တောင်တန်းပေါ်က
နန့်ပိန့်ရွာ သာသနာကွယ်လေပြီလား
ပီတိ(ပေကြီး)
၁။
တောင်ကျစိမ့်စမ်းစီးသံကလေးများနှင့်
ကျေးငှက် သာရကာတို့၏တွန်ကျူးသံကလေးများကား သဘာဝ တေးအလှသဖွယ် နားဝင်ပီယံဖြစ်လှသည်။
သစ်ပင် ဝါးပင်ကြီးများက နှစ်ပရိစ္ဆေဒ ကြာရှည်စွာ ရှိနေခဲ့ပြီ ဆိုသည်ကို
သက်သေပြနေကြသည်။ တောင်ဇလပ် ပန်းများ၊ ချယ်ရီပန်းများ၊ သစ်ခွပန်းများကလည်း
ရောင်စုံအလှများနှင့် ဂန္ဓာရုံအတွေ့ကို မွှေးပျံ့ရွှင်လန်း အောင် ထုံမွှန်းထားသည်။
နွယ်ပင်အတွန့်အလိမ်များ က တောင်ကမ်းပါးယံမှာ ကြိုးများ ချိတ်ဆွဲထားသည့် ဟန်
တို့လို့တွဲလောင်း။ တောင်ပေါ်ခရီးကား မောသည် ထင်ရသော်ငြား ပသာဒနှင့်
သဘာဝရှုခင်းအလှအပ များက ပန်းချီပြခန်းတစ်ခုကို ဝင်ကြည့်နေရသည့် သဖွယ်ဖြစ်သောကြောင့်
ရှေ့ဆက် ဘယ်လိုဆန်းကြယ် နက်ရှိုင်းမှုမျိုးတွေများ တွေ့ရလေဦးမလဲအသိကြောင့်
ပင်ပန်းရကောင်းမှန်း မသိရပါချေ။
“ဆရာတော် မောနေပြီလားဝေ၊ ငါတို့ကတော့
ဒီတောင်နဲ့ ဒီလမ်း သွားနေကျဆိုတော့ ခြေထောက် တွေက ထုံနေပြီလားကွယ်”
သာသနာပြု တာဝန်ကျရာ နန့်ပိန့်ရွာမှ
ရွာလူ ကြီး၏ ပြောသံကြောင့် အတွေးအာရုံများ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
“မမောပါဘူး ဒကာကြီးရဲ့၊ ပတ်ဝန်းကျင်ရဲ့
အံ့ဩ ဖွယ်ရာတွေကို မြင်တွေ့နေရတော့ မောရကောင်းမှန်း မသိပါဘူး။ လေကောင်းလေသန့်လည်းရတော့
ပို အဆင်ပြေတယ်”
“အေးဟယ် . .ဆရာတော်က မမောဘူးသာပြော တယ်
ချွေးတွေက တရွှဲရွှဲပါပဲလားကွယ် . .မမောနဲ့ဦး နော . .ဒါက အစပဲရှိသေးသကွယ့် ဒီထက်
ကြမ်းတဲ့ တောင်တွေကို ဖြတ်ကျော်တက်ရဦးမှာ ဟားဟား”
ရွာလူကြီး ရှမ်းအဘိုးနှင့် သူနှင့်
အဖော်ပါလာသူ အမျိုးသားတစ်ဦးမှာ ဆရာတော်အား ကြည့်၍ သဘော ကျစွာ ပြောပြီး ရယ်မောကာ
ဆရာတော်၏ ပစ္စည်းများ ထည့်ထားသည့် ပလိုင်းများကို ထမ်းရင်း ရှေ့မှသွားကာ ဆက်၍
ခရီးနှင်နေကြသည်။
ဆရာတော်သည် သူတို့ကိုကြည့်ရင်း
ပြုံးနေလေ သည်။ နောက်မှ တုတ်တစ်ချောင်းကို အကူယူရင်း ရှမ်းအဘိုးကြီးသွားရာ
တောင်ပေါ်သို့ လိုက်ပါတက် ဆောင်ခဲ့သည်။
နှုတ်တွင် တတွတ်တွတ် မေတ္တာပို့၊
ဂုဏ်တော်များ ပွားရင်း ခရီးဆက်လာခဲ့သည်မှာ အတော်ကြာလာ သည်နှင့်အမျှ ခြေထောက်များက
ပစ်ချွဲလာသည်။ ရှေ့ခပ်ပျပျကို လှမ်းကြည့်တော့ ပလိုင်းကြီးများ ကိုယ်စီ လွယ်ထားတဲ့
ရှမ်းအမျိုးသားကြီးနှစ်ဦးကား အနည်း ငယ်မျှ ပင်ပန်းပုံမရဘဲ စကားတပြောပြောဖြင့် ခရီး
နှင်နေကြသည်။ ရှမ်းစကားဖြင့် ပြောဆိုနေကြသော ကြောင့် သူတို့
ဘာကိုပြောနေကြသည်ကိုတော့ ဆရာ တော် မသိ။
“ဪသြော် . .အလေ့အကျင့်က ရင့်ကျက်စေတယ်
ဆိုတာ တယ်မှန်ပါလား။ ငါ့မှာ အသက်ငယ်ငယ်နဲ့ သင်္ကန်းတစ်ထည် သပိတ်တစ်လုံးမျှသာ လွယ်ထား
ပေမဲ့ တစ်တောင်ဆင်းတစ်တောင်တက်တဲ့ မဟာခရီး ကိုအားတင်းရင်း ကြိုးစားတက်လာရတာ
ခြေထောက် တွေ အတော်ညောင်း ပင်ပန်းလာပေမဲ့ အသက်ကြီး ကြီးနဲ့
ပလိုင်းကိုယ်စီလွယ်ထားတဲ့ သူတို့ကျတော့
မြေပြန့်လမ်းကို သွားနေရသလို မမောမပန်းကြပါလား”
“ယာပေမော့ - ယာပေမော့ - အဲ တိုးတိုး
မညံနဲ့ မညံနဲ့”
ရုတ်တရက် ကပျာကယာ အော်ရင်း လက်ကာ
ပြနေသော ရှမ်းအဘိုးကြီး၏ ရှမ်းလိုရော ဗမာလိုပါ ပြောလိုက်သော အသံကြောင့်
တုံ့ခနဲရပ်ကာ အလန့် တကြားဖြစ်သွားရသည်။ ရင်ခုန်စိတ်လှုပ်ရှားစွာ သိချင်ဇောဖြင့် -
“ဘာဖြစ်တာလဲ ဒကာကြီး”
ဆရာတော့်အမေးကို တန်းမဖြေသေးဘဲ ရှမ်း
အဘိုးကြီးမှာ ရှူး ရှူး တိုးတိုးဟုလုပ်ရင်း ဆရာတော် အနားသို့ ခြေသံဖွဖွနင်းလျက်
ပြေးလာပါတော့သည်။
“ဆရာတော် ငြိမ်ငြိမ်နေပေးပါ ဘုရား
ကျားသံ ကြားရတယ်၊ ဒီကောင်တွေနဲ့
မျက်နှာချင်းဆိုင်တွေ့ရင် မလွယ်ဘူး”
အဘိုးကြီး၏ပြောစကားကြောင့် ဆရာတော်မှာ
ပိုမိုထိတ်လန့်သွားသည်။ သာသနာပြုလာရာ သာသနာ မပြုလိုက်ရဘဲ ကျားစာများ ဖြစ်သွားရင်
ဒုက္ခဟု နှလုံးသွင်းရင်း ဘုရားဂုဏ်တော်များကို အာရုံပြုကာ သတ္တဝါအပေါင်းကို
မေတ္တာပို့ပေးနေရသည်။
ခဏအကြာ တောစပ်အကွယ်မှ လွှားခနဲ ဧရာမ
ကျားကြီးတစ်ကောင် ဖြတ်ကျော်သွားသည်ကို တွေ့ မြင်လိုက်ရသည်။
“ဟာ”
ဆရာတော့် နှုတ်မှ အသံထွက်သွားသော်လည်း
ကံကောင်းသည် ဆိုရမည်။ကျားကြီးမှာ ဘယ်သားကောင် ကို လိုက်နေသည်မသိ။ တက်သုတ်ရိုက်
ပြေးကျော်သွား သောကြောင့် အသံကို အာရုံမထားနိုင်ခဲ့ပေ။
“ရပြီ ရပြီ ကိစ္စမရှိတော့ဘူး၊
ငါတို့ဆရာတော် လည်း အတော်ပင်ပန်းနေရောပေါ့ဟယ် . .ဒီမှာ ခဏ နားပြီး ဟိုး ...ဟိုက
တောင်ကြီးကို ကျော်ဖြတ်ကြ ရမယ် ဒီတောင်ကျော်ရင် ရွာကိုရောက်ပါပြီ”
ဆရာတော်သည် ပါလာသောရေဘူးထဲမှ ရေကို
ဖွင့်ရင်း တစ်မော့ သောက်ချလိုက်ပြီး ရှမ်းအဘိုးကြီး ညွှန်ပြသော
တောင်ကိုကြည့်လိုက်ရာ အလွန် အင်မတန် မြင့်မားသောတောင်ကြီးကို တွေ့လိုက်ရသောကြောင့်
မတက်ခင်ကတည်းက ကြိုမောနေမိသည်။
အနားယူလိုက်မှ ခြေထောက်က
စပ်ဖျဉ်းဖျဉ်းဖြင့် အရေကြည်ဖုလေးများ ပေါက်နေသည်ကို သတိထား မိလိုက်သည်။
“ဪသြော် . .ဒီတောင်ကို
ငါကျော်နိုင်ပါ့မလား”
၂။
နေ့ဆွမ်း ဘုဉ်းပြီး
(၁၁)နာရီကျော်ကျော်လောက်က စတင်၍ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ် လမ်းမကြီး
ပေါ်မှာ ရွှေအိုးစည်မှန်လုံယာဉ်လိုင်းပေါ်မှ ဆင်းကာ နန့်ပိန့်ကျေးရွာသို့ တစ်တောဝင်
တစ်တောင်တက်ရင်း ခရီးနှင်လာခဲ့သည်မှာ ညနေ (၅)နာရီကျော်မှ နန့်ပိန့်ရွာ ကို
ရောက်တော့သည်။
ရွာအဝင်တွင် ရွာသူရွာသားများ
ဝိုင်းဝန်းကြိုဆို နေကြ၍ အားရ ကျေနပ်မိသည်။ သို့သော် အားလုံး မှာ
အရှေ့ပိုင်းရှမ်းချည်းများသာ ဖြစ်သည်။ ဗမာ
တစ်ယောက်မျှ မပါဝင်ကြပေ။ မြို့နှင့် အလွန်ဝေးလံ သီခေါင်လှသောနေရာ
ဖြစ်သောကြောင့် ဗမာများ မရောက်ကြဟု သိရသည်။
“ဗမာဆိုလို့ ဒီရွာကို
တစ်ခါတလေမှလာတတ်တဲ့ ဟိုးဘက်တောင်က စစ်တပ်က စစ်သားတွေပဲ လာဖူး တယ်။ ဒါကြောင့် ဒီမှာ
ဗမာစကား လယ်လယ်ဝယ်ဝယ် မတတ်ကြဘူး။ ဒီရွာမှာ ဗမာစကားတတ်တာဆိုလို့
တွတ်ပီလုံ(ဘုန်းကြီး)ကို လာကြိုတဲ့ ငါတို့နှစ်ယောက်ပဲ ရှိတာလားကွယ်”
ရှမ်းအဘိုးကြီး၏ပြောစကားကြောင့်
ဆရာတော်မှာ ဒီရွာလေးတွင် သာသနာပြုရမည်မှာ အလွန် ရင်လေး မိသည်။ အကြောင်းမှာ
ဆရာတော်ကိုယ်တိုင် ရှမ်းစကား တစ်လုံးမျှ ကြိုတင်လေ့လာထားခြင်း မရှိသောကြောင့်
တည်း။
မတတ်နိုင်ပါ။ စိတ်ရှည်ဇွဲသန်
သည်းညည်းခံ၊ ပြုရန်သာသနာလို့
အဆိုရှိသည်။ မတတ်တာကို တတ် အောင်တော့ လေ့ကျင့်သင်ယူရမည်။
ရှမ်းအဘိုးကြီး ပြောလိုက်သော တွတ်ပီလုံ
ဆို သည်မှာ ဘုန်းကြီး သို့မဟုတ် ဆရာတော်လို့ခေါ်တာ ဖြစ်ရမည်ဟု ပထမဆုံး
ရှမ်းစကားတစ်လုံးကို စတင် မှတ်သားထားလိုက်ရသည်
“ဒါဖြင့် ဒီရွာမှာ ဘုန်းကြီးတစ်ပါးမှ မကြွဖူးဘူးလား”
“ဒီရွာက အလွန်ခေါင်သကွဲ့၊
ဘုန်းကြီးဆိုလို့ တွတ်ပီလုံက ပထမဆုံးလာဖူးတာပဲ၊ ရွာကလူ အများ စုက တွတ်ပီလုံကို
အခုမှ မြင်ဖူးတာပဲလေကွယ်”
ရှမ်းစကားသံဝဲဝဲနှင့် ပြောပြသော
အဘိုးကြီး၏ စကားသံကြောင့် မိမိ၏သာသနာပြုခရီးမှာ ပို၍ ခက်ခဲကြမ်းတမ်းလိမ့်မည်ဟု
နှလုံးသွင်းလိုက်မိသည်။
ဒါကြောင့် ထင်သည်။ မိမိကို လာကြိုကြသော
သူများမှာ ဖိနပ် မချွတ်၊ ဦးမချ၊ ကြောင်အမ်းအမ်း အကြည့်များဖြင့်သာ ကြည့်နေကြပြီး
အချို့ကလေး များက မိမိဝတ်ထားသော သင်္ကန်းစကို အဆန်းတကျယ် ကိုင်ကြည့်နေကြသောကြောင့်
ရွာလူကြီးက မောင်းထုတ် အော်ငေါက်ခဲ့ရသေးသည်။
“ဒါ . . .တွတ်ပီလုံ နေရမယ့်ကျောင်းပဲ”
လက်ညှိုးညွှန်ပြရာကို ကြည့်မိလိုက်မှ
မိမိ သီတင်းသုံး
သာသနာပြုရမည့်ကျောင်းလေးကို ရောက် မှန်းသိရသည်။
ကျောင်းမှာ ရွာထိပ်အမြင့်ဆုံးနေရာတွင်
ဆောက် ထားပြီး ဝါးဘိုးဝါးများဖြင့် တိုင် အခင်း အကာများ ပြုလုပ်ထားပြီး
အမိုးကိုတော့ သွပ်ဖြင့် မိုးထားသည်။
တစ်ရွာလုံးတွင် အိမ်ကြီးအိမ်ကောင်း
တစ်အိမ် မျှမရှိဘဲ ဝါးဘိုးဝါးကြီးများဖြင့်သာ ဆောက်လုပ်ထား သည်ချည်း ဖြစ်သည်။
အများစုမှာ ကောက်ရိုးများကို ဝါးဖြင့် ထူထူညှပ်ကာ အမိုးများပြုလုပ်ထားပြီး သွပ်
မိုး ဆို၍ ရွာလူကြီးအိမ်နှင့် အသစ်ဆောက်လုပ်ထား သော ဘုန်းကြီးကျောင်းသာလျှင်
ရှိသည်။
“ဒါဆို ဒီရွာကို သာသနာပြုဖို့
ဘယ်လိုအဆက် အသွယ်ရတာလဲ”
“စစ်တပ်က ဗိုလ်မှူးကြီးက ပြောပြလို့
ငါတို့ ဒီလို ကိုးကွယ်ကြဖို့ လုပ်ကြတာပါ”
ဒီလိုဆိုတော့လည်း စစ်တပ်များသည်
အားကိုးရ သည်ဟု ချီးကျူးလိုက်မိသည်။ အလွန်ခေါင်သော နေရာဒေသသို့ သာမန် လူပုဂ္ဂိုလ်
ရဟန်းပုဂ္ဂိုလ်သာသနာ ပြုများ ရောက်ရှိဖို့ရန် မလွယ်ကူပေ။ ဒီလိုနေရာမျိုးကို
ရောက်သည်မှာ စစ်တပ်များသာ ရှိသည်။ ထို စစ်သား များက ဘာသာတရား ကိုင်းရှိုင်းမှသာ
တိုင်းရင်းသား များ သာသနာနှင့် အဆက်အသွယ် ရကြရမည် ဖြစ်သည်။ ဒီရွာနှင့်
အဆက်အသွယ်ရှိသော အခြားရွာ အများစုမှာ ခရစ်ယာန်ဘာသာဝင်များသာ အများစု ဖြစ်သည်ဟု
သိရသည်။
အခြားဘာသာများက
တိုင်းရင်းသားများကို သာသနာပြုတဲ့နေရာမှာ
ဗုဒ္ဓဘာသာထက် ခြေလှမ်းသာ နေတာကို သတိပြုမိသည်။ အလွန်ပါးနပ်သော ဘာသာများပါပေ။
“တွတ်ပီလုံ အေးအေးဆေးဆေး အနားယူနော၊
ငါတို့လည်း အိမ်ပြန် ကင်ခေါက်(ထမင်းစား)လိုက်ဦး မယ်၊ တွတ်ပီလုံကို အဖော်ရအောင်
ဒီရွာက အလွန် ရိုးသားတဲ့ ကလေး စိုင်းခမ့်လောင်ကို ထားခဲ့မယ်”
ဗမာစကားကို လည်လည်ဝယ်ဝယ်ပြောတတ်ပြီး
ဘာသာတရားနှင့် ပတ်သက်၍ အတော် သိထားပုံရ သည့် ရှမ်းအဘိုးကြီးတို့မှာ မိမိအား
ဝတ်ချကာ ပြန် သွားကြချေပြီ။
အဖော်အဖြစ်ထားခဲ့သည့်
စိုင်းခမ့်လောင်နှင့်မိမိသာ တိတ်ဆိတ်စွာ ကျောင်းထဲမှာ ကျန်နေခဲ့သည်။
“စိုင်းခမ့်လောင်”
“ဘာလဲဝေ့”
“ဪသာ် . .မင်း ဗမာစကားတတ်သလား”
“အများကြီးတော့ မတတ်ဘူး၊ ငါ တောလိုက်
သွားရင်း စစ်တပ်ကို အမဲသွားသွားပို့ရလို့ နည်းနည်း ပါးပါး စကားပြောတတ်တယ်”
တော်ပေသေးသည်။ ကျောင်းတွင် ထားခဲ့သော
စိုင်းခမ့်လောင်မှာ ဗမာစကား အနည်းငယ် ရသည် ကြောင့် သက်သာရသည်။ သို့သော် သူ့စကား
ကိုယ် နားမလည်၊ ကိုယ့်စကား သူ နားမလည်ဖြစ်နေတဲ့ ရွာသူရွာသားများကို
သာသနာပြုနိုင်ဖို့ တော်တော် စဉ်းစားရ ခက်နေပေသေးသည်။ ထို့ကြောင့်
စိုင်းခမ့်လောင်နှင့် ကိုယ့်စကား သူ့သင်ပေး၊ သူ့စကား ကိုယ် ပြန်သင်ရပေလိမ့်မည်။
ရာသီဥတုက အလွန်အေးချမ်းသည်။ အညာသား
ဖြစ်သည့် မိမိမှာ ဒီလောက်အအေးဒဏ်ကို မခံနိုင်။ တောင်ထိပ်တွင်
ကျောင်းဆောက်ထားသောကြောင့် လေဒဏ်ကို ပိုခံရသည်။
တစ်ရွာလုံးမှာ မြေပြန့်ဟူ၍မရှိ။
တောင်စောင်း တောင်ယံများတွင် နိမ့်တုံမြင့်တုံ အိမ်များ ဟိုတစ်လုံး ဒီတစ်လုံး
ဆောက်ထားသည်။ တစ်ရွာလုံး အိမ်ခြေ (၆၀) ခန့်မျှသာ ရှိသည်။ မြို့နှင့် မနီးသကဲ့သို့
အခြား ရွာများကို သွားမည်ဆိုပါလျှင် တစ်ရက်ခရီးနှင်မှသာ ရောက်သောရွာက များသည်။
၃။
နံနက်လင်းသည်နှင့် ကျောင်းကို
ကလေးများစွာ ရောက်လာကြသည်။ တွတ်ပီလုံက စားစရာတွေ လက်ဆောင်တွေ ပေးလိမ့်မယ်။ ပြီးရင်
စာသင်ပေး လိမ့်မယ်ဟု လူကြီးများက ပြောသောကြောင့် လာ သည်ဟု သိရသည်။
မိမိ၏ သာသနာပြုလုပ်ငန်းစဉ်ကား
စတင်လေပြီ။ ကလေးများက အယောက် နှစ်ဆယ် သုံးဆယ်၊ အဝတ်အစား ခပ်နွမ်းနွမ်းများနှင့်
ပေကလပ် ပေကလပ် မျက်လုံးလေးများမှာ အလွန် ချစ်စရာကောင်းသလို အလွန်လည်း
သနားစရာကောင်းလှသည်။
ဒါကြောင့် “ဘာပဲဖြစ်ဖြစ်
ဒီလိုနေရာမျိုးကို ငါ လာရောက် သာသနာပြုခွင့်ရတာ ကျေနပ် ဂုဏ်ယူ တယ်”ဟု ရင်မှ
ဖြစ်ပေါ်လာသော စေတနာပီတိများ ဖြင့် “ဖြစ်အောင်လုပ်ရမယ်”ဆိုသော ယုံကြည်ချက်
သန္နိဋ္ဌာန်ကို ချလိုက်မိသည်။
“နယ်စပ်နဲ့ တိုင်းရင်းသားရွာတွေကို
သာသနာ ပြုတဲ့အခါ သူတို့က ဘုန်းကြီး ဘာတရားဟောမယ် ဆိုတာထက် ဘုန်းကြီးက ဘာတွေ ပေးမလဲ၊
သူတို့ အတွက် ဘာတွေလုပ်ခဲ့မလဲ ဆိုတာကို မျှော်လင့်ကြ တယ်”
တက္ကသိုလ်မှ နည်းပြဆရာများ၏ ဩဝါဒကို နား
ထဲမှာ ပြန်ကြားယောင်နေမိသည်။
ကျောင်းထဲလာကြသော ကလေးများမှာ အချို့
ဖိနပ် လုံးဝ မပါ မစီးကြပေ။ အချို့ ကလေးများမှာ ဖိနပ်များ စီးကြပြီး
ကျောင်းဝန်းထဲတွင်လည်း ဖိနပ် မချွတ်ကြပါ။ ကျောင်းပေါ်ရောက်တော့လည်း ဘုရား ဝတ်မချဘဲ
ငုတ်တုတ်ထိုင်နေကြသည်။ အချို့ကလေးများမှာ မိမိ ထိုင်ဖို့လုပ်ပေးထားသော
ကျောင်းတွင်းခုံတန်းလျားပေါ် တက်ထိုင်နေကြသည်။
သူတို့ကို စည်းကမ်းတွေ နည်းလမ်းတွေနဲ့
ဆုံးမ စကားမပြောရမီ ခင်မင်ရင်းနှီးအောင် အရင်ဆွဲဆောင် ရသည်။
“ကဲ . .ကဲ . .လာကြ . . .လာကြ”
မိမိက ခေါ်သော်လည်း အားလုံး ကြောင်တောင်
ကြည့်နေကြသည်။ တစ်ယောက်မှ အရေးမလုပ်။ အခြေအနေကိုသိသော စိုင်းခမ့်လောင်က -
“တွတ်ပီလုံ ပြောတာ သူတို့မှ နားမလည်တာ၊
မားလယ် မားလယ်(လာ . .လာ)လို့ခေါ်မှ သိမှာပေါ့”
ကလေးများကို လက်ချာမပေးရသေးမီ မိမိအရင်
လက်ချာပေး ခံရပေပြီ။ ဘာဖြစ်လဲ၊ ရှင်သာရိပုတ္တရာ တောင် (၇)နှစ်အရွယ်
ကိုရင်လေးပြောစကားကို နားထောင်ခဲ့သည်။ ကိုယ်မသိရင် ဘာမှ မာနတက် နေစရာမလို။
ချိုချဉ်များ၊ မလိုင်လုံးများကို
ကလေးများအား ဝေငှပေးလိုက်ရာ အလွန် ပျော်ရွှင်နေကြသည်။ သူ တို့အချင်းချင်း စကားများ
တသောသော ပြောကာ သဘောတွေ ကျနေကြသည်။ မိမိကား အရုပ်ပမာ ဖြစ်သော်ငြား
သူတို့ကိုကြည့်ပြီး ကြည်နူးနေမိသည်။
ကလေးများနှင့် ရင်းနှီးသွားသောအခါ
ရှေးဦးစွာ သူတို့အား ဆုံးမနိုင်ဖို့ သူတို့စကားကို သင်ယူဖို့ လိုသည်။ ထို့ကြောင့်
သူတို့အားလုံး ဘုရားခန်းရှေ့မှာ လာထိုင်ဖို့ ရှမ်းလို ဘယ်လိုပြောရသည်ကို
စိုင်းခမ့်လောင်အား မေးရသည်။
“မားလယ် နေတန်ခါ့-လာပါ ထိုင်ကြပါ”
ကလေးများအားလုံး လာထိုင်သောအခါ ဘယ် ကစ၍
ဘာကိုပြောရမှန်း မသိတော့ပါ။ ကျောင်းသား စိုင်းခမ့်လောင်ကလည်း အကုန်မတတ်။ ဒီတော့
အကြံ ဥာဏ်ထုတ်ရသည်။ ပစ္စည်းများကို ပြပြီး သူ့စကား ကို သင်ရမည်။ ရှေးဦးစွာ
စားပွဲပေါ်ရှိပန်းကန်ကို ယူ ၍ ကိုင်ကာ ဒါကို ဘယ်လိုခေါ်လဲဟု အမူအရာ ပြ သောအခါ
ကလေးများက -
“ဆိုင်ဝမ်၊ ဆိုင်ဝမ်”ဟု ပြောကြသည်။
ဪသာ်- ပန်းကန်ကို ဆိုင်ဝမ်ဟု ခေါ်ပါလားဟု စာအုပ်တွင် ရေးမှတ်ထားလိုက်ပြီး -
“အေး . . .ဒါကို ဆိုင်ဝမ်၊ ဆိုင်ဝမ်ကို
ဗမာလို ပန်းကန်လို့ ခေါ်တယ်”
သူတို့ နားလည် မလည်တော့ မသိပါ။ ဗမာလို
အခေါ်ကိုလည်း ပြန်ပြောပြလိုက်သည်။
ဆက်လက်ပြီး စားပွဲပေါ်မှာရှိတာတွေ
တစ်ခုပြီး တစ်ခု အပြန်အလှန်သင်ယူရသည်။
“ခွက်ကို ဆိုင်ကောက်”
“ခရားအိုးကို အောင်ငွဲ”
“ရေအေးကို အောဝ်နမ့်ကတ်း”
“ရေနွေးကြမ်းကို အောင်နမ့်နိမ့်ခုမ်”
“လေးထောင့်စားပွဲကို ဖိန်ဆီစိန်”
အတော်လေးတော့ ဟုတ်နေပြီ။
တဖြည်းဖြည်း အနေကြာလာသည်နှင့် ကလေး
များရော မိမိပါ ဘာသာစကား တော်တော်နားလည် မှုရနေကြသည်။
ရွာသူရွာသားများလည်း ဘာသာ သာသနာရေး
များကို စိတ်ဝင်စားလာကြသည်။ သို့သော် တစ်ရွာ လုံးက မုဆိုးလုပ်ငန်းကို
လုပ်ကြသည်ဖြစ်ရာ ငါးပါး သီလတွင် ပါဏာတိပါတကို နားလည်အောင် ပြောပြ ဖို့
အလွန်ခက်ခဲသည်။
သူတို့မှာ သီလဆိုသည် မရှိခဲ့။ မသိခဲ့ကြ။
တော ထဲ သားကောင် လိုက်သည်။ ပိုးမွှားများကို စားကြ သည်။ ခါချဉ်ကောင်ထောင်းကို
အလွန်ကြိုက်ကြသလို ဝါးပိုးဟုခေါ်သော ဝါးထဲတွင် ကျသော ပိုးကောင် ကြီးများကိုလည်း
အားရပါးရကြော်လှော်စားသောက် တတ်ကြသည်။
အများအားဖြင့် ရွာသူရွာသားများမှာ
ထွားကြိုင်း သန်မာကြသည်။ ကျန်းမာရေးတစ်ခုခုဖြစ်လျှင် နတ် တင်ကြသည်။ ကျွဲများ၊
သားကောင်များကို သတ်၍ ယဇ်ပူဇော်လေ့ ရှိကြသည်။ တောင်ယာလုပ်သူများလည်း ရှိပြီး
တောင်ယံတွင် လှေကားထစ်များသဖွယ် လယ်ကွက်ဖြစ်အောင် ပေါက်ပြားဖြင့် ပေါက်ကာ ကျွဲ
တစ်ကောင်တည်းဖြင့် ထွန်ယက်စိုက်ပျိုးကြသည်။
ကောက်သစ်စားပွဲနှင့်
အခြားရိုးရာပွဲများစွာ နှစ်စဉ်
ကျင်းပကြသည်။ သူ့စရိုက် သူ့ဟန်ပန်များဖြင့်
အဆင်ပြေနေကြသော်လည်း သူတို့၏ဘဝများသည် ခိုကိုးရာမဲ့လွန်းကြသည်။ ရွာတွင်
ဆေးခန်း မရှိ။ စာ သင်ကျောင်း မရှိ။ ရေအလုံအလောက် မရရှိကြဘဲ ရေတစ်ဗူးရဖို့ ဟိုး
တောင်အောက်များတွင် ပင်ပင် ပန်းပန်း သွားသယ်ကြရသည်။
ထို့ကြောင့် မိမိမှာ ဒါတွေ အားလုံး
အဆင်ပြေ အောင် လုပ်ပေးချင်စိတ်များ ပေါ်ပေါက်လာခဲ့သည် ဖြစ်ရာ ရှေးဦးစွာ ပိုက်လုံးများကို
ကျိုင်းတုံမြို့သို့သွား ရောက်အလှူခံ၍ ခက်ခက်ခဲခဲ သယ်ယူကာ ရွာထက် မြင့်သော
စိမ့်စမ်းများမှ ရေသွယ်၍ မိုးကာစများကို ဘေးမှ ဝါးတိုင်များကာပြီး ရေကန်
လုပ်ပေးခဲ့သည်။ တစ်ရွာလုံးကိုလည်း ပိုက်များဖြင့် သွယ်ပေးခဲ့ရာ ရေ အတွက်
ပင်ပန်းမကြီးတော့သောကြောင့် မိမိအား အထူးဝမ်းသာကြောင်း ပြောကြသည်။
ရွာတွင် ဈေးဆိုင် လုံးဝ မရှိပါ။
ပစ္စည်းတစ်ခုခု လိုအပ်လျှင် တစ်ည နှစ်ည အိပ်ပြီး မြို့ကို တက်ဝယ် မှသာ ရသည်။
ဈေးဆိုင်လည်း ဖွင့်လို့ မရပါ။ အားလုံး မှာ ငွေမကိုင်ကြသောကြောင့်
ဆိုင်ဖွင့်ထားသူများ အဆင်မပြေပါ။ ချေသား၊ ဆတ်သား၊ ယုန်သား စသည်များဖြင့်သာ လာလဲလှယ်ကြသောကြောင့်
ထို အသားများကို အဆက်မပြတ် မြို့တက်ရောင်းနိုင်သူ မှသာ အဆင်ပြေလေသည်။
မိမိ၏ စားရေးသောက်ရေးသည်လည်း ရွာတွင်
ဈေးဆိုင်မရှိ၍ အစက အဆင်မပြေခဲ့ပါ။ ပါလာသည် ကို ချွေတာချက်ပြုတ် ဘုဉ်းပေးခဲ့ရသည်။
သာသနာ နှင့် အစိမ်းသက်သက်ဖြစ်နေရာ ဆွမ်းလောင်းရမည် ဟုလည်း သူတို့ မသိခဲ့ကြပါ။
သားကောင်များ ရလာ လျှင် တွတ်ပီလုံ စားဖို့ ဆိုကာ ကျောင်းပေါက်တွင် လာ လာ၍
အသားစိမ်းများ ချိတ်ပေးထားခဲ့သော ကြောင့် စိုင်းခမ့်လောင်ကိုသာ ချက်နည်းပြုတ်နည်း
ပြောကာ နှစ်ယောက်သား ချက်စားရသည်။
“စိုင်းခမ့်လောင်၊ ဒီနေ့ ရွာထဲ လူတွေ
ခြေရှုပ် နေသလိုပဲ”
“မှန်ပါ စိုင်းလိတ်ခမ်း တောလိုက်ရင်း
ချောက် ထဲ ပြုတ်ကျလို့ အသက်မသေရေး ကျွဲတစ်ကောင်ကို သတ်ပြီး နတ်ပူဇော်မလို့
လုပ်နေကြတာပါ ဘုရား”
“ဪသာ် . .တယ်လည်း ခက်သကိုးကွ။ ဒါမျိုးက နတ်တင်လို့ မပျောက်ဘူး၊ ဆေးကုမှ ပျောက်တာ .
. သွားချေ . .ရွာလူကြီးကို တွတ်ပီလုံခေါ်ကြောင်း ပြော ပါ”
စိုင်းခမ့်လောင် သွားပြီး တအောင့်အကြာ
ရွာ လူကြီးနှင့်အတူ ပြန်ရောက်လာသည်။
“ဒကာကြီး....ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာ
ဒီအောက်နတ်တွေကို အသူရကာယ်စာရင်းထဲ ထည့်ထား ကြတယ်၊ နတ်တင်စရာ မလိုဘူး၊ နတ်တင်လို့
ရောဂါ မပျောက်ဘူး၊ ရောဂါပျောက်အောင် ဆေးကုမှ ရောဂါ ပျောက်မှာပေါ့။ နတ်တင်ခြင်း၊
ယဇ်ပူဇော်ခြင်းဆိုတာ အပိုအလုပ်တွေ၊ ဘာအကျိုးသက်ရောက်မှုမှရှိလာမှာ မဟုတ်ဘူး“
မိမိက ရွာလူကြီးကို သဘောပေါက်အောင်
ရှင်းပြ သော်လည်း လက်မခံပေ။
“ဒါကတော့ ဘိုးဘွားစဉ်ဆက် လုပ်လာကြတဲ့
လုပ်ထုံးလုပ်နည်းမို့ ခွင့်လွှတ်စေလိုကြောင်း၊ နတ်တင် လို့
ပပျောက်သွားခဲ့ဖူးတဲ့အစဉ်အလာတွေလည်း ရှိပါ ကြောင်း” အကြောင်းပြကာ ငြင်းဆန်ခဲ့သည်။
မိမိလည်း “ဪသာ် . .ငါတားမှ သေသွားရင်
ငါ့ ကြောင့်ဆိုပြီး အမှုပတ်ကုန်လိမ့်မယ်”ဆိုကာ အသာနေ ခဲ့ရသည်။
မကြာလိုက်ပါ။ စိုင်းလိတ်ခမ်း
သေသွားပြီဟု ရွာ လူကြီးက လာလျှောက်သည်။ လူသေလျှင် ဗုဒ္ဓဘာသာ အလိုအရ
သရဏဂုံတင်ရမည်ဖြစ်ကြောင်း လုပ်ထုံး လုပ်နည်းများကို ပြောပြကာ သရဏဂုံတင်သောအခါ တော၊
တောင် နတ်များကို ပူဇော်ခြင်းသည် အကျိုးမရှိ၊ ဘေးမကင်းကြောင်း၊
အယူအမှားများဖြစ်ကြောင်း၊ ရောဂါဖြစ်လျှင် ဆေးကုရမည်။ ဆေးကုမှ ရောဂါပျောက် မည်၊
ဖျားရင်နာရင် သားကောင်များသတ်ပြီး နတ်မတင် ကြဖို့၊ ဦးဇင်းဆီမှာ ဆေးရှိကြောင်း
ဆေးဝါးများ လာယူကြဖို့ ထည့်ဟောခဲ့ရသည်။
“ကဲ . . .ကလေးတို့၊ ဒီနေ့
ကလေးအားလုံးကို ဗမာတန်းကျောင်းတွေက သင်တဲ့ တန်းကျောင်း ဖတ်စာတွေနဲ့ ဗုဒ္ဓဘာသာ
ယဉ်ကျေးလိမ္မာဆိုင်ရာတွေကို စတင် သင်ကြရအောင်။ ဝိုင့် ဖရား တရား ဆန်ခါ (ဘုရား တရား
သံဃာ ရှိခိုးကြမယ်)”
“စာသင်ဖို့ ဖတ်စာအုပ်တွေ လာယူကြပါ၊ ပပ်
လစ်(က်)မန့် - မြန်မာစာအုပ်၊ ပပ်လစ်(က်)အင်္ဂလိပ် - အင်္ဂလိပ်စာအုပ်၊ ပပ်တိုနပ် -
သင်္ချာစာအုပ်၊ ပင့် ပင်းဖရား - ဗုဒ္ဓဝင်စာအုပ် အသီးသီးယူကြ”
“ဟုတ်ပြီ၊ ဒီနေ့ အလွယ်ဆုံးသင်္ချာက
စçသင်မယ်၊ ဒီဝှိုက်ဘုတ်ကိုကြည့်ပြီး လိုက်ဆိုကြပါ”
“မှန်ပါ အရှင်ဘုရား”
“နိန့် ဆောင် ဆမ်”
“နိန့် ဆောင် ဆမ်”
“တစ် နှစ် သုံး”
“တစ် နှစ် သုံး”
“ဆီ ဟာ့ ဟုက်-လေး ငါး ခြောက်”
“ဆီ ဟာ့ ဟုက်-လေး ငါး ခြောက်”
“စေတ်း ပဲတ် ကောဝ် - ခုနစ် ရှစ် ကိုး”
“စေတ်း ပဲတ် ကောဝ် - ခုနစ် ရှစ် ကိုး”
“ဆစ်(ပ်း) ဆစ်(ပ်း)အိတ်း-တစ်ဆယ် တစ်ဆယ့်
တစ်”
“ဆစ်(ပ်း) ဆစ်(ပ်း)အိတ်း-တစ်ဆယ် တစ်ဆယ့်
တစ်”
၎။
“တွတ်ပီလုံ တွတ်ပီလုံ”
ကျောင်းပေါက်ဝမှ အရေးတကြီး အော်ခေါ်သံ
ကြောင့် ထွက်ကြည့်လိုက်ရာ ရှမ်းအမျိုးသား သုံးယောက် ကိုတွေ့ရသည်။ တစ်ယောက်၏ ခြေထောက်မှာ
သွေးများဖြင့် ကျန်နှစ်ယောက်က တွဲလာကြသည်။
“ဘယ်လိုဖြစ်ကြတာလဲ ဒကာကြီးတို့”
“အမဲခုတ်ရင်း လက်ချော်ပြီး .
.ခြေထောက်ကို ခုတ်မိလို့၊ဟိုနေ့က နတ်တင်တာ စိုင်းလိတ်ခမ်း သေ တယ်၊ ဒီတစ်ခါတော့
နတ်မတင်တော့ဘူး၊ တွတ်ပီလုံ ပြောသလို တွတ်ပီလုံဆီမှာ ဆေးကုဖို့လာခဲ့တာ”
သူ့စကားသံကြောင့် မိမိမှာ
အလွန်တာဝန်ကြီး သွားသည်။ တကယ်လို့များ ဒီပြဿနာကို မဖြေရှင်း နိုင်ခဲ့ရင်
မိမိကိုလည်း ယုံကြည်ကြမည် မဟုတ်တော့။ မတတ်နိုင်ပါ။ မိမိမှာ ဆရာဝန်လည်း မဟုတ်။
ဆေးဝါး လည်း အပြည့်အစုံ မပါ။ ရန်ကုန်မှ ယူလာခဲ့တဲ့ ဆေး အနည်းငယ်နဲ့ပဲ
ပျောက်အောင်ကုရမည်။ အရေး အကြီးဆုံးက ဘုရားဆေး တရားဆေး သံဃာဆေး တိုက်ဖို့၊
ရတနာမြတ်သုံးပါးမှတစ်ပါး ကိုးကွယ်ရာ မရှိ ပါ။ ထို့ကြောင့် သရဏဂုံနှင့်
ဗောဇ္ဈင်သုတ်တော်ကို ရွတ်ကာ ရေနွေးဖြင့် ခြေထောက်ကို ဦးစွာဆေးပေးရ သည်။
ခြေဖျားများသာထိ၍ တော်သော်လည်း ခြေသန်း
ချောင်းလေးမှာ ပြတ်လုလုဖြစ်နေသည်။ ဖန်ရေဆေး ပြီး အရက်ပျံများကို သုတ်လိမ်းကာ
အနာကျက်ဆေး ထည့်၍ ပတ်တီးစည်းပေးလိုက်သည်။
ကံကောင်းထောက်မစွာ သုံး-လေးရက်အကြာမှာ
အနာက သိသိသာသာ သက်သာသွားသည်။ ထို သည်မှစ၍ မိမိထံ ကျန်းမာရေးနှင့်ပတ်သက်လာလျှင်
ဘာဖြစ်ဖြစ် ရောက်လာကြသည်မှာ ဆေးဝါးများပင် ပြတ်လပ်လာသည်။
“ကလိုက်ကတပ် - ရသမျှ အကုန်စား၊ ယပ်စိုင်
မေ့ခိုက်နောဝ် - ဖျားနာချိန်မှာ ခက်သည်လို့
. .ရှမ်း စကားပုံရှိတယ် မဟုတ်လား၊ အဲဒီလိုပဲ ဒကာ ဒကာမတို့လည်း
အစားအသောက်ကို ဆင်ဆင်ခြင်ခြင် စားကြ၊ ဖျားနာလျှင်လည်း နည်းမှန်လမ်းမှန်နဲ့ ကုကြ၊
အနာရှိရင် ဆေးရှိတယ်။ ဒီတော့ ဆေးမှန်ကို ရှာကု ကြရမယ် ဟုတ်ပြီလား”
“တင်ပါ့ဘုရား”
“ထွမ်နမ့် လိုင်းခင့်ဖ
တုက်းပနာ့စောဝ်ကောဝ်- ကောင်းကင်ပေါ် တံတွေးထွေးက မိမိမျက်နှာပေါ် ပြန် ကျတဲ့၊
မိမိတို့ရဲ့လုပ်ရပ်ဟာ မိမိတို့ ကံကြမ္မာပဲ။
ဒါကြောင့် လမ်းမှန်ကိုရွေးလို့ ပြောတာ၊ ဒီလို တော တောင်ထဲမှာ သာသနာပြုတဲ့
ဘာသာခြား များစွာရှိ တယ်၊ အဲဒီဘာသာတွေ အများကြီးထဲမှာ ကိုယ် ရွေးချယ်
ကိုးကွယ်လိုက်တဲ့ ဘာသာဟာ နည်းမှန်လမ်းမှန်ဖြစ်တဲ့ ဘာသာဖြစ်ဖို့ အရေးကြီးတယ်။ ခု
ဗုဒ္ဓဘာသာကို ဒီရွာက ကိုးကွယ်မှုရွေးချယ်လိုက်ကြတာ ရတနာသိုက်ကြီးကို ရရှိကြသလိုပဲ၊
အထူး ကျေးဇူးများလှတယ်။ ဒါပေမဲ့ ဘယ်ဘာသာအယူကို ယူထား ယူထား မကောင်းတာ လုပ်ရင် မကောင်းတာ
ဖြစ်မယ်၊ ကောင်းတာလုပ်ရင် ကောင်းတာ
ဖြစ်မယ်၊ ဒီတော့ တံတွေးထွေးရင် အပေါ် မော့
မထွေးမိကြစေနဲ့ ဟုတ်ပြီလား”
“မှန်ပါ ဘုရား”
မိမိ စçရောက်စနှင့် ခုပုံစံ
ရွာသူရွာသားများ၏ စရိုက်များ မတူကြတော့။ အလွန် ယဉ်ကျေးရိုးသား လာကြသည်။
ဘုန်းကြီးမြင်ရင် ဖိနပ်ချွတ်သည်၊ ဝတ်ချ သည်။ ဥပုသ်နေ့တိုင်း ဥပုသ်သီလ ဆောက်တည်
ကြသည်။ ကလေးများလည်း မြန်မာ၊အင်္ဂလိပ်၊သင်္ချာ
အထိုက်အလျောက် တတ်မြောက်လာကြသည့်အပြင် ဗုဒ္ဓယဉ်ကျေးလိမ္မာသင်တန်းများကြောင့်
ကျောင်းတွင် အမြဲ ဝေယျာဝစ္စ လုပ်ခြင်း၊ နေ့စဉ် ဘုရားဝတ်တက် ခြင်းများ ပြုလုပ်ကြသည်။
သူတို့ဆီမှာ ဗမာစကား တတ်လျှင် ရွာလူကြီးဖြစ်ကြသည်။ ရွာလူကြီးကို တစ် ရွာလုံးက
လေးစားကြသည်။ စီးပွားကို ဝေစုခွဲပေးရ သည်။
သူတို့၏ဘဝခရီးအတွက် အထိုက်အလျောက်
သဒ္ဓါတရားများ လူနေမှုဘဝ မြှင့်တင်ခြင်းများ လုပ် ပေးနိုင်ခဲ့ပေပြီ။
ဤသို့ မိမိ သာသနာပြုလာသည်မှာ ရက်မှလ
စား၊ လမှ နှစ်စားလို့ ရာသီစက်ဝန်းကြီးလည်း နှစ် ကြိမ်တိုင်အောင် လည်ခဲ့ပြီ။
ထို့ကြောင့် မိမိ၏ သာသနာ ပြုနှစ်အကန့်အသတ်ကား ပြည့်လေပြီ။ ဒီရွာလေးကို
သံယောဇဉ်ဖြစ်မိသည်။ ဒီလူတွေရဲ့ဘဝကို ဆက်လက် ထိန်းကွပ် မြှင့်တင်ပေးချင်သည်။
ဒီရွာလေးမှာ ဗုဒ္ဓ သာသနာ အမြဲလွှမ်းမိုးထွန်းတောက်စေချင်သည်။
သို့သော် မပြီးဆုံးသေးသော ပညာရေးအတွက်
ခရီးဆက်ရဦးမည်မို့ နောက်လာမည့် သာသနာပြု ရဟန်းများက ဆက်လက်လုပ်ဆောင်ပေးလိမ့်မည်ဟု
ယုံကြည်စွာ ခွဲခွာကြရတော့မည်။
“တွတ်ပီလုံ တေမေးယော(ဝ်)ဟား - ဘုန်းကြီး
ပြန်တော့မလား”
“မေးလွဲလွဲနာ့ - ဖြည်းဖြည်းပြန်ပါနော်”
ကလေးများ၏ ဝမ်းနည်းမျက်ရည်ဖြင့်ပြောသော
စကားသံများကား ရင်ကို တုန်လှုပ်စွာ ဝမ်းနည်းစေ သည်။
“ဪသာ် . . ဘယ်ပြန်ချင်ပါ့မလဲ
ကလေးတို့ရယ်”
မိမိ ပြန်ရက်ကိုရောက်သောအခါ တစ်ရွာလုံးက
ရွာပေါက်အထိ လိုက်ပို့ကြသည်။ ထုံးစံအတိုင်း ရွာလူကြီး ရှမ်းအဘိုးကြီးကတော့
ပလိုင်းများလွယ်ကာ ကားလမ်းအထိ လိုက်ပို့မည်။ အားလုံးက ဝမ်းနည်း သည့်
ညှို့ဓာတ်များဖြင့် မျက်နှာများပင် မကြည့်ဝံ့ အောင် နှုတ်ဆက်ကြသည်။ အချို့က
ခြေကိုဖက်၍ ငိုပြန်သည်။ မိမိကိုယ်တိုင်လည်း ရဟန်း ဖြစ်သော ကြောင့်
အောင့်ထိန်းထားရသည့် မျက်ရည်များမှာ ရွာဖို့ပြင်တဲ့ တိမ်မည်းညိုလို
ယန်းယန်းခတ်နေသည်။
“တွတ်ပီလုံ ကိုင်ခို ကွာစူးကန် -
ဘုန်းကြီးအတွက် ငါတို့ ပေါင်းကူးတံတားခင်းထားတယ်“
“တွတ်ပီလုံ ဟတ်ကန်မိန်ပီနောင့် -
ဘုန်းကြီး ကို ငါတို့ ဆွေမျိုးအရင်းလိုချစ်ကြတယ်”
သူတို့၏ စကားသံများကို ကြာကြာနားမထောင်
ချင်ပါ။ ပုထုဇဉ်ပီပီ သံယောဇဉ်ဖြစ်တတ်သည့်အတွက် ရုန်းထွက်ရန် ခက်ပေလိမ့်မည်။
“ဘုန်းကြီးလည်း အချိန်ရရင်
ပြန်လာလည်ပါ့မယ်။ စိုင်မေတ္တာမီးနမ်-မေတ္တာစိတ်ပွားများပါတယ်။ အမြဲတမ်း သတိရနေမှာပါ။ အရေးကြီးတာ အားလုံးပဲ
မမေ့မလျော့ နေရစ်ကြဖို့ပါပဲ။ ပြီးတော့ ဘာသာတရားပေါ်မှာ ခိုင်မာတဲ့ သဒ္ဓါတရားကို
ဘယ်တော့မှ မပျက်စေကြပါနဲ့၊ ကိုးကွယ် ရာအစစ်အမှန်ကို ရှာကြပါ။ အားလုံး ဘုန်းကြီး
နှုတ်ဆက်ခဲ့ပါတယ်”
မှာလိုသည်ကို မှာပြီး စကားအပြန်ကို
မစောင့် တော့ဘဲ အပြန်လမ်းကိုထွက်ခွာခဲ့ပေပြီ။ သမုဒယ နှောင်တွင်းကို
မကျော်လွန်နိုင်လျှင် ရှေ့ဆက် သာသနာ ပြုလမ်းမှာ အနှောင့်အယှက်ဖြစ်ပေလိမ့်မည်။
အားလုံး အားလုံး ပြီးခဲ့ပြီ။
၅။
“ဟဲ့ ကျောင်းသားကိုစိုင်း”
“ဘုရား”
“ငါကြားဖူးတာ ဒီနန့်ပိန့်ရွာကလူတွေ ဘာသာ
တရား အလွန်ကိုင်းရှိုင်းကြပြီး သဒ္ဓါတရား အလွန် ထက်သန်ကြတယ်ဆို၊ ကျောင်းမှာ
ကုသိုလ်လုပ်သူ၊ ဥပုသ်စောင့်သူ၊ ယဉ်ကျေးလိမ္မာသင်သူနဲ့ အရမ်း အားကျဖို့ကောင်းတဲ့ရွာလို့
ငါကြားဖူးခဲ့တယ်”
“မှန်ပါ ဟုတ်ပါတယ် ဘုရား၊ သာသနာကို
အလွန် သက်ဝင်ယုံကြည်ကြပါတယ် ဘုရား”
“ဟေ . .ဒါဖြင့် ခု ငါသာသနာပြုတာပဲ နှစ်လ
ပြည့်တော့မယ်၊ ဘယ်မလဲလူတွေ . . .ကျောင်းလည်း မလာ၊ စကားလည်း ပြောမရ တရားလည်း ဟောမရ၊
စာလည်း မသင်ကြနဲ့၊ မင်းနဲ့ငါ နှစ်ယောက်တည်း နှစ်ပါးသွားနေကြရပါလား”
“မှန်ပါ . . .ခဏနေရင် ရွာလူကြီးများ
လာပြီး ဆရာတော်ကို အကြောင်းစုံလျှောက်ထားပါလိမ့်မယ် ဘုရား”
“ဟေ”
နန့်ပိန့်ရွာ
ဗုဒ္ဓသာသနာပြုကျောင်းတော်သို့
ရွာလူကြီးများ လေး-ငါးယောက် ရောက်လာကြသည်။ ဆရာတော်အား ရိုသေစွာ ဦးချကြပြီး
သင့်တင့်သော နေရာတွင် ထိုင်နေကြသည်။
“ကဲ . .ဒကာကြီးတို့ ဆိုစမ်းပါဦး၊
ဦးဇင်းရောက် တာ နှစ်လရှိပြီ၊ ဒီရွာမှာ ဘာသာသနာပြုလုပ်ငန်းမှ လုပ်ခွင့်မရခဲ့ဘူး၊
ဒကာကြီးတို့ ကိုယ်တိုင် သာသနာ ပြုကျောင်း ဆောက်ထားကြပြီး ရဟန်း သံဃာတွေ ပင့်
ကိုးကွယ်ခဲ့ကြတယ်ဆို”
“မှန်ပါဘုရား . . ဒီလိုကိုးကွယ်လာတာ
သာသနာ ပြုရဟန်း အရှင်ဘုရားပါဆို . .သုံးပါးမြောက်ပါပြီ ဘုရား၊ ရွာက
လူတွေအားလုံးကလည်း သာသနာကို ယုံကြည်မြတ်နိုးလှပါတယ် ဘုရား”
“ကိုင်း . .ဒါဖြင့် ခု
ဘာတစ်ခုမှလုပ်ခွင့်မပြုတာ ဘယ်လိုအကြောင်းများကြောင့်လဲ”
“မှန်ပါ၊ တပည့်တော်များ ဆရာတော်ရဲ့ သီလ၊
သမာဓိ၊ ပညာကို စောင့်ကြည့်တဲ့သဘောပါ ဘုရား”
“ကဲ . .ဆိုစမ်းပါဦး ဒကာကြီးရဲ့”
“တပည့်တော်များရွာမှာ ပထမဦးဆုံး ခက်ခက်
ခဲခဲ သာသနာလမင်းအဖြစ် ထွန်းညှိပေးခဲ့တဲ့ ဆရာ တော် အရှင်စန္ဒကုမာရဆိုတာ ရှိပါတယ်
ဘုရား”
“အဲဒါ ဦးဇင်းရဲ့သူငယ်ချင်းအရင်းပဲ ဒကာကြီး”
“မှန်ပါ၊ ဆရာတော်စန္ဒကုမာရက ကိုးကွယ်မှု
အစစ်အမှန်ကို ရှာကြပါတဲ့၊ ကိုးကွယ်မှုမှား ငရဲလား စေပါတယ်တဲ့ ဘုရား။ ကိုယ်လုပ်တဲ့ကံ
ကိုယ့်ထံ ပြန် လာလိမ့်မယ်၊ အဆိပ်ပင်ကို ရေမလောင်းကြနဲ့ လို့ ဟောကြားဆုံးမခဲ့ပါတယ်
ဘုရား”
“အင်း . .ဒီတော့ ဦးဇင်း
ဘာအပြစ်ရှိလို့လဲ၊ ကိုယ်ကျင့်တရားကို အထူးထိန်းသိမ်းပါတယ်”
“မှန်ပါ . . .ဆရာတော်ဘုရား ဘာအပြစ်မှ
မရှိကြောင်း တပည့်တော်တို့ တွေ့ရှိရသလို ဆရာတော် အရှင်စန္ဒကုမာရကဲ့သို့သော
တကယ့်ရဟန်းစစ်ရဟန်း မှန် သာသနာပြုသူရဲကောင်းတစ်ပါးဆိုတာ တွေ့ရှိရ ပါတယ်။ ဆရာတော်
အရှင်စန္ဒကုမာရ မရှိတော့တဲ့ နောက်ပိုင်း တပည့်တော်များ ဆာလောင်နေသော သာသနာကို
အရှင်ဘုရားက ဖြည့်ဆည်းကျွေးမွေးနိုင် လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်ဘုရား”
ဆရာတော်ဦးဇဝနမှာ ခေါင်းတညိတ်ညိတ်လုပ်
နေ၏။ ထို့နောက် ရွာလူကြီးက ထပ်မံလျှောက်ထား လိုက်သည်မှာ -
“ဒါပေမဲ့ အရှင်ဘုရားကို တပည့်တော်တို့
တစ်ခု လောက် မေးလျှောက်ချင်ပါတယ် ဘုရား။ အရှင်ဘုရား ဒီရွာကို တစ်သက်လုံး
သာသနာပြုနေနိုင်ပါသလား ဘုရား”
“ဟေ . .ဒကာကြီးတို့ကလည်း ဦးဇင်းက
ကျောင်း ဆက်တက်ရလိမ့်ဦးမယ်၊ ဒီကို တစ်သက်လုံး သာသနာ ပြုဖို့တော့ မဖြစ်ဘူးနဲ့တူတယ်”
“မှန်ပါ အရှင်ဘုရား၊
တစ်သက်လုံးနေမယ်ဆိုရင် တပည့်တော်များ လိုလေသေးမရှိအောင် ထောက်ပံ့ လှူဒါန်း
ကုသိုလ်ဒါန, သီလ, ဘာဝနာပွားများပါ့မယ် ဘုရား၊ အရှင်ဘုရားက
တစ်သက်လုံးမနေနိုင်ဘူးဆို ရင်လည်း ခုကတည်းက ပြန်ကြွပါတော့ဘုရား}
လျှောက်ထားရင်း ငိုသံပါလာသော ဒါယကာကြီး
အသံကြောင့် ဆရာတော်ဦးဇဝနမှာ နားလည်ရခက် သွားသည်။
“ဘယ်လိုအကြောင်းမို့လဲ ဒကာကြီး”
“တပည့်တော်တို့ရဲ့ သာသနာအပေါ်မှာ ထားတဲ့
အသည်း နှစ်ခါထပ်ပြီး မကွဲစေလိုပါ ဘုရား။ အရှင် ဘုရားတို့လို စစ်မှန်တဲ့
ရဟန်းများမဟုတ်ရင် နောက် ရောက်လာမယ့် ရဟန်းများက တပည့်တော်တို့ရဲ့သဒ္ဓါ တရားကို
ရိုက်ချိုးတာခံရမှာ ကြောက်လို့ပါ ဘုရား၊ အဲဒီလို သံဃာတုများကို တပည့်တော်တို့
အလွန် အင်မတန် ကြောက်နေပါပြီ”
ပြောရင်း မျက်ရည်များကျလာသော
ရွာလူကြီးမှာ ခံစားချက်များ ပေါက်ကွဲလို့နေလေသည်။
ဆရာတော်၏ နားမလည်နိုင်သောမျက်လုံးများ
ကြောင့် အခြားတစ်ယောက်မှ ဝင်၍ လျှောက်ထား ပြန်သည်။
“ဒီလိုပါ ဘုရား၊ တပည့်တော်တို့ရွာ သာသနာ
ကို ဆရာတော်အရှင်စန္ဒကုမာရက လမ်းဖွင့်ပေးခဲ့လို့ အလွန်သက်ဝင်စွာ
ကိုးကွယ်ခဲ့ကြပါတယ်။ ဘာမဆို သဒ္ဓါတရားအပြည့် လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဆရာ တော်
စန္ဒကုမာရ သာသနာပြုကာလ ပြည့်သွားတဲ့အခါ ဒုတိယ သာသနာပြုဖို့ ရောက်လာတဲ့ ဆရာတော်ဟာ
တပည့်တော်များရဲ့ ထက်သန်တဲ့ သဒ္ဓါတရားကို အလွဲသုံးစားလုပ် အသုံးချပြီး မကောင်းဘက်
ရောက် အောင် တွန်းပို့ခဲ့ပါတယ်ဘုရား”
“ဪသာ် . .ဘယ်လိုဖြစ်ကြပါလိမ့်”
“မှန်ပါ၊ အဲဒီဒုတိယဆရာတော်ဟာ မြို့က
လူတွေနဲ့ ပေါင်းပြီး ဟိုဘက်တောင်ကုန်းပေါ်က ဘိန်းစိုက်ခင်း တွေကို လုပ်ပါတယ်။
ပြီးတော့ ဘိန်းတွေကို နယ်စပ်ထိ ကိုယ်တိုင်ပို့ ရောင်းဝယ်လုပ်ခဲ့ပါတယ်။ရွာက လူတွေ
ရဲ့သဒ္ဓါတရားကို အလွဲသုံးစားလုပ်ပြီး ဘိန်းမှောင်ခို ကူးတဲ့လုပ်ငန်းကို
လုပ်ခိုင်းခဲ့ပါတယ်။ တပည့်တော်တို့က တောင်ကြားမှာ နေရတဲ့သူတွေပါ။ ဘာမှ မသိခဲ့ကြ
ရပါဘူး။ ဆရာတော် ခိုင်းတာမှန်သမျှ အကောင်းထင် ခဲ့မိကြလို့ ရွာကလူတွေ ဘိန်းစွဲ
ဖိုးစွဲ ဘဝတွေပျက်ရ သလို မြို့က ရဲတွေ လာဖမ်းလို့ ပါသွားတဲ့သူတွေ ခုထိ
ဘယ်လိုနေမှန်း မသိရသေးပါဘုရား။ အဲ . .ဆရာတော် လည်း ဖမ်းခံရတယ်လို့ သိရပါတယ်။
ဒီထက်ဆိုးတာက တပည့်တော်တို့ရွာကို အမည်းစာရင်းထဲထည့် အမည် ဖျက်ခံလိုက်ရပါတယ်”
“ဪသာ် . . .ဒါကြောင့်ကိုး”
“ဒီတော့ အရှင်ဘုရားကိုလည်း ဘယ်လို ဆရာ
တော်ဖြစ်မယ်ဆိုတာ စောင့်ကြည့်ခဲ့ရပါတယ်။ အရှင် ဘုရားက တပည့်တော်တို့ ဆရာတော်
အရှင်စန္ဒ ကုမာရကဲ့သို့ ဆရာတော်ပါ။
ဒါပေမဲ့ ကိုးကွယ်ခဲ့ပြီးမှ (၂)နှစ်ပြည့်ရင် ပြန်လည်ခွဲသွားဦးမယ်၊ အရှင်ဘုရား
နောက်မှာ ရောက်လာမယ့် သံဃာက ဒုတိယဆရာ တော်လိုဖြစ်နေမှာ သိပ်ကြောက်ပါတယ်။ ဒါကြောင့်
စစ်မှန်တဲ့ သံဃာနဲ့ တွေ့တုန်း တစ်သက်လုံး နေဖို့ လျှောက်ထားတာပါ။ အရှင်ဘုရားကမှ
မနေနိုင်ရင် ခုကတည်းက ပြန်ြွကတော်မူပါ။ နောက်နောင်လည်း တပည့်တော်များ ရွာမှာ
သာသနာပြုဆရာတော် လုံးဝ မပင့်နိုင်တော့ပါ ဘုရား”
ခက်ချေပြီ။ ဒီလိုသမိုင်းကို အစောကတည်းက
သိရင် ဒီဒေသကို သာသနာပြုဖို့ ငြင်းဆန်ခဲ့မိမည်။ ခုတော့ ရှေ့လည်း မတိုးသာ၊
နောက်လည်း မဆုတ် သာ။ ဆရာတော် ဇဝနမှာလည်း ကျောင်းက ဆက် တက်ရန် ရှိသေးသကဲ့သို့
ကျောင်းပြီးရင် ဇာတိရွာမှာ ကျောင်းထိုင်ရမည်ဖြစ်ကြောင်း ဆရာသမားနှင့် မိသားစုကို ကတိပေးခဲ့ပြီးပြီ။
ဒီတော့ ရွေးချယ်စရာ တစ်လမ်းသာ ရှိသည်။
လာလမ်းကို ပြန်ရမည်။ သို့သော် အသားထဲက လောက်ထွက်သည့် ရဟန်းဆိုးတစ်ပါးကြောင့်
လူများစွာ ၏ဘဝ သာသနာကွယ်ပရမည်ကို အလွန်ရင်နာမိသည်။
ယနေ့ သာသနာပြု ရဟန်းလောကတွင် ဤကဲ့သို့
စရိုက်ဆိုး အကျင့်ဆိုးများ အလွန်တရာ များပြားနေပေပြီ။ ရဟန်းသံဃာ ပေါများရာ
မြို့များတွင် ဒါဟာ ပြဿနာ မရှိ၊
တစ်ပါးမကောင်း တစ်ပါးပြောင်း ကိုးကွယ်နိုင်ကြ သော်လည်း ဘာသာဝင်အသစ် သဒ္ဓါတရားအသစ်
များဖြင့် သာသနာကို ခုမှသက်ဝင်နေမိကြတဲ့ တိုင်းရင်းသားများအဖို့ ရင်လေးစိတ်မကောင်း
စရာဖြစ်သည်။ ဒါကြောင့် ဒီခရီးကပြန်လျှင် တောင်တန်း သာသနာပြုဗဟိုဝန်ဆောင်အဖွဲ့သို့
အကြောင်းစုံ တင်ပြ ရမည်။
နန့်ပိန့်ရွာသာသနာအတွက်ကိုကား ဆရာတော်
ဇဝန မကယ်နိုင်ပေပြီ။ ဒီရွာနှင့်ဒီသာသနာ ဒီမှာတင် တစ်ခန်းရပ်စေခဲ့ပြီလား။
တကယ့်စစ်မှန်တဲ့သာသနာကို သူတို့ ကိုးကွယ်ခွင့်မရတော့ပြီလား။ သူတို့၏ဘဝများ မုဆိုးဘဝများ၊
တောတောင် နတ်ကိုးကွယ်မှုများ ဘက်၌သာ ထာဝရရပ်တည် နေရစ်ကြတော့မည်လား ဆိုသည်ကိုတော့
မဝေခွဲတတ်တော့ပေ။
တောင်တန်းပေါ်က နန့်ပိန့်ရွာ သာသနာ
ကွယ်လေ ပြီလား။
ဆရာတော်အရှင်ဇဝနကတော့ လာရာလမ်းကို
ပြန်လည်ြွကမြန်းခဲ့ရပေလေပြီ။
(ရှင်နန္ဒသာရ ၏ နာဂတောင်တန်းသာသနာပြု အတွေ့အကြုံစာအုပ်နှင့်
အရှင်စန္ဒကုမာရ(ရွှေတြိဂံ)၏ ကိုယ်တွေ့ဖြစ်ရပ်များကို ခံစားရင်း ဖြစ်ရပ်မှန်များကို
တင်ဆက်ကာ ရေးဖွဲ့ပါသည်။)
ပီတိ(ပေကြီး)
No comments:
Post a Comment