Wednesday, February 18, 2015

အိုဘယ့်ယောဂီ ဇွန်မိုးစက်



အိုဘယ့်ယောဂီ
ဇွန်မိုးစက်

           မိခင်ကြီးအား ခြောက်လခွဲတိုင်တိုင် နေ့စဉ် ရက်ဆက် ပြုစုခဲ့သော သမီးအလိမ္မာ ဇွန်မိုးစက်သည် စိတ်ပန်း လူပန်း ဖြစ်နေခြင်းမှ အနားရအောင် ရက်သတ္တပတ်မျှ တရားစခန်းဝင်ရန် ဆုံးဖြတ်လိုက်လေ သည်။ ထိုသို့ ဆုံးဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် မိမိမရှိသော ကာလတို တစ်ခုအတွင်း အိမ်၏စားရေး သောက်ရေး အစစအဆင်ပြေအောင် ငွေကြေးစိုက် ထုတ်၍ စီမံရပေတော့သည်။
          တရားစခန်း၌ ဝတ်ဆင်ရန် လုံချည် အညိုများကို တွေ့ပြီးဖြစ်၍ စင်ကာပူတွင် ရိပ်သာဝင်စဉ်က ဝတ်လေ့ ရှိသော အင်္ကျီ အဖြူများသည် ဗီရို သို့မဟုတ် သေတ္တာ တစ်ခုခုထဲတွင်ရှိရမည်ဟု တပ်အပ်ယုံကြည်၍ ရိပ်သာ မသွားခင် နှစ်ရက်အလိုမှ အင်္ကျီဖြူများကို ထုတ်လျှော်ရန် ကြံစည်ထားလေသည်။ သို့ရာတွင် ဝတ်နေကျ အင်္ကျီဖြူ များအား ရှာမတွေ့သဖြင့် အနီးကပ်မှ ခေါင်းစားရတော့ သည်။ သို့နှင့် မိခင်ကြီး ဥပုသ်နေ့တွင် ဝတ်ဆင်လေ့ ရှိသော အင်္ကျီဖြူမှန်သမျှ ဆွဲထုတ်ပြီး ကိုယ်တွင် ကပ်ကြည့်၊ ဝတ်ကြည့်ရရှာလေ၏။ လွန်ခဲ့သော ခြောက်လအတွင်း ကိုယ်အလေးချိန် ဆယ့်နှစ်ပေါင် ကျသွားခြင်း၏ အကျိုးကျေးဇူးကား မိခင်၏ အင်္ကျီများ သာမက ယခင်က ကိုယ်နှင့် မတော်သဖြင့် အခြားသူများ ကို ပေးရန်ကြံစည်ထားသော အင်္ကျီအကောင်းအဟောင်း များကိုပင် ပြန်လည်ဝတ်ဆင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
           ရိပ်သာမသွားခင် တစ်ရက်အလိုတွင်ကား အရေးကြီးကိစ္စတစ်ခုဖြင့် မင်္ဂလာဒုံသို့သွားရန် အကြောင်း တစ်ခုပေါ်လာလေသည်။ ထိုနေ့မှ မသွားလျှင် မဖြစ်သည့် အတွက် သွားရသေးသည်။ ထိုမှအပြန် ရွှေတိဂုံစေတီ တော်ကို ဝင်ရသဖြင့် နေ့ထက်ဝက်စွန်းစွန်း အချိန်ကုန် သွားရာ ပစ္စည်းများသိမ်းဆည်းရန် အချိန်မလောက်ငှ တော့ပေ။ ဤတွင် ယောဂီသည် တစ်စုံတစ်ခုကို သတိ ပြုမိ၏။ အခြားမဟုတ် ခရီးတို çရှည်ထွက်ခါနီးတိုင်းတွင် အကြောင်းကိစ္စကြီးငယ် တစ်စုံတစ်ရာ ပေါ်လာတတ် ခြင်းကြောင့် အချိန်လုရသဖြင့် ခရီးမထွက်ခင်ရက်တွင် အခါတိုင်းထက် အဆပေါင်းများစွာ ပင်ပန်းလေ့ရှိသော မိမိကံကို ဖြစ်လေသည်။
          နောက်တစ်နေ့နံနက် ၈-နာရီ ၁၀-မိနစ်ခန့် တွင် ရန်ကုန်မှ တစ်နာရီခွဲခန့် မောင်းရသော အင်းတကော် စံပြကျေးရွာသို့ ဘေးမသီရန်မခ ရောက်ရှိ ခဲ့ပေသည်။ ယခင်က တစ်ကြိမ်တစ်ခါမျှ မရောက်ဖူး သော်လည်း ဧက (၂၀) ကျယ်ဝန်းပြီး သစ်ရိပ် ဝါးရိပ်တို့ ဖြင့် အေးချမ်းလှသော ဖားအောက်တောရ ရိပ်သာကို ယောဂီတစ်ယောက် မြင်မြင်ချင်း သဘောကျသွားလေ သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သိရသည်မှာ ကား ဤရိပ်သာတွင် မြန်မာယောဂီဟူ၍ မိမိ တစ်ယောက်တည်း ရှိခြင်းဖြစ်လေသည်။ ကျောင်းထိုင် ဆရာတော်နှင့်  ရဟန်းတစ်ပါး၊ ဆရာလေး သုံးပါးတို့မှ လွဲ၍ ကျန်သံဃာ၊ သီလရှင်နှင့် ယောဂီတို့သည် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားများ ဖြစ်ကြကုန်၏။ ယောဂီစိတ်တွင်ကား မြန်မာမရှိလေ။ စကားပြောစရာ မလို၍ မိမိတရား အားထုတ်ရန်ပို၍ အဆင်ပြေလေဟု မှတ်ယူထားသူဖြစ်ရာ ဝမ်းသာမိလေသည်။
          ဆရာတော်၏ အစ်မဖြစ်သူက သွပ်မိုးထားသော နှစ်ထပ်အုတ်ခံ ပျဉ်ထောင်အိမ်ဆောင်၏ အပေါ်ထပ်တွင် ယောဂီကို နေရာချပေးသည်။ အပေါ်တစ်ထပ်လုံးတွင် မိမိအရင်ရောက်နှင့်ပြီးသော အခြားယောဂီတစ်ဦးကို မမြင်ရသေးခင်မှာပင် သူနှင့် ကပ်လျက်အခန်းတွင် ကြိုးတန်းပြီး လှမ်းထားသော အဝတ်အစားကို မြင်ရုံနှင့် ထိုယောဂီ မည်သည့်နိုင်ငံသားဖြစ်သည်ကို ယောဂီ ကြိုတင်ခန့်မှန်းပြီးဖြစ်လေသည်။ ယောဂီသည် အခန်း တစ်ခန်းဖြင့် သီးခြားနေလိုသော်လည်း လူမနေသည်မှာ ကြာပြီဖြစ်၍ ဖုန်ထူနေသောအခန်းကို ရှင်းလင်းရမှာ အနည်းငယ် ပင်ပန်းမည်စိုးသည်က တစ်ကြောင်း၊ မိမိ ခေါင်းထက် ကြိုးတန်းမှာ လွှားထားသော အဝတ်အစား ကို ရုပ်ပေးရန် သူစိမ်းယောဂီတစ်ဦးကို မပြောလိုခြင်းက တစ်ကြောင်း အခန်းအပြင်ဘက်ရှိ ကျယ်ပြောသော ဟောခန်းမထဲတွင်သာ တစ်ကိုယ်တည်း နေမည်ဟု ဆုံးဖြတ်လိုက်လေသည်။
          (ရိပ်သာရောက်ပြီး ငါးရက်မြောက်နေ့တွင်မူ ဗီယက်နမ်မှ အမျိုးသမီးဧည့်သည် လေးယောက် ယောဂီတို့အဆောင်တွင် နှစ်ညတာ တည်းခိုးအိပ်စက် မည်ဖြစ်ကြောင်း သိရသည့်အတွက် သူတို့အား နေရာ ပေးနိုင်ရန် ယောဂီခမျာ ပင့်ကူအိမ်များဖြင့် ယှက်နွှယ် လျက်ရှိသော အခန်းလွတ်ကို တစ်မနက်ခင်းမျှ အချိန် ပေး သန့်ရှင်းရေးလုပ်ပြီး ပြောင်းရွှေ့ခဲ့ရပေသည်။) ပစ္စည်းများချပြီး နေရာထိုင်ခင်းအတွက် သန့်ရှင်း လှည်းကျင်းနေစဉ် အခန်းထဲမှ လူမျိုးခြား ယောဂီသည် မိမိအား ဖုန်သုတ်ရန် မျက်နှာသုတ်ပုဝါစလေး ကမ်းပေး သဖြင့် ယောဂီသည် ကြောင်အမ်းအမ်းနှင့် လှမ်းယူ လိုက်သော်လည်း ကျေးဇူးတင်စကား မဆိုမိခဲ့ပေ။ သီလယူ၊ နေ့လယ်စာစားပြီး အဆောင်ပေါ်ပြန်တက် လာသည့်အခါတွင်မှ သူမထံသွား၍ ကျေးဇူးတင်ကြောင်း ပြောဆိုဖြစ်တော့သည်။ သူမက ယောဂီအား ရန်ကုန် ကလားဟု မေးသည်ကို ဟုတ်တယ်ဟု ပြန်ဖြေသည် မှလွဲ၍ သူမကို စကားပြန်မဆိုမိ။ ရိပ်သာတွင် စကား နည်းလေ၊ ကောင်းလေဟု ယောဂီခံယူထားသည် မဟုတ်ပါလား။
          နံနက် ၃-နာရီ ၄၅-မိနစ် တွင်ဘုရားရှိခိုး တရား ထိုင်ရန် ၃-နာရီ ၁၅-မိနစ်တွင် အိပ်ရာမှ ထရသော် လည်း ယောဂီ စိတ်အလျဉ်မှာ ကြည်လင်လျက် ရှိနေပေ သည်။ မိမိ အဆောင်မှ သိမ်ရှိရာကိုသွားရာ လမ်း တစ်လျှောက်သည် မှောင်မည်းလျက်ရှိရာ လက်နှိပ် ဓာတ်မီးအစွမ်းဖြင့် ခလုတ်မထိဘဲ သွားလာနိုင်သော် လည်း ယောဂီမှာ နက်ပြာရောင်ကောင်းကင်တွင် စုံညီစွာ တောက်ပနေသော ကြယ်တာရာများကို မော်ကြည့်မိရာ ဟန်ချက်ပျက်၍ ချော်လဲမလိုဖြစ်သွားလေသည်။ အနှီ ယောဂီသည်ကား ဖြစ်နိုင်လျှင် မြေကြီးပေါ် ပက်လက် လှဲအိပ်ပြီး လင်းလက်နေသည့် ကြယ်ပွင့်များကို မမှိတ်မသုန် စိုက်ကြည့်ချင်မိ၏။ သို့သော် ယောဂီဟူသော သတိက ကပ်ပါလာလေရာ မိမိအာရုံကို ရှေ့တူရူသို့ ပြန်လွှဲ ရလေသည်။
          လိပ်ပြာရောင်စုံများ၊ ကတ္တီပါရောင် တောက်နေ သော ပုဇဉ်းရင်ကွဲများ၊ တဝီဝီမြည်ကာ ပျံဝဲနေသော ပိတုန်းကောင်များကြားတွင် ယောဂီတစ်ယောက် သာယာကြည်နူးနေမိ၏။ တောင်တောရယ်သာ၊ မာလာကငုံဖူး၊ တစ်ပင်ကို နှစ်ပင်ယှက်တယ်။ ကျေးငှက် ကမြူး၊ ဆယ်စုနှစ် သုံးခုစာ မရွတ်ဖြစ်သော ကဗျာ လေးပင် ယောဂီမှတ်Óာဏ်ထဲ အလိုလိုဝင်ရောက် လာလေသည်။ သို့ရာတွင် မိမိမြင်ဖူးသမျှ အရွယ် အကြီးဆုံးဖြစ်သော ကင်းခြေများနှင့် ကင်းမြီးကောက် တို့ကို တွေ့ရသည့် အခိုက်တွင်မတော့ ယောဂီ၏ နှလုံး အနည်းငယ် တုန်ယင်လာ၏။ အဝါရောင်အဆင်းရှိ သော ဖားခုံညင်းတစ်ကောင် အိမ်သာထုတ်တန်းပေါ်မှ ခုန်ချရာ ယောဂီခြေထောက်ပေါ်ကျ၍ ကြောက်လန့် တကြား အော်မိသေးသည်။ ဪသာ် တောထဲတောင်ထဲ တွင် တရားအားထုတ်ရသည်မှာ ထင်သလောက် မလွယ်ကူလှကြောင်း ယောဂီကိုယ်တွေ့ သိရှိရလေပြီ။ ဒါတောင် ယောဂီနေထိုင်ရာ ရိပ်သာသည် တောနက် မဟုတ်သော တောစပ်တွင် တည်ရှိခြင်းဖြစ်သည်။ ညည့်နက်လျှင်တော့ ရှဥ့်ကလေးများ၏ စိန်ခေါ်သံလို လို၊ ဖိုသံပေးလိုလို အသံများကို ကြားရလေ့ရှိသည်။ ရိပ်သာနောက်ဘက်တွင် အလွန်တရာမှ သာယာ ပြန့်ပြူးသောလမ်းကလေးကို အရုဏ်တက်နေထွက်ချိန် တစ်ခါ၊ညနေဆည်းဆာ နေဝင်ချိန်တစ်ခါ၊လမ်းလျှောက် ထွက်သည့်အခါမျိုးတွင်တော့ ကင်မရာ မယူဆောင်ခဲ့ မိသော ယောဂီသည် နောင်တရခြင်းကြီးစွာ ဖြစ်မိလေ တော့သည်။
          အရုဏ်ဆွမ်းသုံးဆောင်ပြီးလျှင် တံမြက်လှည်း ခြင်း၊ ရေချိုးခန်း အိမ်သာ သန့်ရှင်းရေးလုပ်ခြင်း အစရှိသည့် ဝေယျာဝစ္စသန့်ရှင်းရေး ကုသိုလ်များကို မိမိအသိစိတ်ဖြင့် ပြုကြရ၏။ တံမြက်လှည်းရင်း ပုရွက်ဆိတ်များ ဝိုင်းအုံခဲကိုက်ခံနေရသော ဧရာမ တီကောင်ကြီးကို မြင်လျှင် သံဝေဂရသည်။ ထိုမှ ဆက်၍ သတ္တဝါမျိုးစိတ်ပေါင်း မရေမထွက်နိုင်ရှိနေသော ဘဒ္ဒကမ္ဘာတွင် လူအဖြစ်ကိုရသော မိမိသည် ကံကောင်း ပေစွ၊ ကောင်းလေစွဟု ဆင်ခြင်မိပြန်သည်။ တမလွန် မရောက်ခင် ယခုဘဝကတည်းက ကြိုးစားအားထုတ် မှသာလျှင် လူဖြစ်ရကျိုးနပ်မည် မဟုတ်ပါလား။
          ထိုကဲ့သို့ အသိတရားရရှိပြီးနောက် ယောဂီ တစ်ယောက် အာနပါနကို ကြိုးစား ရှုမှတ်လေသည်။ ဝင်လေ ထွက်လေကား သိမ်မွေ့လွန်း၍ ဟိုခုန်ဒီကူး ဖြစ်နေသော  မျောက်လွှဲကျော်ကဲ့သို့ အာရုံများသော စိတ်ဖြင့် ဖမ်းရမှတ်ရ ခက်လှပေသည်။ သမာဓိရဖို့ကား ဝေးလေစွ။ ယောဂီ တရားစခန်းမဝင်ဖြစ်သည်မှာ လေးနှစ်နီးပါးပင် ရှိခဲ့ပြီ။ တရားမထိုင်ဖြစ်သည်မှာလည်း ခုနစ်လခန့်ပင်ရှိလေရာ ဟိုဒီ ယောက်ယက်ခတ်နေသော စိတ်အစဉ်ကို တည်ငြိမ်အောင် ထိန်းရသည်မှာ ပင်ပန်း လှသည်။ သတိလွတ်လျှင် လွတ်သလို ဥဒ္ဒစ္စနှင့် ကုက္ကုစ္စ တို့သည်လည်း တစ်လှည့်စီ အပြေးဝင်လာကပ်၏။ လက်ဖျစ်တစ်တွက်လျှင် ကုဋေသိန်းချီ ဖြစ်သွားသော စိတ်အစဉ် ပေါင်းများစွာတွင် မိမိရေးမည့်စာအကြောင်း ကို ကြံစည်စိတ်ကူးခြင်းကလည်း ပါလိုက်သေးသည်။ တရားထိုင်ရင်း တွေးမိသည်ကား စာရေးဆရာမှန်လျှင် တရားကြာကြာ ရှုမှတ်နိုင်ပါမည်လောဟူ၍ ဖြစ်လေသည်။ ယောဂီကဲ့သို့ သာမန်ဝါသနာရှင် စာရေးသူတစ်ယောက် အနေနှင့် တရားထိုင်ရင်း စာရေးနေပါလျှင် စာမရေးရ မနေနိုင်သော အနှီတန်းဝင် စာရေးဆရာ စစ်စစ်များ သည်လည်း တရားထိုင်ရင်း မိမိရေးမည့်စာများကို စိတ်တွင်းမှာ အသံတိတ် စီကုံးနေနိုင်သည် မဟုတ်ပါ လော။
          ပထမသုံးရက်တွင်ကား သမာဓိမတက်သေးသော ယောဂီစိတ်သည် လိပ်ပြာတစ်ကောင်နှယ်၊ ကုန်းပေါ် ရောက် ငါးသဖွယ် ဟိုမှ ဒီမှ လူးလာပျံသန်း ခုန်ပေါက် ခုန်ဆွဖြစ်နေသေး၏။ လေးရက်မြောက်နေ့မှ အတန်ငယ် စိတ်တည်ငြိမ်လာလေသည်။ သို့သော် တရားထိုင်ချိန် တွင် အနီးစပ်ဆုံး တွေ့ထိမိသော အမြင် အကြားအာရုံ များကို ပြန်လည်မြင်ယောင် သုံးသပ်နေမိသေးရာ ထိုအာရုံများထဲတွင် ယောဂီနှင့် တစ်ဆောင်တည်းနေ ပီကင်းမြို့သူ ကျင့်ရာ၊ ကြောင်ကလေးဝါဆိုနှင့် ဆရာလေး ပီယတို့ ပါဝင်လာလေသည်။ ယောဂီသည် အစောပိုင်း တွင် ကျင့်ရာနှင့် သိပ်မရင်းနှီးသော်လည်း နောက်ပိုင်း တွင် အတော်လေး ခင်မင်သွားခဲ့လေသည်။ ရင်းနှီးသွား ရခြင်း၏ အကြောင်းရင်းမှာ ကျင့်ရာသည် သူမ နာမကျန်းဖြစ်ချိန်၌ အင်္ဂလိပ်စကားကို လည်လည် ဝယ်ဝယ် မပြောတတ်၍ ယောဂီက ကူညီဘာသာပြန်ကာ ပြောဆိုပေးရခြင်းကြောင့် ဖြစ်သည်။ အဝတ်လှန်းသည့် ကိစ္စမျိုးတွင် တရုတ်ပြည်မကြီးသူပီပီ အမြင်မတော် လှန်းတတ်သည့် အကျင့်ရှိသော်လည်း သူမသည် စိတ်ရင်းကောင်းမွန်လှပေသည်။ ယောဂီ တွေ့ဖူးသမျှ ပြည်ကြီးတရုတ်မများထဲတွင် စိတ်သဘော အကောင်း ဆုံးဖြစ်လေသည်။ တရားကျင့်ကြံအားထုတ်မှုနှင့် ပတ်သက်လျှင် ကျင့်ရာသည် ယောဂီထက် စီနီယာ ကျ၏။ မြန်မာပြည်သို့ သုံးခေါက်တိုင်တိုင် လာရောက်ခဲ့ပြီး မော်လမြိုင် ဖားအောက်တောရတွင် တစ်လကြာအောင် သီလရှင်ဝတ်နှင့် သီတင်းသုံးဖူးလေသည်။ ယခု တရားစခန်းတွင်လည်း အနည်းဆုံး သုံးလကြာအောင် အားထုတ်မည်ဟု ရည်ရွယ်ကာ လာခဲ့ခြင်းဖြစ်လေသည်။ သို့သော် ရုတ်တရက် ပြန်ထလာသော သူမ၏ ဝေဒနာ ဟောင်းက လရှည်ရိပ်သာဝင်ခြင်းကို အနှောင့်အယှက်ပြု လေရာ ကျင့်ရာခမျာ တစ်လနှင့် ပီကင်းပြန်ရန် ဆုံးဖြတ် ရလေတော့သည်။ တရုတ်မလေး ကျင့်ရာ ထေရဝါဒကို လေးစားကိုးကွယ်ပုံမှာ ယောဂီတို့ အတုယူ အားကျရ လောက်၏။အကြောင်းမှာသူမ၏ခင်ပွန်းသည် ဗုဒ္ဓဘာသာ နှင့် တရားတော်မြတ်ကို သူမကဲ့သို့ လေးစားယုံကြည်မှု မရှိသဖြင့် ကွာရှင်းခဲ့သည်ဟု ဆိုသည်။ သူမနှင့် ကွဲကွာ ပြီးမှ ထိုယောကျာ်းသည် ဘာသာတရားကို လေ့လာ လိုက်စားခဲ့ပြီး ယခင်ကထက် စိတ်ထား ပိုမိုကောင်းမွန် လာကာ သူမအပေါ်တွင် မိတ်ဆွေကောင်း တစ်ယောက် အဖြစ် ပြန်လည်ဆက်ဆံလာကြောင်း ယောဂီအား ပြောပြ၍ သိခဲ့ရသည်။
          ယောဂီနေထိုင်ရာ အဆောင်အောက် တစ်ဘက် ခြမ်းတွင် မြန်မာဆရာလေးနှစ်ပါး သီတင်းသုံးနေထိုင် လျက်ရှိရာ မကြာခဏ ဝါဆို ဝါဆိုဟူသော ခေါ်သံကို ကြားရတတ်၏။ နောင်မှ ထိုခေါ်သံသည် ကြောင် ကလေးကို ရှာဖွေခေါ်ဆိုခြင်းဖြစ်ကြောင်း သိလာရသည်။ ယောဂီမပြန်ခင် တစ်ညတွင် ထိုကြောင်ကလေး၏ ဝတ္ထုဆန်သော နောက်ကြောင်းကို သိခွင့်ရလေသည်။ ကြောင်မကြီးမေရီသည် ဝါဆိုလပြည့်နေ့တွင် သား သုံးကောင်ပေါက်ရာ တစ်ကောင်ကို ဝါဆို၊ တစ်ကောင်ကို လပြည့်၊ တစ်ကောင်ကို ဂျူလိုင်ဟူ၍ အမည်ပေးထားကြ သည်။ လပြည့်သည် ရက်ပိုင်းနှင့် ကွယ်လွန်သွားရာ ဝါဆိုနှင့် ဂျူလိုင်တို့ ကျန်ခဲ့သည်။ တစ်ညတွင် မေရီအစာ ရှာသွားခိုက် တောကြောင်ကြီးတစ်ကောင်သည် ဝါဆို့ မျက်စိရှေ့တွင် ဂျူလိုင်ကို ကိုက်ဆွဲသတ်စားလိုက်ရာ ဝါဆိုလေးခမျာ ကြောက်လန့်သွားရှာလေသည်။ မေရီ ပြန်ရောက်သော် ဝါဆိုကို ကိုက်ချီ၍ သူမတို့နေထိုင်ရာ အဆောင်မှ ကြောင်တို့ ခြေလှမ်းနှင့် အလွန်တရာ ဝေးကွာလှသော ယခု ယောဂီတို့နေထိုင်ရာ အဆောင် အောက်ဘက်က ဆရာလေးတို့ အဆောင်ရှေ့ကို လာပို့လေသည်။ အဘယ်ကြောင့်ဆိုသော် တောကြောင် သည် ယောဂီတို့ နေထိုင်ရာ အဆောင်သို့ တစ်ခါမှ လာရောက်ခြင်းမရှိသည်ကို မေရီသိနေသဖြင့် သူ့ သားလေးအတွက် လုံခြုံသောနေရာကို သယ်ယူ ခေါ်ဆောင်လာခြင်း ဖြစ်လေသည်။ ထိုမနက်က မိုးဖွဲဖွဲ လေးကျနေရာ ဝါဆိုလေးမှာ ဖုန်၊ သဲလူးပြီး မိုးရေကြား တွင် ခိုက်ခိုက်တုန်နေရှာ၏။ မေရီက အဝတ်စုတ်လေး တစ်ခုကို ကိုက်ချီပြီး ထိုအဝတ်လေးပေါ်တွင် ဝါဆို့ ကိုယ်ကို တင်ထားကာ ဆရာလေးတို့ကို အော်ခေါ် ပြသ လေသည်။ ထိုအချိန်မှစပြီး ဝါဆိုလေးကို ဆရာလေး နှစ်ပါးက တောကြောင်အကိုက်မခံရအောင် ကြည့်ရှု စောင့်ရှောက်ရသည့်တာဝန် တိုးခဲ့လေသည်။ မေရီသည် တစ်ကောင်တည်းကျန်သော ဝါဆိုလေးကို မျက်စိအောက် မှ အပျောက်မခံဘဲ အလွန်ချစ်မြတ်နိုးသည်ဟု ဆရာလေးများက ပြောပြသည်။ ဝါဆိုသည်လည်း အမေမှလွဲ၍ အခြားသူအကပ်မခံ၊ လူလည်း အလွန် ကြောက်တတ်သည်။  နောက်ပိုင်းတွင် ဆရာလေးနှစ်ပါး ၏ နွေးထွေးကြင်နာမှုကြောင့်လည်းကောင်း၊ မေရီ နောက်ထပ် ကိုယ်ဝန်ဆောင်လာချိန်တွင် ဝါဆိုကို သူ့ အနားအကပ် မခံတော့သောကြောင့် လည်းကောင်း သူ့ကို ယုယကြင်နာစွာ ထွေးပိုက်တတ်သောလူတို့နှင့် နီးနီး ကပ်ကပ် နေထိုင်ရန် ယခင်ကထက် ရဲဝံ့လာတော့သည်။ ယောဂီမှာ ထိုအကြောင်းကြားသိရသော် ဪသာ်... သတ္တဝါတစ်ခု၊ ကံတစ်ခုပါလားဟု ကြောင်ကလေး ဝါဆိုအပေါ် ကရုဏာသက်ခြင်း ကြီးစွာဖြစ်မိလေသည်။
          အင်းတကော် ဖားအောက်ရိပ်သာတွင် တရုတ်၊ ဗီယက်နမ်၊မလေးရှား၊ ကိုရီးယားအစရှိသော အရှေ့တိုင်း အာရှနိုင်ငံများမှ ဆရာလေး(သီလရှင်)များ နှစ်ရှည် လများ နေထိုင်ပြီး တရားအားထုတ်ကြသလို အနောက် တိုင်းဥရောပနိုင်ငံမှ ဆရာလေးတစ်ပါးလည်း လာရောက် အားထုတ်လျက်ရှိလေသည်။ ဝိနည်းနှင့်အညီ ပြုမှု လှုပ်ရှား ဆောင်ရွက်နေသော ထိုဆရာလေးကို ယောဂီ အာရုံတွင် ထူးထူးခြားခြား ကြည်ညိုစိတ် ဝင်မိသည်နှင့် အမျှ သူ့ကို ဂရုတစိုက်သတိပြုကြည့်မိရာ ဆရာလေး ပီယသည် မြန်မာစကား အနည်းငယ်ကို နားလည်သည့် အပြင် မဟာသတိပဋ္ဌာနသုတ်မှလွဲ၍ ကျန်သော ပါဠိဘုရားရှိခိုး ဘုရားစာများ အားလုံးလိုလိုကို စာအုပ် မကြည့်ဘဲ လက်အုပ်ချီကာ အလွတ်ရွတ်ဆို ပူဇော်နိုင် သည်ကို တွေ့ရလေသည်။ ဝေယျာဝစ္စနှင့် ဆွမ်းçပန်းç ရေချမ်း ကပ်လှူခြင်းတို့ကိုလည်း ငယ်ဖြူတစ်ပါးအလား ကျွမ်းကျင်စွာ ဆောင်ရွက်ဆည်းကပ်နိုင်သည်ကိုလည်း တွေ့ရသည်တွင် ယောဂီသည် ဆရာလေး၏ ဗုဒ္ဓဘာသာ အပေါ် မည်ကဲ့သို့ ကိုးကွယ်ယုံကြည် ဆည်းကပ်လာပုံ၊ မြန်မာနိုင်ငံသို့ မည်သည့် အဆက်အစပ်ဖြင့် ရောက်ရှိ လာပုံတို့ကို လွန်စွာ သိချင်စိတ် ဖြစ်ပေါ်လာလေတော့ သည်။
          နိုင်ငံခြားသား ဆရာလေးနှင့် ယောဂီများ ကျင့်ကြံ အားထုတ်ရာ အနှီရိပ်သာတွင် ဆရာတော်၊ မလေး ဆရာလေးတစ်ပါးနှင့် မြန်မာဆရာလေးတစ်ပါးသာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သည် ဖြစ်ရာ တရားလျှောက်ချိန်တွင် တရုတ်ဆရာလေး အတွက် မလေးဆရာလေးမှ အင်္ဂလိပ်လို ဘာသာပြန် လျှောက်တင်ပေးပြီး၊ ကိုရီးယားဆရာလေးနှစ်ပါးတွင် အင်္ဂလိပ်စာအတန်အသင့် ပြောဆိုနိုင်သော ဆရာလေး တစ်ပါးမှ နောက်တစ်ပါးအတွက် ဘာသာပြန်ဆိုပေး ကြောင်း သိရသည်။ ဗီယက်နမ်ကိုယ်တော်နှစ်ပါးမှာ အမေရိကန်တွင် အခြေချနေထိုင်ခဲ့သူများဖြစ်၍ အင်္ဂလိပ် စကား ကောင်းစွာပြောကြားနိုင်သော်လည်း ဗီယက်နမ် ဆရာလေးလေးပါးတွင် အငယ်ဆုံးဆရာလေး သိရီစန္ဒာ တစ်ပါးသာ အင်္ဂလိပ်စကား ပြောဆိုတတ်၍ တရား စစ်ချိန်တွင် ကျန်သုံးပါးကိုယ်စား သူမက ဘာသာပြန် ဆိုလျှောက်တင်ပေးမှ အဆင်ပြေလေသည်။ သို့ရာတွင် ဆွမ်းချက်ဆောင်မှ ဝေယျဝစ္စ ဒကာ၊ ဒကာမများနှင့် ဆက်သွယ်ပြောဆိုလိုလျှင် မြန်မာစကားတတ်မှ ခရီး ပိုတွင်ကြောင်း ထင်ရှားရကား ဆရာလေးတို့သည် မြန်မာစကားကို မဖြစ်မနေ သင်ယူလေ့လာကြရာ မလေးရှားဆရာလေး သုမေဒါနှင့် ဗီယက်နမ်ဆရာလေး သိရီစန္ဒာတို့မှာ မြန်မာစကားကို အတော်အသင့် တီးခေါက်နားလည်ပြီး ပြန်လည်ပြောဆိုနိုင်ကြသည်ကို တွေ့၍ ယောဂီပင် တအံ့တဩနှင့် အထင်ကြီးမိလေ သည်။ ဆရာလေးပီယသည်လည်း ဆွမ်းချက်ဆောင်တွင် ဒကာမများနှင့် ပြောဆိုဆက်ဆံနိုင်ရေးအတွက် မြန်မာစာ ကို ကြိုးစားလေ့လာလျက်ရှိရာ သူမ အခက်အခဲ ကြုံတွေ့စဉ် ယောဂီက ဝင်ရောက်ဘာသာပြန်ဆို ဖြေရှင်း ပေးခွင့်ရလေသည်။ ယောဂီရိပ်သာရောက်စတွင်ကျင့်ရာ၊ ဆရာလေးသုမေဒါနှင့် အင်္ဂလိပ်လို ပြောဆိုဆက်ဆံသည် ကို ကြားရသူ ကပ္ပိယအချို့သည် ယောဂီအား နိုင်ငံ ရပ်ခြားမှ လာရောက်အားထုတ်သူဟူ၍ပင် ထင်မှတ်မှား ကာ အင်္ဂလိပ်လို ပြောဆိုဆက်ဆံခြင်းခံရသည်ကို ကြုံလိုက်သေး၏။ နောင် ယောဂီနှုတ်မှ မြန်မာစကား ပီပီသသ ပြောသံကြားသောအခါ ဪသာ် ...အစ်မက မြန်မာပဲဟု ရယ်မောကာ မှတ်ချက်ပေးတော့သည်။ ဤ အကျိုးဆက်သည် ယောဂီအား ဆွမ်းချက်ဒကာမ များနှင့် ဆရာလေးတို့အကြား စကားပြန်အဖြစ် ရောက် အောင် အလိုလို တွန်းပို့လိုက်သကဲ့သို့ ရှိတော့သည်။ ရောက်ရာအရပ်တွင် သူတစ်ပါးကို ကူညီခွင့်ကြုံသော ယောဂီအဖို့ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ       စကားပြန်အဖြစ်ကို ကျေကျေနပ်နပ် ခံယူကူညီပေးခဲ့လေ သည်။
          ယောဂီသည် မြန်မာအရောက်အပေါက်များပြီး ထေရဝါဒဗုဒ္ဓသာသနာအကြောင်း အတန်အသင့် ပေါက်ရောက် သိကြားနိုင်သော အမေရိက၊အင်္ဂလန်၊ ဩစတြေးလျ အစရှိသော နိုင်ငံများမှ လာရောက် တရားအားထုတ်သော မျက်နှာဖြူနိုင်ငံခြားသား ရဟန်း၊ သီလရှင်များကို မြင်လျှင် အထူးတလည် အံ့ဩခြင်း မရှိခဲ့ပေ။ သို့သော် ဖားအောက်တောရတွင် တွေ့ဆုံခဲ့ဖူး သော ရှားရှားပါးပါး အာဖရိကနိုင်ငံ အန်ဂိုလာမှ ရဟန်း တစ်ပါးနှင့် ဥရောပအရှေ့မြောက်ခြမ်း လစ်သူရေးနီးယား နိုင်ငံမှ ဆရာလေးပီယတို့အား များစွာ အံ့ဩခြင်း ဖြစ်မိ လေသည်။ ဆရာလေး ပီယကိုယ်တိုင်ကလည်း ရိုမန် ကတ်သလစ်ကိုးကွယ်သော လစ်သူရေးနီးယားနိုင်ငံမှ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားသော မြန်မာပြည်တွင် လာရောက် နေထိုင်သီတင်းသုံးသော သူမ တစ်ပါး တည်းသာ ရှိနိုင်ကြောင်း အခြားဆရာလေးများကို ပြောဆိုခဲ့ဖူးကြောင်း ယောဂီ ပြန်လည်ကြားသိရသည်။ လစ်သူရေးနီးယားနိုင်ငံသူ ဆရာလေးပီယသည် လစ်သူရေးနီးယန်း၊ ရုရှား၊ အင်္ဂလိပ်စာ ဘာသာစကား သုံးမျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့်အပြင် ပိဋကတ် ဘာသာရပ်ကိုလည်း အိန္ဒိယနိုင်ငံ၌ လေ့လာဆည်းပူး ခဲ့သေးသည်။ အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံရှိ ဖားအောက်တောရတွင် လာရောက်တရားအားထုတ်နေ သည်မှာ (၂) နှစ်ခန့် ရှိပြီဖြစ်သော်လည်း မြန်မာစကား သည် အလွန်ခက်ခဲကြောင်း၊ သို့သော် ဆွမ်းချက်ဆောင် တွင် ဝေယျာဝစ္စဒကာမများနှင့် လွယ်လင့်တကူ ပြောဆို ဆက်ဆံနိုင်ရေးအတွက် အချို့သောစကားများနှင့် စာကြောင်းများကို မရအရ သူမ သင်ယူ ကျက်မှတ် ရမည်ဖြစ်ကြောင်း ယောဂီကို ပြောပြလေသည်။ ဆရာလေး ပီယသည် လစ်သူရေးနီးယားသို့ ပြန်ရန် အစီအစဉ်မရှိဘဲ မြန်မာပြည်တွင်သာ နေထိုင်ပြီး တစ်သက်တာ တရား အားထုတ်သွားမည့်အကြောင်း ယောဂီ သိလိုက်ရသည်တွင် မြန်မာစာနှင့်ပတ်သက်ပြီး ဆရာလေး၏ အခက်အခဲကို ကူညီရန် ဆုံးဖြတ်လိုက် လေသည်။
          ထို့ကြောင့် ယောဂီမပြန်ခင် တစ်ရက်အလိုတွင် လေးမျက်နှာပါ ဗလာစာရွက် တစ်ရွက်ရှာကာ ဆွမ်းချက် ဆောင်နှင့်  ပတ်သက်ပြီး သိသင့်သိထိုက်သော အခေါ် အဝေါ်အသုံးအနှုန်းများ၊ ဆရာလေးပီယ ကျောင်းသင်္ခမ်း တွင် အသုံးလိုမည်ဟုထင်ရသော ပစ္စည်းပစ္စယများ၊ ဤရိပ်သာတွင် သီတင်းသုံးနေစဉ်တစ်လျှောက် လိုအပ် အသုံးဝင်မည်ထင်သော  စကားစုများအား အင်္ဂလိပ်စာ -ဘားဂလစ်ရှ်(အင်္ဂလိပ်အက္ခရာဖြင့် ပေါင်းထားသော မြန်မာအသံထွက်)-မြန်မာစာ (၃)ကော်လံခွဲ၍ စုစည်း ရေးသားပြီး ဆရာလေးပီယအား ပေးလိုက်ရာ ဆရာလေးမှာ လွန်စွာ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး လက်ခံ ယူလေသည်။ ညနေ ဘုရားဝတ်တက်ပြီးချိန်တွင် ယောဂီရေးထားပုံကို သူအလွန် ကြိုက်နှစ်သက်ကြောင်း၊ ကျေးဇူးတင်ကြောင်း လာရောက်ပြောဆိုသည့်အပြင် နောက်တစ်ခါ နင်လာရင်တော့ ငါ မြန်မာလိုအားလုံး သိသွားတော့မှာဟု ပြုံးရယ်ကာ ပြောခဲ့ခြင်းကြောင့် ယောဂီမှာ ဝမ်းသာကြည်နူးမိလေတော့သည်။
          ယခုတစ်ခေါက် တရားစခန်းမှ အပြန်တွင် ယောဂီ တစ်ယောက် တရားထူး တရားမြတ်များ ရမလာခဲ့သော် လည်း အဖိုးတန်သော အသိတရားတစ်ခုကို ရရှိခဲ့လေ သည်။ ဤသည်မှာ ယောဂီသည် မြန်မာလူမျိုးဖြစ်ရခြင်း နှင့်အတူ စစ်မှန်သောထေရဝါဒ ထွန်းကားရာ တစ်ခုတည်းသော နိုင်ငံဖြစ်သည့် မြန်မာပြည်တွင် ဆရာ သမားကောင်းတို့၏ လမ်းညွှန်ပြသမှုဖြင့် နိဗ္ဗာန်ရောက် ကြောင်း တရားအားထုတ်ခွင့် ရသူဖြစ်ရာ မိမိမည်မျှ ကုသိုလ်ကံ ကောင်းကြောင်း ယခင်ကထက်ပို၍ သတိ ချပ်မိခြင်းဖြစ်လေသည်။ စစ်မှန်သောတရားကို အလိုရှိ သူတို့သည် ဘာသာစကား၊ ရာသီဥတု၊ အစားအသောက် မတူညီ ကွဲပြားခြားနားသောအရပ်ဒေသတွင် အခက်အခဲ များကို ကြံ့ကြံ့ခံရင်ဆိုင်ကာ အပတ်တကုတ်ကြိုးစား သင်ယူ အားထုတ်လျက်ရှိသော်လည်း ထို အခက်အခဲ များကို တကူးတက ကြုံတွေ့ကျော်ဖြတ်စရာမလိုသော ယောဂီတို့ မြန်မာလူမျိုးများသည် မိမိတို့ လက်တစ်ကမ်း မှာရှိသော၊ လွယ်လင့်တကူ အရယူနိုင်သော အဖိုး မဖြတ်နိုင်သော တရားရတနာ၏ တန်ဖိုးကို အမေ့မေ့ အလျော့လျော့ ဖြစ်လျက် ဂရုမစိုက်ဘဲနေမိကြသည်မှာ လွန်စွာမှ နှာမြောစရာ ကောင်းလှပေသည်။
          ယောဂီသည် ကင်မရာထဲတွင် ရိုက်ထားမိသော  ကျောင်းဝင်းတစ်နေရာရှိ ရေကန်နှင့်ကြာ၊ ကန်စပ်က တဲစုတ်လေးပုံကိုကြည့်ရင်း အတွေးများ ဆက်စပ်သွား မိသည်မှာ ကန်စပ်က စုတ်ချာနေသော တဲငယ်သည် ခေတ်အဆက်ဆက် မင်းဆိုးမင်းညံ့တို့ လက်ထက် ကျဆင်းခဲ့၍ အဘက်ဘက်မှ ချို့တဲ့ဆင်းရဲ နုံချာရရှာ သော မြန်မာပြည်နှင့်တူသော်ငြား ရေကန်ထက်က ကြာများသည် တိုင်းပြည်၏ တစ်ခုတည်းသော ချမ်းသာ ဂုဏ်ယူစရာ ထေရဝါဒဓမ္မပန်းကြာများဖြစ်သည်ဟု နှိုင်းယှဉ်ကာ ပီတိပွားလိုက်မိတော့သတည်း။

          အိုဘယ့် ယောဂီ        
          စိတ်ကို တည်ကြည်
          ငြိမ်အောင် သတိ
          ထားကပ်ပါလည်း
          တရားမတက်
          စိတ်မပျက်ဘဲ
          ကြိုစားထုတ်မည်
          နိဗ္ဗာန်ဆီ။
                               ဇွန်မိုးစက်

No comments: