တွေ့ဆုံမေးမြန်း
ဓမ္မလမ်း
မိုးမိုးစောဝင်း
“တွေ့ဆုံမေးမြန်းဓမ္မလမ်း” ဆိုတဲ့ ကဏ္ဍလေး
ကို အပ္ပမာဒမဂ္ဂဇင်း ခေတ်ဦးကာလများမှာ ပုံမှန် တင်ဆက်ဖူးပါတယ်။ ဒါပေမဲ့ ကြာလွန်းတော့အီ၊ မြင်လွန်းတော့ရိုး ဆိုသလို
ဖြစ်မှာစိုးတာကတစ်ကြောင်း၊ ကဏ္ဍတစ်ခုကို ရေရှည်ဖော်ပြတဲ့အခါမှာ စာဖတ် ပရိသတ်များ
ငြီးငွေ့မှာစိုးတာကတစ်ကြောင်းမို့ ရပ်နား ဖြစ်တာ ကြာပါပြီ။ ဒီကဏ္ဍကို အပ္ပမာဒ
မဂ္ဂဇင်းရဲ့ နောက်ပိုင်းပရိသတ်များ သိရှိမယ်တောင် မထင်ပါဘူး။ အခုတစ်လောမှာ တိုက်မှာ
ကိုးကား အဖြစ်ထားရှိတဲ့ အပ္ပမာဒ ပေါင်းချုပ်များကို ပြန်လည်လှန်လှော ဖတ်ရှု
မိတဲ့အချိန် လေးစားအားကျဖွယ်၊ မှတ်သား
လိုက်နာ ဖွယ် ဒီကဏ္ဍလေးကို အသစ်တဖန်ပြန်လည်တင်ဆက် ရရင်ဆိုတဲ့ စိတ်ကူးလေးဖြစ်မိပါတယ်။
ဒါကြောင့် အဟောင်းထဲကအကောင်းအဖြစ် မှတ်ယူရင်း “တွေ့ဆုံ မေးမြန်းဓမ္မလမ်း”
အစီအစဉ်လေးကို ပြန်လည်တင်ဆက် လိုက်ရပါတယ်။ ယခု တွေ့ဆုံမေးမြန်းထားတဲ့ ဆရာတော်ကတော့ ရွှေတြိဂံသာသနာပြုဆရာတော်
အရှင်စန္ဒကုမာရ
B.A(Buddhism) M.A(Buddhist Study) Ph.D(Thesis)
ဖြစ်ပါတယ်။
၁။အရှင်ဘုရားရဲ့ဘွဲ့အမည်နှင့်
သာသနာ့ဘောင် အတွင်းသို့ ဝင်ရောက်ခဲ့ပုံလေးကို ပြောပြပေးပါဘုရား။
ဦးဇင်းရဲ့ဘွဲ့အမည်က အရှင်စန္ဒကုမာရ
ဖြစ်ပါ တယ်။ ဦးဇင်းရဲ့ မိဘတွေက တောင်သူလယ်သမား တွေပါ။ မွေးတာကတော့ အမေရဲ့ရွာမှာ၊ ကြီးပြင်းရတာ ကတော့
အဖေရဲ့ရွာမှာ။ အဘိုးအဘွား အဒေါ်တွေ ဝမ်းကွဲအစ်ကိုတွေ အစ်မတွေ ညီ ညီမတွေနဲ့ကြီးပြင်း
ခဲ့ရပါတယ်။ ဦးဇင်း ခုနစ်နှစ်လောက်ရောက်တော့ အဖေက ဦးဇင်းကို အတန်းကျောင်းပညာ မတတ်မှာစိုး
လို့ အမေ့ရဲ့ရွာကိုပြောင်းခဲ့တယ်လေ။
ခုနစ်နှစ်အရွယ်မှ စပြီး သူငယ်တန်းကို စတက်ခွင့် ရခဲ့ပါတယ်။ မိသားစုမှာ
ဦးဇင်းက အကြီးဆုံးသားဆိုတော့ ဒုတိယတန်း ကျောင်းသားအရွယ်ကစပြီး အဖေ့လည်းကူရ၊
အမေ့ကို လည်း ကူရပါတယ်။ အများဆုံးကတော့ အမေ့အလုပ် တွေကိုကူရတာများပါတယ်။
မှတ်မှတ်ရရလေး တစ်ခု ပြောပါဦးမယ်။ အမေ့ ရက်ကန်းအလုပ်မှာပေါ့။ ရက်ကန်း မရက်မီ ချည်တွေကို ဒေသအခေါ် “ရက်ကန်း
ရှီခုံ”ပေါ်မှာ ကိုယ်လိုချင်တဲ့ အတိုင်းအတာ အတိုအရှည် ပေါ်မူတည်ပြီး
တိုင်တွေစိုက်ရတယ်။တိုင်တွေစိုက်ပြီး တဲ့အခါ အသင့်ရက်လုပ်ဖို့ပြင်ထားတဲ့
ချည်ခင်တွေကို ဘယ်အရောင်က ဘယ်နှမြက် ဘယ်အရောင်က ဘယ်နှမြက်စသည်ပေါ့ “ရှီ”ရပါတယ်။
ရှီတဲ့အခါ ချည်တွေကို တိုင်တွေပေါ် လှမ်းလှမ်းပြီးချိတ်ပေးရတဲ့ လက်လံဆိုတာရှိပါတယ်။
ဝါး(သို့မဟုတ်)သစ်သားနဲ့ လုပ်ထားတာပါ။ ငယ်ငယ်က အဲဒီ လက်လံကြီး ကိုင်ကိုင်ပြီး
ရက်ကန်းရှီနေတာတွေ့တော့ ရွာထဲက အပျိုကြီး အပျိုငယ် အပျိုရွယ် အပျိုလတ်အားလုံးက
အားကျကြပါတယ်။ ပြီးတော့ ရက်ကန်းစင်လုပ်ငန်းမှာ ပြောနေတဲ့ “ယောကျာ်းလေး
လက်လံနဲ့ထိမိရင် မိန်းမ မရတတ်ဘူး”ဆိုသော ဆိုရိုးလေးတစ်ခုရှိပါတယ်။ ရွာထဲက
အပျိုကြီးတွေက “နင်တော့ ဒီတစ်သက် မိန်းမ ရတော့မှာ မဟုတ်တော့ဘူး”ဆိုပြီး
စကြနောက်ကြတဲ့ အခါ “ကျွန်တော်က ဘုန်းကြီးဝတ်မှာဗျ”လို့ပြန်လည် ပြောပြခဲ့တာက
အမှတ်တရပါပဲ။
အဲဒီလိုနဲ့ အတန်းပညာ ၆-တန်းလောက်
ရောက်တော့ စဉ်းစားတတ်လာတယ် ။ ငါ ဒီ တောင်သူ အလုပ်ကြီးကို နေ့စဉ် နေပူမရှောင်
မိုးရွာမရှောင်လုပ်ရ ဦးမှာလားဆိုတဲ့အတွေးမျိုး ခဏခဏတွေးမိပါတယ်။ ၃-၎
တန်းအရွယ်ကစပြီး ဥပုသ်နေ့ ဆွမ်းစဉ်များရှိတဲ့အခါ ဘုန်းကြီးကျောင်းသားအဖြစ်လိုက်ခဲ့တာဆိုတော့
ဘုန်းကြီး ရဟန်းသံဃာများရဲ့ဘဝကိုလည်း အတော်ပင် နီးနီးစပ်စပ်
တွေ့မြင်ခွင့်ရခဲ့ပါတယ်။အသက် ၁၇-နှစ် အရွယ် သတ္တမတန်းဖြေဆိုပြီးချိန်မှာ အဖေက
ညီအစ်ကို သုံးယောက်လုံးကို မြို့ပေါ်မှာ မြင်းတွေနဲ့ ရှင်ပြုပေးပါ တယ်။ ရွာကျောင်းဆရာတော်ထံမှာ တစ်နွေလုံးကိုရင်
ဘဝနဲ့နေရင်း ရှင်ကျင့်ဝတ်တို့၊ လောကနီတိတို့ သင်အံ ကျက်မှတ်ရပါတယ်။ ညီတွေက
လူထွက်သွားကြပေမဲ့ ကိုယ်က မထွက်ဘဲဆက်နေနေပါတယ်။ ရွာဦးကျောင်း ဆရာတော်ကလည်း
တပည့်တစ်ပါးမှမရှိတော့ လက်တို လက်တောင်း ခိုင်းရတဲ့အတွက် လူမထွက်စေချင်သေး
တာကြောင့် မထွက်ဘဲနေနေတာပါ။ ရွာထဲက ကိုယ့်ထက် ကြီးတဲ့လူတွေ ရောက်လာတော့လည်း ကိုရင်
လူမထွက် နဲ့တော့နော်။ ဒီကျောင်းကြီးကို အမွေဆက်ခံဖို့ တပည့်တို့
ဘုန်းကြီးမှာမရှိဘူး။ ကိုရင်ဝတ်နေရင် နောင်တစ်ချိန် ဒီကျောင်းကိုအမွေဆက်ခံရမှာ
သေချာတယ် စသည်ဖြင့် ပြောပြကြပါတယ်။ အဲဒီလို တိုက်တွန်းစကားများကို
ကြားရတဲ့အချိန်ဆိုရင် အရင်က ကိုယ်ကတွေးခဲ့ မိတဲ့အတွေးများ ဝင်ဝင်လာတတ်ပြီး
စဉ်းစားစရာတွေ ရောထွေး နေပါတယ်။ ကိုယ်က အဲဒီနှစ် ၇-တန်း အောင်ပြီး
ရှစ်တန်းကိုတက်ရမယ်။ အဖေအမေတို့ အလုပ်တွေ မနိုင်မနင်းဖြစ်နေတာတွေကို ကူညီချင်တဲ့
စိတ်ကလည်းများနေတယ်။ တစ်ဘက်ကလည်း ဒီကျောင်းကြီးမှာ
ကျောင်းထိုင်ဘုန်းကြီးလုပ်ရမယ်ဆိုတဲ့ ကလေးအတွေးတွေနဲ့ပေါ့။ နောက်ဆုံးတော့ ငါ
ကိုရင်ဘဝ က မထွက်တော့ဘူးဆိုတဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို ချပြီး
သာသနာ့ဘောင်မှာနေဖို့ အဘိုးကိုအရင်ပြောပြ ပါတယ်။ အဘိုးက သေချာမေးမြန်းပါသေးတယ်။
မထွက်တော့ဘူးဆိုတဲ့ ခိုင်မာတဲ့ကတိကို ပေးလိုက်ပါ တယ်။ အဲဒီနောက်
အဖေနဲ့အမေကိုပြောပြပါတယ်။ အဖေနဲ့အမေကလည်း အဲဒီညက ဝမ်းနည်းဝမ်းသာ ဖြစ်နေကြတာပေါ့။
ကိုယ့်သားသမီးက တကယ် မြင့်မြတ် တဲ့ဘဝကို ရွေးချယ်သွားတာ ဝမ်းသာလွန်းလို့ မျက်ရည်
တွေစို့ပြီး “ငါတို့
သာသနာ့ဒါယကာဖြစ်ရတော့မယ် ကွ”လို့ အဖေကြုံးဝါးခဲ့တာ မျက်စိထဲက မထွက်တော့ ပါဘူး။ တစ်ဘက်ကလည်
“သားအကြီးဆုံးကို မိသားစု ဘဝထဲက ဆုံးရှုံးရမှာဆိုတော့ အားတစ်ခုလျော့သွား တယ်လို့ ”အဖေ
ညည်းတွားခဲ့ဖူးတာကိုလည်း နားထဲက မထွက်ခဲ့ပါဘူး။ အဲဒီမှာ အဘိုးနဲ့အဖေအမေတို့က “ဘာကြောင့်ဝတ်ချင်တာလဲ၊
ပြန်ထွက်ဖို့ စိတ်ကူးရှိသေး လား”လို့ မေးတဲ့အချိန်မှာ ပြန်ဖြေပေးခဲ့တဲ့ စကား တွေက
၁၇-နှစ်သား ကိုရင်လေးမှာ အတိတ်ဘဝ များစွာကပါလာတဲ့ ပါရမီကုသိုလ်များကို
မှန်းဆနိုင်မှာပါ။ “ကိုရင် လူ့ဘဝမှာနေရင် အဘိုးတို့ အဖေအမေတို့လိုပဲ နေပူထဲမှာ
အလုပ်လုပ်ရဦးမှာပေါ့။ အဲဒါတွေကို မလုပ်ချင်တော့ဘူး။ ပြီးတော့ ဝတ်ပြီးရင်လည်း ပြန်
မထွက်ချင်တော့ဘူး၊ အဘိုး အဖေ အမေ ကိုရင့်ကို သာသနာ့ဘောင်မှာနေခွင့်ပြုကြပါနော်”။
အဲဒီလိုနဲ့ သာသနာ့ဘောင် အတွင်းသို့ စတင်ဝင်ရောက်ခဲ့တာပါ။
၂။ ဒါဆို
အရှင်ဘုရားက သာသနာ့ဘောင်ထဲမှာ ကိုယ့် ပင်ကိုဆုံးဖြတ်ချက်နဲ့ ဆက်လက်လျှောက်လှမ်း
ဖြစ်ခဲ့တာပဲနော်။
ဟုတ်ပါတယ်။ ကိုယ့်ဘာသာပဲဆုံးဖြတ်ပြီး
သာသနာ့ဘောင်တွင်း ဆက်လက်နေမယ်ဖို့ ဆုံးဖြတ်ခဲ့ တာပါ။
၃။
အရှင်ဘုရားရဲ့ သာသနာ့ဘောင် အစခရီးမှာ လက်ဦးဆရာနဲ့ စာပေသင်ကြားလေ့လာမှုတွေကို လည်း
ပြောပြပေးပါဦးဘုရား။
သာသနာ့ဘောင်အစခရီးမှာ လက်ဦးဆရာက တော့
ရွာကျောင်းဘုန်းကြီးပါပဲ။ ဆရာတော်က သေခိယနဲ့ ပရိတ်ကြီးတွေကို သေချာသင်ပြပေးပါတယ်။
နောက်တစ်နှစ်မှာ ငဖဲမြို့ သာသနာ့ရောင်ခြည်ဦးရိပ်သာ
တိုက်ကျောင်းဆရာတော်ထံပို့ပေးပြီး သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဝိနည်းစတဲ့ အခြေခံကျမ်းစာများကို
သင်စေပါတယ်။ ဒါပေမယ့် သိပ် လေးလေးနက်နက် မလုပ်ရတဲ့အတွက် ပေါ့ပေါ့ဆဆပဲ နေခဲ့တာပါပဲ။
ရွာကဆရာတော်လည်း နောက်တစ်နှစ်မှာပဲ ပျံလွန်တော်မူသွားခဲ့ပါတယ်။ဒီလိုနဲ့
နွေရာသီကျောင်းများပိတ်ချိန်မှာ အမျိုးတွေက ပင့်တဲ့ အတွက် အမျိုးများရှိရာ
ညောင်ကိုင်းရွာကိုသွားခဲ့ပါတယ်။ ညောင်ကိုင်းရွာကို
ချောင်းအတိုင်းဆန်ပြီးသွားရပါတယ်။ အဲဒီအချိန် ညောင်ကိုင်းရွာက ကိုယ်နဲ့အတူ ကိုရင်
အတူတူဝတ်ခဲ့တဲ့ ကိုရင်များက ခရမ်းကိုင်းကုန်းစာသင် တိုက်ကနေ စာသင်ပြီးပြန်အလာ
ချောင်းထဲမှာဆုံကြ ပါတယ်။ အသံဝဲဝဲနဲ့“ကိုရင် စာသင်တိုက်မသွားဘူးလား၊ တပည့်တော်တို့
ခု စာသင်တိုက်ကပြန်လာတာ၊ စာမေးပွဲ လည်းပြီးခဲ့ပြီ၊ ဖြေလည်းဖြေနိုင်ခဲ့တယ်”လို့
ပြောလာ တဲ့အခါ ရင်ထဲမှာတစ်မျိုးကြီးဖြစ်သွားတယ်။ ပြီးတော့ “ငါ သာသနာ့ဘောင်မှာနေရင်
ဒီအတိုင်းနေလို့မရတော့ ဘူး၊ စာသင်မှရမယ်။ စာသင်မယ်ဆိုရင် မြို့ကြီးပြကြီး က
စာသင်တိုက်ကိုသွားမှဖြစ်မယ်။ ခု ငါ တော်တော် နောက်ကျနေပါပြီလား။
နောက်ကျလို့တော့မဖြစ်ဘူး၊ ငါ တစ်နေ့ သူတို့ထက်တော်အောင် ကြိုးစားပြမယ်”ရင်ထဲမှာ
အမှန်တကယ်တွေးမိခဲ့တာ။ အမျိုးတွေ ရွာကို ရောက်တော့လည်း ဒါကိုပဲ တွေးနေတဲ့အတွက်
စိတ်က မပျော်တော့ပါဘူး။ ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားနေ တော့တာ။ အမျိုးတွေရွာမှာ
နှစ်ရက်လောက်နေပြီး ကျောင်းကိုပြန်လာခဲ့ပါတယ်။ ဘယ်စာသင်တိုက်က
စာချကောင်းသလဲဆိုတာစုံစမ်းတယ်။ နောက်ဆုံး မကွေးမြို့က မဟာရတနာရာမစာသင်တိုက်က
စည်းကမ်းလည်းကောင်း၊ စာလည်းကောင်းတယ်ဆိုတာ သိရပါတော့တယ်။ စာသင်တိုက်အပ်ပေးမယ့် အသိ
ဦးဇင်းတစ်ပါးကို “လမ်းစရိတ်လှူပါ့မယ်၊ လိုက်အပ် ပေးပါ”ဆိုပြီး
လိုက်အပ်ပေးဖို့ပြောထားပြီးသား။ အဖေ့ကို လည်း “အဖေ ကိုရင် စာသင်တိုက်သွားချင်တယ်။
အဖေပို့ပေးနိုင်မလား”ဆိုပြီးမေးပါတယ်။ မေးတော့ အဖေက အကြာကြီးစဉ်းစားနေတာ။ “ကိုရင်
တစ်နှစ် ဘယ်လောက်ကုန်မလဲ”တဲ့။ “အဖေ သူများတွေ ပြောတာ ငါးထောင်လောက်တော့
ကုန်မယ်ပြောတယ်” ဆိုတော့ အဖေက “အဖေ ဖြစ်အောင်လုပ်ပေးရမှာပေါ့ ကိုရင်ရယ်”တဲ့။
သိတယ်လေ အဖေ့မှာ ငါးထောင် ဆိုတဲ့ ငွေလောက်တောင် လက်ထဲမရှိဘူးဆိုတာ သိနေတာပေါ့။
ဒါပေမဲ့ ကိုယ့်သား သာသနာ့ဘောင်မှာ အနေတင့်ပြီး အပင်မြင့်ဖို့က
အဖေစွန့်စားမှရမယ်ဆိုတာ အဖေ တွေးပြီးသားပါ။ အဖေကသိပ်တော်တာပါ။ ယနေ့အချိန် ထိ
သားဘက်က မှန်မှန်ကန်ကန်ရပ်တည်ပြီး အမြဲတမ်း အားပေးလမ်းပြပေးခဲ့တာ။ တစ်ခါမှ
မညည်းခဲ့ဖူးပါဘူး။ အဲဒီလိုနဲ့ မကွေးမြို့က မဟာရတနာရာမ စာသင်တိုက် ကြီးမှာ
ပရိယတ္တိအခြေခံကစပြီး ပညာရည်နို့ သောက်စို့ ခွင့်ရခဲ့ပါတယ်။ ယခုပြောပြခဲ့တာတွေဟာ
လက်ဦးဆရာ နဲ့ စာပေသင်ကြားမှုတွေလို့ပြောပြရမယ့် အဖြစ်တွေပါပဲ။
၎။ ဒါဆို အရှင်ဘုရားလျှောက်ခဲ့တဲ့လမ်းမှာ မိဘတွေရဲ့
အားပေးမှုကို ရခဲ့တာ ကံကောင်းတယ် ပြောလို့ရတာပေါ့ ဘုရား။
တကယ်တော့ သာသနာ့ဘောင်ကိုဝင်တယ် ဆိုတာ
ထီထိုးရသလိုပါပဲ။ ဘယ်အရာမှ ကံသေကံမ ပြောမရပါဘူး။ နောက်ပြီးတော့ မိဘဒကာဒကာမများ
အနေနဲ့လည်း အမြဲတမ်း ရင်တထိတ်ထိတ်နဲ့စောင့်ကြည့် နေရတာပါ။ မတော်လို့များ အသက်ကြီးမှ
လူထွက်ပြီး ဒုက္ခရောက်မှဖြင့် မလွယ်ဘူးဆိုတဲ့အတွေး မိဘတိုင်း ဒကာ ဒကာမတိုင်းရဲ့
ရင်ထဲမှာရှိကြပါတယ်။ သာသနာ့ ဘောင်ဆိုတာ မြင့်မြတ်တဲ့နေရာဖြစ်လို့ ကိုယ့်သား
ကိုယ့်ကိုရင် ကိုယ့်ရဟန်းက မြင့်မြင့်မြတ်မြတ်မှ နေနိုင်ပါ့မလားဆိုပြီး
ပူပန်နေတတ်ကြပါတယ်။ အဲဒီလို တွေ တွေးမိတဲ့အခါမှာ ကိုယ့်သားကို ဘယ်လိုဖြစ်ဖြစ်၊
ဘာပဲဖြစ်နေနေ ကိုယ့်မျက်စိအောက်မှာပဲ ထားချင်ကြပါ တယ်။ ဒါပေမဲ့
မြင့်မြတ်တဲ့နေရာမှာ ထားရတာဆိုတော့ အဲဒီနေရာနဲ့ ထိုက်တန်တဲ့ သာသနာအလုပ်တွေ
လုပ်နိုင် ဖို့ဆိုတာ ခွဲခွာမှရမှာလေ။ အဲဒီလိုစိတ်ခံစားချက်မျိုးစုံ ရှိနေတဲ့ကြားက
အဖေနဲ့ အမေကတော့ “ငါ့သား သူများ တွေကို တကယ့် ဆရာတော်ကြီးဖြစ်သည်ထိ၊ ပညာတတ် ကြီး၊
နိုင်ငံကျော် ဓမ္မကထိကကြီး၊ စာချဆရာတော်ကြီး ဖြစ်သည်ထိသာ ကြိုးစား၊ လိုအပ်တာအဖေတို့
အမေတို့ အကုန်ထောက်ပံ့မယ်”လို့ ပြောပြီး အားပေးခဲ့တာပါပဲ။ ခေတ်ပညာ
အနည်းငယ်တတ်ကြတဲ့အမျိုးတွေကတော့ “ဥာဏ်ကောင်းရဲ့သားနဲ့ ကျောင်းကိုဆက်တက်ပါလား၊
ဆယ်တန်းအောင်မှ ကိုရင်ဝတ်တော့ လောကီဘွဲ့လည်း ရမယ်၊ လောကုတ္တရာဘွဲ့လည်းရမယ်”ဆိုပြီး
အကြံပြု ပါသေးတယ်။ အမျိုးတွေကလည်း ကိုယ့်အပေါ်ပိုမြင့်တဲ့ နေရာက
ပိုပြီးတင့်တယ်တဲ့ပန်းတစ်ပွင့်အဖြစ် မြင်ချင် ကြတာလေ။
၅။ အရှင်ဘုရားက မိဘဆွေမျိုးများနဲ့ခွဲခွာပြီး
သာသနာ့ဘောင်အတွင်းဝင်ရောက်လာတာဆိုတော့ ခွဲခွာခါနီးမှာ အဖေအမေနဲ့ မိသားစုတွေက
တစ်ခုခု အမြဲမှာတတ်ကြတယ်လေ။ အဲဒီ အမှာစကားတွေ ထဲမှာ အရှင်ဘုရားဘဝအတွက် တစ်သက်လုံး
အမှတ်တရဖြစ်စေတဲ့စကားမျိုး၊ ဆရာသမားတွေ ကနေ အရှင်ဘုရားကို ပြောလိုက်လို့ အမှတ်တရ
ရှိစေမယ့်စကားမျိုးများရှိလျှင်လည်း ပြောပြပါဦး ဘုရား။
ရှိတာပေါ့ ဒကာမကြီးရယ်။ သိပ်ကောင်းတဲ့
မေးခွန်းပါပဲ။ ပြောပြချင်နေတာနဲ့ အတော်ပဲ။ မေးပေး တာကိုပဲ ကျေးဇူး
အများကြီးတင်နေပါပြီ။ မြို့ကြီးက စာသင်တိုက်ကိုသွားတော့မယ်ဆိုတော့ အဖေက မှာပါ တယ်။
“သား ကိုရင် ခု ကိုရင်က ပညာတတ်ကြီးဖြစ်ဖို့ အတွက် မြို့ကိုသွားပြီး
ပညာသင်ရတော့မှာ။ အဖေတို့ အမေတို့ကတော့ သားကိုရင် အမြင့်ကိုရောက်သည် ထက်ရောက်အောင်
မြေတောင်မြှောက်ပေးမှာပဲ။ အဖေတို့ဘဝတွေဟာ ရွှံ့ထဲဗွက်ထဲမှာ တစ်နှစ်လုံးနေပြီး
လုပ်တာတောင် မချမ်းသာပါဘူး ။ ဒါပေမဲ့ အဖေတို့မှာ မြင့်မြတ်ခွင့်ရမယ့်
အခွင့်အရေးတွေဆိုက်လာခဲ့ပြီ။ အဲဒီအခွင့်အရေးတွေကို တွေးကြည့်မိတိုင်း အဖေ
ကျေနပ်ပျော်ရွှင် အားတက်နေပါတယ်။ ဘာမှ အားမငယ်နဲ့သား။ တကယ်သာကြိုးစားပါ။ အဖေတို့
အားပေးပါတယ်။ သာသနာတော်မှာ ထွန်းလင်း တောက်ပတဲ့ ကြယ်တစ်ပွင့်အဖြစ်
မြင်တွေ့ခွင့်ရရင် ကျေနပ်ပါပြီ”တဲ့။ အဖေ့စကားတွေက အားဆေး လည်းတိုက်ပြီး
အစောင့်အရှောက်လည်း ထည့်ပေး လိုက်သလိုပါပဲ။
အမေကတော့ “သား ကိုရင်ကို အမေ ပုံပြင်
တစ်ပုဒ်ပြောပြမယ်၊ ဟိုတုန်းက တို့ တောင်ဘက်နယ်က အဘိုးကြီးတစ်ယောက်ဟာ မြောက်ဘက်က
ယောနယ် ကို လှည်းသွားဝယ်တယ်တဲ့၊ သူတည်းတဲ့အသိအိမ်က အိမ်ရှင်မိန်းမကြီးဟာ ပညာသည်ကြီးတဲ့၊
အဘိုးကြီးကို ဧည့်ခံကျွေးမွေးဖို့ ထမင်းဟင်းတွေချက်ပြုတ်တဲ့အခါ
ပညာနဲ့လုပ်ပြီးချက်သတဲ့၊ အဘိုးကြီးကလည်း လှည်းကို ရွေးပြီး ဝယ်ပြီးတဲ့အခါ
နေ့လယ်စာစားဖို့ သူတည်းခို တဲ့အိမ်ကိုပြန်တာပေါ့၊ အိမ်ရောက်တော့ အိမ်ရှင်မိန်းမ
ကြီးက ထမင်းများခူးခတ်ပြီးကျွေးတယ်တဲ့၊ အဘိုးကြီးက လည်း
အိမ်ရှင်မိန်းမကြီးကျွေးတဲ့ထမင်းကို ဗိုက်ဆာဆာ နဲ့ အားရပါးရစားတာပေါ့၊
စားလည်းပြီးရော အိမ်နောက် ဖေးက အိမ်သာထဲသွားပြီး စားထားသမျှ သူ့အလိုလို
အကုန်ပြန်အန်ထွက်ကုန်တာ၊ အဘိုးကြီးက အိမ်ရှင် မိန်းမကြီးဟာ ပညာနဲ့
သူ့ကိုစမ်းသပ်တာပဲဆိုတာသိတော့ မေတ္တာမပျက်ဘဲနေတယ်တဲ့။ နေအေးတဲ့အခါ သူ
ရွေးဝယ်ထားတဲ့လှည်းကိုနွားတွေတပ်မောင်းပြီး တောင်ဘက်နယ်ကိုပြန်လာခဲ့တယ်၊
အဘိုးကြီးစားဖို့ အတွက် မကောင်းတာတွေကို
ထမင်းလုပ်ချက်၊ တံစက်မြိတ်စတွေကို ငါးကြော်လုပ်၊ ဆံပင်ထွေးတွေကို ပဲပင်ပေါက်လုပ်ပြီး
ချက်ကျွေးတဲ့ အိမ်ရှင်မိန်းမကြီးဟာ အဘိုးကြီးက ဘာမှမဖြစ်ဘဲ စားထားသမျှ အိမ်သာထဲမှာ
အန်ထုတ်ထားခဲ့တာသိတော့ လန့်သွားတာပေါ့၊ ဒီ အဘိုးကြီးဟာ သူ့ထက်စွမ်းတဲ့
ပညာရှင်ကြီးပဲဖြစ်ရမယ်၊ ငါ့ကိုပြန်လုပ်ရင် ငါတော့ သေမှာပဲလို့တွေးပြီး ကြောက်
လန့်တဲ့အတွက် အိမ်မှာမနေသာမထိုင်သာ ဖြစ်နေတာ ပေါ့၊ နောက်ဆုံးတော့ အဘိုးကြီးဆီသွားပြီး
ကန်တော့ပွဲနဲ့ ပြန်တောင်းပန်မယ်လို့ တွေးကာ ကန်တော့ပွဲရွက်ပြီး တောင်ဘက်နယ်ကို
လိုက်သွားတယ်တဲ့၊ တောင်ဘက် နယ်ရောက်တော့ အဘိုးကြီးရဲ့အိမ်ထိ လိုက်လာပြီး
အဘိုးကြီးရှေ့မှာ ကန်တော့ပွဲချကာ တောင်းပန်ပါတော့ တယ်၊ ပြီးတော့ အဘိုးကြီးမှာ
ဘယ်လိုပညာများ ရှိနေ လဲလို့ မေးတယ်တဲ့၊ အဘိုးကြီးကလည်း လာတောင်းပန် တဲ့
မိန်းမကြီးကို “နောက်တစ်ခါ ကိုယ့်ပညာနဲ့ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်ဖို့၊
ကိုယ့်ပညာနဲ့ သူတစ်ပါးကို အတတ်နိုင်ဆုံး ကူညီနိုင်အောင် ကြိုးစားဖို့၊
ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းဖို့၊ စိတ်ကောင်း ထားဖို့”စသည်ဖြင့်
ပြောပြလိုက်ပါတယ်တဲ့၊ နောက်ပြီး တော့ သူ့ကိုပညာနဲ့စမ်းလို့မရတာက အဘိုးကြီးက
ပညာရှင်မဟုတ်တဲ့အကြောင်း၊ သူက ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင်
စောင့်ရှောက်ကြောင်းနဲ့ အဓိကကတော့ သရဏဂုံသုံးပါးကို ငယ်စဉ်ကစလို့
ဆောက်တည်လာတဲ့အကြောင်း၊ ဘာပဲလုပ်လုပ် မလုပ်မီ သရဏဂုံအရင်ရွတ်ဆိုပြီးမှ
လုပ်ဆောင်တဲ့ အကျင့် တစ်ခုရှိကြောင်း၊ အဲဒီ သရဏဂုံတည်တဲ့ ကောင်းကျိုး ကြောင့်
ဘယ်လိုမကောင်းကြံသူမှ သူ့ကို ဒုက္ခရောက်
အောင် မလုပ်နိုင်တဲ့အကြောင်း ပြောပြလိုက်ပါတယ်တဲ့။
အမေ့သားလည်း ဘယ်ရောက်ရောက်
သရဏဂုံကိုမမေ့ပါနဲ့၊ သွားခါနီး, လာခါနီး, ပြောခါနီး, စားခါနီး, လုပ်ခါနီး,
အိပ်ခါနီးစသည်ဖြင့် ဘယ် အချိန်ပဲဖြစ်ဖြစ် သရဏဂုံကိုအရင်ရွတ်ပါ၊ ပြီးမှလုပ်ပါ၊
သရဏဂုံကို ကိုယ့်ခန္ဓာကိုယ်မှာထုံနေအောင် အမြဲမပြတ် ရွက်ဖတ်ပါနော်”လို့
မှာတဲ့အမေ့ရဲ့စကားက တကယ် အမှတ်တရပါပဲ။ ယနေ့အချိန်ထိ အန္တရာယ် ကြီးကြီး မားမား မတွေ့ရဘဲ
ကျန်းကျန်းမာမာနဲ့ သာသနာပြု နေနိုင်တာဟာ အမေပေးလိုက်တဲ့ လက်ဆောင်ရဲ့ အစွမ်း ပါပဲ။
ဆရာသမားများရဲ့ စကားများထဲမှာ
အမှတ်တရအရှိဆုံးနဲ့ ဘဝတစ်ခုလုံးကို ဩဇာ သက်ရောက်မှုအရှိဆုံး စကားတစ်ခွန်း ရှိပါတယ်။
အဲဒါက မဟာရတနာရာမတိုက်ကနေ မော်လမြိုင်ဆင်ဖြူ စာသင်တိုက်ကိုပြောင်းခါနီး
ဆရာတော်ဦးကေသဝ ပြောလိုက်တဲ့ စကားလေးပါ။ ဆရာတော်ဟာ ဦးဇင်း ဘဝရဲ့
ကန့်ကူလက်လှည့်ဆရာတော်ပါ။ ဆရာတော်က ]ငါ့တပည့် မင်းက မြို့ကြီးရောက်လေ
ပိုပြီးတိုးတက်လေ ပိုပြီးအောင်မြင်လေဖြစ်မှာ၊ သွားသာသွား။ ဒါပေမဲ့ မြို့ကြီးဆိုတာက
လူပေါတယ်၊ အပေါင်းအသင်းပေါတယ်၊ လူမျိုးစုံ အပေါင်းအသင်းမျိုးစုံနဲ့ပေါင်းရမှာ၊
ဘယ်လို အပေါင်းအသင်းနဲ့ပဲတွေ့တွေ့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သတိထားရမှာက
ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တကို ဘယ်တော့မှ မပျက်စီးစေနဲ့}}တဲ့။ အဲဒီစကားလေးက
ဦးဇင်းဘဝတစ်ခုလုံးကို
ယနေ့ချိန်ထိ ဩဇာသက်ရောက် မှု အပေးနိုင်ဆုံးနဲ့ အကောင်းဆုံးဩဝါဒစကားလေးပါပဲ။
၆။တပည့်တော်
အရှင်ဘုရားရဲ့ ဖေ့ဘွတ်စာမျက်နှာ တွေပေါ် ကြည့်မိတဲ့အခါ တစ်ခါတစ်ခါ အရှင်ဘုရား
ရေးထားတာတွေ့မိသလိုပါပဲ၊ နံပါတ်ခြောက် မိဘ စသည်ဖြင့်ပေါ့ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး
နားလည် အောင်ရှင်းပြပေးနိုင်မလားဘုရား။
ဒါလေးကလည်း ယနေ့ခေတ် ကိုရင်ငယ် ရဟန်းငယ်
ညီငယ် ညီမငယ်လေးတွေကို သိစေသင့် တဲ့အရာလေးတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဦးဇင်း
မိဘပေါတာကိုြွကားရတော့မှာကိုး။ ဒီလို မိဘပေါအောင် ဘယ်လိုများ လုပ်ခဲ့သလဲဆိုတာလေးက
စိတ်ဝင်စား စရာကောင်းရင် ကောင်းနေမှာ။
ဦးဇင်းမှာ မိဘအရင်းအပါအဝင် မိဘလေးစုံနဲ့
သုံးခြမ်း(၇-ဦး)ရှိပါတယ်။ အဲဒီမိဘတွေဟာ ကိုယ်က သတ်မှတ်တာမျိုးမဟုတ်ပါဘဲ
သူ့ဘာသာသတ်မှတ်ပြီး သား ဖြစ်သွားတာတော့ အံ့ဩစရာပါပဲ။ အဲဒီလို
မိဘပေါများတာနဲ့ပတ်သက်ပြီးတော့ အမေမှာလိုက် တဲ့စကားလေးကိုပြောပြချင်ပါတယ်။ အမေက“သား
သားက အမေတို့နဲ့ခွဲပြီး အဝေးကြီးမှာသွားနေရမှာ၊ ဒါကြောင့် ဘယ်နေရာပဲရောက်ရောက်
ကိုယ့်အမေ ကိုယ့်အဖေအရွယ်တွေတွေ့ရင် အတတ်နိုင်ဆုံး အမေပဲ အဖေပဲဆိုတဲ့စိတ်နဲ့
ဆက်ဆံပါ၊ စောင့်ရှောက်ပါ၊ တွေ့သမျှမိသားစုကိုလည်း ကိုယ့်မိသားစုဆိုတဲ့ စိတ်မျိုး
ထားနိုင် အောင်ကြိုးစားပါ။ အဲဒီလိုသာလုပ်နိုင်ရင် အမေ့သား အနားမှာ
အမေအမြဲရှိနေသလိုပဲ၊ ကိုယ့် မိသားစုနဲ့ အမြဲတမ်း နီးနီးကပ်ကပ် နေရသလိုပဲဖြစ်လိမ့်
မယ်”လို့ ဆုံးမခဲ့ဖူးပါတယ်။ သေချာပြန်စဉ်းစားကြည့် တော့ ဒီနည်းက
ဗုဒ္ဓဘုရားရှင်ရဲ့နည်းနဲ့လည်း ကိုက်ညီ နေတာ တွေ့နိုင်ပါတယ်။ ပြီးတော့ ဦးဇင်းအမေက
ဦးဇင်းကို “လူချစ်လူခင်သာရှိစေ လူမုန်းမရှိစေနဲ့၊ အန္တရာယ်လည်းကင်းပျောက်၊ဘုန်းကံလည်းတောက်စေ”ဆိုတဲ့
နည်းကောင်းကြီးကို ပေးပြီးသားဖြစ်နေတာကိုး။နောက်ပြီးတော့ အမေ့စကားကို
နားထောင်ကျင့်ကြံ နေရင်းက ဦးဇင်းတွေးမိလာတဲ့ ဒဿနလေးတစ်ခု ရှိတယ်၊ အဲဒါက“မိဘပီသတဲ့
မိဘတိုင်းမှာ သားသမီး မရှားသလို၊ သားသမီးပီသတဲ့ သားသမီးတိုင်းမှာလည်း မိဘမရှားပါဘူး”ဆိုတဲ့
ဒဿနလေးပါ။
၇။ သာသနာ့ဘောင်ထဲကိုဝင်ရင် ပရိယတ်
ပဋိပတ်တစ်ခုခုကိုတော့ ရွေးချယ်မှုပြုကြပါတယ်။ အရှင်ဘုရားရဲ့ ရွေးချယ်မှုနဲ့
ဆုံးဖြတ်ခဲ့ပုံလေး သိပါရစေဘုရား။
ရွေးချယ်မှုနဲ့ပတ်သက်ပြီး
ပြောပြရမယ်ဆိုရင် တော့ ဘဝပေးကံတရားကပဲ ရွေးချယ်ပေးသွားတယ် ထင်ပါတယ်။ ဘာကြောင့်ဒီလိုပြောလဲဆိုတော့
ကိုရင် ဘဝကနေ ရဟန်းတစ်ဝါလောက်ထိကို နိုင်ငံကျော် ဓမ္မကထိကဖြစ်ချင်တာ။ တရားတွေဆိုရင်
လျှောက်အော် နေတာပါ။ အော်တဲ့အခါ ကြာနီကန်ဆရာတော်အသံနဲ့ တူအောင်အော်တယ်။
သီတဂူဆရာတော်ရဲ့ အသံနဲ့ တူအောင်အော်တယ်။ မင်းကွန်းဆရာတော်ကြီးရဲ့ အသံနဲ့ တူအောင်ဆိုတယ်။
ကိုယ်အားကျတဲ့ ဆရာတော်ကြီး တွေရဲ့ အသံအတိုင်း တူအောင်လိုက်ဆိုတာပဲ။ ရဟန်း
နှစ်ဝါလောက်ကနေစပြီး ရဟန်းငါးဝါလောက်ထိ စာရေးဆရာဖြစ်ချင်နေပြန်ရော။
ငါးဝါလောက်ကနေစပြီး ဆယ်ဝါလောက်ထိ စာချဘုန်းကြီး တအားဖြစ်ချင်တာပဲ။ ဆယ်ဝါလောက်ကနေ
ယနေ့ထိတော့ အတည်တကျ မရှိသေးတဲ့ ခရီးသွားသာသနာပြုရဟန်းတော်တစ်ပါး၊
ပရဟိတစိတ်ဓာတ်ပြင်းထန်နေတဲ့ရဟန်းတော်တစ်ပါး၊ လူငယ်မျိုးဆက်သစ်တွေအတွက်
တအားလုပ်ပေးချင်တဲ့ ရဟန်းတော်တစ်ပါး။ တရားပွဲလေးတွေ လိုက်ဟောနေ ရတဲ့
ရဟန်းတော်တစ်ပါး ဖြစ်နေပြန်ပါတယ်။ ပြန်လည် ဆန်းစစ်ကြည့်မယ်ဆိုရင်
ဘဝအတွက်ရွေးချယ်ကြ ရတဲ့အခါ ကိုယ့်ရဲ့ဆန္ဒပြင်းပြမှု၊ ပတ်ဝန်းကျင်ရဲ့ စေ့ဆော် မှု၊
ကိုယ်ထိတွေ့နေရတဲ့ အသိုင်းအဝိုင်းရဲ့ စေစားမှုတွေကို လိုက်ပြီးဖြစ်သွားတာလို့ပဲ
တွေးမိပါတယ်။
လောလောဆယ်တော့ ပရိယတ်နဲ့ပဋိပတ်
ဘယ်ဟာရယ်လို့ ဇောက်ချသတ်မှတ်မထားဘဲ နှစ်ခုလုံးကိုတွဲလုပ် မိနေတယ်။ ပြီးတော့ ပရဟိတ
အလုပ်ကို အားသန်နေတယ်။ အမှန်တကယ်လိုအပ်တဲ့ နေရာတွေမှာ လိုအပ်သလို
သာသနာပြုလုပ်ငန်းတွေကို လုပ်ဆောင်နေရတာကိုပဲ ကျေနပ်နေပါတယ်။ နောက် တစ်ခုက
တစ်နေရာတည်းမှာ ကျောင်းတိုက်ကြီးထောင် ပြီး ပရိယတ်ရော ပဋိပတ်ရော အတူတွဲလုပ်ရတာကို
ဝါသနာပါတယ်။ ဒါပေမဲ့ အဲဒီလိုတစ်နေရာတည်းမှာကို ရပ်မနေချင်တာ။ ဒီလိုနေရာတွေမှာ
လုပ်နိုင်တဲ့ သံဃာ တော်တွေရော လူတွေရောအများကြီးပဲ၊ သူတို့လုပ်ပါလိမ့် မယ်။
ဒါပေမဲ့ သူတို့မလုပ်နိုင်တဲ့ နေရာတွေမှာ တကယ်လိုအပ်နေတာတွေရှိတယ်။ အဲဒီနေရာတွေမှာ
ကိုယ်က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်ဆိုတဲ့ စိတ်ကအမြဲရှိနေတာ။ အဲဒီစိတ်ကြောင့်ပဲ
ကိုယ်က လိုအပ်တဲ့နေရာတွေမှာ တကယ်ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေတဲ့ ပရဟိတသမားအဖြစ်
ရွေ့လျားနေဖို့ ဆုံးဖြတ်ခဲ့တာပါ။
၈။အရှင်ဘုရားရဲ့ဘဝမှာ
အခက်အခဲကြီးကြီးမားမား တွေ့ခဲ့ဖူးပါလားဘုရား၊ ဘယ်လိုစိတ်မျိုးနဲ့ ကျော်ဖြတ်
ခဲ့ပါသလဲဘုရား။
အခက်အခဲကြီးကြီးမားမားရယ်လို့တော့ မတွေ့ခဲ့ဖူးပါဘူး။
ဒါပေမဲ့ တကယ်ကိုစိတ်ဓာတ်ကို အသစ်ပြောင်းပြီး လုပ်ခဲ့ရတာမျိုးတော့ရှိပါတယ်။
မကွေးမြို့ မဟာရတနာရာမစာသင်တိုက်မှာနေတုန်းက ပထမလတ်တန်းတက်နေတဲ့ နှစ်မှာ လူက
တအားချူချာ တယ်။ အဆုတ်ပွပြီး သေမလောက်ထိဖြစ်တယ်။ အနာတွေပေါက်ပြီး အိပ်ရာထဲ
တစ်လလောက် လှဲနေရ တဲ့ထိဖြစ်တယ်။ အဲဒီနှစ်က စိတ်ဓာတ်တွေကျပြီး တော်တော်ညစ်သွားတယ်။
စာတွေလည်းမကျက်နိုင် တော့ မအောင်တော့ဘူးဆိုတာ သိနေတယ်။ တကယ်ပါပဲ
အောင်စာရင်းထွက်တော့ မအောင်ပါဘူး။ စာမေးပွဲမအောင်ဘူးဆိုတော့ နယ်မှာရှိတဲ့
ဘုန်းကြီးက ရွာကျောင်းကိုထိုင်ခိုင်းဖို့ လုပ်နေပါတယ်။ ဖခမည်းတော် က လုံးဝလက်မခံလို့သာ
လက်လျှော့သွားတာပါ။ အဲဒီလိုဖြစ်နေတော့ နောက်တစ်နှစ် ဒီအတိုင်းသာ ဆက်သွားရင်
စာမေးပွဲက ထပ်ကျဦးမှာဆိုတာ သိနေ တယ်။ ဒါကြောင့် နေရာပြောင်းဖို့စိတ်ကူးလိုက်တယ်။
မော်လမြိုင်ဆင်ဖြူစာသင်တိုက်ကို ရောက်သွားပါတယ်။ အဲဒီမှာ စိတ်ဓာတ်တွေ
အကုန်ပြောင်းပစ်ပြီး စိတ်သစ် လူသစ် နေရာသစ်မှာ ကြိုးစားလိုက်တာ စာမေးပွဲတွေမှာ
အမြဲတမ်း နံပါတ် တစ် နှစ် သုံးပဲ။ စာမေးပွဲအောင်တဲ့ အခါ ဆုတွေရတယ်။ ဆုရတာတွေစုပြီး
မိဘကို ပြန်လည် ထောက်ပံ့နိုင်ခဲ့တာ အဲဒီအချိန် (၂၀ဝ၁)ကစပြီး ယနေ့ အချိန်ထိပါပဲ။
နောက်တစ်ခုကရှမ်းပြည်နယ်အရှေ့ပိုင်းမှာ
သာသနာပြုတာဝန်များ ထမ်းဆောင်နေစဉ်ဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ ၂၀၁၀-ခုနှစ်
ရွှေတြိဂံဒေသ လာအိုနိုင်ငံဘက်ခြမ်းမှာ သာသနာပြုရင်း ဝါဆိုခဲ့စဉ် ကဖြစ်ပါတယ်။
နယ်စပ်ဖြစ်နေတော့ ဝင်ရထွက်ရတာ သိပ်မခက်ဘူး။ ဒါပေမဲ့ သူ့နိုင်ငံဥပဒေတွေကတော့
ရှိနေတာပေါ့။ အဲဒီလိုနဲ့ ကိုယ့်မှာ ဘာအထောက်အထားမှ မရှိပါဘဲနဲ့ ဒကာဒကာမတွေရဲ့
ပင့်လျှောက်ချက်တစ်ခု တည်းနဲ့ ဝါဆိုခဲ့တာပါ။ လာအိုရဲတွေက ငါးရက်တစ်ကြိမ်
ရဲစခန်းကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီတုန်း ကဆိုရင်
လာအိုရဲလာပြီဆိုတာနဲ့ စိတ်ညစ်နေရတာ။ တစ်ခါတစ်ရံ ပုန်းတောင်နေမိတယ်။ ဒါပေမဲ့ ငါ
မဟုတ်တာ လုပ်နေတာမှမဟုတ်ဘဲဆိုပြီး ကိုယ့်ကိုယ် ကိုယ် ယုံကြည်ချက်နဲ့
ဖြတ်ကျော်ခဲ့နိုင်ပါတယ်။ အဲဒီ အချိန်က အဲဒီလိုနေပြီး ကလေးတွေကို စာသင်ပေးခဲ့တဲ့
ကျေးဇူးတွေကို ခု လာအိုနိုင်ငံက မြန်မာလူမျိုးတွေ ခံစားနေရပါပြီ။ ခုဆို ဦးဇင်း
သာသနာပြုဖို့ ဆောက်ထား ခဲ့တဲ့ ကျောင်းလေးဟာ ရဟန်းသံဃာရှိတဲ့အချိန်
ဘုန်းတော်ကြီးကျောင်းဖြစ်ပြီး၊ ကျန်တဲ့အချိန်များမှာ ကလေးတွေကို စာသင်ပေးတဲ့
စာသင်ကျောင်းလေး ဖြစ်နေပါပြီ။
အားလုံးကို ပြန်လည်စဉ်းစားကြည့်တော့
အရာရာတိုင်းကို အစဉ်ပြေ အောင်မြင်အောင် ဆောင်ရွက်နေနိုင်တာဟာ ဦးဇင်းက(၁)
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်၊ (၂) ကိုယ့်ကိုယ်ကိုယ် ပြုပြင်
ပြောင်းလဲပစ်ဖို့ ဝန်မလေးဘူး၊ (၃) နေရာဌာန
အားလျော်စွာ လိုက်လျောညီထွေ လုပ်တတ်တဲ့အကျင့် ရှိတယ်၊ (၄) ပွင့်လင်း
ပြတ်သားစွာလုပ်တတ်တဲ့ စိတ် ရှိတယ်၊ (၅) သမမျှတတဲ့ စိတ်ဓာတ်ကိုအမြဲမွေးမြူထား တယ်၊
(၆) သူတစ်ပါးကို ဦးစားပေးတယ်၊ (၇) ကိုယ့်သီလကိုဘယ်သောအခါမှ ဘယ်အကြောင်းကြောင့် မှ
အထိအခိုက်မခံဘူး၊ (၈) အရာရာအနစ်ခံတတ်တဲ့ စိတ်ဓာတ်ကိုမွေးမြူထားတယ်၊ (၉) အရာရာကို
တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ရဲတဲ့သတ္တိ အပြည့် မွေးမြူ ထားတယ်၊ (၁၀) အမြဲတမ်း
ကြိုးစား ယှဉ်ပြိုင်နေရတာ ကိုကြိုက်တယ်။ အဲဒီလို စိတ်ထားမျိုးတွေနဲ့ ကျော်ဖြတ်ခဲ့
တယ်လို့ပဲ ခံယူမိပါတယ်။ အဓိက ကတော့ ဘယ် အချိန်မှာမဆို ယုံကြည်မှုခိုင်မာနေဖို့
လိုအပ်ပါတယ်။ ဒါဆို အောင်မြင်မှုက တစ်ဝက်ပြီးသွားပါပြီလို့ ပြောချင် ပါတယ်။
၉။ အရှင်ဘုရားအနေနဲ့ ရွှေတြိဂံဒေသ လာအို
နိုင်ငံဘက်ခြမ်းမှာ သာသနာပြုနေတယ်လို့ ကြားသိရ ပါတယ်။ အဲဒါလေးကိုလည်း
ရှင်းပြပေးပါဦးဘုရား။
ဦးဇင်းက ၂၀ဝ၆- မှ ၂၀ဝ၉- ထိ ရှမ်းပြည်နယ်
အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်မှာ ထေရဝါဒ ဗုဒ္ဓသာသနာပြု ရဟန်းအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ ၂၀၁၀-ရောက်တဲ့အခါ သာသနာပြုအဖြစ်က နုတ်ထွက်ခဲ့ပါတယ်။
ဒါပေမဲ့ ယဉ်ကျေးလိမ္မာ သင်တန်းနဲ့ ပတ်သက်ပြီး မိုင်းဖြတ်ကိုတော့ ရောက်ဖြစ်နေပါတယ်။
၂၀၁၁-ခုနှစ် မတ်လ(၁ မှ ၃၁)တွင် ဖွင့်လှစ် သင်ကြား သည့် ယဉ်ကျေးလိမ္မာသင်တန်း
ပို့ချနေစဉ် လာအိုနိုင်ငံ ဘက်ခြမ်းကို သွားရောက်စီးပွားရှာနေကြတဲ့ ဦးဇင်းရဲ့ ရဟန်း
ဒကာတွေနဲ့ အဆက်အသွယ်ရလိုက်ပါတယ်။ သင်္ကြန်ကာလမှာ သူတို့ဆြွီကပေးဖို့လည်း တောင်းပန်
ကြပါတယ်။ အဲဒါကြောင့်ပဲ ၂၀၁၁- သင်္ကြန်ကာလမှာ ဦးဇင်း ရွှေတြိဂံဒေသ
လာအိုနိုင်ငံဘက်ခြမ်းကို စတင် ရောက်ရှိခဲ့ပါတယ်။
ရွှေတြိဂံဒေသ လာအိုနိုင်ငံဘက်ခြမ်းမှာ
တရုတ်သူဌေးမကြီးဦးဆောင်တည်ထောင်ထားတဲ့ ကာစီနိုကုမ္ပဏီမှာ ကာစီနို ဝန်ထမ်း၊
ဆောက်လုပ်ရေး ဝန်ထမ်း၊ ယာဉ်မောင်းဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း၊ စိုက်ပျိုးရေးဝန်ထမ်း
စသည်ဖြင့် အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံဒေသအသီးသီးက မြန်မာလူမျိုးတွေ
တစ်သိန်းနီးပါး ရှိပါတယ်။ အိမ်ထောင်စုပေါင်း တစ်ထောင်ဝန်းကျင်ရှိပါတယ်။
တရုတ်သူဌေးမကြီးက လောကစည်းစိမ်မြို့တော်ကြီးကို တည်ဆောက်နေတာ ဖြစ်တဲ့အတွက်
အဲဒီဒေသမှာ အပျော်ဆိုတာ ပေါမှပေါ။ အဲဒီမှာရောက်နေကြတဲ့မြန်မာတွေထဲမှာ ၁၄-နှစ်အရွယ်
လူငယ်တွေက တော်တော်များပါတယ်။ ဦးဇင်း ရောက်သွားတဲ့အချိန် နေစရာကျောင်းလည်းမရှိတော့
ကိုယ့်ရဟန်းဒကာအိမ်လေးက သင်ဖျာတစ်ချပ်စာ နေရာလေးမှာနေရပါတယ်။ ရွာထဲမှာ
ကာရာအိုကေသံ၊ လောင်းကစားသံတွေနဲ့ ဆူညံနေတာ။ ဗုဒ္ဓဘာသာဝင် တွေဖြစ်နေကြပေမဲ့
တရားခွေဖွင့်ပြီး နားထောင်ဖို့ ကြောက်နေကြပုံပါပဲ။ ပတ်ဝန်းကျင်အားလုံးက
ကာရာအိုကေသံတွေပဲဆိုတော့ ဒီကောင်ကြီးကျယ် လိုက်တာကွာလို့ ပြောခံရမှာကြောက်ကြပါတယ်။
သင်္ကြန် တွင်းမှာ ဦးဇင်းက တရားပွဲခြောက်ည လုပ်ပေးလိုက် တယ်။ အုန်းလက်လေးတွေနဲ့ထိုးထားတဲ့
သင်္ကြန်မဏ္ဍပ် ကို တရားမဏ္ဍပ်လုပ် ခုတင်ကို ပလ္လင်လုပ်ပြီး တရားပွဲ ခြောက်ညဟောလိုက်တာ
မဟာဗုဒ္ဓဝင်လည်း သိသလောက် အကုန်ဟောပေးလိုက်တယ်။ တရားပွဲ တွေမှာ ရဟန်းဒကာကြီးနဲ့
ဒကာမကြီးက ပရိတ်ပဋ္ဌာန်း တရားခွေတွေကို လှူဒါန်းပေးပါတယ်။ သင်္ကြန်ပြီးတော့ ဦးဇင်း ပြန်ြွကခဲ့ပါတယ်။
၂၀၁၁-သင်္ကြန်တရားပွဲဟာ တော်တော်အောင်မြင်သွားတယ်လို့ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့
ဝါဆိုခါနီး ဦးဇင်းပြန်ရောက်တော့ အရင်ကရွာထဲမှာ ကာရာအိုကေသံတွေနဲ့ ဆူညံနေရာက ယခု
တရားခွေဖွင့်နားထောင်တဲ့အသံတွေ ကြားလာရ လို့ပဲဖြစ်ပါတယ်။
သင်္ကြန်မှာ အောင်မြင်မှုရခဲ့တဲ့အတွက်
အားလုံးက ဦးဇင်းကို ဝါဆိုပေးဖို့တောင်းပန်ကြပြန်ပါ တယ်။ ဦးဇင်းကလည်း
ဘာအထောက်အထားမှမရှိတဲ့ အတွက် နေလို့မရကြောင်းပြောပြပါတယ်။ ဒါပေမဲ့ သူတို့က
သူတို့နည်းသူတို့ဟန်နဲ့ နေလို့ရအောင် လုပ်ပေး ပါ့မယ်၊ တပည့်တော်တို့ဆီမှာ သာရေး
နာရေးကိစ္စ အတွက် ရဟန်းသံဃာပင့်ရတာ အင်မတန်ခက်ခဲပါတယ်၊ အရှင်ဘုရား သည်းခံပြီး
သီတင်းသုံးပေးပါလို့ လျှောက် ကြတဲ့အတွက် လာအိုဘက်ခြမ်းက မြန်မာအလုပ်သမား များ
ရွာမှာ ဝါဆိုဖြစ်ခဲ့ပါတယ်။ အဲဒီလိုနေပြီး ဝါတွင်း ကာလတစ်လျှောက်လုံး
ကလေးတွေကိုစာသင်ပေး တယ်။ တရားတွေဟောပြတယ်။ အဲဒီကလူတွေ အားလုံးကလည်း နေ့စဉ် ဆွမ်းချိုင့်ပို့ရတယ်။
လှူချင်တဲ့ အချိန် အလှူလုပ်ခွင့်ရတယ်ဆိုတော့ အရင်လို မဟုတ် ကြတော့ဘဲ အလုပ်လုပ်ရတာ
ပျော်ရွှင်လာကြတာပေါ့။ ဦးဇင်းကတော့ ဝါကျွတ်သည်ထိသာနေခွင့်ရတဲ့အတွက်
ပြန်လာခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ အလှူအတန်းပွဲတွေ သီတင်းကျွတ်çသင်္ကြန်çကထိန်ပွဲစတဲ့
ရာသီပွဲချိန်တွေမှာ တော့ အမြဲတမ်းသွားပြီး ဦးဆောင်လုပ်ပေးနေရပါမယ်။
ခုနောက်ပိုင်းတော့ လာအိုရဲများက ဦးဇင်းကို ကျောင်းထိုင်တစ်ပါးအဖြစ်
နားလည်ပေးထားပါတယ်။ ဒီဘုန်းကြီး ရှိနေခြင်းကြောင့် ဘာမှ ပြဿနာမရှိဘူး ဆိုတာ
သူတို့သိသွားပါတယ်။ နောက်ပြီးတော့ ဒီဘုန်းကြီး ရှိနေခြင်းကြောင့် လူတွေကို
ကောင်းအောင် ဦးဆောင် နိုင်တယ်ဆိုတာ သူတို့ နားလည်သွားကြပုံရပါတယ်။ အဲဒါကြောင့်ပဲ
ဦးဇင်းြွကနေချိန်တိုင်း စစ်ဆေးမေးမြန်း တာတွေ မလုပ်တော့ပါဘူး။ ယခုတော့ အဲဒီမှာ
တရားဝင် မြန်မာဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းပေါ်ပေါက်လာ အောင် ဦးဇင်းတို့
စတင်ဆောင်ရွက်နေပါပြီ။ အများကြီး တော့ ကြိုးစားဖို့ လိုနေပါသေးတယ်။
၁၀။ ယခုလက်ရှိ အရှင်ဘုရားရဲ့ ပရိယတ်မှာ
အောင်မြင်ပြီးသော၊ လေ့လာဆဲဖြစ်သော ပညာရေး အခြေအနေကို သိပါရစေဘုရား။
ယခုလက်ရှိ ပရိယတ်မှာအောင်မြင်ပြီးတာ
ကတော့ ၂၀ဝ၈-ခုနှစ်မှာ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်က ပေးအပ်တဲ့ သာသနတက္ကသီလ ဓမ္မာစရိယ(B.A-Buddhism)ဘွဲ့ကိုရရှိခဲ့ပြီး၊
၂၀၁၃-ခုနှစ်တွင် အိန္ဒိယနိုင်ငံ M.A-Buddhist Study ဘွဲ့တို့ကိုရရှိထားပါတယ်။
ဆက်လက်ပြီးတော့ The analytical study of
Mahayana Buddhism ကျမ်းစာကိုတင်သွင်းပြီး
Ph.D ဘွဲ့ကို ရယူနိုင်ရန်ကြိုးစားဆည်းပူးလျက်ရှိပါတယ်။
၁၁။ အရှင်ဘုရားအနေနဲ့ အိန္ဒိယြွကပြီးတော့
ကျောင်းတက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို သိပါရစေဘုရား။
ဦးဇင်းရဲ့ဆန္ဒလေးတစ်ခုရှိနေတာ ကြာပါပြီ၊
အဲဒါကဘာလဲဆိုတော့ ၃၅-နှစ်ပြည့်တဲ့အချိန်မှာ ဗုဒ္ဓဘုရားရှင်ရယ်လို့
ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓဂယာဒေသ မှာနေချင်တာပါ။ ဒါပေမဲ့ ငွေကုန်မယ့်ကိစ္စဖြစ်နေတော့
ဘယ်သူ့မှမပြောရဲဘူး၊ ကိုယ့်ရင်ထဲမှာပဲ ထားလိုက်တယ်။ ၂၀၁၁-ခုနှစ် ရွှေတြိဂံဒေသ
လာအိုနိုင်ငံဘက်ခြမ်းမှာ သာသနာပြုရင်း ဝါဆိုဖြစ်တဲ့အချိန်မှာ အိန္ဒိယမှာ
ကျောင်းတက်နေတဲ့ သူငယ်ချင်းဖြစ်သူ နောင်တော် အရှင်ဓမ္မိက(လောင်းလုံ)နဲ့ အဆက်အသွယ်
ရလိုက်ပါ တယ်။ သူနဲ့စကားပြော ဖြစ်တဲ့အခါမှာ ကိုယ်လုပ်ချင်တဲ့ ဆန္ဒလေးကို
တိုင်ပင်ကြည့်တော့ သူကအကြံဥာဏ်ပေးပါ တယ်။ “ဗုဒ္ဓဂယာမှာ အဲဒီလိုနေချင်ရင် ကျောင်းတက်
ရင်းနဲ့ နေလိုက်ပါလား။ နေရုံသက်သက်ပဲဆိုရင် ခြောက်လလောက်ပဲနေခွင့်ရမယ်။
ကျောင်းတက်လိုက်ရင် နှစ်နှစ်တော့ အနည်းဆုံးနေခွင့်ရမယ်။ ဒါဆိုရင် တစ်ချက် ခုတ်
နှစ်ချက်ပြတ် ပညာလည်းရ၊ ဘွဲ့လည်းရ ဆန္ဒ လည်း ပြည့်ဝသွားတာပေါ့” ဆိုပြီး ပြောပြတော့
ဒါလည်း ကောင်းတာပဲ။ “ဒါပေမဲ့ ငွေရေးကြေးရေးကျတော့ ဒကာဒကာမတွေပြောဖို့
အားနာတယ်ဘုရား”လို့ သူ့ကို လျှောက်တော့ “ကိုယ်တွေ သာသနာ့ဘောင်မှာ အကြာ ကြီးနေပြီး
ဆည်းပူးခဲ့တဲ့ကုသိုလ်တွေဟာ အများကြီး ဖြစ်နေပြီ၊ အဲဒီကုသိုလ်တွေကိုယုံလိုက်၊
အလိုလိုဖြစ်လာ လိမ့်မယ်၊ ဒကာဒကာမတွေကိုတော့ ခုကတည်းက ဒီလို သွားမယ်ဆိုတဲ့အကြောင်းတော့
ပြောပြထားပေါ့”ဆိုပြီး နည်းပေးပြန်ပါတယ်။ အဲဒီလိုနဲ့ အရာရာအဆင်ချောပြီး
အိန္ဒိယကိုရောက်သွားပါတယ်။ ဟိုရောက်တော့ ကျောင်း လည်းတက်ဖြစ်၊
မဟာဗောဓိပင်အောက်မှာလည်း ကုသိုလ်လုပ်ဖြစ်ဆိုတော့ အင်မတန် ပျော်ရပါတယ်။
ကျောင်းတက်ဖြစ်တယ်ဆိုတော့လည်း ဒါနဲ့ထိုက်တန် အောင်လုပ်ရတာပေါ့၊ ဒီအတွက်နဲ့
ကုန်တဲ့ငွေက မနည်း ဘူးလေ၊ ဘာမဆို ထိုက်တန်အောင်တော့ လုပ်ရပါတယ်။
လုပ်ရင်းလုပ်ရင်းနဲ့ ခုဆို ဒေါက်တာဘွဲ့ကိုပါ ကိုယ်က ယူနိုင်ပါတော့မယ်။ တချို့ကတော့
ဒီဘွဲ့တွေယူတာ လုပ်စားချင်လို့ ထင်ကြတယ်။ တချို့ကလည်း ပြောကြ တယ် “အရှင်ဘုရား
လုပ်စားလို့ရပါပြီ”တဲ့။ အဲဒီ အမြင်တွေ၊အပြောတွေက ကိုယ့်အတွက်တော့ မပြော
အပ်ဘူးလို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က လုပ်စားချင်လို့ ဘွဲ့ယူတာမှမဟုတ်တာ။
ဒီဘွဲ့တွေပြပြီး ဘာလုပ်စားလို့ရမှာလဲ။ ဦးဇင်းအနေနဲ့ အိန္ဒိယမှာ
ကျောင်းတက်ဖြစ်တယ်ဆိုတာ အထက်မှာ ပြောခဲ့သလို ခရီးသွားဟန်လွှဲ တက်ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ ဘွဲ့နဲ့ ပညာနဲ့ထိုက်တန်တဲ့ အရည်အချင်းမျိုး ရှိလာ အောင်လည်း
ကြိုးစားရပါတယ်ဆိုတာ နားလည်စေချင် ပါတယ်။
၁၂။
အရှင်ဘုရားရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ကို သိပါရစေအရှင်ဘုရား။
ဦးဇင်းရဲ့ဘဝရည်မှန်းချက်ပန်းတိုင်က
ဘာဖြစ် မလဲဆိုတော့ ပရဟိတလုပ်ငန်းကို အကြီးကျယ်ဆုံး ဆောင်ရွက်နိုင်ပြီး
အောင်မြင်တဲ့ သာသနာပြု ရဟန်းတော်အဖြစ်ဖြင့် တစ်သက်တာပတ်လုံး အေးချမ်း တိတ်ဆိတ်စွာ
ဖြတ်သန်းချင်တာပါ။
၁၃။ အနာဂတ်သာသနာတော်အတွက် ဘယ်သူ တွေမှာ
တာဝန်ရှိသလဲဆိုတာရယ်၊ အရှင်ဘုရားတို့လို စာတတ်ပေတတ် ရဟန်းပျိုတွေအနေနဲ့ လက်ဆင့်
ကမ်းအမွေကို ဘယ်လို ထိန်းသိမ်းဖြန့်ဖြူးရမလဲ ဆိုတာရယ် စဉ်းစားထားတာများရှိရင်
သိပါရစေ ဘုရား။
အနာဂတ်သာသနာတော်အတွက် အားလုံးမှာ
တာဝန်ကိုယ်စီရှိကြပါတယ်။ သာသနာဆိုတာ အဆုံးအမ၊ ဘယ်သူ့အဆုံးအမလဲဆိုတော့
မြတ်ဗုဒ္ဓရဲ့အဆုံးအမ၊ မြတ်ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာကျင့်သုံးကြတာတွေ အားလုံးမှာ
အဲဒီအဆုံးအမ သာသနာတော်ကြီးရဲ့ အနာဂတ် ရှင်သန်ပြန့်ပွားအောင်ဆောင်ရွက်ဖို့၊ ကာကွယ်
စောင့်ရှောက်ဖို့ တာဝန်တွေရှိနေကြပါတယ်။ အဲဒီထဲကမှ ဦးဇင်းတို့လို
အနာဂတ်သာသနာတော်အတွက် ဦးဆောင် ဦးရွက်ပြုနေသူများမှာ ပို၍ပို၍ တာဝန်ရှိပါတယ်။
ဦးဆောင်သူတွေ လမ်းမချော်ဖို့၊ အတွေးမမှားဖို့၊ အမြင် မှန်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် ဦးဇင်းတို့လို ဦးဆောင်သူတွေမှာ များစွာတာဝန်ရှိပြီး နောက်လိုက် ဒကာ
ဒကာမအားလုံးမှာလည်း ကိုယ်စီကိုယ်စီ တာဝန် တွေရှိနေကြပါတယ်ဆိုတာ ပြောချင်ပါတယ်။
ဦးဇင်းတို့လို မျိုးဆက်သစ်ရဟန်းတော်တွေ
အနေနဲ့ လက်ဆင့်ကမ်းအမွေကို ဘယ်လိုထိန်းသိမ်း ဖြန့်ဖြူးမလဲဆိုတဲ့အခါ ကိုယ့်အရှေ့မှာ
အောင်မြင်နေတဲ့ ဆရာတော်ကြီးတွေအများကြီးရှိပါတယ်။ နည်းယူစရာ တွေလည်း
အများကြီးရှိနေပါတယ်။အဲဒီလို ဆရာတော် ကြီးများကိုနည်းယူပြီး လုပ်နိုင်ဖို့အတွက်
ကိုယ့်ကိုယ်ကိုယ် တာဝန်ယူစိတ်၊ ကိုယ်ယုံကြည်တဲ့ သာသနာတော် အတွက်
တာဝန်ယူနိုင်တဲ့စိတ်နဲ့ အမှန်တကယ် ရိုးသား ကြိုးစားတဲ့စိတ်ရှိဖို့လိုပါတယ်။
နောက်ပြီးတော့ ယနေ့ ခေတ်မှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ ယုံကြည်မှု ဆိုတာကို
ဆန်းစစ်ဖို့လိုနေပါပြီ။ ယုံကြည်မှုတွေ အားနည်းနေတယ်လို့ ယူဆမိတဲ့အတွက် ယခုလို
ပြောမိ တာပါ။ ကိုယ်တွေက ကိုယ့်ဘာသာ သာသနာကို ကိုယ့် ဘာသာဝင်တွေကပဲ
တိုးတက်အောင်လုပ်နိုင်သလို ပျက်စီးအောင်လည်း လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။
ဒါကြောင့် ကိုယ့်ရဲ့ယုံကြည်မှုကို ဘယ်အရာကမှ မဖျက်ဆီးနိုင်ဘူး။
အဲဒီယုံကြည်ချက်မျိုးရှိမှလည်း သာသနာပြုလုပ်ငန်းမှာ အောင်မြင်နိုင်တယ်ဆိုတာ
အမြင်အကြားတွေရော လက်တွေ့ရောကြုံနေရပါပြီ။ ကိုယ်က အဲဒီလို ယုံကြည်ထားသလို
ဦးဆောင်မှုပြုနိုင်ဖို့ လည်း လိုအပ်ပါတယ်။ သီတဂူဆရာတော်ကြီးတို့ဆိုရင် လည်း ကမ္ဘာနှင့်ရင်ပေါင်တန်းကာ
သာသနာပြုလုပ်ငန်း များအောင်မြင်နေတာဟာ ယုံကြည်မှု မှန်ကန်ခိုင်မာ လို့ပဲလို့
ယူဆမိပါတယ်။ ယုံကြည်မှု မှန်ကန်မှ လုပ်ရပ် မှန်ကန်နိုင်ပါတယ်။ လုပ်ရပ်မှန်ကန်မှ
လက်ဆင့်ကမ်း အမွေကို ထိန်းသိမ်းဖြန့်ဖြူးတာ အောင်မြင်မယ်လို့ ခံယူထားပါတယ်။
ဒါကြောင့်လည်း “မိမိအတွက် ဂုဏ်မပျက် ဂုဏ်တက်စေရမယ်”ဆိုသလို ကိုယ့်အတွက်
ဘယ်သူ့ကိုမှ ဂုဏ်မပျက်စေဘဲ ဂုဏ်တက်အောင် ကြိုးစားရင်း လက်ဆင့်ကမ်းအမွေကို
ထိန်းသိမ်း ဖြန့်ဖြူး ပါမယ်လို့ ပြောလိုက်ပါရစေ။
၁၄။ အရှင်ဘုရားကို စာဆိုရဟန်းတစ်ပါး အဖြစ် လည်း
သတိပြုမိပါတယ်ဘုရား၊ စာပေရေးသားခြင်း ဝါသနာကို ဘယ်အရွယ် ဘယ်အချိန်ကများ စခဲ့ပါလဲ
ဘုရား။
အသက် ၁၉-နှစ် ကိုရင်ဘဝကစပြီး
ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တွေစဖတ်တတ်လာပါပြီ။
အဲဒီစာအုပ်တွေထဲမှာပါတဲ့ စာတွေကူးတယ် မှတ်တယ်။ နောက် ကိုယ်ကိုယ်တိုင်
ကဗျာတွေ မတောက်တခေါက် စပ်တယ်။ သူများရေးထားတာတွေကို လိုက်ကူးတယ်။ အဲဒီနောက်
ပထမဆုံးအကြိမ်ထုတ်ဝေတဲ့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း စာအုပ်
မှာ မွှေးပြန့်ကြိုင်စွာ တက္ကသီလာဆိုတဲ့ ဆောင်းပါး တစ်ပုဒ် စရေးပြီး ပါဖူးပါတယ်။
အသက်၂၇-နှစ်အရွယ် ၂၀ဝ၄-၂၀ဝ၅-ခုနှစ်လောက်ကဖြစ်ပါတယ်။ နောက်ပိုင်း လည်း တောက်လျှောက်
ရေးနေမိသလို ရေးသမျှလေး အမှတ်တရဖြစ်အောင်လည်း
စာအုပ်ထုတ်ဖြစ်တယ်။ စာပေရေးသား ဖတ်ရှုတာကို ဝါသနာထုံသူလို့ ကိုယ့် ကိုကိုယ်
ခံယူထားပါတယ်။
၁၅။ လူ့ဘဝမှာပဲဖြစ်ဖြစ် ရဟန်းဘဝမှာပဲဖြစ်ဖြစ်
တန်ဖိုးရှိသောသူတစ်ယောက်ဖြစ်အောင် ဘယ်လို နေထိုင်ကျင့်ကြံသင့်တယ်ဆိုတာလေး
အရှင်ဘုရား အမြင်ကို ပြောပြပေးပါလားဘုရား။
ဒယ်အိုးဆရာတော်ရဲ့ စကားလေးနဲ့ပြောရရင် “အသုံးချလို့ရမှ
အသုံးကျတာ၊ အသုံးကျမှ တန်ဖိုး ရှိတာ”ဆိုတာလိုပေါ့။ တန်ဖိုးရှိတဲ့လူတစ်ယောက်
ဖြစ်ချင် တယ်ဆိုရင် ကိုယ်ကအသုံးကျနေမှဖြစ်မှာပါ။ ကိုယ် အသုံးကျမကျဆိုတာ ကိုယ်က
ဆုံးဖြတ်လို့ မရပါဘူး။ ပတ်ဝန်းကျင်က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ ပတ်ဝန်းကျင်ရဲ့
အဆုံးအဖြတ်ကိုခံနိုင်ဖို့အတွက် ကိုယ့်မှာ ကိုယ်ကျင့်သီလရယ်၊ တည်ကြည်လေးနက်မှုရယ်၊
ပညာအရည်အသွေးရယ်စတဲ့ အရည်အသွေးကောင်း တွေလိုအပ်ပါတယ်။ အဲဒီထက် အရေးအကြီးဆုံးက
မြင့်မြတ်တဲ့စိတ်ထားရှိဖို့အရေးတကြီးလိုအပ်ပါတယ်လို့ မြင်ပါတယ်။
၁၆။ ယခု
အရှင်ဘုရားရဲ့ သက်တော်နဲ့ ဝါတော်ကို လည်း သိပါရစေဘုရား။
ဦးဇင်းရဲ့သက်တော် ၃၇-နှစ်၊ သိက္ခာဝါ
၁၇-ဝါ ရှိပါပြီ။
မိုးမိုးစောဝင်း
No comments:
Post a Comment