Tuesday, April 28, 2015

အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း အတွဲ-၁၆၊ အမှတ်-၃၊ ၂၀၁၅-ခုနှစ် မတ်လ

အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း အတွဲ-၁၆၊ အမှတ်-၃၊ ၂၀၁၅-ခုနှစ် မတ်လ ထုတ်ကို အောက်ပါ Link တွင် Download ရယူဖတ်ရှုနိုင်ပါပြီ ဓမ္မမိတ်ဆွေအပေါင်းတို့။
https://drive.google.com/file/d/0B-0UARix2wSXUXJwWE5YZlJrbEU/view?usp=sharing

Wednesday, April 22, 2015

ဂုဏ်ယူပါတယ်ခမည်းတော် အရှင်ပညာသီရိ ရမ္မာကျွန်း

ဂုဏ်ယူပါတယ် ခမည်းတော်
အရှင်ပညာသီရိ(ရမ္မာကျွန်း)
          သား ယောကျာ်းလေးချည်း လေးယောက် မွေးထားတဲ့ အဖေ။ ခြေထောက်တစ်ဘက် မသန်တဲ့ မိန်းမတစ်ယောက်ကို ဇနီးမယား အဖြစ် ပေါင်းသင်းခဲ့တဲ့ အဖေ။         အမြဲတမ်းသောက်လာတဲ့ အရက်ကို အစ်ကိုကြီးက အဖေအရက်သောက်တာ ရှက်တယ်ဆိုလို့ ဘုရားမှာ သစ္စာဆိုပြီး စွန့်ခဲ့တဲ့ အဖေ။
          ဪ. .အဖေရယ်။
           အရာရှိငယ်ဘဝနဲ့ သားလေးယောက်ကို ပညာတတ်ကြီးတွေ ဖြစ်အောင် ထားခဲ့ပေမဲ့ အဖေ့ဆန္ဒ မပြည့်ဝခဲ့ဘူးနော်။ အစ်ကိုအလတ်က အရွယ်မတိုင်ခင် လူပေါင်းမှား မှုကြောင့် ပညာရေး ဆုံးခန်းတိုင်အောင် မရောက်ခဲ့ရှာဘူး။ သားတို့ အငယ်နှစ်ယောက်ကတော့ ကိုယ့် ဆုံးဖြတ်ချက်နဲ့ကိုယ် ကျောင်းမပြီးခင် သာသနာ့ဘောင်ထဲ ဝင်ခဲ့ကြတယ်လေ။ သားတို့ကိုတော့ အဖေ နားလည်ပေးနိုင်မှာပါ။ အစ်ကိုကြီးကတော့ အဖေ ဖြစ်စေချင်သလို ပညာတတ်အရာရှိတစ်ယောက်ဖြစ်နေပါပြီ။
          သား အရွယ်ရောက်လာတော့ အဖေ့အကြောင်းကိုတွေးပြီး အရမ်း အံ့ဩခဲ့တယ်။ ဟုတ်တယ် အဖေ။ ယောကျာ်းချင်းမို့ ပိုအံ့ဩတယ်။ ခြေထောက်တစ်ဘက် မသန်လို့ ချိုင်းထောက်နဲ့ နေရတဲ့ အမေ့ကို ကရုဏာသက်ပြီး လက်ထပ်ယူသတဲ့။ ရိုးသားစွာ ဝန်ခံရရင် သားဆို တွေးတောင်မတွေးဝံ့တဲ့ကိစ္စပဲ။ အို -သားမှမဟုတ်ပါဘူးလေ။ တော်ရုံ ယောကျာ်းပြုဝံ့တဲ့ကိစ္စမဟုတ်တာ။ အရာရှိသက်တမ်းတစ်လျှောက်မှာလည်း အမေ့လက်ကိုဆွဲပြီး ပွဲတကာ တက်ခဲ့တယ်။
          တချို့က သားတို့ကိုမေးတယ်။
          “မင်းတို့မိထွေးလား”တဲ့။
          “မဟုတ်ဘူးကွ၊ ငါတို့ အမေ အရင်း”လို့ ပြန်ဖြေတိုင်း သူတို့       အံ့ဩကြတယ်။ဒီအတွက် အဖေ့ကိုယ်စား သား ကျေနပ်တယ်။ ဂုဏ်ယူတယ်။
          အစ်ကိုကြီးတွေ အိမ်က လက်လွတ်ပြီး သား ကိုးတန်းနှစ်မှာ အဖေပင်စင်ယူတယ်နော်။ ဝန်ထမ်းဘဝ လစာငွေနဲ့ သားသမီး ပညာရေး လုံးပန်းခဲ့ရတော့ အဖေတို့မှာ ဘာမှ စုမိဆောင်းမိ မရှိခဲ့ရှာဘူး။  အသက် ခြောက်ဆယ်နီးခါမှ ဘဝကို အသစ်က ပြန်စရသလို ဖြစ်ခဲ့တော့ အဖေ ဘာမှအဆင်သင့်မဖြစ် ခဲ့ရှာဘူး။ ဝန်ထမ်းဘဝမှာ ဝန်ထ်း ပီပီ ရပ်တည်ခဲ့တဲ့ အဖေ့အတွက် ပြင်ပစီးပွားရေးဟာ အရမ်းစိမ်းနေ ခဲ့တယ်။ ခက်ခဲနေတယ်။ အမေကလည်း အဖေ့ကို ချိုင်းထောက်တစ်ဘက်နဲ့ ဝိုင်းကူရှာပေမဲ့ အဖေတို့ မအောင်မြင်ခဲ့ဘူး။
          ကံကြမ္မာကိုပဲ  ရိုးမယ်ဖွဲ့ရလောက်အောင် ဆိုးလွန်းခဲ့တယ် နော်။ အဖေ ဦးစီးတဲ့ စက်လှေဟာ မြုပ်ခဲ့ပြန်တယ်။ အမေကလည်း သူတစ်နိုင် အဝတ်အထည်တွေ ယူရောင်းပေမဲ့ အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း လုံးပါးပါးလာတယ်။
          စီးပွားရေး ကသောင်းကနင်း ဖြစ်လို့ အဖေ စိတ်ညစ်နေချိန်မှာ သားမလိမ္မာမှုကြောင့် စာမေးပွဲကျ ပြန်တယ်။ အဖေ အတော်ပေါက်ကွဲသွားပြီး သားကို ရိုက်တယ်။
          “မင်းကို ကျောင်းဆက်မထား တော့ဘူး”လို့လည်း အဖေ ဒေါသနဲ့ ပြောခဲ့တယ်။ ဒါပေမဲ့လည်း အချိန်တန်တော့ အဖေကိုယ်တိုင် ကျောင်းလိုက်အပ်ပေးခဲ့တာပါပဲ။ အဖေ့လိုလူတစ်ယောက်က မိဘမေတ္တာကို ဘယ်အစွန်းအထင်းခံပါ့မလဲ။
           အရင်းအနှီးလေး တဖြည်းဖြည်း ကုန်လာတော့ အရာရှိ ပင်စင်စားဆိုတာကို မေ့ ထားပြီး ရရာအလုပ်ကို အဖေ ဝင်လုပ်တော့တယ်။
          ဪ-အဖေရယ်၊ အဖေ့ဘဝမှာ ဘယ်တုန်းကမှ မတွေးဖူးတဲ့ အလုပ်တွေလည်း အဖေ လုပ်ခဲ့ရတယ်နော်။ အဲဒီလုပ်စာနဲ့ သားနဲ့ အမေ့ကို ဆက်ပြီးတာဝန်ယူတယ်။ သားကို ဆယ်တန်းအောင်အောင် ထားပေးခဲ့တယ်။
          အဲဒီတုန်းက အဖေ အရမ်းကို စိတ်ရော လူပါ ပင်ပန်းရှာတယ်။ အမေဆို အဖေ စိတ်ထိခိုက်ပြီး တစ်သက်လုံး ဖြတ်လာတဲ့ အရက်ကို ပြန်သောက်လေမလား စိုးရိမ်နေတာ။ အဖေက စိတ်ဓာတ်မာတယ်။လောကဓံအထုအထောင်းကို တရားအသိနဲ့ရင်ဆိုင်ခဲ့တယ်။ တရားပဲ ဖိလုပ်ခဲ့တယ်။
          သား ဆယ်တန်းအောင်ပြီး အလုပ်တစ်ဘက်နဲ့ ကျောင်းတက်တော့ အဖေ အမေ့ဆီ ခွင့်တစ်ခု တောင်းတယ်။
          “မောင် ရဟန်းဝတ်နဲ့နေချင်ပြီကွာ”တဲ့။
          ဟုတ်တာပေါ့။ အဖေ့ကို လောကဓံက တရားပြခဲ့ပြီထင်ပါ့။ အမေကလည်း ခွင့်ပြုခဲ့ပါတယ်။ အမေ့ကို အစ်ကိုကြီးတွေက တာဝန်ယူပေမဲ့ အမေလည်း ရိပ်သာတစ်ခုမှာ ယောဂီဝတ်နဲ့ပဲ နေလိုက်တော့တယ်။ အခုဆို ခမည်းတော် (၁၆)ဝါတောင် ကျော်ပါပြီကောလား။
          ခမည်းတော်ရေ၊ မိကျောင်းမင်း ရေကင်းပြတယ်လို့ မထင်နဲ့နော်။ တပည့်တော်တို့က အခုဆို ရဟန်းတွေ ဖြစ်နေကြပြီ။ ဒါဟာ အဆိုးထဲက အကောင်းပဲ။ ကောင်းတာ မှ အရမ်း ကောင်းတာကလား။လောကဓံ ခပ်ကြမ်းကြမ်းသာ မတွေ့ခဲ့ရင် တပည့်တော်တို့ ဒီဘဝကို ရောက်ချင်မှရောက်မှာ။ ပဋာစာရီ၊ ကိသာဂေါတမီတို့တောင် သားသေ လင်ဆုံးအဖြစ်မျိုးနဲ့ ကြုံလို့ တရားရ ခဲ့ကြတာ။ တပည့်တော်တို့မိသားစုလည်း တရားမရကြသေးပေမဲ့ အခု သာသနာ့ဘောင်ထဲကနေ ရဟန်း တရားကို အားထုတ်ခွင့်ရတာဟာ ဒီလောကဓံကြောင့်ပဲ။ တပည့်တော်ကတော့ ဒီလိုပဲ ခံယူတယ်။ ဟုတ်တယ်နော် ခမည်းတော်။ လောကလူသားတွေဟာ တရားလမ်းကိုတက်ဖို့အတွက် သံဝေဂဥာဏ်လိုတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင် အို၊နာ၊ သေ ဆိုတဲ့ နိမိတ်တွေကို မြင်ပြီး သံဝေဂရလို့ တောထွက်ခဲ့တာပဲ။
          ခမည်းတော်ရေ၊ ခမည်းတော် တို့လို ကြီးမှ ရဟန်းဝတ်တဲ့လူတွေကို နိက္ခမလို့ ခေါ်ကြတယ်။ နိက္ခမ ဆိုတာ ထွက်မြောက်ခြင်းတဲ့။ ထွက်မြောက်ခြင်းဆိုတာ သုံးမျိုးရှိတယ်။ လူ့လောကကို စွန့်ပြီး တောထဲသို့ထွက်သွားခြင်း၊ကာမဂုဏ် တွေကိုစွန့်ပြီး ကာမတောထဲမှ ထွက်သွားခြင်း၊ ရုပ်နာမ်အားလုံးကို စွန့်ပြီး နိဗ္ဗာန်သို့ ထွက်သွားခြင်း ဆိုပြီး ရှိတယ်။
          အခုဆိုရင် တပည့်တော်တို့ဟာ ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကထဲက ထွက်လာကြပြီ။ အဲဒီက တစ်ဆင့်တက်လို့ ချစ်မှု၊ ခင်မင်မှု၊ ရချင်မှု ဆိုတဲ့ ကာမနယ်က ထွက်ခွာ ဖို့အတွက် ကြိုးစားရဦးမယ်။ အဲဒီက မှတစ်ဆင့်တက်လို့ ရုပ်နာမ်ဆိုတာ ကို စွန့်ပြီး နိဗ္ဗာန်ကိုထွက်ကြရဦး မယ်။
          ဟုတ်တယ်လေ ခမည်းတော်။ ဒုက္ခအားလုံးရဲ့တရားခံဟာ ဒီရုပ် နာမ်ဖြစ်နေတာကိုး။ ရုပ်နာမ်ရှိနေ ရင် လူ၊ နတ် ဆိုတဲ့ သမုတိက လည်း ရှိနေမယ်။ လူလို့ဖြစ်လာရင် လူမှုအပူတွေ ကြုံရတယ်။ ခမည်း တော်က တပည့်တော်ထက် ပိုသိ ပါတယ်။
          လူတွေဟာ အပူကို အပူလို့ မသိကြဘူး။ ဝိပလ္လာသရဲ့နှောင့်ယှက် မှုကြောင့် မစင်တောမှာ ပျော်နေ ကြတယ်။ သူတော်ကောင်းတွေကတော့ သိကြတယ် ခမည်းတော်။
          ဒုကနိပါတ်မှာ ဝစ္ဆနခဇာတ်        ဆိုတာရှိတယ်။ ဝစ္ဆနခဆိုတာ တရားရှာမှီးတဲ့ ပရိဗိုဇ်တစ်ဦးပါ။ သူ့ကို ဗာရာဏသီသူဌေးက ချစ်တော့ -
          “ရသေ့ရဟန်းဆိုတာ အလွန် ဆင်းရဲငြိုငြင်တယ်။ သူတစ်ပါးထံ တောင်းရမ်းစားရတာဖြစ်လို့  မျက်နှာငယ်တယ်။ လူထွက်ခဲ့ပါ။ ရှိတဲ့ပစ္စည်း တစ်ဝက်ခွဲပေးပါ့မယ်”ဆိုပြီး ဖိတ်တယ်။
          အဲဒီအခါမှာ ပရိဗိုဇ်က “သင် က ရသေ့ ရဟန်းဘဝကို ဆင်းရဲတယ်လို့ မြင်တယ်။ ငါကတော့ မမြင်ဘူး။ လူ့ဘဝဆိုတာ ရေ အလယ်မှာ ကူးနေရတာနဲ့ တူတယ်။ မပြတ်အားထုတ်ပြီးကူးနေမှ ရေပေါ်မှာ ပေါ်နိုင်တယ်။ အားထုတ်ပြီး မကူးလို့ကတော့ ရေနစ်တော့တာပဲ။ ဒီလိုပဲ။ မင်း၊ သူဌေး၊ အလုပ်သမား ဘယ်သူမဆို မပြတ်အားထုတ် အလုပ် လုပ်နေမှ ဘဝရပ်တည်နိုင်တာ။ ဒါကြောင့် ဆင်းရဲငြိုငြင်တယ်။ ဒါတင် မကသေးဘူး။ လူသားတစ်ဦးဟာ ဘဝရပ်တည်ဖို့အတွက် လိမ်ခြင်း၊ ညာခြင်းတွေလုပ်ရတယ်။ ကိုယ့်ကို အထင်မသေးအောင် မာန ထောင်ပြရတယ်။ကိုယ့်စီးပွားအတွက် သူတစ်ပါးကို ညှဉ်းဆဲရတယ်။ ကိုယ် လည်း ညှဉ်းဆဲခံရတယ်။ဒါကြောင့် လူ့ဘဝဟာ အပေါက်များစွာရှိတဲ့ ရေအိုးနဲ့ တူတယ်။ အပေါက်ရှိတဲ့ ရေအိုးဟာ အမြင်ကတော့ လှပေမဲ့ ရေထည့်လို့ ရေမတည်ဘူး။ ထို့အတူ လူ့ဘဝဟာလည်း အမြင်ကလှပေမဲ့ ကုသိုလ်တည်နိုင်ဖို့ ခဲယဉ်းတယ်။ ငါကတော့ လူ့လောကကြီးကို ဒီလို မြင်တယ်”တဲ့။
          ခမည်းတော်ရေ ရဟန်းဘဝ ဆိုတာကတော့ နေတတ်ရင်ကိုပဲ ကုသိုလ်အလိုလိုရနေပြီ။
          တပည့်တော်တို့လည်း ဒီအမြင် ရှိဖို့လိုတယ်။ ဆရာတော်ကြီးတစ်ပါး ဆုံးမဖူးတယ်။
          “လူတွေဟာ ကန်ထဲကငါးတွေ လိုပဲ။ ငါးတွေဟာ ကန်ထဲမှာရေပြည့် နေတုန်းတော့ ကန်တနံတလျားကို ကူးခတ်ပြီး ပျော်နေကြတယ်။ နွေ ရောက်လာလို့ ကန်ထဲမှာ ရေနည်း လာပြီ။ အိုင်ခွက်လေးထဲမှာ စုမိလာကြပြီ။ ဒါလည်း တစ်ကောင်ကို တစ်ကောင် တိုးတိုက်ပြီး ပျော်နေကြ သေးတာပဲ။ ဒီလို ရေနည်းလာတာဟာ ငါတို့ သေဖို့ နီးလာတာပါလား လို့ မသိကြရှာဘူး။ လူတွေဟာလည်း ဒီလိုပဲ။ ငယ်ရွယ်စဉ်မှာတော့ လွတ်လွတ်လပ်လပ် ပျော်ပါးလို့။ အိမ်ထောင်ရက်သားကျပြီး သား တွေ သမီးတွေနဲ့ဖြစ်လာပြီ။ မြေးတွေ မြစ်တွေနဲ့ဖြစ်ပြီး အိုင်ခွက်ဆိုတဲ့ အိမ်သေးသေးလေးမှာ စုမိလာကြပြီ။ ဒါဟာ ငါတို့ သေဖို့နီးလာတာပါလား လို့ မဆင်ခြင်မိကြဘူး။ ငါးပျော် ပျော်နေကြတယ်”တဲ့။
          ခမည်းတော်ကြီးမှာ ခုဆို မြေး တွေ မြစ်တွေ ရနေပြီ။ အိုင်ခွက် အလယ်မှာ စုမိနေပြီ။ ခမည်းတော် က အိုင်ဆိုတဲ့ အိမ်က ကိုယ်လွတ်နေပေမဲ့ စိတ်လည်း လွတ်အောင် ကြိုးစားရဦးမယ်။
          ပုံပြင်ကလေးတစ်ပုဒ် ကြားဖူးတယ်။ လူ့သက်တမ်းဟာ အရင်တုန်းက နှစ်ဆယ့်ငါးနှစ်ပဲ ရှိတယ်။ နွား၊ ခွေး၊ မျောက်တို့ရဲ့သက်တမ်းဟာ လူထက် ရှည်ကြတယ်။ လူ ဟာ သက်တမ်းတိုလို့ မချင့်မရဲဖြစ်နေတယ်။ နွားကတော့ သူများဝန်တွေကို ပင်ပင်ပန်းပန်း ထမ်းပြီး အသက်ရှည်နေရတာကို မကြိုက်ဘူး။ ခွေးကလည်း အိမ်စောင့်အရိုး ကိုက်ဘဝနဲ့ နေရတာကို မနှစ်မြို့ဘူး။ မျောက်ကလည်း သူ့စရိုက်ကိုက အငြိမ်မနေတတ်ဘဲ ဟိုဆော့ ဒီဆော့နဲ့နေရတော့ အသက်မရှည်ချင်ဘူး။
          ဒီတော့ လူနဲ့အပေးအယူလုပ်ကြတယ်။ နွားက သူ့သက်တမ်းထဲက နှစ်ဆယ့်ငါးနှစ်ကို လူကို ပေးတယ်။လူ့သက်တမ်း ငါးဆယ်ဖြစ်။ နွားပြီးတော့ ခွေးကလည်း လူကို နှစ်ဆယ့်ငါးနှစ် ပေးပြန်တယ်။ခုနစ် ဆယ့်ငါးနှစ် ဖြစ်၊ ခွေးပြီးတော့ မျောက်ကလည်း နှစ်ဆယ့်ငါးနှစ် ပေးတယ်။ ဒီလိုနဲ့ လူ့သက်တမ်းဟာ တစ်ရာဖြစ်လာတယ်။
          သက်တမ်းတစ်ရာရှိလာတဲ့ လူဟာ သူ့ရဲ့ပထမနှစ်ဆယ့်ငါးနှစ်မှာ ပညာရှာတယ်။ ပညာပြည့်စုံတော့ နွားသက်တမ်းကိုရောက်လာတယ်။ နွားသက်တမ်းဖြစ်တဲ့အတွက် သား ကျွေးမှု မယားကျွေးမှုအတွက် နွားတစ်ကောင်လို ရုန်းရပြီလေ။ ဒီလို နဲ့ တဖြည်းဖြည်း သား သမီး မြေး မြစ်တွေနဲ့ ဖြစ်လာပြီ။ အသက်လည်း ငါးဆယ်ကျော်လို့ ခွေးသက် တမ်းကို ရောက်လာတယ်။ အဖေ ရေ သမီးက အလုပ်တစ်ဘက်နဲ့မို့ အဖေ့မြေး လာထိန်းပေးပါဦး၊ သား တို့ မအားလို့ အိမ်လာစောင့်ပေးပါ ဦး ဆိုပြီး ခွေးတစ်ကောင်လို အိမ်စောင့် ကလေးထိန်းအလုပ်ကိုလုပ် ရပြီ။ စားရတော့လည်း သားသမီး မြေးမြစ်တွေရဲ့နောက်ဆုံးမှ။ အရိုး အရင်းလောက် ကိုက်ရတယ်။
          ခုနစ်ဆယ့်ငါးနှစ်ကို ရောက်လာပြီ။ မျောက်သက်တမ်းရောက်လာပြီ။ အငြိမ်မနေနိုင်တော့ဘူး။ ဟိုစပ်စပ် ဒီစပ်စပ်ပါလာပြီ။ ငယ်မူတွေ ပြန်လာပြီ။ သားသမီးတွေရဲ့ အငြိုငြင်ကိုခံလာရတယ်။
          ခမည်းတော်ရေ။ ဒီပုံပြင်လေး က လူ့ဘဝကိုထင်ဟပ်တယ်နော်။ သံဝေဂရဖို့ကောင်းတယ်။ လူဟာ လိုချင်ခဲ့ခြင်းရဲ့အမှားတွေလို့ မသိဘူး။
          ခမည်းတော်ဟာ လူ့ဘဝမှာ လူသားပီသစွာ၊ယောကျာ်းကောင်း ပီသစွာ မိသားစုတာဝန်ကို ထမ်း ခဲ့ပြီးပြီ။ လောကဓံလှိုင်းကြမ်းကို အံတုတိုက်ခိုက်ခဲ့ပြီးပြီ။ တာဝန်တွေ က မပြီးသေးဘူး ခမည်းတော်။ တိုက်ပွဲတွေက မဆုံးသေးဘူး။ ခမည်းတော်ဘဝမှာ နိုင်ငံဝန်ထမ်း၊ မိသားစုဝန်ထမ်းဖြစ်ခဲ့ပြီးပြီ။ အခု သာသနာ့ဝန်ထမ်းဘဝကို ရောက် နေပြီ။ ကျေပွန်အောင်ဆက်ထမ်းနိုင် ပါစေ။ သံသရာအတွက် ဒီတိုက်ပွဲကို ခမည်းတော် ဆက်တိုက်ပါဦး။ ဂုဏ်ယူနေမယ် ခမည်းတော်ဘုရား။

အရှင်ပညာသီရိ(ရမ္မာကျွန်း)


တွေ့ဆုံမေးမြန်း ဓမ္မလမ်း မိုးမိုးစောဝင်း



မေး- အရှင်ဘုရားရဲ့ ဘွဲ့တော်ကို အရင် အမိန့် ရှိပါဦးဘုရား၊ သက်တော်နဲ့ ဝါတော်လည်း သိပါရစေ။
          ဖြေ- ဦးဝဏ္ဏ၊ သက်တော်-၄၆၊ ဝါတော်-၂၆ပါ။ဒီမှာကတော့ ဒေါက်တာဦးဝ္ဏဏ ဂွမ်ဂျူးဆရာတော်လို့ သိကြပါတယ်။
          မေး- အရှင်ဘုရား လက်ရှိ သီတင်းသုံးရာ အရပ်နဲ့ တာဝန်ယူနေရတဲ့ သာသနာ့လုပ်ငန်းများ ကိုလည်း သိချင်ပါတယ်ဘုရား။
          ဖြေ- ခု လက်ရှိ နေတာက တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့ပါ၊ သာသနာပြုလုပ်ငန်းအနေနဲ့ကတော့ ဒီမှာ ရှိနေတဲ့ မြန်မာ ဒကာတွေနဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘာသာရေး၊ သာသနာရေးကိစ္စများကို လုပ်ကြပါတယ်။ ဝါတွင်းကာလ အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မစကြာ ရွတ်ပွဲတွေ၊ ဘုရားရှိခိုး၊ မေတ္တာပို့နှငီ့်ေွာှေေုငညါ အစီအစဉ်များကို တနင်္ဂနွေနေ့တိုင်း ပြုလုပ်ဖြစ်ကြပါ တယ်။
          မေး-Dhamma Talking  အစီအစဉ်မှာ ဘယ်လို အကြောင်းအရာတွေကို ဦးတည်ဆွေးနွေး ဖြစ်ပါသလဲ ဘုရား။
          ဖြေ- ကိုရီးယား ဒကာ ဒကာမ အပိုင်းကတော့ သူတို့ရဲ့စကားကို သင်ကြားလေ့လာနေဆဲ ဖြစ်တဲ့အတွက် ဘာသာစကား အခက်အခဲကြောင့် သိပ်ပြီး အလေး အနက် မလုပ်ဖြစ်သေးပါဘူး။ ဒါပေမဲ့ စကားပြန်များနှင့် သူတို့ သိချင်တဲ့ Dhamma မေးခွန်းများကို ပြန်လည် ဖြေကြား ဟောပြောမှုများကို အခွင့်သင့်တိုင်း ပြုလုပ်ပေးရပါတယ်။ မကြာမကြာ ကျောင်းကိုလာကြတဲ့ ကိုရီးယား ဒကာ ဒကာမတွေရဲ့ Dhamma အမြင်ဖလှယ်အစီအစဉ်ဟာလည်း အရမ်းကောင်းပါတယ်။
          Dhamma Talking အစီအစဉ်မှာတော့ သူတို့ သိချင်တဲ့ ဘာသာရေးမေးခွန်းတွေကို အဓိကထား ဆွေးနွေးဖြစ်ကြပါတယ်။ သူတို့တွေရဲ့ ဘာသာရေးအပေါ် ထင်မြင်ချက်၊ ခံယူချက်တွေကို ဆွေးနွေးဖြစ်ကြပါတယ်။ အများအားဖြင့် သိသင့်သိထိုက်တဲ့ ကိုယ်ကျင့်တရားတွေ၊ ရှောင်ရမယ့် အချက်၊ ဆောင်ရမယ့် အချက် စသည်အားဖြင့် ဆွေးနွေးဖြစ်ကြပါတယ်။
          မေး- အရှင်ဘုရားရဲ့ ပရိယတ်မှာ အောင်မြင် ခဲ့တဲ့ စာမေးပွဲများကိုလည်း သိပါရစေဘုရား။
          ဖြေ- ပညာအရည်အချင်းကတော့ ငယ်, လတ်, ကြီး, ဓမ္မာစရိယ၊ ဝိနယဝိဒူ စသည်များ၊ M.A Magadha University India၊ Ph.D Magada University India  စသည်များကို အောင်မြင်ရရှိခဲ့ပါတယ်။
          မေး- တွေ့ဆုံမေးမြန်း ဓမ္မလမ်း အစီအစဉ်ကနေ အားကျအတုယူဖွယ်ဖြစ်အောင် အရှင်ဘုရား ငယ်စဉ် ကတည်းက ပညာသင်ယူခဲ့ပုံ အနေအထားတွေ၊ ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေ၊ ပညာသင်ယူခဲ့ရာ နေရာတွေကိုလည်း အသေးစိတ်လေး ပြောပြပေးနိုင် မလားဘုရား။
          ဖြေ- ပညာ သင်ကြားရာမှာတော့ အခက်အခဲက ရှိကြတာပါပဲ။ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ရင် လိုရာ ပန်းတိုင် ရောက်ကြမှာပါ။ ဦးဇင်းက ပညာသင်ကြား ရတာ အရမ်း နောက်ကျခဲ့ရတယ်။ မူလတန်းကို ဦးဇင်း ဘဝမှ စဖြေခဲ့ရတယ်။ တခြား ကိုယ်ရင်လေးတွေနဲ့ စာဝါ အတူတူ တက်ခဲ့ရတယ်။ ကိုရင်လေးတွေနဲ့ စာဝါ အတူတူ တက်ရတော့ ရှက်မိသလိုလိုတော့ ခံစားရတာပေါ့လေ။ ကိုယ်နှင့် သက်တူရွယ်တူတွေက ပထမကြီးတန်း၊ ဓမ္မာစရိယတန်းတွေဆိုတော့။ ဒါပေမဲ့ လိုချင်တဲ့ ပညာရေးကို ရအောင်တော့ လုပ်နိုင်ခဲ့တယ်။ မူလတန်း က အင်းစိန်မြို့နယ် မေဃဝတီ ကန်ဦးကျောင်းက အောင်မြင်ခဲ့ပါတယ်။ ပထမငယ်တန်းကို တောင် ဥက္ကလာပ မဟာဂန္ဓာရုံကျောင်းက အောင်မြင်ခဲ့ပါတယ်။ ပထမလတ်၊ ပထမကြီးတန်းများကို သာသနာ့မဏ္ဍိုင်က အောင်မြင်ခဲ့ပြီး ဓမ္မာစရိယ စာပေများကို  အဲဒီကျောင်း မှာပဲ လေ့လာသင်ကြားခဲ့ပါတယ်။ ပြီးမှ အင်းစိန်မြို့နယ် ရတနာဗောဓိပရိယတ္တိစာသင်တိုက်၊ တာမွေ နန္ဒဝန် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တာမွေ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် ဦးသုစိတ္တာဘိဝံသတို့ထံမှာ သင်ကြား ပြီးမြောက်ခဲ့ပါတယ်။
          အဓိက အခက်အခဲ တွေ့ခဲ့ရတာက အိန္ဒိယ မဂဓ တက္ကသိုလ်မှာ ပညာသင်ကြားစဉ်ကာလ ဘာသာစကား အခက်အခဲနဲ့ အင်္ဂလိပ်စာ အားနည်းမှုတွေ၊ လူမျိုးနှင့် ယဉ်ကျေးမှုတွေ၊ ဆရာတွေရဲ့ သင်ကြားမှုများက အင်္ဂလိပ်လို ပို့ချပေးတဲ့အခါ သူတို့ရဲ့ အသံထွက်ဟာ ကိုယ့်အတွက် ကြီးမားတဲ့ အခက်အခဲတစ်ခုလို ခံစားခဲ့ရ တယ်။ ဒါဟာလည်း အစပိုင်းမှာ တွေ့ကြုံခဲ့ရတဲ့ အခက် အခဲပါပဲ။ တခြား တခြားသော အခက်အခဲ ကြီးကြီး မားမား မကြုံခဲ့ရပေမဲ့ ငယ်ငယ်တုန်းက အင်္ဂလိပ်စာ မသင်ခဲ့ကြရတဲ့အတွက် ပညာသင် ရဟန်းတော်များ အတွက်ကတော့ ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်လိမ့် မယ်လို့ ယူဆပါတယ်။ နွေရာသီ ကျောင်းပိတ်ချိန်မှာ အင်္ဂလိပ်စာစွမ်းရည် တိုးတက်ဖို့အတွက် နယူးဒေလီ၊ ကာလကတ္တား စတဲ့ မြို့တွေကို သွားပြီး အင်္ဂလိပ်စာများ ထပ်ပြီး လေ့လာသင်ယူခဲ့ကြရပါတယ်။ တကယ်ဖြစ်ချင် တဲ့ ပုဂ္ဂိုလ်ဟာ ကြုံရတဲ့ အခက်အခဲများကို ဇွဲလုံ့လ ဝီရိယထားပြီး ဖြေရှင်းကြရင် လိုရာပန်းတိုင်တစ်ခုကို ရောက်ရှိကြမှာ ဖြစ်ပါတယ်။ တချို့ ပုဂ္ဂိုလ်များ ဝီရိယ မစိုက်ခဲ့ကြလို့ လမ်းတစ်ဝက်နဲ့ အဆုံးသတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေလည်း အများအပြား ရှိခဲ့ကြပါတယ်။ ဒါကြောင့် နောက် ညီတော်မောင် ရဟန်းငယ်လေးတွေ ကိုပြောချင်တာက အခက်အခဲဟာ နေရာတိုင်းမှာ ရှိကြ ပေမဲ့ ဝီရိယစွမ်းအား, ဉာဏ်စွမ်းအားနဲ့ ကျော်လွှားပြီး လိုချင်တာရအောင် လုပ်ကြဖို့ ပြောချင်ပါတယ်။
          မေး- ဘဝမှာ ပရိယတ် ပဋိပတ် ဘယ်အရာကို အားသန်ခဲ့ပါလဲဘုရား။ ဒါမှမဟုတ် မျှတအောင် စိတ်ထားတတ်တယ်ဆိုခဲ့ရင်လည်း အဲဒီ အကြောင်းလေးကို ရှင်းပြပေးတော်မူပါဘုရား။
          ဖြေ- ဘဝမှာ ပရိယတ် ပဋိပတ်မှာ ဦးဇင်းက ပရိယတ်ကို ပိုအားသန်ပါတယ်။ ဒါကြောင့်လည်း စာချ ဆရာတော်ဘဝနဲ့ စာပေများကို ပို့ချပြီး တပည့်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ သာသနာ သုံးရပ်မှာ အခြေခံမူလဘူတက ပရိယတ္တိဟာ သာသနာရဲ့ အသက်သွေးကြောပါပဲ။ ပရိယတ္တိ မရှိရင် သာသနာတော်ဟာ မရှိနိုင်တော့ပါဘူး။ ကျန်တဲ့ ပဋိပတ်၊ ပဋိဝေဒ ဆိုတာဟာ ပရိယတ္တိ ရှိမှသာ ရှိနိုင်ကြမှာ ဖြစ်ပါတယ်။ ခုခေတ် ပရိယတ္တိ စာသင်တိုက်တွေကို ဒကာ ဒကာမတွေက ထောက်ပံ့လှူဒါန်းမှု တော်တော် အားနည်းလာတာကို တွေ့မြင်ရပါတယ်။ ဒါဟာ သာသနာတော်ကြီးအတွက်၊ စာသင်သား ရဟန်း သာမဏေများအတွက်၊ သာသနာတော်ကြီး အရှည် တည်တံ့ဖို့အတွက် အန္တရာယ် ဖြစ်လာမှာကို အထူး သတိထားရမှာ ဖြစ်ပါတယ်။
          မေး- အရှင်ဘုရား လျှောက်ခဲ့တဲ့ လမ်းမှာ အခက်ခဲဆုံးလို့ ထင်ခဲ့တဲ့ အပိုင်းများရှိရင် သိပါရ စေ။ ဒါတွေကို ဘယ်လို ဖြစ်ကျော်ခဲ့တယ်ဆိုတာလေး မိန့်ပါဦး ဘုရား။
          ဖြေ- လျှောက်ခဲ့တဲ့ လမ်းမှာ အခက်အခဲများကတော့ ရှိခဲ့ပါတယ်။ ပညာရေးနှင့် ပတ်သက်တဲ့ အခက်အခဲ၊ပညာသင်စရိတ် အခက်အခဲတွေ၊ စနမျသညေူ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီ အခက်အခဲတွေ ကို ကြီးမားတဲ့, ဖြေရှင်းလို့မရတဲ့ အခက်အခဲတစ်ခု အဖြစ်တော့ မမှတ်ယူခဲ့ဘူး။ တချို့ အခက်အခဲတွေကို တိုင်ပင်ဆွေးနွေး အဖြေရှာခဲ့တယ်။ တချို့ဟာတွေက သည်းခံမှုအပိုင်းကို အဓိကထားပြီး သည်းခံခဲ့ရတယ်။ တချို့ဟာတွေကတော့ ဇွဲမလျှော့ဘဲ လျှောက်လှမ်းခဲ့ရတယ်။ အဲဒီ အခက်အခဲတွေ ဖြတ်ကျော် ဖြေရှင်းနေ ရတုန်းမှာ မလိုလားအပ်တဲ့ ဘဝရဲ့ အပြောင်းအလဲ မဖြစ်ဖို့ အဓိက သတိတော့ အရမ်းထား ဖြစ်ကျော်ခဲ့ရပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့ရ တယ်။ လုပ်ချင်တာထက် လုပ်သင့်တာ လုပ်ခဲ့ရတယ်။ ဒါကြောင့် အသိ သတိ လက်ကိုင်ထားပြီး အခက်အခဲ ကျော်ဖြတ်ပြီး လိုရာပန်းတိုင် ရောက်အောင် လျှောက်ခဲ့ရပါတယ်။
          မေး- ခုလို ကိုရီးယားမှာ သာသနာပြုဖို့ ဖြစ်လာ ခဲ့တဲ့ အစလမ်းကိုလည်း သိချင်ပါတယ် ဘုရား။
          ဖြေ- ကိုရီးယားကို ရောက်လာရတဲ့ အကြောင်းရင်း ကတော့ ဘူဆန်ဆရာတော် ဦးပဏ္ဍိစ္စရဲ့ ကျေးဇူးတွေပါပဲ။ ဘူဆန်ဆရာတော်နှင့် မထင်မှတ်ဘဲ အိန္ဒိယမှာ စတွေ့ သိရှိခဲ့တဲ့အတွက် ဘူဆန်ဆရာတော်ရဲ့ ပင့်ဖိတ်မှု ကူညီ ပံ့ပိုးမှုတွေကြောင့် ဒီကို ရောက်လာခဲ့ရတာပါ။ ၂၀၁၃- ခုနှစ်၊ မေလ(၇)ရက်နေ့ ဦးဇင်း Ph.D စာတမ်း နောက်ဆုံးတင်ပြီး တက္ကသိုလ်ဆရာများက အောင် လက်မှတ်ပေးပြီး မြန်မာပြည်ကို ပြန်ပြီး ဘူဆန် ဆရာတော်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကူအညီ ရရှိခဲ့ကာ ၂၀၁၄-ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့ ကိုရီးယားကို စရောက်ခဲ့ပါတယ်။
          မေး- နိုင်ငံမတူ လူမျိုးမတူ ဘာသာခြားများတဲ့ နေရာမှာ အရှင်ဘုရားရဲ့ သာသနာပြုခရီးဟာ ချောမွေ့ပါရဲ့လား။
          ဖြေ- ကိုရီးယားနိုင်ငံဟာ လူမျိုးမတူ၊ ရိုးရာ ယဉ်ကျေးမှုမတူ၊ ထေရဝါဒ မဟာယာန ကွဲပြားမှု၊ အစား အသောက် သဘာဝရာသီဥတု ကွဲပြားမှု စသည်များ ရှိကြပါတယ်။ သို့သော်လည်း ဘူဆန် ဆရာတော်ရဲ့ ပံ့ပိုးကူညီမှု၊ မြန်မာ ဒကာလေးများရဲ့ သဒ္ဓါတရား အားကောင်းမှု၊ နောက်ပြီး ကိုရီးယား ဆရာတော်များနှင့် ကိုရီးယား ဒကာမများရဲ့ အဓိက ထောက်ပံ့ကူညီပေးမှု တွေကြောင့် အစစ အဆင်ပြေ ချောမွေ့ပါတယ်။
          ခု ဒီရောက်တဲ့အခါမှာ မတူညီမှုတွေ အများအပြား တွေ့ရှိရသလို အတွေ့အကြုံတွေလည်း အများကြီး ရရှိ ပါတယ်။ ဦးဇင်းရဲ့ ဓမ္မယာန အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာခဲ့သော အခက်အခဲ များစွာတို့ကို ကိုရီးယားက ဆရာတော်များ၊ ဒကာမများနဲ့ တိုင်ပင်ပြီး ဖြေရှင်း ပေးနိုင်ခဲ့တာဟာ ကိုရီးယား လူမျိုးများက ထေရဝါဒ ဗုဒ္ဓဘာသာအပေါ်မှာ အလေးထားမှုအဖြစ် အသိအမှတ် ပြု ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
          မေး- မိဘဆွေမျိုး အသိုင်းအဝိုင်းကရော သာသနာ့ဘောင်ခရီးအစမှသည် အခုထိ အရှင်ဘုရား လျှောက်ခဲ့တဲ့ သာသနာလမ်းကို ဘယ်လိုများ ဝေဖန် သုံးသပ်ပါသလဲဘုရား။
          ဖြေ- မိဘ ဆွေမျိုး အသိုင်းအဝိုင်းကတော့ ရှင်ပြု ကတည်းကပင် ဘုန်းကြီးဖြစ်အောင်လုပ်ဖို့ တိုက်တွန်း အားပေးကြတာပါပဲ။ သာသနာထဲမှာ ဘယ်လို အေးချမ်း တယ်၊ သာသနာတော်ကြီးကို ဘယ်လို စသည်ဖြင့် ပြော ပြကြတာပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ဒါတွေကို မသိ နားမလည်ခဲ့ပါဘူး။ ကိုရင်ဘဝနဲ့နေရင် ကျောင်းမတက်ရ ဘူး၊ ဆရာ ရိုက်တာမခံရဘူး၊ ဒါလောက်ပဲ သိခဲ့တာပါပဲ။ ခုလို ဘဝမျိုး ရောက်လာဖို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မိဘ ဆွေမျိုးတွေက သာသနာထဲမှာ မြဲနေရင်ပဲ သူတို့က တောသူတောင်သားသဘာဝ ရိုးရိုးလေးတွေးပြီး ကျေနပ်နေကြတာပါပဲ။ သူတို့ မိဘ ဆွေမျိုးများ စိတ် ချမ်းသာခြင်းဟာလည်း ကျေးဇူးဆပ်ရာတစ်မျိုးပဲလေ။ ဒါကြောင့် မိဘ ဆွေမျိုးများက သာသနာ့ဝန်ထမ်းဘဝကို တစ်သက်တာပတ်လုံး မြင်ချင်ကြတယ်လို့ ခဏခဏ ပြောကြတာပါပဲ။
          မေး- ဘာသာစကား သင်ယူမှုအပေါ်မှာ အရှင် ဘုရား ဘယ်လိုများ ကြိုးစားအားထုတ်မှုတွေ ရှိပါ သလဲ ဘုရား။
          ဖြေ- ဘာသာစကား သင်ယူမှုကတော့ ဘာသာ စကားတိုင်းဟာ သူ့ဟာနဲ့သူ ခက်ကြတာပဲလေ။ ပိုခက် တာက ဦးဇင်းတို့က ဒီအသက်အရွယ်မှ တခြား ဘာသာ စကားကို စတင် လေ့လာရတဲ့အခါ လူငယ်တစ်ယောက်လို ငယ်စဉ်တုန်းခါကလိုတော့ မသွက်လက်တော့ဘူး။ နောက်ပြီး ဒီဘာသာစကားက အရမ်း စိမ်းလွန်းတယ်။ ၂၀၁၃-ခုနှစ် စရောက်တဲ့နှစ်က Chonun University မှာ ဘာသာစကားသင်တန်းမှာ ပထမအဆင့် သုံးလပြတ် (၁၁)သိန်းနှင့် သင်တန်းတက်ဖြစ်တယ်။ ဒါပေမဲ့ ရေရှည် ဘာအခက်တွေ့လာလဲဆိုတော့ နေ့ဆွမ်းကိစ္စ ဘယ်လိုမှ အဆင်မပြေဘူး။ သင်တန်းက တစ်ပတ် (၅)ရက်၊ မနက် (၉)နာရီက နေ့လည် (၁)နာရီထိဆိုတော့ နားချိန်က တစ်နာရီ  (၅)မိနစ် နားတယ်။ အဲဒီတော့ တစ်ပတ် (၅)ရက် ဆွမ်းမစားရဘူး။ ကြာလာတော့ ကျန်းမာရေး ဆိုးလာတယ်။ စိတ်ဖိစီးမှု အရမ်းများလာတယ်။ စာကလည်း နားမလည်၊ သင်ပြတာကလည်း မြန်တယ်၊ စည်းကမ်းက အရမ်းကောင်း၊ သင်တဲ့ စနစ်ကလည်း အရမ်း ကောင်းပါတယ်။ အိမ်စာကလည်း အများကြီး လုပ်ရတယ်။ သင်တန်းမှာတော့ နိုင်ငံတကာက ကျောင်းသားတွေနဲ့ သင်ရတယ်။ ကြာလာတဲ့အခါ ဆွမ်းမစားရတော့ ကျန်းမာရေး မကောင်းဖြစ်တာနဲ့ ဆရာဝန်က သင်တန်းတက်ခွင့်မပြုတော့ဘူး။ သင်တန်း ကြေးလည်း ပြန်မရဘူး။ ဒါပေမဲ့ အဲဒီက နည်းစနစ်တွေ အရမ်းရခဲ့တော့ နောက်ထပ် ကျောင်းနားက ဆရာမနှင့် ထပ်သင်တဲ့အခါ အရမ်း အဆင်ပြေပါတယ်။ သူတို့ရဲ့ ဘာသာစကားမှာ ဗျည်း သရကို နားလည်ရင် တော်တော်လေး အဆင်ပြေသွားပါပြီ။
          မြန်မာစာ အသွားအလာနှင့် အတူတူပါပဲ။ အင်္ဂလိပ် စာမှာလို grammar ရွေးနေစရာ မလိုပါဘူး။ ဒါပေမဲ့  grammar ကတော့ ရှိပါတယ်။ စကားလုံး ပရိယာယ် ကြွယ်ဝရင် မခက်ဘူးလို့ ယူဆပါတယ်။
          မေး- လောကရဲ့ ရွေးချယ်မှုလမ်းကြောင်းတွေ အများကြီးထဲကမှ သာသနာ့အရိပ်ကို ခိုဝင်ဖို့ အရှင် ဘုရား စိတ်ကူးဖြစ်ခဲ့ ရွေးချယ်ဖြစ်ခဲ့ပုံလေးကိုလည်း မျှဝေပါဦးဘုရား။
          ဖြေ- လောကမှာ ပျော်ရွှင်စရာတွေ မြောက်မြားစွာ ထဲက သာသနာ့အရိပ်ကို ခိုလှုံဖို့ ဆုံးဖြတ်ချက် ချဖြစ်တာ ကတော့ အသက်အရွယ်ကြီးလို့ ပရိယတ္တိ ပြီးပြည့်စုံလို့ စာအုပ်စာပေတွေ များများ ဖတ်လာတဲ့အခါ၊ ဘဝရဲ့ သုခ ဒုက္ခတွေကို တကယ် တွေ့မြင်လာရတဲ့အခါ၊ နောက် ပြီး လူ့ဘဝမှာ လူတွေရဲ့ လှုပ်ရှား ရုန်းကန်နေကြရတဲ့ လူတွေရဲ့ ဒုက္ခတွေကို မြင်လာတဲ့အခါ တကယ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချဖြစ်ခဲ့ပါတယ်။
          အစတုန်းကလည်း ငါ လူထွက်မယ်ဆိုတဲ့ စိတ်ကူး မရှိခဲ့ပါဘူး။ ဒီအချိန်မှာတော့ ကိုယ် ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အရမ်းကို မှန်ကန်ခဲ့တယ်ဆိုတာ တွေးမိတိုင်း ဝမ်းသာမိပါတယ်။ ခုခေတ် ပိုများလာတဲ့ လူတွေရဲ့ဒုက္ခကို မြင်ရလေလေ ကိုယ့်ကိုယ်ကို ကံကောင်း တဲ့ ပုဂ္ဂိုလ်အဖြစ် မှတ်ယူမိပါတယ်။
          မေး- ဘဝမှာ ကျေးဇူးအတင်ထိုက်ဆုံး ပုဂ္ဂိုလ်ဆိုရင် အရှင်ဘုရား ဘယ်သူ့ကို ရည်ညွှန်းချင်ပါသလဲ ဘုရား။
          ဖြေ- ဘဝမှာ ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကတော့ ရတနာသုံးပါး မိဘ ဆရာသမားတွေပါပဲ။ နောက်ပြီး ဒီဘဝ ဒီအခြေအနေထိ ရောက်အောင် နောက်ကွယ်က ကူညီ ပံ့ပိုးလှူဒါန်းပေးခဲ့ကြတဲ့ ရဟန်း ဒကာ ဒကာမတွေ အားလုံးသော ပုဂ္ဂိုလ်တွေဟာ ကျေးဇူး ပြုခဲ့ကြတာပါ။ ဒါကြောင့် ကျေးဇူးတင်ထိုက်သူတွေက အများကြီးပါပဲ။
          မေး- အတိုင်းအတာတစ်ခုထိ ပညာတွေ သင်ယူ အောင်မြင်ပြီး သာသနာပြုပြီးနေတဲ့ သာသနာ့ အာဇာနည်တစ်ပါးအနေနဲ့ ကိုယ့်လမ်းကို လျှောက်ချင်တဲ့ ညီတော် နောင်တော်တွေကို ဘယ်လိုစကားမျိုး လက်ဆင့်ကမ်း မှာကြားချင်ပါသလဲဘုရား။
          ဖြေ- ဘဝမှာ အောင်မြင်မှုတစ်ခု ရဖို့အတွက် အခက်အခဲပေါင်းများစွာ ရှိပါတယ်။ အဲဒီ အခက်အခဲ တွေကို ကျော်လွှားနိုင်ဖို့ဆိုရင် သတိ ပညာ ဝီရိယ သမာဓိ ခန္တီ စသော တရားတွေကို လက်ကိုင်ထားပြီး ကြိုးစားကြဖို့ လိုပါတယ်။ “ပညာလို အိုသည်မရှိ”ဆိုတဲ့ စကားအတိုင်း လိုချင်တဲ့ ပညာကို ရဖို့အတွက် အသက်ကြီးတာ ငယ်တာ မစဉ်းစားဘဲ ကြိုးစားကြဖို့ နောင်လာ မယ့် ညီငယ် ရဟန်းတော်များကို ပြောချင်ပါတယ်။
          မေး- အရှင်ဘုရားဘဝမှာ ကိုင်စွဲထားတဲ့ ဆောင်ပုဒ်များရှိခဲ့ရင် သိပါရစေ။
          ဖြေ- ဘဝမှာ အန္တရာယ်ကင်း ဘေးရှင်းပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို ရရှိ ပိုင်ဆိုင်ချင်ကြတယ် ဆိုရင် ငယ်ငယ်တုန်းက ဆရာသမားပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်။ အမြဲတမ်းလည်း နှလုံးသွင်းဖြစ်တယ်။ အဲဒါက ဘာလဲဆိုတော့ြွေမမှန်ရင် တွင်းဝင်ဖြောင့်တယ် ဆိုတဲ့စကားပါပဲ။ တွင်း ဘယ်လောက် ကောက်ကွေ့ပါစေ၊ြွေမမှန်ရင် ဝင်ရတာ လွယ်ကူပါတယ်တဲ့။ အဲဒီလိုပါပဲ ဘဝမှာ ကွေ့ကောက်တဲ့လမ်း ကြမ်းတမ်းတဲ့လမ်း လျှောက်လှမ်းနေရသူတွေအတွက်ကတော့ အမှန်တရားကို လက်ကိုင်ထားဖို့ပါပဲ။ ကိုယ့်ဘက်မှန်နေသမျှ ဒီဘဝ နောင်ဘဝလမ်းဟာ ဖြောင့်ဖြူးနေကြမှာပါ။
          မေး- အရှင်ဘုရားရဲ့ အနာဂတ်စိတ်ကူးနဲ့ ရည်မှန်းချက်ကို သိပါရစေဘုရား။
          ဖြေ- ခုလက်ရှိလုပ်နေတဲ့ ပရဟိတအလုပ်တွေကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်။ ပရိယတ္တိလုပ်ငန်းဖြစ်တဲ့ စာချစာသင်ကို ဆက်လက် လုပ်ဆောင်သွားပြီး အနာဂတ်မြတ်ဘုရားသာသနာ အဓွန့်ရှည်တည်တံ့ဖို့ လုပ်ဆောင်သွားပါမယ်။

မိုးမိုးစောဝင်း
  
         

ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးအား ဆရာကြီးဦးဘခင် ဖူးမြှော်ခဲ့စဉ်က ညီညီတင်

ကျေးဇူးရှင်ဝေဘူဆရာတော်ဘုရားကြီးအား ဆရာကြီးဦးဘခင် ဖူးမြော်ခဲ့စဉ်က
ညီညီတင်
           ၁၉၄၁-ခုနှစ်တွင် ဆရာကြီးဦးဘခင်သည် မီးရထားဋ္ဌာန စာရင်းကိုင်အရာရှိ ဖြစ်လာသည်။ ထို့နောက် ဇူလိုင်လတွင် ဆရာကြီးသည်  မြစ်သားဘူတာသို့ စာရင်းစစ်ရန် ရောက်လာခဲ့သည်။ အလုပ် ဝတ္တရားပြီးသည့်အခါတွင် ဆရာကြီးသည် ကျောက်ဆည်ဘူတာ၌ ရက်အတော်ကြာ တာဝန်ဆောင်ရွက်ရင်း ဘူတာရှေ့တည့်တည့်ရှိ ရွှေသာလျောင်းတောင်ကြီးကို တွေ့ရာ မဆိုင်းမတွပင် ကျောက်ဆည်လက်ထောက်ရုံပိုင်နှင့် တောင်ပေါ်တက်ခဲ့လေသည်။ တောင်ပေါ်တွင် ဘုရားဝတ်ပြု ဆုတောင်းပြီးနောက်ပတ်ဝန်းကျင်အားလှည့်ပတ် ကြည့်ရှုရာ ဝါးတဲကျောင်းလေးတစ်ကျောင်းကို တွေ့ရ သည်။ ပါလာသူ လက်ထောက်ရုံပိုင်အား စုံစမ်းကြည့်ရာ “ယင်းကျောင်းကလေးတွင် အလွန် ကြည်ညိုဖွယ်ရာ ဆရာတော်တစ်ပါး သီတင်းသုံးနေထိုင်ကြောင်း၊ (ဝေဘူလတောင်စွယ်)ကို အမှီပြု၍(ဝေဘူဆရာတော်)ဟု ခေါ်တွင်ကြောင်း၊ အနီးအနား ပတ်ဝန်းကျင်မှ လူအများက ဆရာတော်ကြီးအား ရဟန္တာတစ်ပါးအဖြစ် ယုံကြည် ကိုးကွယ်နေကြကြောင်း” ပြောပြသည်။ ဆရာကြီးသည် ရုတ်ခြည်းပင် ဆရာတော်ထံသွားရောက် ဖူးမြော်လိုသော ဆန္ဒဖြစ်ပေါ်လာ၍ သွားရန် ခြေလှမ်းပြင်လိုက်သောအခါ လက်ထောက်ရုံပိုင်လေးက “ဆရာကြီး ဒီက ဆင်းသွား လို့မဖြစ်နိုင်ပါဘူး၊ တောင်အောက်ခြေက ပတ်ပြီးမှ သွားနိုင်ပါတယ်၊ ညနေကျွန်တော်လိုက်ပို့ပါမယ်၊ ဒီအချိန် မှာလည်း ဆရာတော်ကြီးက လူတွေ့မခံဘူးထင်ပါတယ်” ဟု ဆို၏။ ကျောက်ဆည်ဘူတာသို့ ပြန်ရောက် နေ့လယ်စာ စားပြီးနောက် ဆရာကြီးသည် တရားအာရုံ ယူ၍ ဝေဘူဆရာတော်ကြီးကို မေတ္တာပို့ကာ “ဆရာတော်ကြီးအားလာရောက်ဖူးမြော်မည်ဖြစ်ကြောင်း” စိတ်ဖြင့် လျှောက်ထားလိုက်၏။ ညနေ(၃)နာရီအချိန်တွင် လက်ထောက်ရုံပိုင် အဖော်ပြု၍ “ဝေဘူတောင်”သို့  ထွက်ခွာလာခဲ့သည်။ ချောင်ထဲ၌ အလွန်ဆိတ်ငြိမ်သာယာလှ၏။ ထိုအခိုက်တစ်ဖက်မှ သီလရှင်(၂)ပါး ထွက်ပေါ် လာသဖြင့် ၄င်းတို့အား ဆရာတော်ကြီးအား ဖူးမြော်လိုကြောင်း ပြောပြရာ “ယခုအချိန်၌ ဖူးမြော်၍မရ၊ နံနက်ဆွမ်းစားချိန်နှင့်ညနေ တရားဟောချိန်မှသာ ဖူးမြော်ခွင့်ရနိုင်သည်”ဟု ပြန်ပြောကြား၏။ ဆရာကြီးက “မဖူးမြော်ရလည်း နေပါစေ၊ ဆရာတော် သီတင်းသုံး သည့် ကျောင်းကိုသာ ပြပေးပါ၊ကျောင်းအပြင်မှ ဦးတိုက်ပါရစေ”ဟု ပြန်ပြော၏။ သီလရှင် ညွှန်ပြလိုက်သော ဝါးကျောင်းကလေး၏ ဖိနပ်ချွတ်နေရာမှထိုင်၍ ဆရာတော်ကြီးအား ရည်မှန်းကာ ဦးချပြီးနောက် “ရန်ကုန်က ဒကာများ ကန်တော့ ရောက်နေပါတယ် ဘုရား”ဟု စိတ်ဖြင့် လျှောက်ထားလိုက်ရာ ကဲလားတံခါးကလေး ရုတ်တရက် ပွင့်လာ၍ ဆရာတော်ကြီး၏ မျက်နှာကို ဖူးမြင်ရသည်။
          “ဘာအလိုရှိလို့ ကန်တော့သလဲ ဒကာကြီး”
          “မဂ်ဖိုလ်နိဗ္ဗာန် အလိုရှိလို့ပါဘုရား”
          “အေး နိဗ္ဗာန်သွားချင်ရင် ဘယ်လိုသွား ရမလဲ”
          “ဝိပဿနာဥာဏ်တရားနဲ့ သွားရပါတယ် ဘုရား၊ အခုလည်း ဝိပဿနာတရားကို အာရုံပြုနေ လျှက်ပါဘုရား”
          “အေးသာဓု၊ သာဓု၊ သာဓု အဲဒီတရား ဘယ်လိုရသလဲ”ဟု မေးမြန်းရာ - “ကျေးဇူးရှင် (ဆရာသက်ကြီး)ဆီမှာ ရှေးဦး (၇)ရက် တရားအားထုတ်ပြီးနောက် ရယူခဲ့ကြောင်း၊ နောက်လည်း ဆက်လက် အားထုတ်ကြောင်း၊ ခရီးသွားရင်းလည်း ရထားပေါ်မှာ အမြဲ တရားအားထုတ်ကြောင်း”ပြန်လည်လျှောက် ထားရာ -
          “ဒီလိုဆို-ဒကာကြီး ပါရမီရှိတယ်၊ ဘုန်းကြီး စိတ်ထဲမှာက တောထဲသွားပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရ တယ်အောက်မေ့တယ်”ဟု ဆရာတော်ကြီးက မိန့်၏။
          ဤသို့မေးလျှောက်ထားခြင်းဖြင့် (၁)နာရီ ကျော်ကျော် အချိန်ကြာသွားခဲ့သည်။ နောက်တစ်နေ့ မနက် သက်သက်လွတ်ဆွမ်းကပ်ရန် ခွင့်ပန်ကြားပြီး ပြန်ခဲ့ကြလေသည်။ နောက် မနက်တွင် အရုဏ်ဆွမ်းအမီ ချက်ပြုတ်ကြပြီးနောက် ဆွမ်းကပ်သွားကြပြန်ရာ ဆရာတော်ကြီးနှင့် စကားလက်ဆုံကျပြန်၏။ အရုဏ် ဆွမ်းကပ် ရောက်လာသူ ပုဂ္ဂိုလ်အများ ပြောပြချက် အရ၊ “ဘယ်တုန်းကမှဆရာတော်ကြီး ဒီလောက် စကားများများ မပြောကြား”ဟုသိရပါသည်။ ဆရာတော်ကြီး၏ နောက် မိန့်ကြားချက်တစ်ခုမှာ -“ဒကာကြီး ရရှိထားတဲ့ တရား သူများကို ဝေမျှပြရလိမ့်မည်။ယခု ဒကာကြီးနှင့် အတူပါလာတဲ့ ဒကာလေးကို နောက်ဘယ်တော့မှ ပြန်တွေ့နိုင်ဦးမလဲ မသိနိုင်ဘူး၊ တွေ့တုန်းပေးခဲ့ပါ။ နည်းကလေး ပြပေးပေါ့။ ဒကာကြီးတို့ လူပုဂ္ဂိုလ်တွေ အနေနဲ့ ပိတ်ဖြူလဲပြီး တရားပေးပါ” ဟု တိုက်တွန်း နှိုးဆော်တော်မူလိုက်သည်။ ကျောက်ဆည်ဘူတာသို့ ပြန်ရောက်လျှင် ပြန်ရောက်ချင်း ဝေဘူဆရာတော် ဘုရားကြီး၏ ဩဝါဒကို နာခံလျက် လက်ထောက် ရုံပိုင်အား စတင်တရားပြပေးပေတော့သည်။ ဤသို့ နှင်နှင် အစိုးရတာဝန်မပျက်,လုပ်ငန်းမပျက် သွားလေရာ ကိုယ်တိုင် တရားအားထုတ်၊ သူတစ်ပါးအား တရားပြသခြင်း စသော သာသနာပြုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ တစ်နေ့တွင် မြန်မာ့အလင်းဦးတင်အိမ်၌ တရား အကြောင်းဆွေးနွေးမိကြသည်။ လက်တွေ့သမား ဖြစ်သည့် ဆရာကြီးက “တရားအကြောင်း ဆွေးနွေးရုံနှင့် မပြီး လက်တွေ့လုပ်မှ တရားအရသာကို ဒိဋ္ဌခံစားနိုင်မည်၊ မြတ်စွာဘုရားကိုယ်တော်တိုင်က ဧဟိပဿိ ကော - လာရောက်ကြည့်ရှု စမ်းသပ်ကြည့်ကြပါဟု ဖိတ်ခေါ်ထားပြီးဖြစ်ရာ စမ်းသပ်ကြည့်လိုလျှင် ၄င်းက ကူညီမည်ဖြစ်ကြောင်း” ပြောပြ၏။ ထို့နောက် “ဆရာသက်ကြီးထံမှ တရားယူခဲ့ပုံ၊ နည်းနာနိဿယခံခဲ့ပုံ၊ ဝေဘူဆရာတော်ဘုရားကြီး ဖူးမြော်ခဲ့ပုံ၊ ဆရာတော်ကြီး၏ ဩဝါဒအရ တရားပြပေးနေပုံအကြောင်း” တို့ကိုလည်း ပြန်ပြောင်းပြောပြသည်။ ၄င်းနှစ် ဒီဇင်ဘာလတွင် ဆရာကြီးဦးဘခင်သည် အနာဂါမ်ဆရာသက်ကြီးထံသို့ သွားရောက်၍ တရားအားထုတ်ရာ ဦးတင်, ဦးနုတို့လည်း လိုက်လာကြသည်။ အစိုးရတာဝန်ဝတ္တရားများကြောင့် အနာဂါမ်ဆရာသက်ကြီးထံမှောက် တရားအားထုတ်ရန် ရက်အနည်းငယ်သာရရှိရာ အားမလို အားမရ ဖြစ်ကြရ၏။ ထိုအခါ အနာဂါမ်ဆရာသက်ကြီး က ဦးတင်နှင့်ဦးနုတို့အား “ဆရာကြီးက ဆရာဝန်ဆိုလျှင် မောင်ဘခင်ကို သူနာပြုအဖြစ် မှတ်ယူကြရမယ်၊ ဆရာဝန်က လူနာနား  အစဉ်မရှိနိုင်၊ သူနာပြုကသာ ယုယုယယ ပြုစုစောင့်ရှောက်ပေးနိုင်တယ်၊ ဒါကြောင့်မို့ မောင်ဘခင်ရဲ့တရားစကားများကို နားထောင်ကြရမယ်၊ သူရဲ့ သီလ၊ သာမာဓိ၊ ပညာတွေကို ယုံကြည်နိုင်ပါ တယ်”ဟု ဆုံးမ ညွှန်ကြားခဲ့လေသည်။ ထိုမျှသာမက ဆရာကြီးဦးဘခင်၏ နိုင်ငံဝန်ထမ်းဘဝမှတ်တမ်းကို ဖတ်ရှုကြည့်လျှင် “အရည်အချင်းပြည့်ဝသော၊ အဂတိ မလိုက်စားသော၊ တည်ကြည်ဖြောင့်မတ်သော၊ တိုင်းပြည် အပေါ် စေတနာထားသော အကြီးအကဲအဖြစ်သော် လည်းကောင်း၊ မိခင်ဋ္ဌာနမှ လစာတစ်ခုတည်းကိုသာ ခံစားခွင့်ယူပြီး ဋ္ဌာနကြီး(၃-၄)ခုကို တာဝန်ယူထမ်းဆောင်ခဲ့သော ဌာနအကြီးအကဲအဖြစ်” ကြည်ညိုဖွယ်၊ ဂုဏ်ယူဖွယ်၊ ချီးကျူးဖွယ် မြင်တွေ့ရပေမည်။ “ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး”အဖြစ်ဖြင့် ချဉ်းကပ်လေ့လာပြန်လျှင်လည်း ]ဝိဇ္ဇာçစရဏ နှစ်ဝလုံး ပြည့်စုံသော ပရိယတ်၊ ပဋိပတ် စွယ်စုံထူးချွန်သော ပုဂ္ဂိုလ်ကြီး”အဖြစ် မြင်တွေ့ရမည် ဖြစ်လေသည်။ ရဟန်းတစ်ပါး မဟုတ်သော လူဝတ်ကြောင်တစ်ဦးသာ ဖြစ်ပါလျက် နိုင်ငံခြားသား သိပ္ပံပညာရှင်များ၊ တက္ကသိုလ်ပါမောက္ခများ စသည့် ထိပ်တန်းပုဂ္ဂိုလ်များက ဆရာကြီး၏တပည့်အဖြစ် ခံယူကာ ဝိပဿနာတရားအားထုတ်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသည်။ နိုင်ငံခြားသားများအား ဗုဒ္ဓမြတ်စွာ၏ ဝိပဿနာတရားနှင့် ကျင့်စဉ်ကို အြွကင်းမဲ့၊ လက်ခံ ယုံကြည်အောင် ဟောကြား ပြသနိုင်ခြင်းမှာ ဆရာကြီး ဦးဘခင်၏ အထူးခြားဆုံး ဂုဏ်ရည်တစ်ရပ်ပင် ဖြစ်ပါ သည်။

ကျမ်းကိုး “မြန်မာ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ထူးဆရာကြီး ဦးဘခင်” (အတ္ထုပ္ပတ္တိနှင့် သာသနာပြုလုပ်ငန်းများ, ရေးသားပြုစုသူ - ဦးကိုလေး(ဇေယျာမောင်) (အငြိမ်းစား) ဒုတိယအဓိပတိ၊ မန္တလေးတက္ကသိုလ်) (၂၀ဝ၄ ခုနှစ်၊ မေတလထုတ်၊ စာမျက်နှာ-၇၂)

ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။

 ညီညီတင်