မှန်ကန်သော
ယုံကြည်ကိုးကွယ်မှုသို့
သက်ဝေမှူး(မြဝတီ)
မြတ်ဗုဒ္ဓမပေါ်ထွန်းမီကာလ၌ လူတို့သည်
ဘေးအန္တရာယ်အမျိုးမျိုး တို့မှ လွတ်မြောက်စေခြင်းငှာ တော၊ တောင်၊ အာရာမ်၊
သစ်ပင်တို့ကို ကိုးကွယ်ဆည်းကပ်ခဲ့သည်။ ထိုမှ တစ်ဆင့် မျက်စိဖြင့် မမြင်နိုင်သော
နာမ်လောကသားများကို ကယ်တင် ရှင်အဖြစ် တိုးပွားကိုးကွယ်ခဲ့ပြန် သည်။
မြတ်ဗုဒ္ဓပွင့်တော်မူသော အခါ ကိုးကွယ်မှားခြင်း၏ ဆိုးကျိုး
အပြစ်တို့ကိုဝေဖန်ပိုင်းခြားဟောကြား တော်မူခဲ့သည်။
“တော၊ တောင်၊ အာရာမ်၊
အဓိကရသစ်ပင်တို့ကို ကိုးကွယ် ခြင်းသည်
ဘေးကင်းသော ကိုးကွယ် ခြင်း၊ မြတ်သောကိုးကွယ်ခြင်း မဟုတ်၊ ထိုသို့
ကိုးကွယ်ခြင်းကြောင့် ဘေးဒုက္ခ ခပ်သိမ်းမှ လွတ်မြောက် နိုင်ခြင်း မရှိပေ။ ဘုရား၊
တရား၊ သံဃာတည်းဟူသော ရတနာသုံးပါး ကို ဆည်းကပ်ကိုးကွယ်ခြင်းသည် ဘေးမရှိသော၊ မြတ်သော
ကိုးကွယ် ခြင်းဖြစ်သည်။ ထိုသို့ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းလွတ်မြောက် နိုင်သည်”ဟု
မြတ်ဗုဒ္ဓ မိန့်ဆိုခဲ့သည်။
ကိုးကွယ်ရာအစစ်အမှန် မပေါ်ထွန်းမီအချိန်၌
ကိုးကွယ်မှားခြင်း အပေါ် အပြစ်ဆိုစရာ မရှိသော် လည်း ကိုးကွယ်ရာအစစ်အမှန် ရှိပါလျက်
မှားယွင်းစွာ ကိုးကွယ်နေ ခြင်းသည် နောက်ကြောင်းပြန်သော မိုက်မဲမှုသာ ဖြစ်ပေသည်။
မှန်ကန်သော သမ္မာဒိဋ္ဌိအမြင်မရှိခြင်းသည် မိစ္ဆာအယူဝါဒကို လက်ခံကြိုဆိုသကဲ့သို့
ကောင်းကျိုးမများနိုင်သည်ကို သတိပြုသင့်သည်။
ထိုအကြောင်းနှင့် ပတ်သက်၍ မြတ်ဗုဒ္ဓ
လက်ထက်တော်အခါက ဇမ္ဗုကတက္ကတွန်း၏ အကြောင်းကို ရှုမြင်စေချင်သည်။
ဇမ္ဗုကသည် ဥစ္စာကြွယ်ဝ သော မိဘများမှ
မွေးဖွားခဲ့သော်လည်း လမ်းလျှောက်တတ်သည့် အရွယ်မှစ၍ စားသောက်ဖွယ်ရာ တို့ကို မစား။
ခန္ဓာကိုယ်မှ ထွက် သော မစင်တို့ကိုသာ နှစ်သက်စွာ စားသောက်တတ်သည်။ အသက်
အရွယ်ကြီးမြောက်သည့်တိုင် အဝတ်ဗလာ၊ မြေမွေ့ရာနှင့် ရွံရွာဖွယ် မစင်တို့ကိုသာ
စားသဖြင့် မိဘဆွေမျိုးတို့က ဂုဏ်သိက္ခာကင်းမဲ့မှုကို မလိုလား၍ တက္ကတွန်းကျောင်းသို့
ပို့ဆောင်ခဲ့သည်။
တက္ကတွန်းတို့သည် ဇမ္ဗုက
အားမြေတွင်း၌ထည့်ပြီး ပခုံးနှစ်ဖက် စွန်းပေါ်တွင် ပျဉ်ချပ်ခင်း၍ ထန်းစေ့
မှုတ်ပိုင်းဖြင့် ဆံပင်နုတ်ကာ ရှင်ပြု ပေးကြသည်။တက္ကတွန်းတို့က ဇမ္ဗုက အား ရွာအတွင်း ဆွမ်းခံကြွရန်
အကြိမ်ကြိမ် ခေါ်ယူသော်လည်း အကြောင်းအမျိုးမျိုးပြ၍ ငြင်းပယ် ခဲ့၏။
တက္ကတွန်းကျောင်းတွင် တစ်ဦးတည်းကျန်ရစ်ပြီး လူသူကင်းရှင်း သည့်အခါ
မိလ္လာကျင်းမှမစင်တို့ကို နှစ်ခြိုက်စွာ စားသုံးသည်။
တက္ကတွန်းတို့က ဇမ္ဗုက အတွက်
စားသောက်ဖွယ်ရာပို့ပေး သော်လည်း စားသောက်ခြင်းမရှိ သည့်ပြင် ဆွမ်းခြွံကရာတွင်
လိုက်ပါခြင်းမရှိသည့်အပေါ် သံသယဖြစ် မိသည်။ ထို့ကြောင့် အဖြစ်မှန်သိ ရှိရန် ဆွမ်းခံကြွချိန်တွင်
ဇမ္ဗုကအား တိတ်တဆိတ် ချောင်းကြသည်။ ဇမ္ဗုက၏ဖြစ်ရပ်မှန်ကို သိရှိ သွားသောအခါ
တက္ကတွန်းတို့သည် ကျောင်း၏ ဂုဏ်သိက္ခာ ပျက်ပြားခြင်းကိုအလိုမရှိကြသဖြင့်
နှင်ထုတ်လိုက်သည်။
ဇမ္ဗုကသည် တက္ကတွန်းတို့၏
ကျောင်းကိုစွန့်ခွာပြီး ရာဇဂြိုဟ်မြို့သူမြို့သားများ ကျင်ကြီးစွန့်သော
အရပ်အနီးရှိကျောက်ဖျာတွင် သွားရောက်နေထိုင်သည်။
ညဥ့်အခါ လူအများစွန့်သော မစင်တို့ကို
စားသုံးပြီး နေ့အခါ ကျောက်ဖျာစွန်းတစ်ဖက်ကို လက် နှင့် ကိုင်လျက် ဒူးပေါ်
ခြေထောက်တစ်ဖက် မြှောက်လျက် နေသည်။ ထို့ပြင် ဦးခေါင်းကို ကောင်းကင်ပေါ်
မျက်နှာမူလျက် ပါးစပ်ဖြင့် လေကို ရှူနေဟန်ပြုကျင့်သည်။
ဇမ္ဗုက၏ ထူးခြားသောအသွင် အပြင်ကို
မြင်တွေ့သော မြို့သူမြို့သားတို့သည် အနီးသို့ ချဉ်းကပ် ရှိခိုးပြီး
နေထိုင်ကျင့်ကြံပုံ အကြောင်း ရင်းကို မေးမြန်းစုံစမ်းကြသည်။ ထိုအခါ အကြံသမား ဇမ္ဗုက က “မည်သည့်
အစားအစာမျှ မစား၊ လေကိုသာ စားသောက်သူ ဖြစ် ကြောင်း၊ ပြင်းထန်စွာ ကျင့်ကြံမှုကြောင့်
ခြေနှစ်ဖက်စလုံး မြေသို့ ချလျှင် ကမ္ဘာမြေကြီး မခံနိုင်မည် စိုးသဖြင့်
ခြေတစ်ဖက်ထောက်နေကြောင်း၊ နေ့ညဥ့်မပြတ် အိပ်စက် ခြင်းမရှိကြောင်း၊
ထိုင်ခြင်းကင်းမဲ့ ၍ မတ်တတ်ရပ်ကျင့်ကြံနေခြင်းဖြစ်ကြောင်း” ယုတ္တိရှိရှိဖြေကြားသည်။
လူ့သဘာဝအတိုင်း စဉ်းစား တွေးခေါ်မှု
ဆင်ခြင်တုံတရားနည်း ပါးခြင်း၊ ထူးခြားဆန်းကျယ်သော အဖြစ်အပျက်တို့ကို အထင်ကြီး
လေးစားခြင်းတို့ကြောင့် ဇမ္ဗုကအား တက္ကတွန်းတို့ထက် မြင့်မြတ်သော အကျင့်ရှိသူ
တန်ခိုးရှင်အဖြစ် မှတ် ထင်ယုံကြည်ကြသည်။ နေ့စဉ်နှင့် အမျှ မြို့သူမြို့သားတို့သည်
စား သောက်ဖွယ်ရာအသွယ်သွယ်ဖြင့် လာရောက်ဆက်ကပ်လှူဒါန်းကြ သည်။
လူအပေါင်းတို့ လှူဒါန်းသော လာဘ်လာဘကို
တစ်စိုးတစ်စိမျှ သုံးဆောင်ခြင်း မပြုသဖြင့် ဥစ္စာ စီးပွားတိုးတက်ရန်၊ဘေးအန္တရာယ်
ကင်းရှင်းရန် သုံးဆောင်ပါ ဟု အတင်းအကြပ်တောင်းပန်သဖြင့် ဇမ္ဗုကသည်
သမန်းမြက်ဖျားဖြင့် စားသောက်ဖွယ်ရာတို့ကို ဆောင် ယူပြီး လျှာဖျားတွင် တင်ထား၍
ကျေနပ်စေသည်။
မြတ်ဗုဒ္ဓသည် ဇမ္ဗုကအား
ကျွတ်ထိုက်သူတစ်ဦးဖြစ်ကြောင်း မဟာကရုဏာတော်ဖြင့် သိမြင်လေ သည်။ ထို့ကြောင့် ဇမ္ဗုက
ရှိရာ ကျောက်ဖျာသို့ြွကတော်မူလာပြီး တစ်ညဥ့်တာ တည်းခိုနေထိုင်ခွင့် တောင်းဆိုသည်။
ဇမ္ဗုကက အကြောင်းအမျိုးမျိုး ပြ၍
ငြင်းဆန်သဖြင့် မနီးမဝေးရှိ လူသူမနေထိုင်သော တောင်ဝှမ်း တစ်ခုတွင်
သီတင်းသုံးတော်မူခဲ့ သည်။
ညဥ့်ဦးယံ ရောက်သောအခါ
စတုမဟာရာဇ်နတ်မင်းကြီး လေးပါး တို့သည် လည်းကောင်း၊ မဇ္ဈိမ ယာမ်ရောက်သောအခါ
သိကြားမင်း သည်လည်းကောင်း၊ ပစ္ဆိမယာမ် ရောက်သောအခါ မဟာဗြဟ္မာကြီး သည်လည်းကောင်း
အသီးသီး ရောက်လာပြီး မြတ်ဗုဒ္ဓအား ပြုစု လုပ်ကျွေး ဖူးမြော်ကြသည်။ ထို အခြင်းအရာကို
တွေ့မြင်သော ဇမ္ဗုကသည် နံနက်မိုးသောက် ရောက်သောအခါ မြတ်ဗုဒ္ဓအား မေးလျှောက်လေသည်။
မြတ်ဗုဒ္ဓက “စတုမဟာရာဇ် နတ်မင်းကြီး
လေးပါး၊ သိကြားမင်း၊ မဟာဗြဟ္မာကြီးတို့သည် ပြုစု လုပ်ကျွေးရန် လာရောက်ခြင်းဖြစ်
ကြောင်း”မိန့်ဆိုသောအခါ ဇမ္ဗုက က “နှစ်ပေါင်း ငါးဆယ့် ငါးနှစ် တာကာလအတွင်း လေကို
စား၍ ကျင့်ကြံသော်လည်း တစ်ခါတစ်ရံမျှ လာရောက်ခစားခြင်းမရှိကြောင်း” ဝါကြွားပြောဆိုသည်။
ထိုအခါ မြတ်ဗုဒ္ဓက “လောက တွင် ဥာာဏ်ပညာနည်းပါးသောသူတို့ကို
လှည့်စား ပြောဆိုသကဲ့သို့ လှည့်စားမပြောဆိုပါနှင့်။ နှစ်ပေါင်း
ငါးဆယ့်ငါးနှစ်တာကာလပတ်လုံး မစင်ကို စားပြီး မြေမွေ့ရာတွင် အိပ်စက်ရသည်။ အဝတ်ဗလာ
ကျင်လည်ကျက်စား၍ ထန်းစေ့မှုတ် ဖြင့် ဆံပင်တို့ကို ပင်ပန်းဆင်းရဲစွာ အနုတ်ခံနေသည်
မဟုတ်ပါလော။ ရှေးအခါကပင် ယုတ်မာညစ်ညမ်းသော မိစ္ဆာအယူကို အမှီပြု၍ လူအပေါင်းတို့ကို
လှည့်စားခဲ့သည်။ အဘယ်ကြောင့် ယုတ်မာသော မိစ္ဆာအကျင့်ကို ခံယူ ကျင့်သုံးရသနည်း”ဟု
ဇမ္ဗုက၏ ဘဝမှန်ကို ခရေစေ့တွင်းကျ မိန့်တော်မူလေ သည်။
ဇမ္ဗုကသည် လိမ်ညာလှည့်စားနေသော မိမိ၏
ဘဝဇာစ်မြစ်ကို ဖော်ထုတ်လိုက်သဖြင့် များစွာ ထိတ်လန့်ပြီး မြတ်ဗုဒ္ဓအား အဘယ်သော
အကုသိုလ်ကံကြောင့် ယခုကဲ့သို့ ခံစားနေရသည်ကို ဟောကြားပေးပါရန်
တောင်းပန်လျှောက်ထားသည်။
မြတ်ဗုဒ္ဓက ဇမ္ဗုက၏ အတိတ် အကုသိုလ်ဝဋ်ကြွေးကြောင့်
ခံစားရပုံကို စိတ်အာရုံတွင် ထင်လင်းမြင်သာစွာ ဟောကြားတော်မူသည်။
ဇမ္ဗုကသည် ကဿပဘုရား ရှင်လက်ထက်၌ သူကြွယ်တစ်ဦး
ကြည်ညို ကိုးကွယ်ခြင်း ခံရသော မထေရ်တစ်ပါးဖြစ်ခဲ့သည်။ကျောင်း သို့ကြွရောက်လာသော
အာဂန္တု ရဟန်းတစ်ပါးအပေါ် ကျောင်းဒကာ သူကြွယ်ကြီးက လွန်စွာ ကြည်ညို၍ ဆံပင်
ရိတ်ပေးခြင်း၊ သင်္ကန်း ကပ်လှူခြင်း၊ အိပ်ရာခုတင် လှူဒါန်း ခြင်း၊ ဆွမ်းကျွေးခြင်း
အမှုတို့ကို ပြုလုပ်သည်။ ထိုသို့အရေးတယူ ဆောင်ရွက်ပေးမှုအပေါ် ဇမ္ဗုကသည်
မနာလိုဝန်တိုစိတ် ကြီးမား စွာဖြင့် ကျောင်းဒကာ၏ဆွမ်းကိုစား ရသည်ထက် မစင်ကို
စားရသည်က မြတ်သေးသည်၊ ကျောင်းဒကာ ၏ ဆတ္တာသည်ဖြင့် ဆံချခြင်းထက် ထန်းစေ့မှုတ်ဖြင့်
ဆံချခြင်းက မြတ် သေးသည်၊ ကျောင်းဒကာလှူဒါန်းသော သင်္ကန်းကို ဝတ်ဆင်ခြင်းထက်
ကိုယ်တုံးလုံးနေထိုင်ခြင်းက မြတ်သေးသည်၊ ကျောင်းဒကာ လှူဒါန်းသော ညောင်စောင်းထက်
မြေကြီးပေါ် အိပ်ရခြင်းက မြတ်သေးသည်ဟု သူတော်ကောင်းနှင့်မတန် ဆဲရေးစကားဆိုခဲ့သောနှုတ်ဝဋ်ကြွေးကြောင့်
ယခုကဲ့သို့ ခံစားရကြောင်း ဟောကြားမိန့်တော်မူ၏။
မြတ်ဗုဒ္ဓ၏နှုတ်တော်မှ ထုတ်
ဖော်မိန့်ကြားမှုကြောင့် ဇမ္ဗုကသည် ရှက်ခြင်း၊ ကြောက်ခြင်းနှင့်အတူ ပြင်းစွာ
ထိတ်လန့် တုန်လှုပ်၍ သံဝေဂရမိသည်။ မြတ်ဗုဒ္ဓ ပေးအပ် သောရေသနုပ်ကို ကိုယ်၌ အရှက် ကင်းရန်
ဝတ်ဆင်ပြီး အပြစ်လွတ် သောအရပ်မှ ရှိခိုးဦးချဆည်းကပ် ခစားသည်။
မြတ်ဗုဒ္ဓသည် ဇမ္ဗုကအား ဒါန ကထာ၊ သီလကထာ
အစရှိသည့် သစ္စာလေးပါး တရားတော်တို့ကို ဟောကြားပြသရာ ပဋိသမ္ဘိဒါဥာဏ် လေးပါးနှင့်အတူ
အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သည်။ မြို့သူမြို့သား များ ပူဇော်ဖွယ်ရာများနှင့် ပူဇော်
ရန် လာရောက်သောအခါ မြတ်ဗုဒ္ဓ နှင့်ဇမ္ဗုကအား အတူတကွတွေ့ရှိ လိုက်သဖြင့် မည်သူက
မြင့်မြတ် သည် ဟု ဝေခွဲမရ ဖြစ်ကြသည်။ အသိဥာဏ် နည်းပါးသူများ ဖြစ်သည့်အလျောက် “ဇမ္ဗုကသည်
မြင့်မြတ်သူ ဖြစ်၍ ရဟန်းဂေါတမ လာရောက်ရသည်”ဟု မှတ်ထင်ကြ သည်။ မြတ်ဗုဒ္ဓသည်
မြို့သူမြို့သား များ၏စိတ်အကြံကို သိတော်မူသ ဖြင့် ဇမ္ဗုကအား “အလုပ်အကျွေး ဒါယကာတို့၏ယုံမှားခြင်းကို
ပယ် ဖြတ်ရန်”တိုက်တွန်းတော်မူသည်။
ဇမ္ဗုကသည် စတုတ္ထဈာန် ဝင်စားပြီး “မြတ်ဗုဒ္ဓသည်
ဘုန်းတန်ခိုး မြင့်မြတ်သူဖြစ်ပြီး မိမိ၏ဆရာသခင် ဖြစ်ကြောင်း၊ မိမိသည် မြတ်ဗုဒ္ဓ၏
တပည့်သာဝကသာ ဖြစ်ကြောင်း”ပြောဆိုလျက် ကောင်းကင်ထက်၌ ဆင်းတုံတက်တုံ ဈာန်တန်ခိုးပြ၍
ထင်ရှားစေသည်။
(ဓမ္မပဒ၊
အဋ္ဌကထာ၊
ဗာလဝဂ်၊ အာဇီဝကဝတ္ထု)
မှားယွင်းစွာ ယုံကြည်ကိုးကွယ် ခြင်းသည်
ယုံကြည်ကိုးကွယ်သူတို့ အတွက် အကျိုးမများနိုင်သကဲ့သို့
ယုံကြည်ကိုးကွယ်ခြင်းခံရသူတို့ အတွက်လည်း အကျိုးမများပေ။ လူအများအပေါ်
လိမ်ညာလှည့်ပတ်ခြင်းဖြင့် ကိုးကွယ်မှု ရှာခြင်းသည် သကြားအုပ်ထားသောမုန့်တစ်ခုကဲ့သို့
သကြားအရသာကုန်ဆုံးသောအခါ ပင်ကိုဗီဇ အမှန်ကို တွေ့မြင်ရလိမ့်မည်။ ထိုအခါ လူပုံအလယ်
အရှက်တကွဲ အကျိုးနည်းရသည့် အပြင် မိမိကိုယ်မိမိမကြည်ညိုသော အတ္တာနုဝါဒဘေး
ကျရောက်တတ် သည်။ သို့ပါ၍ မှားယွင်းစွာ ကိုးကွယ် ယုံကြည်ခြင်း မဖြစ်စေရန်နှင့် လိမ်ညာလှည့်ပတ်၍
ယုံကြည်ကိုးကွယ်ခြင်း မခံယူရန် သတိချပ်သင့်ပေသည်။
သက်ဝေမှူး(မြဝတီ)
No comments:
Post a Comment