Monday, January 12, 2015

လက်ဆောင်များစွာပြန်ပေးသူ ( အရှင် သောဘိတ ဓမ္မာစရိယ ပေါက်ခေါင်း )

လက်ဆောင်များစွာ ပြန်ပေးသူ
အရှင်သောဘိတ
(ဓမ္မာစရိယ၊ ပေါက်ခေါင်း)
(၁)
          ပဏ္ဏာကာရဆိုတဲ့ ပါဠိကို လက်ဆောင်လို့ မြန်မာပြန်ကြပါတယ်။ လက်ဆောင်ပေးတဲ့အလေ့ အထဟာ ရှေးနှစ်ပေါင်းများစွာက ပင် ရှိခဲ့ပါတယ်။ မေဏ္ဍကသူဌေးရဲ့မြေး ကောသလတိုင်း သာကေတ မြို့က ဝိသာခါရဲ့ လက်ထပ်ပွဲ အပြီးမှာ ဝိသာခါဟာ သတို့သား ရှိရာ သာဝတ္ထိပြည်သို့ လိုက်ပါ သွားရပါတယ်။
          သာဝတ္ထိပြည်သို့ရောက်တော့ သာဝတ္ထိပြည်က မိတ်ဆွေတွေ၊ မိတ်ဆွေ မဟုတ်ပေမဲ့ ဝိသာခါရဲ့ သူဌေးသမီးဆိုတဲ့ဂုဏ်၊ ကိုယ်ကျင့် သီလရှိတယ် ဆိုတဲ့ ဂုဏ်တွေကို ကြည်ညိုလေးစားသူတွေကလည်း မင်္ဂလာလက်ဆောင်တွေ လာပေးကြပါတယ်။ဝိသာခါကလည်း လက်ဆောင်တွေ ပြန်ပေးခဲ့ပါတယ်။
          ဒီလို ရှေးနှစ်ပေါင်းနှစ်ထောင်ကျော်လောက်ကတည်းက လက်ဆောင်ပေးတဲ့ အလေ့အကျင့် တွေ ရှိခဲ့ကြပါတယ်။ တိုင်းပြည်အုပ်ချုပ် သူ မင်းအချင်းချင်းလည်း လက်ဆောင်တွေ အသွားအပြန် ပေးကြတာကို ပိဋကတ်စာပေတွေမှာ၊ မြန်မာရာဇဝင်တွေမှာ တွေ့ကြရပါတယ်။
          လက်ဆောင်ပေးတဲ့ အလေ့ အကျင့်ဟာ ယခုခေတ်မှာလည်း ဆက်လက်ရှင်သန်လျက် ရှိပါတယ်။ မွေးနေ့လက်ဆောင်၊ မင်္ဂလာလက်ဆောင်၊အတတ်ပညာရှင်တွေ၊ရိုးသား ကြိုးစားသူတွေ အတွက် ဂုဏ်ပြုလက်ဆောင်၊ သူငယ်ချင်းမိတ်ဆွေ အချင်းချင်း ခင်မင်လေးစားလို့ ပေးတဲ့ လက်ဆောင် စသည်ဖြင့် လက်ဆောင်တွေ ပေးကြပါတယ်။
          လက်ဆောင်တွေ ပေးတော့  ပေးတဲ့သူကလည်း ငါလက်ဆောင် ပေးတော့မယ်၊ ငါလက်ဆောင်တွေ ပေးနေဆဲ၊ ငါလက်ဆောင်တွေပေးခဲ့ပြီလို့ အချိန်ကာလအားလျော်စွာ ဝမ်းမြောက်မှုတွေ ဖြစ်ရပါတယ်။
          လက်ဆောင် အပေးခံရတဲ့သူကလည်း ငါလက်ဆောင်တွေ ရတော့မယ်၊ လက်ဆောင်တွေ ရနေ ဆဲ၊ လက်ဆောင်တွေရခဲ့ပြီလို့ အချိန်ကာလ အားလျော်စွာ ဝမ်းမြောက် ကြရပါတယ်။
          လက်ဆောင် ပေးသူ၊ လက်ဆောင်ရသူ နှစ်ဦးတို့ဟာ အချင်းချင်း ချစ်ခင်လေးစားတဲ့ မျက်လုံး၊  တစ်ယောက်အကျိုးစီးပွားကို တစ် ယောက်က လိုလားတဲ့မျက်လုံးတွေဖြင့် ကြည့်ပြီး ဝမ်းမြောက်ကြရပါ တယ်။
          မွေးနေ့ပွဲတွေ၊ မင်္ဂလာပွဲတွေ၊ ဂုဏ်ပြု ပူဇော်ပွဲတွေမှာ ပေးတဲ့ လက်ဆောင် ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေအချင်းချင်းပေးတဲ့ လက်ဆောင်တွေ ဖြစ်စေ၊ အပေးခံရသူဟာ ပေးတဲ့သူတို့ရဲ့မွေးနေ့ပွဲတွေ၊ မင်္ဂလာပွဲတွေမှာဖြစ်စေ၊ ဂုဏ်ပြုပူဇော်ပွဲတွေမှာဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေအချင်းချင်း လက်ဆောင် ပြန်ပေးရမယ့်အခါမှာဖြစ်စေ၊ များသောအားဖြင့် သူတို့ပေးခဲ့ဖူးသော လက်ဆောင်နှင့် တန်ဖိုးမျှသော လက်ဆောင်ကိုဖြစ်စေ၊ သူတို့ပေးတဲ့လက်ဆောင်ထက် သာလွန်တဲ့ လက်ဆောင်ပစ္စည်းကို ဖြစ်စေ ပြန် လည် ပေးတတ်ကြပါတယ်။
          ဒါမှလည်း ပထမလက်ဆောင်ပေးခဲ့တဲ့သူ ဝမ်းမြောက်မှာ ဖြစ်ပါတယ်။ ဒီလို လောကသဘာဝ အလျောက် သူ့ထက် မနိမ့်ကျအောင်ဆိုပြီး လက်ဆောင်တွေ ပြန်လည်ပေးတတ်ကြပါတယ်။

(၂)
          ၁၉၈၈-ခုနှစ်က စာရေးသူ ပေါက်ခေါင်းမြို့၊ အသောကာရုံ ကျောင်းတိုက်မှ ပြည်မြို့၊ဇောတိကာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်သို့ စာပေသင်ကြားရန်အတွက် ပြောင်းခဲ့ပါတယ်။ ပြည်မြို့က ဒါယကာ ဒါယိကာမတွေက စာရေးသူ ဆွမ်းခံ ကြွတဲ့အခါ သပိတ်အပြည့် ဆွမ်း လောင်းကြပါတယ်။ မုန့်တွေ သစ်သီးတွေလည်း လောင်းကြလို့ သပိတ်ဖုံးပေါ်မှာတင်ပြီး ယူခဲ့ရပါတယ်။အဲဒီ ဆွမ်းတွေ၊မုန့်တွေ၊သစ်သီးတွေကို စာရေးသူက ဇောတိကာရုံ ပါဠိတက္ကသိုလ် သံဃာတော် လေးရာ ကျော်ထဲက ဆွမ်းနည်းတဲ့ ရဟန်း၊ ဂီလာရဟန်း၊ အာဂန္တုက ရဟန်းတွေကို လှူဒါန်းပါတယ်။ သပိတ်ထဲရှိသမျှ ဆွမ်းတွေကို အကုန် လှူဒါန်းခြင်းဖြစ်ပါတယ်။ စာရေးသူ ဆွမ်းဘုဉ်းပေးဖို့အတွက်တော့ စာရေးသူတို့ စုပေါင်းစားတဲ့ ဆွမ်းဝိုင်းက ဦးဇာဂရ(မင်းတုန်း)နှင့် ဦးဣန္ဒာစာရ(မိုးညို)စတဲ့ သီတင်းသုံးဖော်တွေက ဝိုင်းဝန်းလှူဒါန်း ကြပါတယ်။ ဆွမ်းတွေ လှူဒါန်းခဲ့တာ ကိုးနှစ်လောက် ကြာခဲ့ပါတယ်။
          ၁၉၉၈-ခုနှစ်မှာတော့ စာပေ ဗဟုသုတတွေ၊ ဒေသန္တရ ဗဟုသုတတွေ ရရှိအောင်လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ဒက္ခိဏာရာမ ဘုန်းကြီးကျောင်းတိုက်၊ ဒေါနခြံ ကျောင်းဆောင်သို့ ပြောင်းခဲ့ပါ တယ်။ စာရေးသူ ဆွမ်းခံကြွတော့  မန္တလေးက ဒါယကာ ဒါယိကာမတွေကလည်း ဆွမ်းသပိတ် ပြည့်အောင် လောင်းလှူကြပါတယ်။ မုန့်တွေ သစ်သီးတွေကတော့ ပြည်မှာထက် ပိုပြီးရပါတယ်။
          မဟာမြတ်မုနိဘုရားကြီးမှာ နေ့စဉ် ဆွမ်းကပ် ဘုရားဝတ်လည်း ပြုခဲ့ပါတယ်။ ဘုရားဝတ်ပြုစဉ် နေ့ စဉ် ဘုရားဝတ်ပြုလာတဲ့ ၈၄-လမ်း က ပိဋကတ်တော် ပြန့်ပွားရေးပုံ နှိပ်တိုက်ပိုင်ရှင်သမီး ဒေါ်ဝင်းနွဲ့နွဲ့က နေ့စဉ် မုန့်များ လှူဒါန်းပူဇော် ပြီး လိုအပ်တဲ့ပစ္စည်း အလှူခံရန်လည်း ဖိတ်ကြား ခဲ့ပါတယ်။ ဘုရားကြီး တောင်ဘက် အသောကာရုံ ကျောင်းတိုက်၊ဇောတိကာရုံကျောင်းဆောင်မှာ နေ့စဉ် သပိတ်ထက်ဝက် ခွဲပြီး ဆွမ်းလှူခဲ့ပါတယ်။ မုန့်တွေ သစ်သီးတွေကိုလည်း ဒက္ခိဏာရာမ ကျောင်းတိုက်၊ နယားဆရာတော် ဦးမေဃိယာဘိဝံသနှင့် ဒေါနခြံကျောင်းဆောင်မှ သံဃာတော်တို့အား လှူဒါန်းပူဇော်ပါတယ်။
          တစ်နေ့ ၈၂ - လမ်းမှာ ဆွမ်း ခံြွကတော့ တိုက်အိမ် တစ်အိမ်မှ ဒါယကာတစ်ယောက်က မုန့်တစ်ထုပ် လှူဒါန်း ပူဇော်ပါတယ်။ သူ လှူဒါန်းပြီး တိုက်ထဲ ပြန်ဝင်တော့  သုံးနှစ်သမီးဝန်းကျင် တူမလေးဖြစ် ဟန်ရှိသူက -
          “လေးလေး ဘာဖြစ်လို့ ဘုန်းကြီးကို မုန့်သွားပေးတာလဲ” လို့ မေးသံကြားလိုက်ပါတယ်။ ဒီတော့ ဒါယကာလေးက -
          “ပေးတာ မဟုတ်ပါဘူးကွ၊ လှူတာ လှူတာ”လို့ ပြန်ရှင်းပြသံ ကြားရပါတယ်။
          “မုန့်ယူသွားတဲ့ ဘုန်းကြီးက လေးလေးကို ဘာပြန်ပေးမှာလဲ” လို့ဆက်မေးရင်တော့ ဦးလေးဖြစ် သူက ဘယ်လိုပြန်ဖြေမယ်မသိနိုင် ပါ။ အဲဒီဘုန်းကြီးကို ဘာလို့ မုန့်ပေးရတာလဲဆိုတဲ့ ကလေးရဲ့ စူးစမ်း ဆင်ခြင်ဥာဏ်ဖြင့် မေးတဲ့ ဘာသာရေးမေးခွန်းဆန်ဆန် စကားလေးကို စာရေးသူ မမေ့နိုင်ဘဲဖြစ်နေပါတယ်။
          အဲ့ဒီအိမ်က ဆွမ်းချက်နောက် ကျတဲ့နေ့တိုင်း စာရေးသူအား မုန့်ထုပ် အမြဲ လှူဒါန်းပါတယ်။ ဒီလို စာရေးသူ သုံးနှစ်လောက်နေခဲ့လို့  သုံးနှစ်အတွင်း လှူဒါန်း ပူဇော်နေတဲ့ ဒါယကာလေးကို စာရေးသူက ဘာတွေ လက်ဆောင်ပြန်ပေးခဲ့ပါသလဲ။ မြန်မာပြည်မှာ သံဃာတော် လေးသိန်းဝန်းကျင် လောက်ရှိတယ် လို့ သိရပါတယ်။ အဲဒီသံဃာတော် တို့ရဲ့ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ဆေး တို့အတွက် မြန်မာပြည်သူပြည်သားတွေက နေ့စဉ် လှူဒါန်းပူဇော်နေ ကြရပါတယ်။ သံဃာတော်တွေက ဒါယကာ ဒါယိကာမတွေကို ဘာလက်ဆောင်တွေပြန်ပေးခဲ့ပါသလဲ။

(၃)
          မန္တလေးမြို့ ၈၂-လမ်းက တိုက်ရှေ့မှာ နံနက် (၈းဝ၀) နာရီဝန်းကျင် အချိန် ဆွမ်းခြွံကတဲ့ စာရေးသူဟာ ပထဝီရုပ်(မြေရုပ်)၊ တေဇောရုပ်(မီး ရုပ်)၊ အာပေါရုပ်(ရေရုပ်)၊ ဝါယော ရုပ်(လေရုပ်)၊ စက္ခုပသာဒရုပ် စတဲ့ ရုပ်တရားများစွာဖြင့် ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် ဖြစ်ပါတယ်။ ရုပ်တရားများစွာ ထဲမှာ ရူပါရုံဆိုတဲ့ ရုပ် တရားတစ်ခု ပါဝင်ပါတယ်။ အခြား ရုပ်တွေကို စက္ခုပသာဒဖြင့် ရှုကြည့်လို့ မမြင်ရပါဘူး။ ရူပါရုံရုပ်တစ်ခုကိုပဲ စက္ခုပသာဒရုပ်ဖြင့် မြင်နိုင်ပါတယ်။ တိုက်ထဲမှာရှိနေတဲ့ ဒါယကာရဲ့ မျက်စိမှာ စက္ခုပသာဒ ရုပ် အကြည်ဓာတ်ရှိပါတယ်။ ရူပါရုံကို ဖမ်းယူနိုင်ပါတယ်။
          စာရေးသူရဲ့ရူပါရုံနဲ့ ဒါယကာ ရဲ့စက္ခုပသာဒရုပ်တို့ ပေါင်းပေါင်း ဆုံမိတဲ့အခါ ဒါယကာမှာ စက္ခု ဝိညာဏ်စိတ် ဖြစ်ပါတယ်။ စက္ခု ဝိညာဏ်စိတ်ရဲ့အခြားမဲ့မှာ ရူပါရုံကို ခံယူတတ်တဲ့ သမ္ပဋိစ္ဆနစိတ် ဖြစ်ပါ တယ်။ သမ္ပဋိစ္ဆနစိတ်ရဲ့အခြားမဲ့မှာ ရူပါရုံကို စုံစမ်းတတ်တဲ့ သန္တီရဏ စိတ်ဖြစ်ပါတယ်။ သန္တီရဏစိတ်ရဲ့ အခြားမဲ့မှာ ရူပါရုံကို မှတ်တတ်တဲ့ ဝုဋ္ဌောစိတ် ဖြစ်ပါတယ်။
          ဝုဋ္ဌောစိတ်ရဲ့အခြားမဲ့မှာ မြတ် သောအကျင့်ကိုကျင့်နေတဲ့ ရဟန်းြွကလာတာပဲ၊ ရဟန်း ချမ်းသာစွာ စားရအောင်၊ တို့လည်း ကုသိုလ် ဖြစ်အောင် ဆွမ်းလှူဦးမှပဲ၊ ဆွမ်း မကျက်သေးရင် မုန့်လှူဦးမှပဲ စသဖြင့် သင့်လျော်သောအားဖြင့် နှလုံး သွင်းစိတ်ထားခြင်း ယောနိသော မနသိကာရ ယှဉ်တွဲလာပါတယ်။
          ယောနိသောမနသိကာရ  စေတသိက်နှင့်အတူ ရဟန်းကို ဆွမ်းလှူမယ်ဆိုတဲ့ မဟာကုသိုလ် ဇော စိတ်တွေဖြစ်ပေါ်လာပါတယ်။မဟာကုသိုလ်(ကာမာဝစရကုသိုလ်) စိတ်တို့နှင့်အတူ ဖဿ၊ဝေဒနာ၊ သညာ၊ စေတနာစတဲ့ အညသမာန်း စေတသိက် (၁၃) ပါး၊ သဒ္ဓါ၊ သတိ၊ ဟိရိ၊ ဩတ္တပ္ပ၊ အလောဘ၊ အဒေါသ၊ အမောဟစတဲ့ သောဘန စေတသိက်(၂၅)ပါးတို့ဟာ ကုသိုလ်စိတ် အားလျော်စွာ ယှဉ်မှီပြီး ဖြစ်ကြ ပါတယ်။
          စက္ခုဝိညာဏ်စိတ်မှ စပြီးဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တရားတွေဟာ ဟဒယဝတ္ထုရုပ် ဆီသို့ ရောက် အောင်သွားပြီး ဟဒယ ဝတ္ထုရုပ်ထဲမှာ လျင်မြန်စွာ ဖြစ်ပေါ်ကြပါတယ်၊ ဒီတော့ ဟဒယဝတ္ထုရုပ် မှတစ်ဆင့် ကိုယ်တွင်းမှာရှိနေတဲ့ ဝါယောရုပ်(လေရုပ်)တွေကို လှုပ်ရှား တွန်းကန်စေပြီး ထိုင်နေ၊ ရပ်နေတဲ့ ဒါယကာရဲ့ရုပ်တရားကို ဆွမ်းအိုး ဆွမ်းခွက်ရှိရာ၊ မုန့်သစ်သီးရှိရာ ဌာနသို့သွားစေကာ ဆွမ်းတွေကို ဖြစ်စေ၊ မုန့်၊ သစ်သီးတို့ကိုဖြစ်စေ ယူလာလျက် စာရေးသူအား လောင်းလှူလိုက် ပါတော့တယ်။
          ကာမာဝစရကုသိုလ်စိတ် ဖြစ်တဲ့အခါမှာ ခုနစ်ကြိမ် (ခုနစ်စိတ်) လောက် ဆက်တိုက်ဖြစ်ကြပါတယ်။ ခုနစ်စိတ်မြောက် ကုသိုလ်စိတ်ရဲ့ အခြားမဲ့မှာတော့ ယင်းကုသိုလ်ကိုပဲ အာရုံပြုတဲ့ တဒါရုံ ဝိပါက်စိတ် နှစ်ကြိမ်နှင့် ဘဝင်စိတ်တွေများစွာ ဖြစ်ကြပါတယ်။ ဘဝင်စိတ်တွေက အာရုံကို ထင်ရှားစွာမသိကြတော့ပါဘူး။ မြတ်စွာဘုရား ထုတ်ဖော် ဟောတော်မူလို့ ဘဝင်စိတ် ဖြစ် ကြောင်းသိရတာ ဖြစ်ပါတယ်။
          ဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ် ခုနစ်ခုဟာ ကာလ သုံးမျိုး ခွဲပြီး အကျိုးပေးနိုင်ပါတယ်။ ပထမဖြစ် ပေါ်လာတဲ့ ကုသိုလ်စိတ်ဟာ ယခု ပစ္စုပ္ပန်ဘဝမှာပဲ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းခြင်း၊ ရှေးဘဝများစွာက ပြုခဲ့တဲ့ အပရာပရိယကုသိုလ်ကံတို့ အကျိုးပေးခွင့်ရခြင်း၊ လူအများချစ် ခင်နှစ်သက်ခံရခြင်း စတဲ့ အကျိုး တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
           အလွန် သီလဖြူစင်တဲ့ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ် တွေက ဈာန် အဘိညဏ် သမာဓိ တရားဖြင့် စိတ်၊ စေတသိက်တွေကို ချုပ်ငြိမ်းအောင် ပြုလုပ်ပြီး ခုနစ်ရက် ကြာမှ စိတ်စေတသိက်တို့ရဲ့ဖြစ်ပေါ်ခွင့်ကို ပေးတဲ့ နာမ်တန်ခိုးသတ္တိတွေ ရှိနေကြပါတယ်။ နိရောဓသမာပတ် ဝင်စားတယ်လို့ ခေါ်ပါတယ်။
           အဲဒီ ပုဂ္ဂိုလ်တွေ စိတ် စေတသိက်ချုပ်ငြိမ်းရာမှ ခုနစ်ရက် ကြာတဲ့အခါ စိတ်စေတသိက်တို့ရဲ့ ဖြစ်ပေါ်ခွင့်ကို ပေးတဲ့အခါ အစာ အာဟာရတွေ လိုအပ်နေပါတယ်။ အဲဒီအချိန်မှာ အစာအာဟာရတွေ ပေး လှူပူဇော်မိရင်တော့ ပစ္စုပ္ပန် ဘဝမှာပဲ ကြီးပွားချမ်းသာခြင်း အကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
          နောက်ဆုံးကုသိုလ်စိတ်ဖြစ်တဲ့ ခုနစ်ခုမြောက်စိတ်ကတော့ ဒုတိယ ဘဝမှာ အကျိုးပေးပါတယ်။ သတ္တဝါ တို့ ကွယ်လွန်ခါနီးအချိန်ရောက် တော့ မျက်စိတွေ၊နားတွေ၊ နှာခေါင်းတွေ၊ လျှာတွေ၊ ကိုယ်တွေမှာ မြင်သိစိတ်၊ ကြားသိစိတ်၊ နံ သိစိတ်၊ စားသိစိတ်၊ တွေ့သိစိတ်တွေ မဖြစ်တော့ပါဘူး။ ဒီတော့ စိတ်က အာရုံ တစ်ခုခုမှာ မှီပြီးဖြစ်တတ်တဲ့အတွက် ပစ္စုပ္ပန်အာရုံကို မှီလို့မရတော့ ဟဒယဝတ္ထုရုပ်(နှလုံးရုပ်)ထဲမှာ ရှိတဲ့စိတ်က အတိတ်ကို အာရုံပြုလိုက်ပါတယ်။
          ဟဒယဝတ္ထုရုပ်(နှလုံးရုပ်)ထဲ မှာရှိတဲ့စိတ်ဟာ ထူးဆန်းပါတယ်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ဆို တဲ့ ကာလ သုံးပါးကို အာရုံပြုနိုင်ပါတယ်။
          ကွယ်လွန်ခါနီး အချိန်မှာတော့ အတိတ်ကို အာရုံပြုလိုက်ပါတယ်။ ဒီတော့ မကွယ်လွန်ခင် အတိတ် ကာလက  ဆွမ်းလောင်းမယ်၊ သင်္ကန်းလှူမယ်လို့ ဖြစ်ပေါ်လာတဲ့ စေတနာ စေတသိက်လေးဟာ အသစ်ပြုရသလို ပြန်လည်ဖြစ်ပေါ် လာပါတယ်။ ကံအာရုံ၊ ကံနိမိတ် ထင်တယ်လို့ ခေါ်ပါတယ်။ စေတနာ အားလျော်စွာ လှူမယ်ဖြစ်တဲ့ ဆွမ်း၊ သစ်သီး၊ မုန့်၊ သင်္ကန်း စသည်တို့ ကိုယူနေတဲ့ အမူအရာ၊လောင်းလှူ ပူဇော်နေတဲ့အမူအရာ စသည်တို့လည်း ထင်မြင်လာနိုင်ပါတယ်။ ဒါကတော့ ကမ္မနိမိတ်ထင်တယ်လို့ ခေါ်ပါတယ်။ ကုသိုလ်ပြု စဉ်က အမူအရာများ ဖြစ်ကြပါတယ်။
           မိမိကံအားလျော်စွာ တွေ့ရမယ့်၊ ရောက်ရမယ့် လူမိခင်ရဲ့ဝမ်း ရေပြား၊ လူမိခင်ရဲ့အသွင်တို့လည်း ထင်မြင်လာတတ်ပါတယ်။ မိမိနေ ရမယ့် နတ်ဗိမာန်နှင့်နတ်ပဒေသာပင်၊ နတ်သမီး၊ နတ်သားအသွင် တွေလည်း မနောဒွါရ လို့ ခေါ်တဲ့ ဟဒယဝတ္ထုရုပ်(နှလုံးရုပ်)မှာ ဖြစ်စေ၊ စက္ခုပသာဒရုပ် စသည်မှာ ဖြစ်စေ ထင်မြင်လာတတ်ပါတယ်။ ဒါကတော့ လူ့ပြည်၊ နတ်ပြည်တို့မှာ သွားရောက် ပဋိသန္ဓေယူရမယ့် ဂတိနိမိတ်ထင်မြင်လာခြင်း ဖြစ်ပါတယ်။
          မိမိ ဂတိနိမိတ်ထင်ရာဌာနမှာ နေမယ်လို့လည်း စိတ်ဆုံးဖြတ်လိုက်ရော ယခု လူ့ဘဝရဲ့နောက်ဆုံးစိတ် စုတေ(သေ)စိတ်ဟာ ဖြစ်ပြီး၊ ဒုတိယ ဘဝမှာ မိမိဂတိနိမိတ်အားလျော်စွာ လူမိခင်ရဲ့ဝမ်းမှာ ပဋိသန္ဓေနေရ ခြင်း၊ နတ်ပြည်မှာ ပဋိသန္ဓေစိတ် ဖြစ်ခြင်းအကျိုးတရားတွေကို ဖြစ်  စေနိုင်ပါတယ်။ ဒီလိုဇောခုနစ်လုံးထဲက နောက်ဆုံးဖြစ်တဲ့ ခုနစ်ခု မြောက်သောစိတ်ဟာ ဒုတိယဘဝမှာ အကျိုးပေးနိုင်ပါတယ်။
          ကုသိုလ်ဇောစိတ် ခုနစ်လုံးထဲ က ပထမစိတ်၊ သတ္တမစိတ်တို့ကို ထားပြီး အလယ်မှာဖြစ်တဲ့ ငါးလုံး သော ကုသိုလ်စိတ်တို့ကတော့ တတိယဘဝမှစပြီး လူ့ဘဝ၊ နတ် ဘဝတွေမှာ အကျိုးပေးပါတယ်။ နိဗ္ဗာန်ချမ်းသာကိုရည်မှန်းပြီး လှူ ဒါန်း ပူဇော်ထားတဲ့ ကုသိုလ် ဆိုရင် နိဗ္ဗာန်ချမ်းသာရသည့်ဘဝတိုင်အောင် ကောင်းကျိုးတရားတွေကို ပေးနိုင်ပါတယ်။
           စိတ်တွေက လက်ဖျစ် တစ်တွတ်၊ လျှပ်တစ်ပြက်အတွင်းမှာ ကုဋေတစ်သိန်းလောက် ဖြစ်ပေါ် ခြင်း၊ ချုပ်ငြိမ်းခြင်းတို့ ဖြစ်ကြပါတယ်။ ဆွမ်းလောင်းလှူရန်အတွက် လုံ့လပြုရတာ လေးမိနစ်၊ ငါးမိနစ် မျှကြာမယ်ဆိုရင် ကုသိုလ်စိတ်တွေဟာ ကုဋေပေါင်းများစွာ ဖြစ်မှာ ဖြစ်ပါတယ်။
          ခုနစ်လုံးမျှလောက်သော ကုသိုလ်စိတ်ကလေးကပင် ကာလ သုံးမျိုးခွဲပြီး လူ့ဘဝ၊ နတ်ဘဝနှင့် နိဗ္ဗာန်ချမ်းသာ ရည်မှန်းပြီး လှူဒါန်း ပူဇော်လျှင် နိဗ္ဗာန်ချမ်းသာရသည့် တိုင်အောင် ကောင်းကျိုး တွေဖြစ်စေနိုင်တော့ ကျန်တဲ့ကုဋေပေါင်းများစွာ သောကုသိုလ်စိတ်တို့ကတော့ များစွာ သောဘဝတွေမှာ ကောင်းကျိုး တရားတွေကိုရရှိစေပြီး နိဗ္ဗာန် ရည်မှန်း လှူဒါန်းထားလျှင် နိဗ္ဗာန် ချမ်းသာမရမချင်း ကောင်းကျိုးတွေကို ပေးနေမှာဖြစ်ပါတယ်။
          သာသနာတော်တွင်း ကာလမှာ ကုသိုလ်ကောင်းမှုလေး တစ်ကြိမ် ပြုလိုက်ရုံမျှဖြင့် အဲဒီကောင်းမှုမှာ ဖြစ်ပေါ်လာတဲ့ နာမ်စွမ်းအင် တန်ခိုး သတ္တိတွေဟာ ကြီးမားလှပါတယ်။ ရောက်မလာသေးတဲ့ အနာဂတ် စွမ်းအင် သတ္တိများစွာကို ပိုင်ဆိုင် သွားပါတယ်။ အံ့ဩဖွယ်ရာလည်း ဖြစ်ပါတယ်။
          ပိဋကတ်စာပေ၊ ထေရာပဒါန် ပါဠိတော် မြန်မာပြန်မှာတွေ့ရတာကတော့ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းလောက်က ပွင့်တော်မူခဲ့တဲ့ ပဒုမုတ္တ ရဘုရားရှင်အား ဒါယကာတစ်ဦးက (ဆွမ်းအလို့ငှာ) ငှက်ပျောသီးတွေ လှူဒါန်းပူဇော်လိုက်ပါတယ်။ လှူဒါန်း ပူဇော်မှု ကုသိုလ်မှုစေတနာစွမ်းအင် ကြောင့် ဘယ်လိုအကျိုးတွေ ပေးမှာလဲလို့ ပဒုမုတ္တရဘုရားရှင်က အနာဂတံသအဘိဥာဏ်ဖြင့် ဆင်ခြင်ကြည့်တော်မူပါတယ်။
          အနာဂတံသအဘိဥာဏ် ဆို တာ ဒိဗ္ဗစက္ခုအဘိÓာဏ်ကြောင့် ဆက်လက်ဖြစ်ပေါ်တဲ့ ဥာဏ်ဖြစ်ပါ တယ်။ အလွန်တည်ကြည်တဲ့ ဈာန် သမာဓိစွမ်းအင်ကြောင့် ဖြစ်တဲ့ ဥာဏ် ဖြစ်ပါတယ်။ အဘိဥာဏ်ဖြင့် ဆင်ခြင်ကြည့်တော်မူပြီး ယခုလို ဗျာဒိတ်စကားကို မိန့်ဆိုတော်မူပါတယ်။
          “အကြင်သူသည် ငါဘုရားကို (ဆွမ်းအလို့ငှာ) ငှက်ပျောသီးတို့ဖြင့် လုပ်ကျွေး၏။ ထိုသူကို ငါသည် ဗျာဒိတ်စကား ပြောကြားပေအံ့။ ပြောကြားမည့်ငါ၏စကားကို နားထောင်ကြကုန်လော့”
          ထိုသူသည် တစ်ဆယ့်ရှစ်ကြိမ် တိုင်တိုင် သိကြားမင်း ဖြစ်လတ္တံ့၊ သုံးဆယ့်လေးကြိမ် စကြဝတေး မင်း ဖြစ်လတ္တံ့၊ ကမ္ဘာတစ်သိန်း အထက်၌(နောင် ကမ္ဘာတစ်သိန်း ကြာသောအခါ) ဥက္ကာကမင်းမျိုး၌ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သောဘုရားရှင်သည် လောက ၌ ပွင့်လတ္တံ့။
          ထိုသူသည် ထိုဂေါတမဘုရား ၏တရားတို့၌ တရားအမွေခံရင်သွေး ဖြစ်၍ ကုဏ္ဍဓာနအမည်ဖြင့် ထင်ရှားသော(ဈာန်မဂ်ဖိုလ်၊နိဗ္ဗာန် ချမ်းသာရသည့်) တပည့်သာဝက ဖြစ်လတ္တံ့ဟု မိန့်တော်မူပါတယ်။ (ထေရာပဒါန်ပါဠိတော် မြန်မာပြန်၊ ကုဏ္ဍဓာနတ္ထေရအပဒါန် စာမျက် နှာ ၉၃-မှ)
          ပဒုမုတ္တရဘုရားရှင် ပွင့်တော်  မူတဲ့အခါမှာပဲ ဟံသာဝတီမြို့က လူတစ်ယောက်ဟာ နွားစာအလို့ငှာ မြက်ရိတ်ပြီး မြက်ကို ရောင်းကာ  အသက်မွေးရပါတယ်။ အလွန်ဆင်းရဲသူဖြစ်ပါတယ်။
          တစ်နေ့ ပဒုမုတ္တရဘုရားရှင်ကို တွေ့တော့ သူ့မှာအပိုရှိနေတဲ့ ပုဆိုး တစ်ထည်ကို (သင်္ကန်းချုပ်ဝတ်ရန် အတွက်) ဘုရားရှင်အား လှူဒါန်း ပူဇော်လိုက်ပါတယ်။
          ပဒုမုတ္တရဘုရားရှင်က ခုလို လှူဒါန်း ပူဇော်လို့ လှူဒါန်းသူမှာ ဘယ်လိုအကျိုးတွေ ပေးမှာလဲလို့  ဈာန်အဘိဥာဏ်ဖြင့် ဆင်ခြင်ကြည့် ပြီး ယခုလို ဗျာဒိတ်စကားကို မိန့် ကြားတော်မူပါတယ်။
          “ဤပုဆိုးတစ်ထည်(သင်္ကန်း ချုပ်ဝတ်ရန်အလို့ငှာ)ကို လှူရခြင်း ကြောင့်လည်းကောင်း၊ တောင့်တ မှုကြောင့် လည်းကောင်း၊ ကမ္ဘာတစ်သိန်းပတ်လုံး ပျက်စီး၍ ကျရောက်ရာ အပါယ်သို့မလား လတ္တံ့၊ သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသည် ဖြစ်၍ နတ် မင်းအဖြစ်ကို ပြုရလတ္တံ့၊ သုံးဆယ့် သုံးကြိမ်တိုင်တိုင် စကြဝတေးမင်း လည်း ဖြစ်လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ်ကိုကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
          သင်သည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း၊ ကျင်လည်ရသည်ရှိသော် အဆင်း လှသူသည်လည်းကောင်း၊ (ကိုယ်ကျင့်သီလရှိခြင်း၊ ချမ်းသြွာကယ်ဝ ခြင်း စသော) ဂုဏ်နှင့် ပြည့်စုံသူ သည်လည်းကောင်း၊ (သူတစ်ပါးတို့ က) မနှိပ်စက်နိုင်သောကိုယ် ရှိသူ သည် လည်းကောင်း ဖြစ်လတ္တံ့။ ရန်သူသည် မချောက်ချားနိုင်သော (မယူနိုင်သော)  မနှိုင်းယှဉ်နိုင်သည့် အဝတ်ပုဆိုးကို အလိုရှိတိုင်း ရလတ္တံ့ဟု မိန့်တော်မူပါတယ်။ (ထေရာပဒါန်ပါဠိတော် မြန်မာပြန်၊ သကိံ သမ္မဇ္ဇကဝဂ်၊ ဧကဒုဿ ဒါယက- တ္ထေရ အပါဒါန်၊ စာမျက်နှာ ၂/၃မှ)
          ပိဋကတ်စာပေမှာလာတဲ့ ရှေး ကဖြစ်ခဲ့တဲ့ အကြောင်းအရာလေး နှစ်ခုကို ပြန်လည် သုံးသပ်ကြည့် မယ်ဆိုရင် ကောင်းမှုရှင်တို့ ပြုတဲ့ ကုသိုလ်တွေဟာ အနည်းငယ်မျှသော ငှက်ပျောသီး အလှူ၊ အဝတ် ပုဆိုးအလှူတို့ ဖြစ်ကြပါတယ်။
          လှူဒါန်းပူဇော်မှု အချိန်ကာလ ကလည်း ငှက်ပျောသီးအလှူ ဆိုရင် ၁၅-မိနစ်၊ ၂၀-မိနစ်အတွင်းမှာ ပြီးသွားနိုင်ပါတယ်။ အဝတ်ပုဆိုး အလှူဆိုရင် ငါးမိနစ်အတွင်းမှာ ပြီးသွားနိုင်ပါတယ်။ ပြုလုပ်မှု အချိန် ကာလကလည်း တိုတောင်းလှပါ တယ်။
          လှူဒါန်းပူဇော်မှုက နည်း၊ ပြု လုပ်မှုအချိန်ကာလကလည်း နည်းပြီး ရရှိမည့်အကျိုးတွေ၊ အကျိုးကို ခံစားရမယ့် အချိန်ကာလတွေက တော့ များလွန်းလှ ရှည်လျားလှပါတယ်။ ဖြစ်နိုင်ပါ့မလားလို့တောင် သံသယဝင်ဖွယ် ဖြစ်ပါတယ်။ ကံ အကြောင်းတရားရဲ့အကျိုးပေးတရားဟာ မကြံစည်နိုင်လောက်အောင် ဖြစ်ပါတယ်။ ကြံစည် တွေးတော နေရင် ကြံစည်တွေးတောသူမှာပဲ ကိုယ်စိတ်နှစ်ပါးပင်ပန်းခြင်း၊ စိတ်ပျံ့လွင့်ခြင်းတွေ ဖြစ်တတ်ပါတယ်။
          လောကဥပမာဖြင့် လယ်ယာ မြေကောင်းမှာ စိုက်ပျိုးလိုက်တဲ့ သရက်ပင်၊ သီးပင်၊ အုန်းပင် စတဲ့ သစ်သီးစေ့တွေကို ငါးစေ့၊ ခြောက် စေ့၊ ခုနစ်စေ့မျှ စိုက်ပျိုးလိုက်ပါတယ်။ အချိန်တန်လို့ သီးလာကြ သော် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာသော သရက်သီး၊သီး သီး၊ အုန်းသီး စသည်တို့ကို အချိန် ကာလကြာမြင့်စွာ သီးပေးနေသကဲ့သို့ ဖြစ်ပါတယ်။
          တစ်နည်းအားဖြင့် ကုသိုလ် နာမ်စွမ်းအားလျော်စွာ တူမျှသော အကျိုးကို ပေးခြင်းလည်း ဖြစ်ပါ တယ်။ကုသိုလ်စိတ်တွေမှာ စွမ်းအင် ပြည့်ဝတဲ့ စေတသိက်နာမ်တရား သုံးဆယ့်ရှစ်ပါးလောက် ယှဉ်တွဲပြီး ဖြစ်ပေါ်လာနိုင်ပါတယ်။
          အညသမာန်းစေတသိက် တစ် ဆယ့်သုံးပါး၊သောဘနသာဓာရဏ စေတသိက် ဆယ့်ကိုးပါး၊ ဝိရတီ စေတသိက် သုံးပါး၊ အပ္ပမညာ စေတသိက်နှစ်ပါး၊ပညိနြေ္ဒစေတသိက် တစ်ပါး၊ ပေါင်း သုံးဆယ့်ရှစ်ပါးသော စေတသိက်တို့ ကုသိုလ်စိတ် အားလျော်စွာ ယှဉ်မှီပြီး ဖြစ်ကြပါတယ်။
          ကုသိုလ်စိတ် အားလျော်စွာ ယှဉ်မှီပြီးဖြစ်တယ်ဆိုတာကတော့ ကောင်းမှုပြုစဉ် ဥာဏ်ယှဉ်မှု ဥာဏ် မယှဉ်မှု၊ ထက်သန်မှု မထက်သန်မှု စသည်တို့အပေါ်မှာ မူတည်ပြီး သောဘနစေတသိက်တွေ အပြည့်အစုံဖြစ်စေ၊ မပြည့်စုံဘဲဖြစ်စေ ဖြစ်တယ်လို့ ဆိုလိုပါတယ်။
          ဒီလို ကုသိုလ်စိတ်မှာ တန်ခိုး သတ္တိရှိတဲ့ ဖြူစင်တဲ့နာမ် စေတသိက်တွေ ယှဉ်တွဲဖြစ်ပေါ် ပါတယ်။ ဖြစ်ပေါ်ချိန်၊ ချုပ်ငြိမ်းချိန်တို့ဟာ အလွန်ပဲ လျင်မြန်လှပါတယ်။လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်အတွင်းမှာ ကုဋေတစ်သိန်းလောက် ဖြစ်ပေါ်မှု၊ ချုပ်ငြိမ်းမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။
          ဒီတော့ ဆွမ်းလောင်းလှူစဉ်၊ သင်္ကန်းကပ်လှူစဉ် အနည်းငယ် သောအချိန်ကာလ ဖြစ်တဲ့ လေး မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်မျှသော အချိန်ကာလအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ်တွေ၊ ကုသိုလ် စိတ်တွေနှင့် ယှဉ်တွဲဖြစ်တဲ့စေတသိက်တွေကို ရေတွက်ခြင်းငှာ မစွမ်းနိုင်တော့ပါဘူး။
          ရေတွက်ခြင်းငှာ မစွမ်းနိုင်တဲ့ စိတ်တွေထဲက စိတ်ကလေး ခုနစ်လုံးမျှကပင် ပစ္စုပ္ပန်အကျိုး၊ ဘဝသံသရာအကျိုး၊ ဒုတိယဘဝအကျိုး တွေကိုပေးနိုင်စွမ်းပါတယ်။ဒီတော့  ကျန်တဲ့ မရေတွက်နိုင်တဲ့ ကုသိုလ်စိတ်တို့ရဲ့အကျိုးပေးမှုကို ရေတွက်ခြင်းငှာ မစွမ်းနိုင်တော့ပါဘူး။
          ကုသိုလ်စိတ်ဟာ အင်အား သတ္တိတွေ၊ နာမ်စွမ်းအင်တွေ များစွာရှိတဲ့အတွက် ပဒုမုတ္တရဘုရား ရှင်က သူ့အား ငှက်ပျောသီးမျှ၊ ပုဆိုးတစ်ထည်မျှ လှူတဲ့ဒါယကာ နှစ်ဦးကို အနာဂတံသ အဘိညာဉ် ဖြင့် ကြည့်ပြီး “ငှက်ပျောသီးကို ဆွမ်းအလို့ငှာ လှူရသောကောင်း မှုကြောင့် တစ်ဆယ့်ရှစ်ကြိမ်တိုင် တိုင် သိကြားမင်း ဖြစ်ရလိမ့်မယ်၊ သုံးဆယ့်လေးကြိမ် စကြဝတေးမင်း ဖြစ်ရလိမ့်မယ်၊ နောင် ကမ္ဘာတစ်သိန်းလောက်မှာ ပွင့်တော်မူမယ့် ဂေါတမ ဘုရားရှင်လက်ထက်အခါမှာ (ဈာန် မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာကိုရမည့်) ကုဏ္ဍဓာန အမည်ရှိတဲ့ သာဝက ရဟန်းဖြစ်လိမ့်မယ်လို့ ဗျာဒိတ် စကားမိန့်ဆိုတော်မူခြင်းဖြစ်ပါတယ်။
          သင်္ကန်းချုပ်ရန်အလို့ငှာ ပုဆိုး တစ်ထည်လှူတဲ့ ဒါယကာကိုလည်း ဤပုဆိုးတစ်ထည်(သင်္ကန်းချုပ်ရန် အလို့ငှာ) လှူရသောကြောင့်လည်း ကောင်း၊ တောင့်တမှုကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းလုံး ပျက် စီး၍ ကျရောက်ရာ အပါယ်သို့ မလားလတ္တံ့၊သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသည် ဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ သုံးဆယ့်သုံးကြိမ်တိုင်တိုင် စကြဝတေးလည်း ဖြစ်ရလတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ်ကိုကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
          သင်သည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ကျင်လည်ရသည်ရှိသော် အဆင်း လှသူသည်လည်းကောင်း၊ (သီလ ရှိခြင်း၊ ချမ်းသာခြင်းစသော)ဂုဏ် နှင့်ပြည့်စုံသူသည်လည်းကောင်း၊ (သူတစ်ပါးတို့ မနှိပ်စက်နိုင်သော) ကိုယ်ရှိသူ၊ မနှိုင်းရှည့်နိုင်သော အဝတ်ပုဆိုးကို အလိုရှိတိုင်း ရသူ ဖြစ်လတ္တံ့လို့ ဗျာဒိတ်စကား မိန့်တော်မူခြင်းဖြစ်ပါတယ်။ ကောင်းမှု ပြုသူဟာ ပစ္စုပ္ပန်ဘဝမှာပါ လူအများ ချစ်ခင်ခံရခြင်း၊ ကောင်း သတင်းကျော်ကြားခြင်း၊ သူတော် ကောင်းတို့နှင့် တွေ့ကြုံရခြင်း၊ ငါးပါးသီလ လုံခြုံနေတတ်ခြင်း ဆိုတဲ့ အကျိုးတရားတွေကို ရရှိနိုင် ပါတယ်။
(၄)
          လူ့လောကမှာ ပေးကြတဲ့ လက်ဆောင်တွေကို ပစ္စည်းလက် ဆောင်၊ ဓမ္မလက်ဆောင်၊ မြင်ရ တဲ့ လက်ဆောင်၊ မမြင်ရတဲ့ လက်ဆောင်၊ ပစ္စုပ္ပန်ဘဝအတွက်လက်ဆောင်၊ သံသရာဘဝအတွက် လက်ဆောင်၊ ဘဝသံသရာမှာ မကြာခဏတွေ့ရသူကို ပေးတဲ့ လက်ဆောင်၊ ဘဝသံသရာမှာ အလွန် တွေ့ခဲသူကို ပေးတဲ့ လက်ဆောင် စသည်ဖြင့်များစွာခွဲခြားနိုင်ပါတယ်။
          ဒါယကာ ဒါယိကာမတွေက ပစ္စည်းလက်ဆောင်၊ မြင်ရတဲ့လက်ဆောင်၊ ပစ္စုပ္ပန်လက်ဆောင်တွေ ပေးလှူ ပူဇော်ကြပါတယ်။ ဒီလို လက်ဆောင်တွေပေးကြလို့ လက် ဆောင်တွေကို အမှီပြုပြီး ရဟန်း သံဃာတွေမှာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါးတို့ ဖြင့် ချမ်းသာစွာ နေကြရပါတယ်။ 
          လက်ဆောင်တွေကို အမှီပြုပြီး တရားစာတွေ ကျက်မှတ်ကြရ ပါတယ်။ တရားမှာ လာတဲ့အတိုင်း သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက် ကြောင်းတရားတွေကို အားထုတ် ကြရပါတယ်။ သာသနာတော် တည်တံ့ပြန့်ပွားအောင်၊ စာပေတွေ ပို့ချကြ၊ တရားတော်တွေကိုဟော ကြားနိုင်ကြပါတယ်။ ဒါယကာ ဒါယိကာမတို့ရဲ့ကျေးဇူးတရားဟာလည်း များလှပါတယ်။
          ဒီလိုလက်ဆောင်ပစ္စည်းတွေ အမြဲလှူနေတဲ့ ဒါယကာဒါယိကာမ တို့အား စာရေးသူတို့ ရဟန်းသံဃာ ဘက်က -
          “ဘာလက်ဆောင်တွေ ပြန် ပေးကြသလဲ”
          ဒီလိုမေးခွန်းထုတ်နိုင်ပါတယ်။  ဝိနည်းပညတ်တော်အရ အာမိသ လို့ခေါ်တဲ့ စားဖွယ်၊ သောက်ဖွယ်၊ နေဖွယ်တွေကို ဝေယျာဝစ္စမပြုသူ တို့အား (လာဘ်လာဘ)မျှော်ကိုးပြီး ပြန်မပေးကောင်းပါဘူး။ ပြန်မပေး ကောင်းလို့ စားဖွယ်၊ ဝတ်ဖွယ် စသည်တို့ကို မပေးပေမဲ့ ဓမ္မလက် ဆောင်တွေ၊မမြင်ရတဲ့လက်ဆောင်တွေ၊ သံသရာဘဝအတွက် လက် ဆောင်တွေကို နိဗ္ဗာန်ချမ်းသာတွေ ရနိုင်သည့်ဘဝတိုင်အောင် ပေးခဲ့ပါတယ်။ ပညာရှိသူတို့ ဆင်ခြင်ပြီး သိမြင်နိုင်ကြပါတယ်။
          အမှန်တော့ ဒါယကာ-ဒါယိကာမတွေက အချိန်အနည်းငယ်လေးအတွင်းမှာ အနည်းငယ်မျှ သော လက်ဆောင်လေးတွေကို ပေးလိုက်ကြပါတယ်၊ လှူဒါန်းပူဇော်လိုက်ကြပါတယ်၊ ရဟန်း သံဃာ တွေဘက်က များစွာသော ဓမ္မလက်ဆောင်တွေ၊ မမြင်ရတဲ့ လက်ဆောင်တွေ၊ သံသရာဘဝ အဆက်ဆက်အတွက် လက်ဆောင်တွေကို ဒါယကာ ဒါယိကာမတို့အား နိဗ္ဗာန်ချမ်းသာရသည့် ဘဝတိုင်အောင် ကာလရှည်ကြာစွာ ပြန်လည် ပေးလိုက်ကြပါတယ်။
          လူ့လောကမှာလည်း ပထမ လက်ဆောင်ပေးထားသူရဲ့လက်ဆောင်နှင့် တန်းတူညီမျှတဲ့ လက်ဆောင်ဖြစ်စေ၊ သူ့ထက်သာတဲ့ လက်ဆောင်ဖြစ်စေ ပြန်ပေးမှ သဘာဝကျပြီး ပထမလက်ဆောင် အပေးခံရသူမှာ ဂုဏ်ရှိမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ ဒါယကာတွေပေးတဲ့ လက်ဆောင်ထက် ရဟန်းတွေ ပြန်ပေးတဲ့ ဓမ္မလက်ဆောင်တွေ၊ မမြင်ရတဲ့ ကမ္မသတ္တိလက်ဆောင်တွေက များမြတ်လှလို့ ဒါယကာတို့ နှစ်သက်ဝမ်းမြောက်ကြလိမ့်မယ်လို့ တွေးမိပါတယ်။
အရှင်သောဘိတ
(ဓမ္မာစရိယ-ပေါက်ခေါင်း)


No comments: