ကျေးဇူးရှင်ဝေဘူဆရာတော်ဘုရားကြီးအား
ဆရာကြီးဦးဘခင် ဖူးမြော်ခဲ့စဉ်က
ညီညီတင်
၁၉၄၁-ခုနှစ်တွင် ဆရာကြီးဦးဘခင်သည် မီးရထားဋ္ဌာန
စာရင်းကိုင်အရာရှိ ဖြစ်လာသည်။ ထို့နောက် ဇူလိုင်လတွင် ဆရာကြီးသည် မြစ်သားဘူတာသို့ စာရင်းစစ်ရန် ရောက်လာခဲ့သည်။
အလုပ် ဝတ္တရားပြီးသည့်အခါတွင် ဆရာကြီးသည် ကျောက်ဆည်ဘူတာ၌ ရက်အတော်ကြာ
တာဝန်ဆောင်ရွက်ရင်း ဘူတာရှေ့တည့်တည့်ရှိ ရွှေသာလျောင်းတောင်ကြီးကို တွေ့ရာ
မဆိုင်းမတွပင် ကျောက်ဆည်လက်ထောက်ရုံပိုင်နှင့် တောင်ပေါ်တက်ခဲ့လေသည်။ တောင်ပေါ်တွင်
ဘုရားဝတ်ပြု ဆုတောင်းပြီးနောက်ပတ်ဝန်းကျင်အားလှည့်ပတ် ကြည့်ရှုရာ ဝါးတဲကျောင်းလေးတစ်ကျောင်းကို
တွေ့ရ သည်။ ပါလာသူ လက်ထောက်ရုံပိုင်အား စုံစမ်းကြည့်ရာ “ယင်းကျောင်းကလေးတွင် အလွန်
ကြည်ညိုဖွယ်ရာ ဆရာတော်တစ်ပါး သီတင်းသုံးနေထိုင်ကြောင်း၊ (ဝေဘူလတောင်စွယ်)ကို
အမှီပြု၍(ဝေဘူဆရာတော်)ဟု ခေါ်တွင်ကြောင်း၊ အနီးအနား ပတ်ဝန်းကျင်မှ လူအများက
ဆရာတော်ကြီးအား ရဟန္တာတစ်ပါးအဖြစ် ယုံကြည် ကိုးကွယ်နေကြကြောင်း” ပြောပြသည်။
ဆရာကြီးသည် ရုတ်ခြည်းပင် ဆရာတော်ထံသွားရောက် ဖူးမြော်လိုသော ဆန္ဒဖြစ်ပေါ်လာ၍ သွားရန်
ခြေလှမ်းပြင်လိုက်သောအခါ လက်ထောက်ရုံပိုင်လေးက “ဆရာကြီး ဒီက ဆင်းသွား
လို့မဖြစ်နိုင်ပါဘူး၊ တောင်အောက်ခြေက ပတ်ပြီးမှ သွားနိုင်ပါတယ်၊
ညနေကျွန်တော်လိုက်ပို့ပါမယ်၊ ဒီအချိန် မှာလည်း ဆရာတော်ကြီးက လူတွေ့မခံဘူးထင်ပါတယ်”
ဟု ဆို၏။ ကျောက်ဆည်ဘူတာသို့ ပြန်ရောက် နေ့လယ်စာ စားပြီးနောက် ဆရာကြီးသည် တရားအာရုံ
ယူ၍ ဝေဘူဆရာတော်ကြီးကို မေတ္တာပို့ကာ “ဆရာတော်ကြီးအားလာရောက်ဖူးမြော်မည်ဖြစ်ကြောင်း”
စိတ်ဖြင့် လျှောက်ထားလိုက်၏။ ညနေ(၃)နာရီအချိန်တွင် လက်ထောက်ရုံပိုင် အဖော်ပြု၍ “ဝေဘူတောင်”သို့ ထွက်ခွာလာခဲ့သည်။ ချောင်ထဲ၌
အလွန်ဆိတ်ငြိမ်သာယာလှ၏။ ထိုအခိုက်တစ်ဖက်မှ သီလရှင်(၂)ပါး ထွက်ပေါ် လာသဖြင့် ၄င်းတို့အား
ဆရာတော်ကြီးအား ဖူးမြော်လိုကြောင်း ပြောပြရာ “ယခုအချိန်၌ ဖူးမြော်၍မရ၊
နံနက်ဆွမ်းစားချိန်နှင့်ညနေ တရားဟောချိန်မှသာ ဖူးမြော်ခွင့်ရနိုင်သည်”ဟု
ပြန်ပြောကြား၏။ ဆရာကြီးက “မဖူးမြော်ရလည်း နေပါစေ၊ ဆရာတော် သီတင်းသုံး သည့်
ကျောင်းကိုသာ ပြပေးပါ၊ကျောင်းအပြင်မှ ဦးတိုက်ပါရစေ”ဟု ပြန်ပြော၏။ သီလရှင်
ညွှန်ပြလိုက်သော ဝါးကျောင်းကလေး၏ ဖိနပ်ချွတ်နေရာမှထိုင်၍ ဆရာတော်ကြီးအား ရည်မှန်းကာ
ဦးချပြီးနောက် “ရန်ကုန်က ဒကာများ ကန်တော့ ရောက်နေပါတယ် ဘုရား”ဟု စိတ်ဖြင့်
လျှောက်ထားလိုက်ရာ ကဲလားတံခါးကလေး ရုတ်တရက် ပွင့်လာ၍ ဆရာတော်ကြီး၏ မျက်နှာကို
ဖူးမြင်ရသည်။
“ဘာအလိုရှိလို့ ကန်တော့သလဲ ဒကာကြီး”
“မဂ်ဖိုလ်နိဗ္ဗာန် အလိုရှိလို့ပါဘုရား”
“အေး နိဗ္ဗာန်သွားချင်ရင် ဘယ်လိုသွား
ရမလဲ”
“ဝိပဿနာဥာဏ်တရားနဲ့ သွားရပါတယ် ဘုရား၊
အခုလည်း ဝိပဿနာတရားကို အာရုံပြုနေ လျှက်ပါဘုရား”
“အေးသာဓု၊ သာဓု၊ သာဓု အဲဒီတရား ဘယ်လိုရသလဲ”ဟု
မေးမြန်းရာ - “ကျေးဇူးရှင် (ဆရာသက်ကြီး)ဆီမှာ ရှေးဦး (၇)ရက် တရားအားထုတ်ပြီးနောက်
ရယူခဲ့ကြောင်း၊ နောက်လည်း ဆက်လက် အားထုတ်ကြောင်း၊ ခရီးသွားရင်းလည်း ရထားပေါ်မှာ
အမြဲ တရားအားထုတ်ကြောင်း”ပြန်လည်လျှောက် ထားရာ -
“ဒီလိုဆို-ဒကာကြီး ပါရမီရှိတယ်၊
ဘုန်းကြီး စိတ်ထဲမှာက တောထဲသွားပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရ တယ်အောက်မေ့တယ်”ဟု
ဆရာတော်ကြီးက မိန့်၏။
ဤသို့မေးလျှောက်ထားခြင်းဖြင့် (၁)နာရီ
ကျော်ကျော် အချိန်ကြာသွားခဲ့သည်။ နောက်တစ်နေ့ မနက် သက်သက်လွတ်ဆွမ်းကပ်ရန်
ခွင့်ပန်ကြားပြီး ပြန်ခဲ့ကြလေသည်။ နောက် မနက်တွင် အရုဏ်ဆွမ်းအမီ
ချက်ပြုတ်ကြပြီးနောက် ဆွမ်းကပ်သွားကြပြန်ရာ ဆရာတော်ကြီးနှင့် စကားလက်ဆုံကျပြန်၏။
အရုဏ် ဆွမ်းကပ် ရောက်လာသူ ပုဂ္ဂိုလ်အများ ပြောပြချက် အရ၊ “ဘယ်တုန်းကမှဆရာတော်ကြီး
ဒီလောက် စကားများများ မပြောကြား”ဟုသိရပါသည်။ ဆရာတော်ကြီး၏ နောက်
မိန့်ကြားချက်တစ်ခုမှာ -“ဒကာကြီး ရရှိထားတဲ့ တရား သူများကို ဝေမျှပြရလိမ့်မည်။ယခု
ဒကာကြီးနှင့် အတူပါလာတဲ့ ဒကာလေးကို နောက်ဘယ်တော့မှ ပြန်တွေ့နိုင်ဦးမလဲ
မသိနိုင်ဘူး၊ တွေ့တုန်းပေးခဲ့ပါ။ နည်းကလေး ပြပေးပေါ့။ ဒကာကြီးတို့ လူပုဂ္ဂိုလ်တွေ
အနေနဲ့ ပိတ်ဖြူလဲပြီး တရားပေးပါ” ဟု တိုက်တွန်း နှိုးဆော်တော်မူလိုက်သည်။
ကျောက်ဆည်ဘူတာသို့ ပြန်ရောက်လျှင် ပြန်ရောက်ချင်း ဝေဘူဆရာတော် ဘုရားကြီး၏ ဩဝါဒကို
နာခံလျက် လက်ထောက် ရုံပိုင်အား စတင်တရားပြပေးပေတော့သည်။ ဤသို့ နှင်နှင်
အစိုးရတာဝန်မပျက်,လုပ်ငန်းမပျက် သွားလေရာ ကိုယ်တိုင် တရားအားထုတ်၊ သူတစ်ပါးအား
တရားပြသခြင်း စသော သာသနာပြုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ တစ်နေ့တွင်
မြန်မာ့အလင်းဦးတင်အိမ်၌ တရား အကြောင်းဆွေးနွေးမိကြသည်။ လက်တွေ့သမား ဖြစ်သည့်
ဆရာကြီးက “တရားအကြောင်း ဆွေးနွေးရုံနှင့် မပြီး လက်တွေ့လုပ်မှ တရားအရသာကို
ဒိဋ္ဌခံစားနိုင်မည်၊ မြတ်စွာဘုရားကိုယ်တော်တိုင်က ဧဟိပဿိ ကော - လာရောက်ကြည့်ရှု
စမ်းသပ်ကြည့်ကြပါဟု ဖိတ်ခေါ်ထားပြီးဖြစ်ရာ စမ်းသပ်ကြည့်လိုလျှင် ၄င်းက
ကူညီမည်ဖြစ်ကြောင်း” ပြောပြ၏။ ထို့နောက် “ဆရာသက်ကြီးထံမှ တရားယူခဲ့ပုံ၊
နည်းနာနိဿယခံခဲ့ပုံ၊ ဝေဘူဆရာတော်ဘုရားကြီး ဖူးမြော်ခဲ့ပုံ၊ ဆရာတော်ကြီး၏ ဩဝါဒအရ
တရားပြပေးနေပုံအကြောင်း” တို့ကိုလည်း ပြန်ပြောင်းပြောပြသည်။ ၄င်းနှစ် ဒီဇင်ဘာလတွင်
ဆရာကြီးဦးဘခင်သည် အနာဂါမ်ဆရာသက်ကြီးထံသို့ သွားရောက်၍ တရားအားထုတ်ရာ ဦးတင်,
ဦးနုတို့လည်း လိုက်လာကြသည်။ အစိုးရတာဝန်ဝတ္တရားများကြောင့်
အနာဂါမ်ဆရာသက်ကြီးထံမှောက် တရားအားထုတ်ရန် ရက်အနည်းငယ်သာရရှိရာ အားမလို အားမရ
ဖြစ်ကြရ၏။ ထိုအခါ အနာဂါမ်ဆရာသက်ကြီး က ဦးတင်နှင့်ဦးနုတို့အား “ဆရာကြီးက
ဆရာဝန်ဆိုလျှင် မောင်ဘခင်ကို သူနာပြုအဖြစ် မှတ်ယူကြရမယ်၊ ဆရာဝန်က လူနာနား အစဉ်မရှိနိုင်၊ သူနာပြုကသာ ယုယုယယ
ပြုစုစောင့်ရှောက်ပေးနိုင်တယ်၊ ဒါကြောင့်မို့ မောင်ဘခင်ရဲ့တရားစကားများကို
နားထောင်ကြရမယ်၊ သူရဲ့ သီလ၊ သာမာဓိ၊ ပညာတွေကို ယုံကြည်နိုင်ပါ တယ်”ဟု ဆုံးမ ညွှန်ကြားခဲ့လေသည်။
ထိုမျှသာမက ဆရာကြီးဦးဘခင်၏ နိုင်ငံဝန်ထမ်းဘဝမှတ်တမ်းကို ဖတ်ရှုကြည့်လျှင် “အရည်အချင်းပြည့်ဝသော၊
အဂတိ မလိုက်စားသော၊ တည်ကြည်ဖြောင့်မတ်သော၊ တိုင်းပြည် အပေါ် စေတနာထားသော
အကြီးအကဲအဖြစ်သော် လည်းကောင်း၊ မိခင်ဋ္ဌာနမှ လစာတစ်ခုတည်းကိုသာ ခံစားခွင့်ယူပြီး ဋ္ဌာနကြီး(၃-၄)ခုကို
တာဝန်ယူထမ်းဆောင်ခဲ့သော ဌာနအကြီးအကဲအဖြစ်” ကြည်ညိုဖွယ်၊ ဂုဏ်ယူဖွယ်၊ ချီးကျူးဖွယ်
မြင်တွေ့ရပေမည်။ “ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး”အဖြစ်ဖြင့်
ချဉ်းကပ်လေ့လာပြန်လျှင်လည်း ]ဝိဇ္ဇာçစရဏ နှစ်ဝလုံး ပြည့်စုံသော ပရိယတ်၊ ပဋိပတ်
စွယ်စုံထူးချွန်သော ပုဂ္ဂိုလ်ကြီး”အဖြစ် မြင်တွေ့ရမည် ဖြစ်လေသည်။ ရဟန်းတစ်ပါး
မဟုတ်သော လူဝတ်ကြောင်တစ်ဦးသာ ဖြစ်ပါလျက် နိုင်ငံခြားသား သိပ္ပံပညာရှင်များ၊
တက္ကသိုလ်ပါမောက္ခများ စသည့် ထိပ်တန်းပုဂ္ဂိုလ်များက ဆရာကြီး၏တပည့်အဖြစ် ခံယူကာ
ဝိပဿနာတရားအားထုတ်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသည်။ နိုင်ငံခြားသားများအား
ဗုဒ္ဓမြတ်စွာ၏ ဝိပဿနာတရားနှင့် ကျင့်စဉ်ကို အြွကင်းမဲ့၊ လက်ခံ ယုံကြည်အောင် ဟောကြား
ပြသနိုင်ခြင်းမှာ ဆရာကြီး ဦးဘခင်၏ အထူးခြားဆုံး ဂုဏ်ရည်တစ်ရပ်ပင် ဖြစ်ပါ သည်။
ကျမ်းကိုး
“မြန်မာ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ထူးဆရာကြီး ဦးဘခင်” (အတ္ထုပ္ပတ္တိနှင့်
သာသနာပြုလုပ်ငန်းများ, ရေးသားပြုစုသူ - ဦးကိုလေး(ဇေယျာမောင်) (အငြိမ်းစား)
ဒုတိယအဓိပတိ၊ မန္တလေးတက္ကသိုလ်) (၂၀ဝ၄ ခုနှစ်၊ မေတလထုတ်၊ စာမျက်နှာ-၇၂)
ချမ်းသာကြပါစေ၊
အေးငြိမ်းကြပါစေ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။
ညီညီတင်
No comments:
Post a Comment