ခန္ဓာမှန်က
အို၊ နာ၊ သေခြင်း မလွတ်ကင်း
ဇနက(တောင်ငူ)
ပသေနဒီကောသလမင်း သည် မြတ်ဗုဒ္ဓအား ]အရှင်မြတ်
ဘုရား၊ ပဋိသန္ဓေနေသောသူအား အိုခြင်း သေခြင်းမှ လွတ်ကင်းခြင်း မည်သည် ရှိပါသလော”ဟု
မေး လျှောက်၏။
“မင်းကြီး - ကိလေသာမှ လွတ်ကုန်ပြီးသော၊
ထိုရဟန္တာဖြစ် ကုန်သော ရဟန်းတို့အား သော်မှ လည်း ဤခန္ဓာကိုယ်သည် ပျက် ခြင်းသဘော
ရှိ၏။ ပစ်ချခြင်း သဘောရှိ၏”ဟု မိန့်တော်မူ၏။
ဘုရင်အိုကြီးသည် မဟာဗန္ဓုလ တို့သားအဖတစ်တွေရဲ့
အသေဆိုးကို ကြားရ၍ ကြောက်လန့်တုန်လှုပ် ခြင်း၊ကိုယ်တိုင်လည်း အိုနာ နှိပ်စက်
ပြီဖြစ်၍ ထိတ်လန့်ခြင်း စသည့် အမျိုးမျိုးသော အကြောက်တရားတွေ
ပြေလိုပြေငြားတွေးပြီး မြတ်ဗုဒ္ဓထံ လျှောက်ထားခဲ့သည်။
ဘုရင်အိုကြီးကောသလ သေဘေးကို ကြောက်သလို မိမိ
လည်း မနက်သေမှာလား၊ ညနေ ဆည်းဆာ သေမှာလား၊ စနေနေ့ည ကိုရော ရောက်အောင်ခံပါ့မလား ဟု စဉ်းစားနေရပါပြီ။ သက်တော် ထင်ရှား
မြတ်ဗုဒ္ဓထံလျှောက်ထားပြီး အကြောက်ဖြေရန် အခွင့်မသာ တော့ပေ။
မြတ်ဗုဒ္ဓကိုယ်စား တရားတော် တွေကို ဖတ်၍
အကြောက်လည်း ပြေစေ၊ အို, နာ,သေ လွတ်နည်း လည်းရစေရန် ရည်ရွယ်၍ ရှာဖွေ ဖတ်မှတ်နေစဉ်
ဖထီးအောင်လှ ရောက်လာပါသည်။ သူ့လက်ထဲမှာ တော့ အလှူခံဌာနတစ်ခုကဖြတ်ပိုင်း ကို
ကိုင်ထားသည်။ သူ ထိုင်နေကျ ခုံတန်းရှည်ပေါ်တွင် ကျကျနန ထိုင်ပြီး အမေးရှိလာပါသည်။
“ညောင်စေ့လောက် လှူရုံနဲ့
ညောင်ပင်ကြီးလောက် ကောင်းကျိုး တွေ ရနိုင်ပါတယ်၊ ဘယ်ဘက်က တစ်ဆုပ်ကြဲရင် ညာဘက်က
တစ်လှည်း ဝင်နိုင်ပါတယ်ဆိုတဲ့ ဒါနနဲ့လောဘ ရောသမထားတဲ့ ဆုပေးတွေကိုတော့ ဖထီး ဘယ်လိုမှ
မအောက်မေ့တော့ပါဘူး။ ဒါပေမဲ့ ဆရာတချို့ ဘုရားရှိခိုးတွေ ကြားရ ဖတ်ရတာ မြတ်ဗုဒ္ဓက
အနိစ္စ၊ဒုက္ခ၊ အနတ္တတွေကို ကျော်လွှား၊ နိဗ္ဗာန် ဝင်တဲ့တိုင်အောင် ပကတိ ကိုယ်
တော်အတိုင်း ရှိနေသလို ရေးကြ တာ ဖထီးတော့ ဘဝင်မကျနိုင် အောင်ပါပဲ ဆရာ”
“ဟုတ်တာပေါ့၊ သူ့ထက်သူ လက်စွမ်း ဥာဏ်စွမ်းတွေ
ပြပြီး မြတ်ဗုဒ္ဓကို ပူဇော်ရေးဖွဲ့ကြတဲ့အခါ ပမာဒ လေခလို့ ထေရဝါဒဗုဒ္ဓ ဘာသာရဲ့အုတ်မြစ် အနိစ္စ၊ဒုက္ခ၊ အနတ္တဝါဒကို
အမြစ်ကနေ လှန်ပစ် တာမျိုး ဖတ်ရဖူးပါတယ်”
“ဒီလိုဆိုရင် ဆရာရွှေအေးကို
မေးပါရစေ၊မပျက်မယွင်းရွှေအဆင်း ကဲ့သို့ အမြဲသပ္ပာယ်ဆိုတာ ဘယ်လို နားလည်ရမှာလဲ”
“မဖြစ်နိုင်ပါဘူး၊ မြတ်ဗုဒ္ဓ အပါအဝင်
သတ္တဝါမှန်သမျှ အနိစ္စ ပါ၊ နိစ္စ မဟုတ်ပါဘူး၊ မြတ်ဗုဒ္ဓ အလောင်းအလျာ ဖွားမြင်ပြီးစ
အရွယ်နဲ့ နိဗ္ဗာန်ဝင်ချိန် အရွယ်ကို ဥာဏ်မှာ ဆင်ခြင်ကြည့်ရင် မမြဲတဲ့ သဘော အနိစ္စကို
အမြင်ရှင်း လောက်ပါတယ်”
“ဟုတ်ပါပြီ ဆရာ၊ မြတ်ဗုဒ္ဓ ဟာ
သာမန်လူတွေလို ဒုက္ခမခံစား ရသလို ရေးကြတာရော ဟုတ်ရဲ့ လား”
“မြတ်ဗုဒ္ဓလည်း ခန္ဓာ ရçထား တဲ့
ပုဂ္ဂိုလ်ဖြစ်လို့ ကာယိကဒုက္ခ၊ ပုထုဇဉ်လူ့ဘဝတုန်းက စေတသိက ဒုက္ခတွေ ကြုံရပါတယ်၊
ခံစားရ ပါတယ်”
“ဒီလိုဆို မြတ်ဗုဒ္ဓကိုယ်တိုင် ကာယိကဒုက္ခ
ကိုယ်၌ဖြစ်တဲ့ ဆင်းရဲ မှုတွေကို ထုတ်ဖော်မိန့်ကြားတာမျိုး ရှိခဲ့ရင် ဖထီးမှတ်ပါရစေ
ဆရာ”
“အေးဗျ၊ သိထားသင့်တယ်။ လေးသင်္ချေနဲ့
ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့တဲ့
ပါရမီတွေကြောင့် ယခုဘဝမှာ လူချင်းယှဉ်ရင် ဘယ်သူ နဲ့မှမတူတဲ့ ရုပ်ဖွဲ့စည်းမှု ရူပကာယ
မျိုးပိုင်ဆိုင်ကြောင်းကိုတော့ လက်ခံ ရမယ် ဖထီးရေ့”
“ဒါကိုတော့ လက်ခံပါတယ် ဆရာ၊
ကိုယ့်ဘုရားကို မကြည်ညို လို့ မေးနေတာ မဟုတ်ပါဘူး၊ဓမ္မ ဖြစ်စဉ်အမှန်ကိုသိမှ သံဝေဂဥာဏ်
ဖြစ်မှာမို့လို့ပါ”
“ဟုတ်ပြီ - သုံးဆယ့်နှစ် ကောဋ္ဌာသနဲ့
ဖွဲ့စည်းထားတဲ့ ရုပ် ပိုင်ရှင်တိုင်း၊ ကံ, စိတ်,ဥတု,အာဟာရ အကြောင်းလေးပါး
ထောက်ပံ့မှု ပြည့်စုံခြင်း၊ မပြည့်စုံခြင်းကို အခြေခံပြီး ဇရာကတော့ အနှေးနဲ့ အမြန်သာကွာပြီး
ပေါ်လာ စမြဲပါ။ မြတ်ဗုဒ္ဓ ပုဗ္ဗာရုံကျောင်းမှာ သီတင်းသုံးနေစဉ်က ဆောင်းရာသီ ၏
တစ်နေ့သော ဆည်းဆာအချိန် မှာ နေပူစာလှုံပါတယ်။ အပေါ်ရုံ သင်္ကန်းကို လျှောပြီး
ကျောပြင်ကို နေလှန်းနေစဉ်မှာ ညီတော်အာနန္ဒာ က မြတ်ဗုဒ္ဓရဲ့ကျောပြင်ကို သေသေ ချာချာ
ကြည့်တယ် ဖထီးရေ။ ဝါဝင်းတဲ့အရောင်အဆင်း မပြောင်း သေးပေမဲ့ ပခုံးနှစ်ဘက်ကြား
ကျောရိုးနဲ့ လည်တိုင်ရိုးဆုံတဲ့ တြိဂံ ရပ်ဝန်းမှာ အရေးအကြောင်းတွေ ဇရာလက္ခဏာတွေ
အထင်အရှား ပေါ်နေတယ်။ ခါးလည်း ကိုင်းစç ပြုနေပြီ တဲ့ဗျ။ မျက်လုံးတော်လည်း
ကြည်လင်တောက်ပမှုတွေ လျော့ပါး နေပြီတဲ့ ဖထီးရ”
“ညီတော်အာနန္ဒာက မြတ်
ဗုဒ္ဓရဲ့အလုပ်အကျွေးရဟန်းဆိုတော့ မြတ်ဗုဒ္ဓရဲ့အခြေအနေမှန်ကို အသိ ဆုံးပေါ့ ဆရာ”
“ဟုတ်တယ် - ညီတော် အာနန္ဒာက “အရှင်မြတ်ဘုရား၊
ရွှေ တောင်ကြီးအလား ခံ့ညားသော ကိုယ်လုံးတော်သည် ဇရာသဘော ကို မလွန်ဆန်နိုင်ပါလား
ဘုရား၊ တပည့်တော်တို့ ဖူးမြော်၍မဝနိုင်တဲ့ ရူပကာယဟာ ဆောင်းတွင်းနေ အကျမြန်သကဲ့သို့
အပျက်မြန်လွန်း လှပါတယ် ဘုရား” လို့ ဝမ်းနည်း ပန်းနည်းအသံနဲ့ လျှောက်ထားတဲ့ အခါ
မြတ်ဗုဒ္ဓက “အာနန္ဒာ၊ ပျိုသမျှ ဟာ အဆုံးတစ်နေ့မှာ အိုကြရမယ်၊ အိုရာမှ နာ၊ နာရာမှ
သေကြရမှာ ပဲ၊ ဤသဘောတရားကို ဘယ်သူ မှ မလွန်ဆန်နိုင်ဘူး”လို့ မိန့်တော် မူတယ်”
“ဟုတ်ပါပြီ ဆရာ၊ ခန္ဓာရဲ့
ဖောက်ပြန်မှုတွေက ပုဂ္ဂိုလ်မရွေး ဘူးပေါ့”
“ဒါတွင်မကပါဘူး၊ မြတ်ဗုဒ္ဓ ဟာ
လူသားစစ်စစ်ဖြစ်လို့ အခြား သူတွေလိုပဲ ဒုက္ခမျိုးစုံကြုံရပါတယ်။ သက်တော်က ရှစ်ဆယ်၊
အိုမင်းတဲ့ အရွယ်၊ ရောဂါက သွေးဝမ်းသွားနေ တဲ့အချိန်၊ ပါဝါမြို့ကနေ ကုသိနာရုံ ကို
ြွကတော်မူစဉ်က လမ်းခရီးမှာ “အာနန္ဒာ၊ နှစ်ထပ်သင်္ကန်းကို ခေါက်ပြီး သစ်ပင်ရိပ်မှာ
ခင်းပါ၊ ငါဘုရား ပင်ပန်းတယ်၊ အမောဖြေ ရမယ်၊ ငါဘုရား ရေဆာတယ်၊ သောက်ရေကပ်ပါ”လို့
မိန့်ခဲ့သေး တယ်။ ဒီတော့ မြတ်ဗုဒ္ဓရဲ့ရုပ်နာမ်၊ ဖြန့်လိုက်ရင် ခန္ဓာငါးပါးဟာလည်း
အနိစ္စခန္ဓာ၊ဒုက္ခခန္ဓာ၊အနတ္တာခန္ဓာ ပါပဲဗျာ၊ အဲဒါကြောင့် ခန္ဓာရçထား တဲ့ ပုဂ္ဂိုလ်ဟာ
တစ်ခဏမျှသော် လည်း အနာကင်းခြင်းကို ဝန်ခံပါ လျှင် ထိုသူအား မိုက်သည့်အဖြစ်
မှတစ်ပါး အခြားမရှိတော့လို့
နကုလပိတုသုတ်မှာ မြတ်ဗုဒ္ဓက ဟောထားပါတယ်။ ဒါပေမဲ့ ဖထီး ရေ့၊ အထူးသတိထားရမှာက
ကိလေသာ ကင်းစင်တဲ့ မြတ်ဗုဒ္ဓနဲ့ တကွ ရဟန္တာအရှင်မြတ်တွေဟာ ရူပကာယ
ဖောက်ပြန်ပျက်စီးလို့ ကိုယ်နာပေမဲ့ စိတ်မနာကြဘူး၊ ရုပ်ပျက်ပေမဲ့ စိတ်မပျက်ကြဘူး”
“သဘောပေါက်ပါတယ် ဆရာ ခန္ဓာဒုက္ခကို
ခွဲခြားပြီးမြင်ပါတယ်။ မြတ်ဗုဒ္ဓနဲ့တကွ ရဟန္တာအရှင်မြတ် တွေကို ပြစ်မှားနေတာ မဟုတ်ပါ
ဘူး”
“ဖထီးတို့ ကျွန်တော်တို့လည်း မြတ်ဗုဒ္ဓနည်းပေးသလို
ပျက်နေတဲ့ ခန္ဓာအစုကို သတိသမ္ပဇဉ်နဲ့ ဆင်ခြင် ရင် သီလ, သမာဓိ, ပညာသိက္ခာ တွေ ရင့်ကျက်
မြင့်တက်လာမှာ သေချာတယ်”
“ဒီလိုဆိုရင် ကိုယ် နာပေမဲ့ စိတ်
မနာအောင် အရှိခန္ဓာပေါ်မှာ ဘယ်လိုနှလုံးသွင်းရမှာလဲ၊ ဒီနည်း သိဖို့က အဓိကအချက်လို့
ထင်ပါ တယ် ဆရာ”
“မှန်လိုက်လေ ဖထီးရေ့၊
နကုလပိတာသြွူကယ်ကို မြတ်ဗုဒ္ဓက ကိုယ်နာပေမဲ့ စိတ်မနာအောင်နေ ပါလို့
အတိုချုပ်ဟောလိုက်တာပါ။ဒါကို အရှင်သာရိပုတ္တရာမထေရ် မြတ်က မြတ်ဗုဒ္ဓအလိုကျ စိတ်မနာ
အောင် နေနည်းကို အဓိပ္ပာယ်ဖွင့် ပြီး နကုလပိတာသြွူကယ်ကို ပြန် ဟောရပါတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ် ဟောကြားတာကို အနှစ်ချုပ်ရင် ပုထုဇဉ်တွေဟာ ရုပ်
(ရူပက္ခန္ဓာ)ကို အတ္တ လို့ မှတ်ယူ တယ်။ ငါဟာ ရုပ်၊ ရုပ်ဟာ ငါပိုင် တယ်။ ငါသဘောကျသလို
စီမံနိုင် တယ်။ ဒီလိုပဲ ဝေဒနာ၊ သညာ၊ သင်္ခါရနဲ့ ဝိညာဏ်တွေကိုလည်း အတ္တနဲ့
သိမ်းပိုက်တယ်။ ဒီရုပ်တွေ၊ ဝေဒနာ၊
သညာ၊ သင်္ခါရနဲ့ ဝိညာဏ် တွေပါ ထိန်းမနိုင်ပြင်မရ ဖောက်ပြန် ပျက်စီးလာတဲ့အခါ
စိုးရိမ်တာတွေ ပူဆွေးငိြုွေကးတာတွေဖြစ်ပြီး ကိုယ် ရော စိတ်ပါ ဆင်းရဲနာကျင်ကြရ တယ်။
ရုပ်နာမ် နှစ်ပါး ဖြန့်လိုက်ရင်
ခန္ဓာငါးပါးအပေါ်မှာ နှလုံးသွင်းမှားမှု နဲ့သိမ်းပိုက်ထားတဲ့သူတိုင်း ကိုယ် လည်း
မသက်သာ အတော့်ကို နာသလို စိတ်လည်းနာတဲ့ ပုဂ္ဂိုလ် တွေလို့
သတ်မှတ်တယ်။
ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးပေါ် မှာ
အတ္တနဲ့မသိမ်းပိုက်ဘူး။ ငါပိုင်၊ ငါ့ပစ္စည်း၊ ငါ ကြိုက်သလို စီမံနိုင် တယ်လို့
မမှတ်ယူဘဲ အနိစ္စ ဒုက္ခ ခန္ဓာ၊ ငါ့အကြိုက် မလိုက်၊ ငါ့အလို မပါ၊ အနတ္တခန္ဓာလို့
နှလုံးသွင်းမှန် တဲ့ပုဂ္ဂိုလ်တွေကတော့ ဒီရုပ်ဒီနာမ် တွေ ဘယ်လိုပဲ ဖောက်ပြန်နေပါ စေ၊
ကိုယ်သာ နာမယ်၊ စိတ်မနာ တဲ့ပုဂ္ဂိုလ်တွေလို့ သတ်မှတ်တယ်။ဒါက
အရှင်သာရိပုတ္တရာအရှင်မြတ် ရဲ့ဟောစဉ်ကြောင့် သိလာရတာပါ၊ သာမန်လူတွေရဲ့အသိဥာဏ်မှာ
ရှင်း နေအောင် အရှင်သာရိပုတ္တရာက မဟောခဲ့ရင် သိဖို့မလွယ်ပါဘူး”
“ဖထီးတို့က ဥာဏ်မမီတော့ ကိုယ်နာတော့
စိတ်နာ၊ စိတ်နာ လည်း ကိုယ်ပါ၊အရောရောအထွေး ထွေး ဖြစ်နေတာပေါ့။ မြတ်ဗုဒ္ဓနဲ့
အရှင်သာရိပုတ္တရာရဲ့ ကျေးဇူးကို ဘယ်မေ့လို့ ဖြစ်ပါ့မလဲ၊ ကိုယ်တိုင် လည်း
ကြုံနေရတာပါ၊တရားတော် အစဉ်နှင့် ကိုယ့်ဖြစ်စဉ်ကို မညှိနှိုင်း တတ်တာပါ ဆရာ၊
ရုပ်အနာကို အကောင်းဆုံးဆိုတဲ့ ဆေးဝါး ဓာတ်စာတွေနဲ့ကုလည်း ခဏတော့ သက်သာသလိုလို
ရှိတယ်။ ဒါလည်း ကိုယ့်ကိုယ်ကိုယ် လှည့်စားတာပါ။ ဒီရောဂါကို ဒီဆေးနဲ့သက်သာပေမဲ့
နောက်ရောဂါတစ်မျိုးက ပေါ်လာ ပြန်ရော၊ တကယ့် ကိုယ်တွေ့ပါ ဆရာ၊ စိတ်ထောင်းကိုယ်ကြေ
ဆိုသလို ထောင်းတဲ့ စိတ်လည်း နာ၊ ကိုယ်လည်း နာခဲ့ပါတယ်။ ငါတော့ တရားမသိလို့များ
လှိမ့်ခံနေရ သလားလို့ထင်ပြီး ဆရာ့ကို အားကိုး နေတာ၊ လုပ်ပါဦး ဆရာ၊ ကယ်ပါ ဦး”
“ခန္ဓာရတာက ဝိပါကဝဋ်ဒုက္ခ ပါ၊ တရား မသိတဲ့
ပုဂ္ဂိုလ်လည်း ကိုယ်နာ ရှောင်မရသလို၊တရားသိ တဲ့ ပုဂ္ဂိုလ်တွေလည်း အလူးအလဲ ခံရတာပါပဲ။
မြတ်ဗုဒ္ဓ ကိုယ်တော် တိုင် တရားလည်း ဟောပြ၊ ခန္ဓာ လည်း ပျက်ပြခဲ့ပြီ မဟုတ်လား၊ ငါ
မနာချင်ဘူး၊ ငါ့သား ငါ့မယား၊ ငါ့ ဆွေမျိုးတွေ မနာစေချင်ဘူးဆိုတဲ့
အတ္တစွဲသမားရဲ့ဆန္ဒနဲ့ ပြောင်းပြန် ခန္ဓာတွေ ဖောက်ပြန်ပြီး အနာတွေြွကလာ
နှိပ်စက်လာတဲ့အခါ ကိုယ် တိုင်လည်း ခံရ၊ သားနဲ့မယားလည်း မသက်သာ၊ ဆွေမျိုးတွေလည်း
ပျက်ပြုန်းတဲ့အခါ ရင်ထုမြေလူး အရူးဘဝ ရောက်တော့တာပဲ။ ပုဂ္ဂိုလ်ကိုတော့
အားကိုးလို့မရနိုင် ဘူး ဖထီးရေ။ တရားကိုသာအားကိုး ရမှာဗျ။ သတိလက်လွတ် ငှက်
တောင်ကျွတ် လုပ်နေလို့ကတော့ ကိုယ်နာမှာ
စိတ်နာဖိလို့ စိစိ ညက်ညက်
ကြေမွသွားလိမ့်မယ်“
“ကယ်ပါဦး ဆရာ၊ ကိုယ်နာ မှာ
စိတ်နာမဆင့်အောင် ဘယ်လို နှလုံးသွင်းရမလဲ၊ လိုရင်း တိုရှင်း ပြောပါဆရာ၊ဖထီးက
လူ့သက်တမ်း ခုနစ်ဆယ်ကျော်လို့ အိုဗာစတေးနဲ့ နေရတာပါ၊ နေ့လား ညလား ဖြစ်နေပြီ”
“ခန္ဓာ ရ,ထားတာကိုက အနာ ရçထားတာပဲ၊
အနာမျိုး အပျက်မျိုး ဖြစ်လို့ သူ့ဘာသာသူ ပျက်ပြ၊ အမျိုးမျိုး နာပြတာကို ငါ့အနာ
မလုပ်မိအောင် သတိ(အပ္ပမာဒ)နဲ့ နေတတ်ဖို့ လိုတယ်။ ငါမှ နာရသ လား၊ ငါ့သမီးလေးမှ
နာရသလား စတဲ့ စိတ်အနာတွေ ပေါ်လာတဲ့ အခါ သတိလေးစိုက်၊ဥာဏ်(ပညာ) နဲ့ကြည့်ရင်
စိတ်ကိုမှီပြီး ဖြစ်လာတဲ့ ပူဆွေးသောက
စိတ်အနာမှန်သမျှ သူပေါ်ရာ စိတ်မှာပဲ ပျောက်သွား တာ တွေ့ရလိမ့်မယ်။ တရား သိ သော်လည်း
မလွတ်နိုင်တဲ့ ဝိပါက ဝဋ်ခန္ဓာဒုက္ခကိုတော့ စိတ်ကို ဒုက္ခ မပေးနိုင်အောင်
စိတ်မနာရအောင် သတိနဲ့စောင့်ကြည့်ရလိမ့်မယ်။ ရုပ် အနာကို စိတ်အနာ မလုပ်မိအောင် သတိနဲ့နေတဲ့ အလေ့အကျင့် စွဲမြဲ လာရင်
ကိုယ်နာသော်လည်း စိတ် မနာတဲ့သူ ဖြစ်ပြီပေါ့။ သတိလက် လွတ်နေခဲ့ရင်တော့ ကိုယ်အနာ
လည်း မသက်သာနိုင်ဘူး၊ စိတ် အနာလည်း မလျော့ပါးနိုင်ဘူး ဖထီးရေ”
“ကျေးဇူးပဲ ဆရာ၊ သတိနဲ့ နေတတ်တဲ့
အလေ့အကျင့်ကို ပျိုး ထောင်ပါ့မယ်”
“တစ်ခုတော့ သတိပေးပါရ စေ၊ လက်တွေ့
လုပ်ကြည့်တော့ အသိနဲ့အကျင့် မကိုက်ဘဲ ဖြစ်နေ တတ်တယ်။ ခန္ဓာက အမှန်ကိုပြော ပေမဲ့
ပေကပ်ကပ် လုပ်နေတတ် တယ်။ အဲဒီလိုဆိုရင် တစ်နာကနေ နှစ်နာ ခံချင်လို့ပဲ ဖထီးရေ၊
ဆံပင် ဖြူတွေက အနိစ္စပြပေမဲ့ ဆေးဆိုး ပြီး အရင်လိုပဲ နိစ္စ အမြဲ မည်းနေ ဆဲလို့
လုပ်တတ်တယ်၊ အသုဘလို့ ပြပေမဲ့ သုဘလို့ ထင် အလှတွေ
ပြင်လာတတ်တယ်”
“ဆရာရေ၊ အဲဒီလိုများ နာနေ ရဲ့သားနဲ့
မနာချင်ယောင် ကြောင် တောင်တောင် လုပ်နေမိရင် သံဝေဂ ဥာဏ်ဝင်အောင် ဘယ်လို ဆင်ခြင်ရ
မလဲဆရာ၊ ကိုယ့်အကြောင်း ကိုယ် သိလို့ မေးထားရတာ”
“အနိစ္စသညာ၊ အသုဘ သညာတွေများ လွတ်နေရင် - “ဘုရား ရဟန္တာ၊
ကိုယ်ခန္ဓာလည်း၊ အဗျာကတ၊ သက္ကာယ၏၊ သဘာဝ လေ့၊ ပြကတေ့တိုင်း၊ ရွေ့ရွေ့ ဖျက်ဖျက်၊
မွေ့မွေ့ညက်လျှင်၊ ကြေပျက်ကုန်က၊ ကေဝလဖြင့်၊ ဒုက္ခအတိ၊ ရဲရဲငြိ၏၊ လောကီဓမ္မတာ၊
ဝဋ်မီးစာသည်၊ ဇရာနေ့ည၊ လောင်ဆွေးတည်း”လို့ အထပ်ထပ် ဆင်ခြင်ပြီး ခန္ဓာအပျက်ကို ဥာဏ်
(ပညာ)နဲ့ မြင်အောင် ကြည့်ပေရော့၊ မြတ်ဗုဒ္ဓကိုယ်တိုင် ရှောင်မလွတ်နိုင် တဲ့
ခန္ဓာဒုက္ခကို ဖထီးÓာဏ်မှာ တကယ်မြင်ရင် ကြောက်ချွေး တပြိုက်ပြိုက်ကျ ကြက်သီးမွေးညင်း
တွေ တဖျဉ်းဖျဉ်း ထçလာပါလိမ့်မယ် ဖထီးရေ့၊ ကိုယ်တွေ့ဖြစ်အောင် ကြိုးစားလိုက်စမ်းပါ”
စိတ်နာပျောက်ဆေး၊
ဘုရားပေး၊ မနှေးကျင့်ကြံ၊ သတိပဋ္ဌာန်။
ဇနက(တောင်ငူ)
No comments:
Post a Comment