မြင်လျှင်
မြင်ကာမျှ
လွယ်ကော်အေး
သူ သတိရလာ၏။ နာကျင်
ကိုက်ခဲနေသောဝေဒနာတွေကို ဂရုမစိုက်အားသေးဘဲ မတ်တတ်ရပ် ကြည့်လိုက်သည်။
“အလို”
ငါ့ခန္ဓာကိုယ်ဟာ မိမွေးတိုင်း
ဖမွေးတိုင်းဖြစ်နေပါပေါ့လား။ သူ့ ရေရွတ်သံကို ဘယ်သူမှ မကြားလိုက်သလို၊ရွာထဲဝင်ဖို့
သူ့အကြံအစည်ကိုလည်း စိတ်ပျက်လက်ပျက် အားလျှော့လိုက် တော့သည်။
ရပ်၍ ဟိုဒီကြည့်နေရင်းမှာပင်
အကြံရလိုက်သည်။ ပင်လယ်ကမ်းစပ်မှ သဘာဝပေါက်နေ သော အပင်ငယ်လေးများသည် ခန္ဓာကိုယ်
ဖုံးလွှမ်းဖို့ရာ အဆင်ပြေလောက်၏။ သစ်ပင်လေးများမှ လျှော်ကလေးများကို ခွာပြီး
ဟိုတစ်စ ဒီတစ်စ တွဲလိမ်ကျစ်၍ ခါးကို ပတ်ကြည့်သောအခါ အဆင်ပြေ တာကိုတွေ့ရတော့ သူ
ဝမ်းသာသွား၏။
ဒူးဆစ်လောက်အထိ ဖုံးလွှမ်း နေသော
တိုစိစိထိုအဝတ်လေးဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်ဝယ် တစ်လှမ်း နှစ်လှမ်း
လှမ်းကြည့်နေသည်။ အဆင်ပြေပြီမို့ ရွာဘက်ဆီသို့ ခြေဦးလှည့်လိုက်တော့သည်။
ရင်ထဲက တလှပ်လှပ်၊ ဝမ်းထဲက တကြုတ်ကြုတ်၊
ရွာဘက်ဆီ သို့လှမ်းလာခဲ့သည်။ ရွာဦးထိပ်ကို ရောက်တော့ နေသည်ပင် ထန်းတစ်ဖျားမကတော့။
ရွာဦးထိပ် ခြေစုံရပ်ရင်း -
“ထမင်း ဘယ်လို တောင်းရပါ့”
သူတစ်ခါမှမလုပ်ဖူးတဲ့ အလုပ်ဖြစ်တဲ့အတွက်
စိတ်ထဲမှာ စိုးရိမ် အားငယ်စိတ်တို့ ဝင်နေမိသည်။
ရွာဦးထိပ်မှာ တွေ့လိုက်ရတဲ့ နတ်ကွန်းတစ်ခုကို
မယောင်မလည် ကြည့်လိုက်တော့ နတ်တင်ထားတဲ့ ခွက်ကို တွေ့ရ၍ ဝမ်းသာအားရ
ကောက်ယူလိုက်သည်။ ထမင်းခံဖို့ရာ အဆင်သင့်ဖြစ်သွားပြီမို့ ရွာထဲကို
ဦးတည်ဝင်လိုက်တော့သည်။
မျက်နှာစိမ်းလည်းဖြစ်၊ ခါးမှာ ကလည်း
သစ်ခက်ကလေးမျှ ပတ်ထားသူမို့ ရွာသားတွေက အထူးအဆန်းလုပ်ကာ ကြည့်နေကြ၏။ တိတ်ဆိတ်နေတဲ့ရွာကလေးထဲ သူ ဝင်လာသောအခါ လူသံ၊
ခွေးသံတို့ဖြင့် တစ်ခဏချင်း ဆူညံသွားသည်။ ကလေးတချို့က ကြောက်၍ပုန်းကြ၏။
သူသည် ရွာလမ်းမအတိုင်း ဇွတ်အတင်း
ဝင်လာခဲ့သော်လည်း ထမင်းတောင်းခံနည်းကိုတော့ မသိပေ။ မကြာသေးမီကာလက သူဟာ
တပည့်များစွာနဲ့ ဆရာတစ်ဆူ ဖြစ်ခဲ့သည်။ အဆောင် အယောင် အခမ်းအနားတွေနှင့် နေရသော
ကုန်သည် လူချမ်းသာတစ်ဦး၏ကံကြမ္မာသည် ဘာမှမကြာလိုက်တဲ့ အချိန်အတွင်းမှာပင်
ပြောင်းပြန် လှန်လိုက်သကဲ့သို့ ခွက်တစ်လုံးနှင့် ဝမ်းရေး ဖြေရှင်းရသော အလှူခံ
ဘဝသို့ ရောက်ခဲ့ရတော့သည်။
ရွာသားတွေသည် အလုပ်အာရုံကြောင့်
သူတို့အနား ရောက်လာတဲ့ အလှူခံ အသစ်ကြပ်ချွတ် လေးကို ရုတ်တရက် သတိမထားမိကြသေး။
ကလေးတစ်ဦး၏ -
“အမေရေ၊ ဟောဒီမှာ လူကြီး တစ်ယောက်၊
အဝတ်လည်း မပါ ဘူး၊ လက်ထဲကလည်း ခွက်ကြီးနဲ့ အိမ်ရှေ့ ရပ်နေတယ်”ဆိုတဲ့အသံကြောင့်
အိမ်ရှင်မ တစ်ယောက် ထွက်ကြည့်တော့ သူ့အဖြစ်ကိုမြင်၍ မျက်လုံးမျက်ဆန်ပြူးကာ
ငေးကြည့်နေမိတော့သည်။
သူလည်း ရှက်ရွံ့စိတ်ကြောင့်
ထူပူကြောင်အမ်းကာ ဘယ်ကိုသွားလို့ သွားရမှန်း မသိအောင် ဖြစ်ရတော့သည်။ သူ၏လက်ထဲမှ ခွ်
ကိုကြည့်၊ ခါးမှသစ်ခက်အဝတ်ကို ကြည့်ကာ -
“ဒါမှပုဂ္ဂိုလ်ထူးကွ”
သွက်လက် ချက်ချာသူ တစ်ယောက်၏ အသံကြောင့်
လူတွေ ဝိုင်းအုံလာတော့သည်။
“လောကမှာ ရဟန္တာပုဂ္ဂိုလ် ဆိုတာ ဒီလို
ခေါင်းပါးအောင်ကျင့်တဲ့သူကို ပြောတာကွ”
သူ့ကို ဝိုင်း၍ ဂုဏ်ပြုပြောဆိုနေတဲ့
အသံတွေကြောင့် သူ့ကိုယ်သူ ဘဝင်မြင့်ချင်ချင် ဖြစ်ရတော့သည်။
အိမ်ရှင်မတို့လည်း သတိဝင်ကာ
မိမိတို့အိမ်မှစားသောက်စရာများကို ဝိုင်းလှူကြတော့သည်။ စားသောက်စရာတွေ
မနိုင်မနင်းနှင့် နတ်ကွန်းဆီသို့ ပြန်ခဲ့သည်။ ပထမဆုံးနေ့မှာပင် သူ့အတွက်
တောင်းခံသောအကျင့်သည် အဆင်ပြေရတော့သည်။
နောက်နေ့တွေမှာ ရဟန္တာ၊
ပုဂ္ဂိုလ်ထူးဆိုပြီး တစ်ရွာလုံး အုတ်အုတ်ကျက်ကျက် မိုးမလင်းမီ ကပင်
လှူစရာအပြည့်နှင့် သူ့ကို စောင့်ကြိုနေကြတော့သည်။
အိမ်ရှင်မတို့ အဝတ်ကိုယ်စီ သူ့ရှေ့ချကာ
“အရှင်မြတ် အလှူ ခံတော်မူပါ”။
သူ့အတွေးထဲမှာတော့ “ငါ့ကို ဝတ်ထားတဲ့
မရိုးမျှင် အဝတ်ကလေးကြောင့် ခေါင်းပါးအောင် ကျင့်တဲ့ ပုဂ္ဂိုလ်၊ ရဟန္တာလို့ထင်ပြီး
ကြည်ညိုနေတာ၊ အကယ်၍ ငါကသာ ဒီအဝတ်တွေကို သာယာပြီး လက်ခံလိုက်ရင် ငါ့ကို အကြည်ညို
ပျက်သွားကြလိမ့်မယ်”
သူသည်
လှူဒါန်းကြတဲ့ ကောင်းပေ့ဆိုတဲ့ အဝတ်တွေကို စောင်းငဲ့၍မှမကြည့်တော့ဘဲ ကျော်
လွှားသွားတော့သည်။ ဒကာ၊ဒကာ မတွေကတော့ ပို၍ပင် ကြည်ညို သဒ္ဓါပွားကြလေတော့သည်။
သူသည် အဝတ်အစားထက်ပင် သူ့သန္တာန်မှာ တကယ်
မရှိသေးတဲ့ ရဟန္တာဆိုတဲ့ဂုဏ်ပုဒ်ကို ပို၍
သာယာမိတော့သည်။ ဒကာ ဒကာမတွေသည် အဝတ်အလှူမခံသောအခါ ကျောင်းအလှူခံရန် -
“အရှင်မြတ် ကျောင်းလှူပါရစေ”
နောက်မှတကောက်ကောက် လိုက်၍
တောင်းဆိုကြပြန်သည်။
နတ်စင်လေးအနား ရောက်သောအခါ သူသည်
ကျောင်းအလှူကို ထပ်မံပယ်လိုက်ပြန်သည်။
“ကနားဖျင်းလေးသာ ထိုးထားလိုက်”
အမိန့်ပေးကာ သူကတော့ သစ်ပင်ရိပ်အောက်မှာ
နားနေလိုက်သည်။ ဒကာ၊ ဒကာမတွေကတော့ တိုး၍သာ ကြည်ညိုကြတော့သည်။
သူသည် မရိုးမျှင်လေး ဝတ်၊ မျှတရုံ
စားပြီးနေလာခဲ့ရာ အချိန်သည်ပင် အတော်ရလာပါသည်။ ဒကာ - ဒကာမတွေသည် အလို
နည်းခြင်းကြောင့် သူ့ကို ရဟန္တာဟု ထင်လာကြသည်။ ရဟန္တာ ဆိုတဲ့ အထင်အမြင်ကလည်း
သူ့ရင်ကို ပီတိသောမနဿတွေ အတိုင်းမသိ လျှံတက်စေပါသည်။ ကြာလေ ထို အထင်အမြင်အပေါ်
တိုး၍သာယာ ယစ်မူးလာတော့သည်။
ပစ္စက္ခအခြေအနေကို သူတွေးတောရင်း
အံ့ဩမဆုံးဖြစ်ရသည်။
သူသည် သင်္ဘောဖြင့် ကုန်ကူးခြင်းအလုပ်သည်
(၇) ခေါက်တောင် အမြတ်အစွန်း ကျန်ခဲ့ပါ သည်။ မြတ်လေ တိုး၍လိုချင်သော ကြောင့်
(၈)ခေါက်မြောက်တွင် မုန်တိုင်းမိကာ ကုန်ပစ္စည်းနှင့်အဖော် တွေအားလုံး ပင်လယ်ပြင်မှာ
ဆုံး ရှုံးခဲ့ရသည်။ သူ တစ်ယောက်သာ ကံကောင်း ထောက်မ၍ အသက်ရှင် ကျန်ရစ်ခဲ့သည်။
ဟိုတုန်းက သူဌေးဆိုတဲ့ အဆောင်အယောင် တွေ စွန့်လွှတ်ခဲ့ရသော်လည်း ယခု လက်ရှိ ရဟန္တာဆိုတဲ့
တကယ်မရှိ တဲ့ ဂုဏ်ပုဒ်အပေါ် အကြီးအကျယ် သာယာနေမိသည်။
ကြာသောအခါ သူသည်ပင် “ငါသည် နွေ၊ မိုး၊
ဆောင်း၊ ဒီအဝတ် ဒီခွက်ကလေးဖြင့် ချို့တဲ့စွာ နေခဲ့ရသည်။ ငါသည် ဥက္ကဋ္ဌ အမြတ်စား
အကျင့်မျိုးကို ကျင့်ခဲ့ သည်။ ငါကဲ့သို့ ဒီလို ခေါင်းပါး အောင်ကျင့်နိုင်တဲ့သူ
ဘယ်သူများ ရှိနိုင်ပါ့မလဲ။ အကယ်၍ လောက မှာ ရဟန္တာ ဆိုတဲ့ ပုဂ္ဂိုလ်များ ရှိခဲ့ ရင်
ငါလည်း တစ်ပါးအပါအဝင်ဖြစ် ရမယ်။ သူတို့လည်း ငါ့ထက်ထူး၍ မကျင့်နိုင်လောက်ပေ”
သူသည် သူ့ကိုယ်သူ အထင်အမြင်တွေ
ကြီးခဲ့ရသည်။ နတ်ရူး ဘုံနှင့်မြှောက်၊ ခြေထောက်က ဆို သကဲ့သို့ အားလုံးက ရဟန္တာ ဟု
ဝိုင်းမြှောက်ကြသောအခါ မိမိဘဝ အမှန်ကို မေ့လျော့ကာ ပတ်ဝန်း ကျင်က ဆွဲချိတ်ပေးတဲ့
ရဟန္တာဆိုတဲ့ ဆိုင်းဘုတ်ကြီးကို သာယာစွာ ခွင့်ပြုမိလေတော့သည်။
“ငါသည်ပင် ရဟန္တာ”ဆိုတဲ့ အထင်အတွေးသည်
ထိုတံငါရွာကလေးမျှဖြင့် ရပ်မသွားဘဲ စကြဝဠာအထိ ဘုံအဆက်ဆက် ရိုက်ခတ်သွားခဲ့ရသည်။
ထိုအတွေးသည် လူ့ပြည်၊နတ် ပြည်၊
ဗြဟ္မာပြည်အထိ ပျံ့နှံ့သွား၏။ သုဒ္ဓါဝါသဗြဟ္မာပြည်မှ ဗြဟ္မာ ကြီးသည် မရိုးမျှင်လေး
ဝတ်ကာ သစ်ရွက်မိုးကျောင်းမှာ ခေါင်းပါးစွာ ကျင့်နေတဲ့သူ့ဆီကို ရောက်လာခဲ့တော့သည်။
နေအရောင် လအထောင်
ရောင်ခြည်အလင်းဆောင်တဲ့ ခန္ဓာကိုယ်ဖြင့် ပုပ္ပါရကရွာမှ သူ့နာမည် ကို ဘယ်သူမှမခေါ်ဝံ့တဲ့
“ဗာဟိယ” ဆိုတဲ့ ခေါ်သံကြောင့် သူဟာ သိပ် တုန်လှုပ် သွားခဲ့ရသည်။
ကျောင်းအပြင်ဘက် ထွက်ရပ် ကြည့်တော့
တကယ့်ဗြဟ္မာမင်းကို တွေ့လိုက်ရသည်။
“ဗာဟိယ၊ သင်ဟာ ရဟန္တာ မဟုတ်။
ရဟန္တာဖြစ်နိုင်လောက်တဲ့ အကျင့်လည်း သင့်မှာ မရှိသေး။ သင်ဟာ အန္ဓပုထုဇဉ် ငမိုက်သား
အဆင့်မှာပဲ ရှိသေးတယ်”
ထို ပြတ်သားတဲ့ စကားသံကြောင့် သူ
သိပ်တုန်လှုပ်သွားခဲ့ရသည်။ သံဝေဂကြီးစွာဖြင့် -
“ငါဟာ ကြီးမားတဲ့အပြစ်ကို
ကျူးလွန်မိပြီ၊ငါဟာ ရဟန္တာမဟုတ်ဘူး”
နောင်တတရားတွေဖြင့် -
“အို - ဗြဟ္မာမင်း၊ ရဟန္တာ ပုဂ္ဂိုလ်ဆိုတာ
ဘယ်မှာရှိသလဲ၊ အဲဒီ ရဟန္တာဆိုတဲ့ပုဂ္ဂိုလ်ဆီကို ပို့ပေး ပါ။ လမ်းညွှန်ပေးပါ၊ ကျွန်ုပ်
ဆည်းကပ် နာယူပါ့မယ်”ဟု ပြောဆိုမိတော့သည်။
“အဆွေတော်၊ဒီကနေ အရှေ့
မြောက်တည့်တည့်ကို သွားရင် သာဝတ္ထိပြည်ကြီး ရှိနေတယ်၊ အဲဒီ မှာ လူ၊ နတ်၊
ဗြဟ္မာတို့၏ဆရာ ဘုရားရှင် သီတင်းသုံးနေတယ်”
ဘုရားဆိုတဲ့အသံကို ကြားရသည်နှင့်
သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထ သွားတော့သည်။
ပါရမီရှင်ဖြစ်သောကြောင့် ထိုနေရာကို ချက်ချင်းသွားရန်
ဆုံးဖြတ်လိုက်တော့သည်။
လဆုတ်ပက္ခ မှောင်မိုက် ညကြီးထဲမှာ
အရှေ့မြောက် တည့်တည့်ဆီသို့မှန်း၍ အဝတ်မပါ ခြေ ဗလာနဲ့ ဆူး၊ ငြောင့်၊ ခလုတ်၊သစ်
ငုတ်မရှောင် မနားတမ်း ပြေးလေတော့သည်။ ယူဇနာ (၁၂၀)ခရီးကြီး ကို ပြေးလေတော့သည်။
ထိုမိတ်ဆွေ ဗြဟ္မာကြီး အကူဖြင့် ယူဇနာ (၁၂၀) မိုင်ပေါင်း (၁၂၀ဝ)ကျော်ခရီးကို
ညတွင်းချင်း ရောက်ရတော့၏။
ကျောင်းတော်ကို ရောက်ရောက်ချင်း အနားမယူသေးဘဲ
တွေ့တဲ့ရဟန်းတော်တို့ကို
“ဘုရားရှင်
ဘယ်မှာလဲ”မေးတော့ ဆွမ်းခံဝင်နေဆဲဟု ဖြေကြသည်။
“သင် ဘယ်ကလာခဲ့ပါသလဲ”
“ပုပ္ပါရက က”ဟု ဖြေသောအခါ အံ့ဩကြသည်။
အနားယူရန် ပြောသော်လည်း သူဟာ ဘုရားဖူးရန်က လွဲလို့ ဘာမှ စိတ်မဝင်စားတော့ပေ။
ချက်ချင်း မြို့တွင်းသို့ဝင် လိုက်ခဲ့သည်။
မြို့ထဲမှာ ဆွမ်းခံနေတဲ့ ဘုရားရှင်ကို
တွေ့သောအခါ အချိန်ဆွဲ မနေတော့ဘဲ တရားဟောပါရန်
တိုက်တွန်းတော့သည်။
ဘုရားရှင်သည်
“ငါဘုရား ဆွမ်းခံနေဆဲ၊ တရားဟောချိန် မဟုတ်”
သူသည် နှစ်ကြိမ်မြောက် တောင်းခံပြန်သည်။
ဘုရားရှင်ကလည်း နှစ်ကြိမ်မြောက် ပယ်ပြန် သည်။သုံးကြိမ်မြောက် တောင်းပန်ပြီးသောအခါ
သူ၏ဣနြေ္ဒရင့်ကျက် ချိန်ရောက်ပြီဖြစ်၍၊ ခရီးပန်းလည်း ပြေလောက်ပြီ ဖြစ်၍ တရားတိုတို
ကျဉ်းကျဉ်းလေး ဟောတော့သည်။ ဘုရားရှင်သည်
ခရီးလမ်းမက ရပ်လျက်ကပင် -
“ချစ်သားဗာဟိယ၊ မြင်အပ် သော ရူပါရုံ၌
မြင်လျှင် မြင်ကာမျှ ဖြစ်လတံ္တ့။ ဤသို့ကျင့်အပ်၏။”
ထိုတရား တိုတိုကလေးက ဗာဟိယအား
ဟန်ဆောင်ရဟန္တာ မှ အာသဝေါတရားတို့ ကင်းကွာ သော ပဋိသမ္ဘိဒါလေးပါးနှင့်ပြည့်စုံသော
ရဟန္တာအဖြစ်သို့ ရောက်ခဲ့ရ တော့သည်။
ဂါထာသည် အထောင်မက များသော်လည်း အကယ်၍
အကျိုးမဲ့ကိုပြတတ်သော ပုဒ်နှင့်ယှဉ်စပ် သည် ဖြစ်အံ့။ မမြတ်ပေ။ ဂါထာ တစ်ပုဒ်
တိုတိုကျဉ်းကျဉ်းလေးကို ကြားနာရသော်လည်း ရာဂသည် ငြိမ်း၏။ ထိုဂါထာတစ်ပုဒ်သည်ပင်
မြတ်သည် မဟုတ်ပါလော။
စာကိုး၊ ဓမ္မပဒ(သဟဿဝဂ်၊
ဗာဟိယဒါရုစီရိယမထေရ်ဝတ္ထု)
လွယ်ကော်အေး။
No comments:
Post a Comment