လူတို့၏အမူအကျင့်များနှင့်ပတ်သက်၍
ဖြစ်နိုင်တာနှင့်
မဖြစ်နိုင်တာ
နောက်တစ်ခု ဖြစ်နိုင်တာနဲ့
မဖြစ်နိုင်တာက ဘာလဲ။ လောကလူတွေမှာ လူတွေရဲ့စရိုက် ဆိုတာ ရှိ တယ်။ စရိုက်ဆိုတာ
သူတို့ရဲ့အမူအကျင့်တွေကိုပြောတာ။ အမူအကျင့်ဟာ ကောင်းတဲ့အမူအကျင့်ရှိတယ်၊
ဆိုးတဲ့အမူအကျင့်ရှိတယ်။ ကောင်းတဲ့အမူအကျင့်ကို သုစရိုက်လို့ ခေါ်တယ်၊ မကောင်းတဲ့
အမူအကျင့်၊ ဆိုးတဲ့အမူအကျင့်ကို ဒုစရိုက်လို့ ခေါ်တယ်ပေါ့။ ပါဠိ စာပေက သုစရိတ၊
ဒုစ္စရိတ-ကောင်းစွာကျင့်အပ်တဲ့ အကျင့်၊ မကောင်းသဖြင့် ကျင့်အပ်တဲ့ အကျင့်၊ မှန်
မှန်ကန်ကန် ကျင့်တဲ့အကျင့်၊ မှားမှားယွင်းယွင်းကျင့် တဲ့ အကျင့်လို့ ဆိုတယ်။
သုစရိုက်၊ ဒုစရိုက်ဆိုပြီး ဒီ လို ခွဲထားတယ်။
ထို သုစရိုက်၊ ဒုစရိုက် ခွဲခြားတဲ့အခါ
စိတ်ထဲက ကြံတွေးတဲ့ သုစရိုက်ရှိတယ်၊ စိတ်ထဲက ကြံတွေးတဲ့ ဒုစရိုက် ရှိတယ်။ နှုတ်က
ပြောတဲ့ သုစရိုက် ရှိတယ်၊ နှုတ်ကပြောတဲ့ ဒုစရိုက်ရှိတယ်။ ကိုယ်ထိလက်ရောက် လုပ်တဲ့
သုစရိုက်ရှိတယ်၊ ကိုယ်ထိလက်ရောက်လုပ် တဲ့ ဒုစရိုက်ရှိတယ်။ လူတွေမှာ “စိတ်က
တွေးတယ်၊ နှုတ်က ပြောတယ်၊ ကိုယ်ထိလက်ရောက် လုပ်တယ်”ဆိုတဲ့ အလုပ်နဲ့ပတ်သက်ပြီးတော့
အဲဒီလို သုံးမျိုးခွဲပြီးတော့ အကောင်းအဆိုးကိုခွဲကြည့်ပါ။အဲဒီလိုအကောင်း အဆိုးကို
ခွဲကြည့်ပြီး ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ဆင်ခြင်စဉ်းစားရမှာ။
ဆိုပါစို့ - မနောဒုစရိုက် တဲ့၊
ဘယ်ဟာတွေကို မနောဒုစရိုက် ခေါ်တာတုံးဆိုရင် အဘိဇ္ဈာ - သူ များပစ္စည်းကို
ကိုယ့်ပစ္စည်းဖြစ်ဖို့အတွက် ကြံတွေးတဲ့ လောဘ၊ ဒါ စိတ်ထဲမှာ ဖြစ်တာနော်။ “ဒီလူ ဒုက္ခ
ရောက်သွားပါစေ၊ အကျိုးမဲ့ဖြစ်သွားပါစေ”လို့ အမုန်း တရားကို ရင်ထဲမှာ ပွားပြီးတော့
လူတစ်ယောက်ရဲ့ ပျက်စီးရာပျက်စီးကြောင်းကို ဒေါသနဲ့ကြံတွေးတာက ဗျာပါဒ၊ ကံ
ကံ၏အကျိုးတရားတွေကို ငြင်းပယ်တာက မိစ္ဆာဒိဋ္ဌိ၊ ကံကို လက်မခံဘူး၊ တမလွန်ဘဝ ဆို တာ
လက်မခံဘူး၊ကုသိုလ်ကံ အကုသိုလ်ကံရဲ့အကျိုး ဆိုတာကို လက်မခံဘူး၊ ငြင်းပယ်တဲ့
မိစ္ဆာဒိဋ္ဌိ။ အဲဒီ ၃-မျိုးကို မနောဒုစရိုက်လို့ ခေါ်တယ်။ စိတ်နဲ့ပြုလုပ်တဲ့
အကျင့်ဆိုးတဲ့။ အဲဒီ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အကျင့်ဆိုးကို မြတ်စွာဘုရားက
အဲဒီအကျင့်ဆိုးရဲ့ လိုချင်စရာ၊ နှစ်သက်စရာ၊မြတ်နိုးစရာကောင်းတဲ့ အကျိုး တရားဆိုတာ
မဖြစ်နိုင်ဘူးတဲ့။
ဆိုလိုတာက “ဒုစရိုက်တရားက ကောင်းကျိုး
ထုတ်လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တာက ဒုစရိုက်တရားက ဆိုးကျိုးကိုသာ
ထုတ်လုပ်တယ်။ အဲ ဒါက ဖြစ်နိုင်တာ”။
လူတစ်ယောက် ဒုစရိုက်တွေ လုပ်ပြီးတော့
ကြီး ပွားတိုးတက်နေတာ ဒုစရိုက်ကြောင့် ကြီးပွားတိုးတက် လို့ လူတွေက
ထင်ကောင်းထင်လိမ့်မယ်။.
ဒါ ဒုစရိုက်ကြောင့် ကြီးပွားနေတာ
မဟုတ်ဘူး အတိတ်ဘဝက သူ လုပ်ခဲ့တဲ့ ကုသိုလ်ကံက အကျိုး ပေးနေတာ။ ကုသိုလ်ကံရဲ့
အကျိုးကို ခံစားရတာ။ လုံ့လဝီရိယရဲ့အကျိုးကိုခံစားရတာ။ ဒုစရိုက်က ဘယ်တော့မှ
ကောင်းကျိုးချမ်းသာ မပေးနိုင်ဘူး။ အဲဒါ ကြောင့်မို့ ဒုစရိုက်ရဲ့ဆိုးကျိုးဆိုတာပဲ
ဖြစ်နိုင်တယ်။ ဒုစရိုက်ရဲ့ကောင်းကျိုးဆိုတာ မဖြစ်နိုင်ဘူးတဲ့။
“ဖြစ်နိုင်တယ် - မဖြစ်နိုင်ဘူး” ဆိုတာ
လုံးဝ သေချာပေါက်ပြောတဲ့ စကား။ “ဖြစ်ချင် ဖြစ်မယ် - မဖြစ်ချင် မဖြစ်ဘူး”လို့
ပြောတာမဟုတ်ဘူး။ ဖြစ်နိုင် တာနဲ့ မဖြစ်နိုင်ဘူးလို့ ပြောတာ။ မဖြစ်နိုင်ဘူးဆိုတာက impossible
ဖြစ်နိုင်တယ်ဆိုတာက possible။
ကောင်းပြီ။ စိတ်နဲ့ ပတ်သက်ပြီးတော့
အကျင့် ကောင်းဆိုတာ ဘာလဲ။ သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်အောင် ဘယ်တော့မှ
လောဘနဲ့ မကြံတွေးဘူး။ ဒီလိုကြံတွေးမှုမှ ရှောင်တယ် - အနဘိဇ္ဈာ။ အမုန်းတရားကို
အခြေခံပြီးတော့ သူတစ်ပါး ပျက်လိုပျက်စီး ]ဒီလူ ဒုက္ခရောက်ပါစေ}ဆိုတဲ့အတွေးမျိုး
ဘယ်တော့ မှ မတွေးဘူး။ “ကောင်းကျိုးချမ်းသာတွေ ဖြစ်ပါစေ” ဆိုတဲ့ အတွေးမျိုးပဲ
တွေးတယ်-အဗျာပါဒ။ ကံ ကံ၏ အကျိုးကို ယုံကြည်တယ်၊ လက်ခံတယ်-သမ္မာဒိဋ္ဌိ။
အဲဒီသုံးမျိုးကို မနောသုစရိုက်လို့ ခေါ်တယ်။ စိတ်ထဲမှာ ဖြစ်တဲ့ အကျင့်ကောင်း သုံးမျိုးလို့ခေါ်တယ်။
အဲဒီ စိတ်ထဲမှာဖြစ်တဲ့ အကျင့်ကောင်း
သုံးမျိုး ဟာ ဆိုးကျိုးပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကောင်း ကျိုးပေးတယ်ဆိုတာသာ
ဖြစ်နိုင်တယ်။ သူတို့ရဲ့ဆိုး ကျိုးဟာ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ကောင်းကျိုးသာ ဖြစ်
နိုင်တယ်။ ဒါလည်း ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာ။
ထို့အတူပဲ နှုတ်နဲ့ပတ်သက်ပြီးတော့
အကျင့်ဆိုး, နှုတ်နဲ့ပတ်သက်ပြီးတော့ အကျင့်ကောင်း၊ နှုတ်နဲ့ပတ် သက်တဲ့
အကျင့်ဆိုးဆိုတာ လိမ်ပြောတယ်ç တစ်ဦးနဲ့ တစ်ဦး မတည့်အောင် ကုန်းတိုက်တယ်, ဆဲတယ်,
အကျိုးမရှိတဲ့စကားတွေကို ပြောတယ်။ အဲဒါကို ဝစီဒုစရိုက်လို့ ခေါ်တာပဲ။ အဲဒီ “ဝစီဒုစရိုက်က
ကောင်း ကျိုးချမ်းသာပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ မကောင်း ကျိုးပေးတယ် ဆိုတာသာ
ဖြစ်နိုင်တယ်။”
ဆိုလိုတာက ဝစီဒုစရိုက်ရဲ့အကျိုးဟာ
အဆိုးပဲ ဖြစ်ရမယ်။ အကောင်း ဘယ်တော့မှမလာဘူးလို့ ဒီလို ပြောတာ။
နှုတ်နဲ့ပတ်သက်တဲ့အကျင့်ကောင်းကတော့
လိမ်မပြောဘူး။ မှန်တာပဲ ပြောတယ်။ ကုန်းမတိုက်ဘူး။ ညီညွတ်အောင် စေ့စပ်ပေးတယ်။
မဆဲဘူး။ ယဉ်ကျေးတဲ့စကားနဲ့ပြောတယ်။ အကျိုးမရှိတဲ့စကားတွေ မပြော ဘူး၊
အကျိုးရှိတဲ့စကားတွေ ပြောတယ်။ ဒါ နှုတ်နဲ့ ပတ်သက်တဲ့ အကျင့်ကောင်း။ အဲဒီ
“နှုတ်နဲ့ပတ်သက်တဲ့ အကျင့်ကောင်းရဲ့မကောင်းကျိုးဆိုတာ မဖြစ်နိုင်ဘူးတဲ့။ နှုတ်နဲ့ပတ်သက်တဲ့
အကျင့်ကောင်းရဲ့အကျိုးဟာ ကောင်းကျိုးသာ ဖြစ်နိုင်တယ်”တဲ့။ ဒါလည်း ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို
မြတ်စွာဘုရား ဟောထားတာ။
နောက်တစ်ခုက ကိုယ်ထိလက်ရောက် လုပ်တဲ့
အကျင့်ကောင်းနဲ့ အကျင့်ဆိုး။ အကျင့်ဆိုးဆိုတာ ဘာ လဲ။ သတ္တဝါတွေရဲ့အသက်ကို
ကိုယ်ထိလက်ရောက် သတ်တယ်၊ သူများပစ္စည်းကို မတရားသဖြင့် ကိုယ် ထိလက်ရောက်ယူတယ်၊
သူတစ်ပါးသားမယား မကျူးလွန်ရမယ့် ပုဂ္ဂိုလ်တွေနဲ့ကျူးလွန်တယ်၊ ကာမဂုဏ်နဲ့
ပတ်သက်ပြီးတော့ ဖောက်ပြန်တယ်၊ ဒါကို အကျင့်ဆိုးလို့ ပြောတယ်။
အဲဒီနေရာမှာ ကာမေသုမိစ္ဆာစာရ လို့
လူတွေ ပြောလေ့ရှိကြတယ်။ အမျိုးသားတွေမှာ မိစ္ဆာစာရ ဖြစ် ဖို့အတွက် အမျိုးသမီး (၂၀)
ရှိတယ်။အမျိုးသမီး (၂၀) ကို ကျမ်းဂန်တွေက ဘယ်လိုပြောလဲ၊ အမျိုးအစားခွဲ
ကြည့်ရအောင်။ ဝိသုဒ္ဓါရုံဆရာတော်ကြီးက အကျဉ်းချုပ် လင်္ကာကလေး လုပ်ထားတယ်။ “မာ,ပိ၊
မာပိ၊ ဘနဲ့ဘာ၊ ဥာ, ဂေါ, ဓံ, သ, သာ”တဲ့။ အမျိုးသမီး ၁၀-ယောက်။ မာ ဆိုတာ
မာတုရက္ခိတ-အမေရဲ့ အုပ်ထိန်းမှုအောက်မှာရှိတဲ့ အမျိုးသမီး။ ပိ ဆိုတာ ပိတုရက္ခိတ-အဖေရဲ့စောင့်ရှောက်မှုအောက်မှာ
ရှိတဲ့ အမျိုးသမီး။ အဲဒါတွေနဲ့ကျူးလွန်လို့ရှိရင် ကာမေသု မိစ္ဆာစာရ ဖြစ်တယ်။
မာပိ-မာတာပိတုရက္ခိတာ အမေအဖေနှစ်ယောက်စလုံး ထိန်းသိမ်းစောင့်ရှောက် တယ်၊ မိဘအစုံရှိတဲ့
အမျိုးသမီး၊ တစ်ခါတလေကျတော့ အမေသာ ရှိတယ်၊ အဖေ မရှိဘူး၊ အဖေသာ ရှိတယ်၊ အမေ
မရှိဘူး။ ဘနဲ့ဘာ-ဘဂိနိရက္ခိတာ၊ ဘာတုရက္ခိတာ အစ်ကိုတွေ မောင်တွေရဲ့ထိန်းသိမ်း
စောင့်ရှောက်ခံရတာ၊ အစ်မ, ညီမတွေရဲ့ ထိန်းသိမ်း
စောင့်ရှောက်မှုအောက်မှာရှိတာ၊ ဥာ-ဥာတိရက္ခိတာ-အမေ အဖေ ညီအစ်ကိုမောင်နှမတွေ
မရှိဘူးဆိုရင် ဆွေမျိုးတွေက ထိန်းသိမ်း စောင့်ရှောက်တဲ့ အမျိုးသမီး။
ဂေါ-ဂေါတ္တရက္ခိတာ - ဆွေတွေ မျိုးတွေမရှိဘူးဆိုရင် အနွယ်တူတွေက
ထိန်းသိမ်းစောင့်ရှောက်တာ၊ မြန်မာ ပြည်မှာ အနွယ်တူဆိုတာ သိပ်မရှိဘူး။ တခြားလူမျိုး
တွေမှာတေျာ့ငမညောနလို့ခေါ် တဲ့ အမည်တွေ ရှိတယ်။ မျိုးရိုးပေါ့။ မျိုးရိုးကနေပြီး
အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်တာ။ ဓံ-ဓမ္မ ရက္ဓိတာ - တရားကျင့်ဖော်တွေက
ထိန်းသိမ်းစောင့်ရှောက်တဲ့ အမျိုးသမီး။
နောက်ဆယ်ယောက်က လက်ထပ်ထားတဲ့ အမျိုးသမီးတွေကို
ပြောတာ။ လင်ရှိမယားကို ပြောတာ။ နောက်ပြီးတော့ ဒီအမျိုးသမီးနဲ့ မကျူးလွန်ရဘူးလို့ ဥပဒေဒဏ်
ချမှတ်ပြီးတော့ထားတဲ့ အမျိုးသမီး။ အဲဒါမျိုးတွေနဲ့ ဖောက်ပြန်လို့ရှိရင်
ကာမေသုမိစ္ဆာစာရကံ ထိုက်တယ်။
ဓ, ဆန်, ဘော, ပ၊ ဩ, ဩ, ဓ၊ ကမ္မ,ဒါ,
မုဟာ - ဒီအမျိုးသမီးတွေက အကြောင်းတစ်ခုခုနဲ့ အိမ်ထောင်ပြုထားတဲ့ အမျိုးသမီးတွေ။
အဲဒီအမျိုးသမီး တွေက ၁၀-ယောက်။ မိဘ စသည်တို့ရဲ့စောင့်ရှောက် မှုအောက်မှာ ရှိတဲ့
အမျိုးသမီးတွေက ၁၀-ယောက်။ ပေါင်းလိုက်တဲ့အခါ အမျိုးသမီး (၂၀)။ အဲဒီ (၂၀)နဲ့
ဖောက်ပြန်တဲ့ ယောကျာ်းသည် ကာမေသုမိစ္ဆာစာရမှု ကျူးလွန်တာပဲ။ ဒီလိုပြောတာ၊
အသေးစိတ်တော့ မပြော တော့ဘူး။
အဲဒီလို ကာယဒုစရိုက်-ဒီကာယကံနဲ့ပတ်သက်
တဲ့အကျင့်ဆိုး မိမိသန္တာန်မှာရှိပြီဆိုလို့ရှိရင် ထိုအကျင့်
ဆိုးရဲ့ကောင်းကျိုးချမ်းသာ ဆိုတာ မဖြစ်နိုင်ဘူး တဲ့။ ထိုအကျင့်ဆိုးရဲ့ဆိုးကျိုးသာ ဖြစ်နိုင်တယ်တဲ့။
ဖြစ်နိုင် တာနဲ့ မဖြစ်နိုင်တာ။
ဒါဖြင့် ကာယကံနဲ့ ပတ်သက်တဲ့ ကောင်းတဲ့
အကျင့် ကာယသုစရိုက် ဆိုတာ ဘာလဲ ဆိုလို့ရှိရင် ပါဏာတိပါတ က ရှောင်တယ်။ အဒိန္နာဒါန က
ရှောင်တယ်၊ ကာမေသုမိစ္ဆာစာရ က ရှောင်တယ်။ အဲဒီလိုရှောင်ကြဉ်မှုက
ကောင်းကျိုးချမ်းသာကို ဖြစ် ပေါ်စေနိုင်တယ်။ မကောင်းကျိုးပေးတယ်ဆိုတာ မဖြစ်
နိုင်ဘူးတဲ့။
မြတ်စွာဘုရားက ဒုစရိုက် ၁၀-
ပါးနဲ့ပတ်သက် ပြီးတော့ “ကောင်းကျိုး ဆိုးကျိုး ဆိုတာ ဓမ္မနိယာမ၊ လောကနိယာမ
သဘာဝအတိုင်း သတ်မှတ်ထားချက် အတိုင်းပဲ ရှိတယ်”၊ “ပြောင်းလဲ ဖောက်ပြန်ပြီးတော့
ဒုစရိုက်က ကောင်းကျိုးကိုထုတ်လုပ်တယ်၊ သုစရိုက် က ဆိုးကျိုးကို ထုတ်လုပ်တယ်ဆိုတာ
လုံးဝမဖြစ်နိုင် ဘူး”၊ “သုစရိုက်က ကောင်းကျိုးချမ်းသာ ပေးတယ် ဆိုတာ ဖြစ်နိုင်တယ်၊
ဒုစရိုက်က ကောင်းကျိုးချမ်းသာ ပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး”၊ “ဒုစရိုက်က ဆိုးကျိုး
ပေးတယ်ဆိုတာ ဖြစ်နိုင်တယ်၊ သုစရိုက်က ဆိုးကျိုး ပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး”တဲ့။
မြတ်စွာဘုရားက ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ ဒီလိုဟောတယ်။
ပုဂ္ဂိုလ်နဲ့ပတ်သက်၍
ဖြစ်နိုင်တာနှင့်မဖြစ်နိုင်တာ
နောက်တစ်ခုက အခု ပြောခဲ့တဲ့ သုစရိုက်,
ဒုစရိုက် လုပ်တဲ့ ပုဂ္ဂိုလ်၊ ခုနပြောတာက သုစရိုက်ဆိုတဲ့ ကောင်းတဲ့အကျင့်, ဒုစရိုက်ဆိုတဲ့
မကောင်းတဲ့အကျင့်ကို ဓမ္မဓိဋ္ဌာန်အနေနဲ့ပြောတာ။ ပုဂ္ဂလဓိဋ္ဌာန်နဲ့ကြည့်
လိုက်မယ်ဆိုလို့ရှိရင် ဒုစရိုက်အမှုတွေကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ထိုဒုစရိုက်ကို
အကြောင်း ပြုပြီးတော့ ကောင်းရာသုဂတိကိုရောက်တယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့။
သုစရိုက်ကို အကြောင်းပြုပြီးတော့ အပါယ်ငရဲကျတယ် ဆိုတာလည်း မဖြစ်နိုင်ဘူးတဲ့။ ဒုစရိုက်တည်းဟူသော အကြောင်းကြောင့် အပါယ်ငရဲ
ကျတာသာ ဖြစ်နိုင်ပြီးတော့ သုစရိုက်တည်းဟူသော အကြောင်းကြောင့်
ကောင်းရာသုဂတိရောက်တာသာ ဖြစ်နိုင်တယ်လို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က
ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကို ဒီလိုဟောပြောတယ်။
သောတာပန်ပုဂ္ဂိုလ်နှင့်ပတ်သက်၍
ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ
နောက်တစ်ခုက မြတ်စွာဘုရားက
ဖြစ်နိုင်တာ နဲ့ မဖြစ်နိုင်တာ ဒီနှစ်ခုကို ဘာနဲ့ ဆက်စပ်ပြီး ဟော သေးသလဲလို့ဆိုရင်
သောတာပန်ပုဂ္ဂိုလ်နဲ့ ပတ်သက် ပြီး ဟောသေးတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့ပတ်သက် ပြီးတော့
ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ဘုန်းကြီးတို့ တတွေ မှတ်သားရမှာ ဖြစ်တယ်။
ဒိဋ္ဌိသမ္ပန္န လို့ ခေါ်တဲ့ မှန်ကန်တဲ့
အမြင်တစ်ခု ကို ရရှိထားတဲ့ သောတာပန်ပုဂ္ဂိုလ်တစ်ယောက်ဟာ သင်္ခါရတရားကို “နိစ္စ”လို့
ဘယ်တော့မှ မရှုမှတ်တော့ ဘူး။ သင်္ခါရတရားမှန်သမျှကို “နိစ္စ”လို့ ဘယ်တော့မှ မမြင်ဘူး၊
အဲဒီတော့ ဒိဋ္ဌိသမ္ပန္န ပုဂ္ဂိုလ်အနေနဲ့
သောတာပန်ပုဂ္ဂိုလ်အနေနဲ့ သင်္ခါရတရားကို “အနိစ္စ”လို့ ရှုတာသာ ဖြစ်နိုင်တယ်၊
သင်္ခါရတရားကို “နိစ္စ”လို့ ရှုတယ်ဆိုတာ မဖြစ်နိုင်ဘူး။ သောတာပန်ပုဂ္ဂိုလ်ဟာ
သင်္ခါရတရားမှန်သမျှ “အနိစ္စ”လို့ပဲ မြင်တယ်။ “နိစ္စ”လို့ မြင်တယ်ဆိုတာ
မဖြစ်နိုင်ဘူးတဲ့။ ပုထုဇဉ်ပုဂ္ဂိုလ်တစ် ယောက်က သင်္ခါရတရားကို “မြဲတယ်”လို့မြင်တာ
ဖြစ် နိုင်တယ်တဲ့။ ဒါတစ်ခု။
သောတာပန်ပုဂ္ဂိုလ် အနေနဲ့ သင်္ခါရတရားကို
“သုခ”လို့ မြင်တာဟာ မဖြစ်နိုင်ဘူးတဲ့။ ‘ဒုက္ခ”လို့မြင် တာသာ ဖြစ်နိုင်တယ်။
ပုထုဇဉ်ပုဂ္ဂိုလ် တစ်ယောက် အနေနဲ့ကတော့ သင်္ခါရတရားကို “သုခ”လို့ မြင်တာ
ဖြစ်နိုင်တယ်တဲ့။ ဒါလည်း ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ တစ်ခု။
နောက်တစ်ခါ သောတာပန်ပုဂ္ဂိုလ်တစ်ယောက်
အနေနဲ့ သဘာဝတရားတွေကို “အတ္တ”လို့မြင်တာဟာ မဖြစ်နိုင်ဘူး။ ပုထုဇဉ်တစ်ယောက်အနေနဲ့
သဘာဝ တရားတွေကို ]အတ္တ}လို့ယူဆတာ၊ တွေးခေါ်တာ ဖြစ် နိုင်တယ်တဲ့။ ဒါက တစ်ခု။
ဒါတွေကို သိလိုက်လို့ရှိရင်
သောတာပန်ုပုဂ္ဂိုလ်ဟာ ဘယ်လောက်ထိအောင် အသိÓာဏ်ဘက်က ခိုင်မာသွားတယ်ဆိုတာ
ဘုန်းကြီးတို့ ထင်ထင်ရှားရှား သိနိုင်သွားတာပေါ့။ ပုထုဇဉ်ပုဂ္ဂိုလ်တွေက အသိဥာဏ်နဲ့
ပတ်သက်ပြီးတော့ ခိုင်မာမှုမရှိကြဘူးတဲ့။
နောက်တစ်ခုက သောတာပန်ပုဂ္ဂိုလ်တစ်ယောက်
က အမိကို သတ်တယ် ဆိုတဲ့ မာတု ဃာတကကံ ကျူးလွန်တာ မဖြစ်နိုင်ဘူးတဲ့။ ပုထုဇဉ်တစ်ယောက်
ကသာ မာတုဃာတက - အမိကိုသတ်တယ် ဆိုတဲ့ ကံ ကျူးလွန်တာ ဖြစ်နိုင်တယ်တဲ့။
တစ်ဖန် သောတာပန်ပုဂ္ဂိုလ်တစ်ယောက်က အဖ
ကိုသတ်တဲ့ ပိတုဃာတကကံကျူးလွန်တာ မဖြစ်နိုင် ဘူးတဲ့။ ပုထုဇဉ်တစ်ယောက်ကသာ
အဖကိုသတ်တဲ့ ပိတုဃာတကကံ ကျူးလွန်တယ်ဆိုတာ ဖြစ်နိုင်တယ် တဲ့။
နောက်တစ်ဖန် သောတာပန်ဖြစ်ပြီးသား
ပုဂ္ဂိုလ် တစ်ယောက်က ရဟန္တာပုဂ္ဂိုလ်ကို သတ်တယ်ဆိုတဲ့ အရဟန္တဃာတကကံ ကျူးလွန်တာ
မဖြစ်နိုင်ဘူးတဲ့။ ပုထုဇဉ်တစ်ယောက်ကသာ အရဟန္တဃာတကကံ - ရဟန္တာကိုသတ်တယ်ဆိုတဲ့ ကံ
ကျူးလွန်တာ ဖြစ်နိုင် တယ်တဲ့။
သောတာပန်ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့
ပြစ်မှား လိုတဲ့စိတ်နဲ့ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် လုပ်တယ်၊ ဘုရားကို ထိခိုက်ဒဏ်ရာရအောင်လုပ်တယ်
ဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ်တစ်ယောက်အနေနဲ့ ကတော့ ဖြစ်နိုင်တယ်တဲ့။
တစ်ဖန်
သောတာပန်ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သံဃာသင်းခွဲတယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ ပုထုဇဉ်
တစ်ယောက်အနေနဲ့က သံဃာသင်းခွဲမှုဆိုတာ ဖြစ် နိုင်တယ်တဲ့။ ဖြစ်နိုင်တာနဲ့
မဖြစ်နိုင်တာလေးတွေကို မြတ်စွာဘုရားက ရှင်းပြီးတော့ ဒီလိုဟောထားတယ်။
နောက်တစ်ဖန် သောတာပန်ပုဂ္ဂိုလ်တစ်ယောက်
ဟာ ဘဝသံသရာမှာ ၈-ဘဝမြောက်အထိ နေတယ် ဆိုတာ မဖြစ်နိုင်ဘူး တဲ့။ သောတာပန်ဟာ ၇-ဘဝ
ဆိုတာ အလွန်ဆုံးပဲတဲ့။ ၈-ခုမြောက်ဘဝ ဘယ်တော့ မှ သန္ဓေမတည်တော့ဘူး။ ပရိတ်ကြီးထဲမှာလည်း
ပါ တယ် မဟုတ်လား။ “န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ” တဲ့။ ရတနသုတ်မှာ ပါတယ်။
သောတာပန်ပုဂ္ဂိုလ်တစ် ယောက်ဟာ သံသရာထဲမှာ ဘယ်လောက်ပဲ ပမာဒ တရားရဲ့လွှမ်းမိုးမှုကို
ခံနေရပါစေ၊ သံသရာထဲမှာ ၈- ခုမြောက်ဘဝမှာ သန္ဓေတည်တယ်ဆိုတာ မရှိဘူးတဲ့။ ဒါကြောင့်
သောတာပန် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ၈-ခုမြောက်ဘဝကို ရယူတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
ပုထုဇဉ်တစ်ယောက်အနေနဲ့ ၈-ခုမြောက်ဘဝ ဆိုတာ ဖြစ်နိုင်တယ်လို့ ဒီလို ဖြစ်နိုင်တာနဲ့
မဖြစ်နိုင် တာတွေကို မြတ်စွာဘုရား ဟောကြားထားတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင်
သူတော်စင်ပရိသတ် အပေါင်းတို့သည် သံသရာမှာ အလွန့်အလွန် အရေး ပါလှတဲ့
ဝိပဿနာÓာဏ်နဲ့ပတ်သက်ပြီးတော့ သင်္ခါရ တရားတွေကို အနိစ္စ, သင်္ခါရတရားတွေကို ဒုက္ခ,
သဘာဝတရားမှန်သမျှကို အနတ္တ လို့ အခိုင်အမာရှု နိုင်တာဟာ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားမှ
အခိုင် အမာဖြစ်တယ်၊ သောတာပန် မဖြစ်သေးသမျှ “တို့ ဒီဘဝမှာ သင်္ခါရတရားမှန်သမျှ
မမြဲဘူး”လို့ သိနေပေမယ့်လို့ တခြားဘဝရောက်သွားတဲ့အခါ ဒီအသိဟာ ခိုင်မြဲမှာ
မဟုတ်ဘူး။ ဒါကြောင့်မို့ ဒီဘဝမှာပဲ ခိုင်မြဲ အောင်လုပ်ဖို့ လိုအပ်တယ်”လို့
ဒီလိုအသိတရားဝင်ရ မယ်။
သောတာပန် မဖြစ်သေးလို့ရှိရင်
ကျွတ်တန်းဝင် လောက်တဲ့ အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်တောင်မှပဲ အင်မတန်မှကြီးလေးတဲ့ ပြစ်မှုကြီးတွေကို
ကျူးလွန်မိတတ်သေးတယ်။ အင်မတန်ကြီးလေးတဲ့ပြစ်မှုဆိုတာ အာနန္တရိယ ကံ -
သေသည်၏အခြားမဲ့မှာ လုံးဝအကျိုး ပေးမယ့် ကံ။ မြန်မာစာမှာ “ပဉ္စာနန္တရိယ”လို့ ပြောတယ်။
“ပဉ္စ” ဆိုတာ ၅-မျိုး၊ “အာနန္တရိယ” ဆိုတာ သေသည်၏ အခြားမဲ့မှာ
အကျိုးကိုထုတ်လုပ်မယ့်ကံ။
အဲဒါတွေက ဘာတုံးဆိုတော့ မာတုဃာတက
-အမိကို သတ်ြခင်း၊ ပိတုဃာတက-အဖကို သတ် ခြင်း၊ အရဟန္တဃာတက - ရဟန္တာကိုသတ်ခြင်း၊
လောဟိတုပ္ပါဒက-မြတ်စွာဘုရားကို ဒဏ်ရာရစေ၍ သွေးစိမ်းတည်အောင် လုပ်ခြင်း၊ သံဃဘေဒက -
သံဃာသင်းခွဲခြင်းလို့ ဆိုတဲ့ ဒီကံ ၅-မျိုးဟာ အကုသိုလ်ကံတွေထဲမှာ အပြစ်အကြီးဆုံးကံတွေလို့
ဒီလို သတ်မှတ်ထားတယ်ပေါ့။ ဒီထဲမှာ တစ်ခု ထပ်ထည့် လိုက်လို့ရှိရင်
နိယတမိစ္ဆာဒိဋ္ဌိကံကလည်း အပြစ်ကြီး တဲ့ ကံတစ်မျိုးပဲ။
သောတာပန် ဖြစ်သွားလို့ရှိရင် ဒီလောက်
ကြီး လေးတဲ့ ပြစ်မှုကြီးကို မကျူးလွန်တော့ဘူးတဲ့။ ပုထုဇဉ် ဖြစ်နေသေးလို့ရှိရင်
ဒီဘဝမှာ သူတော်ကောင်းဖြစ် ပေမယ့်လည်း နောင်ဘဝကျရင်တော့ ပတ်ဝန်းကျင်ကို
မကျော်လွှားနိုင်သည့်အတွက်ကြောင့် ဒီ အာနန္တ ရိယကံ - ကြီးလေးတဲ့ ကံကြီးတွေကို
ကျူးလွန်မိကောင်း ကျူးလွန်နိုင်လိမ့်ဦးမယ်တဲ့။ ပုထုဇဉ်ဘဝဆို တာ အင်မတန်မှ
အပြစ်ကြီးတယ်။
အဇာတသတ်မင်း
ကြည့်လေ-ဗိမ္မိသာရမင်းကြီးရဲ့သားတော်
အဇာတသတ်မင်း။ အဇာတသတ်မင်းဟာ တိဟိတ် ပဋိသန္ဓေနေလာတာ။ အသိဥာဏ်ရှိတဲ့ပုဂ္ဂိုလ်
တစ်ယောက် ဖြစ်တယ်။ သို့သော် ပါပမိတ္တ လို့ ခေါ်တဲ့ မကောင်းတဲ့ မိတ်ဆွေ-ဒေဝဒတ်တို့လို
မကောင်းတဲ့အတွေးတွေ တွေးပြီး၊ မကောင်းတဲ့အပြောတွေပြော၊ မကောင်းတဲ့ အလုပ်ကို
လုပ်တတ်တဲ့ ပုဂ္ဂိုလ်ကို ဆရာတင်မိတဲ့အခါ ဘာဖြစ်သွားတုန်း။ ပိတုဃာတကကံ အဖသတ်တဲ့
ကြီးလေးတဲ့ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်မိတယ်။ ကျူးလွန်မိသည့်အတွက်ကြောင့် သန္ဓေက
Óာဏ်ပါလာလို့ တိဟိတ်ပုဂ္ဂိုလ် ဖြစ်လင့်ကစား တရားထူးကိုရနိုင်တဲ့ အခြေအနေကောင်းက
ပျက်စီး သွားတယ်။ ဘယ်သူက ဖျက်ဆီးပစ်လိုက်သလဲဆိုရင် သူ ကျူးလွန်လိုက်တဲ့ကံက
ဖျက်ဆီးပစ်လိုက်တယ်။ ရဟန်းဘဝရဲ့လက်တွေ့အကျိုးကို ဖော်ပြတဲ့ သာမည ဖလသုတ်ကို
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းလင်းဟောကြားတဲ့အခါ
ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး အသိÓာဏ်တွေပွင့်လင်းသွား ပေမယ့်လို့ သောတာပန်အဖြစ်
ရောက်မသွားဘူး။
မြတ်စွာဘုရားကိုယ်တိုင်က
အဇာတသတ်မင်းကြီး ထိုနေ့ညက တရားနာပြီး တရားပွဲက ထပြန်သွားတာ နဲ့တစ်ပြိုင်နက်
ရဟန်းတွေကို အမိန့်ရှိတာက -
“ဒီမင်းဟာ ကိုယ့်ကိုယ်ကို
ဖျက်ဆီးလိုက်တာပဲ၊ အကယ်၍သာ သူ့အဖေကိုသတ်ခြင်းလို့ ဆိုတဲ့ ပိတု ဃာတကကံ ကို
မကျူးလွန်ခဲ့ဘူးဆိုရင် ဒီကနေ့ည သူ သောတာပန်ဖြစ်ရမှာ”တဲ့။
ဒါကြောင့် တရားနာပေမယ့်လို့ တရားထူးတရား
မြတ် မရနိုင်တဲ့ပုဂ္ဂိုလ်တွေထဲမှာ ဟောဒီ အာနန္တရိယ ကံ ၅-မျိုးကို
ကျူးလွန်ထားပြီဆိုလို့ရှိရင် တရားထူး တရားမြတ် မရနိုင်တော့ဘူး။ အခြေအနေကောင်းတစ်
ခုဟာ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ပျက်စီးသွားတယ်။ မွေး ရာပါ မဟုတ်ဘူး။
မှားယွင်းချွတ်ချော်မှုကြောင့် ပျက် စီးသွားတယ်။
ဒါကြောင့် သောတာပန် မဖြစ်သေးလို့
ရှိရင် ကိုယ့်ကိုယ်ကို အထင်ကြီးလို့မရဘူး။ ဒီဘဝ သူတော် ကောင်း၊ နောက်ဘဝကျတော့
သူယုတ်မာဖြစ်ချင်ဖြစ် မယ်။ ဘယ်လိုမှ ပြောလို့ မရဘူး။ ဘုရားအလောင်း
တော်ကြီးတွေတောင်မှပဲ မှားယွင်းမှုတွေ အများကြီး ရှိတယ်။
ဇောတိပါလပုဏ္ဏား
ကဿပမြတ်စွာဘုရား လက်ထက်မှာ ဂေါတမ
ဘုရားအလောင်းဟာ ဇောတိပါလ ဆိုတဲ့ ပုဏ္ဏားဖြစ် တယ်။ မြန်မာပြည်က ပုဏ္ဏားလို့ခေါ်တာ၊
တကယ်က ဗြာဟ္မဏ။ အဲဒီဗြာဟ္မဏတွေဟာ ပညာတတ်တွေဆို တော့ သူတို့ကိုယ်သူတို့
သိပ်အထင်ကြီးတယ်၊ မာန ကြီးတယ်၊ ဘယ်သူ့ကိုမှ ဦးညွှတ်ခြင်း၊ လေးစားခြင်း မရှိဘူး။
သို့သော် သူ့မှာ အင်မတန်ရင်းနှီးတဲ့
သူငယ်ချင်း တစ်ယောက်ရှိတယ်။ အဲဒီလူက အိုးလုပ်ငန်းလုပ်စား တယ်။ ဃဋိကာရ ဆိုတဲ့
အိုးထိန်းသည်ကြီး။ အဲဒီ ဃဋိကာရ ဆိုတဲ့ အိုးထိန်းသည်ဟာ မြတ်စွာဘုရားနဲ့ အလွန့်ကို
ရင်းနှီးတဲ့ မိတ်ဆွေကြီး။ ကဿပမြတ်စွာဘုရားနဲ့ ဘယ်လောက်ရင်းနှီးသလဲဆိုရင် အဲဒီ ဃဋိ
ကာရအိုးထိန်းသည်ကြီးက သူ့အိမ်မှာ ထမင်း ဟင်းတွေ ချက်ထားတယ်၊ ချက်ပြီး
သူဘာလုပ်တုံးဆိုရင် ပုစွန်လုံးတွင်းတွေက ကျစ်စာမြေကြီးတွေကို လိုက်ရှာ
စုဆောင်းပြီး အိုးဖုတ်တယ်။ အဲဒီအိုးတွေကို အသင့်ချ ထားတယ်။ လိုချင်တဲ့သူက လာယူ၊
ဆန်ကလေး ပဲကလေး ပေးသွားတယ်။ အဲဒီရတဲ့ ဆန်လေး ပဲလေးတွေနဲ့ မျက်စိနှစ်ကွင်းအလင်းမရတဲ့
မိဘနှစ်ပါးကိုပြုစုနေတာ။ သူကိုယ်တိုင်က အနာဂါမ်ကြီးတဲ့။
တစ်နေ့ကျတော့ ကဿပမြတ်စွာဘုရားက
အိမ်ကြွလာတယ်။ ဃဋိကာရအိုးထိန်းသည်ကြီးက မြေ သွားရှာနေတဲ့အချိန်၊
မြေသွားတူးနေတဲ့အချိန်၊ အိမ်မှာ မျက်မမြင်အဖေနဲ့အမေ ဒီနှစ်ယောက်ပဲ ရှိတယ်။ ဘုရားက
ရောက်လာပြီးတော့ သူ့ကိုခေါ်တယ်။
“ဟေ့ - ဒီအိမ်က ဘဂ္ဂဝ ဆိုတာ ဘယ်သွားလဲ”
တဲ့။ “ဘဂ္ဂဝ”ဆိုတာ အနွယ်နာမည်နဲ့ ခေါ်တာ။
“ဘဂ္ဂဝ ဘယ်သွားတုံး”ဆိုတော့
မိအိုဖအိုတွေက -
“အရှင်ဘုရား ဒကာ မရှိဘူး ဘုရား၊
မြေသွားယူနေတယ်။ အရှင်ဘုရားအတွက် ဆွမ်းတွေ ဟင်းတွေ ထားခဲ့တယ်။ အရှင်ဘုရားဘာသာ
ယူသွားပါ” လို့ဆိုတယ်။ ကဿပဘုရားက အိမ်ပေါ်တက်ပြီးတော့ အိုးခွက်တွေ လှန်လှောပြီး
သပိတ်ထဲထည့်ပြီး ရှိတာတွေ အကုန်ဘုဉ်းပေးသွားသတဲ့။
ဃဋိကာရ အိုးထိန်းသည်ကြီး ပြန်လာတဲ့အခါ
ကြည့်လိုက်တော့ ထမင်းတွေဟင်းတွေ မရှိတော့ဘူး။
“ဘယ်သူ စားသွားတုံး”ဆိုတော့ “မင်းရဲ့ သူငယ်ချင်း ကဿပဘုရား ကြွလာပြီးတော့
ဘုဉ်းပေးသွားလေရဲ့” ဆိုတော့ ဃဋိကာရကြီးက ဝမ်းသာလိုက်တာတဲ့။ ဝမ်းသာကြည်နူးပြီးတော့
၇-ရက်တိတိ ထမင်း မစား ဘူး၊ အမေ အဖေလည်းပဲ ၇-ရက်တိတိ ထမင်း မစားဘဲနဲ့ ဝမ်းသာနေတာ။
ဒီလို အဖြစ်အပျက်မျိုးတွေ တွေ့ကြုံလောက်အောင် အင်မတန်မှ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ပေါ့။
ဃဋိကာရဟာ ဇောတိပါလဆိုတဲ့ ဘုရား အလောင်း ရဲ့ သူငယ်ချင်းပဲ။ ဇောတိပါလက ဘုရားအလောင်း
ဖြစ်ပေမယ့်လို့ ကဿပဘုရားကို အထင်ကြီးခြင်း၊ ကြည်ညိုလေးစားခြင်းမရှိဘူး။
တစ်နေ့ကျတော့ ဃဋိကာရက ဇောတိပါလကို
ခေါ်တယ်။
“သူငယ်ချင်း ဘုရားကျောင်းတော်က
ဒီနားတင်ပဲ၊ သွားရအောင်”ဆိုတော့ ဘာပြောတုံးဆိုတော့-
“ဒီ ခေါင်းတုံးယုတ်တွေဆီ ဘာလို့
သွားမှာတုံး” တဲ့။ သူပြောတဲ့စကားလုံးက “မုဏ္ဍက”တဲ့။ မုဏ္ဍက ဆိုတာ မြန်မာလိုပြန်ရင်
ခေါင်းတုံးယုတ်ပဲ။
“ဘာလို့သွားမှာတုံး၊ မသွားချင်ဘူး”လို့
ငြင်းပယ် တယ်။
ဒါနဲ့ ဃဋိကာရက “ဘုရားကျောင်း
မသွားချင်ရင် တို့ ရေချိုးသွားရအောင်” ဆိုတော့ လိုက်သွားတယ်။ ရေချိုးပြီးတော့
ထပ်ပြီးတော့ ခေါ်ပြန်တယ်။
“သူငယ်ချင်း-ဘုရားကျောင်း သွားရအောင်၊
ဒီ နားလေးပဲ နီးနီးလေး”ဆိုတော့လည်း ခေါ်လို့မရဘူး။ မရတဲ့အခါကျတော့ ပုဆိုးစ
ဆွဲပြီးတော့ ခေါ်တယ်။ ခေါ်တဲ့အခါကျတော့
ရုန်းပြီး မလိုက်ဘူးဘဲ ငြင်းတယ်။ ဃဋိကာရအိုးထိန်းသည်က အင်မတန်မှ ခွန်အားဗလ
ကောင်းတယ်၊ မလိုက် လိုက်အောင် ခေါ်တော့မယ် လို့ သူက ဆုံးဖြတ်ပြီး အဲဒီ
ဇောတိပါလရဲ့သျှောင်ကို ဆွဲကိုင်တယ်။
“သူငယ်ချင်း၊ ဘုရားကျောင်းက ဒီနား
နီးနီးလေး ရယ်။ သွားရအောင်”လို့ ထပ်ခေါ်တယ်။ ဆံပင် ဆွဲ ခေါ်တော့မယ့်ပုံပေါ့။
ဆံပင်ကိုကိုင်တာ။
ဘုရားအလောင်းဆိုတာ စိတ်ကောင်းတော့ အင်မတန်ရှိတယ်။
“ဃဋိကာရလို အောက်တန်းကျတဲ့လူက ငါ့ရဲ့ မွန်မြတ်တဲ့
ဆံပင်ကို ကိုင်တယ်ဆိုတာ ဒီကဿပဘုရား နဲ့တွေ့ဖို့ အလွန်အရေးကြီးလို့
ဖြစ်ကောင်းဖြစ်လိမ့်မယ်”
“သူငယ်ချင်း၊ ငါ့ဆံပင် မကိုင်နဲ့၊
လွှတ်လိုက်။ ငါ ဘုရားကျောင်းလိုက်ခဲ့မယ်”တဲ့။ ဒါ စိတ်ကောင်း ရှိလို့ပေါ့။
မရှိလို့ရှိရင် အဲဒီနားတင် ရန်ဖြစ်မှာပေါ့။
ဒါနဲ့ ကဿပမြတ်စွာဘုရားထံ
လိုက်သွားတယ်။ ဟိုလည်းရောက်ရော ကဿပဘုရားက တရားဟော တယ်၊ တရားနာလည်း ပြီးရော
တရားပွဲက ထçလာ ပြီး ကျောင်းတော်က ဆင်းလာတဲ့အခါ ဇောတိပါလ လုလင်က ဃဋိကာရကို ပြောတယ်။
“သူငယ်ချင်း၊ မင်း ဒီတရားတွေ နာနေပြီးတော့
ဘာလို့ ဘုန်းကြီးမဝတ်တာလဲ”ဆိုတော့ ဃဋိကာရ အိုးထိန်းသည်က ပြောတယ်။
“မင်း မြင်တဲ့အတိုင်းပဲ၊ ငါ့မှာက
မိဘနှစ်ပါးကို ပြုစုနေရတာ၊ ဘယ်မှာ သင်္ကန်းဝတ်လို့ ရမှာလဲ”ဆိုတော့ ဇောတိပါလက
“ဒီလိုတရားမျိုး နာရမှတော့ ငါ လူဘဝမှာ
မနေ တော့ဘူး၊ သင်္ကန်းဝတ်တော့မယ်”ဆိုပြီး ချက်ချင်း
သင်္ကန်းဝတ်သွားတယ်။ဘုရားအလောင်းတွေက အယူ ဝါဒတစ်ခု လက်ခံပြီဆိုရင်
ချက်ချင်းလက်ခံတယ်။ ဒါ ကြောင့် ကဿပဘုရားထံမှာ သင်္ကန်းဝတ်သွားတယ် တဲ့။ ပြောချင်တာကဘာတုံးဆိုတော့
ဘုရားအလောင်းပင် ဖြစ်စေကာမူ ဘုရားနဲ့တွေ့ပေမယ့်လို့ ကြည်ညိုချင်မှ ကြည်ညိုတာ။
ဘာဖြစ်လို့ဒီလိုဖြစ်ရတာတုံးဆိုတော့
ဗြာဟ္မဏ ဆိုတဲ့ အသိုင်းအဝိုင်းမှာ လူဖြစ်သည့်အတွက်ကြောင့် သူတို့ကိုယ်သူတို့
အလွန်မာနကြီးပြီး ဘုရားကို ကြည်ညို လေးစားမှု သဒ္ဓါစိတ်ပျောက်သွားတယ်။
ဒါကြောင့် ဘုန်းကြီးတို့တစ်တွေဟာ
သောတာပန် မဖြစ်သေးသမျှကာလပတ်လုံး ကိုယ့်ကိုယ်ကို အထင် ကြီးစရာအကြောင်း မရှိဘူး
တဲ့။ နောင်ဘဝတစ်ခု ရောက်သွားတဲ့အခါ ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင် သည့်အတွက်ကြောင့်
ဒီဘဝ ဗုဒ္ဓဘာသာဖြစ်ပေမယ့် နောင်ဘဝမှာ ဗုဒ္ဓဘာသာဖြစ်ချင်မှဖြစ်မယ်။ဒါကြောင့်
ကိုယ့်ရဲ့ အသိဥာဏ်ကို ခိုင်မာအောင် ကြိုးစားသင့် တယ်။
“ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ”ဆိုတဲ့
ဒီတရားကို နာ ပြီးတော့ “တို့တစ်တွေဟာ ဒိဋ္ဌိသမ္ပန္န - မှန်ကန်တဲ့ အမြင်ရှိတဲ့ သောတာပန်ပုဂ္ဂိုလ်မျိုး
ဖြစ်အောင် လုပ်ထားမှ သင်္ခါရတရားတွေအပေါ်မှာ “အနိစ္စအမြင်”ဟာ ခိုင်မာမှာ ဖြစ်တယ်။
“ဒုက္ခဆိုတဲ့အမြင်”ဟာ ခိုင်မာမှာ ဖြစ်တယ်။ သဘာဝတရား မှန်သမျှ “အနတ္တ ဆိုတဲ့ အမြင်”ဟာလည်း
ခိုင်မာမှာဖြစ်တယ်။
သောတာပတ္တိမဂ် သောတာပတ္တိဖိုလ် ဆိုတဲ့
ဒီ အသိဥာဏ်မျိုးကို မရသေးသမျှ တို့တစ်တွေဟာ အင်မတန်ကြီးလေးတဲ့
ပြစ်မှုကြီးတွေကိုလည်း ကျူးလွန်မိကောင်း ကျူးလွန်မိကြလိမ့်မယ်။ ပုထုဇဉ်ဘဝဟာ
အလွန်တရာအပြစ်ကြီးလှပါတကားလို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီးတော့ ပုထုဇဉ်ဘဝကို
လွန်မြောက်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် စတဲ့ ထူးခြား တဲ့
အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment