပ်တွေကို လိုက်လုပ်နေကြတဲ့ ဝေယျာဝစ္စသမားတွေဟာ နတ်သားလောင်း နတ်သမီး
လောင်းတွေပါ။
စေတနာကောင်းရင် ကောင်းသလို
အကျိုးပေးမှာမို့ အထင်သေးတဲ့သူတွေ ဘယ်လောက်ပဲ အထင်သေး ကြပါစေ၊ ဝေယျာဝစ္စလုပ်ရတာ
အကြောင်းဆုံ အခွင့် သင့်လို့ ဝေယျာဝစ္စလုပ်ရတာကို ဂုဏ်ယူပါ။ ဝမ်းမြောက် ဝမ်းသာ
ဖြစ်ပါ။ ပင်ပန်းတာကိုဂရုမစိုက်ဘဲမညည်းမညူ ဆောင်ရွက်ပါ။ ပျင်းရိလေးတွဲခြင်းမရှိဘဲ
မဆိုင်းမတွ ဆောင်ရွက်ပါ။ အနှောင့်အယှက်လေးတွေ၊ အဖုအထစ် လေးတွေ တွေ့ကြုံရရင်တောင်မှ
စိတ်လည်း မကွက်၊ စိတ်လည်းမပျက်ဘဲ ပျော်ပျော်ပါးပါး ရွှင်ရွှင်လန်းလန်းနဲ့
အပြုံးမပျက် ဆောင်ရွက်ပါ။
ဝေယျာဝစ္စ လုပ်နေတဲ့သူတွေကို နတ်သားလေး
တွေပါလား၊ နတ်သမီးလေးတွေပါလားလို့ ချီးမွမ်း အားကျဖွယ်ရာကောင်းပါတယ်။
မဃလုလင်တို့အဖွဲ့ဟာ စိတ်တူကိုယ်တူနဲ့ ဘယ်သူမှမခိုင်းစေရဘဲ မိမိတို့စိတ်
စေတနာအလျောက် လမ်းပြင်ကြတယ်။ ရေအိုးစင် ဆောက်ကြတယ်။ ခရီးသွားတို့အတွက် သောက်ရေ
စီစဉ်တယ်။ တစ်နေ့တည်း မဟုတ်ဘူး။ နေ့စဉ် လုပ် တာ။ အဆာပြေမုန့်ဆုပ်လုံးလေးလည်း
စီစဉ်ပေးသေး တယ်။ ဒီဝေယျာဝစ္စကုသိုလ်ကြောင့် (မဃသိကြားမင်း) သိကြားမင်းစည်းစိမ်နှင့်
အခြားနတ်သား စည်းစိမ်များကို ခံစားနေကြရတယ်။
ဒါဟာ ဝေယျာဝစ္စရဲ့အကျိုးပါ။
ဒါပေမဲ့ ဝေယျာဝစ္စတော့ လုပ်ပါရဲ့။
စိတ်စေတနာ ကောင်း မပါဘူး။ သူတစ်ပါးလုပ်ထားတာကို နှမ်းဖြူးပြီး နာမည်ကောင်းယူတယ်။
နေရာဝင်ယူတယ်။ ပါဝါပြတယ်။ အာဏာပြတယ်။ အကောင်းစားတွေကိုတော့ သိုဝှက်ပြီး
ကိုယ့်အတွက် ကိုယ့်အိမ်အတွက် သယ်တယ်။ ဒီကြားထဲ ကမှ အလှူဒါနအတွက် စီစဉ်ထားတဲ့ငွေကို
အကုန် ဝယ်ခြမ်းလှူဒါန်းရမယ့်အစား ကြားထဲကနေ လောက စကားအရဆိုရင် တိုထားမယ်၊
လျှိုထားမယ်၊ ကိုယ်ကျိုး အတွက် သုံးမယ်ဆိုရင်တော့
အတွင်းဝန်အမတ် တစ်ဖြစ်လဲ ဗိမ္ဗိသာရမင်းရဲ့ စိတ်ထားယုတ်တဲ့ ဆွေမျိုး တွေလို
ငရဲပြည် တစ်ပြည်ကနေ တစ်ပြည်လှည့်ပြီး ခံပေတော့။ လွတ်လာရင်လည်း ပြိတ္တာဘဝနဲ့ အစာ
ရေစာငတ်ရဦးမှာ မလွဲဘူးနော်။
ဒါကတော့ ဝေယျာဝစ္စလုပ်ရင်း
နှလုံးသွင်းမှားလို့ ဖြစ်ရတာပါ။
မွန်မြတ်တဲ့စိတ်နဲ့ ဝေယျာဝစ္စ
လုပ်တာကြောင့် ကောင်းကျိုးတွေရတယ်ဆိုတာကို သိပြီး ဝေယျာဝစ္စ လုပ်တာဟာ
ကုသိုလ်အလုပ်ကို လုပ်နေတာပါလားလို့ သဘောပေါက်ထားရင် ဝေယျာဝစ္စဆိုတာဟာ အလွန် မှ
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်လို့ လက်ခံရမှာဖြစ်ပါ တယ်။ ဝေယျာဝစ္စလုပ်တဲ့အခါမှာ
မလုပ်သင့် မလုပ် ထိုက်တဲ့အရာကို ပြုလုပ်မိတဲ့အတွက် ဆိုးကျိုးများစွာ ကိုလည်း
ရရှိသွားကြရတာဟာ ဝေယျာဝစ္စ လုပ်တဲ့ ကုသိုလ်ထက် ဝေယျာဝစ္စလုပ်နေစဉ်မှာ ကျူးလွန်မိတဲ့
အပြစ်က ပိုကြီးမားနေလို့ဖြစ်ပါတယ်။
ရတနာသုံးပါး၊ မိဘ ဆရာသမားနဲ့ အခြားသော
ဝေယျာဝစ္စတွေကို ဆောင်ရွက်တာဟာ အပြစ် မရှိပါ ဘူး။ ဝေယျာဝစ္စပြုလုပ်စဉ်မှာ မကောင်းတဲ့
စေတနာ ဆိုး၊ မသင့်လျော်တဲ့စိတ်တွေနဲ့ပြုလုပ်မိလို့သာ အပြစ် ဖြစ်ရတာပါ။
ယခုခေတ်အခါမှာ ဘုရား၊ ကျောင်းကန်တွေမှာ
ဝေယျာဝစ္စသမားတွေ ရှိကြပါတယ်။ အနီးကပ် ဝေယျာဝစ္စသမားဖြစ်တဲ့ ကပ္ပိယတွေ
ရှိကြပါတယ်။ ဥပါသကာ ဥပါသိကာမ
အမည်ခံယူထားသူတွေ ရှိကြ ပါတယ်။ ဝေယျာဝစ္စလုပ်ရင်း နတ်ပြည်မှာ စံစားခွင့် ရသော်လည်း
အဘယ်ကြောင့် ငရဲမှာ ဒုက္ခဆင်းရဲ
ခံစားရအောင် ကိုယ့်ကိုယ်ကိုယ် အဖြစ်ခံမှာလဲ။
သီလဆိုတဲ့ အဓိပ္ပာယ်က စင်ကြယ်ခြင်း
ပါတဲ့။ ဘာစင်ကြယ်ရမလဲဆိုရင်
စိတ်စင်ကြယ်ရမှာ။ စိတ်စင် ကြယ်မှလည်း လုပ်ကိုင်တာ စင်ကြယ်မယ်။ ပြောဆို တာ
စင်ကြယ်မယ်။ တွေးကြံတာ စင်ကြယ်မယ်။ သီလဆိုတာ နှစ်မျိုးပဲ ရှိတယ်။ လုပ်ဆောင်သင့်တဲ့
အလုပ်ကို လုပ်တာလည်း သီလပဲ။ မလုပ်သင့်တာကို ရှောင်ကြဉ်တာလည်း သီလပဲ။
လိုက်နာကျင့်ကြံရတဲ့ သီလဟာ စာရိတ္တသီလလို့ခေါ်ပါတယ်။ စာရိတ္တသီလ ဆိုတာ
သဘောအလိုအားဖြင့် အပြစ်ကင်းပြီး အကျိုး ရှိတဲ့ အလုပ်ကို ပြုလုပ်ခြင်းမျိုးပါပဲ။
ဝါရိတ္တသီလက တော့ ဘုရားအစရှိတဲ့ သူတော်ကောင်းတွေက သူ့ အသက် မသတ်ရ စသည်ဖြင့်
အပြစ်ရှိတာကို မပြု လုပ်ဘဲ ရှောင်ကြဉ်တဲ့သီလ ဖြစ်ပါတယ်။
လယ်တီဆရာတော်ဆိုတာ အလွန်ထင်ရှားတဲ့
ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ လယ်တီဆရာတော် လို့ဆိုရင် မဖူးတွေ့ရ
ဖူးမြင်ခွင့်မရသော်လည်း ကြားရ သိရ ဆရာတော် ရေးသားတော်မူတဲ့ စာတွေကို ဖတ်ရ ရုံနဲ့ကို ကြည်ညိုချင်စရာပါ။
လယ်တီဆရာတော်ဟာ စာရေးခြင်း၊ စာချခြင်း၊
တရားဟောပြောခြင်းတို့နဲ့ မအားလပ်တဲ့ကြားထဲက ရတနာသုံးပါးရဲ့ ဝတ်ပဋိပတ်ကိုလည်း
ကြိုးစားဖြည့်တော် မူခဲ့တယ်။ သံဃာတော်များအတွက် တစ်မြို့လုံး လှည့်လည်ပြီး
ဆွမ်းခံကျွေးတယ်။ ကျောင်းတိုက်အတွင်း တံမြက်လှည်းခြင်း၊ သောက်သုံးရေဖြည့်ခြင်း၊
သံဃာများ စားပြီးတဲ့ ပန်းကန်များ ဆေးခြင်း ဝေယျာဝစ္စများကို ဆောင်ရွက်တော်မူတယ်။
နံနက်လေးနာရီမှာ ကုဋီအားလုံး
ရေဖြည့်ပြီးသွား ပြီ။ ရေအိုးအားလုံး ရေဖြည့်ပြီးသွားပြီ။ သံဃာများ မသိအောင်
မနိုးထခင် အရင် နိုးထပြီး ဝေယျာဝစ္စ ဝတ်ဖြည့်ထားတာ။ သံဃာငယ်များ သိသွားတဲ့အခါ
လယ်တီဆရာတော် ခပ်ထားတဲ့ရေကို မသောက်ရဲ၊ မချိုးရဲ၊ မသုံးရဲကြတဲ့အခါ “သုံးသာ သုံးကြပါ”လို့ နှစ်သိမ့်ဟောပြောတော်မူတယ်။
ကျောင်းတိုက်အတွင်း နေ သံဃာများအတွက်သာမက မုံရွာမြို့တွင်းမှာရှိတဲ့
မထေရ်ကြီးများ၊ သံဃာများရှိရာ ကျောင်းတိုက်များ မှာလည်း ကုဋီဆေးခြင်း၊
ကုဋီရေဖြည့်ခြင်း၊ ကနုတံ ဆေးခြင်း၊ ရေခပ်ခြင်း၊ တံမြက်လှည်းခြင်းများပြုပြီးမှ
ဆွမ်းခြွံကတော်မူတယ်။
အချို့ဘုန်းတော်ကြီးများက အားနာလို့ -
“လယ်တီဘုန်းကြီး . . .ဒီလို မလုပ်ပါနဲ့၊
တော် လောက်ပါပြီ”လို့ တားကြတယ်။
လယ်တီဆရာတော်က -
“တပည့်တော်ကို သနားရင် ခွင့်ပြုပါ။
တစ်သံသရာ လုံး တပည့်တော်ရဲ့လက်တွေဟာ သားကျွန်၊ မယားကျွန် ဖြစ်ခဲ့ရပါတယ်။
သံဃာ့ကျွန် သာသနာ့ကျွန်အမှု ပြုခွင့် ပေးကြပါ”လို့ ပြန်လည်လျှောက်ထားပြီး
သူ့ရဲ့ဝတ်ကို ဆောင်ရွက်မြဲတိုင်း ဆောင်ရွက်တော်မူတယ်။
ထိုသို့ပြုလုပ်နိုင်ဖို့အတွက်
ဆွမ်းခြွံကတဲ့အခါ တံမြက်စည်း၊
ရေအိုးနဲ့ သပိတ်ကို နေ့တိုင်းသယ်ဆောင် သွားခဲ့တယ်။ ကျင့်ဝတ်ရှိမှ
ကျင့်ဝတ်ကိုဖြည့်မှ သီလ လည်း ရ၊ သမာဓိလည်း ခိုင်၊ ပညာလည်း ပိုင်လိမ့် မယ်ဆိုတာကို
ကိုယ်တော်တိုင် ကျင့်သုံးပြနေခြင်းသာ ဖြစ်တယ်။ ဒီဝေယျာဝစ္စအလုပ်ကို ဘယ်သူမှ
ခိုင်းလို့ လုပ်တာ မဟုတ်ဘူး။ ဝေယျာဝစ္စရဲ့အကျိုးတရားကို ကောင်းစွာသိလို့
ကောင်းစွာလုပ်နေခြင်းသာ ဖြစ်ပါ တယ်။
လယ်တီကျောင်းတိုက်မှာ ရဟန်းတစ်ပါး ဝမ်း
ရောဂါ ဖြစ်တော့ သံဃာအချို့ ပြောင်းရွှေ့သွားကြတယ်။ ကျန် သံဃာတွေကလည်း
အနားမကပ်ရဲကြဘူး။ ဆရာတော်သိတော့ ကိုယ်တော်တိုင် ကျင်ကြီးများ ပေနေတဲ့
ဂိလာနပဉ္စင်းရဲ့သင်္ကန်းကို ဖွပ်လျှော်ပေးရန် ရေတွင်းကို ယူခဲ့တယ်။ ကာလဝမ်းကျင်ကြီး
အနံ့က လည်း အင်မတန်မှဆိုးတာ။ ငြီးငွေ့ရွံရှာစိတ် ဖြစ်မိတာနဲ့ “ဟယ် . .စိတ်ယုတ်၊
နင် တယ်လှည့်စားပါလား”လို့ ကြိမ်းဝါးပြီး စောင်သင်္ကန်းမှာ ပေနေတဲ့ ကျင်ကြီးကို တစ်ကိုယ်လုံး
လိမ်းကျံပစ်လိုက်တယ်။ ဒါမှပဲ ရွံရှာစိတ် ပျောက်တော့တယ်။
(ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ။
စာ-၂၈၈မှ)
အလှူရှင်နဲ့
ဝေယျာဝစ္စသမား
အလှူရှင်ရှိရင်
ဝေယျာဝစ္စသမားလည်း ရှိစမြဲပါ။ အလှူရှင်နဲ့ ဝေယျာဝစ္စသမားတို့ သဟဇာတ ဖြစ်မှ အလှူတစ်ခုက အဆင်ပြေချောမောမှာပါ။ အလှူရှင် ကလည်း
ကိုယ့်အလှူမှာ ဝေယျာဝစ္စလာလုပ်ပေးတဲ့ သူတွေအပေါ် ငွေဂုဏ်နဲ့ ခွဲခြားဆက်ဆံတာ၊
နှိမ့်ချတာ မပြုရဘူး။ သူတို့ဝေယျာဝစ္စသမားတွေ အကျိုး ဆောင်ကြလို့သာ ငါ့ရဲ့အလှူ
ပြီးမြောက်အောင်မြင်ရ တာပါလားလို့ တွေးပြီး ကျေးဇူးတင်ပါ။
ဝေယျာဝစ္စသမားကလည်း ကိုယ်လှူတဲ့ အလှူ
မဟုတ်လို့ ဝတ်ကျေတန်းကျေသဘောနဲ့ မကူညီရင် မဖြစ်လို့ ကူညီလုပ်ကိုင်ပေးရတယ်
ဆိုတဲ့စိတ် မမွေး နဲ့။ သူ့အလှူ ဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူး ဆိုတဲ့ စိတ်မျိုး
မထားနဲ့။ အလှူရှင်က သိချင်သိ မသိချင် နေ၊ အလှူရှင်က အသိအမှတ်ပြုချင်ပြု မပြုချင်နေ
အလှူပွဲမှာ လစ်ဟာမှုမရှိအောင် စိတ်စေတနာကောင်း ထားပြီး ဆောင်ရွက်ပါ။ အလှူရှင်
ရှိလို့ တို့လည်း ဝေယျာဝစ္စလုပ်ခွင့်ရတာပါလားလို့ အလှူရှင်ကို ကျေးဇူး တင်ပါ။
အလှူရှင်က အလှူဒါနရဲ့ကုသိုလ်အကျိုးကို ရ
သလို ငါတို့ဝေယျာဝစ္စသမားတွဆိုတာလည်း ဝေယျာဝစ္စ ကုသိုလ်အကျိုးကို
ရခွင့်ကြုံရတာပါလားလို့ မှန်ကန်တဲ့ အသိ ရှိဖို့လိုပါတယ်။
ဒီနေရာမှာ
ပါယာသိမြို့စားနဲ့ဥတ္တရလုလင်တို့ရဲ့ အကြောင်း အသိပေးချင်တယ်။ ပါယာသိမြို့စားက
အလှူရှင်ပါ။ ဥတ္တရလုလင်က ဝေယျာဝစ္စသမားပါ။ ပါယာသိမြို့စားဟာ ရဟန်း၊ ပုဏ္ဏား၊
ခရီးသည်၊ သူတောင်းစားတို့ကို
ပုံးရည်ဟင်း၊ ဆန်ကွဲထမင်း၊ ချည်မျှင်ကြမ်း အဝတ်အထည်တို့ကိုလှူတယ်။ ဥတ္တရ လုလင်က
ဝေယျာဝစ္စခေါင်းဆောင်အဖြစ် ဆောင်ရွက် တယ်။ အလှူပွဲပြီးတော့ ဥတ္တရလုလင်က
ပါယာသိမြို့စား နဲ့ နောင်ဘဝတွေမှာ မဆုံရဖို့ ဆုတောင်းတယ်။ ပါယာသိ မြို့စားသိတော့
မေးတယ်။ ဘာကြောင့် ဒီလိုဆုတောင်းရ တာလဲပေါ့။
အတိုချုပ်ရင် “အရှင်က အကောင်းစားတွေ ဝတ်
ဆင် စားသုံးတယ်။ လှူတော့ အညံ့စားတွေ လှူတယ်၊ ဒါကြောင့်မို့ နောင်ဘဝ မဆုံဖို့
ဆုတောင်းတာ”လို့ ဖြေကြားတယ်။ ပါယာသိမြို့စားကလည်း ငါဝတ်ဆင် စားသုံးသလိုမျိုး
တန်းတူ လှူခွင့်ပြုလိုက်တယ်။ ဥတ္တရ လုလင်ဟာ အခွင့်ရပြီမို့ အကောင်းဆုံး ဘောဇဉ်နဲ့
အဝတ်အထည်တွေကို ကိုယ်တိုင် ဦးစီးဆောင်ရွက်ပြီး တော့ လှူတယ်။
အချိန်တန်လို့ သေသွားကြတဲ့အခါ
ပါယာသိ မြို့စားက
အလှူရဲ့အကျိုးကြောင့် စတုမဟာရာဇ် နတ် ဘုံဗိမာန်မှာ ပရိသတ်ကင်းမဲ့တဲ့
နတ်သားဖြစ်တယ်။ ဥတ္တရလုလင်ကတော့
စေတနာကောင်းနဲ့ဝေယျာဝစ္စ ဆောင်ရွက်တဲ့အတွက်ကြောင့် စတုမဟာရာဇ်နတ်ဘုံ ထက် မြင့်တဲ့
တာဝတိံသာနတ်ဘုံမှာ နတ်သား ဖြစ် တယ်။ ဝေယျာဝစ္စသမားဟာ စေတနာကောင်းနဲ့လုပ်
ဖို့လိုတယ်ဆိုတာ သဘောပေါက်လောက်ပါပြီနော်။
အိမ်စေဘဝနဲ့
ဘဝအကျိုးပေးမကောင်းလို့
နေရတာတောင်မှ ဆင်းရဲမွဲတေလှလို့ ကိုယ့်ဘဝ မလှပ ဘူးဆိုရင်တောင်မှ ငါတို့တော့
သူတစ်ပါးတွေလို လှူ လည်း မလှူနိုင်၊ ကုသိုလ်ကောင်းမှု လုပ်ဖို့ အချိန်နဲ့
အခွင့်အရေးမရှိဘူးလို့ အားငယ်နေစရာမလိုဘဲ
ဝေယျာဝစ္စကိုသာ မွန်မြတ်တဲ့စေတနာနဲ့လုပ်မယ်ဆိုရင် လူ့စည်းစိမ်၊
နတ်စည်းစိမ်သာမက နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းတွေ ဖြစ်နိုင်ပါတယ်။
ဝေယျာဝစ္စ လုပ်တဲ့နေရာမှာ အခြားဝေယျာဝစ္စ
လုပ်နေတဲ့သူတွေကို ဗိုလ်ကျမယ်၊ အနိုင်ကျင့်မယ်၊ ဆရာကြီး ဝင်လုပ်မယ်၊ နှိမ့်ချမယ်၊
အလုပ်ထက် နေရာ ယူဖို့လောက်ပဲ စိတ်ကူးမယ်၊ လစ်ရင် လစ်သလို တိုမယ်၊ လျှိုမယ်၊
ကဲ့မယ်၊ အလှူရှင်နဲ့ ဝေယျာဝစ္စ သမားတွေ စိတ်အနှောင့်အယှက်ဖြစ်စေမယ် စတဲ့ ယုတ်ညံ့တဲ့
အလိုဆိုးရှိသူ ဝေယျာဝစ္စသမား ဆိုရင်တော့ သူ့ကိုယ်သူ မသိလို့ပါ။ အလွန်
သနားစရာကောင်းတဲ့ သူတွေပါ။ ဝေယျာဝစ္စ လုပ်တာ ကုသိုလ် မရတဲ့အပြင် အကုသိုလ်ပါ
ပိုလို့ကြီးထွားလာစေတာကြောင့် အပါယ်လေးပါးမှာ စုံးစုံးမြုပ်ရတော့မှာပါ။
လယ်တီဆရာတော်လိုမျိုး စေတနာရော လုံ့လပါ
ကြီးမားတဲ့ ဝေယျာဝစ္စသမားမျိုးဖြစ်အောင် ကိုယ့် စိတ်ကိုယ်ပြင် သတိနဲ့ပြင်ဆင်ပြီး
ကိုယ့်ကိုယ်ကို ဆင်ခြင် နိုင်ကြစေဖို့ အလေးဂရုပြုဖို့ တိုက်တွန်းလိုက်ရပါ တော့တယ်။
သမ္ပဇဉ်(ပေါင်မြို့)
မျက်မှောက်ဘ၀တွင်ခံစားရသော ဒါန၏ကောင်းကျိုးများ မသုမေ
မျက်မှောက်ဘဝ၌
ခံစားရသော ဒါန၏ကောင်းကျိုးများ
မသုမေ
“ဟင် . .သီတာ မျက်နှာလည်း မကောင်းပါလား၊
ဘာဖြစ်လာလို့လဲ . .လာ . .လာ . .ဒီမှာ ထိုင်ပါ
“အန်တီ . .သမီးတော့ ကိုမောင်မောင်နဲ့
စေ့စပ် ပွဲကို ဖျက်ရတော့မယ်”
“ဟေ . .ဘယ်လိုဖြစ်ရတာလဲ သမီးရယ်၊ မိဘ
ချင်းလည်း သူငယ်ချင်းတွေ ဖြစ်ကြတယ်၊ သမီးတို့ ချင်းလည်း
စိတ်တူကိုယ်တူဖြစ်ကြတယ်ဆိုပြီး အစစ အရာရာအဆင်ပြေနေကြလို့ လက်ထပ်ဖို့“ရက်”တောင်
ရွေးပြီးကာမှ ဘာပြဿနာပေါ်လာလို့လဲကွယ်”
“လက်ထပ်ဖို့ ရက်ရွေးပြီးပြီ ဆိုတော့
သူ့အိမ်၊ ကိုယ့်အိမ်
အဝင်အထွက်ပိုများလာတယ်လေ၊ ဒီတော့ မှ သူ့ရဲ့ဇာတိရုပ်က ပေါ်လာတာကိုး အန်တီရဲ့”
“ဟင် . .ဟုတ်လား၊ ဘယ်လိုဇာတိရုပ်လဲ သမီး
ရဲ့၊ ကောင်လေးက အသောက်အစားကင်းပြီး ရိုးသား ကြိုးစားတယ်လို့ သတင်းကြားထားတာပါ”
မိရိုးဖလာ
ဗုဒ္ဓဘာသာအမည်ခံ
“ဟုတ်ပါတယ်၊ အသောက်အစားကင်းပြီး ရိုးသား
ကြိုးစားတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ သဒ္ဓါတရား မရှိဘူး အန်တီရဲ့၊ ဗုဒ္ဓဘာသာအမည်ခံ
အဆင့်ပဲ ရှိ တာ၊ ဩကာသဘုရားရှိခိုးလေးတောင် မရဘူး၊ ကံ- ကံ၏အကျိုးကိုလည်း
နားမလည်ဘူး၊ သူတို့ကိုယ် သူ တို့ ခေတ်ပညာတတ်တယ်ဆိုပြီး လက်တွေ့ကိုပဲ ယုံ တယ်၊ ဒီဘဝ
ကောင်းမှုတွေ လုပ်လို့ နောက်ဘဝ ချမ်းသာသုခရမယ်ဆိုတာကို မယုံဘူး၊ စိတ်လည်း မဝင်
စားဘူးတဲ့။ မနက်ကတော့ ရုံးပိတ်ရက်ဖြစ်ပြီး ဖေဖေ နဲ့မေမေကလည်း ခရီးထွက်နေတယ်ဆိုတော့
သူက အိမ်ကို မနက်စောစောကတည်းက ရောက်လာတယ် အန်တီရဲ့၊ သမီးက ထုံးစံအတိုင်း
ဆွမ်းဟင်းတွေ ချက် ပြီး ဆွမ်းခြွံကလာတဲ့ ကိုရင်တွေ ဦးပဉ္စင်းတွေကို ဆွမ်း
လောင်းတာပေါ့။ စာပြန်ပွဲကလည်း နီးနေပြီမို့ သမီး ရဲ့လခထဲက ဖဲ့ ဖဲ့ပြီး
စုထားတဲ့ငွေနဲ့ တစ်ပါးကို ငွေ တစ်ထောင်၊ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ စတဲ့
စာရေးကိရိယာတစ်စုံစီ အိတ်တွေနဲ့ထည့်ပြီး ကပ်လှူ တာကိုး။ အဲဒါ အန်တီရယ်၊
ကိုမောင်မောင်က သမီး ကို အပိုအလုပ်တွေ လုပ်တယ်တဲ့။ ဘုန်းကြီးဆိုတာ
ဘာအလုပ်မှမလုပ်ဘဲ ဆွမ်းခံစားပြီး ဇိမ်ရစ် အိပ်နေ ကြသူတွေတဲ့လေ၊ သူနဲ့
လက်ထပ်ပြီးရင်တော့ ဒီလို အပိုငွေကုန်မယ့်အလုပ်တွေ မလုပ်ရဘူးတဲ့လေ၊ သမီး ကလည်း
ကိုယ့်မိဘ ဘိုးဘွားလက်ထက်ကတည်းက အလှူရေစက် လက်နဲ့မကွာ လှူဒါန်းပူဇော်လာခဲ့တာ
တွေကို သူနဲ့အိမ်ထောင်ကျပြီးခါမှ ဒီအစဉ်အလာကို မစွန့်လွှတ်နိုင်ဘူး အန်တီရဲ့၊
ဒါကြောင့် အိမ်ထောင် ကျပြီးမှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ပြီး ကွာရှင်းကြ မယ့်အစား
ခုကတည်းက စေ့စပ်ပွဲ ဖျက်လိုက်တော့ မယ်လို့ စိတ်ကူးပြီး အန်တီနဲ့တိုင်ပင်ရအောင်
လာခဲ့ တာပါ”
စဉ်းစားဆင်ခြင်
ဥာဏ်နဲ့ယှဉ်
“ဪ. .သမီးရယ် . .ပြဿနာတစ်ခုကို
ဟောဟောဒိုင်းဒိုင်းကြီး မစဉ်းစား မဆင်ခြင်ဘဲ ဆုံးဖြတ် ချက် မချလိုက်ပါနဲ့ကွယ် .
.မောင်မောင်လို လူကောင်း တစ်ယောက်ကိုလည်း အလွယ်တကူ လက်လွှတ် အဆုံးရှုံးမခံပါနဲ့၊
သေသေချာချာ ညှိနှိုင်းဆွေးနွေးပြီး ဆွဲဆောင်စည်းရုံးကြည့်ပါဦး၊သူ့မိဘနဲ့
အသိုင်းအဝိုင်း က တကယ့် ပညာရှိသူတော်ကောင်းကြီးတွေဖြစ်တဲ့ ဆရာတော်ကြီးများနဲ့
အလှမ်းဝေးနေကြလို့ သံဃာ့ ဂုဏ်ကျေးဇူးကို နားမလည်နိုင်တာ ရှိပါလိမ့်မယ်။ ဒါရိုက်တာ ဦးသုခရဲ့ ရဟန်းစားရသော
ဆွမ်းတစ်နပ် တို့ ရဟန်းမစားရသော ဆွမ်းတစ်နပ်တို့ အဲဒီလိုမျိုး ဇာတ်ကားတွေကို
မကြည့်ဖူးဘူးထင်တယ်”
“သူတို့က ဗိုလ်ဆန်တယ် အန်တီရဲ့၊ သူတို့
တစ် မိသားစုလုံးက ငွေကြေးဓနနဲ့ ပညာနောက်ပဲ ကောက် ကောက်ပါအောင် လိုက်နေကြတာ၊
သူ့အဖေကြီးဆိုရင် အသက် (၆၀)ကျော်နေတာတောင် ကျောင်းတွေ တက်၊ သင်တန်းတွေ တက်ပြီး
ဘွဲ့အထပ်ထပ်ယူနေတုန်းပဲ၊ သူ့အမေကလည်း သူ့ရတနာဆိုင်ကို ဆိုင်ခွဲတွေ ထပ်ထပ်
ဖွင့်ဖို့ပဲ အာရုံရှိတယ်၊ ဘုရား တရား လိုက်စားဖို့ အချိန် မပေးနိုင်ကြဘူး အန်တီရဲ့”
ကုသိုလ်ပြုခွင့်ရသော
လူသားဘဝ
“ဪ . .သနားစရာပဲနော်၊ လူ့ဘဝဆိုတာ
ခဏလေးပဲ သီတာရဲ့၊ စားဖို့နေဖို့အတွက် ပိုက်ဆံရှာရင်း နဲ့သေသွားရင်
တိရစ္ဆာန်ရဲ့ဘဝနဲ့ ဘာထူးသေးသလဲ၊ လူ့ဘဝကိုရတယ်ဆိုတာကိုက ကုသိုလ်ကောင်းမှုတွေ များများပြုနိုင်ဖို့၊
ဒါန၊ သီလ၊ ဘာဝနာတွေ များများ ပြုလုပ်နိုင်ဖို့ဖြစ်တယ် သမီးရဲ့၊ သမီးပဲ
စဉ်းစားကြည့် လေ၊ အပါယ်(၄)ဘုံသားဆိုတာ ကုသိုလ်ကောင်းမှုပြု ဖို့ အခွင့်အလမ်းဟာ
မရှိသလောက်နည်းတယ်၊ နတ် ဗြဟ္မာများဟာလည်း စည်းစိမ်ချမ်းသာ အပြည့်အဝရှိ နေလို့
ကုသိုလ်ကောင်းမှုပြုဖို့ မလွယ်ဘူး၊ ဒါကြောင့် ဘုရားအလောင်း သူတော်ကောင်းကြီးများဟာ
နတ် သက်၊ ဗြဟ္မာသက်ချွေပြီး လူ့ပြည်မှာ ကုသိုလ်ကောင်းမှု ပြုကြသတဲ့။ လူ့ဘဝမှာတော့
ကုသိုလ်ကောင်းမှု ပြုစရာ တွေက များလိုက်တာ၊ ဒီတော့ လူ့ဘဝရတုန်း ရခိုက်
ကုသိုလ်ကောင်းမှု များများပြုနိုင်ဖို့ ကြိုးစားရမှာပဲ”
သံဃာ့ဂုဏ်ကျေးဇူး
“တို့ မြန်မာနိုင်ငံတော်မှာ
လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူ ဦးရေက အများဆုံးပါ။ အဲဒီ တောသူ တောင်သားတွေကို
လိမ္မာယဉ်ကျေးအောင်၊ လောကီ လောကုတ္တရာကြီးပွားကြောင်းတွေကို ဘုန်းကြီးတွေက
ဆုံးမသင်ကြားပေးတာ ဖြစ်တယ် သမီးရဲ့၊ သံဃာ တော်တွေရဲ့ကျေးဇူးကို သိပြီး ကြည်ညိုတတ်အောင်
မောင်မောင့်ကို မဟာဂန္ဓာရုံကျောင်းတိုက်ကို ခေါ်သွား ပြီး ပြပါ။
ရန်ကုန်မှာဆိုရင်တော့ သင်္ကန်းကျွန်းမှာ ရှိ တဲ့ ငါးကျမ်းပြန် သာသနာ့ရိပ်သာကို
သွားရောက် လေ့လာပါ။
ထေရဝါဒဗုဒ္ဓတက္ကသိုလ်ရဲ့ပါမောက္ခဒေါက်တာ အရှင်ဓမ္မပီယဟာ “နိဂြောဓ” သာမဏေစီမံကိန်းကို
အကောင်အထည်ဖော်ဆောင်ရွက်နေတာကို လေ့လာ ကြည့်ရင် ဘုန်းကြီးတွေ ဇိမ်ရစ်ပြီးအိပ်နေတာ
မဟုတ် ကြောင်း လက်တွေ့မြင်ရပါလိမ့်မယ်။ စီမံကိန်းဝင် သာမဏေလေးများဟာ ဗုဒ္ဓစာပေသာမက
လောကီ အတန်းပညာကိုလည်း သင်ကြားကြရပါတယ်။ အချို့ ကိုရင်လေးတွေဆိုရင် ကိုရင်ဘဝနဲ့ပဲ
ငယ်ç လတ်çကြီး လည်း အောင်ပြီးတဲ့အပြင် လောကီပညာဖြစ်တဲ့ အဝေး သင်တက္ကသိုလ်မှာ
ဥပဒေပညာ တတိယနှစ်ရောက် နေကြပါပြီ။ ရှင်သာမဏေကျင့်ဝတ်နဲ့အညီ နေထိုင်ရင်း လောကီ
လောကုတ္တရာစာပေများ သင်ကြားကာ ကျောင်းဝေယျာဝစ္စများကိုလည်း လစ်ဟင်းမှုမရှိအောင်
စည်းကမ်းတကျ လုပ်ကိုင်ဆောင်ရွက်နေကြတာတွေကို ကြည်ညိုဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ်”
“သူက မေးတယ် အန်တီရဲ့၊ ဘုန်းကြီးတွေကို
ဘာလို့ ကြည်ညိုတာလဲတဲ့၊ ဘုန်းကြီးတွေကို ဒီလို လှူဒါန်းရင် ချမ်းသာသုခရလိမ့်မယ်၊
နောက်ဘဝ နတ် ပြည်ရောက်လိမ့်မယ်လို့ ဘာကြောင့်ယုံကြည်ရတာလဲတဲ့။ သူကတော့
နောက်ဘဝဆိုတာကို မယုံဘူးတဲ့။ နတ်တွေ
ဗြဟ္မာတွေဆိုတာကိုလည်း လက်တွေ့မြင်ရတာ မဟုတ်လို့ မယုံဘူးတဲ့လေ၊ အဲဒါ သမီးကလည်း
သူ့သံသယတွေ ပြေအောင် အချက်ကျကျ ပြန်မဖြေနိုင်ဘူး အန်တီရဲ့”
ကုသိုလ်-အကုသိုလ်
ခွဲခြားသိမြင်
“သမီးက ဒီလိုပြန်ဖြေလိုက်ပါ။
မောင်မောင်ဟာ ဘုန်းကြီးတွေလို ကတုံး တုံးပြီး သင်္ကန်း ဝတ်နိုင်ရဲ့ လား၊ ညစာမစားဘဲ
နေနိုင်သလားလို့၊ ကိုရင်များနဲ့ ဘုန်းတော်ကြီးများဟာ လူဝတ်ကြောင်ဘဝကို
စွန့်ခွာပြီး (၁၀)ပါးသီလကို စောင့်ထိန်းတယ်၊ (၂၂၇)သွယ်သော ဝိနည်းသိက္ခာပုဒ်နဲ့အညီ
နေထိုင်တော်မူကြတာကြောင့် ကြည်ညိုပါတယ်လို့ ပြောပြပါတယ်။ နတ်ဗြဟ္မာတွေကို
မယုံဘူးဆိုတာကိုတော့ ဥပမာလေးပေးပြီး ရှင်းပြပါ၊ ဥပမာ စိတ်ကောင်းစေတနာကောင်းရှိပြီး
ကျေးတောရွာ က ကလေးတွေကို ပညာတတ်စေချင်တဲ့ ဘွဲ့ရ ရန်ကုန် သားတစ်ယောက်ဟာ
ဝေးလံခေါင်သီတဲ့ တောရွာ တစ်ရွာမှာ
ဆရာအဖြစ် စာသင်ပေးနေတယ်ဆိုပါတော့။ နွားလှည်းလောက်သာ မြင်ဖူးတဲ့ ကလေးတွေကို ကား ပုံ
ဆွဲပြပြီး ဒါက မော်တော်ကားလို့ ခေါ်တယ်၊ နွားလှည်း ထက် ပိုပြီး
မြန်မြန်သွားနိုင်တယ်၊ ဒါကို လေယာဉ်ပျံလို့ ခေါ်တယ်။ တောတောင်တွေကို ကျော်ဖြတ်ပြီး
ကောင်းကင်ယံမှာ ပျံသန်းသွားလာနိုင်တယ်လို့ပြောပြရင် ယုံရမှာ မဟုတ်ဘူးလား။
ကိုယ်မမြင်ဖူးတာနဲ့ မယုံဘူး ဆိုရင် ဘဝဟာ ကျဉ်းမြောင်းသွားလိမ့်မယ်။ မောင်မောင် ဟာ
မသန့်ရှင်းတဲ့ အစားအစာထဲမှာ ရောဂါပိုးမွှားတွေ ပါတယ်ဆိုတာတော့ ယုံတယ်မဟုတ်လား၊
အဲဒီရောဂါ ပိုးမွှားတွေကိုလည်း ကိုယ့်မျက်စိနဲ့မြင်မှ မမြင်ရဘဲနဲ့ ဘာကြောင့်
ယုံရတာလဲ”
“ဟုတ်တယ်နော် အန်တီ၊ မျက်စိနဲ့ မမြင်ရတာ
ချင်း အတူတူပဲဟာ၊ အဲဒါကျတော့ ယုံပြီးတော့ နတ် ဗြဟ္မာကျတော့ မယုံဘူးတဲ့”
“ဘုန်းတော်ကြီးများဟာ
မြတ်ဗုဒ္ဓရဲ့တရားတော် များကို သင်အံလေ့ကျက်ပြီး လူအများကို လောကီ လောကုတ္တရာ
ကြီးပွားချမ်းသာဖို့အရေး ဆုံးမဩဝါဒ ပေးတယ်။ ဒါက ကုသိုလ်တရားပဲ၊
ကျင့်ဆောင်ရမယ်။ဒါဟာ အကုသိုလ်တရားပဲ၊ ရှောင်ရှားရမယ်လို့ သိပြီး လိုက်နာကြသူတွေဟာ
ဒီဘဝရော၊ နောက်ဘဝမှာပါ ချမ်းသာသုခကို ခံစားရတယ်။ သမီးကို အင်္ဂုတ္တိုရ် ပါဠိတော် သတ္တကနိပါတ်၊ သီဟသေနာပတိသုတ်တော်
မှာ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားပြပုံလေးကို ပြော ပြမယ်”
မျက်မှောက်ဘဝ၌
ခံစားရသော
ဒါန၏
ကောင်းကျိုးများ
“တို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ
ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်မှာ သီတင်းသုံး တော်မူစဉ်အခါကပေါ့။
သီဟလို့ ခေါ်တဲ့ စစ်သူကြီးဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး “အရှင်ဘုရား၊
မျက်မှောက်ထင်ထင် သိမြင်ခံစားနိုင်သည့် ဒါနအကျိုး ကို ဟောကြားခြင်းငှာ
ဖြစ်နိုင်ပါသလား” လို့ မေး လျှောက်တဲ့အခါမှာ မြတ်စွာဘုရားရှင်ဟာ တုံ့ပြန် မေးမြန်းချက်များနဲ့
ဖြေကြားတော်မူခဲ့ပါတယ်”
“သီဟ . . .ဤလောက၌ သဒ္ဓါနည်းပါး၊ ဝန်တို
စိတ်များပြီး ကြိမ်းမောင်းဆဲဆိုတတ်သူနှင့် သဒ္ဓါရွှင်လန်း ပေးကမ်းလှူဒါန်းမှု၌
အစဉ်မွေ့လျော်တတ်သူ ဟူ၍ လူနှစ်ယောက် ရှိရာ၏။ ထိုသူနှစ်ယောက်တို့တွင် မည်သူ့ကို
ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ ကူညီ စောင့်ရှောက်ကြမည်နည်း”
“အရှင်ဘုရား၊ သဒ္ဓါရွှင်လန်း
ပေးကမ်းလှူဒါန်းမှု ၌ မွေ့လျော်တတ်သူကို ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေး ဦးစွာ
ကူညီစောင့်ရှောက်ကြပါလိမ့်မည်
“သီဟ . . .ထိုသူနှစ်ယောက်တို့တွင်
မည်သူ့ထံ သို့ ရဟန္တာပုဂ္ဂိုလ်တို့ ရှေးဦးစွာ ချဉ်းကပ်ကြသနည်း”
“အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း
လှူဒါန်းမှု၌ မွေ့လျော်သူတို့ထဲသို့ ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ
ချဉ်းကပ်ကြပါလိမ့်မည်”
“သီဟ . . .ထိုသူနှစ်ယောက်တို့တွင်
မည်သူ၏ ပစ္စည်းကို ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ အလှူခံ ကြမည်နည်း”
“အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း
လှူဒါန်းမှု၌ မွေ့လျော်သူတို့၏ ပစ္စည်းကို ရဟန္တာပုဂ္ဂိုလ် တို့သည် ရှေးဦးစွာ
အလှူခံကြပါလိမ့်မည်”
“သီဟ . . ..ထိုသူနှစ်ဦးတို့တွင်
မည်သူ့အား ရဟန္တာ ပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ တရားဟောကြား မည်နည်း”
“အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း
လှူဒါန်းမှု၌ မွေ့လျော်သူအား ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ တရားဟောကြားပါလိမ့်မည်”
“သီဟ . . .ထိုသူနှစ်ဦးတွင် မည်သူ၏
ကောင်း သော ဂုဏ်သတင်းသည် ပျံ့နှံ့မည်နည်း”
“အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း
လှူဒါန်းမှု၌ မွေ့လျော်သူ၏ကောင်းသော ဂုဏ်သတင်း သည် ပျံ့နှံ့ပါလိမ့်မည်”
“သီဟ . . .ထိုသူ နှစ်ဦးတို့တွင်
မည်သူသည် ကြောက်ရွံ့မှုကင်းစင် ကြည်လင်သောမျက်နှာရှိသည် ဖြစ်၍ ပရိသတ်လေးပါးသို့
ချဉ်းကပ်ဝံ့မည်နည်း”
“အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း
လှူဒါန်းမှု၌ မွေ့လျော်သူသည် ကြောက်ရွံ့မှုကင်းစင် ကြည်လင်သော မျက်နှာရှိသည်ဖြစ်၍
ပရိသတ် လေးပါးသို့ ချဉ်းကပ်ဝံ့ပါလိမ့်မည်”
“သီဟ . . .သဒ္ဓါနည်းပါး
ဝန်တိုစိတ်များသူနှင့် သဒ္ဓါရွှင်လန်း ပေးကမ်းလှူဒါန်းမှု၌ မွေ့လျော်သူတို့
နှစ်ဦးတွင် မည်သူသည် သေလွန်သောအခါ သုဂတိ ဘုံသို့ရောက်မည်နည်း”
“အရှင်ဘုရား . . .ထိုသူနှစ်ဦးတို့တွင်
သဒ္ဓါရွှင်လန်း ပေးကမ်းလှူဒါန်းမှု၌မွေ့လျော်သူသည် သေလွန်သောအခါ
သုဂတိဘုံသို့ရောက်ပါလိမ့်မည်”လို့ သီဟစစ်သူကြီးက ဖြေကြားပြီး နောက်ထပ် ဆက်ပြီး
လျှောက်ထားတာကတော့ . . .
“အရှင်ဘုရား ယခု မြတ်စွာဘုရား ဟောကြား
ခဲ့သည့် မျက်မှောက်ထင်ထင် သိမြင်ခံစားနိုင်သော ဒါန၏အကျိုးတို့၌ မြတ်စွာဘုရားအား
ယုံကြည်မှုဖြင့် တပည့်တော် လက်ခံသည် မဟုတ်ပါ။ တပည့်တော် ကိုယ်တိုင်လည်း
ဤအကျိုးများကို သိမြင်ပါသည်။”
“အရှင်ဘုရား . .တပည့်တော်သည် ပေးလှူတတ်
သူ ဒါနရှင်ဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် တပည့် တော်ကို ရှေးဦးစွာ
စောင့်ရှောက်ကြပါသည်။ တပည့် တော်ထံ ရှေးဦးစွာ ချဉ်းကပ်ကြပါသည်။ တပည့်တော်
၏လှူဖွယ်ပစ္စည်းကို ရှေးဦးစွာခံယူကြပါသည်။ တပည့် တော်အား ရှေးဦးစွာ တရားဟောကြပါသည်။
တပည့် တော်၏ကောင်းသောဂုဏ်သတင်းသည် ပျံ့နှံ့ပါသည်။ တပည့်တော်သည်
ကြောက်ရွံ့မှုကင်းစင် ကြည်လင် သောမျက်နှာ ရှိသည်ဖြစ်၍ ပရိသတ်လေးပါးသို့ ချဉ်းကပ်ဝံ့ပါသည်”
“အရှင်ဘုရား . . .ပေးလှူတတ်သော အလှူရှင်
သည် သေလွန်သောအခါ သုဂတိဘုံသို့ရောက်ရ၏
ဟူ၍ မြတ်စွာဘုရားဟောကြားသောအကျိုးကိုမူ တပည့် တော်သည် ကိုယ်တိုင်မသိပါ။
ဤအကျိုး၌ မြတ်စွာ ဘုရားအား ယုံကြည်မှုဖြင့် တပည့်တော် လက်ခံပါ သည်}}လို့
လျှောက်ထားသတဲ့”
“ဒီ သီဟသေနာပတိသုတ်ကို မောင်မောင် နားလည်အောင် ရှင်းလင်း ဟောပြလိုက်ပါ။
သူ လက်ခံလာပါလိမ့်မယ် သမီးရယ်”
“ဟုတ်တယ် . .ဟုတ်တယ် . .အကျိုးအကြောင်း
ဆီလျော်ပြီး သိပ်လက်တွေ့ကျတာပဲ၊ မြတ်စွာဘုရား ရဲ့တရားတော်တွေက သိပ်သဘာဝကျတာပဲနော်
. . သမီးဖြင့် ကြည်ညိုလို့ကို မဆုံးနိုင်ဘူး၊ ဒီနေ့ အန်တီ ရှင်းပြတာတွေအားလုံး
ကိုမောင်မောင်ကို ပြောပြပြီး ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်လာအောင် စည်းရုံးကြည့်ဦး မယ်
အန်တီရယ် . .အန်တီ့ကို ဘယ်လိုကျေးဇူးတင်မှန်း မသိဘူး၊ ကဲ . . .သမီးလည်း
ပြန်ဦးမယ်နော်၊ အန်တီ့ကို သမီး ကန်တော့ပါရစေ”
“သာဓုပါ သမီးရယ် . .သာဓုပါ သာဓုပါ”
စိတ်ချမ်းသာ၍
ကိုယ်ကျန်းမာကြပါစေ။
မသုမေ
ပစ္စုပန်ဘ၀ရဲ့ထွက်ပေါက် ဝေလင်း (ဧရာဝတီ)
ပစ္စုပ္ပန်ဘဝရဲ့ထွက်ပေါက်
ဝေလင်း(ဧရာဝတီ)
သုံးဆယ့်တစ်ဘုံတည်း ဟူသော ဝဋ်အတွင်းမှ မလွတ်ကင်း
သေးကြတဲ့ လူသားအားလုံးတို့သည် ဘဝရယ်,ခန္ဓာရယ်,ပစ္စည်းဥစ္စာရယ် လို့ ရရှိထားကြတဲ့အတွက်
ဘေး အန္တရာယ် အသွယ်သွယ်များကို
တွေ့ကြုံနေကြရမည်မှာ မလွဲပေ။ ထိုသို့ တွေ့ကြုံလာတဲ့အခါ ဘဝရဲ့ ထွက်ပေါက်ရှိမှဖြစ်မယ်၊
ထွက်ပေါက် မရှိရင် နှောင်အိမ်တွင်းမှာ မိနေတဲ့ ငှက်ကလေးကဲ့သို့ ထွက်ပေါက်ကို
ရှာမရဘဲ တလည်လည်နှင့် ဆင်းရဲ ဒုက္ခရောက်ကြမှာ အမှန်ပင် ဖြစ်ပါ တယ်။
ကြုံတွေ့နိုင်တဲ့ ဘေးအန္တရာယ် များကတော့-
(၁)အသက်ရဲ့အန္တရာယ်
(၂)ပစ္စည်းဥစ္စာရဲ့အန္တရာယ်
(၃)အိမ်ထောင်ရေးအန္တရာယ်
(၄)အလိမ်အညာခံရတဲ့
အန္တရာယ်
(၅)ရူးသွပ်မေ့လျော့ခြင်းရဲ့
အန္တရာယ် တို့ ဖြစ်ပါတယ်။
ဒီအန္တရာယ်များ တစ်ပါးပါး
ကြုံတွေ့လာတဲ့အခါ ထွက်ပေါက်ရှာ နိုင်ဖို့အတွက် အခုကတည်းက ကြိုတင်ပြီး လွတ်မြောက်ရာ
လွတ်မြောက်ကြောင်း ထွက်ပေါက်ကို ရှာထားရမှာဖြစ်ပါတယ်။
ကိုယ့်ကို ညှဉ်းဆဲသတ်ဖြတ်မယ့်
ရန်သူများနဲ့ တွေ့ကြုံပြီး အသက်ရဲ့ အန္တရာယ် ကြုံလာတဲ့အခါ သစ္စာ ဓိဋ္ဌာန်ပြုရပါမယ်။
ဘယ်လိုပြုရမှာ လဲဆိုရင် -
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိ ယာမိ။
“ငါသည် ဤသိက္ခာပုဒ်
ဆောက်တည်သည့်နေ့ကစ၍ လူဇာတ်ဖြစ်သော သူ၏အသက် လူဇာတ် မဟုတ်သော သတ္တဝါများ ရဲ့အသက်တို့ကို
ညှဉ်းဆဲမှု မပြုတော့ ပါ။ ဤမှန်ကန်သော သစ္စာစကား ကြောင့် အသက်ရဲ့အန္တရာယ်မှ
ကင်းဝေးပါစေ၊ လွတ်မြောက်ပါစေ၊ ကင်းဝေးလွတ်မြောက်ပါစေ”လို့ သစ္စာပြုရမယ်။ အဲဒီလို
သစ္စာပြုနိုင် အောင်လည်း ဘဝရဲ့ထွက်ပေါက် ဖြစ်တဲ့ ပါဏာတိပါတသိက္ခာပုဒ်ကို
ဆောက်တည်ထားရမယ်။
မြတ်စွာဘုရားရှင်သည် အလောင်းတော်
ငုံးမင်းဘဝတုန်းက မွေးကင်းစအရွယ် အတောင် မပေါက်သေးတဲ့အရွယ်မှာ တောမီး များ
လောင်ကျွမ်းလာတဲ့အခါ သူဟာ သူတစ်ပါးတို့လို အတောင်နဲ့ ပျံသန်းမှု မပြုနိုင်တဲ့အတွက်
ဘဝရဲ့ ထွက်ပေါက်ကို သစ္စာပြုပြီး ရှာခဲ့ရ တယ်။ လွတ်လည်း လွတ်မြောက်ခဲ့ တယ်။ အဲဒီလို
သစ္စာပြုနိုင်အောင် လည်း ရှေးရှေးတုန်းက သူတစ်ပါး အသက်ကို သတ်ဖြတ်ခြင်းမှ
ရှောင်ကြဉ်ပြီး သူတစ်ပါး အသက် ကယ်ခဲ့တဲ့ ပါရမီတော်တွေကို ဆည်းပူးခဲ့တဲ့
အတွက်ကြောင့် အသက်ဘေးမှ လွတ်မြောက်ရခြင်း ဖြစ်ပါတယ်။
တစ်ဖန် မိမိမှာရှိတဲ့ ပစ္စည်းဥစ္စာ များဟာ
ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံ နေတဲ့အတွက် ရေဘေး, မီးဘေး, သားဆိုးသမီးဆိုးဘေး, မင်းဘေး,
ခိုးသူဘေးတို့နဲ့ တွေ့ကြုံလာနိုင် တယ်။ ကြုံလာတဲ့အခါ ဘဝရဲ့ ထွက်ပေါက်ဆိုတာ
လိုအပ်လာပါ တယ်။ ထွက်ပေါက်မရှိရင် ဥစ္စာ ပစ္စည်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ကြုံရတတ်တယ်။ ဒါဖြင့် ထွက်ပေါက် ကို ဘယ်လိုရှာမလဲ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
“ငါသည် ဤသိက္ခာပုဒ် ဆောက်တည်တဲ့
နေ့မှစပြီး သူတစ်ပါး ပစ္စည်းဥစ္စာတွေကို ပိုင်ရှင် မသိဘဲ မယူလိုပါ။ ငါ ရစရာရှိတာ
များကိုလည်း ငါယူလိုက်ပါက သူတစ်ပါးဘဝ ပျက်သွားနိုင်တယ် ဆိုရင် မယူသေးဘဲ
စောင့်ဆိုင်းနေပါ မည်။ ဤမှန်ကန်သော သစ္စာစကား ကြောင့် ငါ၏ဥစ္စာပျက်ခြင်း၊ဘဝပျက်
ခြင်းမှကင်းဝေးပါစေ။ လွတ်မြောက် ပါစေ။
ကင်းဝေးလွတ်မြောက်ပါစေ” လို့ သစ္စာပြုရမယ်။ သစ္စာပြုနိုင် အောင်လည်း ဘဝရဲ့ ထွက်ပေါက်
ဖြစ်တဲ့ အဒိန္နာဒါနသိက္ခာပုဒ်ကို ဆောက်တည်ထားပြီး သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရား
ရလိုမှုမှ ရှောင်ကြဉ်ရမယ်။ ခေတ်နဲ့ နှိုင်းယှဉ် ပြရမယ်ဆိုရင် တချို့ ငွေတိုးချေးစား
တဲ့ ပုဂ္ဂိုလ်များ ခြံမြေအပေါင်ပေး ရခြင်း၊ ရွှေပေါင်ပေးထားရခြင်းများ ရှိကြပါတယ်။
မိမိချေးထားတဲ့ ငွေများ ပြန်မဆပ်နိုင်တဲ့အခါမှာ ခြံ သိမ်းယူခြင်း၊ အပေါင်ပေးထားတာ
ကို အဆုံးထားခြင်းများ ပြုလုပ်တော့ မယ်ဆိုရင် ငါ ဒါတွေယူလိုက်တဲ့အခါ သူ့ဘဝ ဘယ်လို
ဖြစ်သွားနိုင်သလဲ ဘဝပျက်သွားနိုင်သလား၊ဒါမှမဟုတ် ဘဝကို ဆက်လက်ရပ်တည်နိုင် သလား
အခြေအနေကို သုံးသပ် ရမယ်။ အကယ်၍ ဘဝပျက်သွား နိုင်တယ်ဆိုရင် မသိမ်းပါနဲ့ဦး။ ခဏ
စောင့်ပေးပါ၊အတတ်နိုင်ဆုံး ပြန်ဆပ် နိုင်သည့်တိုင် စောင့်ပေးပါ။ အဲဒီလို
ပါရမီတွေကို ဆည်းပူးပြီး ဘဝရဲ့ ထွက်ပေါက်ကို ရှာထားရမယ်။
ဒါမှသာ မိမိပစ္စည်းဥစ္စာများ ပျက်စီးရန်
အကျဉ်းအကျပ်ကြုံလာ ခဲ့ရင် ကိုယ်ပြုခဲ့တဲ့ ဆည်းပူးခဲ့တဲ့ ပါရမီတွေနဲ့ သစ္စာပြုလို့
ရမယ်။ သာဓကနဲ့ပြရရင် ရှေးအခါက ဇောတိကသူဌေးကြီးဟာ အခုလို ပါရမီတွေကို ဘဝအဆက်ဆက်က
ဆည်းပူးခဲ့တဲ့အတွက် အဇာတသတ် မင်းက သူ့စည်းစိမ်ဥစ္စာတွေကို သိမ်းပိုက်ဖို့ဆိုပြီး
စစ်တပ်ကြီးချီကာ သွားရောက်တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ မရရှိခဲ့ပါဘူး။
ဘာကြောင့်လဲ။ ဇောတိကရဲ့ ပါရမီကြောင့်ပါ။
နောက်တော့ ဇောတိကသူဌေး ဥပုသ်ကျောင်းက
ပြန်လာတာနဲ့ လမ်းမှာဆုံတော့ အဇာတသတ်က အပြစ်ဆိုတယ်။ သင်က ခုမှ သူတော်ကောင်းယောင်
မဆောင်နဲ့၊ သင့်ပစ္စည်းတွေကို ငါ သွားသိမ်းတုန်း က သင်က ငါ့ကို စစ်တပ်များစွာနဲ့
ပြန်ခုခံခဲ့တယ်လို့ စွပ်စွဲတဲ့အခါ ဇောတိကသူဌေးကြီးက “အသင် မင်းကြီး မဟုတ်ပါဘူး။
ကျွန်တော်မျိုး ရဲ့ပါရမီကြောင့်ပါ၊ ကျွန်တော်မျိုးရဲ့ ပစ္စည်းဥစ္စာကို
ကိုယ်တိုင်မပေးဘဲနဲ့ ဘယ်သူကမှ သိမ်းပိုက်လို့ လုယူလို့ မရပါဘူး”ဟုဆိုကာ
အသင်မင်းကြီး ကို လက်တွေ့ပြမယ်ဆိုပြီး သူ့ရဲ့ လက်မှာ စွပ်ထားတဲ့နဝရတ်လက်စွပ်
တွေကို လက်တွေ့ ချွတ်ယူခိုင်းပါ တယ်။ ချွတ်ယူလို့ မရပါဘူး။ ဒါဟာ ဇောတိကသူဌေးရဲ့
သူတစ်ပါးအပေါ် မှာ ငဲ့ညှာခဲ့တဲ့ ဆည်းပူးခဲ့တဲ့ ပါရမီ တော်တွေကြောင့်ပါ။
သုံးနံပါတ်က အိမ်ထောင်ရေး အန္တရာယ်ပါ။
မိမိက မိမိအိမ်သူ အိမ်သားအပေါ်မှာ ဘယ်လောက်ပဲ ကောင်းကောင်း တစ်ဘက်က
အကောင်းမမြင်နိုင်ဘဲ အပြစ်သာ မြင်ပြီးအိမ်ထောင်ရေးကမောက်ကမ ဖြစ်လာအောင်
လုပ်လာတတ်တယ်။ သူတစ်ပါးကလည်း ဝင်ရောက် သပ်လျှိုတတ်တယ်။ အဲဒီလို အိမ်ထောင်အရေး
အခက်အခဲကြုံ လာရင် ဘယ်လို ထွက်ပေါက် ရှာ မလဲဆိုတော့ -
၃။ ကာမေသုမိစ္ဆာစာရာ
ဝေရမဏိ သိက္ခာပဒံ
သမာ ဒိယာမိ။
“ငါသည် ဤသိက္ခာပုဒ် ဆောက်တည်တဲ့နေ့ကစပြီး
သူတစ်ပါးအိမ်ထောင်ရေးပျက်ပြားမယ့် အမှုတွေကို မပြုတော့ပါ၊ မပြော တော့ပါ၊ မကြံတော့ပါ။
ဤမှန်ကန် သော သစ္စာစကားကြောင့် ငါရဲ့ အိမ်ထောင်ရေး အန္တရာယ်မှ
ကင်းဝေးပါစေ၊လွတ်မြောက်ပါစေ၊ ကင်းဝေးလွတ်မြောက်ပါစေ”ဟု သစ္စာဓိဋ္ဌာန်ပြုရမယ်။ အဲဒီလို
သစ္စာ ပြုနိုင်အောင်လည်း ဘဝရဲ့ ထွက်ပေါက်ဖြစ်တဲ့ ကာမေသု မိစ္ဆာစာရသိက္ခာပုဒ်ကို
ဆောက်တည် ထားရမယ်။ ဒါမှသာ သစ္စာပြုလို့ရ မယ်။
လောကမှာ အချို့သူတွေဟာ သူတစ်ပါး
အိမ်ထောင်ရေးပျက်ပြား အောင် ဟိုကစကား ဒီပို့၊ ဒီကစကား ဟိုပို့နဲ့ အမျိုးမျိုး
သွေးထိုးစကားများ ဆိုလာတတ်ကြတယ်။ အဲဒီအခါမှာ တစ်ယောက်အပေါ်မှာ တစ်ယောက်
အထင်အမြင်တွေလွဲပြီး ကမောက် ကမ ဖြစ်လာတတ်တယ်။ အိမ်ထောင်ရေးအန္တရာယ် မဖြစ် အောင်ကြိုတင်ပြီး
ဘဝရဲ့ထွက်ပေါက် ရှာထားရမယ်။
လေးနံပါတ်က အလိမ်အညာ ခံရတဲ့ အန္တရာယ်။ သူတစ်ပါး
ကုန်းတိုက်လို့ မိမိ ဘဝပျက်ရတဲ့ အန္တရာယ်များလည်း ကြုံလာတတ်
တယ်။အချို့ရုံးသူရုံးသားများဆိုရင် မိမိက အလုပ်အပေါ်မှာ သစ္စာရှိရှိနဲ့
တာဝန်ကျေအောင် ထမ်းဆောင်နေ သော်လည်း တစ်ဘက်က မိမိ ရာထူးကြီးတာ အထက်လူကြီးများ က
ချစ်ခင်နေတာကို မနာလို ဝန်တို စိတ်တွေနဲ့ မဟုတ်တာကို အဟုတ် လုပ်ပြီး ပုံကြီးချဲ့ကာ
ကုန်းစကားနဲ့ မုန်းသွားအောင် ဆိုလာတတ်တဲ့ အတွက် ဘဝပျက်သွားတာမျိုး လည်း
ရှိတတ်ပါတယ်။
ဘယ်သူမပြု မိမိမှုဆိုသလို တစ်ချိန်ချိန်က
မိမိကိုယ်တိုင် သူတစ်ပါး ဘဝပျက်သွားလောက် အောင် လိမ်ခဲ့တာတွေ ညာခဲ့တာ တွေ
ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီ မိမိပြုခဲ့တဲ့ အကုသိုလ်ကံတွေက မိမိကို တစ်ဖန်
ပြန်အကျိုးပေးနေ တယ်လို့ သတိသံဝေဂယူပြီး အခက် အခဲက ကျော်လွှားနိုင်အောင်
ဘဝထွက်ပေါက်ကို ရှာထားရမယ်။ ဘယ်လိုရှာမလဲ -
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
“ငါသည် ဤသိက္ခာပုဒ်တော် ကို
စောင့်ထိန်းသည့် နေ့မှစပြီး သူတစ်ပါး ဘဝပျက်နိုင်လောက်တဲ့ လိမ်ညာမှုတွေကို
မပြုတော့ပါ၊ မပြောတော့ပါ၊ မကြံတော့ပါ။ ဤ မှန်ကန်တဲ့ သစ္စာစကားကြောင့် ငါ့ကို
သူတစ်ပါး လိမ်ညာမှုတို့က ကင်းဝေး ပါစေ၊ လွတ်မြောက်ပါစေ၊ ကင်းဝေး လွတ်မြောက်ပါစေ”လို့
သစ္စာပြုရ မယ်။ သစ္စာပြုနိုင်အောင်လည်း မုသာဝါဒသိက္ခာပုဒ်ကို စောင့်ထိန်း ထားရမယ်။
မြတ်စွာဘုရားရှင်ကို စိဉ္ဇမာန
မိန်းမယုတ်က သူနဲ့ရတဲ့ ကိုယ်ဝန် ပါလို့ သူ့ဗိုက်မှာ ပျဉ်ချပ်စည်းပြီး ကိုးကွယ်နေကြသူတွေကို ထင်ယောင်ထင်မှား
ဖြစ်လာအောင် စွပ်စွဲလာပါတယ်။ ဒီအခါမှာ ဘဝ အဆက်ဆက်က မုသာဝါဒသိက္ခာပုဒ် ကို
စောင့်ထိန်းလာတဲ့ ပါရမီတော် တွေကြောင့် ထိုအခက်အခဲကို ဖြေရှင်းနိုင်ဖို့တွက်
သိကြားမင်း ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေး ခဲ့တာကြောင့် သူတစ်ပါးစွပ်စွဲ
လိမ်ညာခြင်းတို့က ကင်းဝေးသွား ခဲ့ရပါတယ်။
နောက်ဆုံးက ယစ်မူးမေ့လျော့ တဲ့
အန္တရာယ်ပါ။ ဒါကလည်း လောကမှာ များစွာ ကြုံတွေ့တတ် ကြပါတယ်။ ယစ်မူးမေ့လျော့ဆိုတဲ့
စကားမှာ ယစ်တာရယ်၊ မူးတာရယ်၊ မေ့လျော့တာရယ်လို့ အပိုင်း သုံးပိုင်း ရှိပါတယ်။
အဲဒီမှာ သူတစ်ပါးကို ယစ်စေမယ့် မူးစေမယ့် မေ့လျော့စေ မယ့် အလုပ်တွေကို ရှောင်ကြဉ်ရ
မယ်။ ဥပမာ မိမိက အရက်နဲ့ အကျိုးပေးလို့ အရက် ရောင်းမယ်၊ ဘိန်းနဲ့အကျိုးပေးလို့
ဘိန်းရောင်း မယ် ဆိုပါစို့။ မိမိရောင်းလိုက်တဲ့ အရက်တို့ ဘိန်းတို့ကို သောက်သုံး
ကြတဲ့သူတွေဟာ ဘာဖြစ်လာမလဲ၊ ယစ်လာမယ်၊ မူးလာမယ်၊ မေ့လျော့ လာမယ်ဆိုရင် ကံမြောက်ပြီး
“ကိုယ်ပြုသည့် ကံ ကိုယ့်ထံပြန်” ဆိုသလို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ပြန်ခံရမှာပါပဲ။
တချို့ဆိုရင် အမေ့အလျော့တွေ ထူလာတယ်။
အလုပ်လုပ်ရင် မှားမှားယွင်းယွင်းတွေ ဖြစ်လာတတ် တယ်။ အယောင်ယောင်အမှားမှား တွေ
ဖြစ်လာတတ်တယ်။ ဒါဟာ မိမိကံက အကျိုးပေးနေတာပါ။ အဲဒီလိုဖြစ်လာခဲ့ရင် ဘဝရဲ့
ထွက်ပေါက်ကို ဘယ်လိုရှာမလဲ။ လွတ်မြောက်အောင် ဘယ်လိုလုပ် မလဲဆိုတော့-
၅။သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ
ဝေရမဏိသိက္ခာ ပဒံ သမာဒိယာမိ။
“ငါသည် သိက္ခာပုဒ်တော်ကို
စောင့်ထိန်းသည့်နေ့မှစပြီး သူတစ်ပါး တို့ ယစ်မူးမေ့လျော့စေမယ့်အရာ တွေကို
မပြုတော့ပါ၊ မပြောတော့ပါ၊ မကြံစည်တော့ပါ”လို့ သစ္စာပြုရမယ်။ သစ္စာပြုနိုင်အောင် သုရာမေရယ
သိက္ခာပုဒ်တော်ကို ဆောက်တည် ထားရမယ်။ ဒါမှသာ ဘဝရဲ့ ထွက်ပေါက်ကို ရပြီး
စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှု ရနိုင်မှာဖြစ်ပါတယ်။
ဤဆောင်းပါး ဖတ်ရှုရသော
သူအပေါင်းတို့သည် ပြဆိုလမ်းညွှန်
ခဲ့တဲ့အတိုင်း ဘဝရဲ့ထွက်ပေါက်ကို ရှာနိုင်ကြပါစေ၊ ရှာတဲ့အတိုင်းလည်း လွတ်မြောက်နိုင်ကြပါစေလို့
ဆုတောင်းရင်းဖြင့် . .... . .
ဝေလင်း
(ဧရာဝတီ)
Subscribe to:
Posts (Atom)