သနားစရာ
များသတ္တဝါ
တက္ကသိုလ်လှမောင်(ရေတာရှည်)
“သတ္တဝါအများကို
သနားတော်မူရှာလွန်းလို့တဲ့၊ ဦးစွာထွက်လာ၊ ဓမ္မစကြာ တရားဒေသနာတော်”
သတ္တဝါများကို သနားတော်မူရှာလွန်းတဲ့
မဟာကရုဏာတော်ပိုင်ရှင် မြတ်ဘုရားအား ရှိခိုးပူဇော်လိုက် ရပါ၏ဘုရား။
“ဗုဒ္ဓေါဗောဓေယျံ၊ မုတ္တော မောစေယျံ၊
တိဏ္ဏော တာရေယျံ”
သတ္တဝါတို့ ငါသိသလို သိစေရမယ်။ ငါ
လွတ်မြောက်သလို လွတ်မြောက်စေရမယ်၊ သမုဒ်ပင်လယ် ငါကူးဖြတ်သလို
ကူးဖြတ်နိုင်စေရမယ်ဆိုတဲ့ အဓိဋ္ဌာန် ချက်နဲ့ ချီတက်ခဲ့ရတဲ့
မြတ်ဗုဒ္ဓရဲ့ပါရမီခရီးကြမ်းကြီး ကလည်း အံ့မခန်း ချီးကျူးကြည်ညိုဖွယ်ရာပါတည်း။
မြတ်ဘုရား၏ မဟာကရုဏာတော်ဓာတ် သတ္တဝါများအပေါ် လွှမ်းပတ်စိမ့်ဝင်ပါစေသတည်း။
သတ္တဝါအချင်း ချင်း သနားခြင်းကရုဏာတရားတို့ တိုးပွားကျင့်သုံးနိုင်ကြပါစေသတည်း။
မြတ်ဘုရား၏မဟာကရုဏာတော် ချီးကျူးပူဇော်
နေမိရင်းမှ အတွေးတွေဖြန့်ကျက်နေမိသည်။ လောက သားတို့ကြား ကြင်နာသနား ကရုဏာတရားတို့
မည်မျှ ပွားများနိုင်ကြပါလေသနည်း။ သနားခြင်းကင်းမဲ့စွာ သတ်ဖြတ်နေကြသည်။
စစ်ပွဲခေါ်သည့် လူသတ်ပွဲတွေ ခင်းကျင်းနေကြသည်။ သတ်သူလည်း သေ၊
သေသူလည်းသေရမည့်အနိစ္စတရားကို နှလုံးမသွင်းနိုင်ကြ။ ထိုသည်ကပင် သနားစရာသတ္တဝါ ပီသ
ပီပြင်နေသည်။ ထိုသည်ကပင် ဝဋ်ကောင်တွေ ဇာတ်သရုပ် ဖော်ထုတ်ပြသနေ သည်။
တကယ်တော့လည်း (၃၁) ဘုံ ကျင်လည်ကုန် သော
သတ္တဝါ မှန်သမျှ သနားစရာချည်းသာပါပဲ။ ဝဋ်ကောင် တွေပါဆိုမှတော့ ဘယ်လာ
ချမ်းသာသုခဆိုတာ ရှိနိုင်လေ တော့မည်နည်း။ ဝဋ်ဒုက္ခ သံသရာတွင်းက မလွတ်ကင်း
နိုင်ကြသူတွေ၊ ဝဋ်ကောင်တွေ၊ သနားစရာသတ္တဝါတွေ၊ အချင်းချင်းကျတော့ သနားခြင်းတွေ ကင်းနေကြသည်။
ရက်စက်နေကြသည်။ နှိပ်စက်နေကြသည်။ သတ်ဖြတ် နေကြသည်။ မတရားမှုတွေ ပြုနေကြသည်။
ဝဋ်သံသရာကို မြင်တတ်ပါမှ သနားတတ်ခြင်း ကရုဏာ တရားတို့ ပေါ်လာပေမည်။
ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်မြင်လေသမျှ
သနား စရာတို့သာတည်း။ မိမဲ့ဘမဲ့တို့ ဘဝ၊ ခိုကိုးရာမဲ့တို့ ဘဝ၊ အနှိပ်စက်အညှဉ်းဆဲခံတို့ဘဝ၊
လောဘဒေါသ မောဟ ကိလေသာ အညစ်အကြေးတွေ ပေကျံနေသူတို့ဘဝ၊ သနားစရာကောင်းလှသည်။
ဘဝလေးတစ်ခု ရှင်သန် ရပ်တည်နိုင်အောင် ရှာကြ ဖွေကြရသည်။ ဝိသမလောဘတွေနှင့်
ရှာဖွေကြသည်။ တစ်ဦးလည်ပင်း တစ်ဦး နင်းခွ ကျော်လွှားရှာဖွေ သတ်ဖြတ် ခိုးဝှက်
လိမ်ညာဖက် ရက်စက်နေကြသည်။
သနားစရာသတ္တဝါများဟု မြင်လိုက်သောအခါ ပြု
သူလည်း သနားစရာ၊ အပြုခံရသူလည်း သနားစရာ ပါတည်း။ ဖခင် အလောင်းစည်သူမင်းကြီးကို
သားတော် နရသူက သတ်ဖြတ်လိုက်၏။ အသတ်ခံရသူကိုတော့ သနားစရာအဖြစ် မြင်ကြ၏။
သတ်ဖြတ်သူကိုတော့ သနားစရာအဖြစ် မမြင်တတ်။ ပြုသူအသစ် ဖြစ်သူ အဟောင်း။ ပြုသူသည်လည်း
ကံတူအကျိုးပေး ခံရပေဦးတော့မည်။ လက်ငင်းလက်တွေ့ဘဝမှာပင် အမှုကျူးလွန် သူတို့
ထောင်သွင်း အကျဉ်းချထားခြင်းခံရလို့ သနားစရာ မကောင်းဘူးလား။
မသိမှု မောဟတွေ ရစ်သိုင်းလို့ အဝိဇ္ဇာ
လှိုင်း ကြော မေ့မျောနေသူတို့ရဲ့ ဘဝကလည်း ကယ်မယ့် သူ ဝေးလှသည်။ အသိမတွေ့ သတိတွေ
မေ့နေကြသည်။ အန္ဓီဘူတော အယံလောကော၊
လောကကြီး တစ်ခုလုံး မှောင်အမိုက်တွေဖုံးနေပါလား။ ပုထုဇ္ဇနော ဥမ္မတ္တကော
ပုထုဇဉ်တို့သည် အရူးအနှမ်းများသာပါ တကား။ အရူးအနှမ်း မျက်ကန်းလမ်းလျှောက်
နောက်ဆုံးတော့လည်း အသူရကာယ်ချောက်ထဲပဲ မှောက်လဲ ဆုံးရှုံးရတော့မှာပါတကား။
အရူးအနှမ်းမျက်ကန်းတွေဘဝ သနားစရာမကောင်းဘူးလား။
ဒုက္ခိတတစ်ယောက်ကို မြင်ရင် သနားကြင်နာ
တတ်ကြတယ်။ သုခိတ သတ္တဝါကရော သနားစရာ မကောင်းဘူးလား။ သနားစရာ များသတ္တဝါ ဆိုမှတော့
အားလုံးသနားစရာချည်းပါပဲ။ သတ္တဝါအားလုံး အပါယ်ဘုံမှစလို့ ဗြဟ္မာ့ဘုံတိုင်အောင်
မည်သူမဆို သနားစရာချည်းပဲ။ ဘဝခန္ဓာဆိုတာ ဒုက္ခသစ္စာပါပဲ။ ဝိညာဏ်၊ ရုပ်နာမ်၊ သဠာယတန၊
ဖဿ၊ ဝေဒနာဆို တဲ့ ဖြစ်ပေါ်လာမှုတွေ ဒုက္ခသစ္စာကို ရင်ဝယ်ပိုက်ထား ကြတာ။ ဒုက္ခပါ
ဆိုတာကို သဘောပေါက်ရင် ချမ်းသာ ဘယ်မှာရှိရှာတော့မလဲ။ အားလုံးကို ဒုက္ခိတဒုက္ခ
သည်တွေအဖြစ် မြင်လိုက်သောအခါ သနားစရာ များသတ္တဝါ ဖြစ်သွားပါလေရော။ ဒါကြောင့် သနား
ကြင်နာခြင်းကရုဏာတရား နှလုံးသွင်းကိန်းအောင်း တတ်ကြရန် အရေးကြီးလှသည်။
သနားခြင်းနှင့်သာ ပြည့်စုံလျှင် တရားရှင်ဖြစ်သွားပေပြီ။ သနားတတ်မှ မေတ္တာ
ထားတတ်သည်။ သနားတတ်မှ မုဒိတာ ပွား တတ်သည်။ သနားတတ်မှ ဥပေက္ခာတရားကိုလည်း မြင်သည်။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုသည့်
ဗြဟ္မာစိုရ်တရား(၄)ပါးသည် အစိတ်အပိုင်းတစ်ခု part ကိုသာ ရည်ညွှန်းသည် မဟုတ်။ အားလုံး
အလုံးစုံ whole ကို ရည်ညွှန်းသည်။
သနားခြင်းဆိုသည်မှာ (၃၁)ဘုံသား
အားလုံးကို ရည်ညွှန်းပါသည်။ အပါယ်(၄)ဘုံသားများမှသည် အက္ကနိဋ္ဌဘုံက ဗြဟ္မာကြီးများအထိပင် သနားစရာဟူ
၍မြင်ရပါမည်။ အပါယ်ဘုံသားတိရစ္ဆာန်များကို သနား သလို ဗြဟ္မာဘုံသား
ဗြဟ္မာကြီးများသည်လည်း သနား စရာပင်။ ယနေ့ ဗြဟ္မာကြီးဆိုပေမယ့် နောက်တစ်ချိန် တွင်
အပါယ်ဘုံသား ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ဗြဟ္မာ့ပြည် တဝင်းဝင်း၊ ဝက်စားကျင်း
တရှုပ်ရှုပ် ဆိုကြပေသည်။
အချို့ ဘာသာအယူအဆများက ကြက်၊ ဝက်
တိရစ္ဆာန်များကို လူသားတို့အတွက် ဟင်းသီးဟင်းရွက် အဖြစ် သဘောထားကာ သတ်ဖြတ်
စားသောက်နေကြသည်။ ကြက်ကို အရှင်လတ်လတ် လည်ပင်းလှီး ဖြတ်စားသောက်ကြသည်။ သတ်ဖြတ်
စားသောက် မည့် နွားကို အလှပြင်ဆင် အမွှေးနံ့သာ ပက်ဖြန်း မသတ်ခင် တသသနှင့်
ကြည်ညိုနေတတ်ကြသေး သည်။ နွားတွေ သတ်၊ ဆိတ်တွေ သတ်၊ ပူဇော်ကြသည်။ အသတ်ဖြတ်ခံရသည့်၊
ယဇ်ပူဇော်ခံရသည့် တိရစ္ဆာန်များကလည်း သနားစရာ။ အယူတိမ်းစောင်း မှားယွင်းကြသူများကလည်း
သနားစရာ။
ထို့ကြောင့်လည်း ဒိဋ္ဌိ ခေါ်သည့်
အယူတွေတိမ်းစောင်း မှားယွင်းမှုသည် ပြုပြင်ရန် ခဲယဉ်းလှသည်။ မိမိအယူ မှားမှန်းသိလျှင်တောင်မှ စွန့်လွှတ်ရန်
ခဲယဉ်းလှသည်။ အရှင်သာရိပုတ္တရာတို့၏ဆရာရင်း သိဉ္ဇည်း ဆရာကြီးသည် မိမိအယူ
မှားမှန်းသိလည်း မစွန့်နိုင်သဖြင့် နောက်ဆုံး သွေးအန်ဒုက္ခရောက် သေဆုံးရ သည်။
သိဉ္ဇည်းဖြစ်စဉ်တွင် ကိလေသာအားလုံးပါဝင် နေသည်။ ထို့ကြောင့် ကိလေသာတရား တစ်ပါးချင်း
တို့၏ ကပ်ငြိတတ်မှု စွမ်းအားကလည်း ကြီးမားလှပါ ဘိ။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊
ဝီစိကိစ္ဆာ၊ ထိန၊ ဥဒ္ဒစ္စ အဟိရိက အနောတပ္ပ
ကိလေသာတရား (၁၀)ပါးလုံးက (ဓမ္မသင်္ဂဏီ ပါ-မြန်-နာ-၄၅၀/၅၅၉) သတ္တဝါအများကို ကပ်တွယ်ထားကြသည်။
အားလုံးတို့သည်ပင် ပူပင်သောကတွေနှင့် ရစ်နှောင်ခံနေကြ ရသည်။ ရစ်နှောင်မှုကြောင့်
ပူပင်သောက Where there is attachment there is worry. တဏှာံဇာယတိသောကော၊
တဏှာမိခင်က သောက သားကောင်လေးများကို မွေးဖွားသည်။
ကိလေသာတွေ ကပ်တွယ်နေသမျှ သတ္တဝါတွေ
သနားစရာကောင်းလေပင်တည်း။ တွယ်ကပ်ငြိစွန်းနေ သည့် ထိုကိလေသာတရားတို့ကို
လုံးဝဥဿုံပယ်စွန့်လေနိုင်မှ သနားစရာသတ္တဝါများအဖြစ်မှ လွတ်ကင်း ကြပေချိမ့်မည်။
ထို့ကြောင့် ကိလေသာဟူက မြူမျှမကျန် စွန့်ပယ်ဖြတ်တောက်နိုင်တော်မူထသော မြတ်ဘုရား၏
ဂုဏ်ကျေးဇူးတော်ကြီး မည်မျှ ကြီးမားလေ ဘိသနည်း။ မည်မျှ ကြည်ညိုဖွယ်ကောင်းလိုက်လေ
သနည်း။
ထို့ကြောင့် ကိုယ့်မှာ
ကိလေသာတစ်စုံတစ်ရာ ဝင်လာလျှင် ဘုရားရှင်၏ကိလေသာကင်းစင်ပုံ ဂုဏ် ကျေးဇူးကို မြတ်နိုးပူဇော်လိုက်ရပေမည်။
မိမိကိုယ်တွင်၊ ဒေါသဝင်က၊ ဝင်လာဒေါသ၊ မကျန်ရအောင်၊ ဒေါသ ကင်းစင်၊ ဘုရားရှင်ကို၊
ကြည်လင်မြတ်နိုး၊ ဦးနှိမ်ချိုး၊ ရှိခိုးပါ၏ဘုရား။ ထိုနည်းတူပင် ကိလေသာ တစ်ပါးချင်း
ဝင်နေကြောင်းသိသည်နှင့် အထက်ပါအတိုင်း ဆင်ခြင် လေ့ရှိနေရပါမည်။ အရေးကြီးသည့်
ကိလေသာတစ်ပါး ဝင်လျှင်ဝင်ချင်း သိလိုက်မိဖို့ပင် ဖြစ်ပါသည်။ လောဘ မမြင် ဒေါသမမြင်
မိုးမမြင် လေမမြင်ဖြစ်နေပါက သနားစရာဘဝက လွတ်မြောက်ကြမည် မဟုတ်တော့။
ဘုရားရဟန္တာမှ လွဲ၍ ကျန်သတ္တဝါအများ
ကိလေသာကြား ပြားပြားဝပ်စင်း၊ ထိုသတ္တဝါခပင်းတွင် ပါဝင်၏။ ကိုယ့်ကိုယ်ကို
သနားစရာဖြစ်လို့ ဖြစ်နေမှန်း မသိ။ အသတ်ခံရသူကိုသာ သနားနေတတ်ပြီး သတ်သူကိုတော့
ဒေါသလှိုင်းပုတ် မှုတ်ထုတ်နေမိ၏။
တကယ်တော့လည်း ပြင်ပကိုသာ သနားစရာဟု
မြင်နေတတ်ကြသည်။ ကိုယ့်ကိုယ်ကိုတော့ သနားစရာ ဟု မမြင်မိတတ်ကြ။ ပြင်ပအာရုံတို့သည်သာ
လွှမ်းမိုး ကဲလွန်နေသည်ကိုက ကျွန်တော်တို့၏အလေ့အထ သဘာဝဖြစ်နေသောကြောင့်တည်း။
သူများအပြစ်ကိုသာ မြင်တတ်ကြ၏။ ကိုယ့်အပြစ်ကိုတော့ မမြင်တတ်။ မမြင်မိ။
‘ကိုယ့်ကိုယ်ကိုသာ၊ သနားကြပါ၊
များသတ္တဝါ၊ လောဘ ဒေါသ မောဟဆိုတာ လောင်မီးကိလေသာ တဟုန်းဟုန်းတောက်လို့သာ”
အတ္တ သမံ ပေမံ နတ္ထိ၊ ကိုယ့်ကိုယ်ကိုသာလျှင်
အချစ်ဆုံးဖြစ်ပါသတဲ့။ အချစ်ဆုံးလည်း ဖြစ်ရပါမယ်။ အခုတော့ လူတွေက
ကိုယ့်ကိုယ်ကိုလည်း မချစ်ဘူး။ ကိုယ့်ကိုယ်ကိုလည်း မသနားကြဘူး။ ကိုယ့်ကိုယ်ကို
သနားစရာသတ္တဝါအဖြစ် မမြင်ကြဘူး။
အဲဒါကို အမိုက်အမှောင်လို့ခေါ်တာပဲ။
အဲဒါကို အဝိဇ္ဇာလို့ခေါ်တာပါပဲ။
ပိုးဖလံမျိုး၊ မီးကို တိုး၊
ကိုယ်ကျိုးနည်းလှသည်။ သောကရုပ်ထုတွေ သောကအပူတောထဲ တိုးဝင်နေ ကြတယ်။
ပူလို့ပူမှန်းလည်း မသိကြ။ ကိုယ့်ကိုယ်ကို သနားကြပါလျှင် ထိုအပူတောထဲမှ လွတ်အောင်
ရုန်းထွက်ကြပါ။ ဘယ်လို ရုန်းထွက်ကြမလဲ။ ရုန်းထွက်နည်းတွေကို မြတ်ဘုရား
အစုံအလင်ဟောဖော်ညွှန်ပြခဲ့ပြီးပေပြီ။
ကိုယ့်ခန္ဓာထဲက ရုပ်နာမ်သဘာဝတွေကို
ရှုမှတ် ဆင်ခြင်ပါ။ ဒုက္ခအဖုံဖုံ ကြုံတွေ့နေရလို့ သနားစရာ ရုပ်နာမ်ပုံသွင်တွေကို
တွေ့ပါမြင်ပါများလာတဲ့အခါ ဒီ ရုပ်နာမ်ခန္ဓာကြီးကိုရွံမုန်းလို့
ရုပ်နာမ်တို့ရဲ့အဖြစ်အပျက် ကုန်ဆုံးရာကိုပဲ မျှော်တနေမိတော့မယ်။ ကြောက်စရာဘဝကြီး၊
ငြီးငွေ့စရာဘဝကြီး တစ်ကျော့တစ်ပြန် ပြန်လည် မဖြစ်ချင်တော့ဘူး။ မဂ်ပေါက်ဖိုလ်ဝင်
နိဗ္ဗာန်မြင် ကျင့်စဉ်တရားများပွားများရင်း စစ်မှန်သောချမ်းသာ သုခကြီး ရလွယ် ရောက်လွယ် မျက်မှောက် ပြုလွယ်
ရပါလို၏ ဘုရား။ သနားစရာ များသတ္တဝါ လွတ်ရာ ကျွတ်ရာ ရောက်ကြပါစေသတည်း။
တက္ကသိုလ်လှမောင်(ရေတာရှည်)
No comments:
Post a Comment