ကောင်းကင်မှာငှက်ခြေရာမရှိ
တက္ကသိုလ်လှမောင်(ရေတာရှည်)
ကောင်းကင်ဆိုသည်မှာ လေဟာပြင်ကြီးသာဖြစ်၊
ဘာအစွန်း ဘာအရာ ဘာခြေရာမှ မရှိနိုင်ပါ။
မည်သည့် အရာမျှ ထင်မကျန်ရစ်ခဲ့နိုင်ပါ။ အစွန်းအထင်း အကပ်အငြိ
ဘာမှမရှိနိုင်သော သဘာဝတရားကြီးသာ ဖြစ်ပါ၏။
ငှက်ကလေးတွေ ကောင်းကင်မှာ
ပျံသန်းသွားကြတယ်၊ ကောင်းကင်မှာ သူတို့ခြေရာ မကျန်ရစ်ခဲ့ ပါ။ ချန်မထားခဲ့ပါ။
ကောင်းကင်ကြီးကလည်း သူတို့ ခြေရာ အမှတ်အသားများကို လက်ခံယုယထိန်းသိမ်း ထားခြင်း
မရှိပါ။ ကောင်းကင်ဆိုတာ ထူးဆန်းလှသော သဘာဝတရားကြီးသာ ဖြစ်ပါ၏။ ကမ္ဘာတွေ အသင်္ချေ
ပျက်ကျေပြုန်းလည်း ကောင်းကင်ကြီးကတော့ နဂိုအတိုင်း ရှိမြဲအတိုင်းသာပင်။ ပျက်စီး
ရွေ့လျောသွား ခြင်းမရှိ။ ထို့ကြောင့် အသင်္ခတသဘာဝဟုပင် ဆိုရာ၏။ အနိစ္စတရား
သင်္ခါရတရားတို့က ပြုပြင်စီရင်ခြင်း ငှာ မစွမ်းနိုင်သော သဘာဝပရမတ်တရားကြီးဟုပင်
ဆိုကြပါသည်။
အဇဋာကောင်းကင် လေဟာပြင်သည် အထက်
ဝဠာတစ်ခွင် ခေါင်းမော့ကြည့်လျှင် မြင်ရသည် ဆို သော်လည်း အဇဋာပြင်ကြီးသည် ဆုံးစမရှိ
နေရာတိုင်း အကြိုအကြားအပေါက် တံခါးတိုင်းတွင် တည်ရှိနေ လေသည့် အာကာသသဘာဝဓာတ်ကြီး
ဖြစ်သတည်း။ ခန္ဓာကိုယ်ပြင်ပတွင်လည်း အာကာသဓာတ် ရှိသည်။
ကိုယ်တွင်းအစိတ်အပိုင်းများတွင်လည်း အာကာသဓာတ် ရှိနေလေသည်။ အိုးအတွင်း
ဘူးအတွင်းမှာ ရှိနေသော လေဟာပြင်ကို ပရိစ္ဆေဒါကာသဟု ခေါ်ပါသည်။ ထိုအပြင် ကြီးသည်
ဘာအညစ်အကြေး အစွန်းအထင်းမျှ မရှိပါ။သို့သော် သူ့ကို အရိပ်အယောင်တွေက
လွှမ်းမိုးအုပ်စီး ထားသည်။ ထင်ယောင် မြင်ယောင်ပညတ်တို့ ရှိနေလေသတတ်။
ကောင်းကင်သို့ မော့ကြည့်လျှင် ပြေးလွှား
ရွေ့လျားနေသော တိမ်တိုက်တို့ကလည်း ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲနေ၏။ မိုးတွေ
ခြိမ်း၊ လျှပ်စီးတွေ လက်၊ ဘယ်ရောက်သွားသနည်း၊ ဘယ်ပျောက်သွားသနည်း၊ ငှက်တို့
ခြေရာလည်း မထင်မမြင်နိုင်။ ဘယ်ရောက် ဘယ်ပျောက်သွားလေကုန်သနည်း။ ကောင်းကင်မှာ
ငှက်တို့ခြေရာ မထင်နိုင်သလို သာသနာပကာလမျိုး၊ သာသနာ
မထွန်းပနိုင်သောအရပ်မျိုးတွေမှာ ရဟန်း သာမဏေတို့ မရှိနိုင်ပါ။ ရဟန်းသံဃာမရှိလျှင်
တရား လည်း မရှိတော့။ ဘုရားလည်း မရှိတော့။ ထိုဒေသ ထိုကာလမျိုးတွင် တရားဓမ္မတို့
ဆိတ်သုဉ်းကွယ်ပျောက် နေလေပြီ။ သုညကမ္ဘာတွင် ဘုရား တရား သံဃာ ရတနာတို့ ဆိတ်သုဉ်း၏။
ဘုရားသာသနာ ရှိသော်လည်း မထွန်းကားရာ မသင့်တော်ရာအရပ်ကို ပစန္တရာဇ်အရပ် မျိုးဟု
ခေါ်၏။ သာသနာမထွန်းကားရာအရပ် လူဖြစ်နေရက တရားနှင့်ဝေးကွာ နစ်နာခြင်း ကြီးမားလှစွာ၏။
လူဖြစ်နေပါသော်လည်း တရားမကိန်းတည်နိုင်
သူများလည်း ရှိနေသည်။ ဘုရားစကား နားဝယ်ခါး ၏ ဆိုသူတို့အဖို့ မည်သို့ တရား
ရှိနိုင်ပါမည်နည်း။ တရားအဆုံးအမတို့သည်
မရှိသင့်သောအရပ်တွင် မရှိ နိုင်ပါ။ လောကကြီးမှာ သူ့နေရာနှင့်သူ အကွက်ကျကျ
ချထားလျက်ရှိနေပါ၏။ အရာဝတ္ထုတစ်ခု မရှိနိုင်သော နေရာတွင် မရှိနိုင်ပါ။ အိမ်ထဲမှာ
ပျောက်သောပစ္စည်း အိမ်ပြင်မှာ သွားရှာနေ၍မတွေ့နိုင်ပါ။ တောင်အရပ်မှာ ကျန်ခဲ့သောပစ္စည်း
မြောက်ဘက်သွားရှာနေလို့ မဖြစ်၊ ခုတ်ရာတခြား ပြတ်ရာတစ်နေရာ မဖြစ်နိုင်ပါချေ။
သူတော်ကောင်းတရားတို့လည်း လူမိုက် သူယုတ်မာတို့နယ်မြေတွင်
မပြန့်ပွား မရှင်သန်နိုင်။ ကောင်းကင်မှာ ငှက်ခြေရာ မထင်နိုင်သလို အာရုံတွေလည်း
ထင်မကျန်ခဲ့တော့ဘူး။ လောကကြီးမှာ အာရုံမျိုးစုံတို့ကသာ အုပ်စိုးနေပါတယ်။
လူတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်တဲ့။ ကြည့်လေရာ မြင်လေရာ တဏှာအာရုံတွေချည်းပဲ။
သူတော်ကောင်းတို့နယ်မြေ မှာတော့ အဲဒီတဏှာတွေ အာရုံထွေပြားမှုတွေ မထင်တော့
မမြင်တော့ပါဘူး။
“အာကာသေဝ ပဒံနတ္ထိ၊ သမဏောနတ္ထိ ဗာဟိရေ”တဲ့။ ဘုရားက ဟောပါတယ်။ သာသနာပ ကာလမှာ
သမဏဆိုတဲ့ ရဟန်းသံဃာလည်း မရှိပါဘူး။ ရဟန်းသံဃာ ဆိတ်သုဉ်းပြီဆိုလျှင် တရားရတနာလည်း
ကွယ်ပျောက်၊ တရားပျောက်တော့ ဘုရား ရတနာ လည်း ဘယ်ရှိတော့အံ့နည်း။ ဒီတော့ သာသနာပကာလ
ဆိုတာ ဘုရား တရား သံဃာ ရတနာသုံးပါး၊ ဆိတ်ကွယ်သုဉ်း၊ အမှောင်လုံးလုံးကျနေသော
ကာလကြီးဟု ဆိုရပါမည်။
သာသနာပ ကာလမှာ တရားစစ် တရားမှန်တို့
မထင်နိုင်တော့။ ကောင်းသောအာရုံတို့ ခြေရာကောက် ၍ မရနိုင်တော့ပြီ။
သူတော်ကောင်းတရားတို့ ကွယ်ပျောက်ခဲ့ပြီ။ သာသနာတွင်းမှာပင် ပစ္စန္တရာဇ် အရပ်မှာ
လူဖြစ်နေလျှင်လည်း အကျိုးမရှိနိုင်ပါ။ ပစ္စန္တရာဇ် အရပ်သည် သာသနာပအရပ်သာ
ဖြစ်ပါသည်။သာသနာ မထွန်းကားသော တရားနှင့်ဝေးသောအရပ်များသာတည်း။ ကျွန်တော်တို့
ဘုရားရှိခိုးသောအခါ “ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော
အကျိုးအားဖြင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ် (၈)ပါး၊ ရန်သူမျိုး(၅)ပါး၊
ဝိပ္ပတ္တိတရား(၄)ပါး၊ ဗျဿနတရား (၅)ပါးတို့မှ ကင်းဝေးကြရပါလို၏”လို့ ဆုတောင်းကြတယ်။
အပြစ်ရှိသောအရပ် (၈)ပါးဆိုတာပစ္စန္တရာဇ်အရပ်တွေပါပဲ။ ထိုအရပ်တွေမှာ
သာသနာမထွန်းကားဘူး။ ကောင်းကင်မှာ ငှက်ခြေရာမရှိသလို သာသနာကင်းဆိတ်ရာ
အရပ်တွေမှာလည်း ဘုရား တရား သံဃာရတနာတို့ မကိန်းဝပ်နိုင်ပါ။
ခြေရာကောက်လိုက်ရတာတွေလည်း ရှိတယ်။ သားလိုက်မုဆိုးတွေ
သားကောင်ရဲ့ ခြေရာကို အစကောက်ပြီး သားကောင် ရှိတဲ့နေရာကို လိုက်တာပဲ။ သစ္စာတရားရဲ့
အနက်အဓိပ္ပာယ်ကိုလည်း ခြေရာကောက်လိုက်ရတာပဲ။ တရားဓမ္မရဲ့ခြေရာကို လိုက်ရတယ်။
တွေ့အောင် ကြိုးစားရတယ်။ ခြေရာဆိုတာ
မထင်တတ်ဘူး။ အနက်အဓိပ္ပာယ် မပေါ်လွင်ဘူး။ ခက်ခဲ နက်နဲ သိမ်မွေ့လှတယ်။
အဓိပ္ပာယ် ထင်အောင် မြင်အောင် ခြေရာကောက်လိုက်ရတာပဲ။
အလောင်းတော် သိဒ္ဓတ္ထမင်းသား
များပြားလှသော အယူဝါဒတွေ အမျိုးမျိုးကြားမှ သစ္စာတရားကို ခြေရာခံလိုက်ခဲ့တယ်၊
ခြေရာကောက်လိုက်တော့ တွေ့တာပဲ။
ခြေရာဆိုတာ အဆုံးအမတွေ
ညွှန်ပြချက်တွေ ကျေးဇူးတရားတွေပါပဲ။ အင်္ဂလိပ်လို
Foot Print ခြေရာ ကို Print လုပ်တယ်၊ ရေးထိုးခတ်နှိပ် မော်ကွန်းထိုးခဲ့တယ်။
အဆုံးအမခြေရာတွေ ချပြခဲ့တယ်။ အဖေ့ခြေရာ ဆိုတာ အဖေ့ရဲ့ကျေးဇူးတရားတွေ၊
အမေ့ခြေရာဆိုတာ အမေ့ရဲ့မေတ္တာတရားတွေ၊ ကောင်းတဲ့ခြေရာတွေကို လိုက်မှီအောင်
ကြိုးစားကြရမယ်၊ ခြေရာတွေ နင်းနိုင်ရမယ်၊လူမိုက်တို့နယ်မြေမှာ ခြေရာတွေမရှိပါ။
ကောင်းမြတ် တဲ့တရားတို့ မရှိပါ။သူတော်ကောင်းတွေ အာဇာနည် တွေက ခြေရာတွေ
ချပေးခဲ့ကြတယ်။ လောကကြီးမှာ ခြေရာတွေ အပျံ့အနှံ့ရှိပါတယ်။ ကျေးဇူးရှင်လောက ကြီးပါ၊
သွန်သင်ဆုံးမမှုတွေ အပြည့်ပေးနေတယ်။
ပညာရှိအဆိုအမိန့် တစ်ခု မှတ်သားမိပါသည်။
“လူတစ်ယောက် မိမိ၏ တစ်သက်တာကို လျှောက် သွားသည့်အခါ၌ ခြေရာအမျိုးမျိုးကို
ချခဲ့သည်။ အချို့ကို အများမြင်နိုင်၏။ အချို့ကိုမူ မမြင်နိုင်ပေ။ သူ
ဆောက်ခဲ့သောနေအိမ်၊ သူ့သားသမီးများ စတဲ့ သူ့ ခြေရာ သူ့ကျေးဇူးတရားကား များလှစွာ၏။
အချို့ ခြေရာများကို မမြင်နိုင်။ သူတစ်ပါး၏ဘဝများ၌ သူ ချခဲ့သော သူ့ခြေရာများ၊
သူတစ်ပါးကို ပေးခဲ့သော အကူအညီများ၊ သူပြောခဲ့ဆိုခဲ့သည်များ၊ ဥပမာ-သူ
ရယ်စရာပြောသည်တို့၊ သူတစ်ပါးတို့ကို ထိခိုက်စေသော သတင်းစကားများ၊ သူတစ်ပါးကို
ပြောကြားခဲ့သော အားပေးစကားများ၊ ထိုခြေရာတို့ကို မမြင်နိုင်ပေ။ သူ့ အဖို့မှာတော့
သူ ခြေရာချခဲ့ခြင်း အဖြစ်ကို မတွေးမိပေ။ သို့သော် သူသွားလာ ကြုံတွေ့ရသမျှ
နေရာတကာတွင် အမှတ်အသားတစ်ခုခုကို သူထားပစ်ခဲ့သည်။ ထို
အမှတ်အသားတို့ကိုပေါင်းလိုက်လျှင် သူ့ဘဝဖြစ်စဉ် ဖြစ်လာပေမည်။ လူဆိုသည်မှာ ဤသို့
သာတည်း”တဲ့။
ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်”ဆိုတဲ့ကဗျာကို
အမှတ်ရမိပါသည်။
“သင်သေသွားသော်၊
သင်ဖွားသောမြေ၊
သင်တို့ပြေ(ပြည်)သည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း၊
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း”တဲ့။
သင်သေသွားသော်
သင့်ခြေရာလက်ရာကောင်းလေးတွေ ကျန်ကောင်းသင့်သည်။ ခြေရာကောင်းဟူသည်
မျိုးဆက်သစ်တို့အတွက် အမွေကောင်းလေးများသာ ဖြစ်သတည်း။
သို့သော်လည်း လောကကြီးဆိုတာ ဆန့်ကျင်
ဘက်တရားတို့ ပေါင်းစပ်ဖွဲ့စည်းထားသော ဖြစ်စဉ်ကြီး တစ်ခုသာပါ။ ခြေရာချခဲ့ရာတွင်လည်း
ကောင်းတဲ့ ခြေရာရှိသလို မကောင်းတဲ့ခြေရာတွေလည်း ရှိနေတတ်ပါ၏။ မကောင်းတာရော
ကောင်းတာရော ပူးတွဲတည်ရှိ နေခြင်းသည် လောကကြီး၏သဘာဝတရားသာတည်း။ လောကသားများထဲတွင်
ကောင်းတာတွေလည်း ရှိသည်။ မကောင်းတာတွေလည်း ရှိနေပါ၏။ လူမိုက်ကြီး တစ်ယောက်ရဲ့သားက
အဖေ့ခြေရာ နင်းသည်ဆိုလျှင် မကောင်းမှုတွေသာ ဖြစ်တော့မည်။
ဘုရား အဆုံးအမအရ လောကကြီးသဘောက မမြဲ။
သင်္ခါရလောကကြီးသာ ဖြစ်ပါ၏။ လောကကြီး ထဲတွင် ကောင်းတာရော မကောင်းတာရော ဖြစ်စဉ်
မှန်သမျှ တည်မြဲသောအရာ တစ်ခုမျှ မရှိ။ သို့သော်
ကောင်းတရားတွေ ကောင်းခြေရာတွေ ချနိုင်မှသာလျှင် ကောင်းခြေရာနမူနာများ
လိုက်နာကြမှသာလျှင် သင်္ခါရလောကကြီးမှလွတ်မြောက်နိုင်ပါမည်။ ကောင်း တရားတွေရှိမှ
သူလွတ်မြောက်နိုင်မည်။ ယခု ကောင်း တရားတွေ လိုက်နာဖို့ အခွင့်ကောင်းအခါကောင်း
သာသနာတွင်းကာလကြီးနှင့် ကြုံဆုံနေရပြီဖြစ်ပါ၏။ သူတော်ကောင်းများ ချထားခဲ့သော
ကောင်းခြေရာများကို နမူနာယူလိုက်နာကြရန်သာ လိုအပ်ပါသည်။
သင်၏ ဦးခေါင်းပေါ်မှ အဇဋာကောင်းကင်ပြင်
အာကာသကြီးကို မော့ကြည့်လိုက်ပါ။ ထို Space ဆိုသည့် အဇဋာပြင်ကြီးသည် ကမ္ဘာတွေ
ပျက်ကျေပြုန်း လည်း မပျက်သုဉ်းဘဲ အမြဲတည်နေသော လဟာပြင်ကြီးသာတည်း။ အာကာသကြီးတွင်
မည်သည့်ခြေရာမျှ မထင်သော သုညတအသင်္ခတ သဘောလက္ခဏာ တရားများကို တွေ့မြင်ရပါလိမ့်မည်။
ထိုကောင်းကင်ကြီးတွင် မည်သည့်မြူ မည်သည့်အညစ်အကြေးမျှမရှိပါ။ ခြေရာဆိုးကောင်း
ဘာမျှမထင်တော့ပါ။
ကောင်းသောတရား ကောင်းသောခြေရာလေးများက
သင့်ကို အစွန်းအထင်း အငြိအတွယ်တို့ မရှိ တော့ရာ အသင်္ခတဓာတ်ဆီသို့ တွန်းပို့လွှတ်လိုက်ပြီ
ဖြစ်ပါ၏။ ထိုသည်ပင်လျှင် သုညတ ဆိုက်သွားပြီဟု ဆိုရသည်။ ထိုအခါ သင်သည် ခြေရာတို့
အပျံ့အနှံ့ ရှိနေလေသော ဒီဘက်ကမ်းကို စွန့်ခွာ ထားရစ်ခဲ့၍ တစ်ဘက်ကမ်းသို့
ဆိုက်ရောက်သွားပြီဟု ဆိုနိုင်ပါတော့သတည်း။
တက္ကသိုလ်လှမောင်(ရေတာရှည်)
No comments:
Post a Comment