ဂုဏ်ယူပါတယ်
ခမည်းတော်
အရှင်ပညာသီရိ(ရမ္မာကျွန်း)
သား ယောကျာ်းလေးချည်း လေးယောက်
မွေးထားတဲ့ အဖေ။ ခြေထောက်တစ်ဘက် မသန်တဲ့ မိန်းမတစ်ယောက်ကို ဇနီးမယား အဖြစ်
ပေါင်းသင်းခဲ့တဲ့ အဖေ။
အမြဲတမ်းသောက်လာတဲ့ အရက်ကို အစ်ကိုကြီးက အဖေအရက်သောက်တာ ရှက်တယ်ဆိုလို့
ဘုရားမှာ သစ္စာဆိုပြီး စွန့်ခဲ့တဲ့ အဖေ။
ဪ. .အဖေရယ်။
အရာရှိငယ်ဘဝနဲ့ သားလေးယောက်ကို ပညာတတ်ကြီးတွေ
ဖြစ်အောင် ထားခဲ့ပေမဲ့ အဖေ့ဆန္ဒ မပြည့်ဝခဲ့ဘူးနော်။ အစ်ကိုအလတ်က အရွယ်မတိုင်ခင်
လူပေါင်းမှား မှုကြောင့် ပညာရေး ဆုံးခန်းတိုင်အောင် မရောက်ခဲ့ရှာဘူး။ သားတို့
အငယ်နှစ်ယောက်ကတော့ ကိုယ့် ဆုံးဖြတ်ချက်နဲ့ကိုယ် ကျောင်းမပြီးခင် သာသနာ့ဘောင်ထဲ
ဝင်ခဲ့ကြတယ်လေ။ သားတို့ကိုတော့ အဖေ နားလည်ပေးနိုင်မှာပါ။ အစ်ကိုကြီးကတော့ အဖေ
ဖြစ်စေချင်သလို ပညာတတ်အရာရှိတစ်ယောက်ဖြစ်နေပါပြီ။
သား အရွယ်ရောက်လာတော့
အဖေ့အကြောင်းကိုတွေးပြီး အရမ်း အံ့ဩခဲ့တယ်။ ဟုတ်တယ် အဖေ။ ယောကျာ်းချင်းမို့
ပိုအံ့ဩတယ်။ ခြေထောက်တစ်ဘက် မသန်လို့ ချိုင်းထောက်နဲ့ နေရတဲ့ အမေ့ကို ကရုဏာသက်ပြီး
လက်ထပ်ယူသတဲ့။ ရိုးသားစွာ ဝန်ခံရရင် သားဆို တွေးတောင်မတွေးဝံ့တဲ့ကိစ္စပဲ။ အို
-သားမှမဟုတ်ပါဘူးလေ။ တော်ရုံ ယောကျာ်းပြုဝံ့တဲ့ကိစ္စမဟုတ်တာ။ အရာရှိသက်တမ်းတစ်လျှောက်မှာလည်း
အမေ့လက်ကိုဆွဲပြီး ပွဲတကာ တက်ခဲ့တယ်။
တချို့က သားတို့ကိုမေးတယ်။
“မင်းတို့မိထွေးလား”တဲ့။
“မဟုတ်ဘူးကွ၊ ငါတို့ အမေ အရင်း”လို့
ပြန်ဖြေတိုင်း သူတို့
အံ့ဩကြတယ်။ဒီအတွက် အဖေ့ကိုယ်စား သား ကျေနပ်တယ်။ ဂုဏ်ယူတယ်။
အစ်ကိုကြီးတွေ အိမ်က လက်လွတ်ပြီး သား
ကိုးတန်းနှစ်မှာ အဖေပင်စင်ယူတယ်နော်။ ဝန်ထမ်းဘဝ လစာငွေနဲ့ သားသမီး ပညာရေး
လုံးပန်းခဲ့ရတော့ အဖေတို့မှာ ဘာမှ စုမိဆောင်းမိ မရှိခဲ့ရှာဘူး။ အသက် ခြောက်ဆယ်နီးခါမှ ဘဝကို အသစ်က ပြန်စရသလို
ဖြစ်ခဲ့တော့ အဖေ ဘာမှအဆင်သင့်မဖြစ် ခဲ့ရှာဘူး။ ဝန်ထမ်းဘဝမှာ ဝန်ထ်း ပီပီ ရပ်တည်ခဲ့တဲ့
အဖေ့အတွက် ပြင်ပစီးပွားရေးဟာ အရမ်းစိမ်းနေ ခဲ့တယ်။ ခက်ခဲနေတယ်။ အမေကလည်း အဖေ့ကို
ချိုင်းထောက်တစ်ဘက်နဲ့ ဝိုင်းကူရှာပေမဲ့ အဖေတို့ မအောင်မြင်ခဲ့ဘူး။
ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရလောက်အောင် ဆိုးလွန်းခဲ့တယ် နော်။
အဖေ ဦးစီးတဲ့ စက်လှေဟာ မြုပ်ခဲ့ပြန်တယ်။ အမေကလည်း သူတစ်နိုင် အဝတ်အထည်တွေ
ယူရောင်းပေမဲ့ အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း
လုံးပါးပါးလာတယ်။
စီးပွားရေး ကသောင်းကနင်း ဖြစ်လို့ အဖေ
စိတ်ညစ်နေချိန်မှာ သားမလိမ္မာမှုကြောင့် စာမေးပွဲကျ ပြန်တယ်။ အဖေ
အတော်ပေါက်ကွဲသွားပြီး သားကို ရိုက်တယ်။
“မင်းကို ကျောင်းဆက်မထား တော့ဘူး”လို့လည်း
အဖေ ဒေါသနဲ့ ပြောခဲ့တယ်။ ဒါပေမဲ့လည်း အချိန်တန်တော့ အဖေကိုယ်တိုင်
ကျောင်းလိုက်အပ်ပေးခဲ့တာပါပဲ။ အဖေ့လိုလူတစ်ယောက်က မိဘမေတ္တာကို ဘယ်အစွန်းအထင်းခံပါ့မလဲ။
အရင်းအနှီးလေး တဖြည်းဖြည်း ကုန်လာတော့ အရာရှိ
ပင်စင်စားဆိုတာကို မေ့ ထားပြီး ရရာအလုပ်ကို အဖေ ဝင်လုပ်တော့တယ်။
ဪ-အဖေရယ်၊ အဖေ့ဘဝမှာ ဘယ်တုန်းကမှ
မတွေးဖူးတဲ့ အလုပ်တွေလည်း အဖေ လုပ်ခဲ့ရတယ်နော်။ အဲဒီလုပ်စာနဲ့ သားနဲ့ အမေ့ကို
ဆက်ပြီးတာဝန်ယူတယ်။ သားကို ဆယ်တန်းအောင်အောင် ထားပေးခဲ့တယ်။
အဲဒီတုန်းက အဖေ အရမ်းကို စိတ်ရော လူပါ
ပင်ပန်းရှာတယ်။ အမေဆို အဖေ စိတ်ထိခိုက်ပြီး တစ်သက်လုံး ဖြတ်လာတဲ့ အရက်ကို
ပြန်သောက်လေမလား စိုးရိမ်နေတာ။ အဖေက စိတ်ဓာတ်မာတယ်။လောကဓံအထုအထောင်းကို
တရားအသိနဲ့ရင်ဆိုင်ခဲ့တယ်။ တရားပဲ ဖိလုပ်ခဲ့တယ်။
သား ဆယ်တန်းအောင်ပြီး အလုပ်တစ်ဘက်နဲ့
ကျောင်းတက်တော့ အဖေ အမေ့ဆီ ခွင့်တစ်ခု တောင်းတယ်။
“မောင် ရဟန်းဝတ်နဲ့နေချင်ပြီကွာ”တဲ့။
ဟုတ်တာပေါ့။ အဖေ့ကို လောကဓံက
တရားပြခဲ့ပြီထင်ပါ့။ အမေကလည်း ခွင့်ပြုခဲ့ပါတယ်။ အမေ့ကို အစ်ကိုကြီးတွေက
တာဝန်ယူပေမဲ့ အမေလည်း ရိပ်သာတစ်ခုမှာ ယောဂီဝတ်နဲ့ပဲ နေလိုက်တော့တယ်။ အခုဆို
ခမည်းတော် (၁၆)ဝါတောင် ကျော်ပါပြီကောလား။
ခမည်းတော်ရေ၊ မိကျောင်းမင်း
ရေကင်းပြတယ်လို့ မထင်နဲ့နော်။ တပည့်တော်တို့က အခုဆို ရဟန်းတွေ ဖြစ်နေကြပြီ။ ဒါဟာ
အဆိုးထဲက အကောင်းပဲ။ ကောင်းတာ မှ အရမ်း ကောင်းတာကလား။လောကဓံ ခပ်ကြမ်းကြမ်းသာ
မတွေ့ခဲ့ရင် တပည့်တော်တို့ ဒီဘဝကို ရောက်ချင်မှရောက်မှာ။ ပဋာစာရီ၊
ကိသာဂေါတမီတို့တောင် သားသေ လင်ဆုံးအဖြစ်မျိုးနဲ့ ကြုံလို့ တရားရ ခဲ့ကြတာ။
တပည့်တော်တို့မိသားစုလည်း တရားမရကြသေးပေမဲ့ အခု သာသနာ့ဘောင်ထဲကနေ ရဟန်း တရားကို
အားထုတ်ခွင့်ရတာဟာ ဒီလောကဓံကြောင့်ပဲ။ တပည့်တော်ကတော့ ဒီလိုပဲ ခံယူတယ်။
ဟုတ်တယ်နော် ခမည်းတော်။ လောကလူသားတွေဟာ တရားလမ်းကိုတက်ဖို့အတွက် သံဝေဂဥာဏ်လိုတယ်။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင် အို၊နာ၊ သေ ဆိုတဲ့ နိမိတ်တွေကို မြင်ပြီး
သံဝေဂရလို့ တောထွက်ခဲ့တာပဲ။
ခမည်းတော်ရေ၊ ခမည်းတော် တို့လို ကြီးမှ
ရဟန်းဝတ်တဲ့လူတွေကို နိက္ခမလို့ ခေါ်ကြတယ်။ နိက္ခမ ဆိုတာ ထွက်မြောက်ခြင်းတဲ့။
ထွက်မြောက်ခြင်းဆိုတာ သုံးမျိုးရှိတယ်။ လူ့လောကကို စွန့်ပြီး
တောထဲသို့ထွက်သွားခြင်း၊ကာမဂုဏ် တွေကိုစွန့်ပြီး ကာမတောထဲမှ ထွက်သွားခြင်း၊
ရုပ်နာမ်အားလုံးကို စွန့်ပြီး နိဗ္ဗာန်သို့ ထွက်သွားခြင်း ဆိုပြီး ရှိတယ်။
အခုဆိုရင် တပည့်တော်တို့ဟာ
ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကထဲက ထွက်လာကြပြီ။ အဲဒီက တစ်ဆင့်တက်လို့ ချစ်မှု၊
ခင်မင်မှု၊ ရချင်မှု ဆိုတဲ့ ကာမနယ်က ထွက်ခွာ ဖို့အတွက် ကြိုးစားရဦးမယ်။ အဲဒီက
မှတစ်ဆင့်တက်လို့ ရုပ်နာမ်ဆိုတာ ကို စွန့်ပြီး နိဗ္ဗာန်ကိုထွက်ကြရဦး မယ်။
ဟုတ်တယ်လေ ခမည်းတော်။
ဒုက္ခအားလုံးရဲ့တရားခံဟာ ဒီရုပ် နာမ်ဖြစ်နေတာကိုး။ ရုပ်နာမ်ရှိနေ ရင် လူ၊ နတ်
ဆိုတဲ့ သမုတိက လည်း ရှိနေမယ်။ လူလို့ဖြစ်လာရင် လူမှုအပူတွေ ကြုံရတယ်။ ခမည်း တော်က
တပည့်တော်ထက် ပိုသိ ပါတယ်။
လူတွေဟာ အပူကို အပူလို့ မသိကြဘူး။
ဝိပလ္လာသရဲ့နှောင့်ယှက် မှုကြောင့် မစင်တောမှာ ပျော်နေ ကြတယ်။ သူတော်ကောင်းတွေကတော့ သိကြတယ်
ခမည်းတော်။
ဒုကနိပါတ်မှာ ဝစ္ဆနခဇာတ် ဆိုတာရှိတယ်။ ဝစ္ဆနခဆိုတာ တရားရှာမှီးတဲ့
ပရိဗိုဇ်တစ်ဦးပါ။ သူ့ကို ဗာရာဏသီသူဌေးက ချစ်တော့ -
“ရသေ့ရဟန်းဆိုတာ အလွန်
ဆင်းရဲငြိုငြင်တယ်။ သူတစ်ပါးထံ တောင်းရမ်းစားရတာဖြစ်လို့ မျက်နှာငယ်တယ်။ လူထွက်ခဲ့ပါ။ ရှိတဲ့ပစ္စည်း
တစ်ဝက်ခွဲပေးပါ့မယ်”ဆိုပြီး ဖိတ်တယ်။
အဲဒီအခါမှာ ပရိဗိုဇ်က “သင် က ရသေ့
ရဟန်းဘဝကို ဆင်းရဲတယ်လို့ မြင်တယ်။ ငါကတော့ မမြင်ဘူး။ လူ့ဘဝဆိုတာ ရေ အလယ်မှာ
ကူးနေရတာနဲ့ တူတယ်။ မပြတ်အားထုတ်ပြီးကူးနေမှ ရေပေါ်မှာ ပေါ်နိုင်တယ်။ အားထုတ်ပြီး
မကူးလို့ကတော့ ရေနစ်တော့တာပဲ။ ဒီလိုပဲ။ မင်း၊ သူဌေး၊ အလုပ်သမား ဘယ်သူမဆို
မပြတ်အားထုတ် အလုပ် လုပ်နေမှ ဘဝရပ်တည်နိုင်တာ။ ဒါကြောင့် ဆင်းရဲငြိုငြင်တယ်။ ဒါတင်
မကသေးဘူး။ လူသားတစ်ဦးဟာ ဘဝရပ်တည်ဖို့အတွက် လိမ်ခြင်း၊ ညာခြင်းတွေလုပ်ရတယ်။
ကိုယ့်ကို အထင်မသေးအောင် မာန ထောင်ပြရတယ်။ကိုယ့်စီးပွားအတွက် သူတစ်ပါးကို
ညှဉ်းဆဲရတယ်။ ကိုယ် လည်း ညှဉ်းဆဲခံရတယ်။ဒါကြောင့် လူ့ဘဝဟာ အပေါက်များစွာရှိတဲ့
ရေအိုးနဲ့ တူတယ်။ အပေါက်ရှိတဲ့ ရေအိုးဟာ အမြင်ကတော့ လှပေမဲ့ ရေထည့်လို့ ရေမတည်ဘူး။
ထို့အတူ လူ့ဘဝဟာလည်း အမြင်ကလှပေမဲ့ ကုသိုလ်တည်နိုင်ဖို့ ခဲယဉ်းတယ်။ ငါကတော့
လူ့လောကကြီးကို ဒီလို မြင်တယ်”တဲ့။
ခမည်းတော်ရေ ရဟန်းဘဝ ဆိုတာကတော့
နေတတ်ရင်ကိုပဲ ကုသိုလ်အလိုလိုရနေပြီ။
တပည့်တော်တို့လည်း ဒီအမြင်
ရှိဖို့လိုတယ်။ ဆရာတော်ကြီးတစ်ပါး ဆုံးမဖူးတယ်။
“လူတွေဟာ ကန်ထဲကငါးတွေ လိုပဲ။ ငါးတွေဟာ
ကန်ထဲမှာရေပြည့် နေတုန်းတော့ ကန်တနံတလျားကို ကူးခတ်ပြီး ပျော်နေကြတယ်။ နွေ
ရောက်လာလို့ ကန်ထဲမှာ ရေနည်း လာပြီ။ အိုင်ခွက်လေးထဲမှာ စုမိလာကြပြီ။ ဒါလည်း
တစ်ကောင်ကို တစ်ကောင် တိုးတိုက်ပြီး ပျော်နေကြ သေးတာပဲ။ ဒီလို ရေနည်းလာတာဟာ ငါတို့
သေဖို့ နီးလာတာပါလား လို့ မသိကြရှာဘူး။ လူတွေဟာလည်း ဒီလိုပဲ။ ငယ်ရွယ်စဉ်မှာတော့
လွတ်လွတ်လပ်လပ် ပျော်ပါးလို့။ အိမ်ထောင်ရက်သားကျပြီး သား တွေ သမီးတွေနဲ့ဖြစ်လာပြီ။
မြေးတွေ မြစ်တွေနဲ့ဖြစ်ပြီး အိုင်ခွက်ဆိုတဲ့ အိမ်သေးသေးလေးမှာ စုမိလာကြပြီ။ ဒါဟာ
ငါတို့ သေဖို့နီးလာတာပါလား လို့ မဆင်ခြင်မိကြဘူး။ ငါးပျော် ပျော်နေကြတယ်”တဲ့။
ခမည်းတော်ကြီးမှာ ခုဆို မြေး တွေ
မြစ်တွေ ရနေပြီ။ အိုင်ခွက် အလယ်မှာ စုမိနေပြီ။ ခမည်းတော် က အိုင်ဆိုတဲ့ အိမ်က
ကိုယ်လွတ်နေပေမဲ့ စိတ်လည်း လွတ်အောင် ကြိုးစားရဦးမယ်။
ပုံပြင်ကလေးတစ်ပုဒ် ကြားဖူးတယ်။
လူ့သက်တမ်းဟာ အရင်တုန်းက နှစ်ဆယ့်ငါးနှစ်ပဲ ရှိတယ်။ နွား၊ ခွေး၊
မျောက်တို့ရဲ့သက်တမ်းဟာ လူထက် ရှည်ကြတယ်။ လူ ဟာ သက်တမ်းတိုလို့ မချင့်မရဲဖြစ်နေတယ်။
နွားကတော့ သူများဝန်တွေကို ပင်ပင်ပန်းပန်း ထမ်းပြီး အသက်ရှည်နေရတာကို မကြိုက်ဘူး။
ခွေးကလည်း အိမ်စောင့်အရိုး ကိုက်ဘဝနဲ့ နေရတာကို မနှစ်မြို့ဘူး။ မျောက်ကလည်း
သူ့စရိုက်ကိုက အငြိမ်မနေတတ်ဘဲ ဟိုဆော့ ဒီဆော့နဲ့နေရတော့ အသက်မရှည်ချင်ဘူး။
ဒီတော့ လူနဲ့အပေးအယူလုပ်ကြတယ်။ နွားက
သူ့သက်တမ်းထဲက နှစ်ဆယ့်ငါးနှစ်ကို လူကို ပေးတယ်။လူ့သက်တမ်း ငါးဆယ်ဖြစ်။
နွားပြီးတော့ ခွေးကလည်း လူကို နှစ်ဆယ့်ငါးနှစ် ပေးပြန်တယ်။ခုနစ် ဆယ့်ငါးနှစ် ဖြစ်၊
ခွေးပြီးတော့ မျောက်ကလည်း နှစ်ဆယ့်ငါးနှစ် ပေးတယ်။ ဒီလိုနဲ့ လူ့သက်တမ်းဟာ
တစ်ရာဖြစ်လာတယ်။
သက်တမ်းတစ်ရာရှိလာတဲ့ လူဟာ
သူ့ရဲ့ပထမနှစ်ဆယ့်ငါးနှစ်မှာ ပညာရှာတယ်။ ပညာပြည့်စုံတော့
နွားသက်တမ်းကိုရောက်လာတယ်။ နွားသက်တမ်းဖြစ်တဲ့အတွက် သား ကျွေးမှု မယားကျွေးမှုအတွက်
နွားတစ်ကောင်လို ရုန်းရပြီလေ။ ဒီလို နဲ့ တဖြည်းဖြည်း သား သမီး မြေး မြစ်တွေနဲ့
ဖြစ်လာပြီ။ အသက်လည်း ငါးဆယ်ကျော်လို့ ခွေးသက် တမ်းကို ရောက်လာတယ်။ အဖေ ရေ သမီးက
အလုပ်တစ်ဘက်နဲ့မို့ အဖေ့မြေး လာထိန်းပေးပါဦး၊ သား တို့ မအားလို့ အိမ်လာစောင့်ပေးပါ
ဦး ဆိုပြီး ခွေးတစ်ကောင်လို အိမ်စောင့် ကလေးထိန်းအလုပ်ကိုလုပ် ရပြီ။ စားရတော့လည်း
သားသမီး မြေးမြစ်တွေရဲ့နောက်ဆုံးမှ။ အရိုး အရင်းလောက် ကိုက်ရတယ်။
ခုနစ်ဆယ့်ငါးနှစ်ကို ရောက်လာပြီ။
မျောက်သက်တမ်းရောက်လာပြီ။ အငြိမ်မနေနိုင်တော့ဘူး။ ဟိုစပ်စပ် ဒီစပ်စပ်ပါလာပြီ။
ငယ်မူတွေ ပြန်လာပြီ။ သားသမီးတွေရဲ့ အငြိုငြင်ကိုခံလာရတယ်။
ခမည်းတော်ရေ။ ဒီပုံပြင်လေး က
လူ့ဘဝကိုထင်ဟပ်တယ်နော်။ သံဝေဂရဖို့ကောင်းတယ်။ လူဟာ လိုချင်ခဲ့ခြင်းရဲ့အမှားတွေလို့
မသိဘူး။
ခမည်းတော်ဟာ လူ့ဘဝမှာ
လူသားပီသစွာ၊ယောကျာ်းကောင်း ပီသစွာ မိသားစုတာဝန်ကို ထမ်း ခဲ့ပြီးပြီ။
လောကဓံလှိုင်းကြမ်းကို အံတုတိုက်ခိုက်ခဲ့ပြီးပြီ။ တာဝန်တွေ က မပြီးသေးဘူး
ခမည်းတော်။ တိုက်ပွဲတွေက မဆုံးသေးဘူး။ ခမည်းတော်ဘဝမှာ နိုင်ငံဝန်ထမ်း၊
မိသားစုဝန်ထမ်းဖြစ်ခဲ့ပြီးပြီ။ အခု သာသနာ့ဝန်ထမ်းဘဝကို ရောက် နေပြီ။
ကျေပွန်အောင်ဆက်ထမ်းနိုင် ပါစေ။ သံသရာအတွက် ဒီတိုက်ပွဲကို ခမည်းတော် ဆက်တိုက်ပါဦး။
ဂုဏ်ယူနေမယ် ခမည်းတော်ဘုရား။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
No comments:
Post a Comment