Wednesday, February 18, 2015

မျက်မှောက်ဘ၀တွင်ခံစားရသော ဒါန၏ကောင်းကျိုးများ မသုမေ



မျက်မှောက်ဘဝ၌ ခံစားရသော ဒါန၏ကောင်းကျိုးများ
မသုမေ
          “ဟင် . .သီတာ မျက်နှာလည်း မကောင်းပါလား၊ ဘာဖြစ်လာလို့လဲ . .လာ . .လာ . .ဒီမှာ ထိုင်ပါ
          “အန်တီ . .သမီးတော့ ကိုမောင်မောင်နဲ့ စေ့စပ် ပွဲကို ဖျက်ရတော့မယ်
          “ဟေ . .ဘယ်လိုဖြစ်ရတာလဲ သမီးရယ်၊ မိဘ ချင်းလည်း သူငယ်ချင်းတွေ ဖြစ်ကြတယ်၊ သမီးတို့ ချင်းလည်း စိတ်တူကိုယ်တူဖြစ်ကြတယ်ဆိုပြီး အစစ အရာရာအဆင်ပြေနေကြလို့ လက်ထပ်ဖို့“ရက်”တောင် ရွေးပြီးကာမှ ဘာပြဿနာပေါ်လာလို့လဲကွယ်”
          “လက်ထပ်ဖို့ ရက်ရွေးပြီးပြီ ဆိုတော့ သူ့အိမ်၊  ကိုယ့်အိမ် အဝင်အထွက်ပိုများလာတယ်လေ၊ ဒီတော့ မှ သူ့ရဲ့ဇာတိရုပ်က ပေါ်လာတာကိုး အန်တီရဲ့”
          “ဟင် . .ဟုတ်လား၊ ဘယ်လိုဇာတိရုပ်လဲ သမီး ရဲ့၊ ကောင်လေးက အသောက်အစားကင်းပြီး ရိုးသား ကြိုးစားတယ်လို့ သတင်းကြားထားတာပါ”

မိရိုးဖလာ ဗုဒ္ဓဘာသာအမည်ခံ
          “ဟုတ်ပါတယ်၊ အသောက်အစားကင်းပြီး ရိုးသား ကြိုးစားတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ သဒ္ဓါတရား မရှိဘူး အန်တီရဲ့၊ ဗုဒ္ဓဘာသာအမည်ခံ အဆင့်ပဲ ရှိ တာ၊ ဩကာသဘုရားရှိခိုးလေးတောင် မရဘူး၊ ကံ- ကံ၏အကျိုးကိုလည်း နားမလည်ဘူး၊ သူတို့ကိုယ် သူ တို့ ခေတ်ပညာတတ်တယ်ဆိုပြီး လက်တွေ့ကိုပဲ ယုံ တယ်၊ ဒီဘဝ ကောင်းမှုတွေ လုပ်လို့ နောက်ဘဝ ချမ်းသာသုခရမယ်ဆိုတာကို မယုံဘူး၊ စိတ်လည်း မဝင် စားဘူးတဲ့။ မနက်ကတော့ ရုံးပိတ်ရက်ဖြစ်ပြီး ဖေဖေ နဲ့မေမေကလည်း ခရီးထွက်နေတယ်ဆိုတော့ သူက အိမ်ကို မနက်စောစောကတည်းက ရောက်လာတယ် အန်တီရဲ့၊ သမီးက ထုံးစံအတိုင်း ဆွမ်းဟင်းတွေ ချက် ပြီး ဆွမ်းခြွံကလာတဲ့ ကိုရင်တွေ ဦးပဉ္စင်းတွေကို ဆွမ်း လောင်းတာပေါ့။ စာပြန်ပွဲကလည်း နီးနေပြီမို့ သမီး ရဲ့လခထဲက ဖဲ့ ဖဲ့ပြီး စုထားတဲ့ငွေနဲ့ တစ်ပါးကို ငွေ တစ်ထောင်၊ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ စတဲ့ စာရေးကိရိယာတစ်စုံစီ အိတ်တွေနဲ့ထည့်ပြီး ကပ်လှူ တာကိုး။ အဲဒါ အန်တီရယ်၊ ကိုမောင်မောင်က သမီး ကို အပိုအလုပ်တွေ လုပ်တယ်တဲ့။ ဘုန်းကြီးဆိုတာ ဘာအလုပ်မှမလုပ်ဘဲ ဆွမ်းခံစားပြီး ဇိမ်ရစ် အိပ်နေ ကြသူတွေတဲ့လေ၊ သူနဲ့ လက်ထပ်ပြီးရင်တော့ ဒီလို အပိုငွေကုန်မယ့်အလုပ်တွေ မလုပ်ရဘူးတဲ့လေ၊ သမီး ကလည်း ကိုယ့်မိဘ ဘိုးဘွားလက်ထက်ကတည်းက အလှူရေစက် လက်နဲ့မကွာ လှူဒါန်းပူဇော်လာခဲ့တာ တွေကို သူနဲ့အိမ်ထောင်ကျပြီးခါမှ ဒီအစဉ်အလာကို မစွန့်လွှတ်နိုင်ဘူး အန်တီရဲ့၊ ဒါကြောင့် အိမ်ထောင် ကျပြီးမှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ပြီး ကွာရှင်းကြ မယ့်အစား ခုကတည်းက စေ့စပ်ပွဲ ဖျက်လိုက်တော့ မယ်လို့ စိတ်ကူးပြီး အန်တီနဲ့တိုင်ပင်ရအောင် လာခဲ့ တာပါ”

စဉ်းစားဆင်ခြင် ဥာဏ်နဲ့ယှဉ်
          “ဪ. .သမီးရယ် . .ပြဿနာတစ်ခုကို ဟောဟောဒိုင်းဒိုင်းကြီး မစဉ်းစား မဆင်ခြင်ဘဲ ဆုံးဖြတ် ချက် မချလိုက်ပါနဲ့ကွယ် . .မောင်မောင်လို လူကောင်း တစ်ယောက်ကိုလည်း အလွယ်တကူ လက်လွှတ် အဆုံးရှုံးမခံပါနဲ့၊ သေသေချာချာ ညှိနှိုင်းဆွေးနွေးပြီး ဆွဲဆောင်စည်းရုံးကြည့်ပါဦး၊သူ့မိဘနဲ့ အသိုင်းအဝိုင်း က တကယ့် ပညာရှိသူတော်ကောင်းကြီးတွေဖြစ်တဲ့ ဆရာတော်ကြီးများနဲ့ အလှမ်းဝေးနေကြလို့ သံဃာ့ ဂုဏ်ကျေးဇူးကို နားမလည်နိုင်တာ ရှိပါလိမ့်မယ်။           ဒါရိုက်တာ ဦးသုခရဲ့ ရဟန်းစားရသော ဆွမ်းတစ်နပ် တို့ ရဟန်းမစားရသော ဆွမ်းတစ်နပ်တို့ အဲဒီလိုမျိုး ဇာတ်ကားတွေကို မကြည့်ဖူးဘူးထင်တယ်”
          “သူတို့က ဗိုလ်ဆန်တယ် အန်တီရဲ့၊ သူတို့ တစ် မိသားစုလုံးက ငွေကြေးဓနနဲ့ ပညာနောက်ပဲ ကောက် ကောက်ပါအောင် လိုက်နေကြတာ၊ သူ့အဖေကြီးဆိုရင် အသက် (၆၀)ကျော်နေတာတောင် ကျောင်းတွေ တက်၊ သင်တန်းတွေ တက်ပြီး ဘွဲ့အထပ်ထပ်ယူနေတုန်းပဲ၊ သူ့အမေကလည်း သူ့ရတနာဆိုင်ကို ဆိုင်ခွဲတွေ ထပ်ထပ် ဖွင့်ဖို့ပဲ အာရုံရှိတယ်၊ ဘုရား တရား လိုက်စားဖို့ အချိန် မပေးနိုင်ကြဘူး အန်တီရဲ့”

ကုသိုလ်ပြုခွင့်ရသော လူသားဘဝ
          “ဪ . .သနားစရာပဲနော်၊ လူ့ဘဝဆိုတာ ခဏလေးပဲ သီတာရဲ့၊ စားဖို့နေဖို့အတွက် ပိုက်ဆံရှာရင်း နဲ့သေသွားရင် တိရစ္ဆာန်ရဲ့ဘဝနဲ့ ဘာထူးသေးသလဲ၊ လူ့ဘဝကိုရတယ်ဆိုတာကိုက ကုသိုလ်ကောင်းမှုတွေ များများပြုနိုင်ဖို့၊ ဒါန၊ သီလ၊ ဘာဝနာတွေ များများ ပြုလုပ်နိုင်ဖို့ဖြစ်တယ် သမီးရဲ့၊ သမီးပဲ စဉ်းစားကြည့် လေ၊ အပါယ်(၄)ဘုံသားဆိုတာ ကုသိုလ်ကောင်းမှုပြု ဖို့ အခွင့်အလမ်းဟာ မရှိသလောက်နည်းတယ်၊ နတ် ဗြဟ္မာများဟာလည်း စည်းစိမ်ချမ်းသာ အပြည့်အဝရှိ နေလို့ ကုသိုလ်ကောင်းမှုပြုဖို့ မလွယ်ဘူး၊ ဒါကြောင့် ဘုရားအလောင်း သူတော်ကောင်းကြီးများဟာ နတ် သက်၊ ဗြဟ္မာသက်ချွေပြီး လူ့ပြည်မှာ ကုသိုလ်ကောင်းမှု ပြုကြသတဲ့။ လူ့ဘဝမှာတော့ ကုသိုလ်ကောင်းမှု ပြုစရာ တွေက များလိုက်တာ၊ ဒီတော့ လူ့ဘဝရတုန်း ရခိုက် ကုသိုလ်ကောင်းမှု များများပြုနိုင်ဖို့ ကြိုးစားရမှာပဲ”
         
သံဃာ့ဂုဏ်ကျေးဇူး
          “တို့ မြန်မာနိုင်ငံတော်မှာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူ ဦးရေက အများဆုံးပါ။ အဲဒီ တောသူ တောင်သားတွေကို လိမ္မာယဉ်ကျေးအောင်၊ လောကီ လောကုတ္တရာကြီးပွားကြောင်းတွေကို ဘုန်းကြီးတွေက ဆုံးမသင်ကြားပေးတာ ဖြစ်တယ် သမီးရဲ့၊ သံဃာ တော်တွေရဲ့ကျေးဇူးကို သိပြီး ကြည်ညိုတတ်အောင် မောင်မောင့်ကို မဟာဂန္ဓာရုံကျောင်းတိုက်ကို ခေါ်သွား ပြီး ပြပါ။ ရန်ကုန်မှာဆိုရင်တော့ သင်္ကန်းကျွန်းမှာ ရှိ တဲ့ ငါးကျမ်းပြန် သာသနာ့ရိပ်သာကို သွားရောက်      လေ့လာပါ။ ထေရဝါဒဗုဒ္ဓတက္ကသိုလ်ရဲ့ပါမောက္ခဒေါက်တာ အရှင်ဓမ္မပီယဟာ “နိဂြောဓ” သာမဏေစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတာကို လေ့လာ ကြည့်ရင် ဘုန်းကြီးတွေ ဇိမ်ရစ်ပြီးအိပ်နေတာ မဟုတ် ကြောင်း လက်တွေ့မြင်ရပါလိမ့်မယ်။ စီမံကိန်းဝင် သာမဏေလေးများဟာ ဗုဒ္ဓစာပေသာမက လောကီ အတန်းပညာကိုလည်း သင်ကြားကြရပါတယ်။ အချို့ ကိုရင်လေးတွေဆိုရင် ကိုရင်ဘဝနဲ့ပဲ ငယ်ç လတ်çကြီး လည်း အောင်ပြီးတဲ့အပြင် လောကီပညာဖြစ်တဲ့ အဝေး သင်တက္ကသိုလ်မှာ ဥပဒေပညာ တတိယနှစ်ရောက် နေကြပါပြီ။ ရှင်သာမဏေကျင့်ဝတ်နဲ့အညီ နေထိုင်ရင်း လောကီ လောကုတ္တရာစာပေများ သင်ကြားကာ ကျောင်းဝေယျာဝစ္စများကိုလည်း လစ်ဟင်းမှုမရှိအောင် စည်းကမ်းတကျ လုပ်ကိုင်ဆောင်ရွက်နေကြတာတွေကို ကြည်ညိုဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ်”
          “သူက မေးတယ် အန်တီရဲ့၊ ဘုန်းကြီးတွေကို ဘာလို့ ကြည်ညိုတာလဲတဲ့၊ ဘုန်းကြီးတွေကို ဒီလို        လှူဒါန်းရင် ချမ်းသာသုခရလိမ့်မယ်၊ နောက်ဘဝ နတ် ပြည်ရောက်လိမ့်မယ်လို့ ဘာကြောင့်ယုံကြည်ရတာလဲတဲ့။ သူကတော့ နောက်ဘဝဆိုတာကို မယုံဘူးတဲ့။  နတ်တွေ ဗြဟ္မာတွေဆိုတာကိုလည်း လက်တွေ့မြင်ရတာ မဟုတ်လို့ မယုံဘူးတဲ့လေ၊ အဲဒါ သမီးကလည်း သူ့သံသယတွေ ပြေအောင် အချက်ကျကျ ပြန်မဖြေနိုင်ဘူး အန်တီရဲ့”

ကုသိုလ်-အကုသိုလ် ခွဲခြားသိမြင်
          “သမီးက ဒီလိုပြန်ဖြေလိုက်ပါ။ မောင်မောင်ဟာ ဘုန်းကြီးတွေလို ကတုံး တုံးပြီး သင်္ကန်း ဝတ်နိုင်ရဲ့ လား၊ ညစာမစားဘဲ နေနိုင်သလားလို့၊ ကိုရင်များနဲ့ ဘုန်းတော်ကြီးများဟာ လူဝတ်ကြောင်ဘဝကို စွန့်ခွာပြီး (၁၀)ပါးသီလကို စောင့်ထိန်းတယ်၊ (၂၂၇)သွယ်သော ဝိနည်းသိက္ခာပုဒ်နဲ့အညီ နေထိုင်တော်မူကြတာကြောင့် ကြည်ညိုပါတယ်လို့ ပြောပြပါတယ်။ နတ်ဗြဟ္မာတွေကို မယုံဘူးဆိုတာကိုတော့ ဥပမာလေးပေးပြီး ရှင်းပြပါ၊ ဥပမာ စိတ်ကောင်းစေတနာကောင်းရှိပြီး ကျေးတောရွာ က ကလေးတွေကို ပညာတတ်စေချင်တဲ့ ဘွဲ့ရ ရန်ကုန် သားတစ်ယောက်ဟာ ဝေးလံခေါင်သီတဲ့ တောရွာ          တစ်ရွာမှာ ဆရာအဖြစ် စာသင်ပေးနေတယ်ဆိုပါတော့။ နွားလှည်းလောက်သာ မြင်ဖူးတဲ့ ကလေးတွေကို ကား ပုံ ဆွဲပြပြီး ဒါက မော်တော်ကားလို့ ခေါ်တယ်၊ နွားလှည်း ထက် ပိုပြီး မြန်မြန်သွားနိုင်တယ်၊ ဒါကို လေယာဉ်ပျံလို့ ခေါ်တယ်။ တောတောင်တွေကို ကျော်ဖြတ်ပြီး ကောင်းကင်ယံမှာ ပျံသန်းသွားလာနိုင်တယ်လို့ပြောပြရင် ယုံရမှာ မဟုတ်ဘူးလား။ ကိုယ်မမြင်ဖူးတာနဲ့ မယုံဘူး ဆိုရင် ဘဝဟာ ကျဉ်းမြောင်းသွားလိမ့်မယ်။ မောင်မောင် ဟာ မသန့်ရှင်းတဲ့ အစားအစာထဲမှာ ရောဂါပိုးမွှားတွေ ပါတယ်ဆိုတာတော့ ယုံတယ်မဟုတ်လား၊ အဲဒီရောဂါ ပိုးမွှားတွေကိုလည်း ကိုယ့်မျက်စိနဲ့မြင်မှ မမြင်ရဘဲနဲ့ ဘာကြောင့် ယုံရတာလဲ”
          “ဟုတ်တယ်နော် အန်တီ၊ မျက်စိနဲ့ မမြင်ရတာ ချင်း အတူတူပဲဟာ၊ အဲဒါကျတော့ ယုံပြီးတော့ နတ် ဗြဟ္မာကျတော့ မယုံဘူးတဲ့”
          “ဘုန်းတော်ကြီးများဟာ မြတ်ဗုဒ္ဓရဲ့တရားတော် များကို သင်အံလေ့ကျက်ပြီး လူအများကို လောကီ လောကုတ္တရာ ကြီးပွားချမ်းသာဖို့အရေး ဆုံးမဩဝါဒ ပေးတယ်။ ဒါက ကုသိုလ်တရားပဲ၊ ကျင့်ဆောင်ရမယ်။ဒါဟာ အကုသိုလ်တရားပဲ၊ ရှောင်ရှားရမယ်လို့ သိပြီး လိုက်နာကြသူတွေဟာ ဒီဘဝရော၊ နောက်ဘဝမှာပါ ချမ်းသာသုခကို ခံစားရတယ်။ သမီးကို အင်္ဂုတ္တိုရ်       ပါဠိတော် သတ္တကနိပါတ်၊ သီဟသေနာပတိသုတ်တော် မှာ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားပြပုံလေးကို ပြော ပြမယ်”

မျက်မှောက်ဘဝ၌ ခံစားရသော
ဒါန၏ ကောင်းကျိုးများ
          “တို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်မှာ သီတင်းသုံး တော်မူစဉ်အခါကပေါ့။ သီဟလို့ ခေါ်တဲ့ စစ်သူကြီးဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး “အရှင်ဘုရား၊ မျက်မှောက်ထင်ထင် သိမြင်ခံစားနိုင်သည့် ဒါနအကျိုး ကို ဟောကြားခြင်းငှာ ဖြစ်နိုင်ပါသလား” လို့ မေး လျှောက်တဲ့အခါမှာ မြတ်စွာဘုရားရှင်ဟာ တုံ့ပြန်              မေးမြန်းချက်များနဲ့ ဖြေကြားတော်မူခဲ့ပါတယ်”
          “သီဟ . . .ဤလောက၌ သဒ္ဓါနည်းပါး၊ ဝန်တို စိတ်များပြီး ကြိမ်းမောင်းဆဲဆိုတတ်သူနှင့် သဒ္ဓါရွှင်လန်း ပေးကမ်းလှူဒါန်းမှု၌ အစဉ်မွေ့လျော်တတ်သူ ဟူ၍ လူနှစ်ယောက် ရှိရာ၏။ ထိုသူနှစ်ယောက်တို့တွင် မည်သူ့ကို ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ ကူညီ စောင့်ရှောက်ကြမည်နည်း”
          “အရှင်ဘုရား၊ သဒ္ဓါရွှင်လန်း ပေးကမ်းလှူဒါန်းမှု ၌ မွေ့လျော်တတ်သူကို ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေး ဦးစွာ ကူညီစောင့်ရှောက်ကြပါလိမ့်မည်
          “သီဟ . . .ထိုသူနှစ်ယောက်တို့တွင် မည်သူ့ထံ သို့ ရဟန္တာပုဂ္ဂိုလ်တို့ ရှေးဦးစွာ ချဉ်းကပ်ကြသနည်း
          “အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း လှူဒါန်းမှု၌ မွေ့လျော်သူတို့ထဲသို့ ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ ချဉ်းကပ်ကြပါလိမ့်မည်”
          “သီဟ . . .ထိုသူနှစ်ယောက်တို့တွင် မည်သူ၏ ပစ္စည်းကို ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ အလှူခံ ကြမည်နည်း”
          “အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း လှူဒါန်းမှု၌ မွေ့လျော်သူတို့၏ ပစ္စည်းကို ရဟန္တာပုဂ္ဂိုလ် တို့သည် ရှေးဦးစွာ အလှူခံကြပါလိမ့်မည်”
          “သီဟ . . ..ထိုသူနှစ်ဦးတို့တွင် မည်သူ့အား ရဟန္တာ ပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ တရားဟောကြား မည်နည်း”
          “အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း လှူဒါန်းမှု၌ မွေ့လျော်သူအား ရဟန္တာပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ တရားဟောကြားပါလိမ့်မည်”
          “သီဟ . . .ထိုသူနှစ်ဦးတွင် မည်သူ၏ ကောင်း သော ဂုဏ်သတင်းသည် ပျံ့နှံ့မည်နည်း”
          “အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း လှူဒါန်းမှု၌ မွေ့လျော်သူ၏ကောင်းသော ဂုဏ်သတင်း သည် ပျံ့နှံ့ပါလိမ့်မည်”
          “သီဟ . . .ထိုသူ နှစ်ဦးတို့တွင် မည်သူသည် ကြောက်ရွံ့မှုကင်းစင် ကြည်လင်သောမျက်နှာရှိသည် ဖြစ်၍ ပရိသတ်လေးပါးသို့ ချဉ်းကပ်ဝံ့မည်နည်း”
          “အရှင်ဘုရား . . .သဒ္ဓါရွှင်လန်း ပေးကမ်း လှူဒါန်းမှု၌ မွေ့လျော်သူသည် ကြောက်ရွံ့မှုကင်းစင် ကြည်လင်သော မျက်နှာရှိသည်ဖြစ်၍ ပရိသတ် လေးပါးသို့ ချဉ်းကပ်ဝံ့ပါလိမ့်မည်”
          “သီဟ . . .သဒ္ဓါနည်းပါး ဝန်တိုစိတ်များသူနှင့် သဒ္ဓါရွှင်လန်း ပေးကမ်းလှူဒါန်းမှု၌ မွေ့လျော်သူတို့ နှစ်ဦးတွင် မည်သူသည် သေလွန်သောအခါ သုဂတိ ဘုံသို့ရောက်မည်နည်း”
          “အရှင်ဘုရား . . .ထိုသူနှစ်ဦးတို့တွင် သဒ္ဓါရွှင်လန်း ပေးကမ်းလှူဒါန်းမှု၌မွေ့လျော်သူသည် သေလွန်သောအခါ သုဂတိဘုံသို့ရောက်ပါလိမ့်မည်”လို့ သီဟစစ်သူကြီးက ဖြေကြားပြီး နောက်ထပ် ဆက်ပြီး လျှောက်ထားတာကတော့ . . .
          “အရှင်ဘုရား ယခု မြတ်စွာဘုရား ဟောကြား ခဲ့သည့် မျက်မှောက်ထင်ထင် သိမြင်ခံစားနိုင်သော ဒါန၏အကျိုးတို့၌ မြတ်စွာဘုရားအား ယုံကြည်မှုဖြင့် တပည့်တော် လက်ခံသည် မဟုတ်ပါ။ တပည့်တော် ကိုယ်တိုင်လည်း ဤအကျိုးများကို သိမြင်ပါသည်။”
          “အရှင်ဘုရား . .တပည့်တော်သည် ပေးလှူတတ် သူ ဒါနရှင်ဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်တို့သည် တပည့် တော်ကို ရှေးဦးစွာ စောင့်ရှောက်ကြပါသည်။ တပည့် တော်ထံ ရှေးဦးစွာ ချဉ်းကပ်ကြပါသည်။ တပည့်တော် ၏လှူဖွယ်ပစ္စည်းကို ရှေးဦးစွာခံယူကြပါသည်။ တပည့် တော်အား ရှေးဦးစွာ တရားဟောကြပါသည်။ တပည့် တော်၏ကောင်းသောဂုဏ်သတင်းသည် ပျံ့နှံ့ပါသည်။ တပည့်တော်သည် ကြောက်ရွံ့မှုကင်းစင် ကြည်လင် သောမျက်နှာ ရှိသည်ဖြစ်၍ ပရိသတ်လေးပါးသို့          ချဉ်းကပ်ဝံ့ပါသည်”
          “အရှင်ဘုရား . . .ပေးလှူတတ်သော အလှူရှင် သည် သေလွန်သောအခါ သုဂတိဘုံသို့ရောက်ရ၏       ဟူ၍ မြတ်စွာဘုရားဟောကြားသောအကျိုးကိုမူ တပည့် တော်သည် ကိုယ်တိုင်မသိပါ။ ဤအကျိုး၌ မြတ်စွာ ဘုရားအား ယုံကြည်မှုဖြင့် တပည့်တော် လက်ခံပါ သည်}}လို့ လျှောက်ထားသတဲ့”
          “ဒီ သီဟသေနာပတိသုတ်ကို မောင်မောင်          နားလည်အောင် ရှင်းလင်း ဟောပြလိုက်ပါ။ သူ လက်ခံလာပါလိမ့်မယ် သမီးရယ်”
          “ဟုတ်တယ် . .ဟုတ်တယ် . .အကျိုးအကြောင်း ဆီလျော်ပြီး သိပ်လက်တွေ့ကျတာပဲ၊ မြတ်စွာဘုရား ရဲ့တရားတော်တွေက သိပ်သဘာဝကျတာပဲနော် . . သမီးဖြင့် ကြည်ညိုလို့ကို မဆုံးနိုင်ဘူး၊ ဒီနေ့ အန်တီ ရှင်းပြတာတွေအားလုံး ကိုမောင်မောင်ကို ပြောပြပြီး ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်လာအောင် စည်းရုံးကြည့်ဦး မယ် အန်တီရယ် . .အန်တီ့ကို ဘယ်လိုကျေးဇူးတင်မှန်း မသိဘူး၊ ကဲ . . .သမီးလည်း ပြန်ဦးမယ်နော်၊ အန်တီ့ကို သမီး ကန်တော့ပါရစေ”
          “သာဓုပါ သမီးရယ် . .သာဓုပါ သာဓုပါ”
စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြပါစေ။
မသုမေ

No comments: