Wednesday, April 22, 2015

ချမ်းသာကို မကြောက်ကြသူများ အသျှင်ဇာနေယျ ကောမှူး

ချမ်းသာကို မကြောက်ကြသူများ
အရှင်ဇာနေယျ(ကော့မှူး)
           “ဦးပဉ္စင်း ရပ်တော်မူပါဦး ဘုရား”
          ထိုအသံကို ကြားရသဖြင့် ပုံမှန် ခြေလှမ်းများဖြင့် ဆွမ်းခြွံကနေတဲ့ စာရေးသူရဲ့ ခြေလှမ်းများ ရပ်တန့် သွားခဲ့ပါတယ်။ တစ်ခဏချင်းမှာပဲ ရပ်နေတဲ့ စာရေးသူရဲ့အနားကို အသက် (၁၄/၁၅) နှစ်အရွယ်ခန့်  လူငယ်လေးတစ်ယောက် ရောက်လာပြီး လက်အုပ်လေးချီကာ-
          “ဦးပဉ္စင်းဘုရား၊ ဆွမ်းလှူချင်လို့ အိမ်ကို လိုက်ကြွပေးတော်မူပါ ဘုရား”လို့ ရိုရိုသေသေလျှောက်ပါတယ်။ စာရေးသူလည်း အဲဒီလူငယ် လေး ပင့်ရာနောက်က လိုက်ကြွခဲ့ ပါတယ်။
          အိမ်ပေါ်ရောက်တော့ ခေါင်းရင်းဘက်မှာ ကုလားထိုင်တစ်လုံး ချထားပြီး ကုလားထိုင်ရှေ့က စားပွဲပေါ်မှာတော့ ဆွမ်းက တစ်ပန်းကန်၊ ဆွမ်းဟင်းက သုံးပန်းကန်နဲ့ ကိတ်မုန့်တစ်လုံးကို လှူဒါန်းဖွယ်ရာများအဖြစ် တင်ထားတာကိုတွေ့ ရပါတယ်။ စာရေးသူ ကုလားထိုင်ပေါ် ထိုင်ပြီးချိန်မှာ လာပင့်တဲ့ လူငယ်လေးအပြင် မိခင်ဖြစ်ဟန်တူတဲ့ အသက် (၃၀)နှစ်ဝန်းကျင်ခန့် ဒါယိကာမတစ်ယောက်နဲ့ ၈-နှစ် ၉-နှစ်ခန့်အရွယ် ကလေးမလေး တစ်ယောက်တို့ကပါ စာရေးသူနဲ့ မျက်နှာချင်းဆိုင်ကြမ်းပြင်ပေါ်မှာ အသီးသီးနေရာယူလိုက်ကြပါတယ်။           
“ဦးပဉ္စင်းဘုရား၊ဒါက တပည့်တော်မရဲ့သမီးငယ်ပါ၊ သူကတော့ တပည့်တော်မရဲ့သားကြီးပေါ့၊        ဦးပဉ္စင်းကို အဲဒီလှူဖွယ်တွေ လှူချင်လို့ပါဘုရား၊ လှူရတဲ့အကြောင်းကတော့ မနေ့ညနေက တပည့်တော်မ တို့အိမ်မှာ မွေးထားတဲ့ ခွေးမလေး သေသွားခဲ့ပါတယ်ဘုရား။ ခွေးမ လေးရဲ့နာမည်က ဖြူဖွေးပါ။ ဖြူဖွေးမလေးက လိမ္မာတော့ အားလုံးက ချစ်ကြတယ်ဘုရား။ ဒီသမီးကလေးကတော့ အသည်းဆုံးပေါ့ဘုရား။ ဖြူဖွေးမ နေမကောင်းတာ ၃-၄ ရက်လောက်ရှိပြီဘုရား။ တိရစ္ဆာန် ဆေးကုခန်းကိုပို့ပြီး ဆေးကုပေးပါ သေးတယ် ဘုရား၊ ကုနေရင်းကပဲ မနေ့ညနေက သေသွားရှာတယ်။ ဖြူဖွေးမအတွက်သမီးကတော်တော် စိတ်မကောင်းဖြစ်နေပါတယ်ဘုရား။ အဲဒါ သမီး စိတ်သက်သာရာ ရအောင် ဖြူဖွေးမအတွက် ဒီကုသိုလ် ကိုလုပ်ပေးတာပါဘုရား”
          မိခင်ဖြစ်သူက စာရေးသူကို အဲဒီလိုလျှောက်ထားပြီး သမီးဖြစ်သူရဲ့မျက်နှာကို ကြည့်ကာ ကျောပြင်ကို လက်ဖဝါးနဲ့ အသာအယာ ပွတ်သပ်လိုက်ရင်း -
          “ကဲ - သမီးက ဦးပဉ္စင်းကို ဘာလျှောက်ချင်သေးလဲ”လို့ မေးလိုက်ပါတယ်။
          “ဦးပဉ္စင်းဘုရား . ..ဖြူဖွေးမလေးကို ကောင်းတဲ့ဘဝ ရောက်အောင် ဆုတောင်းပေးပါဘုရား”လို့ မငိုရုံတမယ် ညှိုးညှိုးငယ်ငယ် မျက်နှာလေးနဲ့ လျှောက်ပါတယ်။
          “အေးပါ ကလေးမရယ်၊ ဒီ ကုသိုလ်လုပ်ပြီး အမျှအတန်းပေးဝေလို့ ကလေးမရဲ့ခွေးလေးဖြူဖွေးမ သာဓုခေါ်နိုင်ရင် ကောင်းတဲ့ဘဝ ရောက်သွားမှာပါ”လို့ စာရေးသူက နှစ်သိမ့်စကား ပြောပေးလိုက်ရပါတယ်။ ပြီးတော့မှ သူတို့မိသားစုကို သီလပေး၊ ဒါနဝတ္ထုများ အကပ်ခံကာ ရေစက်ချပြီး အမျှဝေခိုင်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်က စာရေးသူ စာသင်သားဘဝ ရဟန်းဖြစ်ခါစမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။
          ခွေး၊ ကြောင် စတဲ့ အိမ်မွေး တိရစ္ဆာန်တွေ သေလို့ ကုသိုလ် ကောင်းမှုလုပ်ပေးကြတယ်ဆိုတာ ရှိကောင်းရှိနိုင်ပေမဲ့ တော်တော် တော့ ရှားပါလိမ့်မယ်။ ယနေ့အချိန် ထိ စာရေးသူရဲ့ဘဝတစ်လျှောက် လည်း အဲဒီတစ်ကြိမ်သာ ကြုံခဲ့ရ ဖူးတာပါ။ တော်တော် သူတော် ကောင်းစိတ်ရှိကြတဲ့ မိသားစုပဲလို့ စာရေးသူ မှတ်ချက်ချခဲ့မိပါတယ်။ အထူးအားဖြင့်တော့ မိခင်ဖြစ်တဲ့သူ ပေါ့။ နုနုနယ်နယ် ထိလွယ်ရှလွယ် ခံစားလွယ် ဖြစ်တဲ့ သမီးဖြစ်သူရဲ့ စိတ်ထဲက အပူသောကကို အခုလို ကုသိုလ် ပြုလုပ်ပြီး ဖြေဖျောက်ရ တယ်ဆိုတာကို နည်းပေးလမ်းပြတဲ့ သဘောနဲ့ လက်တွေ့လုပ်ပြလိုက် တာပါ။ ဗုဒ္ဓဘာသာဝင် မိခင်များ အတွက် အတုယူစရာ စံပြမိခင် တစ်ယောက်လို့ ဆိုချင်ပါတယ်။
          ဒါက စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးတဲ့ ကုသိုလ်ကိုကြံဖန်ပြီး ယူတတ်တဲ့၊ ယူတတ်အောင် သား သမီးတွေကို နည်းလမ်းပြပေးတတ်တဲ့ စံပြမိခင်တစ်ယောက်အကြောင်း ဖြစ်ပါတယ်။
          ဘုရားရှင် လက်ထက်တော်အခါက အနာထပိဏ်သူဌေးကြီးဆိုတာကို ယနေ့ခေတ် ဗုဒ္ဓဘာသာ ဝင်တွေအထိ မကြားဖူးသူ မရှိသလောက်ပါပဲ။
          တစ်နေ့ အနာထပိဏ် သူဌေး ကြီးရဲ့အိမ်မှာ ဘုရားရှင်ကိုယ်တော် မြတ်ကြီး ကြွနေတော်မူခိုက် သူဌေးကြီးလည်း ဘုရားရှင်ရဲ့အနားမှာ ရှိခိုး ဦးချပြီး ဘုရားရှင်နဲ့အပြန်အလှန် မာကြောင်း သာကြောင်း စတဲ့ တရားစကားများ မေးမြန်းလျှောက် ထားနေခိုက် သူဌေးကြီးရဲ့မြေးဖြစ်သူ ကလေးမလေးရဲ့ စူးစူးဝါးဝါး အော်ဟစ်ငိြုွေကးသံကို သူဌေးကြီး ကြားလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ငိုနေတဲ့ မြေးမလေးကို  အထိန်းသည်အမျိုးသမီးက ချော့နေတဲ့အသံကိုလည်း ကြားနေရပါ တယ်။
          အထိန်းသည်အမျိုးသမီးဟာ ဘယ်လိုမှချော့လို့မရဘဲ အသံကုန် ဟစ်ပြီး ငိုနေတဲ့ ကလေးမလေးကို အဘိုးဖြစ်သူ သူဌေးကြီးထံ ခေါ်လာရပါတော့တယ်။ သူဌေးကြီးက မြေးဖြစ်သူ ကလေးမလေးကို -            
“လာ . .လာ . .သမီး၊ ဘိုးဘိုးကြီးဆီကိုလာ”လို့ ပါးစပ်ကလည်း ပြောပြောဆိုဆို လက်က လည်း အထိန်းသည်အမျိုးသမီး လက်ထဲမှ မြေးမလေးကို ပွေ့ယူလိုက်ပြီး ရင်ခွင်ထဲထည့်ဖက်ထားရင်း -
          “ဘာဖြစ်လို့ ကလေးက ချော့ မရလောက်အောင် ငိုနေရတာလဲကွယ်”လို့ အထိန်းသည်အမျိုးသမီးကို မေးလိုက်ပါတယ်။
          “ဒီလိုပါ ဘဘကြီး၊ မနေ့တုန်းက သူ ကစားဖို့ ဆိုပြီး သမီးက မုန့်ညက်မှုန့်တွေနဲ့ ယမင်းရုပ်လေး လုပ်ပြီး သူ့ကို ပေးခဲ့ပါတယ်။ “ဒီ ယမင်းရုပ်ကလေးက သမီးလေးရဲ့ သမီးနော်”လို့လည်း သူ့ကိုပြောခဲ့မိပါတယ်။ အဲဒီအရုပ်လေးကို သူက သူ့သမီးလေးဆိုတဲ့အသိနဲ့ ကစားရင်း လက်က လွတ်ကျပြီး ကျေမွ ပျက်စီးသွားလို့ပါ၊ အဲဒါကို သူက “ငါ့သမီးလေး သေပြီ၊ ငါ့သမီးလေး သေပြီ”လို့ပြောပြီး ချော့မရအောင် ငိုတော့တာပါ”လို့ အထိန်းသည် အမျိုးသမီးက သူဌေးကြီးကို ရှင်းပြလိုက်ပါတယ်။ဒီအခါ အနာထပိဏ် သူဌေးကြီးက သူ့ရဲ့ရင်ခွင်ထဲမှာ ရှိုက်ငင်နေတဲ့ မြေးမလေးကို-
          “တိတ်ပါ သမီးရယ် မငိုနဲ့တော၊့ သမီးရဲ့အရုပ်မလေးအတွက် ဘိုးဘိုး ကြီး အလှူလုပ်ပေးမယ်” လို့ ချော့ ပြောကာ မြတ်စွာဘုရားရှင်ကို လက်အုပ်ချီပြီး ]မြတ်စွာဘုရား၊ တပည့်တော် ဟောဒီမြေးမလေးရဲ့ သမီး အရုပ်မလေးအတွက် အလှူဒါနပြုလုပ်လိုပါတယ် ဘုရား၊ နက်ဖြန်ခါ ဘုရားရှင်နဲ့တကွ ရဟန်းတော် အပါး ငါးရာ တပည့်တော် အိမ်ကို ဆွမ်းဘုဉ်းပေးကြွတော်မူပါ ဘုရား}လို့ လျှောက်ထားလိုက်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ် တော်မြတ်ကြီးကလည်း ဆိတ်ဆိတ် နေပြီး လက်ခံတော်မူခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဘုရားရှင်နဲ့တကွ ရဟန်းတော်ငါးရာတို့ အနာထပိဏ် သူဌေးကြီးအိမ်ကို ဆွမ်းဘုဉ်းပေး ကြွတော်မူကြပါတယ်။
          စိတ်ထဲမှာ အပူသောက ဖြစ် လာရင် ဒီလိုကုသိုလ်ပြုလုပ်ပြီး ဖြစ်နေတဲ့ အပူသောကကို ဖြေဖျောက် ရတယ်ဆိုတာကို သူ့ရဲ့မြေးမလေး ကို ကိုယ်တိုင် လက်တွေ့ကုသိုလ် လုပ်ပြပြီး သင်ပေးခဲ့တဲ့အနာထပိဏ် သူဌေးကြီးဟာ အဲဒီ မြေးမလေးအတွက် စံပြဘိုးအေတစ်ယောက် ဖြစ်သလို ယနေ့ခေတ် ဘိုးအေဘဝ ရောက်နေကြသူ အားလုံးအတွက်လည်း အတုယူစရာဖြစ်ပါတယ်။ ဒါကတော့ ပိဋ္ဌဓိတလိကပေတ ဝတ္ထုမှာ စာရေးသူ ဖတ်ထားတဲ့ ကုသိုလ်ကို ကြံဖန်ယူတတ်တဲ့ ယူတတ်အောင်လည်း နည်းလမ်းပြခဲ့တဲ့ စံပြဘိုးအေ တစ်ယောက် အကြောင်း ဖြစ်ပါတယ်။
          ပြဆိုခဲ့တဲ့  အကြောင်းအရာ နှစ်ခုက သူတော်ကောင်းစိတ်ဓာတ် ရှိကြတဲ့သူတွေရဲ့ အကြောင်းမရှိ အကြောင်းရှာပြီး ကုသိုလ်ကောင်းမှု ပြုလုပ်တတ်တဲ့ အလေ့အထလေးကို ပြနေပါတယ်။
          အိမ်မှာ မွေးထားတဲ့ ခွေးက လေးသေသွားတာ၊ ကလေးကစား စရာ အရုပ်လေး ပျက်စီးသွားတာ တွေဟာ သူလိုကိုယ်လို သာမန် ပုဂ္ဂိုလ်တွေအတွက် ကုသိုလ်လုပ်         ရမယ့်အကြောင်း မဟုတ်ပေမဲ့ သူတော်ကောင်း စိတ်ဓာတ်ရှိကြ သူတွေအတွက်ကတော့ အဲဒီ အကြောင်းမဟုတ်တာကိုပဲအကြောင်း လုပ်ပြီး ကုသိုလ်ပြုတတ်ကြတာကို ကြည့်ပေါ့။ သူတို့ဟာ “ဘယ်လို အကြောင်းမျိုးကြောင့်မဆို ကုသိုလ် ရဖို့သည်သာ ပဓာန၊ ကုသိုလ်ရဖို့ သည်သာအဓိက”လို့ နှလုံးသွင်းထား ကြပုံရပါတယ်။
          ခရီးမဆုံးကြသေးတဲ့ သံသရာ ခရီးသွားပုထုဇဉ်ပုဂ္ဂိုလ်များရဲ့ သံသရာခရီးမှာ ကုသိုလ်သည်သာ အားကိုးအားထားရာအစစ် ဖြစ်ပါ တယ်။ ဒါကြောင့် ကုသိုလ်ကို ရနိုင် သမျှ အားထုတ်ရယူကြရမှာသာ ဖြစ်ပါတယ်။ ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် မရောင့်ရဲကြရ ပါဘူး။ မတင်းတိမ်ကြရပါဘူး။ ပြည့်စုံနေပြီလို့ မထင်မှတ်ကြရပါဘူး။ ပုထုဇဉ်အဖြစ်နဲ့ကတော့ ကုသိုလ်အလုပ်ဟာ ပြီးဆုံးသွားတယ်၊ ပြည့်စုံသွားတယ်ရယ်လို့ မရှိပါဘူး။ ရဟန္တာဖြစ်ပြီးသွားမှသာ ကုသိုလ်အလုပ်ပြီးဆုံးပါတယ်။ပြည့်စုံ ပါတယ်။ မိမိဟာ ပုထုဇဉ် စစ်စစ်ကြီး ဖြစ်နေပါလျက်နဲ့ “ကောင်းကောင်း နေရင် ပြီးတာပဲ၊ ကုသိုလ်တွေ လိုက် လုပ်နေစရာ မလိုပါဘူး”လို့ ထင်မြင် ယူဆ ပြောဆိုပြီး ဘာကုသိုလ်မှ မလုပ်သူဟာ မိမိကိုယ်ကို သံသရာခရီးမှာ အားကိုးရာမဲ့ပြီး ဆင်းရဲ အောင် လုပ်နေသူသာ ဖြစ်ပါတယ်။
          မြတ်စွာဘုရားရှင်က
“မာဘိက္ခဝေ ပုညာနံ ဘာယိတ္ထ၊ သုခေဿတံ အဓိဝစနံ ယဒိဒံ ပုညာနိ”လို့ ဟောတော်မူပါတယ်။ အဓိပ္ပာယ်က“ချစ်သား ချစ်သမီးတို့၊ ကုသိုလ်အလုပ်ကို မကြောက်ကြနဲ့၊ ကုသိုလ်ဆိုတဲ့ အမည်ဟာ  ချမ်းသာ တရားရဲ့အမည် ဖြစ်တယ်”လို့ ဆိုလို ပါတယ်။
          မြတ်စွာဘုရားရှင်ရဲ့ အဲဒီ မိန့်တော်မူချက်အရ ကုသိုလ်အလုပ် ကိုမလုပ်ချင်သူ ကြောက်ကြသူများကို ချမ်းသာမှာကို ကြောက်နေကြ သူများလို့သာ ဆိုရမှာဖြစ်ပါတယ်။ ကုသိုလ်ကို အကြောင်းရှာပြီး ကြံဖန် ယူတတ်ကြသူများကိုတော့ ချမ်းသာ ကိုမကြောက်ကြသူများလို့ နားလည်ရမှာဖြစ်ပါကြောင်း တင်ပြရင်း လောကကြီးမှာ ချမ်းသာကို ကြောက်သူများ နည်းပြီး ချမ်းသာကို မကြောက်ကြသူများတိုးပွားများပြား လာပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

အရှင်ဇာနေယျ(ကော့မှူး)


No comments: