Wednesday, February 18, 2015

ဝေယျာဝစ္စပြုကြရာဝယ် သမဇဉ် (ပေါင်မြို့)



ဝေယျာဝစ္စပြု ကြရာဝယ်

သမ္ပဇဉ်(ပေါင်မြို့)
          မရှိတာထက် မသိတာက ခက်တယ်ဆိုတဲ့စကား ရှိပါတယ်။ ဒီစကားဟာ အလွန်မှ မှန်ပါတယ်။ မသိ လို့ သံသရာမှာ စုံးစုံးနစ်မြုပ်သွားကြရတဲ့သူတွေ ရှိပါ တယ်။ အထူးသဖြင့်တော့ ဝေယျာဝစ္စ လုပ်ကိုင်ပေး ကြတဲ့ ဝေယျာဝစ္စသမားတွေကိုပြောလိုတာပါ။ အလုပ် လည်း လုပ်ရတယ်။ အပြစ်ဒဏ်လည်း အပေးခံရတယ် ဆိုရင် အင်မတန်မှနစ်နာပါတယ်။ အလုပ်လုပ်တယ် ဆိုရင် အလုပ်ရဲ့အကျိုးတရားကို ခံစားရမယ်၊ အလုပ် ရဲ့ ကျေးဇူးတရားကို ရရှိရမယ်။ ဒီလိုမျိုးပဲ ဖြစ်သင့် တာပေါ့။
          ဝေယျာဝစ္စဆိုတာ အမှုကိစ္စကြီးငယ်ကို ဆောင်ရွက် တာလို့ လွယ်လွယ်ပဲ မှတ်ယူနိုင်ပါတယ်။ ဝေယျာဝစ္စမှာ ကိုယ့်ရဲ့ဝေယျာဝစ္စ ကိုယ့်ရဲ့အမှုကိစ္စကြီးငယ်ကို မိမိ ကိုယ်တိုင် ဆောင်ရွက်ခြင်းနဲ့ သူတစ်ပါးရဲ့ဝေယျာဝစ္စ သူတစ်ပါးရဲ့အမှုကိစ္စများကို ကူညီဆောင်ရွက်ခြင်းလို့ နှစ်မျိုးရှိပါတယ်။
          သူတစ်ပါးရဲ့ဝေယျာဝစ္စတွေကို ကူညီဆောင်ရွက် ခြင်းဆိုတဲ့နေရာမှာ အတော်လေး အရာကျယ်ပါတယ်။ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါး ရဲ့ဝေယျာဝစ္စ၊ အသက်ကြီးသူ ဂုဏ်ကြီးသူပုဂ္ဂိုလ်တို့ အတွက် ဆောင်ရွက်ပေးရတဲ့ ဝေယျာဝစ္စ၊ အရပ်ကိစ္စ၊ ကျောင်းကိစ္စ၊ ဘုရားကိစ္စ စသည်ဖြင့် ပါဝင် ကူညီ ဆောင်ရွက်တယ်ဆိုတာ သူတစ်ပါးရဲ့ ဝေယျာဝစ္စကို ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်းပဲ ဖြစ်ပါတယ်။
          နိုင်ငံအကျိုး၊ ရပ်ရွာအကျိုး၊ ပြည်သူ့အကျိုး၊ အမျိုး ဘာသာသာသနာနဲ့ဆိုင်တဲ့အကျိုးကိစ္စတွေကို ဆောင်ရွက် နေတာဟာလည်း ကိုယ်နဲ့မဆိုင်တဲ့ အများရဲ့အမှုကိစ္စကို ဆောင်ရွက်ခြင်း ဝေယျာဝစ္စပါပဲ။ အထူးသဖြင့်တော့ ဘုရားကိစ္စ၊ ကျောင်းကိစ္စ၊ အလှူဒါနကိစ္စ၊ ကုသိုလ် ရေးရာ ဆောင်ရွက်ကြတဲ့ကိစ္စတွေမှာ ကာယကံရှင် တစ်ဦးတည်းက မဆောင်ရွက်နိုင်တာမို့ အကူအညီ ဝေယျာဝစ္စသမားတွေ လိုအပ်ပါတယ်။ ရှင်ရေးမှာပဲ ဖြစ်ဖြစ်၊ သေရေးမှာပဲဖြစ်ဖြစ် အသုဘမြေကျဖို့ ကိစ္စမှာ တောင်မှ ဝေယျာဝစ္စသမားတွေ မရှိရင် မပြီးပါဘူး။
          သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တာ၊ မိဘမဲ့ ကလေးတွေကို စောင့်ရှောက်တာ၊ မကျန်းမာတဲ့သူတွေ ကို စောင့်ရှောက်ပေးတာလည်း ဝေယျာဝစ္စပါပဲ။ ကိုယ့်ရပ် ကိုယ့်ရွာရဲ့သန့်ရှင်းသာယာမှုတွေ၊ လမ်းပြင် မြေဖို့တာတွေ ဟာလည်း ဝေယျာဝစ္စပြုလုပ်တာပါပဲ။ သူတစ်ပါးရဲ့ အိမ်မိုးတာ အိမ်တိုင်ထူတာတွေမှာ ပါဝင်ကူညီဆောင်ရွက် ပေးတာလည်း ဝေယျာဝစ္စပါပဲ။ ထပ်ပြီးတော့ ပြောရဦး မယ်ဆိုရင် သူတစ်ပါး မအားလပ်လို့ ကလေးထိန်းပေး တာ၊ အိမ်ဝိုင်းကူ စောင့်ပေးတာကအစ ဝေယျာဝစ္စ တွေက များပြားလှပါတယ်။
          ဝေယျာဝစ္စလုပ်တာဟာ အများအကျိုးဆောင်တဲ့ ပရဟိတလုပ်ငန်းမျိုး သဘောဆောင်ပါတယ်။ လုပ်အား ဒါနကို အဓိက အရင်းပြုပြီး လုပ်ဆောင်ရတာလည်း ဖြစ်တယ်။ ဝေယျာဝစ္စလုပ်သမားတွေကို အထင်သေး တတ်ကြတယ်။ မထီမဲ့မြင်ပြုတတ်ကြတယ်။ (ခိုင်းဖတ်) ခိုင်းစရာ အမှုလုပ် ကျွန်လို သဘောထားပြီး ဘာလုပ် လိုက်ပါ၊ ဘယ်သွားလိုက်ပါ၊ ဘာသွားယူပါစသဖြင့် အပေါ်စီးက လက်ညှိုးထိုး ခိုင်းစေတတ်သူတွေနဲ့လည်း ဝေယျာဝစ္စသမားတွေဟာ ကြုံဆုံတတ် ကြပါသေးတယ်။ ဒါဟာ ဝေယျာဝစ္စသမားတွေရဲ့ ကျေးဇူးတရားကို မသိသလို ဝေယျာဝစ္စအလုပ်ရဲ့မွန်မြတ်ပုံနဲ့ အကျိုး တရားကို မသိမမြင်တဲ့အတွက်ကြောင့်လည်း မထီမဲ့မြင် ပြုတာ အထင်သေးတာ ပြုမိကြခြင်း ဖြစ်ပါတယ်။
          တကယ်တော့ ဝေယျာဝစ္စလုပ်တယ်ဆိုတာ ကုသိုလ် ကောင်းမှု လုပ်နေတာမှန်း မသိလို့ ဖြစ်ပါတယ်။ ဒါန၊ သီလ၊ ဘာဝနာတွေကသာ ကုသိုလ်ဖြစ်ကြောင်းတရား လို့ လူသိများကြပါတယ်။ ပုညကြိယာဝတ္ထုဆိုတဲ့ ကုသိုလ်ဖြစ်ကြောင်းတရားဟာ ဆယ်ပါး ရှိပါတယ်။ ကုသိုလ်ဖြစ်ကြောင်းတရား ဆယ်ပါးမှာ ဒါန၊ သီလ၊ ဘာဝနာနဲ့ အပစာယနလို့ခေါ်တဲ့ သက်ကြီးမိဘ စသည်တို့ကို ရိုသေခြင်း၊ ပူဇော်ခြင်းပြီးရင် ပဉ္စမမြောက် ကုသိုလ်ဖြစ်ကြောင်းတရားဟာ ဝေယျာဝစ္စပါပဲ။ ဘာဖြစ်လို့ ဝေယျာဝစ္စအလုပ်ဟာ ကုသိုလ်ဖြစ်ကြောင်း တရားဆယ်ပါးထဲမှာ တစ်ပါးအပါအဝင် ဖြစ်တဲ့ အကြောင်း မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ရ သလဲဆိုတော့ အများနဲ့ဆိုင်တဲ့အလုပ်တိုင်းမှာ ဝေယျာဝစ္စ သမား မပါရှိရင် မပြီးတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
          ဝေယျာဝစ္စလုပ်တယ်ဆိုတာ လူတိုင်း စိတ်ရှည် လက်ရှည်နဲ့မလုပ်နိုင်ကြပါဘူး။ အချို့တန်ခိုးကြီးဘုရား တွေမှာဆိုရင် ဝေယျာဝစ္စအဖွဲ့တွေဖွဲ့ထားတာ ရှိကြပါ တယ်။ ဝတ်အသင်းတွေ ဖွဲ့ထားတာ ရှိကြပါတယ်။ တနင်္ဂနွေနေ့ ပါရမီရှင်အဖွဲ့၊ တနင်္လာနေ့ပါရမီရှင်အဖွဲ့ လို့ ဆိုပြီးတော့ နေ့အလိုက် ဝေယျာဝစ္စဝတ်အသင်း အဖွဲ့တွေလည်း ဖွဲ့ထားကြတာ ရှိကြပါတယ်။
          ဝေယျာဝစ္စသမားဟာ ဝေယျာဝစ္စလုပ်ဖို့ ဝါသနာ လည်း ပါရမယ်။ စေတနာလည်း ရှိရမယ်။ ဝီရိယလည်း ကောင်းရမယ်။ဝေယျာဝစ္စလုပ်တဲ့ဆီမှာ အကျိုးအမြတ် ကို မမျှော်လင့်ရဘူး။ အမြတ်မထုတ်ရဘူး။ သဒ္ဓါတရား ကောင်းရမယ်။ သီလနဲ့ပြည့်စုံရမယ်။ သည်းခံနိုင်ရမယ်။ အဓိကကတော့ စိတ်ထားကောင်းနဲ့ လုပ်ဆောင်ဖို့ လိုပါ တယ်။ စိတ်ထားကောင်းမှ အလုပ်လည်းကောင်းမှာ ဖြစ်ပါတယ်။ အလုပ်ကောင်းမှလည်း ကောင်းတဲ့ကုသိုလ် တွေ ဖြစ်ပေါ်လာပါမယ်။ ကောင်းတဲ့ကုသိုလ်တွေ ဖြစ်မှ သာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောအကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။
          သက်ကြီးရွယ်အို၊ လူမမာနဲ့ ကလေးသူငယ်တွေ ရဲ့ဝေယျာဝစ္စ လုပ်တဲ့နေရာမှာ ရက်ရှည်လများ ဖြစ် လာရင် သက်ကြီးရွယ်အို၊ လူမမာနဲ့ ကလေးတွေရဲ့ ဒဏ်ကို ခံနိုင်ဖို့ အတော်လေးခက်လာပါတယ်။ စိတ် မရှည်ချင်တော့ဘူး။ အော်မိ ငေါက်မိတာတွေ၊ လျစ်လျူရှု ပစ်ထားချင်စိတ်တွေ ပေါ်လာပါတယ်။
          အပြစ်ကင်းပြီး အကျိုးရှိရာကို ပြုလုပ်ခြင်းဟာ ကောင်းတဲ့အလုပ်၊ မွန်မြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ထို အလုပ်တွေကို ပြုလုပ်နိုင်ဖို့အလေ့အကျင့်အဖြစ် လေ့ကျင့် ထားရင် ထိုအလေ့အကျင့်တွေက ကိုယ့်ရဲ့စရိုက် တစ်ခုလို ဖြစ်လာလိမ့်မယ်။ ထိုအလေ့အကျင့် စရိုက်နဲ့ အထုံပါရမီတို့ဟာ ဝေယျာဝစ္စလုပ်တဲ့နေရာမှာ ဖြူစင်တဲ့ စိတ်နဲ့ သန့်ရှင်းတဲ့စေတနာတွေ သန္ဓေတည်စွဲမြဲ လာစေမှာ ဖြစ်ပါတယ်။ အခြားသော ဝေယျာဝစ္စတွေ ထက် ဒါနကိစ္စဝေယျာဝစ္စ၊ ရတနာသုံးပါးရဲ့ ဝေယျာဝစ္စ၊ မိဘ ဆရာသမားတို့ရဲ့ ဝေယျာဝစ္စတွေမှာ စိတ်စေတနာ ကောင်းထားတတ်ကြဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။ ဝေယျာဝစ္စလုပ်တဲ့နေရာမှာ စိတ် စေတနာကောင်းထား ရင် ထားသလောက် အကျိုးကြီးကြီး ပေးမှာပါ။ စိတ်ထား ညံ့ခဲ့ရင်၊ စိတ်ထားယုတ်ခဲ့ရင်၊ စိတ်သဘောထား ဆိုးခဲ့ ရင်၊စိတ်သဘောထားမကောင်းခဲ့ရင်မကောင်းသလောက် ကို ကိုယ့်အတွက် အကျိုးယုတ်စေမှာ ဖြစ်ပါတယ်။ သတိ ထားကြပါ။ ပညာနဲ့ ဝေဖန်ကြပါ။
          ဗုဒ္ဓဘာသာဝင်တိုင်းဟာ အဇာတသတ်၊ဒေဝဒတ် ဆိုတဲ့နာမည်နဲ့ ရင်းနှီးကြသလို ဗိမ္ဗိသာရမင်းဆိုတဲ့ နာမည်နဲ့လည်း ရင်းနှီးကျွမ်းဝင်နေကြမှာပါ။ ဒေဝဒတ် က ဘုရားဖြစ်ချင်လို့ ဘုရားကို လုပ်ကြံသလို သူ့ရဲ့တပည့် အဇာတသတ်ကိုလည်း မင်းဖြစ်ဖို့ ဖခင်ဗိမ္ဗိသာရကို သတ်ဖို့ အကြံÓာဏ်ပေးခဲ့တာပါ။
          ယခု ဘဒ္ဒကမ္ဘာရဲ့ (၉၂)ကမ္ဘာ အထက်မှာ ဖုဿ ဘုရားရှင် ပွင့်တော်မူခဲ့ပါတယ်။ ဗိမ္ဗိသာရမင်းကတော့ အဲဒီအချိန်အခါက မင်းသားညီနောင်သုံးပါးရဲ့အတွင်းဝန် အမတ် ဖြစ်ခဲ့တယ်။ ဝါတွင်းသုံးလလုံးလုံးဖုဿဘုရားရှင် နဲ့ သံဃာတော်တွေရဲ့ ဆွမ်းပန်းဝေယျာဝစ္စ ဆောင်ရွက်ရ တဲ့အကြီးအမှူးပေါ့။ ဆွေမျိုးနီးစပ်တော်တဲ့သူတစ်သောင်း တစ်ထောင်နဲ့ ဝေယျာဝစ္စတွေကို  ဆောင်ရွက်ခဲ့တယ်။ အချို့ဝေယျာဝစ္စသမား ဆွေမျိုးများကတော့ ဝေယျာဝစ္စ ကောင်းကောင်းမလုပ်ချင်ဘူး။ အများအလှူကိုလည်း အမျိုးမျိုး အနှောင့်အယှက် ပေးတယ်။ မြတ်ဗုဒ္ဓနဲ့ သံဃာ တော်တွေအတွက် ချက်ပြုတ်စီမံထားတဲ့ ဆွမ်း၊ ခဲဖွယ်၊ ချိုချဉ်တို့ကို ခိုးယူစားသောက်တယ်။ အိမ်က သားသမီး ဆွေမျိုးအတွက်လည်း ခိုးဝှက် ယူဆောင်တယ်။ ခေါင်းဆောင်အမတ်က ပြောရင်လည်း နားမထောင်ဘူး။ ဝေယျာဝစ္စကို စေတနာကောင်းနဲ့ ပြုလုပ်နေကြတဲ့ သူတွေကိုလည်း အနှောင့်အယှက် ပေးတယ်။ ကွယ်ရင် ကွယ်သလို လစ်ရင်လစ်သလို ညစ်ပတ်ယုတ်မာကြတယ်။
          လူဆိုတာ အို နာ သေမျိုးပါ။ အချိန်တန်တော့ သေသွားကြတယ်။ သေသွားကြတဲ့အခါကျတော့ လမ်းခွဲ ကြပြီ။ စိတ်ထားဖြောင့်မတ်မှန်ကန်စွာနဲ့ ကောင်းတဲ့ စေတနာနဲ့ ဖုဿဘုရားရှင် အမှူးပြုတဲ့ သံဃာတော် အပေါင်းကို ဆွမ်းç ပန်းçဝေယျာဝစ္စတွေ ဝါယမစိုက်ပြီး လုပ်ဆောင်ကြတဲ့ အတွင်းဝန်အမတ်နဲ့ ဆွေမျိုးတွေဟာ နတ်ပြည်ကို ရောက်ကြတယ်။ နတ်စည်းစိမ်ကို ခံစား ကြရတယ်။ နတ်ပြည် တစ်ပြည်ပြီး တစ်ပြည် အဖန်ဖန် ကျင်လည်ကြရတယ်။ ဂေါတမဘုရားရှင် လက်ထက်မှာ ကျတော့ အတွင်းဝန်အမတ်က ဗိမ္ဗိသာရမင်း ဖြစ်လာ တယ်။ စေတနာကောင်းနဲ့ ဝေယျာဝစ္စလုပ်ကြတဲ့ ဆွေမျိုး အပေါင်းဟာလည်း ပုဏ္ဏား၊သူဌေး တွေဖြစ်လာပြီး သောတာပန်တည်ကြတယ်။ နိဗ္ဗာန် လက်မှတ်ကို အသီးသီးပိုင်ဆိုင်သွားကြရတယ်။
          ဝေယျာဝစ္စလုပ်တဲ့နေရာမှာ စိတ်ထားယုတ်မာခဲ့တဲ့ ဆွေမျိုးတွေကတော့ ငရဲကျကြရတယ်။ ငရဲတစ်ပြည် ကနေ တစ်ပြည် ပြောင်းရွှေ့ပြီးတော့ ဆင်းရဲဒုက္ခ ခံစား ကြရတယ်။ ငရဲကနေ ကျွတ်လွတ်လာပြန်တော့လည်း ကဿပဘုရားရှင်လက်ထက်မှာ ပြိတ္တာဘဝနဲ့ အစာငတ် ရေငတ် ဒုက္ခဆင်းရဲကို ခံစားကြရတယ်။
          ဝေယျာဝစ္စရဲ့ အကျိုးတရားဟာ အထင်မသေး ကြပါနဲ့။ ဝါတွင်းသုံးလမှာ စေတနာကောင်းနဲ့ ဝေယျာဝစ္စ လုပ်တဲ့အကျိုးဟာ နတ်စည်းစိမ်ကို အကြိမ်ကြိမ် ခံစား ရတယ်။ လူ့ဘဝကို ရောက်လာပြန်တော့လည်း မင်း၊ ပုဏ္ဏား၊ သူဌေးတွေ ဖြစ်ကြရတယ်။ ဂေါတမ မြတ်စွာ ဘုရားရှင်ရဲ့တရားတော်ကို နာရပြီး သောတာပန် တည်ရတယ်။ သောတာပန်တည်ပြီးသူကတော့ အပါယ် ကျဖို့ကို မရှိတော့တာ။
          ယခုခေတ် လုပ်အားခတန်ဖိုးနဲ့တွက်ရင် တစ်နေ့ ကို လုပ်ခ သုံးထောင်ပေါ့။ တစ်လကို တစ်သိန်းနီးပါး ရမယ်။ သုံးလဆိုတော့ သုံးသိန်း ရတယ်ထားပါ။ ငွေ သုံးသိန်း လုပ်အားခဟာ နတ်စည်းစိမ်ရတာနဲ့စာရင် ဖွဲ၊ ဆန်ကွဲလို ဖြစ်သွားတယ်။ ဒါဆိုရင် ဝေယျာဝစ္စ လုပ်တဲ့သူတွေဟာ ပန်းကန်ဆေးတာ၊ ထမင်းဟင်း ချက်တာ၊ သန့်ရှင်းရေးလုပ်တာ၊ ရေခပ်ထင်းခွဲတာ၊ ပြင်ဆင်ခူးခပ်ကျွေးမွေးတာ၊ ဘာပဲလုပ်လုပ် အထင် သေးစရာမဟုတ်တော့ဘူး။ အထင်ကြီးစရာပါ။ ဂုဏ်ယူ ဖွယ်ရာ အလုပ်တွေပါ။ သူတစ်ပါး မလုပ်ချင်တဲ့  အောက်ခြေသိမ်းအလုပ်တွေကို လိုက်လုပ်နေကြတဲ့      ဝေယျာဝစ္စသမားတွေဟာ နတ်သားလောင်း နတ်သမီး လောင်းတွေပါ။
          စေတနာကောင်းရင် ကောင်းသလို အကျိုးပေးမှာမို့ အထင်သေးတဲ့သူတွေ ဘယ်လောက်ပဲ အထင်သေး ကြပါစေ၊ ဝေယျာဝစ္စလုပ်ရတာ အကြောင်းဆုံ အခွင့် သင့်လို့ ဝေယျာဝစ္စလုပ်ရတာကို ဂုဏ်ယူပါ။ ဝမ်းမြောက် ဝမ်းသာ ဖြစ်ပါ။ ပင်ပန်းတာကိုဂရုမစိုက်ဘဲမညည်းမညူ ဆောင်ရွက်ပါ။ ပျင်းရိလေးတွဲခြင်းမရှိဘဲ မဆိုင်းမတွ ဆောင်ရွက်ပါ။ အနှောင့်အယှက်လေးတွေ၊ အဖုအထစ် လေးတွေ တွေ့ကြုံရရင်တောင်မှ စိတ်လည်း မကွက်၊ စိတ်လည်းမပျက်ဘဲ ပျော်ပျော်ပါးပါး ရွှင်ရွှင်လန်းလန်းနဲ့ အပြုံးမပျက် ဆောင်ရွက်ပါ။
          ဝေယျာဝစ္စ လုပ်နေတဲ့သူတွေကို နတ်သားလေး တွေပါလား၊ နတ်သမီးလေးတွေပါလားလို့ ချီးမွမ်း             အားကျဖွယ်ရာကောင်းပါတယ်။ မဃလုလင်တို့အဖွဲ့ဟာ စိတ်တူကိုယ်တူနဲ့ ဘယ်သူမှမခိုင်းစေရဘဲ မိမိတို့စိတ် စေတနာအလျောက် လမ်းပြင်ကြတယ်။ ရေအိုးစင် ဆောက်ကြတယ်။ ခရီးသွားတို့အတွက် သောက်ရေ စီစဉ်တယ်။ တစ်နေ့တည်း မဟုတ်ဘူး။ နေ့စဉ် လုပ် တာ။ အဆာပြေမုန့်ဆုပ်လုံးလေးလည်း စီစဉ်ပေးသေး တယ်။ ဒီဝေယျာဝစ္စကုသိုလ်ကြောင့် (မဃသိကြားမင်း) သိကြားမင်းစည်းစိမ်နှင့် အခြားနတ်သား စည်းစိမ်များကို ခံစားနေကြရတယ်။
          ဒါဟာ ဝေယျာဝစ္စရဲ့အကျိုးပါ။
          ဒါပေမဲ့ ဝေယျာဝစ္စတော့ လုပ်ပါရဲ့။ စိတ်စေတနာ ကောင်း မပါဘူး။ သူတစ်ပါးလုပ်ထားတာကို နှမ်းဖြူးပြီး နာမည်ကောင်းယူတယ်။ နေရာဝင်ယူတယ်။ ပါဝါပြတယ်။ အာဏာပြတယ်။ အကောင်းစားတွေကိုတော့ သိုဝှက်ပြီး ကိုယ့်အတွက် ကိုယ့်အိမ်အတွက် သယ်တယ်။ ဒီကြားထဲ ကမှ အလှူဒါနအတွက် စီစဉ်ထားတဲ့ငွေကို အကုန် ဝယ်ခြမ်းလှူဒါန်းရမယ့်အစား ကြားထဲကနေ လောက စကားအရဆိုရင် တိုထားမယ်၊ လျှိုထားမယ်၊ ကိုယ်ကျိုး အတွက် သုံးမယ်ဆိုရင်တော့  အတွင်းဝန်အမတ် တစ်ဖြစ်လဲ ဗိမ္ဗိသာရမင်းရဲ့ စိတ်ထားယုတ်တဲ့ ဆွေမျိုး တွေလို ငရဲပြည် တစ်ပြည်ကနေ တစ်ပြည်လှည့်ပြီး ခံပေတော့။ လွတ်လာရင်လည်း ပြိတ္တာဘဝနဲ့ အစာ ရေစာငတ်ရဦးမှာ မလွဲဘူးနော်။
          ဒါကတော့ ဝေယျာဝစ္စလုပ်ရင်း နှလုံးသွင်းမှားလို့ ဖြစ်ရတာပါ။
          မွန်မြတ်တဲ့စိတ်နဲ့ ဝေယျာဝစ္စ လုပ်တာကြောင့် ကောင်းကျိုးတွေရတယ်ဆိုတာကို သိပြီး ဝေယျာဝစ္စ လုပ်တာဟာ ကုသိုလ်အလုပ်ကို လုပ်နေတာပါလားလို့ သဘောပေါက်ထားရင် ဝေယျာဝစ္စဆိုတာဟာ အလွန် မှ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်လို့ လက်ခံရမှာဖြစ်ပါ တယ်။ ဝေယျာဝစ္စလုပ်တဲ့အခါမှာ မလုပ်သင့် မလုပ် ထိုက်တဲ့အရာကို ပြုလုပ်မိတဲ့အတွက် ဆိုးကျိုးများစွာ ကိုလည်း ရရှိသွားကြရတာဟာ ဝေယျာဝစ္စ လုပ်တဲ့ ကုသိုလ်ထက် ဝေယျာဝစ္စလုပ်နေစဉ်မှာ ကျူးလွန်မိတဲ့ အပြစ်က ပိုကြီးမားနေလို့ဖြစ်ပါတယ်။
          ရတနာသုံးပါး၊ မိဘ ဆရာသမားနဲ့ အခြားသော ဝေယျာဝစ္စတွေကို ဆောင်ရွက်တာဟာ အပြစ် မရှိပါ ဘူး။ ဝေယျာဝစ္စပြုလုပ်စဉ်မှာ မကောင်းတဲ့ စေတနာ ဆိုး၊ မသင့်လျော်တဲ့စိတ်တွေနဲ့ပြုလုပ်မိလို့သာ အပြစ် ဖြစ်ရတာပါ။
          ယခုခေတ်အခါမှာ ဘုရား၊ ကျောင်းကန်တွေမှာ ဝေယျာဝစ္စသမားတွေ ရှိကြပါတယ်။ အနီးကပ် ဝေယျာဝစ္စသမားဖြစ်တဲ့ ကပ္ပိယတွေ ရှိကြပါတယ်။        ဥပါသကာ ဥပါသိကာမ အမည်ခံယူထားသူတွေ ရှိကြ ပါတယ်။ ဝေယျာဝစ္စလုပ်ရင်း နတ်ပြည်မှာ စံစားခွင့် ရသော်လည်း အဘယ်ကြောင့် ငရဲမှာ ဒုက္ခဆင်းရဲ         ခံစားရအောင် ကိုယ့်ကိုယ်ကိုယ် အဖြစ်ခံမှာလဲ။
          သီလဆိုတဲ့ အဓိပ္ပာယ်က စင်ကြယ်ခြင်း ပါတဲ့။  ဘာစင်ကြယ်ရမလဲဆိုရင် စိတ်စင်ကြယ်ရမှာ။ စိတ်စင် ကြယ်မှလည်း လုပ်ကိုင်တာ စင်ကြယ်မယ်။ ပြောဆို တာ စင်ကြယ်မယ်။ တွေးကြံတာ စင်ကြယ်မယ်။ သီလဆိုတာ နှစ်မျိုးပဲ ရှိတယ်။ လုပ်ဆောင်သင့်တဲ့ အလုပ်ကို လုပ်တာလည်း သီလပဲ။ မလုပ်သင့်တာကို ရှောင်ကြဉ်တာလည်း သီလပဲ။ လိုက်နာကျင့်ကြံရတဲ့ သီလဟာ စာရိတ္တသီလလို့ခေါ်ပါတယ်။ စာရိတ္တသီလ ဆိုတာ သဘောအလိုအားဖြင့် အပြစ်ကင်းပြီး အကျိုး ရှိတဲ့ အလုပ်ကို ပြုလုပ်ခြင်းမျိုးပါပဲ။ ဝါရိတ္တသီလက တော့ ဘုရားအစရှိတဲ့ သူတော်ကောင်းတွေက သူ့ အသက် မသတ်ရ စသည်ဖြင့် အပြစ်ရှိတာကို မပြု လုပ်ဘဲ ရှောင်ကြဉ်တဲ့သီလ ဖြစ်ပါတယ်။
          လယ်တီဆရာတော်ဆိုတာ အလွန်ထင်ရှားတဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ လယ်တီဆရာတော် လို့ဆိုရင် မဖူးတွေ့ရ ဖူးမြင်ခွင့်မရသော်လည်း ကြားရ သိရ ဆရာတော် ရေးသားတော်မူတဲ့ စာတွေကို  ဖတ်ရ ရုံနဲ့ကို ကြည်ညိုချင်စရာပါ။
          လယ်တီဆရာတော်ဟာ စာရေးခြင်း၊ စာချခြင်း၊ တရားဟောပြောခြင်းတို့နဲ့ မအားလပ်တဲ့ကြားထဲက ရတနာသုံးပါးရဲ့ ဝတ်ပဋိပတ်ကိုလည်း ကြိုးစားဖြည့်တော် မူခဲ့တယ်။ သံဃာတော်များအတွက် တစ်မြို့လုံး လှည့်လည်ပြီး ဆွမ်းခံကျွေးတယ်။ ကျောင်းတိုက်အတွင်း တံမြက်လှည်းခြင်း၊ သောက်သုံးရေဖြည့်ခြင်း၊ သံဃာများ စားပြီးတဲ့ ပန်းကန်များ ဆေးခြင်း ဝေယျာဝစ္စများကို ဆောင်ရွက်တော်မူတယ်။
          နံနက်လေးနာရီမှာ ကုဋီအားလုံး ရေဖြည့်ပြီးသွား ပြီ။ ရေအိုးအားလုံး ရေဖြည့်ပြီးသွားပြီ။ သံဃာများ မသိအောင် မနိုးထခင် အရင် နိုးထပြီး ဝေယျာဝစ္စ ဝတ်ဖြည့်ထားတာ။ သံဃာငယ်များ သိသွားတဲ့အခါ လယ်တီဆရာတော် ခပ်ထားတဲ့ရေကို မသောက်ရဲ၊ မချိုးရဲ၊ မသုံးရဲကြတဲ့အခါ “သုံးသာ သုံးကြပါ”လို့ နှစ်သိမ့်ဟောပြောတော်မူတယ်။ ကျောင်းတိုက်အတွင်း နေ သံဃာများအတွက်သာမက မုံရွာမြို့တွင်းမှာရှိတဲ့ မထေရ်ကြီးများ၊ သံဃာများရှိရာ ကျောင်းတိုက်များ မှာလည်း ကုဋီဆေးခြင်း၊ ကုဋီရေဖြည့်ခြင်း၊ ကနုတံ ဆေးခြင်း၊ ရေခပ်ခြင်း၊ တံမြက်လှည်းခြင်းများပြုပြီးမှ ဆွမ်းခြွံကတော်မူတယ်။
          အချို့ဘုန်းတော်ကြီးများက အားနာလို့ -
          “လယ်တီဘုန်းကြီး . . .ဒီလို မလုပ်ပါနဲ့၊ တော် လောက်ပါပြီ”လို့ တားကြတယ်။
          လယ်တီဆရာတော်က -
          “တပည့်တော်ကို သနားရင် ခွင့်ပြုပါ။ တစ်သံသရာ လုံး တပည့်တော်ရဲ့လက်တွေဟာ သားကျွန်၊ မယားကျွန် ဖြစ်ခဲ့ရပါတယ်။ သံဃာ့ကျွန် သာသနာ့ကျွန်အမှု ပြုခွင့် ပေးကြပါ”လို့ ပြန်လည်လျှောက်ထားပြီး သူ့ရဲ့ဝတ်ကို ဆောင်ရွက်မြဲတိုင်း ဆောင်ရွက်တော်မူတယ်။
          ထိုသို့ပြုလုပ်နိုင်ဖို့အတွက် ဆွမ်းခြွံကတဲ့အခါ           တံမြက်စည်း၊ ရေအိုးနဲ့ သပိတ်ကို နေ့တိုင်းသယ်ဆောင် သွားခဲ့တယ်။ ကျင့်ဝတ်ရှိမှ ကျင့်ဝတ်ကိုဖြည့်မှ သီလ လည်း ရ၊ သမာဓိလည်း ခိုင်၊ ပညာလည်း ပိုင်လိမ့် မယ်ဆိုတာကို ကိုယ်တော်တိုင် ကျင့်သုံးပြနေခြင်းသာ ဖြစ်တယ်။ ဒီဝေယျာဝစ္စအလုပ်ကို ဘယ်သူမှ ခိုင်းလို့ လုပ်တာ မဟုတ်ဘူး။ ဝေယျာဝစ္စရဲ့အကျိုးတရားကို ကောင်းစွာသိလို့ ကောင်းစွာလုပ်နေခြင်းသာ ဖြစ်ပါ တယ်။
          လယ်တီကျောင်းတိုက်မှာ ရဟန်းတစ်ပါး ဝမ်း ရောဂါ ဖြစ်တော့ သံဃာအချို့ ပြောင်းရွှေ့သွားကြတယ်။ ကျန် သံဃာတွေကလည်း အနားမကပ်ရဲကြဘူး။ ဆရာတော်သိတော့ ကိုယ်တော်တိုင် ကျင်ကြီးများ ပေနေတဲ့ ဂိလာနပဉ္စင်းရဲ့သင်္ကန်းကို ဖွပ်လျှော်ပေးရန် ရေတွင်းကို ယူခဲ့တယ်။ ကာလဝမ်းကျင်ကြီး အနံ့က လည်း အင်မတန်မှဆိုးတာ။ ငြီးငွေ့ရွံရှာစိတ် ဖြစ်မိတာနဲ့ “ဟယ် . .စိတ်ယုတ်၊ နင် တယ်လှည့်စားပါလား”လို့ ကြိမ်းဝါးပြီး စောင်သင်္ကန်းမှာ ပေနေတဲ့ ကျင်ကြီးကို တစ်ကိုယ်လုံး လိမ်းကျံပစ်လိုက်တယ်။ ဒါမှပဲ ရွံရှာစိတ် ပျောက်တော့တယ်။
(ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ။ စာ-၂၈၈မှ)

အလှူရှင်နဲ့ ဝေယျာဝစ္စသမား
          အလှူရှင်ရှိရင် ဝေယျာဝစ္စသမားလည်း ရှိစမြဲပါ။ အလှူရှင်နဲ့ ဝေယျာဝစ္စသမားတို့ သဟဇာတ ဖြစ်မှ  အလှူတစ်ခုက အဆင်ပြေချောမောမှာပါ။ အလှူရှင် ကလည်း ကိုယ့်အလှူမှာ ဝေယျာဝစ္စလာလုပ်ပေးတဲ့ သူတွေအပေါ် ငွေဂုဏ်နဲ့ ခွဲခြားဆက်ဆံတာ၊ နှိမ့်ချတာ မပြုရဘူး။ သူတို့ဝေယျာဝစ္စသမားတွေ အကျိုး ဆောင်ကြလို့သာ ငါ့ရဲ့အလှူ ပြီးမြောက်အောင်မြင်ရ တာပါလားလို့ တွေးပြီး ကျေးဇူးတင်ပါ။
          ဝေယျာဝစ္စသမားကလည်း ကိုယ်လှူတဲ့ အလှူ မဟုတ်လို့ ဝတ်ကျေတန်းကျေသဘောနဲ့ မကူညီရင် မဖြစ်လို့ ကူညီလုပ်ကိုင်ပေးရတယ် ဆိုတဲ့စိတ် မမွေး နဲ့။ သူ့အလှူ ဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူး ဆိုတဲ့ စိတ်မျိုး မထားနဲ့။ အလှူရှင်က သိချင်သိ မသိချင် နေ၊ အလှူရှင်က အသိအမှတ်ပြုချင်ပြု မပြုချင်နေ အလှူပွဲမှာ လစ်ဟာမှုမရှိအောင် စိတ်စေတနာကောင်း ထားပြီး ဆောင်ရွက်ပါ။ အလှူရှင် ရှိလို့ တို့လည်း ဝေယျာဝစ္စလုပ်ခွင့်ရတာပါလားလို့ အလှူရှင်ကို ကျေးဇူး တင်ပါ။
          အလှူရှင်က အလှူဒါနရဲ့ကုသိုလ်အကျိုးကို ရ သလို ငါတို့ဝေယျာဝစ္စသမားတွဆိုတာလည်း ဝေယျာဝစ္စ ကုသိုလ်အကျိုးကို ရခွင့်ကြုံရတာပါလားလို့ မှန်ကန်တဲ့ အသိ ရှိဖို့လိုပါတယ်။
          ဒီနေရာမှာ ပါယာသိမြို့စားနဲ့ဥတ္တရလုလင်တို့ရဲ့ အကြောင်း အသိပေးချင်တယ်။ ပါယာသိမြို့စားက အလှူရှင်ပါ။ ဥတ္တရလုလင်က ဝေယျာဝစ္စသမားပါ။ ပါယာသိမြို့စားဟာ ရဟန်း၊ ပုဏ္ဏား၊ ခရီးသည်၊       သူတောင်းစားတို့ကို ပုံးရည်ဟင်း၊ ဆန်ကွဲထမင်း၊ ချည်မျှင်ကြမ်း အဝတ်အထည်တို့ကိုလှူတယ်။ ဥတ္တရ လုလင်က ဝေယျာဝစ္စခေါင်းဆောင်အဖြစ် ဆောင်ရွက် တယ်။ အလှူပွဲပြီးတော့ ဥတ္တရလုလင်က ပါယာသိမြို့စား နဲ့ နောင်ဘဝတွေမှာ မဆုံရဖို့ ဆုတောင်းတယ်။ ပါယာသိ မြို့စားသိတော့ မေးတယ်။ ဘာကြောင့် ဒီလိုဆုတောင်းရ တာလဲပေါ့။
          အတိုချုပ်ရင် “အရှင်က အကောင်းစားတွေ ဝတ် ဆင် စားသုံးတယ်။ လှူတော့ အညံ့စားတွေ လှူတယ်၊ ဒါကြောင့်မို့ နောင်ဘဝ မဆုံဖို့ ဆုတောင်းတာ”လို့ ဖြေကြားတယ်။ ပါယာသိမြို့စားကလည်း ငါဝတ်ဆင် စားသုံးသလိုမျိုး တန်းတူ လှူခွင့်ပြုလိုက်တယ်။ ဥတ္တရ လုလင်ဟာ အခွင့်ရပြီမို့ အကောင်းဆုံး ဘောဇဉ်နဲ့ အဝတ်အထည်တွေကို ကိုယ်တိုင် ဦးစီးဆောင်ရွက်ပြီး တော့ လှူတယ်။
          အချိန်တန်လို့ သေသွားကြတဲ့အခါ ပါယာသိ          မြို့စားက အလှူရဲ့အကျိုးကြောင့် စတုမဟာရာဇ် နတ် ဘုံဗိမာန်မှာ ပရိသတ်ကင်းမဲ့တဲ့ နတ်သားဖြစ်တယ်။  ဥတ္တရလုလင်ကတော့ စေတနာကောင်းနဲ့ဝေယျာဝစ္စ ဆောင်ရွက်တဲ့အတွက်ကြောင့် စတုမဟာရာဇ်နတ်ဘုံ ထက် မြင့်တဲ့ တာဝတိံသာနတ်ဘုံမှာ နတ်သား ဖြစ် တယ်။ ဝေယျာဝစ္စသမားဟာ စေတနာကောင်းနဲ့လုပ် ဖို့လိုတယ်ဆိုတာ သဘောပေါက်လောက်ပါပြီနော်။
          အိမ်စေဘဝနဲ့ ဘဝအကျိုးပေးမကောင်းလို့         နေရတာတောင်မှ ဆင်းရဲမွဲတေလှလို့ ကိုယ့်ဘဝ မလှပ ဘူးဆိုရင်တောင်မှ ငါတို့တော့ သူတစ်ပါးတွေလို လှူ လည်း မလှူနိုင်၊ ကုသိုလ်ကောင်းမှု လုပ်ဖို့ အချိန်နဲ့ အခွင့်အရေးမရှိဘူးလို့ အားငယ်နေစရာမလိုဘဲ         ဝေယျာဝစ္စကိုသာ မွန်မြတ်တဲ့စေတနာနဲ့လုပ်မယ်ဆိုရင် လူ့စည်းစိမ်၊ နတ်စည်းစိမ်သာမက နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းတွေ ဖြစ်နိုင်ပါတယ်။
          ဝေယျာဝစ္စ လုပ်တဲ့နေရာမှာ အခြားဝေယျာဝစ္စ လုပ်နေတဲ့သူတွေကို ဗိုလ်ကျမယ်၊ အနိုင်ကျင့်မယ်၊ ဆရာကြီး ဝင်လုပ်မယ်၊ နှိမ့်ချမယ်၊ အလုပ်ထက် နေရာ ယူဖို့လောက်ပဲ စိတ်ကူးမယ်၊ လစ်ရင် လစ်သလို တိုမယ်၊ လျှိုမယ်၊ ကဲ့မယ်၊ အလှူရှင်နဲ့ ဝေယျာဝစ္စ သမားတွေ စိတ်အနှောင့်အယှက်ဖြစ်စေမယ် စတဲ့ ယုတ်ညံ့တဲ့ အလိုဆိုးရှိသူ ဝေယျာဝစ္စသမား ဆိုရင်တော့ သူ့ကိုယ်သူ မသိလို့ပါ။ အလွန် သနားစရာကောင်းတဲ့ သူတွေပါ။ ဝေယျာဝစ္စ လုပ်တာ ကုသိုလ် မရတဲ့အပြင် အကုသိုလ်ပါ ပိုလို့ကြီးထွားလာစေတာကြောင့် အပါယ်လေးပါးမှာ စုံးစုံးမြုပ်ရတော့မှာပါ။
          လယ်တီဆရာတော်လိုမျိုး စေတနာရော လုံ့လပါ ကြီးမားတဲ့ ဝေယျာဝစ္စသမားမျိုးဖြစ်အောင် ကိုယ့် စိတ်ကိုယ်ပြင် သတိနဲ့ပြင်ဆင်ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင် နိုင်ကြစေဖို့ အလေးဂရုပြုဖို့ တိုက်တွန်းလိုက်ရပါ တော့တယ်။
သမ္ပဇဉ်(ပေါင်မြို့)

No comments: