Monday, January 12, 2015

ရှာပုံတော်မင်းသားကြီး ( ဦးကောဝိဒ- မြိတ် )



ရှာပုံတော်မင်းသားကြီး
ဦးကောဝိဒ(မြိတ်)
            လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဇာတိချက်ကြွေ  မွေးရပ်မြေကို ရောက်ခဲ့ပါတယ်။ တစ်နေ့ သီတင်း သုံးဖော်တစ်ဦးနဲ့ စကားလက်ဆုံကျနေစဉ် လူတစ်ယောက် သီတင်းသုံးဖော်ထံ ရောက်လာပါတယ်။ ကိစ္စကတော့ သူ့မှာ နွားပျောက် သွားတာ ရက်သတ္တ တစ်ပတ်ခန့်ရှိ နေပါပြီ။ ဘယ်မှာမှ လိုက်ရှာလို့ မတွေ့ဘဲ အစရှာမရ ဖြစ်နေတဲ့ အတွက် နွားပျောက်လာမေးခြင်း ဖြစ်ပါတယ်။ စာရေးသူတို့ရွာတစ် ဝိုက်မှာ ကျွဲပျောက်၊ နွားပျောက် တွေ မကြာခဏဆိုသလို ကြားနေရပါတယ်။ ဒီလို ပျောက်တဲ့အတွက် နေရာအနှံ့လိုက်ရှာပြီး သောကအပူ မီးတွေ တောက်လောင်နေတာက ကျွဲပိုင်ရှင် နွားပိုင်ရှင်တွေပါပဲ။
            ဒီလိုပါပဲ၊ အချိန်တန်လို့ အိမ် ပြန်ရောက်မလာတဲ့ သားသမီးများ ကို အမေ လုပ်တဲ့သူက ပူပင် သောကတွေနဲ့ ရှာဖွေကြရပါတယ်။ အချို့ကတော့ တကယ်လည်း သား သမီးများ ပျောက်သွားတဲ့အတွက် သတင်းစာတွေမှာ လူပျောက်ကြော်ငြာထည့်ပြီး ရှာဖွေရတဲ့အထိ ဖြစ်ကြတယ်။ လောကကြီးမှာ မိဘက သားသမီးပျောက်လို့ ရှာကြ သလို၊ မိဘပျောက်လို့ သားသမီးက ပြန်ရှာရတာလည်း ရှိတယ်။ မယား ပျောက် လင်ပျောက် ရှာတဲ့သူများ လည်း မနည်းလှပါ။ ဒါ့အပြင် ပရိယေသန ဝမ်းရေးအတွက် ရှာဖွေ ရတာတွေလည်းရှိတယ်။ဘာကြောင့် နေ့စဉ် ရှာဖွေကြရတာလဲဆိုရင် လူတိုင်းမှာ နေ့စဉ်စားသောက်နေကြ ရလို့ပါပဲ။ ဪသာ် . .လောကမှာ ဒီ ရှာဖွေမှုတွေ ဆုံးနိုင်ပါဦးတော့မလား။ တကယ်တော့ သက်ရှိခန္ဓာ ရှိနေသရွေ့ ရှာဖွေမှုကလည်း ဆုံး မယ် မထင်ပါ။
            ဒါနဲ့စပ်လို့ ဘုရားရှင်လက်ထက် တော်က လူတစ်ယောက်ရှိတယ်။ သူ့နာမည်က ဗဟုဓီတရ လို့ ခေါ် တယ်။ သမီးအလွန်များလို့ ဒီ နာမည် တွင်ခဲ့ရခြင်း ဖြစ်ဟန်တူပါတယ်။ တစ်နေ့မှာ သူပိုင်ဆိုင်တဲ့ နွား တစ်ဆယ့်လေးကောင်စလုံး ပျောက် ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ ရုတ်တရက်ဆိုတော့ ယူကျုံးမရ အပူလုံြးွကခဲ့ရတယ်။ သူတို့မိသားစု ရဲ့စားဝတ်နေရေးအတွက် ဒီနွားတွေ နဲ့ပဲ လယ်ခင်းနှမ်းခင်းများ ဖြစ်ထွန်း အောင် လုပ်ဆောင်နေကြရတာပါ။ နွားများဟာ သူတို့မိသားစုကို ထမင်းကျွေးနေတဲ့ ကျေးဇူးရှင်တွေလို့ ဆိုရမှာ ဖြစ်တယ်။ သူတို့အတွက် မရှိမဖြစ်တဲ့ အရာတွေပါ။ ဒါကြောင့်လည်း ထိုသူဟာ နွားများ သွား ရောက်နိုင်တဲ့နေရာတွေကို လိုက်လံ ရှာဖွေခဲ့ပါတယ်။
            ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်သာ ကုန်လွန်လာခဲ့တယ်။အခုတိုင် သတင်းမှန်ကို သဲလွန်စမရရှိသေး။ ထိုသူ့ရင်ထဲမှာတော့ ဗလောင်ဆူ နေပါပြီ။ ဒီနွားများ ပြန်မရလို့ကတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်။ရှေ့ ဆက်ပြီး သူတို့မိသားစု ဘယ်လို များ စခန်းသွားကြမလဲ။ သမီးများ ကလည်း အရွယ်ရောက်လို့ အိမ်ထောင်ကျပြီး ယောက္ခမအိမ်တော့ လိုက်သွားကြပါရဲ့။ နောက်တော့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရမှာလား မသိပါ။ သမီးခုနစ်ယောကတို့ရဲ့ လင်ယောကျာ်းများ ကွယ်လွန်ခဲ့ကြတဲ့အတွက် ယောက္ခမများက မကျွေးနိုင်ဟုဆိုကာ နှင်ချလိုက်ပါတယ်။ နောက်ဆုံးတော့ ဖခင်ကြီးအိမ်ကိုပဲ ပြန်ရောက်လာခဲ့ရပြန်ပါတယ်။
            ဖြစ်ချင်တော့ သမီး ခုနစ်ယောက်မှာ သူတို့လင်ယောကျာ်း များကို အစွဲပြုပြီး အချို့ သမီးက သား တစ်ယောက်၊ အချို့သမီးက သားနှစ်ယောက် စသည်ပါလာကြ ပြန်တယ်။ ဒါကြောင့်လည်း မိသားစု အရေအတွက် အတော်များလာတယ်။ ဗဟုဓီတရဟာ သမီး မြေး မယား လူဦးရေများပြားတဲ့မိသားစု ရဲ့စားဝတ်နေရေးကို ဒိုင်ခံတာဝန် ယူနေရတဲ့သူဆိုတော့ သောကအပူ မီးတွေ ရင်နဲ့မဆံ့အောင် ဖြစ်မယ်ဆိုလည်း ဖြစ်စရာပါပဲ။
            ဪသာ် . . .ဘဝခန္ဓာ ရလာ သူတိုင်း အများအားဖြင့် ဒီလိုအပူမီးတွေ အမြိုက်ခံကြရမှာပါ။ တစ်ခါက တောင်ပြုံးနတ်ပွဲကိုရောက်နေတဲ့ နယ်က အမျိုးသမီးကြီးတစ်ယောက်ဟာ သူပိုင်ဆိုင်တဲ့အိမ် မီးထဲပါသွားလို့ ဘာမှ ပြန်မရလိုက်ဘူး ဆိုတဲ့ သတင်းကို ကြားလည်း  ကြားလိုက်ရော အပူမီးတွေတောက်လောင်ကာ နေရာမှာတွင်ပဲ အရုပ်ကြိုးပြတ် လဲကျကာ သေပွဲဝင်ခဲ့ရပါတယ်။ ဒါဟာ ပိုင်ဆိုင်တဲ့အပေါ်မှာ ဆုပ်ကိုင် ထားတဲ့အတွက် အခုလို ဖြစ်သွားရတာပါ။ ဒီလိုပါပဲ၊ နွားပျောက်လို့ သောကဖြစ်နေတဲ့ ဗဟုဓိတရသာ မဟုတ်။ ပုပုရွရွ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် သတ္တဝါအားလုံး ဟာ သားပျောက်,မယားပျောက်, သမီးပျောက်လို့လည်း ရှာဖွေကြရတယ်။ ဒီလို ရှင်ကွဲ ကွဲရရုံမက သေကွဲပါ ကွဲကြရပြန်တော့ ဒီဘဝ ပြန်မတွေ့ရတော့ဘူး ဆိုတဲ့အသိနဲ့ ပူဆွေးသောက ဖြစ်ကြရပြန်ပါတယ်။
            အဲဒါကြောင့်လည်း ပဋိစ္စ သမုပ္ပာဒ်ပါဠိတော်မှာ တဏှာပစ္စယာ ဥပါဒါနံ= ချစ်ခင်နှစ်သက်ရာကနေ စွဲလမ်းလာကြတယ်။ နောက်တော့ စွဲလမ်းမှုက ဒီတင်မရပ်သေးဘဲ မမြင်ရမနေနိုင်တဲ့ အဆင့်ထိအောင် စွဲလမ်းလာခဲ့တယ်။ ဒီ စွဲလမ်းမှုတွေ ကြောင့်လည်း (ဥပါဒါန ပစ္စယာ ဘဝေါ) ဘဝခန္ဓာ ရလာကြတာ ဖြစ်တယ်။ သူသူငါငါ ဘဝ ခန္ဓာ ရလာကြမှတော့ ဆင်းရဲတွေက အရိပ်ပမာ ထပ်ချပ်မကွာလိုက် လာကြတော့တာပါပဲ။ ထိုဆင်းရဲ တွေဟာ ဘယ်အပူနဲ့မှ မတူတဲ့ အတွက် တကယ့်အပူမီးတွေပါ။ ဘဝရလာမှတော့ မွေးဖွားခြင်း၊ကြီး ရင့်ခြင်း၊ သေခြင်းဆိုတဲ့ အပူမီးတွေ အမှန်တကယ် လောင်မြိုက်ခံရပါ တော့တယ်။ ဒါတင်မက သောက အပူတွေ ဒီကနေတစ်ဆင့်တိုးလာ ရင် ငိြုွေကးမှုဆိုတဲ့ ပရိဒေဝအပူ တွေဖြင့် အလောင်မြိုက်ခံရတယ်။ နောက်ဆက်တွဲအနေနဲ့ ကိုယ်ဆင်း ရဲတဲ့ ဒုက္ခမီး၊ စိတ်ဆင်းရဲတဲ့ ဒေါမနဿမီး၊ မစားနိုင်မသောက်နိုင် လောက်အောင် ပြင်းထန်စွာ ပူပန် ရတဲ့ ဥပါယာသ မီးအပူတွေ ပူလောင်ခံကြရတယ်။
            ဒီလိုနဲ့ သားသမီးများတဲ့ ဗဟုဓီတရဟာ နွားများ သွားနိုင်မယ့် နေရာ၊ရှိနိုင်မယ့်နေရာတွေကို တစ် တောဝင် တစ်တောထွက်ပြီး ရှာဖွေလာလိုက်တာ တောအုပ်တစ်ခုကို ရောက်ရှိခဲ့ပါတယ်။ ဘုရားရှင်ကလည်း ထိုတောအုပ်ထဲက သစ်ပင် တစ်ပင်ရင်းမှာ သီတင်းသုံးနေတော် မူပါတယ်။ အဲဒီမှာ ဗဟုဓီတရဟာ နွားပျောက်ရှာပေမဲ့ နွားကိုမတွေ့ဘဲ ဘုရားရှင်နဲ့ ရင်ဆိုင်တွေ့ရပါ တော့တယ်။ ဘုရားရှင်ကို ဖူးမြင် လိုက်ရတယ်ဆိုရင်ပဲ သူ့ရဲ့ရင်ထဲက အပူမီးများ တဒင်္ဂအေးငြိမ်းသွား သလို ခံစားလိုက်ရပါတယ်။
            ဒါနဲ့ ဘုရားရှင်ထံမှောက်သွား ကာ အဆင်ပြေတဲ့နေရာက ထိုင်  ပြီးတဲ့အခါ ဗဟုဓီတရက-
            “ကြည်ညိုဖွယ်ရာရှိတဲ့ အို- မြတ်စွာဘုရား၊တပည့်တော်မှာ နွား လားကြီး တစ်ဆယ့်လေးကောင်ရှိ ပါတယ်။ အဲဒီနွားတွေ ပျောက်ဆုံး ခဲ့တာ အခုရက်ပါဆိုရင် ခြောက် ရက်တိုင်တိုင်ရှိခဲ့ပါပြီ။ နွားပျောက် လို့လည်း ရင်မှာ အပူမီးတွေလောင် နေပါတယ် ဘုရား၊ ကြည်ညိုဖွယ် ဖြစ်တဲ့ အရှင်ဘုရားမှာတော့ ဒီလို နွားမျိုးရှိပါသလား ဘုရား၊ အရှင် မြတ်ဘုရားမှာ နွားမရှိတဲ့အတွက် ကြောင့် တပည့်တော်လို အပူ မရှိဘဲ အေးချမ်းနေလိမ့်မယ်လို့ ထင်ပါတယ် ဘုရား”လို့ ဘုရားရှင်အား လျှောက်ထားပါတယ်။ တကယ်တော့ ဘုရားမှာ နွားရှိလားဆိုတဲ့ အမေးဟာ သာသနာနဲ့အလွန်ဝေး နေတဲ့သူ အလွန်စိမ်းနေတဲ့သူဖြစ်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ပြီးတော့ နွားမရှိတဲ့အတွက် သူပူတဲ့ အပူမျိုး မရှိဘဲ အေးချမ်းနေလိမ့်မယ်လို့လည်း သူက ထင်တယ်။ ဒါဟာ ရှိလို့ပူရတာပါ၊ မရှိ ရင် ပူစရာမလိုဘူးဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် မိသားစုနဲ့ ပျော်နေ ကြတယ်ဆိုပေမဲ့ အပူရုပ်ကို ဟန်လုပ်ပြီး ပျော်နေကြရတာပါ။ ဒါကြောင့် မရှိရင် ပူစရာမလို၊ အေးချမ်းမှာပဲ ဆိုတဲ့အသိနဲ့အတူ ဗဟုဓိတရက ဘုရားရှင်အား လျှောက်ထားခြင်းပါ။
            အဲဒီအခါ ဘုရားရှင်က “ဗဟုဓီတရ၊ သင့်မှာ နွားတစ်ဆယ့်လေး ကောင် ပျောက်သွားတယ်၊ ဒါပေမဲ့ ငါဘုရားမှာတော့ ပျောက်စရာ နွားတွေ မရှိပါဘူး။ ဒါကြောင့် ငါ ဘုရားဟာ အလွန်တရာပဲ ချမ်းသာ လှပါတယ်”လို့ မိန့်တော်မူပါတယ်။
            တစ်ဖန် ဗဟုဓီတရက
            “အရှင်ဘုရား၊ တပည့်တော် မှာ လယ်ခင်းနှမ်းခင်းတွေရှိပါတယ် ဘုရား။ အဲဒီနှမ်းခင်းတွေထဲက နှမ်း ပင်များဟာ ရေမြုပ်ခံရပြီး ပျက်စီး ကုန်ပါပြီ ဘုရား၊ အချို့ အပင်တွေ ဆိုရင် အရွက် တစ်ရွက်သာ ကျန် ခဲ့တယ်၊ အချို့ အပင်တွေဆိုရင် အရွက်နှစ်ရွက်သာ ကျန်တော့တယ် ဘုရား။ ဒါအတွက်လည်း တပည့်တော် အပူမီးတွေတောက်လောင် ရပါတယ် ဘုရား။ အရှင်ဘုရားမှာ လည်း ပျက်စီးဆုံးရှုံးစရာ နှမ်းခင်းတွေကော မရှိဘူးလား ဘုရား။ အရှင်ဘုရားကိုကြည့်ရတာ ပျက်စီး စရာနှမ်းခင်းတွေ မရှိတဲ့အတွက် ငြိမ်းချမ်းနေတယ်လို့ တပည့်တော် ထင်မိပါတယ်ဘုရား”လို့ ဘုရားရှင် အား လျှောက်တဲ့အခါ ဘုရားရှင် က -
            “ဗဟုဓီတရ၊ သင့်မှာ နှမ်းခင်း တွေ ပျက်စီးဆုံးရှုံးပြီး သောကတွေ ဖြစ်နေရတယ်။ ငါဘုရားမှာတော့ ပျက်စီးဆုံးရှုံးစရာ နှမ်းခင်းများမရှိ တဲ့အတွက် အပူမရှိ အလွန်တရာ ပဲ ချမ်းသာလှပါတယ်”လို့ ပြန် လည်ဖြေကြားတော်မူပါတယ်။
            တစ်ဖန် ဗဟုဓီတရက -
            “အရှင်ဘုရား၊ တပည့်တော် ပိုင်တဲ့ စပါးမရှိတဲ့ ကျီထဲမှာ ကြွက်တွေ မြူးတူးပြီး ခုန်တက်နေကြပါတယ်။ ဒါအတွက်လည်း တပည့် တော် စိတ်ညစ်ရပါတယ်။ အရှင် ဘုရားမှာရော ဒီလိုစပါးကျီမျိုး ရှိလားဘုရား၊ အရှင်ဘုရားကိုကြည့်ရတာ ဒီလိုစပါးကျီမျိုးမရှိလို့လည်း အေးချမ်းနေတယ်လို့ တပည့်တော် ထင်မိပါတယ် ဘုရား”လို့ လျှောက် ထားတဲ့အခါ ဘုရားရှင်က -
            “ဗဟုဓီတရ၊ သင့်မှာ စပါး ကျီရှိတဲ့အတွက် စိတ်ညစ်နေရတယ်၊ ငါဘုရားမှာတော့ စိတ်ညစ် စရာစပါးကျီလည်း မရှိတဲ့အတွက် အလွန်ပဲ အေးချမ်းလှပါတယ်”လို့ မိန့်တော်မူပါတယ်။
            တစ်ဖန် ဗဟုဓီတရက
            “အရှင်ဘုရား တပည့်တော် မှာ ကြမ်းပိုးတွေ အလွန်များတဲ့    အိပ်ရာခင်းကြီး ရှိပါတယ်။ အဲဒီ အိပ်ရာခင်းကြောင့်လည်းတပည့်တော် စိတ်ညစ်ရပါတယ်။ အရှင်ဘုရားမှာ ဒီလို အိပ်ရာခင်းမျိုးရှိပါသလား ဘုရား။ အရှင်ဘုရား ကြည့်ရတာ  ဒီလိုအိပ်ရာခင်းမျိုး မရှိတဲ့အတွက် အေးချမ်းတယ်လို့ ထင်မိပါတယ် ဘုရား”လို့လျှောက်တဲ့အခါ ဘုရား ရှင်က -
            “ဗဟုဓီတရ၊ သင့်မှာ ကြမ်းပိုး ပေါတဲ့ အိပ်ရာခင်းရှိလို့ စိတ်ညစ်နေရတယ်။ ငါဘုရားမှာတော့ ဒီလို အိပ်ရာခင်းမျိုး မရှိတဲ့အတွက် အလွန်တရာအေးချမ်းလှပါတယ်”လို့ မိန့်တော်မူပါတယ်။
            တစ်ဖန် ဗဟုဓီတရက -
            “အရှင်ဘုရား၊ တပည့်တော် မှာ လင့်အိမ်က ပြန်လာကြတဲ့ မုဆိုးမ ဖြစ်ကုန်ကြတဲ့ သမီး ခုနစ် ယောက်ရှိပါတယ်။ သမီးအားလုံးမှာ သားတစ်ယောက် နှစ်ယောက်စီ ပါလာကြပါတယ်။ သူတို့ရဲ့ စား ဝတ်နေရေး၊ ကျန်းမာရေးအတွက် တပည့်တော် ပူရပါတယ် ဘုရား။အရှင်ဘုရားတို့မှာတော့ ဒီလိုသမီး မျိုးရှိပါသလားဘုရား။ အရှင်ဘုရား ကိုကြည့်ရတာ သမီးမရှိတဲ့အတွက် အေးချမ်းတယ်လို့ ထင်မိပါတယ် ဘုရား”လို့လျှောက်တဲ့အခါ ဘုရား ရှင်က -
            “ဗဟုဓီတရ၊ သင့်မှာ သမီး များရှိလို့ ပူနေရတယ်၊ ငါဘုရားမှာ တော့ သမီးမရှိတဲ့အတွက် အလွန် ပဲ အေးချမ်းလှပါတယ်”လို့ မိန့်တော်မူပါတယ်.
            တစ်ဖန် ဗဟုဓီတရက -
            “အရှင်ဘုရား၊ တပည့်တော် မှာ မျက်လုံးကလည်း ပြူး၊ အသား အရေကလည်း မှဲ့ခြောက်တွေ ဗလပျစ်နဲ့ ကြည့်ရရုပ်ဆိုးလှတဲ့ မယားတစ်ယောက် ရှိပါတယ်။ တပည့်တော် အလုပ်မောပမ်းလို့ အိပ်ပျော်သွားတဲ့အခါ အချိန်လွန် အောင်အိပ်ရမလားလို့ မြည်တွန်ကာ ခြေနဲ့ကန်ကျောက်ပြီး တပည့်တော် ကို နှိုးပါတယ်ဘုရား။ အရှင်ဘုရား မှာကော ဒီလို အရုပ်ဆိုး အကျည်းတန်ပြီး ကြမ်းတမ်းလှတဲ့ မယားမျိုး ရှိပါသလား ဘုရား။ အရှင်ဘုရားကြည့်ရတာ ဒီလို မယားမျိုးမရှိတဲ့အတွက် အေးချမ်း တယ်လို့ ထင်မိပါတယ် ဘုရား”လို့ လျှောက်တဲ့အခါ ဘုရားရှင်က -
            “ဗဟုဓီတရ၊ သင့်မှာ ဒီလို မယားမျိုးရှိလို့ စိတ်ညစ်ရတယ်၊ ငါ ဘုရားမှာတော့ စိတ်ညစ်စရာမယား မရှိတဲ့အတွက် အလွန်တရာမှပဲ အေးချမ်းလှပါတယ်”လို့ မိန့်တော် မူပါတယ်။
            တစ်ဖန် ဗဟုဓီတရက -
            “အရှင်ဘုရား၊ မယားက ကန် ကျောက်လို့ မနက် အိပ်ရာက နိုး လာတယ် ဆိုရင်ပဲ အိမ်ရှေ့မှာ အြွေကးရှင် အြွေကးတောင်းနေ ကြတာ ဆူညံနေတာပဲ ဘုရား။ ဒါလည်း တပည့်တော် စိတ်ညစ်လှပါတယ် ဘုရား။ အရှင်ဘုရားတို့မှာကော ကြွေးမြီမရှိဘူးလား ဘုရား။ အရှင်ဘုရားကိုကြည့်ရတာ ကြွေးမြီ မရှိတဲ့အတွက် အေးချမ်းနေတယ် လို့ ထင်မိပါတယ်ဘုရား”လို့ လျှောက်ထားတဲ့အခါ ဘုရားရှင်က-
            “ဗဟုဓီတရ၊ သင့်မှာ အြွေကး တွေထူလို့ အပူသောကတွေရောက် နေရတယ်။ ငါဘုရားမှာတော့ အပူ သောကဖြစ်စရာြွေကးမြီ မရှိတဲ့ အတွက် အလွန်တရာပဲ အေးချမ်း လှပါတယ်”လို့ မိန့်တော်မူလိုက်ပါတယ်။ ဗဟုဓီတရဟာ ဘုရားရှင် ရဲ့တရားတော်ကို နာရတဲ့အခါ ပူစရာ သောကဖြစ်စရာတွေ ရှိနေလို့သာ အပူသောကတွေ ဖြစ်ရတာ။ ဒါတွေမရှိရင် အပူလည်း တကယ် ငြိမ်းမှာပဲဆိုတာကို အသိတရား        ရလာတဲ့အတွက် ဗဟုဓီတရဟာ ချမ်းသာဖို့အတွက် ဘုရားရှင်ထံမှာ ရဟန်းပြုခဲ့ပါတယ်။
            နောက်တစ်နေ့ ဘုရားရှင်ဟာ နောက်ပါ ဗဟုဓီတရရဟန်းနဲ့အတူ ကောသလမင်းနန်းတော်ကို ဆွမ်းခံ ကြွတော်မူပါတယ်။ ကောသလမင်းက ယာဂု လောင်းလှူတဲ့အခါ ဘုရားရှင်က အလှူမခံဘူး။ ဒါနဲ့ အလှူမခံရတဲ့အကြောင်းကို ဘုရား ရှင်အား မေးလျှောက်ပါတယ်။ဘုရားရှင်က နောက်ပါရဟန်းကြီးရဲ့ ဗလိဗောဓ(အနှောင့်အယှက်) ကြောင့်ဖြစ်တယ်လို့ မိန့်တော်မူပါတယ်။ ဒီအခါမှာ ကောသလမင်းက - “အရှင်ဘုရား၊ ဗလိဗောဓ အတွက် ဒကာတော်ရဲ့တာဝန်ထားပါဘုရား။ မြတ်စွာဘုရားသာ ယာဂုကို အလှူခံတော်မူပါ ဘုရား”လို့ လျှောက်ထားပါတယ်။ ယာဂုဆွမ်း လောင်းလှူပြီးတဲ့အခါ ကောသလ မင်းက ရဟန်းကြီးအား -
            “အရှင်ဘုရားမှာ အဘယ် ဗလိဗောဓများ ရှိနေပါသလဲ ဘုရား” လို့ မေးတော့ ရဟန်းကြီးက သူ့မှာ လူဖြစ်စဉ်တုန်းကြွေကးမြီတွေ အများကြီး တင်နေတယ်လို့ ပြောပါတယ်။ ဒါနဲ့ ကောသလမင်းကြီးက အြွေကးရှင်များကို ဆင့်ခေါ်ပြီး အကြွေးဆပ်လိုက်ပါတယ်။ ပြီးတဲ့အခါ-
            “အခြားဗလိဗောဓများ ရှိရင် လည်း မိန့်ပါဦးဘုရား”လို့လျှောက်တော့ ရဟန်းကြီးဟာ လူ့ဖြစ်စဉ်တုန်းက မုဆိုးမသမီးခုနစ်ယောက် နဲ့ ဇနီးအိုကြီးတစ်ယောက်တို့ ရှိတယ်။သူတို့အတွက်လည်း ရတက် မအေး ဖြစ်နေသေးတယ်။
            ဒီအကြောင်းကို ကောသလ မင်းအား ပြောပြတဲ့အခါ မင်းကြီးက သမီး ခုနစ်ယောက်ကိုတော့ ယောက္ခမအိမ်ပြန်ပို့ခိုင်းစေပြီး ဇနီး အိုကြီးကိုတော့ အဘွားအရာမှာ ထားကာ ကျွေးမွေးထားလိုက်ပါတယ်။ ဒီလိုနဲ့ ရဟန်းကြီးဟာ အြွေကးလည်း ပြေ၊ အားလုံး အတွက်လည်း စိတ်အေးသွားရပါ တော့တယ်။ ဒီလိုနဲ့ ဗဟုဓီတရ ရဟန်းကြီးက တရားကို ကြိုးစား အားထုတ်လိုက်တာ မကြာခင်မှာပဲ အာသဝေါကင်းကွာ ရဟန္တာဖြစ် တော်မူခဲ့ပါတယ်။
            အဲဒီမှာ အကြောင်းအရာတစ်ခုက အြွေကးရှိက ရဟန်းခံမပေး ကောင်းဘူးလို့ ပညတ်တော်ရှိသော် လည်း အြွေကးကို ကျေအောင်ဆပ် ပေးမဲ့သူရှိတယ်ဆိုရင် ကြွေးးမြီ ရှ နေပေမဲ့ ရဟန်းခံပေးကောင်းတယ် ဆိုတာ အထက်ပါသာဓကအရ သိထားသင့်ပါတယ်။
            အချုပ်ပြောလိုတာက သမီး များစွာရှိတဲ့ ဗဟုဓီတရဟာ နွား ပျောက်ရှာခဲ့တဲ့ ရှာပုံတော်မင်းသားကြီးလို့ တင်စားရမလိုပါပဲ။ ဒီလိုပါပဲ စာချစ်သူများလည်းဘဝါဘဝများစွာက  ဗဟုဓီတရလိုပဲ အပျောက်တွေ ရှာဖွေခဲ့ဖူးပြီးပါပြီ။ အခုဘဝမှာလည်း မကျေနပ်သေးလို့ ထပ်ပြီးရှာချင်နေကြတယ်။ ဒီလိုသာဆိုရင် နောင်လည်း ရှာနေကြရလိမ့်ဦးမယ်။
            ဒါကြောင့် အခု တင်ပြခဲ့တဲ့ ရှာပုံတော်မင်းသားကြီးအကြောင်းကိုသိကြရပြီး သားပျောက်မယား ပျောက်တွေကို အပူများစွာနဲ့ရှာနေ မယ့်အစား မိမိသန္တာန်မှာ မသိမှုကြောင့် တကယ်ပျောက်နေတဲ့ သစ္စာတရားများ ရောက်ရှိလာအောင် ကြိုးစားအားထုတ်နိုင်ကြ ပါစေလို့ တိုက်တွန်းရင်း . . .။

ရွှင်လန်းချမ်းမြေ့ကြပါစေ
ဦးကောဝိဒ(မြိတ်)

No comments: