Wednesday, April 22, 2015

တွေ့ဆုံမေးမြန်း ဓမ္မလမ်း မိုးမိုးစောဝင်း



မေး- အရှင်ဘုရားရဲ့ ဘွဲ့တော်ကို အရင် အမိန့် ရှိပါဦးဘုရား၊ သက်တော်နဲ့ ဝါတော်လည်း သိပါရစေ။
          ဖြေ- ဦးဝဏ္ဏ၊ သက်တော်-၄၆၊ ဝါတော်-၂၆ပါ။ဒီမှာကတော့ ဒေါက်တာဦးဝ္ဏဏ ဂွမ်ဂျူးဆရာတော်လို့ သိကြပါတယ်။
          မေး- အရှင်ဘုရား လက်ရှိ သီတင်းသုံးရာ အရပ်နဲ့ တာဝန်ယူနေရတဲ့ သာသနာ့လုပ်ငန်းများ ကိုလည်း သိချင်ပါတယ်ဘုရား။
          ဖြေ- ခု လက်ရှိ နေတာက တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့ပါ၊ သာသနာပြုလုပ်ငန်းအနေနဲ့ကတော့ ဒီမှာ ရှိနေတဲ့ မြန်မာ ဒကာတွေနဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘာသာရေး၊ သာသနာရေးကိစ္စများကို လုပ်ကြပါတယ်။ ဝါတွင်းကာလ အဘိဓမ္မာရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မစကြာ ရွတ်ပွဲတွေ၊ ဘုရားရှိခိုး၊ မေတ္တာပို့နှငီ့်ေွာှေေုငညါ အစီအစဉ်များကို တနင်္ဂနွေနေ့တိုင်း ပြုလုပ်ဖြစ်ကြပါ တယ်။
          မေး-Dhamma Talking  အစီအစဉ်မှာ ဘယ်လို အကြောင်းအရာတွေကို ဦးတည်ဆွေးနွေး ဖြစ်ပါသလဲ ဘုရား။
          ဖြေ- ကိုရီးယား ဒကာ ဒကာမ အပိုင်းကတော့ သူတို့ရဲ့စကားကို သင်ကြားလေ့လာနေဆဲ ဖြစ်တဲ့အတွက် ဘာသာစကား အခက်အခဲကြောင့် သိပ်ပြီး အလေး အနက် မလုပ်ဖြစ်သေးပါဘူး။ ဒါပေမဲ့ စကားပြန်များနှင့် သူတို့ သိချင်တဲ့ Dhamma မေးခွန်းများကို ပြန်လည် ဖြေကြား ဟောပြောမှုများကို အခွင့်သင့်တိုင်း ပြုလုပ်ပေးရပါတယ်။ မကြာမကြာ ကျောင်းကိုလာကြတဲ့ ကိုရီးယား ဒကာ ဒကာမတွေရဲ့ Dhamma အမြင်ဖလှယ်အစီအစဉ်ဟာလည်း အရမ်းကောင်းပါတယ်။
          Dhamma Talking အစီအစဉ်မှာတော့ သူတို့ သိချင်တဲ့ ဘာသာရေးမေးခွန်းတွေကို အဓိကထား ဆွေးနွေးဖြစ်ကြပါတယ်။ သူတို့တွေရဲ့ ဘာသာရေးအပေါ် ထင်မြင်ချက်၊ ခံယူချက်တွေကို ဆွေးနွေးဖြစ်ကြပါတယ်။ အများအားဖြင့် သိသင့်သိထိုက်တဲ့ ကိုယ်ကျင့်တရားတွေ၊ ရှောင်ရမယ့် အချက်၊ ဆောင်ရမယ့် အချက် စသည်အားဖြင့် ဆွေးနွေးဖြစ်ကြပါတယ်။
          မေး- အရှင်ဘုရားရဲ့ ပရိယတ်မှာ အောင်မြင် ခဲ့တဲ့ စာမေးပွဲများကိုလည်း သိပါရစေဘုရား။
          ဖြေ- ပညာအရည်အချင်းကတော့ ငယ်, လတ်, ကြီး, ဓမ္မာစရိယ၊ ဝိနယဝိဒူ စသည်များ၊ M.A Magadha University India၊ Ph.D Magada University India  စသည်များကို အောင်မြင်ရရှိခဲ့ပါတယ်။
          မေး- တွေ့ဆုံမေးမြန်း ဓမ္မလမ်း အစီအစဉ်ကနေ အားကျအတုယူဖွယ်ဖြစ်အောင် အရှင်ဘုရား ငယ်စဉ် ကတည်းက ပညာသင်ယူခဲ့ပုံ အနေအထားတွေ၊ ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေ၊ ပညာသင်ယူခဲ့ရာ နေရာတွေကိုလည်း အသေးစိတ်လေး ပြောပြပေးနိုင် မလားဘုရား။
          ဖြေ- ပညာ သင်ကြားရာမှာတော့ အခက်အခဲက ရှိကြတာပါပဲ။ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ရင် လိုရာ ပန်းတိုင် ရောက်ကြမှာပါ။ ဦးဇင်းက ပညာသင်ကြား ရတာ အရမ်း နောက်ကျခဲ့ရတယ်။ မူလတန်းကို ဦးဇင်း ဘဝမှ စဖြေခဲ့ရတယ်။ တခြား ကိုယ်ရင်လေးတွေနဲ့ စာဝါ အတူတူ တက်ခဲ့ရတယ်။ ကိုရင်လေးတွေနဲ့ စာဝါ အတူတူ တက်ရတော့ ရှက်မိသလိုလိုတော့ ခံစားရတာပေါ့လေ။ ကိုယ်နှင့် သက်တူရွယ်တူတွေက ပထမကြီးတန်း၊ ဓမ္မာစရိယတန်းတွေဆိုတော့။ ဒါပေမဲ့ လိုချင်တဲ့ ပညာရေးကို ရအောင်တော့ လုပ်နိုင်ခဲ့တယ်။ မူလတန်း က အင်းစိန်မြို့နယ် မေဃဝတီ ကန်ဦးကျောင်းက အောင်မြင်ခဲ့ပါတယ်။ ပထမငယ်တန်းကို တောင် ဥက္ကလာပ မဟာဂန္ဓာရုံကျောင်းက အောင်မြင်ခဲ့ပါတယ်။ ပထမလတ်၊ ပထမကြီးတန်းများကို သာသနာ့မဏ္ဍိုင်က အောင်မြင်ခဲ့ပြီး ဓမ္မာစရိယ စာပေများကို  အဲဒီကျောင်း မှာပဲ လေ့လာသင်ကြားခဲ့ပါတယ်။ ပြီးမှ အင်းစိန်မြို့နယ် ရတနာဗောဓိပရိယတ္တိစာသင်တိုက်၊ တာမွေ နန္ဒဝန် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တာမွေ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် ဦးသုစိတ္တာဘိဝံသတို့ထံမှာ သင်ကြား ပြီးမြောက်ခဲ့ပါတယ်။
          အဓိက အခက်အခဲ တွေ့ခဲ့ရတာက အိန္ဒိယ မဂဓ တက္ကသိုလ်မှာ ပညာသင်ကြားစဉ်ကာလ ဘာသာစကား အခက်အခဲနဲ့ အင်္ဂလိပ်စာ အားနည်းမှုတွေ၊ လူမျိုးနှင့် ယဉ်ကျေးမှုတွေ၊ ဆရာတွေရဲ့ သင်ကြားမှုများက အင်္ဂလိပ်လို ပို့ချပေးတဲ့အခါ သူတို့ရဲ့ အသံထွက်ဟာ ကိုယ့်အတွက် ကြီးမားတဲ့ အခက်အခဲတစ်ခုလို ခံစားခဲ့ရ တယ်။ ဒါဟာလည်း အစပိုင်းမှာ တွေ့ကြုံခဲ့ရတဲ့ အခက် အခဲပါပဲ။ တခြား တခြားသော အခက်အခဲ ကြီးကြီး မားမား မကြုံခဲ့ရပေမဲ့ ငယ်ငယ်တုန်းက အင်္ဂလိပ်စာ မသင်ခဲ့ကြရတဲ့အတွက် ပညာသင် ရဟန်းတော်များ အတွက်ကတော့ ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်လိမ့် မယ်လို့ ယူဆပါတယ်။ နွေရာသီ ကျောင်းပိတ်ချိန်မှာ အင်္ဂလိပ်စာစွမ်းရည် တိုးတက်ဖို့အတွက် နယူးဒေလီ၊ ကာလကတ္တား စတဲ့ မြို့တွေကို သွားပြီး အင်္ဂလိပ်စာများ ထပ်ပြီး လေ့လာသင်ယူခဲ့ကြရပါတယ်။ တကယ်ဖြစ်ချင် တဲ့ ပုဂ္ဂိုလ်ဟာ ကြုံရတဲ့ အခက်အခဲများကို ဇွဲလုံ့လ ဝီရိယထားပြီး ဖြေရှင်းကြရင် လိုရာပန်းတိုင်တစ်ခုကို ရောက်ရှိကြမှာ ဖြစ်ပါတယ်။ တချို့ ပုဂ္ဂိုလ်များ ဝီရိယ မစိုက်ခဲ့ကြလို့ လမ်းတစ်ဝက်နဲ့ အဆုံးသတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေလည်း အများအပြား ရှိခဲ့ကြပါတယ်။ ဒါကြောင့် နောက် ညီတော်မောင် ရဟန်းငယ်လေးတွေ ကိုပြောချင်တာက အခက်အခဲဟာ နေရာတိုင်းမှာ ရှိကြ ပေမဲ့ ဝီရိယစွမ်းအား, ဉာဏ်စွမ်းအားနဲ့ ကျော်လွှားပြီး လိုချင်တာရအောင် လုပ်ကြဖို့ ပြောချင်ပါတယ်။
          မေး- ဘဝမှာ ပရိယတ် ပဋိပတ် ဘယ်အရာကို အားသန်ခဲ့ပါလဲဘုရား။ ဒါမှမဟုတ် မျှတအောင် စိတ်ထားတတ်တယ်ဆိုခဲ့ရင်လည်း အဲဒီ အကြောင်းလေးကို ရှင်းပြပေးတော်မူပါဘုရား။
          ဖြေ- ဘဝမှာ ပရိယတ် ပဋိပတ်မှာ ဦးဇင်းက ပရိယတ်ကို ပိုအားသန်ပါတယ်။ ဒါကြောင့်လည်း စာချ ဆရာတော်ဘဝနဲ့ စာပေများကို ပို့ချပြီး တပည့်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ သာသနာ သုံးရပ်မှာ အခြေခံမူလဘူတက ပရိယတ္တိဟာ သာသနာရဲ့ အသက်သွေးကြောပါပဲ။ ပရိယတ္တိ မရှိရင် သာသနာတော်ဟာ မရှိနိုင်တော့ပါဘူး။ ကျန်တဲ့ ပဋိပတ်၊ ပဋိဝေဒ ဆိုတာဟာ ပရိယတ္တိ ရှိမှသာ ရှိနိုင်ကြမှာ ဖြစ်ပါတယ်။ ခုခေတ် ပရိယတ္တိ စာသင်တိုက်တွေကို ဒကာ ဒကာမတွေက ထောက်ပံ့လှူဒါန်းမှု တော်တော် အားနည်းလာတာကို တွေ့မြင်ရပါတယ်။ ဒါဟာ သာသနာတော်ကြီးအတွက်၊ စာသင်သား ရဟန်း သာမဏေများအတွက်၊ သာသနာတော်ကြီး အရှည် တည်တံ့ဖို့အတွက် အန္တရာယ် ဖြစ်လာမှာကို အထူး သတိထားရမှာ ဖြစ်ပါတယ်။
          မေး- အရှင်ဘုရား လျှောက်ခဲ့တဲ့ လမ်းမှာ အခက်ခဲဆုံးလို့ ထင်ခဲ့တဲ့ အပိုင်းများရှိရင် သိပါရ စေ။ ဒါတွေကို ဘယ်လို ဖြစ်ကျော်ခဲ့တယ်ဆိုတာလေး မိန့်ပါဦး ဘုရား။
          ဖြေ- လျှောက်ခဲ့တဲ့ လမ်းမှာ အခက်အခဲများကတော့ ရှိခဲ့ပါတယ်။ ပညာရေးနှင့် ပတ်သက်တဲ့ အခက်အခဲ၊ပညာသင်စရိတ် အခက်အခဲတွေ၊ စနမျသညေူ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီ အခက်အခဲတွေ ကို ကြီးမားတဲ့, ဖြေရှင်းလို့မရတဲ့ အခက်အခဲတစ်ခု အဖြစ်တော့ မမှတ်ယူခဲ့ဘူး။ တချို့ အခက်အခဲတွေကို တိုင်ပင်ဆွေးနွေး အဖြေရှာခဲ့တယ်။ တချို့ဟာတွေက သည်းခံမှုအပိုင်းကို အဓိကထားပြီး သည်းခံခဲ့ရတယ်။ တချို့ဟာတွေကတော့ ဇွဲမလျှော့ဘဲ လျှောက်လှမ်းခဲ့ရတယ်။ အဲဒီ အခက်အခဲတွေ ဖြတ်ကျော် ဖြေရှင်းနေ ရတုန်းမှာ မလိုလားအပ်တဲ့ ဘဝရဲ့ အပြောင်းအလဲ မဖြစ်ဖို့ အဓိက သတိတော့ အရမ်းထား ဖြစ်ကျော်ခဲ့ရပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့ရ တယ်။ လုပ်ချင်တာထက် လုပ်သင့်တာ လုပ်ခဲ့ရတယ်။ ဒါကြောင့် အသိ သတိ လက်ကိုင်ထားပြီး အခက်အခဲ ကျော်ဖြတ်ပြီး လိုရာပန်းတိုင် ရောက်အောင် လျှောက်ခဲ့ရပါတယ်။
          မေး- ခုလို ကိုရီးယားမှာ သာသနာပြုဖို့ ဖြစ်လာ ခဲ့တဲ့ အစလမ်းကိုလည်း သိချင်ပါတယ် ဘုရား။
          ဖြေ- ကိုရီးယားကို ရောက်လာရတဲ့ အကြောင်းရင်း ကတော့ ဘူဆန်ဆရာတော် ဦးပဏ္ဍိစ္စရဲ့ ကျေးဇူးတွေပါပဲ။ ဘူဆန်ဆရာတော်နှင့် မထင်မှတ်ဘဲ အိန္ဒိယမှာ စတွေ့ သိရှိခဲ့တဲ့အတွက် ဘူဆန်ဆရာတော်ရဲ့ ပင့်ဖိတ်မှု ကူညီ ပံ့ပိုးမှုတွေကြောင့် ဒီကို ရောက်လာခဲ့ရတာပါ။ ၂၀၁၃- ခုနှစ်၊ မေလ(၇)ရက်နေ့ ဦးဇင်း Ph.D စာတမ်း နောက်ဆုံးတင်ပြီး တက္ကသိုလ်ဆရာများက အောင် လက်မှတ်ပေးပြီး မြန်မာပြည်ကို ပြန်ပြီး ဘူဆန် ဆရာတော်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကူအညီ ရရှိခဲ့ကာ ၂၀၁၄-ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့ ကိုရီးယားကို စရောက်ခဲ့ပါတယ်။
          မေး- နိုင်ငံမတူ လူမျိုးမတူ ဘာသာခြားများတဲ့ နေရာမှာ အရှင်ဘုရားရဲ့ သာသနာပြုခရီးဟာ ချောမွေ့ပါရဲ့လား။
          ဖြေ- ကိုရီးယားနိုင်ငံဟာ လူမျိုးမတူ၊ ရိုးရာ ယဉ်ကျေးမှုမတူ၊ ထေရဝါဒ မဟာယာန ကွဲပြားမှု၊ အစား အသောက် သဘာဝရာသီဥတု ကွဲပြားမှု စသည်များ ရှိကြပါတယ်။ သို့သော်လည်း ဘူဆန် ဆရာတော်ရဲ့ ပံ့ပိုးကူညီမှု၊ မြန်မာ ဒကာလေးများရဲ့ သဒ္ဓါတရား အားကောင်းမှု၊ နောက်ပြီး ကိုရီးယား ဆရာတော်များနှင့် ကိုရီးယား ဒကာမများရဲ့ အဓိက ထောက်ပံ့ကူညီပေးမှု တွေကြောင့် အစစ အဆင်ပြေ ချောမွေ့ပါတယ်။
          ခု ဒီရောက်တဲ့အခါမှာ မတူညီမှုတွေ အများအပြား တွေ့ရှိရသလို အတွေ့အကြုံတွေလည်း အများကြီး ရရှိ ပါတယ်။ ဦးဇင်းရဲ့ ဓမ္မယာန အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာခဲ့သော အခက်အခဲ များစွာတို့ကို ကိုရီးယားက ဆရာတော်များ၊ ဒကာမများနဲ့ တိုင်ပင်ပြီး ဖြေရှင်း ပေးနိုင်ခဲ့တာဟာ ကိုရီးယား လူမျိုးများက ထေရဝါဒ ဗုဒ္ဓဘာသာအပေါ်မှာ အလေးထားမှုအဖြစ် အသိအမှတ် ပြု ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
          မေး- မိဘဆွေမျိုး အသိုင်းအဝိုင်းကရော သာသနာ့ဘောင်ခရီးအစမှသည် အခုထိ အရှင်ဘုရား လျှောက်ခဲ့တဲ့ သာသနာလမ်းကို ဘယ်လိုများ ဝေဖန် သုံးသပ်ပါသလဲဘုရား။
          ဖြေ- မိဘ ဆွေမျိုး အသိုင်းအဝိုင်းကတော့ ရှင်ပြု ကတည်းကပင် ဘုန်းကြီးဖြစ်အောင်လုပ်ဖို့ တိုက်တွန်း အားပေးကြတာပါပဲ။ သာသနာထဲမှာ ဘယ်လို အေးချမ်း တယ်၊ သာသနာတော်ကြီးကို ဘယ်လို စသည်ဖြင့် ပြော ပြကြတာပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ဒါတွေကို မသိ နားမလည်ခဲ့ပါဘူး။ ကိုရင်ဘဝနဲ့နေရင် ကျောင်းမတက်ရ ဘူး၊ ဆရာ ရိုက်တာမခံရဘူး၊ ဒါလောက်ပဲ သိခဲ့တာပါပဲ။ ခုလို ဘဝမျိုး ရောက်လာဖို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မိဘ ဆွေမျိုးတွေက သာသနာထဲမှာ မြဲနေရင်ပဲ သူတို့က တောသူတောင်သားသဘာဝ ရိုးရိုးလေးတွေးပြီး ကျေနပ်နေကြတာပါပဲ။ သူတို့ မိဘ ဆွေမျိုးများ စိတ် ချမ်းသာခြင်းဟာလည်း ကျေးဇူးဆပ်ရာတစ်မျိုးပဲလေ။ ဒါကြောင့် မိဘ ဆွေမျိုးများက သာသနာ့ဝန်ထမ်းဘဝကို တစ်သက်တာပတ်လုံး မြင်ချင်ကြတယ်လို့ ခဏခဏ ပြောကြတာပါပဲ။
          မေး- ဘာသာစကား သင်ယူမှုအပေါ်မှာ အရှင် ဘုရား ဘယ်လိုများ ကြိုးစားအားထုတ်မှုတွေ ရှိပါ သလဲ ဘုရား။
          ဖြေ- ဘာသာစကား သင်ယူမှုကတော့ ဘာသာ စကားတိုင်းဟာ သူ့ဟာနဲ့သူ ခက်ကြတာပဲလေ။ ပိုခက် တာက ဦးဇင်းတို့က ဒီအသက်အရွယ်မှ တခြား ဘာသာ စကားကို စတင် လေ့လာရတဲ့အခါ လူငယ်တစ်ယောက်လို ငယ်စဉ်တုန်းခါကလိုတော့ မသွက်လက်တော့ဘူး။ နောက်ပြီး ဒီဘာသာစကားက အရမ်း စိမ်းလွန်းတယ်။ ၂၀၁၃-ခုနှစ် စရောက်တဲ့နှစ်က Chonun University မှာ ဘာသာစကားသင်တန်းမှာ ပထမအဆင့် သုံးလပြတ် (၁၁)သိန်းနှင့် သင်တန်းတက်ဖြစ်တယ်။ ဒါပေမဲ့ ရေရှည် ဘာအခက်တွေ့လာလဲဆိုတော့ နေ့ဆွမ်းကိစ္စ ဘယ်လိုမှ အဆင်မပြေဘူး။ သင်တန်းက တစ်ပတ် (၅)ရက်၊ မနက် (၉)နာရီက နေ့လည် (၁)နာရီထိဆိုတော့ နားချိန်က တစ်နာရီ  (၅)မိနစ် နားတယ်။ အဲဒီတော့ တစ်ပတ် (၅)ရက် ဆွမ်းမစားရဘူး။ ကြာလာတော့ ကျန်းမာရေး ဆိုးလာတယ်။ စိတ်ဖိစီးမှု အရမ်းများလာတယ်။ စာကလည်း နားမလည်၊ သင်ပြတာကလည်း မြန်တယ်၊ စည်းကမ်းက အရမ်းကောင်း၊ သင်တဲ့ စနစ်ကလည်း အရမ်း ကောင်းပါတယ်။ အိမ်စာကလည်း အများကြီး လုပ်ရတယ်။ သင်တန်းမှာတော့ နိုင်ငံတကာက ကျောင်းသားတွေနဲ့ သင်ရတယ်။ ကြာလာတဲ့အခါ ဆွမ်းမစားရတော့ ကျန်းမာရေး မကောင်းဖြစ်တာနဲ့ ဆရာဝန်က သင်တန်းတက်ခွင့်မပြုတော့ဘူး။ သင်တန်း ကြေးလည်း ပြန်မရဘူး။ ဒါပေမဲ့ အဲဒီက နည်းစနစ်တွေ အရမ်းရခဲ့တော့ နောက်ထပ် ကျောင်းနားက ဆရာမနှင့် ထပ်သင်တဲ့အခါ အရမ်း အဆင်ပြေပါတယ်။ သူတို့ရဲ့ ဘာသာစကားမှာ ဗျည်း သရကို နားလည်ရင် တော်တော်လေး အဆင်ပြေသွားပါပြီ။
          မြန်မာစာ အသွားအလာနှင့် အတူတူပါပဲ။ အင်္ဂလိပ် စာမှာလို grammar ရွေးနေစရာ မလိုပါဘူး။ ဒါပေမဲ့  grammar ကတော့ ရှိပါတယ်။ စကားလုံး ပရိယာယ် ကြွယ်ဝရင် မခက်ဘူးလို့ ယူဆပါတယ်။
          မေး- လောကရဲ့ ရွေးချယ်မှုလမ်းကြောင်းတွေ အများကြီးထဲကမှ သာသနာ့အရိပ်ကို ခိုဝင်ဖို့ အရှင် ဘုရား စိတ်ကူးဖြစ်ခဲ့ ရွေးချယ်ဖြစ်ခဲ့ပုံလေးကိုလည်း မျှဝေပါဦးဘုရား။
          ဖြေ- လောကမှာ ပျော်ရွှင်စရာတွေ မြောက်မြားစွာ ထဲက သာသနာ့အရိပ်ကို ခိုလှုံဖို့ ဆုံးဖြတ်ချက် ချဖြစ်တာ ကတော့ အသက်အရွယ်ကြီးလို့ ပရိယတ္တိ ပြီးပြည့်စုံလို့ စာအုပ်စာပေတွေ များများ ဖတ်လာတဲ့အခါ၊ ဘဝရဲ့ သုခ ဒုက္ခတွေကို တကယ် တွေ့မြင်လာရတဲ့အခါ၊ နောက် ပြီး လူ့ဘဝမှာ လူတွေရဲ့ လှုပ်ရှား ရုန်းကန်နေကြရတဲ့ လူတွေရဲ့ ဒုက္ခတွေကို မြင်လာတဲ့အခါ တကယ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချဖြစ်ခဲ့ပါတယ်။
          အစတုန်းကလည်း ငါ လူထွက်မယ်ဆိုတဲ့ စိတ်ကူး မရှိခဲ့ပါဘူး။ ဒီအချိန်မှာတော့ ကိုယ် ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အရမ်းကို မှန်ကန်ခဲ့တယ်ဆိုတာ တွေးမိတိုင်း ဝမ်းသာမိပါတယ်။ ခုခေတ် ပိုများလာတဲ့ လူတွေရဲ့ဒုက္ခကို မြင်ရလေလေ ကိုယ့်ကိုယ်ကို ကံကောင်း တဲ့ ပုဂ္ဂိုလ်အဖြစ် မှတ်ယူမိပါတယ်။
          မေး- ဘဝမှာ ကျေးဇူးအတင်ထိုက်ဆုံး ပုဂ္ဂိုလ်ဆိုရင် အရှင်ဘုရား ဘယ်သူ့ကို ရည်ညွှန်းချင်ပါသလဲ ဘုရား။
          ဖြေ- ဘဝမှာ ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကတော့ ရတနာသုံးပါး မိဘ ဆရာသမားတွေပါပဲ။ နောက်ပြီး ဒီဘဝ ဒီအခြေအနေထိ ရောက်အောင် နောက်ကွယ်က ကူညီ ပံ့ပိုးလှူဒါန်းပေးခဲ့ကြတဲ့ ရဟန်း ဒကာ ဒကာမတွေ အားလုံးသော ပုဂ္ဂိုလ်တွေဟာ ကျေးဇူး ပြုခဲ့ကြတာပါ။ ဒါကြောင့် ကျေးဇူးတင်ထိုက်သူတွေက အများကြီးပါပဲ။
          မေး- အတိုင်းအတာတစ်ခုထိ ပညာတွေ သင်ယူ အောင်မြင်ပြီး သာသနာပြုပြီးနေတဲ့ သာသနာ့ အာဇာနည်တစ်ပါးအနေနဲ့ ကိုယ့်လမ်းကို လျှောက်ချင်တဲ့ ညီတော် နောင်တော်တွေကို ဘယ်လိုစကားမျိုး လက်ဆင့်ကမ်း မှာကြားချင်ပါသလဲဘုရား။
          ဖြေ- ဘဝမှာ အောင်မြင်မှုတစ်ခု ရဖို့အတွက် အခက်အခဲပေါင်းများစွာ ရှိပါတယ်။ အဲဒီ အခက်အခဲ တွေကို ကျော်လွှားနိုင်ဖို့ဆိုရင် သတိ ပညာ ဝီရိယ သမာဓိ ခန္တီ စသော တရားတွေကို လက်ကိုင်ထားပြီး ကြိုးစားကြဖို့ လိုပါတယ်။ “ပညာလို အိုသည်မရှိ”ဆိုတဲ့ စကားအတိုင်း လိုချင်တဲ့ ပညာကို ရဖို့အတွက် အသက်ကြီးတာ ငယ်တာ မစဉ်းစားဘဲ ကြိုးစားကြဖို့ နောင်လာ မယ့် ညီငယ် ရဟန်းတော်များကို ပြောချင်ပါတယ်။
          မေး- အရှင်ဘုရားဘဝမှာ ကိုင်စွဲထားတဲ့ ဆောင်ပုဒ်များရှိခဲ့ရင် သိပါရစေ။
          ဖြေ- ဘဝမှာ အန္တရာယ်ကင်း ဘေးရှင်းပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို ရရှိ ပိုင်ဆိုင်ချင်ကြတယ် ဆိုရင် ငယ်ငယ်တုန်းက ဆရာသမားပြောခဲ့တဲ့ စကားတစ်ခွန်း ရှိတယ်။ အမြဲတမ်းလည်း နှလုံးသွင်းဖြစ်တယ်။ အဲဒါက ဘာလဲဆိုတော့ြွေမမှန်ရင် တွင်းဝင်ဖြောင့်တယ် ဆိုတဲ့စကားပါပဲ။ တွင်း ဘယ်လောက် ကောက်ကွေ့ပါစေ၊ြွေမမှန်ရင် ဝင်ရတာ လွယ်ကူပါတယ်တဲ့။ အဲဒီလိုပါပဲ ဘဝမှာ ကွေ့ကောက်တဲ့လမ်း ကြမ်းတမ်းတဲ့လမ်း လျှောက်လှမ်းနေရသူတွေအတွက်ကတော့ အမှန်တရားကို လက်ကိုင်ထားဖို့ပါပဲ။ ကိုယ့်ဘက်မှန်နေသမျှ ဒီဘဝ နောင်ဘဝလမ်းဟာ ဖြောင့်ဖြူးနေကြမှာပါ။
          မေး- အရှင်ဘုရားရဲ့ အနာဂတ်စိတ်ကူးနဲ့ ရည်မှန်းချက်ကို သိပါရစေဘုရား။
          ဖြေ- ခုလက်ရှိလုပ်နေတဲ့ ပရဟိတအလုပ်တွေကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်။ ပရိယတ္တိလုပ်ငန်းဖြစ်တဲ့ စာချစာသင်ကို ဆက်လက် လုပ်ဆောင်သွားပြီး အနာဂတ်မြတ်ဘုရားသာသနာ အဓွန့်ရှည်တည်တံ့ဖို့ လုပ်ဆောင်သွားပါမယ်။

မိုးမိုးစောဝင်း
  
         

No comments: