တစ်သက်လုံးလုံး၊
မသုံးရက်ဟူ၊ မလှူရက်ဘဲ၊ ခန္ဓာစဲက
အေးရွှေ(ကေတုမတီ)
(၁)
“ပစ်ရမှာလည်း အဆီနဲ့ရွှဲရွှဲ၊ စားရမှာလည်း
သဲနဲ့ရှပ်ရှပ်”လို ဖြစ်နေသည့် ခေါင်းရင်းနံရံထက်မှဖလင်လိပ်သုံး
အော်တိုကင်မရာနှင့်ဒစ်ဂျစ်တယ်ကင်မရာတို့ကို မော့ကြည့်ရင်းက ကျွန်တော်
စဉ်းစားနေမိသည်။
ကျွန်တော်က ညညဆို အိပ်မပျော်တာကစ ခေါင်း
ကလည်း အမြဲကိုက်နေတာ အတော်ကြာခဲ့ပြီ။ သည် တော့ စာမရေးတာလည်း ကြာခဲ့ပြီ။
ဘာကိုမျှမစဉ်းစားဘဲ ခေါင်းထဲမှာပေါ်လာသမျှကို သိနေဖို့သာ ကြိုး စားနေခဲ့တာလည်း
မနည်းပင် ကြာပြီ။ မနေ့ကတော့ မကွေးမှ စာရေးဆရာ ရေနံ့သာအောင်ချမ်းဇော်နှင့် ဖုန်းပြောဖြစ်သည်။
“ဆရာရယ် . . .အနည်းဆုံး တစ်လမှာ
တစ်ပုဒ်တော့ ဖြစ်အောင် ရေးပါ။ ဆရာ့ရဲ့စာတွေကို ကျွန်တော်တို့အုပ်စုက တခုတ်တရ
စောင့်ဖတ်နေကြတာ” ဟု သူက ဆိုသည်။
သို့နှင့် ဖုန်းချပြီးနောက်
စာပြန်ရေးဖို့ရာ ကွန်ပျူတာရှေ့သို့ရောက်သည်။ သည်မှာ မနေ့က အားသွင်း ပြီး ကီးဘုတ်နံဘေးမှာ
ချထားမိခဲ့သည့် ဆိုနီဒစ်ဂျစ် တယ်ကင်မရာကို တွေ့လိုက်ရသည်။ သည်ကင်မရာ က
ဒစ်ဂျစ်တယ်ကင်မရာတွေ မြန်မာပြည်ထဲ ဝင်လာခါစ (၂၀ဝ၆) ခုနှစ်၊ ဇူလိုင်လဆန်းက
ညီဖြစ်သူ၏ အလုပ်ရှင် အထည်ချုပ်စက်ရုံပိုင်ရှင် ဟောင်ကောင် မှအပြန် ဝယ်ခဲ့ပေးပါရန်
တောင်းပန်ပြီး တကူးတက မှာခဲ့ရတာဖြစ်သည်။ အဲသည်တုန်းက ဟောင်ကောင် ဒေါ်လာ (၂၀၉၈)၊
ယူအက်စ်ဒေါ်လာ (၂၇၀)၊ မြန်မာ ငွေနှင့် သုံးသိန်းခွဲ ပေးခဲ့ရသည်။ မြန်မာပြည်မှာဆို
ငါးသိန်းနီးပါးရှိသည်။ သို့သော် ကျွန်တော်က တသသဖြင့် ရွရွကလေးသုံးနေသည့်
အနှီကင်မရာကို ၂၀၁၂- ခုနှစ် သမီးတို့သားအမိ ခရီးရှည်သွားရာမှာ ယူသွားရန် ပေးမိ၍
သမီးက အကြီးအကျယ်စိတ်ဆိုးသည်။ သည်တော့မှ သိန်းကျော်ရုံမျှသာ ပေးရသည့် သမီး၏
ဟင်းန်ဆက်ထဲက ကင်မရာနှင့် ယှဉ်သုံးလိုက်လျှင်ပင် စံချိန်မမီတော့တာကို သတိထားမိသည်။
ဆိုတော့ အသစ်နီးနီးသာရှိသေးသည့် ဆိုနီ
ဒစ်ဂျစ်တယ်ကင်မရာကို ခေါင်းရင်းနံရံမှာ ယခင်ကပင် ချိတ်ဆွဲထားခဲ့သည့် ဂျပန်ပြည်ဖြစ်
နစ်ကွန်ကင်မရာ အသစ်ကလေးနှင့်အတူ ချိတ်ဆွဲလိုက်ရပြီ။
အဲသည် ဂျပန်ပြည်ဖြစ်
နစ်ကွန်အော်တိုကင်မရာ ကိုပင် ၂၀ဝ၁-ခုနှစ်လောက်ကျမှ နှစ်သိန်းကျော်ကျော် ပေးကာ
ဝယ်သုံးနိုင်ခဲ့တာ ဖြစ်သည်။ (၉၀) ခုနှစ် လောက်တုန်းကမူ နိုင်ငံခြားမှပြန်လာသူ လူကြီးတစ်
ဦးထံမှာ အဲသည်ကင်မရာကို တစ်ခါမြင်ခဲ့ရဖူးသည်။ အဲသည်တုန်းက အဲသည်ကင်မရာကို
ခေတ္တကိုင်ကြည့် ဖို့ပင် ခွင့်မတောင်းဝံ့သဖြင့် ပိုင်ရှင်၏လက်ထဲမှ သူ
ကိုင်ပြတာကိုသာ ရင်သပ်အံ့ဩ ငေးမောခဲ့ရသည်။ စင်စစ် ကျွန်တော့်အလုပ်မှာလည်း
ကိုယ်လုပ်သမျှကို ဓာတ်ပုံမှတ်တမ်းများဖြင့် အထက်အဆင့်ဆင့်သို့ တင် ပြရတာမျိုး
ဖြစ်၍ အလုပ်တစ်ခုလုပ်တိုင်းမှာ ဓာတ်ပုံ ဆရာကို ပြေး ပြေးခေါ်ရတာက ဒုက္ခတစ်ခု ဖြစ်နေ
သည်။ သည်တော့ (၉၂) ခုနှစ်လောက်မှာ ထိုင်ဝမ်က ဝင်လာသည့် ဖလင်လိပ်သုံး
ဝီဇင်ကင်မရာကို သုံးသောင်းပေးကာ ဝမ်းသာအားရဝယ်သုံးခဲ့ရသည်။ အဲသည်နောက် ၂၀ဝ၁-ခုနှစ်လောက်ကျမှ
အော်တို လည်းဖြစ်၊ Day Date လည်း ပါသည့် နစ်ကွန်ကင်မရာကို ဝယ်နိုင်ခဲ့တာ ဖြစ်၍
ကိုယ်နှင့်ပူးတွဲ အမြဲလိုက်ပါ အလုပ်သင်နေရှာသည့် တပည့်ကိုပင် ကိုယ့်လက်ပေါ်တင်ကာ
ဖူးဖူးရွရွ ပြသခဲ့ရသလို ကိုယ်ကိုယ်တိုင်က ရိုရိုသေသေ သုံးစွဲနေခဲ့ရဖူးသည်။
သို့ဖြစ်၍ ကင်မရာနှစ်လုံးက ဖော့ပုံးကအစ လုံးဝအသစ်တွေအတိုင်းသာ ရှိသေးသည်။ အဲသလို
အသစ်နီးနီး ရှိနေသေးသည့် ကင်မရာနှစ်လုံးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ရမှာက
နှမြောစရာ ကောင်းလှသလို ဖလင်လိပ်သုံး ကင်မရာဖြစ်၍ ပြန်သုံးဖြစ်ဖို့ရာ မရှိတော့တာ
သိနေသည်။
စင်စစ် သည်ကင်မရာလေးတွေက ခေတ်ကာလအရ ကျွန်တော့်ကို
ပစ်ခွာသွားကြပြီ။ အဲသလို ကျွန် တော့်ကို ပစ်ခွာသွားခဲ့ကြသည့် ကက်ဆက်ခွေသုံး
“ဆိုနီ”ဗွီဒီယိုကင်မရာတစ်လုံးလည်း အိမ်အောက်ထပ် က မတ်ရပ်ဗီရိုထဲမှာ ရှိသေးသည်။
သူတို့ထက်ဦးစွာ ကျွန်တော့်ကို ပစ်ခွာသွားခဲ့ကြပြီးသည့် တိုရှီဘာ(87.HA)အောက်စက်၊
တိုရှီဘာ(C, 1) အောက်စက်တစ် လုံးနှင့် ဂျပန်နိုင်ငံသုံး
(၁၁၀ဗို့)ဝမ်းတင်းဒစ်ဂျစ်တယ် အောက်စက်တစ်လုံးလည်း အိမ်နောက်ဖေးက ဂိုဒေါင် လေးထဲမှာ
ရှိသေးသည်။ ဒါတွင်မျှမကသေး။ မီးအား ထိန်းစနစ် ပါပြီးဖြစ်သည့် (View Sonic)ဗြူးဆောနစ်
(၁၇)လက်မ မော်နီတာတစ်လုံးနှင့် (Philip)ဖိလစ် (၁၄)လက်မ မော်နီတာ သုံးလုံးတို့လည်း
အဲသည် ဂိုဒေါင်ထဲမှာ လဲလျောင်းနေကြပြီ။ ထို့ပြင်တစ်ဝ (၂၄) ဗို့ ဘက္ထရီသုံး (UPSှ)ယူပီအက်စ်နှစ်လုံး၊
ပလပ်စတစ် လောင်းစက် တစ်လုံး၊ စာအုပ်အနှောင့်ချုပ်ကိရိယာ တစ်ခုနှင့် တစ်ကောင်ခွဲအား
စပလစ်တိုက်လေအေး ပေးစက်တစ်လုံးတို့ကလည်း အသစ်နီးပါးတွေပင်ဖြစ် ကြသည့်တိုင်
ခေတ်ကာလနှင့်မဆိုင်တော့တာကြောင့် ချောင်ထိုးထားရပြီ။
“ကိုင်း . .နောက်ထပ် ဘယ်ဟာတွေ ငါ့ကို
စွန့် ခွာသွားကြဦးမှာလဲ”
ကျွန်တော်က နံရံထက်က အတူတကွတွဲလောင်း
ကျနေကြသည့် ကင်မရာ နှစ်လုံးကို တစ်ချက် မော် ကြည့်လိုက်ပြန်ရင်းက စိတ်ထဲက
ရေရွတ်လိုက်မိသည်။ ပြီးတော့ ကွန်ပျူတာစားပွဲရှေ့က ပလပ်စတစ် ခုံမှာဝင်ထိုင်ကာ
စာစçရေးဖို့ ဟန်ပြင်သည်။ ဒီလပ်စ် ကီးဘုတ်ပေါ်တွင် လက်ကိုတင်ထားရင်း မျက်လုံးများက (acer)အေဆာ
ဖလက်မော်နီတာကို စိုက်ကြည့် နေမိသော်လည်း စိတ်ထဲမှာ မချင့်မရဲဖြစ်နေသည်။ နိစ္စဓူဝ
ပေါ်လာနေကြသည့် ခေတ်ပေါ်ပစ္စည်းများက ကာလတစ်ခုကို လွန်မြောက်တိုင်း လွန်မြောက်တိုင်း
ကျွန်တော့်ကို ကျောခိုင်းသွားနေကြတာကို ခုကျမှ ကျွန်တော် သတိထားမိလွန်းနေသည်။
(၂)
ပြီးခဲ့သည့် ဇူလိုင်လ (၅)ရက်၊ စနေနေ့က
မိုးလေ ကင်းစင်ကာ ရာသီဥတုသာယာနေသည်။
ကျွန်တော်တို့ဇနီးမောင်နှံက
ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးကြည်ဦးနှင့် ဓာတ်မှန်ဘက်ဆိုင် ရာဆရာဝန်ကြီး
ဒေါက်တာဒေါ်ခင်မာရှိန်တို့၏ အဒေါ်အငယ် ကွယ်လွန်၍ ငါးရက်ပြည့် ရက်လည်ဆွမ်းသွတ်ရာ
ဆရာတို့ခြံထဲသို့ ရောက်နေကြသည်။ ဆရာတို့ ဇနီးမောင်နှံမှာမူ ရန်ကုန်မှာ
တာဝန်ကျနေကြရာမှ တောင်ငူသို့ ခေတ္တပြန်လာကြရတာမို့ မြို့ခံဖြစ်နေသည့် ကျွန်တော်တို့အပါအဝင်
သောသီခိုဆေးခန်းမှ ဝန်ထမ်း အချို့နှင့် ရင်းနှီးသူအချို့တို့ကသာ ဝိုင်းဝန်း
လုပ်ကိုင်ပေးနေကြရသည်။
ဆိတ်ငြိမ်ရပ်ကွက်အတွင်းမှ
ကျယ်ဝန်းလှသည့်ခြံကြီးအတွင်း အနောက်ဘက်စည်းရိုးအနီးမှ အဒေါ်ငယ်၏အိမ်ကလေးမှာ
ပင့်သံဃာအရှင်မြတ်ငါးပါးအပြင် ဆရာတို့ဇနီးမောင်နှံနှင့် ဧည့်သည်ငါးဦးသာ ရှိနေပါသည်။
“ဘဝတစ်ပါးကိုပြောင်းရွှေ့သွားခဲ့တဲ့
ဒကာမကြီးက သားထောက် သမီးခံကလည်း မရှိ၊ ခင်ပွန်းသည်ကလည်း မရှိတော့ဘူးဆိုတော့ ဒကာမကြီးတို့နဲ့လိုက်
မနေဘူးလား”
“တပည့်တော်တို့နဲ့ လိုက်နေဖို့
တပည့်တော်တို့ လည်း အကြိမ်ကြိမ်ခေါ်တာပါပဲ ဘုရား၊ သူက သူ့ အမျိုးသား
မြို့နယ်ရဲတပ်ဖွဲ့မှူး ကွယ်လွန်ကတည်းက ကျောက်ပန်းတောင်းကနေ အိမ်ထောင်ပရိဘောဂတွေ
နဲ့ ဒီကိုပြောင်းလာခဲ့တာ၊ သေတ္တာတွေကချည်းပဲ ဆယ့် ငါးလုံးလောက်ရှိတယ် ဘုရား၊
ကျန်တဲ့ အိုးခွက်ပန်းကန် တွေ၊ အဝတ်အစားတွေ၊အိပ်ရာခြင်ထောင်နဲ့ အိမ်ထောင်
ပရိဘောဂတွေ၊ တောင်းတွေ ပလုံးတွေကအစဆိုတော့ ပစ္စည်းတွေက အများကြီးပဲ ဘုရား။ အဲဒါနဲ့
အဲဒီပစ္စည်းတွေကို ရောင်းသင့်တာရောင်း၊ ပေးသင့်တာပေး၊ လှူသင့်တာလှူပြီးတော့
လူတစ်ကိုယ်စာ လိုသလောက်လေးနဲ့ တပည့်တော်မတို့အိမ် လိုက်နေပါဆိုတာကို
သူ့ပစ္စည်းတွေကို သံယောဇဉ်ဖြစ်ပြီး အဲဒီ ပစ္စည်းတွေနဲ့ ဒီအိမ်မှာ သူတစ်ယောက်တည်း
နေရစ်ခဲ့တာ ဘုရား”
“အမှန်ကတော့ သူက
မစွန့်နိုင်မခွဲနိုင်လို့ သိမ်း ဆည်းထားတဲ့ ပစ္စည်းတွေက အသုံးချ မခံကြရတဲ့အတွက်
အသုံးကျတန်ဖိုး(ျ့န်ကူ ဠေူကန) ဆုံးရှုံးပြီးတော့ သူ့ကိုလည်း ခွဲနေခဲ့ကြတာ ကြာပြီပဲ၊
ပြီးတော့ သူ မခွဲချင်ခဲ့တဲ့ ပစ္စည်းတွေကိုပဲ ခုကျ သူကပဲ ခွဲပြီးတော့
ချန်ထားခဲ့ရပြီ”
“ဟုတ်တာပေါ့ ဘုရား၊ သူက အဲဒီလိုမှ မစဉ်း
စားတာ ဘုရာ့”
“ဒကာမကြီးတို့ကတော့ စဉ်းလည်းစဉ်းစား သတိ
လည်း ထားပေါ့။ တို့လည်းပဲ တစ်နေ့ အဲသလို သေ ရမှာ၊ တို့သေသွားရင်ကော
တို့ရှာဖွေစုဆောင်းထားတာတွေထဲက ဘာတွေကို ယူသွားကြမလဲ၊ ဘာတွေ ကို ချန်ထားခဲ့ကြမလဲလို့ . .”
“အဲဒီကိစ္စ စဉ်းစားဖို့ကောင်းပါတယ်
ဘုရား”
“တောင်ငူမြို့မှာ နာမည်ကြီးတဲ့
လူချမ်းသာအမျိုးသမီးကြီးတစ်ဦး ကွယ်လွန်သွားဖူးတယ်၊ သူ့မှာလည်း သားထောက် သမီးခံ
မရှိပါဘူး။ သူ့အမျိုးသားကလည်း အစောကြီးကတည်းက ကွယ်လွန်သွားခဲ့တယ်။မောင်တစ်ယောက်နဲ့
တူတစ်ယောက် ရှိပေမယ့် အဲဒီ နှစ်ယောက်နဲ့လည်း သူနဲ့က အဆက်အဆံ မရှိကြဘူး။ သို့သော်
သူက ဘုရားတွေ၊ တန်ဆောင်းတွေ၊ ကျောင်းတွေနဲ့ သံဃာတော်တွေအတွက် ထာဝရဆွမ်း အလှူရော
ပညာရေးနဲ့ကျန်းမာရေးအတွက်ပါ အများ ကြီးပဲ လှူသွားနိုင်ခဲ့တယ်။ ဒါပေမဲ့ သူသေတော့
သူ့ အိမ်ထဲမှာတင် ငွေသားက သိန်းခုနစ်ရာလောက်ထင် တယ် ကျန်ရစ်ခဲ့တယ်၊ ရွှေတွေကလည်းပဲ
ပိဿာ ချိန်နဲ့ကို အတော်များများ ကျန်ရစ်ခဲ့တယ်၊ ပြီးတော့ ဘဏ်စာအုပ်ထဲမှာလည်းပဲ
သိန်းနှစ်ထောင်ကျော် သုံးထောင်နီးပါး ကျန်ရစ်ခဲ့တယ်လို့ ကြားရတယ်”
“သူပိုင်တဲ့ပစ္စည်းတွေကို သူကိုယ်တိုင်က
အသုံး ချသွားနိုင်သေးတော့ တော်သေးတာပေါ့ဘုရား”
“ဟုတ်တယ်၊ အဲဒီလို အသုံးမချနိုင်ဘဲနဲ့
သေရင်တော့ ဆုံးတယ်လို့ သုံးတာက သဘာဝကျတယ်၊ ကိုယ်တိုင်က ပင်ပင်ပန်းပန်းနဲ့ရှာဖွေခဲ့ပြီးတော့
ကြောင့်ကြောင့်ကျကျနဲ့ ထိန်းသိမ်းခဲ့ရတဲ့ ပစ္စည်းတွေကို ကိုယ်တိုင်လည်း
အသုံးမချရလို့ အသုံးကျတန်ဖိုး ဆုံးရှုံးနေ ခဲ့သလို သေပြန်တော့လည်း
ကိုယ်ပိုင်ပစ္စည်းတွေကို သုံးပြီးတော့
သံသရာအတွက် ယူသွားနိုင်မယ့် အနာ ဂတ်ကာလ ကောင်းတဲ့ဘဝတွေကိုပါ ဆုံးရှုံးသွားခဲ့ရတာမို့လို့
အဲလိုလူတွေ သေတာကို ဆုံးတယ်လို့ သုံး နှုန်းတာ သဘာဝကျတယ်”
“မှန်တာပေါ့ ဘုရား”
“သဒ္ဓါကင်းထ၊ မစ္ဆေရနှင့်၊ ထိုမျှသသူ၊ စိတ်မဖြူ
တို့၊ လှူမည်ဝမ်းထဲ၊ ကြံမရဲဘူး၊ ကြံခဲအလို၊ ဝန်တို ဝက်ဝက်၊ မယှငှက်သို့၊ တသက်လုံးလုံး၊
မသုံးရက်ဟူ၊ မလှူရက်ဘဲ၊ ခန္ဓာစဲက၊ မူးပဲမပါ၊ ငတ်မွတ်စွာလျှင်၊ ပြိတ္တာ ပြိတ္တိ၊
ဖြစ်ကုန်ဘိ၏ဆိုတဲ့ မဃဒေဝလင်္ကာထဲ ကလို ကိုယ်ပိုင်ပစ္စည်းကို ကိုယ်တိုင်လည်း
မသုံးရက်၊ သူများလည်း မလှူရက်နဲ့ သေတဲ့အခါကျတော့ ပြိတ္တာ ဖြစ်ရဦးမယ်ဆိုရင် .
.ကိုင်း . .ဒကာမကြီးတို့ ခုကတည်း က စဉ်းစားကြဖို့နော်”
ဆရာတို့ ဇနီးမောင်နှံက အဒေါ်
ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို ရောင်းသင့်တာ ရောင်း၊ လှူသင့်တာ လှူ၍
ပေးသင့်တာကိုလည်း ပေးပစ်ခဲ့ကြရာ ရွှေဆံတော်ဘုရားမှာ ငွေငါးသိန်း၊ ဘိုးဘွားရိပ်သာမှာ
ငွေငါးသိန်းနှင့် အဘွားများအတွက် အဒေါ်၏ အဝတ်အစားများ၊ အောင်မြင်ဇေယျုံ
စာသင်တိုက်အတွင်း ဆောက်လက်စ ကျောင်းဆောင်အတွက် အလှူငွေ နှစ်သိန်းအပြင် ကျောင်းတိုက်အတွက်
အိုးခွက်ပန်းကန်များ၊ ကျွန်းသေတ္တာတစ်ဆယ့်ငါးလုံးကိုတော့မူ စာသင်သား သံဃာများအတွက် ရည်မှန်းကာ
လှူဒါန်းခဲ့ကြပါသည်။ ထို့ပြင် သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်း ဆက်ကပ်၍
ပြုပြုခဲ့သမျှ ကောင်းမှုကုသိုလ်၏ အဖို့ကို သူ့အဒေါ်အပါအဝင် အနီးဝန်းကျင်မှ ဝေနေယျ
အားလုံးအတွက် အမျှအတန်းပေးဝေခဲ့ကြသည်။ နေ့လယ်မှာ ဆရာတို့ဇနီးမောင်နှံပြန်ကြတော့
ကျွန်တော့် ဦးနှောက်အတွင်းမှာ အတွေးတွေ အိုင်ထွန်းလျက် ကျန်ရစ်ခဲ့လေသည်။
(၃)
ညနေမှာ ကျွန်တော်တို့မိသားစုက နှစ်စဉ်
ကပ်လှူမြဲဖြစ်သော ဝါဆိုသင်္ကန်း လှူဒါန်းရန်ကိစ္စအတွက် အသောကာရုံကျောင်းသို့
ရောက်ဖြစ်ပြန်ရာ နေ့လယ်က ကိစ္စကိုပင် ဆရာတော်နှင့်ပြောဖြစ်ကြသည်။
“ပစ္စည်းဥစ္စာဆိုတာ ရှာဖွေစဉ်တုန်းကလည်း
သူတစ်ပါးကို ညှဉ်းဆဲထိုက်က ညှဉ်းဆဲရသလို ထိန်းသိမ်း စောင့်ရှောက်တဲ့အခါမှာလည်း
ပိုးမွှား စတဲ့သတ္တဝါတို့ကို လိုအပ်ရင် သတ်ရတာမျိုး၊ပြီးတော့ မီးဘေး၊ ရေဘေး၊
သူခိုးဓားပြဘေး စတဲ့ ရန်သူမျိုးငါးပါးကြောင့် အကောင်းစက်စက်က ပျက်စီးရတာမျိုးလေ”
“ခုခေတ်ကျတော့ သက်တမ်းကုန်ဆုံး
အသုံးမဝင်တော့လို့ရော၊ ကာလဒေသနဲ့ မကိုက်ညီတော့လို့ပါ တန်ဖိုးလျော့နည်း
စုထားသမျှမွဲတာမျိုးလည်း ရှိတယ် ဘုရာ့၊ တပည့်တော်ရဲ့မိတ်ဆွေတစ်ယောက် သူ့ဆိုင်မှာ
ဝယ်လှောင်ထားတာက မီးလုံးတီဗွီတွေ ဖြစ်နေလို့ ခုခေတ်က ဒစ်ဂျစ်တယ်ဖလက်တီဗွီတွေပဲ
ရောင်းရ တော့တာလေ၊ပြီးတော့လည်း ခုခေတ်က ဗွီစီဒီတို့၊
ဒီဗွီဒီတို့ဆိုတာတွေဖြစ်ကုန်လို့ သူ့ဆိုင်မှာက တိတ်ခွေနဲ့ ကြည့်ရတဲ့ အောက်စက်တွေ
အများကြီးဝယ်ထားခဲ့မိတာ၊ အဲဒါကလည်း မရောင်းရတော့ဘူး။ စလောင်းတွေလည်း အတူတူပဲ။
လူတွေက စကိုင်းနက်တို့၊ ဖိုက်မူဘီတို့ဆိုတဲ့ နှစ်ပေဗန်းကလေးတွေ တပ်ကုန်ကြတာ
ဆိုတော့ သူဝယ်စုထားတဲ့ ရှစ်ပေ၊ ဆယ်ပေစလောင်းတွေက မရောင်းရတော့ဘူး၊ သူ တော်တော်ဆုံးရှုံး
သွားတယ် ဘုရား”
“အင်း . . .ဘုန်းကြီးရဲ့ ဒကာလေးတစ်ယောက်လည်းပဲ
ရှိသမျှ ပိုက်ဆံကလေးစုပြီးတော့ ဂျပန်ကျ ဝမ်းတင်းတီဗွီနဲ့ အောက်စက်တွေ
ပုတ်ပြတ်ဆွဲထားတာ ခေတ်ပြောင်းပြီး မရောင်းရတော့ ထိန်းသိမ်းထားဖို့တောင်မှ ဂိုဒေါင်ခ
မတတ်နိုင်တော့တာနဲ့ မိတ်ဆွေရဲ့ကားနဲ့ ညဘက်ကျမှ စစ်တောင်းမြစ်ထဲ သွား ပစ်ရရှာတယ်၊
အဲဒါ ဘုန်းကြီးက ပြောရတယ်၊ အဲဒါတွေ စိတ်မစွဲနဲ့၊ သေခါနီးကျ အပါယ်ဆွဲချသွားလိမ့်
မယ်လို့”
“ဟို . .ဘုန်းဘုန်း တစ်ခါက ရွတ်ပြတဲ့ မဃဒေဝ
လင်္ကာလိုပေါ့ ဘုရာ့”
“တဏှာဒိဋ္ဌိ၊ ကပ်ငြိပြင်းစွာ၊ မဖြစ်ရာဘူး၊
မဟာ သမ္ပတ်၊ ကြီးမြတ်ရိပ်ငြိမ်၊ မင်းစည်းစိမ်ကို၊ တင်းတိမ် မရှိ၊ လောဘငြိ၍၊
ဂတိမကောင်း၊ ဘဝစောင်းလျက်၊ ဥဒေါင်းတိရစ္ဆာန်၊ ဖြစ်ရဟန်သည်၊ ကျမ်းဂန်နိပါတ် အလာတည်းတဲ့၊
ပြီးတော့ ပစ္စည်းဥစ္စာကို တပ်မက် လို့ြွေမတို့ြွကက်တို့ ကြက်တို့ ဖြစ်ကြရတဲ့
သစ္စံကိရ ဇာတကဋ္ဌကထာတို့၊ ငါး၊ လိပ်၊ ဖား ဖြစ်ကြရတဲ့ ဇာတကဋ္ဌကထာတို့ဆိုတာ လည်း
ရှိသေးတယ်”
“အဲဒီလို တိရစ္ဆာန်ဖြစ်သွားလို့ရှိရင်
သူ့အတွက် လုပ်ပေးတဲ့ ကောင်းမှုတွေ သူရပါ့မလား ဘုရား”
“ငရဲ၊ တိရစ္ဆာန်၊ အသူရကာယ်၊ လူ၊ နတ်နဲ့
ဗြဟ္မာ စတဲ့ ဘဝတွေကို ရောက်သွားရင်တော့ အဲဒီ ကောင်းမှုရဲ့အကျိုးကို သူ
မရနိုင်တော့ဘူး၊ မတော် တဆ ပြိတ္တာဘဝကို ရောက်ပြီးတော့ ဒီ အနီးအနား မှာလည်း ရှိနေမှ၊
သူ့ကိုရည်စူးပြီးတော့လည်း အမျှ ဝေမှ၊ သူကလည်းပဲ သာဓုခေါ်နိုင်မှ အဲဒီကောင်းမှုရဲ့
အကျိုးကို သူရမှာ”
“ဒါဆိုရင် သေပြီးတော့မှ ကျန်ရစ်သူတွေက
ကုသိုလ်ပြုပေးတယ်ဆိုတာ အကျိုးမရှိဘူးပေါ့နော်”
“အကျိုးမဲ့တော့မဖြစ်ပါဘူး ဒကာကြီးရဲ့၊
သေသူအတွက် ရည်စူးပြီးတော့ လုပ်ပေးတဲ့ ကုသိုလ်ရဲ့အကျိုးကို သေသူက ရဖို့ မရဖို့
မသေချာပေမဲ့ ကုသိုလ် ကောင်းမှုပြုပေးတဲ့လူတွေ၊ သာဓုခေါ်ကြတဲ့လူတွေနဲ့ ဝေယျာဝစ္စလုပ်ကြတဲ့
လူတွေပါ အတူတကွရကြတာပါ”
“ဪသာ်-မှတ်မိပြီ ဘုရာ့၊ သာဓုခေါ်သူ၊
ဆောင်ရွက်သူ၊ အလှူဒါန၊ ဝေစုရ၊ မိန့်ဟ အင်္ဂုတ္ထိုရ် ဆိုတာလေ”
“ဟုတ်တယ်၊ အင်္ဂုတ္ထိရ်ပါဠိတော်၊
ပဉ္စကနိပါတ် က ကာလဒါနသုတ်မှာ အဲဒီလို ဟောထားတယ်”
“တင်ပါ့ ကိုယ်သေရင် ကျန်ရစ်သူတွေက
ကုသိုလ် လုပ်ပေးတယ်ဆိုတာ ကိုယ်ရဖို့တော့ မသေချာဘူးပေါ့ နော် ဘုရား”
“ကိုယ် မသေခင်မှာ ဒီပစ္စည်းကို
ဒီလိုလှူပါလို့ မှာကြားစေခိုင်းထားရင်တော့ ရပါတယ်၊ အဲဒါမျိုးကို အာဏတ္တိကဒါနလို့
ခေါ်တယ်၊ ဒါပေမဲ့ ကိုယ်တိုင်က သက်ရှိထင်ရှား စိတ်သွားကိုယ်ပါ ကျန်းမာနေတုန်းမှာပဲ
ကိုယ်ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာနဲ့ ကိုယ်တိုင်ကိုယ် ကျ လှူဒါန်းပေးကမ်းခြင်းဖြင့်
ကုသိုလ်ကောင်းမှုကို အရယူထိုက်တယ်၊ တစ်ခါက တောင်ငူမြို့မှာ အဘိုး ကြီး အဘွားကြီး
ဇနီးမောင်နှံနှစ်ယောက်ဟာ သားထောက်သမီးခံ မရှိကြလို့ သူတို့ အသက်ကြီးလာတဲ့အခါမှာ
သူတို့အိမ်နဲ့ခြံကို ဘုန်းကြီးဆီမှာ ရေစက်ချ ပြီး သာသနာတော်အတွက် ရည်မှန်းလို့
ကြိုတင်လှူ ဒါန်းသွားခဲ့ဖူးတယ်။ အဲဒါက သာဟတ္ထိကဒါန ခေါ် တယ်၊ အဲဒီလိုပေးလှူမှုဖြင့်
အရယူလိုက်တဲ့ ကုသိုလ် ကောင်းမှုသည်သာ ဖြစ်လေရာ ဘဝတွေမှာ အရိပ် ပမာ လိုက်ပါပြီးတော့ တောင့်တသမျှ
ပြည့်စုံရခြင်း} ဆိုတဲ့ အကျိုးကို ကိုယ့်ကိုပေးနေမှာ”
“တပည့်တော် ပြည်မြန်မာဂျာနယ်မှာ ဖတ်ခဲ့ရတယ်ဘုရာ့၊
ဗြိတိန်နိုင်ငံ၊ ဒါဘီရှိုင်းယားစီရင်စုမှာ လူ တစ်ဦးက ဒေါ်လာသုံးသိန်းခွဲလောက်တန်တဲ့
ရွှေဒင်္ဂါးပြားတွေ၊ ရွှေစီးကရက်ဗူးတွေနဲ့ ရွှေချောင်းတွေကို လူမှုကူညီရေးအဖွဲ့လေးဆီ
လာလှူသွားတယ်တဲ့ ဘုရာ့။ မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်း သုံးထောင့်ငါးရာနီးပါးပေါ့
ဘုရာ့၊ ပြီးတော့လည်း ဥရုကွေးနိုင်ငံသမ္မတဟာ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာအားလုံးရဲ့
ကိုးဆယ်ရာခိုင်နှုန်းကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းလိုက်တယ် ဆိုတာ ဖုန်းထဲမှာ
သတင်းတက်လာလို့ ဖတ်လိုက်ရတယ်ဘုရာ့”
“ဓမ္မပဒမှာ အင်္ကုရနတ်သားဝတ္ထုဆိုတာ ရှိတယ်
ဒကာကြီး၊ အင်္ကုရနတ်သားဟာ တစ်ဆယ့်နှစ်ယူဇနာ ရှည်တဲ့ မီးဖိုတန်းကြီးနဲ့ချက်ပြုတ်ပြီးတော့
အနှစ်တစ်သောင်းကာလပတ်လုံး အလှူကြီး ပေးခဲ့တဲ့ အကျိုးဟာ ဣန္ဒကနတ်သားက
အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို ဆွမ်းတစ်ယောက်မ လောင်းခဲ့ရတဲ့ အလှူရဲ့အကျိုးကို
မယှဉ်နိုင်တဲ့အကြောင်းပေါ့။ သာသနာတွင်းနဲ့
သာသနာပ ကွာသွားတာ”
“အလှူကို ရွေးချယ် စိစစ်ပြီးတော့
လှူရမယ်၊ ရွေးချယ်စိစစ်ပြီးတော့ လှူတဲ့ အလှူဟာ မြေဩဇာ ကောင်းတဲ့လယ်မြေမှာ
မျိုးစေ့ကောင်းကို စိုက်ပျိုးရသလို များမြတ်သောအကျိုးရှိပါတယ် ဆိုတာကို တပည့်တော်
ကြားဖူးပါတယ် ဘုရာ့၊ ဒါပေမဲ့ ခုခေတ်မှာ အဲသလို ရဟန္တာကို ဘယ်လိုသွားလှူရမလဲ ဘုရာ့”
“သံဃဿ ဒေမ သံဃာအား လှူပါ၏လို့ ဆိုလိုက်လို့ရှိရင်
ဘုရားရှင်မှအစ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် စတဲ့ သာသနာတော်ကြီးတစ်ခုလုံးမှာရှိခဲ့ကြတဲ့
သံဃာတော်အရှင်မြတ်အားလုံး နဲ့တကွ ယခုရှိနေကြတဲ့ သံဃာတော်အရှင်မြတ်အား လုံးကိုပါ
ပေးလှူရာရောက်ပါတယ် ဒကာကြီး”
“တပည့်တော် သဘောပေါက်ပါပြီ ဘုရား”
“နောက်တစ်ခုက မဏိကုဏ္ဍလဇာတကထဲမှာ ပုဗ္ဗေဝ
မစ္စံ ဝိဇဟန္တိ ဘောဂါ၊ မစ္စော ဝါ တေ ပုဗ္ဗတရံ ဇဟာတိ}လို့ ဟောတော်မူထားတယ်။ ဥစ္စာစည်းစိမ်တို့သည်မူလည်း
သတ္တဝါကို ရှေးဦးစွာ စွန့် ၏။ သတ္တဝါသည်မူလည်း ထိုဥစ္စာစည်းစိမ်တို့ကို ရှေး ဦးစွာ
စွန့်၏တဲ့၊ ဒါကြောင့်မို့လို့ ကိုယ်ရှာဖွေထားခဲ့ တဲ့ ပစ္စည်းဥစ္စာကို ကိုယ်သေရင်
အချည်းနှီးစွန့်မပစ်ခဲ့ရအောင်၊ ကိုယ်ရှာထားတဲ့ပစ္စည်းနဲ့ ဒီဘဝသာမက သံသရာတစ်လျှောက်မှာပါ
တောင့်တသမျှ ပြည့်ဝရအောင် စိစစ်ရွေးချယ်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျလှူ ဒါန်းပါ၊
ကုသိုလ်ကောင်းမှုသည်သာလျှင် ဥစ္စာရွှေငွေ အစစ်လို့ မှတ်ထားပါ ဒကာကြီး”
“တင်ပါ့ဘုရား . .ပစ္စည်းနဲ့လူ တစ်ဦးဦးက
ခွဲခွာ သွားရမှာ အများအားဖြင့် သိကြပါတယ်ဘုရား၊ ဒါပေမဲ့ ခွဲမှသာ ခွဲရော
နှမြောတတ်ကြတယ်ဘုရာ့”
“ဟုတ်တာပေါ့၊ သံသရာနဲ့ချီပြီးတော့
အမြုတေ တည်လာခဲ့ကြတဲ့ တဏှာတရားက ဟန့်တားထားတာပေါ့၊ ဒါကြောင့် ]ဒါနအတွက် အခက်လေးပါ}လို့ဆို
ကြတာ၊ မဃဒေဝလင်္ကာထဲမှာ အဲဒါလည်း ပါတယ်”
“တပည့်တော် မှတ်ပါရစေဘုရား”
“မိမိဥစ္စာ၊ နှစ်သက်စွာကို၊ သဒ္ဓါကြည်ဖြူ၊
ပေး အံ့ဟူ၍၊ လှူမည်ဝမ်းထဲ၊ ကြံမရဲရှင့်။ ကြံခဲစွာဘိ၊ကြံ သည်ရှိလည်း၊ မငြိမနား၊
မန္တန်အားဖြင့်၊ အသွားမတုံး၊ ထိလျှင်ဆုံးမျှ၊ သုံးဆယ့်သုံးတန်၊ လက်သစ်ပြန်သည့်၊
သန်လျက်ဓားကို၊ ထင်ရှားပြက်ပြက်၊ မျိုသောထက် လျှင်၊ နှုတ်ထွက်ငါသည်၊ ပေးမည်မြွက်ခဲ၊
မြွက်တပဲလျက်၊ ရဲရဲရက်ရက်၊ အပေးခက်ရှင့်။ ဆက်ဆက်မုချ၊ ပေးပြီးမှလည်း၊ နောင်တမပူ၊
ခဲစွဟူ၏ တဲ့”
“မိမိဥစ္စာကို သဒ္ဓါကြည်ဖြူ ပေးလှူမယ်လို့
ကြံ ဖို့ခက်တယ်၊ ကြံတဲ့အတိုင်း နှုတ်ကပြောဖို့ကျ (၃၃) လက်သစ်ရှိတဲ့ သန်လျက်ကို
မျိုရတာထက် ခက်တယ်၊ အဲဒီလိုပြောဖို့ထက် ပြောတဲ့အတိုင်း လက်တွေ့ပေးလှူ ဖို့
ပိုခက်တယ်၊ အဲဒီလိုလှူပြီးပြန်တဲ့နောက် နောင်တ တစ်ဖန်မပူပန်ဖို့က ပိုခက်တယ်၊
အဲဒီလိုလား ဘုရာ့”
“မှန်တယ် ဒကာကြီး၊ တချို့ကျတော့
အဲဒီအခက် လေးပါးကို ကျော်လွှားပြီးတော့ လှူတော့ လှူပါရဲ့၊ ဒါပေမဲ့ ကိုယ့်မှာ အသုံးမတဲ့တာမျိုး၊
ကိုယ် မကြိုက်တာမျိုးကို အလကားဖြစ်မယ့် အတူတူဆိုပြီးတော့ လှူတာမျိုးလည်း
ရှိသေးတယ်၊ အဲဒါက အကျိုးပေးကျ ညံ့တတ်တယ်၊ အံ၊ ၅၊ မှာပဲ မနာပဒါယီသုတ်ဆိုတာ ရှိတယ်
ဒကာကြီး၊ အဲဒီမှာ မနာပဒါယီ လဘတေ မနာပန္တိလို့ ဘုရားရှင်က ဟောတော်မူထားတယ်။
နှစ်ခြိုက်ဖွယ်ဝတ္ထုကို ပေးလှူသူဟာ နှစ်ခြိုက်ဖွယ် အကျိုးကိုရ၏တဲ့။ ပြီးတော့
မွန်မြတ်သည်ကို ပေးလှူ သူသည် တစ်ဖန် မွန်မြတ်သည်ကို ရ၏။ တောင့်တအပ်သည်ကို
ပေးလှူသူသည် တောင့်တအပ်သည်ကို ရ၏။ ချီးမွမ်းအပ်သည်ကို ပေးလှူသူသည် ချီးမွမ်းအပ်ရာသို့
ရောက်ရ၏တဲ့”
“မှတ်သားထိုက်ပါတယ် ဘုရား”
“တချို့ကျတော့လည်း ကိုယ့်မှာ
ကုန်သွားမှာ၊ ကိုယ်ငတ်သွားမှာ ကြောက်လို့ မလှူဝံ့တာလည်း ရှိ ပြန်တယ်။ အမှန်ကတော့
ပိဋကလမ်းညွှန်ပြုစုတဲ့ ဆရာတော် ဦးသီဟဗလ ပြောသလို အငတ်ဘေးကြောက် သူ များများလှူရမှာ၊
သဂါထာဝဂ္ဂသံယုတ်၊ မစ္ဆရိသုတ်မှာ -
“ဝန်တိုသူသည် အကြင်ဘေးမှ ကြောက်သည်
ဖြစ်၍ မပေးလှူ၊ မပေးလှူသောကြောင့်ပင် ထိုဘေး သည် ထိုသူမိုက်ကို တွေ့ထိ၏။
ဝန်တိုသူသည် ဆာလောင်မွတ်သိပ်မှုမှ ကြောက်၏။ မိမိကြောက်သော ဆာလောင်မွတ်သိပ်မှုသည်
ဤဘဝ၌လည်းကောင်း တမလွန်ဘဝ၌လည်းကောင်း ထိုသူမိုက်ကိုပင် တွေ့ ထိ၏။ ထို့ကြောင့်
ဝန်တိုမှုကို ပယ်ဖျောက်၍ အလှူ ကို ပေးလှူရာ၏။ ကောင်းမှုတို့သည် တမလွန်ဘဝ ၌ သတ္တဝါတို့၏တည်ရာ
ဖြစ်ကုန်၏။ တဲ့”
“ဒီနေ့ ဒါနနဲ့ပတ်သက်လို့ တပည့်တော်
အတော် သိသွားပြီဘုရာ့၊ တစ်ခုပဲ ထပ်သိချင်ပါတယ်ဘုရား၊ ခုနင်က ဘုန်းဘုန်းပြောတဲ့
တောင့်တသမျှ ပြည့်စုံ အောင် ဆိုတဲ့ဟာ၊ ဒါနပြုရုံနဲ့ အကုန်ပြညု့်စုံပါ့မလား လို့”
“ဝိသုဒ္ဓိမဂ်မှာ ဆိုထားတာကတော့ ဒါနံ
သဗ္ဗတ္ထ သာဓကံတဲ့။ ဒါနသည် ခပ်သိမ်းသောအကျိုးကိုပြီး စေနိုင်၏။ အင်း . .ဒကာကြီးက
စာရေးမယ့်လူဆိုတော့ ဣတိဝုတ်ပါဠိတော်က ဒါနသုတ်မှာ ဘုရားရှင် ဟော ထားတာလေး
ထပ်ပြီးတော့ မှတ်ဦးပေါ့”
“မှတ်ပါ့မယ် ဘုရား”
“ရဟန်းတို့ သတ္တဝါတို့သည်
လှူဒါန်းဝေဖန်ခြင်း ၏အကျိုးကို ငါဘုရားသိသကဲ့သို့ သိကြပါကုန်မူ မပေးလှူဘဲ
မစားကုန်ရာ”တဲ့။
“တပည့်တော် အရမ်းကို သဘောကျသွားပါပြီ
ဘုရာ့၊ ဒါ့ကြောင့် ဆယ့်တစ်ပါးသော မီးတို့နဲ့ အလျှံ ပြောင်ပြောင် တောက်လောင်နေတဲ့
ဘဝကြီးထဲက သံသရာတစ်လျှောက်မှာ ချမ်းသြွာကယ်ဝ တတိုင်းရ ဖို့အတွက်
ဒါနကုသိုလ်ပြုလိုပါတယ် ဘုရား၊ လာမယ့် ဝါဆိုလဆန်း (၁၄)ရက် အဖိတ်နေ့မှာ တပည့်တော်
အိမ်ကို ဝါဆိုသင်္ကန်း နေ့ဆွမ်းဒါန အလှူခြွံကတော် မူပါလို့ သံဃာတော်ငါးပါးကို
လာပင့်တာပါ ဘုရား”
“သာဓု . .သာဓု . .သာဓု . .ဒါနအမှု မပြတ်ပြု၍
သံသရာမှာ ချမ်းသာစွာဖြင့် နိဗ္ဗာန်မဂ်ပေါက် လှမ်း တိုင်းရောက်ပါစေ”
စာဖတ်သူအပေါင်း
စိတ်ရောကိုယ်ပါ
ငြိမ်းချမ်းကြပါစေ။
အေးရွှေ(ကေတုမတီ)
No comments:
Post a Comment