အရေးကြီးသည့်
ဓမ္မာဓိပတိ
ရွှေအိုး
လူ့လောကအတွင်းသို့
လူအဖြစ် ရောက်ရှိလာခဲ့ပြီးနောက် အရွယ်ရောက်လာတဲ့အခါ ဘဝ တစ်သက်တာ
အသက်မွေးဝမ်းကျောင်း ပြုနိုင်ဖို့ရာအတွက် အလုပ်အကိုင်တစ်ခုမဟုတ်တစ်ခု
လုပ်ကြရတော့မှာပါ။ အလုပ်လုပ်ကြတဲ့အခါ လောကကြီးကို မိမိတစ်ဦး တစ်ယောက်တည်းအတွက်
(ငါ့ အတွက်)သာ အသုံးချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းများကို
လုပ်ကိုင်မယ်ဆိုရင် အဲဒီလုပ်ငန်း ပေါ်မှာ ငါ့အတွက်ဆိုတဲ့ နှလုံးသွင်းမှုဟာ
ထာဝရလွှမ်းမိုးသွားတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ငါဆိုတဲ့ ခံယူချက်
လွှမ်းမိုးနေတာနဲ့အမျှ လောက အပေါ်မှာ လေးစားတဲ့စိတ်တွေဟာ ဘယ်လိုနည်းနှင့်မျှ
ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး။ ထူးခြားတာက အဆိုပါ ပုဂ္ဂိုလ်မျိုးဟာ လောကပါလ
လို့ခေါ်တဲ့ လောကကြီးကို ဖရိုဖရဲ ဖြစ်မသွားအောင် စောင့်ရှောက်တတ် တဲ့ ဟိရီနဲ့
ဩတ္တပ္ပတရားနှစ်ပါးကို လည်း အလေးမထားတော့ဘဲ သူ လုပ်ချင်ရာကို ဘာမဆို လုပ်မှာဖြစ်သလို
ဓမ္မ၊ အဓမ္မဆိုတာကို မတွေး သူ့လုပ်ငန်းအောင်မြင်ရေးကိုသာ အဓိကထားတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘုရားရှင်က လုပ်သမျှသော
မိမိတို့လုပ်ငန်းများ အပေါ်မှာ ထားရှိရမယ့် သဘော ထား (၃)မျိုးကို
သွန်သင်ညွှန်ပြတော်မူခဲ့ပါတယ်။
ပထမ သဘောထားကတော့ မိမိရဲ့
ဘဝတစ်လျှောက်လုံး ထိန်းသိမ်း စောင့်ရှောက်လာတဲ့
ဂုဏ်သိက္ခာတွေနဲ့ မိမိရဲ့ မျိုးရိုး စဉ်ဆက် ဂုဏ်သိက္ခာတွေကို လေးစားတဲ့
သဘောထားနဲ့သာ လုပ်ငန်း များကို လုပ်ကိုင်သွားစေဖို့ ဖြစ်ပါတယ်။ အဆိုပါ သဘောထားကို
ပါဠိတော်မှာ အတ္တာဓိပတိလို့ ဖော်ပြပါရှိပါတယ်။ မိမိကိုယ်ကို လေးစားတဲ့
သဘောထားဖြစ်ပါ တယ်။
ဒုတိယ သဘောထားကတော့ ပါဠိတော်လာအရ
လောကာဓိပတိ လို့ဆိုပါတယ်။ လောကာဓိပတိဆိုတာက မိမိနဲ့ပတ်သက်ပြီး မိမိ ပတ်ဝန်းကျင်လောကကို
နစ်နာမှုမရှိ ရအောင် ပတ်ဝန်းကျင်ကို လေးစားတဲ့သဘောထား ဖြစ်ပါတယ်။
တတိယ သဘောထားဖြစ်တဲ့
ဓမ္မာဓိပတိဆိုတဲ့သဘောထားအတွင်းမှာ ဓမ္မဆိုတဲ့ ကျယ်ပြန့်လွန်းလှတဲ့ အနှစ်သာရနဲ့ ဓမ္မသဘော
နိယာမတွေ ပါဝင်နေပါတယ်။ ဓမ္မဆိုတာ သံသရာအတွင်းနဲ့ပတ်သက်နေသလို သံသရာလွန်နဲ့လည်း
ပတ်သက် ဆက်နွှယ်နေပါတယ်။ တကယ်တော့ ဓမ္မဆိုတာ တစ်ဦးချင်းမှသည်
လောကကြီးတစ်ခုလုံးနဲ့ပတ်သက် ဆက်စပ်လျက် ရှိနေတာ ဖြစ်လို့ လောကီပစ္စက္ခ
ငြိမ်းချမ်းသာယာရေးအတွက် ဓမ္မကို စိတ်ရင်း စေတနာမှန်ကန်စွာနဲ့ လေးစား လက်ခံ
လိုက်နာအပ်သလို တမလွန် ငြိမ်းချမ်းသာယာရေးအတွက်လည်း သတ်မှတ်ထားတဲ့ ကိုယ်ကျင့်သိက္ခာ
များ၊ ကုသိုလ်ကောင်းမှုများနဲ့ လူ့ဘဝအတွက် အလေးအနက်ထားရမယ့် ဗုဒ္ဓဘုရားရှင်ရဲ့
ဓမ္မကျင့်စဉ်များကိုလည်း ဂရုဓမ္မဖြင့် လေးစား လိုက်နာကာ ဆောင်ရွက်လုပ်ကိုင် သွားကြဖို့
ဖြစ်ပါတယ်။
ဒါ့အပြင် ဓမ္မအစစ်ဆိုတာ မိမိရဲ့ တဏှာ၊
မိမိရဲ့ မာနနဲ့၊ မိမိရဲ့ ဒိဋ္ဌိတို့ကို ပါးသည်ထက် ပါးအောင် လုပ်ပေးနိုင်တဲ့သဘောကို
ဆောင်တဲ့ ဓမ္မသည်သာလျှင် စစ်မှန်သော ဓမ္မ ဖြစ်ပါတယ်။ မိမိတစ်ဦးတည်းရဲ့ အယူအဆမူဝါဒအရ
အကောင်းဆုံး လို့ သတ်မှတ်ထားရုံမျှနဲ့တော့ ဓမ္မ အစစ် မဖြစ်နိုင်ပါဘူး။ တစ်နည်း
အားဖြင့်ဆိုရရင် ဓမ္မဆိုတာ မိမိရဲ့ တဏှာကြောင့်ဖြစ်လာရတဲ့ အတ္တ၊ မာနကြောင့်
ဖြစ်လာရတဲ့ အတ္တတွေ နဲ့ ဒိဋ္ဌိဖြင့် စွဲလာရတဲ့ အတ္တမှန်သမျှ ကို ပါးနိုင်သမျှ
ပါးစေနိုင်မှသာ စစ်မှန်သော
ဓမ္မလို့ဆိုရမှာ ဖြစ်ပါတယ်။ မိမိဆောင်ရွက်လုပ်ကိုင်မှု မှန်သမျှ အပေါ်မှာ မိမိရဲ့
အတ္တတွေ ပါးနိုင်သမျှ ပါးနေအောင် ထားရှိ ဆောင် ရွက်လုပ်ကိုင်သူဟာ တရားကို လေးစားသူ (သို့မဟုတ်)တရားစစ်
(ဓမ္မအစစ်အမှန်)ကို လေးစား လိုက်နာသူဖြစ်လို့ ထိုသူကို ဓမ္မာဓိပတိ သဘောထားရှိသူလို့
သတ်မှတ်ရမှာ ဖြစ်ပါတယ်။
လုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ရာမှာ
အတ္တာဓိပတိသဘောထား၊ လောကာဓိပတိ သဘောထား နဲ့ နက်ရှိုင်းကျယ်ပြန့်လွန်းလှတဲ့ ဓမ္မာဓိပတိသဘောထား သုံးပါးအား
လက်ကိုင်ထားသင့်တယ်လို့ ဗုဒ္ဓ ဘုရားရှင် သွန်သင်ဆုံးမဟောပြခဲ့ရတာကလည်း အကြောင်းမဲ့
မဟုတ် ပါဘူး။ ဒီလောကကြီးအတွင်းမှာ ဘယ်လုပ်ငန်းကိုပဲ လုပ်လုပ် အကုသိုလ်လုပ်ငန်းများကို
မလုပ်မိ အောင်၊အတ္တစိတ်နည်းပါးစွာဖြင့်သာ အရာရာကို လုပ်ကိုင်ဆောင်ရွက်
သွားတတ်ဖို့ရာနဲ့ မိမိပတ်ဝန်းကျင်နဲ့ လောကကို မိမိဘဝအတွက် အသုံးမချဘဲ မိမိဘဝကိုသာ
လောကအတွက် အသုံးချတတ်အောင် ဘုရားရှင်က
သွန်သင်ညွှန်ပြခဲ့ခြင်းသာ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓ ညွှန်ပြတော်မူခဲ့တဲ့ အထက်ပါလုပ်ငန်းများ
လုပ်ကိုင် ဆောင်ရွက်ကြရာတွင် ထားရှိရမည့် အဓိပတိသုံးပါးကို လက်ကိုင်ထားသူများဟာ
မိမိရဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိများ စွဲနေတဲ့ အတ္တများကို အထိုက် အလျောက် ပါးသွားစေအောင်
ဆောင်ရွက်နေသူများ ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ထိုထိုသော
ပုဂ္ဂိုလ်များဟာ မြတ်စွာ ဘုရားရှင် သွန်သင်တော်မူခဲ့သည့် အဓိပတိသုံးပါးအဝင်အပါ
ဓမ္မာဓိပတိ သဘောထားဖြင့် မိမိ၏ အတ္တများ ပါးသည်ထက်ပါးအောင် ဆောင်ရွက်ခြင်းဖြစ်ကြကာ
တရား ဓမ္မကို လေးစားသူများလို့လည်း ဆိုနိုင်ပါတယ်။ မိမိရဲ့ ဘဝသက်တမ်း တစ်လျှောက်မှာ
ဓမ္မာဓိပတိသဘောထားဖြင့် လုပ် ကိုင်ဆောင်ရွက်ပြုမူခဲ့မှု ရှိçမရှိ ဆိုတာ မိမိတို့
ကွယ်လွန် ခါနီးအချိန်မှာ မိမိပြုခဲ့သောကံများ က မိမိတို့ကို ကံ၊ ကမ္မနိမိတ်၊ ဂတိ
နိမိတ်တို့ ပြလာထင်လာစေတော့မှာ ဖြစ်ပါတယ်။
မိမိပြုလုပ်ခဲ့တဲ့ ကံဟာ ဓမ္မ နိယာမအရ
တူသောအကျိုးကိုသာ ပေးတတ်လေ့ရှိပါတယ်။ ကံကိုလိမ် ညာလို့ မရနိုင်ပါဘူး။
မိမိပြုလုပ်ခဲ့တဲ့ကံက ထူးခြားတဲ့ ဂတိနိမိတ်များကို ကွယ်လွန်ခါနီး ကာလမှာ ထင်ဟပ်ပြတတ်ပုံကို
စုန္ဒလို့ အမည်ရ တဲ့ ဝက်ရောင်းဝက်မွေးစီးပွားရေးသမားရဲ့ ဖြစ်ရပ်နဲ့ ပြန်လည်ထင်ဟပ်ကာ
သာဓကပြလိုပါတယ်။
ရာဇဂြိုဟ်မြို့သား စုန္ဒရဲ့အိမ်ဟာ
ဗုဒ္ဓမြတ်စွာဘုရားရှင် သီတင်း သုံးနေတော်မူရာ ဝေဠုဝန်ကျောင်း တော်နဲ့
သိပ်မဝေးလှပေမယ့် စုန္ဒဟာ ဘုရားရှင်ရှိရာသို့ တစ်ခါတစ်ခေါက်ပင် သူ့ဘဝတစ်သက်တွင်
သွားရောက်ဖူးမြင်ခဲ့ဖူးခြင်း မရှိ ခဲ့သလို ဘုရားရှင်ရဲ့ တပည့်သား
သံဃာတော်များကိုလည်း လမ်းမှာ ရင်ဆိုင်တွေ့လျှင်ပင် မမြင်ယောင် ပြုရုံမက ဆွမ်းအစရှိသည့်
အရာများဖြင့် ပေးလှူဒါန်းမှုကိုလည်း သူ့ဘဝ တစ်သက်တာမှာ တစ်ကြိမ်တစ်ခါမျှ ပြုခဲ့ဖူးလေ့မရှိသူ
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ စုန္ဒဟာ သူ့ဘဝတစ်သက်တာမှာ ပေးကမ်း လှူဒါန်း တယ်ဆိုတာ
မရှိခဲ့သလို သီလကို မဆောက်တည်ရုံမက တရားဘာဝနာ ပွားများခြင်းကိုလည်း လုံးဝမပြုလုပ်ခဲ့လင့်ကစား
ဝက်များကို ဝယ်ယူမွေးမြူကာ ရက်စက်စွာ သတ်ဖြတ်ရောင်းချမှု များကိုတော့ စိတ်အားထက်သန်
အားမာန်အပြည့်ဖြင့် ပြုလုပ်ခဲ့ပါတယ်။ တကယ်တော့ စုန္ဒဟာ ကိုယ်ကျင့်တရား တည်ဆောက်ရေးအတွက်
ဘာသာရေးကို စိတ်ဝင်စား မှုမရှိသူ ဖြစ်သလို မိမိရဲ့အနီး ပတ်ဝန်းကျင်ကို ခင်မင်ငဲ့ညှာ
ထောက်ထားစာနာ ရကောင်းမှန်း မသိ၊ သူလုပ်ချင်ရာကိုသာ အမှန် အမှား မခွဲခြားဘဲ
ဇွတ်တရွတ်လုပ်တတ်သူ (သို့မဟုတ်) လူမဟုတ်တဲ့ လူလို့သာ ဆိုရမှာဖြစ်ပါတယ်။ အခုလို
ဆိုရတာကလည်း စုန္ဒရဲ့ ရက်စက်တဲ့ဝက်သတ်နည်းကြောင့်သာ ဖြစ်ပါတယ်။
စုန္ဒဟာ တိုင်မှာ မလှုပ်နိုင်အောင်
ချည်နှောင်တုပ်ထားတဲ့ ဝက် တွေကို အရေပြားနဲ့အသားတွေ ဖူး ရောင်လာအောင် တင်းပုတ်နဲ့
ထုပြီးမှ ဟနေတဲ့ပါးစပ်ကို တုတ်ဖြင့် ထောက်ထားကာ ကျိုက်ကျိုက်ဆူ ပွက်နေတဲ့
ရေနွေးပူပူတွေကိုလောင်းထည့်ပါတယ်။ ဝက်တွေရဲ့ အူအတွင်းမှ အရည်ဖြူများ ကျဆင်းလာချိန်
မှာတော့ ဝက်များဟာ စူးစူးဝါးဝါး အော်ဟစ်ရုန်းကန်ရင်း သေကြရပါ တယ်။ စုန္ဒဟာ
သူအသက်ရှင်နေခဲ့ တဲ့ (၅၅) နှစ်တာဟာ ဒီနည်းနဲ့သာ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။
စုန္ဒရဲ့ အဓမ္မလုပ်ရပ်များကို ဓမ္မက
အဓိပတိအဖြစ် အုပ်စိုးလွှမ်းမိုးလာတဲ့အခါမှာတော့ ကိုယ်ကျင့်တရားလည်းမရှိ၊
ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက် စာနာမှုမရှိခဲ့တဲ့ စုန္ဒဟာ သူလုပ်ခဲ့သမျှကံများက
မကျန်းမမာ ဖြစ်လို့ ကွယ်လွန်ရတော့မယ့် စုန္ဒကို နိမိတ်တွေ ထင်လာ ပြလာပါ
တော့တယ်။ကျိုက်ကျိုက်ဆူ ပူလောင်နေတဲ့ ရေနွေးရဲ့ ပူလောင်ခြင်းရဲ့ ဒဏ်ကို
ဝက်များခံစားရသလို စုန္ဒလည်း လူ့ဘဝ၌ပင် ခန္ဓာကိုယ်တွင်းမှ ငရဲမီးတစ်မျှပူလောင်ခြင်း
အမျိုးမျိုးကို အလိုလိုခံစားကာ အော်ဟစ်ရုန်းကန်မှုများဖြင့် ခုနစ်ရက်ခံစားရကာ
ကွယ်လွန်ခဲ့ရပြီး နောက် အဝီစိငရဲသို့ ကျရောက်ခဲ့ရ ပါတော့တယ်လို့ ပါဠိတော်လာရှိပါတယ်။
ဝက်မွေး ဝက်ရောင်းဝက်သတ် ပြိုင်စံရှား
စုန္ဒရဲ့လုပ်ငန်း ဆောင်ရွက် ရာမှာ မြတ်စွာဘုရားရှင် သွန်သင် ဟောကြားတော်မူထားခဲ့တဲ့
လုပ်ငန်းဆောင်ရွက်သည့်အခါ နှလုံးသွင်းထားရှိရမယ့် အတ္တာ ဓိပတိ၊ လောကဓိပတိနဲ့ သံသရာတွင်းနှင့်
သံသရာလွန်ဘဝတို့ အတွက် အရေးကြီးတဲ့ ဓမ္မာဓိပတိ ဆိုတဲ့ နှလုံးသွင်းမှု သဘောထားများ
လားလားမျှ မပါဝင်တာကို လေ့လာ သုံးသပ် တွေ့ရှိကြရမှာပါ။ တကယ်တော့ စုန္ဒဟာ လောကကို မိမိဘဝ
(ငါ့အတွက်သာ) အတွက်သာ အသုံးချသွားခဲ့တဲ့ မကောင်း သော နှလုံးသွင်းမှုရှိသူသာ ဖြစ်ပါ
တယ်။ တစ်နည်း ပြောရရင် စုန္ဒဟာ လူဆိုတဲ့မိမိသိက္ခာကို မိမိမလေးစားတဲ့အပြင် မိမိ
ပတ်ဝန်းကျင်ကို လည်း လေးစားမှု မရှိခဲ့ရုံမက ပစ္စက္ခ ငြိမ်းချမ်း သာယာရေးနဲ့ တမလွန်
ငြိမ်းချမ်းသာယာရေးအတွက် သတ်မှတ်ထားတဲ့ ကိုယ်ကျင့်သိက္ခာ များ၊ပြုလုပ်ရမည့်
ကုသိုလ်ကောင်းမှု များနှင့်တကွ အားထုတ်ပွားများရမည့် တရားဓမ္မ ကျင့်စဉ်ဘာဝနာ များကို
ဘာတစ်ခုမျှ လိုက်နာ လေ့ကျင့် ပွားများ အားထုတ်ခြင်း အလျဉ်းမရှိခဲ့လို့ စုန္ဒကို
ဘာသာမဲ့ တစ်ယောက်အဖြစ် သတ်မှတ်ကာ ဓမ္မာဓိပတိသဘောထားအား နှလုံး မသွင်းသူအဖြစ်
သုံးသပ်ရှုမြင် နိုင်ကြပါတယ်။
ဓမ္မာဓိပတိ နှလုံးသွင်းမှုမရှိဘဲ
မိမိတစ်ဦးတည်း ကောင်းကျိုးချမ်းသာရေးကိုသာ တစ်သက်တာ ပတ်လုံး
ဆောင်ရွက်လုပ်ကိုင်သွားတဲ့ စုန္ဒရဲ့ အကုသိုလ်ကံ အကျိုးပေးပုံကို အကြောင်းပြုကာ
မြတ်စွာဘုရားရှင်က ....
“မကောင်းမှု ပြုသူသည် ဤ ပစ္စုပ္ပန်ဘဝ၌လည်း
စိုးရိမ်ပူပန်ရ၏။ နောင်တမလွန်ဘဝ၌လည်း စိုးရိမ် ပူပန်ရ၏။ ပစ္စုပ္ပန် တမလွန်
နှစ်ဘဝလုံး၌ စိုးရိမ်ပူပန်ရ၏”
“ထိုသူသည် မိမိ၏ ညစ်ညူးသော
အကုသိုလ်ကံကြမ္မာကို မြင်၍ စိုးရိမ်ပူပန်ရ၏။ စိုးရိမ်ပူပန်ရသည် နှင့်အမျှ ပင်ပန်းရ၏”
လို့ အဓိပ္ပာယ် ပါတဲ့ ဂါထာနှစ်ပုဒ်ကို ဟောကြား တော်မူခဲ့ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ ပစ္စုပ္ပန် တမလွန်
နှစ်ဘဝမှာ စိုးရိမ်ပူပန် ကြောင့်ကြမှုများစွာဖြင့် ပင်ပန်းခြင်း ဖြစ်မလာရအောင်
ဘာကိုပဲ ဆောင်ရွက်ကြသည်ဖြစ်စေ ဓမ္မာဓိပတိ သဘောထားကို နှလုံးသွင်းကာ
ဆောင်ရွက်နိုင်ကြပါစေ။
ရွှေအိုး
No comments:
Post a Comment