တံလျှပ် ကမ္မဋ္ဌာန်းကို ရှုသောရဟန်း
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌
မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် ကာလက ဖြစ်သည်။သာဝတ္ထိပြည်၌
အမျိုးကောင်းသားတစ်ယောက် ရှိ၏။ သူသည် ပါရမီရှင် ဖြစ်၏။ ပါရမီရှင် ဖြစ်သော်လည်း
အမျိုးအမည်အားဖြင့် သာသနာ့မှတ်တမ်း၌ မထင်ရှားခဲ့။ အညတရအနေဖြင့်သာ
မှတ်တမ်းတင်ခြင်းကို ခံခဲ့ရ၏။ သူသည် ပါရမီများကို ဖြည့်ကျင့်စဉ်ကပင် အညတရဘဝကို
မြတ်နိုးခဲ့ဟန် ရှိ၏။ ထို့ကြောင့်လည်း အညတရ ဘဝဖြင့်ပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ
အရဟတ္တဖိုလ်ကို ရ၍ အညတရဘဝဖြင့်ပင် ပရိနိဗ္ဗာန်ကို ပြုတော်မူခြင်း ဖြစ်၏။
နုစဉ်ကာလ ပါရမီတော်များကို ဖြည့်ကျင့်စဉ်
ဘဝများက မည်သူမဆို ပုထုဇဉ်တို့၏ ဓမ္မတာအရ တောင့်တခြင်းများသည် သုံးမျိုး ရှိတတ်ကြ၏။
ထို သုံးမျိုးတွင် ပထမတစ်မျိုးမှာ လာဘ ဖြစ်၏။ ဒုတိယ တစ်မျိုးမှာ သက္ကာရ ဖြစ်၏။
တတိယတစ်မျိုးမှာ သိလောက ဖြစ်၏။ လာဘ ဟူသည်မှာ ပစ္စည်းဥစ္စာများ ဖြစ်၏။ လူဟူသည်
ပစ္စည်းဥစ္စာများနှင့် ပြည့်စုံချင်၏။ ထို့ကြောင့် လူသည် ပစ္စည်းဥစ္စာများနှင့် ပြည့်စုံဖို့ တောင့်တ၏။
ရအောင် အားထုတ်၏။ ရအောင် အားထုတ်ရာတွင် တရားသဖြင့် ရအောင် အားထုတ် သည်လည်း ရှိ၏။
မရလျှင် ရသည့်နည်းဖြင့် အတင်း အဓမ္မ ရအောင် အားထုတ်သည်လည်း ရှိ၏။ သို့ရာတွင်
ပါရမီသဘော သက်ရောက်အောင် အားထုတ်ရာ၌ကား တရားသဖြင့် ရအောင် အားထုတ်ခြင်းမျိုးသာ
ဖြစ်၏။ အမှန်အားဖြင့် ဤလောကတွင် ပစ္စည်းဥစ္စာများကို မရလျှင် ရသည့်နည်းဖြင့်
အတင်းအဓမ္မ ရအောင် အားထုတ်ခြင်းများက များပါ၏။ သို့ဖြစ်၍လည်း ပစ္စည်းဥစ္စာများနှင့်
ပတ်သက်၍ ပါရမီရှိသူ နည်းပါးခြင်း ဖြစ်ဟန် ရှိလေ၏။ ဤသည်မှာ လာဘနှင့် ပတ်သက်သော
တောင့်တခြင်း ဖြစ်၏။ လာဘ၏ ဆွဲဆောင်မှုကို တွန်းလှန်နိုင်သူများသည် ဤလောက၌ ရှာမှ
ရှားလေ၏။
ရှာမှ ရှားထဲကပင် လာဘ၏ ဆွဲဆောင်မှုကို
တွန်းလှန်နိုင်သူများလည်း ရှိကြပါ၏။ ထိုသူတို့ကား ပစ္စည်းဥစ္စာများကို
အရေးမစိုက်ကြသော်လည်း ရာထူးဌာနန္တရများကို အရေးစိုက်ကြလေ၏။ ရာထူး ဌာနန္တရများကို
သက္ကာရဟူ၍ ဆိုရ၏။ အမှန်အားဖြင့် ရာထူးဌာနန္တရများဖြင့် ဆွဲဆောင်ခြင်းကို
တွန်းလှန်နိုင် သူများသည်လည်း ရှာမှရှားပင် ဖြစ်ပါ၏။ ထို့ကြောင့်ပင် ဤလောက၌
ရာထူးဌာနန္တရများ၏ အရှိန်အဝါ ကြီးမား
နေခြင်း ဖြစ်ဟန် ရှိပါ၏။ သို့ရာတွင် တရားသဖြင့် ရာထူးဌာနန္တရများကို ရအောင်
အားထုတ်ခြင်းဖြင့် ပါရမီ သဘောကို ရအောင် ယူနိုင်သော်လည်း မတရားသဖြင့်
ရာထူးဌာနန္တရများကို ရအောင် အားထုတ်ခြင်းဖြင့်ကား ပါရမီသဘောကို ရအောင်
ယူနိုင်ဖို့လမ်း မရှိပါချေ။ ပါရမီသဘောကို ရောက်သည်ဖြစ်စေ၊ မရောက်သည် ဖြစ်စေ
ရာထူးဌာနန္တရများကို မရလျှင် ရသည့်နည်းဖြင့် ရအောင် အားထုတ်ခြင်းသည် ဤလောက၌
နေရာအနှံ့ ရှိလေ၏။ “ငါ”က အနစ်နာခံပြီး လုပ်ခဲ့တာ၊ ရခြင်း ရလျှင် “ငါ”သာ ရသင့်တယ်
ဟူသော ခံယူချက်ဖြင့် အတင်းအဓမ္မ ရယူခြင်းမျိုးသည်လည်း ပါရမီထိုက်သော ရယူခြင်းမျိုး
မဟုတ်။
အချို့သူတို့ကား ပစ္စည်းဥစ္စာများကိုလည်း
မမက်မော၊ ရာထူးဌာနန္တရများကိုလည်း မမက်မော။ ထိုသူမျိုးလည်း ဤလောက၌ ရှိသည်ပင်
ဖြစ်ပါ၏။ သို့ရာတွင် ထိုသူမျိုးသည် ထင်ပေါ်ကျော်ကြားမှုများကိုမူ မက်မောလေ၏။ ဘွဲ့ထူး
ဂုဏ်ထူးများကို မက်မောလေ၏။ ထင်ပေါ်ကျော်ကြားမှုများနှင့် ဘွဲ့ထူး ဂုဏ်ထူးများကို
ပါဠိဝေါဟာရအားဖြင့် ဆိုရလျှင် သိလောကဟု ဆိုရ၏။ သိလောက၏ အနက်မှာ ထင်ပေါ်ကျော်ကြားမှု
ဖြစ်၏။ ထို့ကြောင့် ဘွဲ့ထူး ဂုဏ်ထူးများကိုလည်း သိလောက၌ ထည့်သွင်းရေတွက်ခြင်း
ဖြစ်၏။ အမှန်အားဖြင့် ထင်ပေါ်ကျော်ကြားမှုကို ဖြစ်စေ၊ ရာထူး ဂုဏ်ထူးများကို ဖြစ်စေ
တရားသဖြင့် ရအောင် အားထုတ်ခြင်းသည် ပါရမီသဘော သက်ရောက်ခွင့် ရှိပါသော်လည်း
မတရားသဖြင့် ရအောင် အားထုတ်ခြင်းကား ပါရမီသဘော သက်ရောက်ခွင့် မရှိ၊ ပါရမီသဘော
သက်ရောက်သည် ဖြစ်စေ၊ ပါရမီသဘော မသက်ရောက်သည် ဖြစ်စေ ထင်ပေါ်ကျော်ကြားမှုများနှင့်
ဘွဲ့ထူး ဂုဏ်ထူးများကို ရအောင် အားထုတ်ခြင်းကား ဤလောက၌ ရှိသည်ပင် ဖြစ်ပါ၏။
သာဝတ္ထိပြည်ဖွား အညတရ အမျိုးကောင်းသားသည်
နုစဉ်ဘဝ ပါရမီများကို ဖြည့်စဉ်ကာလက သူ၏ဆန္ဒအတိုင်းပင် အဂ္ဂသာဝက ဖြစ်ဖို့လည်း
မမျှော်မှန်းခဲ့၊ မဟာသာဝကဖြစ်ဖို့လည်း မရည်ရွယ်ခဲ့။ ရိုးရိုး ပကတိ
သာဝကအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရယူလို ပါ၏။ ထို့ကြောင့် သူသည် ပဋိသမ္ဘိဒါ လေးပါးနှင့်
အရဟတ္တဖိုလ်ကို ရသွားသူ ဖြစ်ပါသော်လည်း ပိဋကတ်တော် မှတ်တမ်းများ၌မူ အညတရ အနေဖြင့်သာ
မှတ်တမ်းတင်ထားခြင်း ခံရသူဖြစ်ကြောင်း တွေ့ရခြင်း ဖြစ်၏။
အမှန်အားဖြင့် ဘဝတွင်
အညတရအဖြစ်သည်သာလျှင် စိတ်ချမ်းမြေ့ဖွယ် ကောင်းလှသည်ဟူ၍ သာဝတ္ထိပြည်ဖွား အညတရ
အမျိုးကောင်းသားက သံသရာတစ်လျှောက်လုံး ယုံကြည်လာဟန် ရှိ၏။ သို့မဟုတ်ဘဲ လာဘအရ
သံသရာ၌ ဥစ္စာရှင် ဖြစ်ရလေအောင် ရည်မှန်းရသည်မှာလည်း ပင်ပန်းလှ၏။ သက္ကာရအရ သံသရာ၌
ရာထူးဌာနန္တရ ကြီးမားသူ ဖြစ်ရလေအောင် အားထုတ်ရသည်မှာလည်း ပင်ပန်းလှ၏။ သိလောကအရ
သံသရာ၌ ထင်ပေါ်ကျော်ကြားသော ဘွဲ့ထူးရှင်၊ ဂုဏ်ထူးရှင် ဖြစ်ရလေအောင် ဆုတောင်းရသည်မှာလည်း
ပင်ပန်းလှပါ၏။ ထို့ကြောင့် သာဝတ္ထိပြည်ဖွား အညတရ အမျိုးကောင်းသားသည် သံသရာ၌
ကျင်လည်နေရစဉ် မိမိ၏ တွေ့သမျှ၊ ကြုံသမျှ၌သာ နှစ်သက်ဖွယ်ရသကို တွေ့အောင် ရှာနိုင်သူ
အညတရ ဖြစ်ရပါစေကြောင်း ဆုပန်ခဲ့ဟန် ရှိလေ၏။ အကယ်၍ မိမိ၏ တွေ့သမျှ၊ ကြုံသမျှ၌သာ
နှစ်သက်ဖွယ် ရသကို တွေ့အောင် ရှာနိုင်သူ အညတရ မဖြစ်ခဲ့သော်၊ လာဘ၌သာ နှစ်သက်ဖွယ်
ရသကို တွေ့အောင် ရှာနိုင်သူ ဓနရှင် ဖြစ်ရအောင် ကြိုးပမ်းချင်လည်း
ကြိုးပမ်းရပေလိမ့်မည်။ သို့မဟုတ်ပါက သက္ကာရ၌သာ နှစ်သက်ဖွယ် ရသကို တွေ့အောင်
ရှာနိုင်သူ ရာထူး ဌာနန္တရရှင် ဖြစ်ရအောင် ကြိုးပမ်းချင်လည်း ကြိုးပမ်းရပေလိမ့်မည်။
သို့မဟုတ်ပါက သိလောက၌သာ နှစ်သက်ဖွယ် ရသကို တွေ့အောင် ရှာနိုင်သူ ဘွဲ့ထူးရှင်၊
ဂုဏ်ထူးရှင် ဖြစ်ရလေအောင် ကြိုးပမ်းချင်လည်း ကြိုးပမ်းရပေလိမ့်မည်။ မီးလည်း
မီးအလှနှင့်မီး၊ လေလည်း လေအလှနှင့်လေ၊ ရေလည်း ရေအလှနှင့်ရေ၊ မြေလည်း
မြေအလှနှင့်မြေ၊ အရာရာတိုင်းတွင် သူ့အလှနှင့်သူ။ အလှဟူသည်မှာ နှစ်သက်ဖွယ် ရသပင်
ဖြစ်၏။ အလင်္ကာရကျမ်းများက အလှကို ရသဟူ၍ ခေါ်ကြ၏။ ဒဿနကျမ်းများက အလှကို အာနန္ဒဟူ၍
ခေါ်ကြ၏။ ဗုဒ္ဓဒေသနာတော်အရ ဆိုပါလျှင် အရာရာတိုင်းတွင် သာယာဖွယ် အဿာဒသည် ရှိ၏။
သာယာဖွယ် အဿာဒ ရှိသဖြင့်လည်း ဤလောက၌ အရာရာတိုင်းဟူ၍ ရှိနေရခြင်း ဖြစ်၏။ သို့ရာတွင်
လောကရှိ အရာရာတိုင်း၌ ရှိသော သာယာဖွယ် အဿာဒကား အစစ်သာယာဖွယ် မဟုတ်၊ အတု သာယာဖွယ်
ဖြစ်၏။ မသာယာဖွယ် အာဒီနဝကို သာယာဖွယ်ဖြစ်အောင် တဏှာက ဖန်ဆင်းထားခြင်းသာ ဖြစ်၏။
ထို့ကြောင့် လောကရှိ အရာရာတိုင်းကို သာယာ ဖွယ်အဖြစ် တဏှာဖြင့် မြင်နေရာမှ မသာယာဖွယ်အဖြစ်
ဉာဏ်ဖြင့် အမှန်အတိုင်းမြင်အောင် ကြည့်ရ၏။ ထိုအခါမှသာ အစစ်အမှန်အလှ မည်သော
ဝိမုတ္တိရသကို တွေ့လေ၏။ တစ်နည်းအားဖြင့် ဆိုရလျှင် အလှသည် နှစ်မျိုး ရှိ၏။
လောကအလှနှင့် လောကုတ္တရာအလှတို့ ဖြစ်ကြ၏။ လောကအလှတွင် မသာယာဖွယ် အာဒီနဝ သည် ပါဝင်၏။
လောကုတ္တရာ အလှတွင်မူ မသယာဖွယ် အာဒီနဝသည် ပါဝင်ခြင်း မရှိ။ ထို့ကြောင့် မသာယာဖွယ်
အပြစ် အနာအဆာ အာဒီနဝ ပါဝင်သော အလှကို လောကအလှ ဟူ၍လည်းကောင်း၊ သာယာဖွယ် အဿာဒ
ဟူ၍လည်းကောင်း ဆိုရ၏။ မသာယာဖွယ် အပြစ် အနာအဆာ အာဒီနဝ မပါဝင်သော အလှကို
လောကုတ္တရာအလှ ဟူ၍လည်းကောင်း၊ ထွက်မြောက်ရာ နိဿရဏ ဟူ၍လည်းကောင်း ဆိုပါ၏။
ထို့ကြောင့် လောကရှိ အရာရာတိုင်းကို မှန်ကန်သော အမြင်ဖြင့် ကြည့်မြင်မည်
ဆိုပါလျှင် ပထမ သာယာဖွယ် အဿာဒကို တွေ့ရ၏။ ဒုတိယ အပြစ်အနာအဆာ အာဒီနဝကို တွေ့ရ၏။
တတိယ လွတ်မြောက်မှု နိဿရဏကို တွေ့ရ၏။ အမှန်အားဖြင့် ဤသုံးမျိုးသည် နောက်ဆုံး
လောကုတ္တရာအလှ ဝိမုတ္တိရသသို့ တက်လှမ်းရာ၌ လှေကားသုံးထစ်သဖွယ် ဖြစ်လေ၏။
သို့ဖြစ်လေရာ အညတရအနေဖြင့် သာမည၌ အလှကို
ရှာရခြင်းသည် လွယ်ကူ၏။ ဧတဒဂ္ဂအနေဖြင့် ဝိသေသ၌ အလှကို ရှာရခြင်းသည် ခက်ခဲ၏။
သာမညဖြစ်ဖြစ်၊ ဝိသေသဖြစ်ဖြစ် ပရမတ္ထအားဖြင့် သင်္ခါရသဘောအရ အားလုံးအတူတူ ဖြစ်လေ၏။
ထို့ကြောင့်သာဝတ္ထိပြည်ဖွား အညတရ အမျိုးကောင်းသား သည် သံသရာတစ်လျှောက် ကျင်လည်ရစဉ်
အညတရ အဖြစ်ဖြင့် ကျေနပ်ခဲ့ခြင်း ဖြစ်ဟန်တူ၏။ ယခု နောက်ဆုံးဘဝ၌လည်း သာဝတ္ထိပြည်ဖွား
အညတရ အမျိုးသားသည် လောကကို သာယာဖွယ် အဿာဒ အဖြစ် မြင်စဉ်က လူ့ဘဝဖြင့် ပျော်မွေ့လေ၏။
သို့ရာတွင် ပါရမီတို့၏ စေ့ဆော်မှုအရ လောကကို မသာယာဖွယ် အပြစ်အနာ အဆာ အာဒီနဝအဖြစ်
မြင်သောအခါ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးလျက် ရှိပါသော မြတ်စွာဘုရားထံတော်၌
ရဟန်းပြုလေ၏။ လောကုတ္တရာအလှ ဖြစ်သော ဝိမုတ္တိရသသို့ တက်လှမ်း ရန်အတွက် တတိယ
လှေကားထစ်ဖြစ်သော နိဿရဏ ကို ရရန်အတွက် သူသည် ရဟန်းပြုခြင်း ဖြစ်၏။
ရဟန်းပြုပြီးနောက် ရဟန်းတို့၏ ဝတ္တရားအတိုင်း စာပေပရိယတ္တိများကို
ဇေတဝန်ကျောင်းတော်၌ပင် အညတရ ရဟန်းသည် သင်ကြားလေ၏။
အညတရ ရဟန်းသည် ပါရမီများ၏ စေ့ဆော်မှုအရ
ဝိပဿနာတရားကို အားထုတ်လို၏။ အမှန်အားဖြင့်လည်း သူ့အတွက် ဤဘဝသည် နောက်ဆုံးဘဝ ဖြစ်၏။
ထို့ကြောင့် သူသည် မြတ်စွာဘုရားထံတော်မှ ကမ္မဋ္ဌာန်းတရားကို တောင်း၍ သူနှင့်
သင့်လျော်ရာ တောကျောင်း၌ သီတင်းသုံးပြီးလျှင် ဝိပဿနာတရားကို အားထုတ်လေ၏။ သူသည်
ကြီးစွာ သော ဝီရိယဖြင့် ဝိပဿနာတရားကို အားထုတ်ပါသော်လည်း မဂ်ဖိုလ်ကို မရနိုင်ဘဲ
ရှိလေ၏။ ထိုသို့ မဂ်ဖိုလ်ကို မရသေးခြင်းမှာ အချိန်မရောက်သေးသဖြင့် သူ၏ ဣနြေ္ဒများ မရင့်သေးသောကြောင့်
ဖြစ်၏။ သဒ္ဓါနှင့် ပညာ၊ ဝီရိယနှင့် သမာဓိ၊ ဤအစုံများကို သတိဖြင့် ညီညွတ်အောင်
လုပ်ဖို့လို၏။ အချိန်ကျမှလည်း ညီညွတ်အောင် လုပ်၍ရ၏။ တစ်ခုခုက လွန်ကဲနေလျှင် မဖြစ်။
သို့ရာတွင် ဣနြေ္ဒအစုံများ မညီညွတ်သဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မဆိုက်သေးသည်ကိုပင်
ကမ္မဋ္ဌာန်း တရား မမှန်သဖြင့် သစ္စဉာဏ်ကို မရခြင်း ဖြစ်သည်ဟူ၍ သူက ထင်လေ၏။ ထို့ကြောင့်
သူ့အတွက် အရဟတ္တဖိုလ်ကို ရစေနိုင်သော ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူပါရန်
လျှောက်ထားဖို့အတွက် အညတရ ရဟန်းသည် သူ သီတင်းသုံးရာ တောကျောင်းမှ မြတ်စွာဘုရား
သီတင်းသုံးတော်မူရာ သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်သို့ ပြန်လာခြင်း ဖြစ်လေ၏။
အမှန်အားဖြင့် ပုထုဇဉ်ဟူသည် မျက်ကန်းသာ ဖြစ်၏။ အထင်ကိုပင် အမြင် လုပ်တတ်၏။
ထို့ကြောင့် အညတရ ရဟန်းသည် ကမ္မဋ္ဌာန်းနှင့် ပတ်သက်၍ သူ၏ အထင်ကို သူ၏အမြင်လုပ်ပြီး
သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်သို့ ပြန်လာခြင်း ဖြစ်၏။
အညတရ ရဟန်းသည် လမ်း၌ တံလျှပ်ကို မြင်၏။
တံလျှပ်ဟူသည် အဝေးမှ ကြည့်သောအခါ မြင်၏။ အနီးသို့ ရောက်သောအခါ မမြင်။ ထို့ကြောင့်
တံလျှပ်သည် ဖြစ်လိုက်၊ ပျက်လိုက်သော သဘောရှိ၏။ အညတရ ရဟန်းသည် တံလျှပ်ကို မြင်၏။
တံလျှပ်၏ ဖြစ်ခြင်းနှင့် ပျက်ခြင်းကိုလည်း မြင်၏။ သို့ရာတွင် သူသည် တံလျှပ်မှတစ်ဆင့်
သူ၏ ခန္ဓာကိုယ်ကို မမြင်။ သူ၏ ခန္ဓာကိုယ်၏ ဖြစ်ခြင်းနှင့် ပျက်ခြင်းကိုလည်း မမြင်။
အမှန်အားဖြင့် ဝိပဿနာဟူသည်မှာ မိမိခန္ဓာ ကိုယ်ကို လည်းကောင်း၊ မိမိ၏ ခန္ဓာကိုယ်၏
ဖြစ်ခြင်းနှင့် ပျက်ခြင်းကိုလည်းကောင်း မြင်ရ၏။ သို့မှသာ ဝိပဿနာ ဖြစ်၏။ အစ ပထမ၌
အညတရ ရဟန်းသည် တံလျှပ် သဘောကို မြင်၏။ တံလျှပ်သဘောမှ ခန္ဓာကိုယ် သဘောကို ဆက်ကူးပြီး
ဖြစ်ပျက်ကို မမြင်။ ထိုအခါ ဝိပဿနာ မဖြစ်သဖြင့် တရားမရဘဲ ရှိလေ၏။ ထို့နောက်မှ အညတရ
ရဟန်းသည် တံလျှပ်သဘောမှ ခန္ဓာကိုယ်သဘောကို ဆက်၍ ကူးမိလေ၏။ တံလျှပ် လိုပင်
ခန္ဓာကိုယ်သည်လည်း ဖြစ်လိုက် ပျက်လိုက် ရှိချေ၏။ ထိုအခါ ခန္ဓာကိုယ်၏ အနိစ္စသဘော၊
ဒုက္ခသဘော၊ အနတ္တသဘောကို မြင်၏။
အမှန်အားဖြင့် ဝိပဿနာဟူသည်မှာ အာရုံ
နောက်သို့ စိတ်က မလိုက်ရဘဲ ဒွါရများ၌ ရောက်လာ သော အာရုံများကိုသာ စိတ်က
ကြည့်ရခြင်း ဖြစ်၏။ ယခု အညတရရဟန်းသည် မိမိ၏ ဒွါရများ၌ ထင်လာသော အာရုံများကို
လည်းကောင်း၊ ယင်း အာရုံများ၏ ဖြစ်ပျက်ကို လည်းကောင်း မိမိ၏ ခန္ဓာ၌ တင်၍
ကြည့်တတ်ပေပြီ။ သူသည် ဝိပဿနာဉာဏ်ကို ရပေပြီ။
ထို့နောက် အညတရ ရဟန်းသည် ခရီးဆက်၍လာလေရာ
အစီရဝတီမြစ်ကမ်းပါး ရောက်လာ၏။ သူသည် ခရီးပန်းသဖြင့် အစီရဝတီ မြစ်တွင်းသို့ ဆင်း၍
ရေချိုးလေ၏။ ထို့နောက် အညတရ ရဟန်းသည် အစီရဝတီ မြစ်ကမ်းပါး၌ ထိုင်ကာ အစီရဝတီ
မြစ်ရေကို ကြည့်မိ၏။ မြစ်ရေ၌ ရေမြှုပ်စိုင် တို့သည် ဖြစ်လိုက်၊ ပျက်လိုက်
ဖြစ်နေသည်ကို သူ မြင်၏။ ထိုအခါ သူသည် သူ၏ ခန္ဓာ ကိုယ်၌ အာရုံတင်၍ ခန္ဓာကိုယ်သည်လည်း
ရေမြှုပ်စိုင်နည်းတူ ဖြစ်လိုက်၊ ပျက်လိုက်ပါတကား ဟူ၍ ရှုမိလေ၏။ ဤသည်မှာ အညတရ ရဟန်းသည်
ဝိပဿနာဉာဏ်စဉ်များကို ရခြင်း ဖြစ်၏။ ဝိပဿနာဟူသည်မှာ ခန္ဓာ၏ ဖြစ်ပျက်ကို
ဉာဏ်မျက်စိဖြင့် မြင်ခြင်း ဖြစ်၏။
မြတ်စွာဘုရားသည် အမှုမဲ့ အမှတ်မဲ့ နေသည်
မဟုတ်။ အညတရ ရဟန်းကို အစဉ်တစိုက် စောင့်ကြည့် နေ၏။ အညတရ ရဟန်းသည် သူ၏
ခန္ဓာကိုယ်နှင့် ပတ်သက်၍ တံလျှပ်သဘောကို လည်းကောင်း၊
ရေမြှုပ်စိုင်သဘောကိုလည်းကောင်း အာရုံတင်၍ ရှုလေသောအခါ မြတ်စွာဘုရားက အညတရ ရဟန်းအား
“ချစ်သား၊ ခန္ဓာကိုယ်သည် တံလျှပ်ကဲ့သို့ လည်းကောင်း၊ ရေမြှုပ်စိုင်ကဲ့သို့
လည်းကောင်း ဖြစ်ပြီးလျှင် ပျက်တတ်၏”ဟု မိန့်တော်မူပြီးလျှင် ဤဂါထာကို
ဟောကြားထားတော်မူ၏။
- ဤခန္ဓာကိုယ်ကို ရေမြှုပ်သဘော ရှိသည်ဟု
သိပြီး၍ လည်းကောင်း၊ တံလျှပ်သဘော ရှိသည်ဟု ကောင်းစွာသိပြီး၍ လည်းကောင်း၊ မာရ်မင်း၏
တေဘုမ္မက ဝဋ်ဒုက္ခတို့ကို ပယ်ဖျက်ပြီး၍ သေမင်း မမြင်ရာ နိဗ္ဗာန်သို့ သွားရာ၏။
ဂါထာ ဒေသနာတော်၏ အဆုံး၌ အညတရ ရဟန်းသည်
ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ် ကို မျက်မှောက်ပြု၍ သာဝတ္ထိပြည် ဇေတဝန်
ကျောင်းတော်ရှိ မြတ်စွာဘုရား ထံတော်မှောက်သို့ ရှိခိုးလျက် ရောက်လာလေ၏။ သူသည်
သူ့အတွက် လုပ်စရာ လုပ်ငန်းများကို အားလုံး လုပ်ပြီးလေပြီ။ သူ့အတွက် နောက်ထပ်
လုပ်စရာဟူ၍ ဘာမျှမရှိတော့။ အသက်ရှင်နေသမျှ ကာလပတ်လုံး သူလုပ်သမျှ အားလုံးသည်
လောကအတွက်သာ ဖြစ်လေ၏။ ရဟန္တာ မဖြစ်မီကာလက သူလုပ်သမျှထဲ၌ သူ့အတွက် ပါဝင်တန်သလောက်
ပါဝင်သေး၏။ အမှန်အားဖြင့် တဏှာလောဘကို အပြီးအပြတ် မပယ်သတ်နိုင်သေး ပါက လောကအတွက်
မည်မျှပင်လုပ်လုပ်၊ လုပ်သူ အတွက် ပါဝင်သင့်သလောက် ပါဝင်ပါ၏။ ယခုမူ သူသည်
တဏှာလောဘကို အပြီးအပြတ် ပယ်သတ် နိုင်လေပြီ။ ထို့ကြောင့် သူလုပ်သမျှ အားလုံးသည်
လောကအတွက်သာ ဖြစ်၏။ သူ့အတွက် မဟုတ်တော့။ သို့ဖြစ်၍သာ တဏှာလောဘကို အပြီးအပြတ်
ပယ်သတ်တော်မူပြီးသော အရိယာပုဂ္ဂိုလ်များသည် လောက၏ ကျေးဇူးရှင်များ ဖြစ်ကြခြင်း
ဖြစ်ပါ၏။
အန္ဓပုထုဇဉ်များသည် မိမိတို့၏
ခန္ဓာကိုယ်ကို ပြန်ကြည့်သောအခါ ဒြပ်အနေဖြင့်သာ မြင်ကြ၏။ အရာဝတ္ထုများ အနေဖြင့်သာ
မြင်ကြ၏။ ပုဂ္ဂိုလ် သတ္တဝါများ အနေဖြင့်သာ မြင်ကြ၏။ ထိုသို့ မြင်ကြခြင်းမှာ
ဉာဏ်မျက်စိဖြင့် ကြည့်ခြင်းမျိုး မဟုတ်ဘဲ ပကတိ မျက်စိဖြင့် ကြည့်ခြင်းမျိုး
ဖြစ်သောကြောင့် ဖြစ်၏။ အမှန်အားဖြင့် ပကတိမျက်စိသည် ဒြပ်ဝတ္ထု ကိုသာ
မြင်စွမ်းနိုင်ပါ၏။ ပုဂ္ဂိုလ် သတ္တဝါကိုသာ မြင်စွမ်းနိုင်ပါ၏။ ဒြပ်မဲ့ကို
မမြင်စွမ်းနိုင်။ ပုဂ္ဂိုလ်မဲ့၊ သတ္တဝါမဲ့ဖြစ်သော သဘာဝဓမ္မကို မမြင်စွမ်းနိုင်။
အမှန်အားဖြင့် လောက၌ ပုဂ္ဂိုလ် သတ္တဝါဟူ၍ မရှိ၊ ဓမ္မသဘာဝသာ ရှိလေ၏။ ထို့ကြောင့်
ပုဂ္ဂိုလ် သတ္တဝါကို မြင်ခြင်းသည် အမှားကိုမြင်ခြင်း ဖြစ်၏။ ဓမ္မသဘာဝကို မြင်မှ
အမှန်ကိုမြင်ခြင်း ဖြစ်၏။ ဓမ္မသဘာဝသည် တံလျှပ်သဘော ရှိ၏။ ရေမြှုပ်စိုင်သဘော ရှိ၏။
တံလျှပ် သည် လည်းကောင်း၊ ရေမြှုပ်စိုင်သည် လည်းကောင်း အခိုင်အမာ အတ္တမဟုတ်၊
အနှစ်အတ္တ မဟုတ်။ ခဏချင်း ဖြစ်၏၊ ခဏချင်း ပျက်၏။ အားကိုးစရာ၊ တွယ်တာစရာဟူ၍
ဘာမျှမရှိ။ သူ့သဘော သူဆောင်ကာ ဖြစ်၏။ သူ့သဘော သူဆောင်ကာ ပျက်၏။ မည်သူကမျှ
ဖြစ်စေသတည်း ဟူ၍လည်းကောင်း၊ ပျက်စေသတည်း ဟူ၍လည်းကောင်း ဖန်ဆင်း၍ မရ။
သူ့အကြောင်းနှင့် သူ့အကျိုးသာ ဖြစ်လေ၏။ ထိုနည်းအတူ ခန္ဓာကိုယ်၏ ဖြစ်မှု
ပျက်မှုကိုလည်း ဤသို့သာ ဖြစ်တတ်သည့်သဘော “ဧဝံဓမ္မတာ” ဟူ၍ ဆိုရ၏။ အညတရ ရဟန်းသည်
ခန္ဓာကိုယ်ကို ဤသို့ မြင်လေပြီ။
ခန္ဓာကိုယ်ကို ဤသို့ မြင်ခြင်းသည် လွယ်ကူ
သောမြင်ခြင်း မဟုတ်။ ဝိပဿနာဉာဏ်ဖြင့် ကြည့်မှ မြင်၏။ လောကကိုလည်းကောင်း၊
ခန္ဓာကိုယ်ကို လည်းကောင်း ဝိပဿနာဉာဏ်ဖြင့် ကြည့်နိုင်ရန် မြင်တတ်သောမျက်စိ ရှိဖို့
လို၏။ မြင်တတ်သော မျက်စိ ဟူသည်မှာ သမာဓိ ဖြစ်၏။ ထို့ကြောင့် ကျမ်းဂန်များ၌
ဝိပဿနာရှုရန် သမာဓိ ရခြင်းကိုပင် “စက္ခုံ ဥဒပါဒိ” မျက်စိသည် ဖြစ်ပေါ်ပြီ ဟူ၍ ဆိုခြင်း
ဖြစ်၏။ ဓမ္မတာအရ မျက်စိရှိမှ ကြည့်စရာကို ကြည့်၍ မြင်၏။ ပကတိ မျက်စိဖြင့်
ကြည့်လျှင် အရာဝတ္ထုကို မြင်၏။ ပုဂ္ဂိုလ် သတ္တဝါကို မြင်၏။ သူ့မျက်စိနှင့်သူ မြင်စရာ
ဖြစ်၏။ သမာဓိမျက်စိဖြင့်ကြည့်လျှင် ဝိပဿနာအရာ၌ ခန္ဓာကိုယ်၏ ရုပ်နာမ်ကို မြင်၏။
ဖြစ်ပျက်ကို မြင်၏။ ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်ကို မြင်၏။ ထို့ကြောင့် ဝိပဿနာ
ရှုရာတွင် အရေးအကြီးဆုံးမှာ မျက်စိကို ရဖို့ပင် ဖြစ်၏။ မျက်စိဟူသည်မှာ သမာဓိ ဖြစ်၏။
ပုဂ္ဂိုလ် သတ္တဝါသည် ပကတိမျက်စိဖြင့် ကြည့်သောအခါ မြင်စရာများကို မြင်သကဲ့သို့
ဉာဏ်သည် သမာဓိမျက်စိဖြင့် ကြည့်သော အခါ မြင်စရာများကို မြင်၏။ ဤနေရာ၌ မြင်စရာများ
ဟူသည်မှာ ရုပ် နာမ် ခန္ဓာ ဖြစ်ပျက်နှင့် သစ္စာလေးပါးပင် ဖြစ်၏။ သစ္စာလေးပါးတွင်
ဒုက္ခလည်း ပါ၏။ ဒုက္ခ၏ အကြောင်း တဏှာလောဘလည်း ပါ၏။ ဒုက္ခချုပ်ရာ နိဗ္ဗာန်လည်း ပါ၏။
နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ္ဂလည်း ပါ၏။
ဤလောကတွင် မည်သူမဆို လောကအပေါ်
ကျေးဇူးဆပ်ရမည့်သူများချည်း ဖြစ်၏။ မည်သူမျှ လောက၏ ကျေးဇူးနှင့် ကင်းသူဟူ၍ မရှိ။
အကယ်၍ လောကသာ မရှိလျှင် သူဟူ၍လည်း မရှိ၊ ငါဟူ၍လည်း မရှိ၊ ပုဂ္ဂိုလ်ဟူ၍လည်း မရှိ၊
သတ္တဝါဟူ၍လည်း မရှိ။ ထို့ကြောင့် မည်သူမျှ လောက၏ ကျေးဇူးနှင့် ကင်းသူဟူ၍ မရှိဟု
ဆိုခြင်းဖြစ်၏။ လောက၏ ကျေးဇူးနှင့် မကင်းလျှင် လောကအပေါ် ပြန်လည်၍ ကျေးဇူးဆပ် ရ၏။
ဤသည်မှာ ဓမ္မတာ ဖြစ်၏။ ထို့ကြောင့် လောကအပေါ် ထိုက်ထိုက် တန်တန် ပြန်လည်၍
ကျေးဇူးဆပ်စွမ်းနိုင်သော လောက၏ သားကောင်း၊ သမီးကောင်း ဖြစ်လိုပါလျှင် မိမိ၏
အကျိုးကိုသာ ကြည့်တတ်သော တဏှာလောဘကို ပယ်သတ်နိုင်ရေး အတွက် ဝိပဿနာ ဘာဝနာကို
ပွားများ အားထုတ်မိအောင် ကြိုးပမ်းအပ်ပါ၏။ မြတ်စွာဘုရား၏ အထက်ပါ ဂါထာတော်မှ ဤအနက်၊
ဤအဓိပ္ပာယ်ကို ရအောင် ယူသင့်ကြောင်း တင်ပြအပ်ပါ၏။
ဦးရွှေအောင်
No comments:
Post a Comment