Wednesday, April 22, 2015

မေတ္တာဖြင့် အေးမြစေရာ သဘာဝတရားရိပ်သာ မိုးမိုးစောဝင်း

မေတ္တာရိပ်ဖြင့် အေးမြစေရာ သဘာဝတရားရိပ်သာ
မိုးမိုးစောဝင်း
          ကျွန်မတို့ အလုပ်တိုက်မှာက ဝန်ထမ်းအင်အား မများလှပေမဲ့ ဒီအဖွဲ့ ဒီလူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဂျာနယ်နှစ်စောင်၊ မဂ္ဂဇင်းနှစ်စောင် ထွက်ဖြစ်ပါတယ်။ ဂျာနယ်ကတော့ ယဉ်ကျေးလိမ္မာ ဓမ္မရသကလေးဂျာနယ် နဲ့ တသာနညဒျ တသမို ဂျာနယ်ဖြစ်ပြီး မဂ္ဂဇင်း နှစ်စောင်ကတောူ့ေိပ်ငမျအ်ျေ့ငသည ခအေေူသါကန နဲ့ အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်းပဲ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို နှိုးဆော်ဖြစ်တယ် မမှတ်မိတော့ပါဘူး။ စိတ်တူ ကိုယ်တူနဲ့ ကျွန်မတို့ လုပ်ဖြစ်ခဲ့ကြတာက တစ်လတာ ဝင်ငွေထဲကအားလုံး တတ်နိုင်တဲ့ အနေအထားတစ်ခုကို သတ်မှတ်ပြီး အလှူစုဗူးလေး ထားလိုက်ကြရအောင် ဆိုတဲ့ စိတ်ကူးပါ။ စိတ်ကူးအတိုင်း အကောင်အထည် ဖော်ဖြစ်တော့လည်း အတိုင်းအတာက မများတဲ့အတွက် ဘယ်သူမှ အပန်းတကြီး မဖြစ်ဘဲ စုနိုင်ခဲ့ကြပါတယ်။ ဒီဇင်ဘာလမှာတော့ ကျွန်မတို့ရဲ့ အလှူစုဗူးလေးကို ဖောက်ဖြစ်ပြီး ဘယ်နေရာမှာ လှူမလဲဆိုတာ စဉ်းစားမိ တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် အွန်လိုင်းမှာ သန်လျင် သဘာဝတရားရိပ်သာအကြောင်းနဲ့ ဓာတ်ပုံလေးတွေ တက်လာတာမို့ ဒီနေရာကို သွားလှူကြမယ်လို့ စိတ်ကူး တူဖြစ်ကြပါတယ်။
          ကျွန်မထင်တာက သဘာဝတရားရိပ်သာလို့ အမည်ရှိတာမို့ တရားအားထုတ်ခြင်းကိုပဲ သီးသန့် လက်ခံတဲ့ တရားစခန်းလို့ အထင်ရှိခဲ့တာပါ။ တကယ် တမ်း ကျိုက်ခေါက်ဘုရားနဲ့ တာဝတက္ကသိုလ်ကြား သန်လျင်မြို့မှာရှိတဲ့ သဘာဝတရားရိပ်သာကို ရောက်ရှိ လိုက်တဲ့အချိန်မှာ ကျွန်မအထင်က တစ်ဝက်မှန် တစ်ဝက်မှားဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ကျယ်ပြောလှတဲ့ ကျောင်းဝန်းကြီးအတွင်းမှာ တရား ရိပ်သာဝင်သူချည်း သီးသန့်ရှိနေတာမဟုတ်ဘဲ သက်ကြီး ရွယ်အို ခိုကိုးရာမဲ့သူတွေ၊ ရောဂါဝေဒနာဆိုးများကြောင့် ဘဝကိုရှေ့ဆက်ဖို့ အခက်အခဲတွေ့နေသူတွေ၊ သဘာဝ ဘေးအန္တရယ်များကြောင့် နေထိုင်စားသောက်ဖို့ အခက်အခဲဖြစ်ကာ ရောက်လာသူတွေ၊ ဘယ်လို အကြောင်းတရားနဲ့ပဲ ဆရာတော့်အရိပ်ကို ရောက်လာ ရောက်လာ လက်ခံတယ်ဆိုတာ သိလိုက်ရပါတယ်။ တစ်ယောက်တည်း ရောက်လာသူကို တစ်ကိုယ်ရေစာ နေရာရဖို့ ပေးသလို ၊ မိသားစု အခက်အခဲဖြစ်ကာ ရောက်လာသူတွေကို မိသားစုအတူနေထိုင်ဖို့ နေရာ ပေးကာ ကူညီပေးတယ်လို့ ဆိုပါတယ်။ ဘယ်လို နည်းနဲ့ပဲ ရောက်လာ ရောက်လာ နေရေးစားရေး အဆင်ပြေအောင်ဖန်တီးပေးပြီး ဒါန သီလ ဘာဝနာ ဆိုတဲ့ ကုသိုလ်တရားတွေနဲ့ နီးစပ်ဖို့ ဆရာတော်က လမ်းပြပေးပြီး သူတို့ရဲ့ ပူလောင်မှုတွေကို ငြိမ်းအေး စေပါသတဲ့လေ။ နောက်ဆုံးစကား ကုန်အောင် ပြောကြ ကြေးဆို ဘဝရပ်တည်မှုမှသည် နောက်ဆုံး သေဆုံးချိန် အထိ တာဝန်ယူ စောင့်ရှောက်ပေးနေကြောင်း သိရတဲ့ အခါမှာ ဒီတာဝန်ဟာ လူပေါင်းများစွာအတွက်မို့ ဘယ်လောက် တာဝန်ကြီးလိုက်မလဲဆိုတာ ခန့်မှန်းမိ ပါတယ်။
          ကျောင်းဝင်းက ဧက (၅၀) ရှိတယ်လို့ သိရပြီး မိသားစုတွေနေတဲ့ ရွာက (၂၈) ဧက ကျော်၊ ပေါင်း (၇၈)ဧက ကျော်တယ်လို့ သိရပါတယ်။ ဒီလောက် ကျယ်ပြောတဲ့ ကျောင်းဝင်းကြီးကို ကုန်စင်အောင် ကျွန်မတို့ လိုက်မကြည့်နိုင်ခဲ့ပါဘူး။ တာဝန်ရှိသူ ယောဂီ ဝတ် ညီမငယ်တစ်ယောက် လိုက်ပြသလောက် မြင်လိုက် ရတာနဲ့တင် ဘဝမှာ ကိုယ် တွေးထင်မထားသော ဘဝပေါင်းများစွာ ရှိတယ်ဆိုတာ ခံစားသိရှိလိုက်ရသလို စောင့်ရှောက်မှုပေးနိုင်တဲ့ ဆရာတော်နဲ့ တပည့်ဒါယကာ ဒါယိကာမများရဲ့ စေတနာမေတ္တာကိုလည်း အံ့ဩခမန်း တွေ့လိုက်ရတာပါ။ အဘွားများအဆောင်တဲ့။ အသက် (၁၀၈) ရှစ်နှစ်ရှိပြီဖြစ်တဲ့အဘွားက အသက်အကြီးဆုံး ဖြစ်ပြီး “မထပါနဲ့ အဘွားရဲ့”လို့ တားနေတဲ့ကြားက အတင်းထထိုင်၊ ဧည့်ခံစကားပြောပြီး “ (၁၀၈) နှစ်မှာ (၁၀ဝ) ကို ဘေးဖယ်ထားလိုက် အသက်ရှစ်နှစ်ရှိပြီပဲ မှတ်ထားလိုက်တယ်၊ မဟုတ်ဘူးလား ” ဆိုတဲ့ အပြောကို စိတ်ချမ်းမြေ့ဖွယ် ကြားလိုက်ရတာမို့ အဘွားဟာ သူနေထိုင်ရာ လက်ရှိဘဝမှာ ပျော်မွေ့နေတဲ့ပုံရိပ်ကို ထင်ထင်ရှားရှား တွေ့လိုက်ရတာပါပဲ။ နောက်တော့ လောကကြီးထဲမှာ အပယ်ခံစာရင်းဝင်နေတဲ့ ရောဂါ သည်များ ထားရှိတဲ့ လူမမာဆောင်ကို ရောက်ဖြစ်ပါ တယ်၊ တကယ်ဆို ဒီအဆောင်ကို ဝင်သွားဖို့ ကျွန်မတို့ တွန့်ဆုတ်မိပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်မဲ့ မျက်ဝန်း တွေကို ရင်မဆိုင်ရက်၊ မကြည့်ရက်သလို ဝေဒနာသည် တွေဆီက ရရှိလိမ့်မယ်လို့ မှန်းထားတဲ့ လူမမာ အနံ့အသက်တွေကိုလည်း ခံစားရမယ် ထင်လို့ပါ။ တကယ်ပဲ အံ့ဩစရာကောင်းတာက ကျွန်မတို့ဝင်သွား ချိန်မှာ လူနာများဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ အေးအေးလူလူ သက်သက်သာသာ ရှိနေကြပြီး ကျွန်မတို့ကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်နိုင်ကြ ပါတယ်။ ပြီးတော့ အားလုံးရဲ့အနေအထားဟာ သန့်ရှင်းသပ်ရပ်မှုကိုယ်စီနဲ့ ဘာအနံ့အသက်မျှမရှိဘဲ ထည်ဝါခမ်းနားမှု မရှိသော်ငြား သန့်ရှင်းသပ်ရပ်မှုနဲ့ ပြည့်စုံတဲ့ သူတို့ရဲ့အဆောင်ကို စိတ်လက် အေးချမ်းစွာ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။
     နောက်တော့ ပိုလီယိုသမီးရင်းတစ်ယောက်နဲ့  ပိုလီယိုမွေးစားသမီးတို့ကို ထိန်းကျောင်းနေရတဲ့ မိသားစု တစ်စုရဲ့မြင်ကွင်းကိုလည်း ကျွန်မ မင်သက်ခဲ့ရပြန်တာ ပါပဲ။ “ကျွန်မက ကြမ်းတစ်ချောင်းပဲ ပိုင်ပစေ၊ အဲဒီ ကြမ်းပြင်လေးကို သန့်ရှင်းအောင်ထားတဲ့ အမေပါ ”ဆိုတဲ့ မိခင်တစ်ဦးရဲ့ အပြောနဲ့ ထပ်တူကျတဲ့ ပိုလီယို သမီးလေးနှစ်ယောက်ကိုလည်း ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး သန့်သန့်ရှင်းရှင်း အနေအထားနဲ့ တွေ့ခဲ့ရပြန်ပါတယ်။ အခန်းထောင့်မှာ ချိတ်ထားတဲ့ ယောကျာ်းရှပ်အင်္ကျီလေးတွေကို မြင်မိတာမို့ လက်ညှိုး ထိုး စပ်စုမိတဲ့ ကျွန်မအမေးကို-
 “ ဒါက ကျွန်မ အမျိုးသားအင်္ကျီလေ၊ သူက အခု အလုပ်သွားပြီ၊ သူ့ကိုလည်း စကားကုန်ပြောထားတယ်၊ ငါတို့ဘဝမှာ နေရေးစားရေး အပြင်မှာ ဘယ်လောက် ခက်ခဲလဲ နင်အသိပဲ၊ သမီးလေးကလည်း ပိုလီယို ဒုက္ခိတ၊ သူ့ကိုပြုစုဖို့ကလည်း သူ့အနားမှာ ကိုယ်မရှိလို့ မဖြစ်ဘူးလေ၊ ဒီတော့လည်း ဘုန်းဘုန်းအရိပ်ကို လာခိုတယ်၊နင်လည်း နင့်အလုပ် နင်လုပ်၊ ငါလည်း ငါ့ကလေးကို ပြုစုမယ်၊ ကျောင်း ဝေယျာဝစ္စတွေလည်း တတ်စွမ်းသမျှ လုပ်ပေးပေါ့၊ ဘုန်းဘုန်းလမ်းညွှန်ပေးတဲ့ တရားဓမ္မအတိုင်း လိုက်နာကျင့်ကြံပြီး ငါတို့ဘဝ ကုန်ဆုံး ကြမယ်လို့ ပြောထားပြီးသား၊ အခုဆို ဒီဘက်က ကလေးက သူများစွန့်ပစ်ထားတဲ့ ပိုလီယိုသမီးလေးလေ၊ ကျွန်မပဲ မွေးစားပေါ့၊ ကိုယ့်ကလေးလည်း ဒီလိုပဲဆိုတော့ နောက်တစ်ယောက်ထပ်ပြုစုရတာ ဘာမှမထူးဘူးလေ၊ ကုသိုလ်ပေါ့ မဟုတ်ဘူးလား”တဲ့လေ။ ကျွန်မကတော့ မြင်ရသမျှ ကြားရသမျှကို အံ့ဩမဆုံး ဖြစ်ရင်း၊ စောင့်ရှောက်နိုင်မှု မေတ္တာစွမ်းအားကြီးတဲ့  ဆရာတော် ဦးဥတ္တမသာရကို ဦးတင်ကြည်ညိုမဆုံးဖြစ်ရင်း၊ မေတ္တာ အရင်းခံကာ ကျောင်းဝင်းအတွင်း အချင်းချင်း စောင့်ရှောက်မှုတွေပေးနေတဲ့ လူမှုအသိုင်းအဝိုင်းလေးကို နားလည် စာနာမှုတွေထားရင်း ငါ ဘာများ ထပ်မံ အကူအညီပေးနိုင်ဦးမလဲလို့ တွေးမိပါတယ်။ ဒီအခါမှာ ကျွန်မတို့ အပြန်လမ်းမှာ ဆရာတော့်ရဲ့ တပည့်ဒါယကာ ဒါယိကာမတွေပေးလိုက်တဲ့ စာအုပ်တွေ အခွေတွေထဲက  ဆရာတော်ကိုယ်တိုင် ဟောကြားခဲ့တဲ့ “သက်ကြီး ရွယ်အို နဲ့ လူမမာများကို ဟောကြားသော လက်တွဲ သာသနာ ပြုရခြင်းအကြောင်းတရားတော်”ကိုဖတ်ရှုလိုက်ရတဲ့ အချိန်မှာ အပ္ပမာဒမဂ္ဂဇင်း ပရိသတ်ကို မျှဝေချင်တဲ့ စိတ်လေး အပြင်းအထန် ဖြစ်လာမိပါတယ်။ ဆရာတော် ရဲ့တရားတော်ကို ဖတ်ရှုပြီး ဆရာတော့်သဘောထားကို ရှင်းလင်းပြတ်သားစွာမြင်ရင် ကြည်ညိုသဒ္ဓါ ထက်သန် ပွားများမှုတွေ ဒီထက်မက ပိုမိုဖြစ်ထွန်း ပေါ်ပေါက်လိမ့် မယ်လို့ ယုံကြည်မိတာမို့ မျှဝေတင်ပြလိုက်ရပါတယ် ရှင်။ ဒါဟာ ကျွန်မတို့ကျင်လည်ရာ စာပေအသိုင်းအဝိုင်း မှတစ်ဆင့် လက်ဆင့်ကမ်း နှိုးဆော်ခြင်းအဖြစ် ခံယူပြီး သဘာဝတရားရိပ်သာကို ဆက်သွယ်ချင်ရင် သန်လျင် ဘုရားကုန်း သဘာဝတရားရိပ်သာ (ကျိုက်ခေါက်ဘုရား နှင့် အရှေ့ပိုင်းတက္ကသိုလ်ကြား )ဖုန်း-ဝ၉၅၀၈၅၂၁၂၊ ဝ၁၂၉၈၁၉၆၊ ဝ၅၆၂၂၇၀၇ကို ဆက်သွယ်နိုင်ပါတယ် ဆိုတဲ့အကြောင်း အသိပေးရင်း ဆရာတော်ရဲ့ တရားတော် ကိုပါ ပူးတွဲဖတ်ရှုနိုင်ဖို့တင်ပြလိုက်ရပါတယ်။
မိုးမိုးစောဝင်း

သက်ကြီးရွယ်အိုနှင့် လူမမာများအား လက်တွဲသာသနာပြုခြင်းအကြောင်းတရားတော်
ဆရာတော်ဦးဥတ္တမသာရ

၁။အဘိုးအဘွားများနှင့် လူမမာများအတွက် ရနိုင်ခဲသည့်အခွင့်အရေး
          အဘိုးအဘွားတွေ ၊ လူမမာတွေဆိုတာက မြန်မာ ပြည်အနယ်နယ်အရပ်ရပ်မှာ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိနေကြတာပါ။ ဗုဒ္ဓဘာသာနိုင်ငံက နည်းပြီး တခြား ဘာသာကိုးကွယ်တဲ့နိုင်ငံက အများစုဆိုတော့ ဘုရားရှင် ရဲ့ တပည့်သား သံဃာတွေနဲ့ ပတ်သက်ပြီးတော့မှ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကောင်းမှုကုသိုလ်မျိုးကို ပြုလုပ်ဖို့ အခွင့်အရေးကို ဘိုးဘွားအများစု မရရှိပါဘူး။
          သဘာဝတရားရိပ်သာက အဘိုးအဘွားနဲ့ လူမမာ ယောဂီတွေအတွက်ကတော့ ကိုယ်နဲ့ဘဝတူ တခြား အဘိုး၊ အဘွား၊ လူမမာတွေ ရဖို့ ခက်ခဲတဲ့ ဆွမ်းလောင်း ခြင်း၊ ဝါဆိုသင်္ကန်းကပ်ခြင်း၊ အမြဲမပြတ် တရားနာခွင့် ရခြင်းဆိုတဲ့ အခွင့်အရေးမျိုးတွေ ရရှိနေပါတယ်။
          ယောဂီတွေရဲ့ မသိနားမလည်မှုတွေ၊ အလိုလောဘ တွေ၊ စိုးရိမ်ပူပန်မှုတွေ၊ သံသယတွေ လျော့နည်းသွား စေမယ့် တရားမျိုးဆိုရင် ဘယ်လိုတရားပဲဖြစ်ဖြစ်၊       ဘယ်လိုဆရာတော်ပဲဖြစ်ဖြစ် ဒီရိပ်သာမှာ လက်ခံပြီး တော့ တရားပွဲတွေ ကျင်းပပါတယ်။ တရားခွေတွေ ဖွင့် ပေးပါတယ်။ ဒါကြောင့် ရိပ်သာက အဘိုးအဘွားတွေနဲ့ လူမမာယောဂီတွေကတော့ လွတ်လွတ်လပ်လပ် တရား နာဖို့ အခွင့်အရေးတွေ ရရှိနေပါတယ်။ ဒီမှာက မှီခို စရာ ဘာမှမရှိလည်း ဘုရား၊တရား၊ သံဃာကို အားကိုး လို့ရတယ်။ အိမ်မှာဆိုရင်တော့ သားသမီးရှိရင် သားသမီးအားကိုးလို့ ရချင်ရမယ်။ ပိုက်ဆံရှိရင် ပိုက်ဆံအားကိုးလို့ရမယ်။ အိမ်ဖော်ရှိရင် အိမ်ဖော် အားကိုးလို့ ရမယ်။ ဘုရား၊ တရား၊ သံဃာကို ခုလိုမျိုး  အပြည့်အဝ အားကိုးဖို့အခွင့်အရေး မရနိုင်ပါဘူး။
          သီလဆိုရင်လည်း ဒီရိပ်သာမှာ နေထိုင် တရား အားထုတ်နေတာဖြစ်တဲ့အတွက် အများနည်းတူ ကိုယ်ပါ မဖြစ်မနေ စောင့်ထိန်းရတဲ့သဘောပါ။ စောင့်ထိန်းနိုင် တဲ့သူများရင် ကိုယ်လည်း သီလလုံခြုံဖို့ လွယ်ကူပါတယ်။  လူ့လောကထဲမှာဆိုရင်တော့ ဒီအလုပ်တွေက အရေး မကြီးပါဘူး။ ကိုယ်ကျန်းမာဖို့၊ စိတ်ချမ်းသာဖို့၊ အသက် ရှည်ဖို့ အစရှိတာတွေသာ အရေးကြီးပါမယ်။
          အိမ်မှာပဲ နေနေ၊ ရိပ်သာမှာပဲ နေနေ ကောင်းတာ တော့ ဖြစ်ချင်နေကြတာပဲ။ ဒါပေမဲ့ ကောင်းတာ မလုပ် ဘဲနဲ့တော့ ကောင်းတာဖြစ်လာစရာ မရှိပါဘူး။ ကိုယ့်မှာ  ကုသိုလ်ကံ အင်အားမရှိဘဲနဲ့ ကိုယ့်ရဲ့ လိုအင်ဆန္ဒ ပြည့်ဝလာစရာ အကြောင်းမရှိပါဘူး။ အခုလိုမျိုး ရိပ်သာ မှာနေထိုင်ပြီး ကောင်းမှုကုသိုလ် အလုပ်တွေကို တတ်နိုင် သလောက် ကြိုးကြိုးစားစား ဝိုင်းပြီးပြုလုပ်နေတာ တန်ဖိုးရှိပါတယ်။ သီလစောင့်ထိန်းနိုင်ရင် စောင့်ထိန်း နိုင်တဲ့အင်အား၊ ဒါနပြုတယ်ဆိုရင်လည်း စွန့်လွှတ် လှူဒါန်းနိုင်တဲ့အင်အား ရှိလာစေပါတယ်။
          လူ့လောကထဲမှာတော့ အများအားဖြင့် ကောင်း တာပဲ တန်ဖိုးထားတယ်၊ ကောင်းတာပဲ ကြိုက်တယ်။ အသက်အရွယ်ကြီးပြီး ကျန်းမာရေးမကောင်းတော့ဘူး၊ စိတ်ပိုင်းဆိုင်ရာ မကောင်းတော့ဘူး၊ ကိုယ့်ဆွေမျိုးတွေရဲ့ အကျိုးကို မဆောက်ရွက်နိုင်တော့ဘူးဆိုရင် ကိုယ့်အပေါ် လိုလိုလားလား ရှိကြတော့မှာ မဟုတ်ပါဘူး။ သူတို့က ကိုယ်နဲ့ပတ်သက်ပြီး မကောင်းတဲ့စိတ်တွေ ဖြစ်နေတယ် ဆိုရင် ကိုယ်လည်း စိတ်ချမ်းသာဖို့ မလွယ်ပါဘူး။ အားကိုးစရာကလည်း မရှိ၊ ရှိတာကလည်း အားကိုးလို့ မရပါဘူး။ ရိပ်သာမှာကတော့ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေတယ်။ အားကိုးရာ အစစ်တွေကို အားကိုးလို့ ရနေပါတယ်။
          တရားခွေတွေ မပြတ်ဖွင့်ပေးထားတယ်ဆိုတာ အမြဲတမ်း တရားနာတဲ့ ကုသိုလ်ဖြစ်စေဖို့ပါ။ လူပြော သူပြောနားထောင်တာ ကုသိုလ် မဖြစ်ပါဘူး။ ပြောတဲ့ သူကလည်း ဘယ်သူ့အကြောင်း၊ ဘယ်ဝါအကြောင်း၊ ဘာလုပ်တယ်၊ ဘာဖြစ်တယ်ဆိုတာတွေကို လောဘ၊ ဒေါသ၊ မောဟနဲ့ ပြောတဲ့အတွက် နားထောင်တဲ့ သူတွေရဲ့ ရှိပြီးသား လောဘ၊ ဒေါသ၊ မောဟတွေ ပိုပြီးတော့မှ အားကြီးလာစေပါတယ်။
          တရားနာတယ်၊ တရားအားထုတ်တယ်ဆိုတာကျ တော့ လောကီအလုပ်တွေနဲ့ ဆန့်ကျင်ဘက်ပါ။ နားထောင်ပါများ၊ အားထုတ်ပါများမယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟ ပိုမိုလျော့နည်းလာတဲ့အတွက် ကိုယ့် လောဘ ဒေါသ မောဟနဲ့ ကိုယ်ဖြစ်နေတဲ့ ဒုက္ခတွေ၊ ပြဿနာတွေလည်း သိသိသာသာ လျော့နည်းလာ ပါလိမ့်မယ်။
 ၂။ကိုယ်သာနာပါစေ၊စိတ်မနာပါစေနဲ့
          အိမ်တွေမှာ၊ ဆေးရုံတွေမှာ၊ ဘိုးဘွားရိပ်သာတွေမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ လူမမာတွေရဲ့စိတ်နဲ့ ရိပ်သာ မှာနေထိုင်ပြီး တရားနာ၊ တရားအားထုတ်၊ သီလကို နိုင်သလောက်စောင့်ထိန်းနေတဲ့ ယောဂီအဘိုး အဘွား တွေရဲ့ စိတ်နဲ့ တခြားစီပါပဲ။ အသက်ကြီးတာချင်း၊ ရောဂါ ရှိတာချင်း၊ ကိုယ်နာတာချင်းတော့ တူရင်တူမယ်၊ စိတ်နာ နေတာချင်းတော့ မတူပါဘူး။ ဒီလို ကောင်းမှုကုသိုလ် အလုပ်တွေကျတော့ စိတ်နာမှုကို အင်မတန်သက်သာစေ ပါတယ်။ အနာလျော့သွားတယ်ဆိုရင် ချမ်းသာတာပါပဲ။ ဖျားနေတယ်ဆိုလည်း လုံးဝ မပျောက်ကင်းသေးရင် တောင်မှ “ငါအဖျား သက်သာတယ်”ဆိုရင် လုံးဝကြီး ဖျားနေတာထက်စာရင်တော့ သက်သာတာပါပဲ။
          ရိပ်သာက ယောဂီအဘိုးအဘွားတွေအနေနဲ့ တရားနာ တရားအားထုတ်တဲ့ အလုပ်ကို အချိန်ပြည့် ကြိုးစားပြီးတော့မှ ပြုလုပ်နေခြင်းအားဖြင့် ကောင်းတဲ့ အကြောင်းတရားကို ပြုလုပ်နေတာဖြစ်တဲ့အတွက် ပစ္စုပ္ပန်မှာလည်း ကောင်းမှုဖြစ်သလို ဒီပြုလုပ်မှုတွေက အနာဂတ်မှာလည်း ကောင်းကျိုးချမ်းသာ ပေးစရာ ရှိပါ တယ်။ ပစ္စုပ္ပန်မှာ ချမ်းသာသလို အနာဂတ်မှာလည်း ချမ်းသာစရာ ရှိတယ်။ အခွင့်အရေးဆိုတာ ရမှ ယူလို့ ရတာပါ။ ဒီလို အခွင့်အရေးတွေရနေတုန်း ကိုယ်က ကြိုးကြိုးစားစား ပြုလုပ်နေဖို့သာ လိုပါတယ်။
          မြန်မာပြည်မှာဆိုရင် ဆေးရုံပေါင်းစုံ၊ လူမမာ ပေါင်းစုံ၊ ဘိုးဘွားရိပ်သာတွေကအစ တရားလိုက်ပြီးတော့ မှ ဟောလို့ရပေမဲ့ နိုင်ငံရပ်ခြားမှာဆိုရင်တော့ ဦးဇင်းတို့ ကြုံကြိုက်လို့ ဆေးရုံရောက်သွားတယ်၊ ဟောမယ့် ပြောမယ့်သူ ရှိတယ်ဆိုရင်တောင် ဒီလိုမျိုး သက်ကြီး ရွယ်အို လူမမာအများစုကို စိတ်မနာအောင် ကူညီခွင့် ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီမှာကတော့ အင်မတန် ကြုံရ ခဲတဲ့ အခွင့်အရေးကို ရရှိနေတာပါ။
၃။ ကိုယ့်လိုအင်ဆန္ဒ ကိုယ့်သဘောထားကို ရှေ့တန်းတင်တဲ့ အကျင့်ကို စွန့်ရမယ်
          ဘယ်မှာပဲနေနေ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တစ်ဖက်မှာ အိမ်ထောင်ရေး အဆင်မပြေမှုဆိုတာ ရှိမယ်၊ လူမှုရေးပြဿနာတွေ၊ မိဘနဲ့ သားသမီး ပြဿနာတွေ၊ ပညာရေးနဲ့ ပတ်သက်တဲ့ပြဿနာ၊ စီးပွား ရေးပြဿနာတွေ ရှိနိုင်ပါတယ်။ အဆင်မပြေမှု ဆိုတာကတော့ ရှောင်လို့မရပါဘူး။ ဒီမှာကလည်း ကောင်းမှု ကုသိုလ် အလုပ်တွေ  လုပ်နေပေမဲ့ လူကများတဲ့အတွက် အချင်းချင်း မတည့်တဲ့ ပြဿနာ၊ နေရာထိုင်ခင်း ကျဉ်းမြောင်းကျပ်တည်းတဲ့ ပြဿနာ၊ အစားအသောက်၊ ဆေးဝါးကုသမှုနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်တိုင်းကျမဖြစ် တဲ့ ပြဿနာတွေကတော့ ရှိမယ်။ ဒါကလည်း တရား သဘောအရဆိုရင်တော့ ကိုယ့်လိုအင်ဆန္ဒ ကိုယ့်သဘောထားကို ရှေ့တန်းတင်နေမှုကြောင့်ပါ။ ဦးဇင်းတို့လည်း ဆွမ်းခံစားရတယ်။ သူများ လှူဒါန်းတာကိုပဲ ဘုဉ်းပေး တာပါ။ ကိုယ်လှူစေချင်တာကို လှူခိုင်းတာ မဟုတ်ပါ ဘူး။ လူတွေလို ကိုယ်ဆောက်ချင်တဲ့ အိမ်ဆောက်ပြီး နေလို့ရတာမျိုး မဟုတ်ပါဘူး။ တဲထိုးပေးတော့လည်း တဲနဲ့ နေရတယ်။ တိုက်ဆောက်လှူတော့လည်း တိုက်နဲ့ နေရပါတယ်။ ဆေးဝါးအားကိုးမယ်ဆိုရင်တောင် စေတနာနဲ့ ကုပေးတာကိုပဲ ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ လက်ခံရတာပါ။ ဒီလိုပြုလုပ်တော့လည်း ကိုယ့်သဘောကို စွန့်လွှတ်လာနိုင်တဲ့ အကျိုးကျေးဇူး ရပါတယ်။
၎။ အသာဆုံး၊ အမြတ်ဆုံး၊ အကောင်းဆုံး တရားအလုပ်
          သာမန်သက်ကြီးရွယ်အို၊ လူမမာဆိုရင်တော့ ဘုရားရှင်နဲ့ မဆိုင်သေးပါဘူး၊ အလှူခံပုဂ္ဂိုလ်လည်း မဖြစ်သေးပါဘူး။ ဒါပေမဲ့ ယောဂီဖြစ်နေတဲ့အခါကျတော့ ဘုရားရဲ့တပည့် အလှူခံပုဂ္ဂိုလ်ဖြစ်သွားပါပြီ။ ယောဂီတွေ ပြုလုပ်နေတဲ့အလုပ်တွေဟာ ချမ်းသာတဲ့သူတွေ၊ ရာထူး အာဏာရှိတဲ့လူတွေ၊ ထင်ပေါ်ကျော်ကြားတဲ့ သူတွေ လုပ်တဲ့ လောကီအလုပ်တွေထက် သာလွန်ပါတယ်။
          သီလမဆောက်တည်တဲ့ သူတွေထက်စာရင် ဆောက်တည်တဲ့သူက သာပါတယ်။ လူပုဂ္ဂိုလ်အနေနဲ့ ရဟန္တာပုဂ္ဂိုလ်ဖြစ်နေတာတောင် ကိုရင်ငယ်လေးကိုလည်း ရှိခိုး ကန်တော့ရတာပါပဲ။ လူပုဂ္ဂိုလ်တွေ စောင့်ထိန်း ကြတဲ့ သီလထက် ကိုရင်ငယ်တွေ စောင့်ထိန်းရတဲ့ သီလ၊ သိက္ခာပုဒ်က မြင့်နေတဲ့အတွက်ပါ။ အသက်ကြီးတာ ငယ်တာက အဓိကမဟုတ်ပါဘူး။ ဆောက်တည်နိုင်တာ မဆောက်တည်နိုင်တာလည်း အဓိက မဟုတ်ပါဘူး။ လုပ်တဲ့လုပ်ရပ်တွေက ကြီးတဲ့အတွက် ရှိခိုးပူဇော်ရပါ တယ်။ ဒီမှာကလည်း ယောဂီတွေ ဖြစ်နေတဲ့အတွက် လုပ်နေတဲ့အလုပ်ကြောင့်ကိုပဲ လှူဒါန်းစရာ ဖြစ်ပါတယ်။
          မိမိက ရပ်ရွာမှာနေတဲ့ သက်ကြီးရွယ်အိုတစ်ဦး ဖြစ်နေမယ်ဆိုရင် ကိုယ့်သားသမီး ဆွေမျိုး၊ မိတ်ဆွေ ဒါမှမဟုတ် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့နဲ့ စေတနာဆရာဝန်တွေလောက်သာ မိမိကို ကူညီစရာ အကြောင်း ရှိပါမယ်။ အခုလိုမျိုး ရိပ်သာမှာ နေထိုင် တရားနာ တရားအားထုတ် သီလဆောက်တည်နေတာ ကျတော့ ပြုလုပ်နေတဲ့အလုပ်ကြောင့်ပဲ အများရဲ့အလှူကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်နေပါတယ်။
          သက်ကြီးရွယ်အိုတွေအနေနဲ့ ရိပ်သာမှာ ယောဂီ အဖြစ်နဲ့ နေထိုင် တရားအားထုတ်ကြတယ်။ တရား အလုပ်က လုပ်ရတာ ခက်ခဲပါတယ်။ လုပ်ချင်တိုင်း တောင် လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ ဘုရားတစ်ဆူ   တစ်ဆူပွင့်မှ ဝိပဿနာတရားကို တစ်ခါ တစ်ခါ ကြားနာ ရပြီး လက်တွေ့ လိုက်နာကျင့်သုံးခွင့် ရနေပါတယ်။ ဒီအခွင့်အရေးက အင်မတန် တန်ဖိုးရှိပါတယ်။ နည်းမှန် လမ်းမှန် အားထုတ်ဖြစ်နေဖို့သာ အဓိကကျပါတယ်။  တရားအားထုတ်နေတာကိုက ကုသိုလ်ဖြစ်နေပါပြီ။ တရားရတာ မရတာကို အစွဲကြီးနေရမှာ မဟုတ်ပါဘူး။
 ၅။ တန်ဖိုးရှိတဲ့လုပ်ရပ်ကြောင့် တန်ဖိုးရှိတဲ့ဘဝဖြစ်ရတယ်။
          လောကီအနေနဲ့ကြည့်ရင်တော လူတစ်ယောက် နုပျိုနေတုန်း၊ ကျန်းမာနေတုန်းသာ တန်ဖိုးရှိမယ်။ အိုမင်း သွားရင် မကျန်းမာတော့ရင် တန်ဖိုး မရှိတော့ပါဘူး။  အသက်ရှင်နေတုန်းသာ တန်ဖိုးရှိနိုင်ပေမဲ့ သေသွားရင် တော့ ဘာဖြစ်လို့ ဖြစ်မယ်မှန်းမသိ၊ ဘယ်ရောက်လို့ ရောက်မယ်မှန်း မရေရာ မသေချာတော့ပါဘူး။ အသေကောင်ကြီးအနေနဲ့ကတော့ ကြက်သေ ဝက်သေ လောက်တောင် တန်ဖိုးရှိမှာ မဟုတ်တော့ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေကျတော့ အမြဲတမ်း တန်ဖိုး ရှိနေတာပါ။ လူက တကယ်တန်ဖိုး မရှိပေမဲ့ ဒီလို တကယ်တန်ဖိုးရှိတဲ့ အလုပ်တွေကို ပြုလုပ်နေခြင်း အားဖြင့် ခုလည်း တန်ဖိုးရှိသလို နောင်လည်း တန်ဖိုး ရှိပါတယ်။
          ဦးဇင်းတို့လည်း သင်္ကန်းဝတ်တဲ့အခါကျတော့ ရဟန်းတစ်ပါးရဲ့တန်ဖိုး ရှိပါတယ်။ ရဟန်းဆိုတာက ဖြစ်ချင်တိုင်းတောင် ဖြစ်ခွင့်ရတာ မဟုတ်ပါဘူး။ ဘုရား သာသနာရှိမှ ဖြစ်ခွင့်ရတာမျိုးပါ။  သာသနာပြုတဲ့အလုပ် ဆိုတာလည်း ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေကို အများလုပ်ဖြစ်အောင် ကူညီတဲ့အလုပ်ဆိုတော့ တန်ဖိုး ရှိတဲ့အလုပ်ပါ။ လူပုဂ္ဂိုလ်အနေနဲ့ကတော့ အိုရမှာချင်း၊ နာရမှာချင်း၊ သေရမှာချင်း အတူတူပါပဲ။ ဒါပေမဲ့ လုပ်တဲ့ အလုပ်က တန်ဖိုးရှိပါတယ်။ ဒီအလုပ်ကို ခဏတစ်ဖြုတ် လုပ်နိုင်တဲ့စွမ်းအားကတော့ အများစုမှာ ရှိတာပါပဲ။ စွမ်းအားရှိတယ်ဆိုရင်တောင် လုပ်ဖို့ အခွင့်အရေးက လိုအပ်ပါသေးတယ်။ ဒီမှာကတော့ အမြဲတမ်းရိပ်သာ ဖြစ်တဲ့အတွက် တရားနာ၊ တရားအားထုတ်တဲ့ အလုပ်ကို ပုံမှန် ပြုလုပ်နေကြပါတယ်။ ခုနောက်ပိုင်း အထူးတရားစခန်းတွေလည်း တောက်လျှောက်ဖွင့်လှစ် နေတယ်ဆိုတော့ ဒီအလုပ်မှာ ပါဝင်ပတ်သက်ကြသူတိုင်း  အတွက် အားကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေ ဖြစ်ခွင့် ရစေပါတယ်။
          လူပြော၊ သူပြောနေရာမှာ မြတ်စွာဘုရားရဲ့ တရား တော်တွေကို အစားထိုးပြီးတော့ ဦးဇင်းကိုယ်တိုင် နားထောင်သွားနိုင်သလို လူမမာတွေ၊ သက်ကြီးရွယ်အို တွေကိုလည်း လောကီကျန်းမာတာ၊ ချမ်းသာတာ၊ အသက်ရှည်တာတွေမှာ လမ်းမဆုံးဘဲ မြတ်စွာဘုရားရဲ့ တရားတော်တွေကို တတ်ဖိုးထားတတ်လာပြီး ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေမှာ လမ်းဆုံးတတ်စေဖို့အတွက် ခုလိုမျိုး ရိပ်သာမှာ ယောဂီအဖြစ်၊ လက်ခံကူညီပေးနေ  ခြင်းပါ။
၆။ အမျိုးမျိုးသော  ကုသိုလ်ကောင်းမှု အင်အားတွေနဲ့ စုပေါင်းတည်ဆောက်ထားတဲ့
သဘာဝရိပ်သာ
          ဦးဇင်း ဝိပဿနာတရား ဟောတယ်ဆိုတာက ရိပ်သာက အဘိုးအဘွား၊ လူမမာတွေကို လက်တွေ့  လိုက်နာကျင့်သုံးနိုင်အောင် အကူအညီပေးတာပါ။ ဒါန ပြုနိုင်တဲ့၊ သီလဆောက်တည်နိုင်တဲ့၊ သမထ ဝိပဿနာ တရားတွေ အားထုတ်နိုင်တဲ့ ကိုယ်ပိုင်စွမ်းရည်သတ္တိ တွေကို အားကိုးပြီးတော့မှ ကူညီခြင်းပါ။ အဘိုးအဘွား တွေ၊ လူမမာတွေအနေနဲ့ကလည်း ကိုယ့်ရဲ့ အားကိုးရာ  အစစ်ဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေကို အခုလို ကြိုးစားပြုလုပ်နေတယ်ဆိုတာ ဦးဇင်းတို့ကို ဝိုင်းဝန်းကူညီ သာသနာပြုတဲ့သဘောပါပဲ။ ကုသိုလ်ကောင်းမှု အင်အား ကြီးလာသလောက် ရိပ်သာမှာလည်း  ရုပ်ဝတ္ထုပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေမှုတွေ များလာပြီး ပြဿနာ တွေ လျော့နည်းလာပါမယ်။
          ပိုက်ဆံရှိမှ ဖြစ်မယ်ဆိုပြီး ပိုက်ဆံကိုပဲ အဓိကထား နေရင်တော့ ပိုက်ဆံစွဲပြီး ပိုက်ဆံရဖို့ အလုပ်ပဲ လုပ်မှာပါ။  ထင်ပေါ်ကျော်ကြားဖို့ကိုပဲ အဓိက ထားမယ်၊ ထင်ပေါ် ကျော်ကြားစေမယ့် အလုပ်တွေကိုပဲ ပြုလုပ်မယ်။ လာဘ် လာဘကို မျှော်ကိုးမယ်ဆိုရင်လည်း လာဘ်လာဘ ပေါများစေတဲ့အလုပ်ကိုပဲ ပြုလုပ်နေမှာပါ။ ဒီ လောကီ အလုပ်တွေကိုစွန့်ပြီး အဓိကအားကိုးရမှာက မကောင်းမှု မှန်သမျှ ရှောင်ကြဉ်ခြင်း၊ ကောင်းမှုမှန်သမျှ ဆောင်ရွက် ခြင်း၊စိတ်ကိုဖြူစင်အောင်ထားခြင်းဆိုတဲ့ သူတော်ကောင်း အလုပ်တွေပါပဲ။ ဒီရိပ်သာကို တည်ထောင်တာရော၊ တည်ထောင်ပြီး ဆက်လက် ရပ်တည်နိုင်ဖို့ရော ဒီစွမ်းအားကို သုံးတာပါ။
          လာသမျှ လက်ခံပြီးတော့ တရားရိပ်သာဖွင့်လှစ်ဖို့  ဆိုတာလည်း အဲဒီတုန်းက အခြေအနေကဆို စိတ်ကူးဖို့ တောင် မလွယ်ပါဘူး။ ဖြစ်လာပြန်တော့လည်း ပျက်စီး မသွားအောင် ကုသိုလ်အင်အားတွေနဲ့ မပြတ်ကာကွယ် စောင့်ရှောက်နေရတာပါ။ လူနည်းနည်းလေးနဲ့ ဖွဲ့စည်း ထားတဲ့ ကိုယ့်မိသားစုတောင်မှ ပြိုကွဲသွားချင်ရင်        လွယ်လွယ်လေးပါ။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်၊ တစ်လ ပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်လာခဲ့တာ အခု ဆိုရင် သန်လျင်ဘုရားကုန်း သဘာဝတရားရိပ်သာ သက်တမ်း ခြောက်နှစ်ကျော်ရှိပါပြီ။
          လူ့လောကထဲမှာနေထိုင်ဖို့ အခွင့်အရေးကလည်း အကန့်အသတ် ရှိပါတယ်။ ဦးဇင်းအနေနဲ့လည်း အများစု ရဲ့ စုပေါင်းစွမ်းအားနဲ့ ဒါန၊ သီလ၊ ဘာဝနာအလုပ် တွေကို လုပ်နိုင်သလောက်၊ လုပ်ခွင့်ရှိသလောက်၊ အခြေ အနေပေးသလို ဆက်လုပ်သွားမှာပါ။
 ၇။ ကိုယ်တတ်နိုင်သလောက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတာကိုက သာသနာ ဝိုင်းပြုနေတာပါ
          အဘိုးအဘွားတွေ၊ လူမမာတွေအနေနဲ့ကလည်း သွားလာလို့ မကောင်းတာ၊ စားသောက်လို့ မကောင်း တာ၊ မျက်စိမှုန်တာ၊ နားလေးတာ၊ ကျန်းမာရေး မကောင်းတာ စတဲ့ မကောင်းတာတွေကို စွဲမနေဘဲ၊ ကိုယ့်ဆွေမျိုးတွေရဲ့ အရေးကို အဓိကမထားဘဲ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ သာသနာပြုတဲ့ သူတော်ကောင်း အလုပ်တွေကို ဝိုင်းဝန်းကြိုစား ပြုလုပ်ဖို့ပါပဲ။ လုပ်ချင် တိုင်းတောင် လုပ်ဖို့ မလွယ်တဲ့ အလုပ်တွေပါ။ 
          ဒါကြောင့်လည်း ဒီလို အသက်-အရွယ်မရွေး၊ လူကောင်း- လူမမာ မရွေး၊ လူမျိုး-ဘာသာမရွေး၊ ပရဟိတအလုပ်- တရားအလုပ်မရွေး လွတ်လွတ် လပ်လပ် ကောင်းမှုကုသိုလ် ဝိုင်းပြုလုပ်နေကြတဲ့ တရား ရိပ်သာမျိုး ဖြစ်လာဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဦးဇင်းအပါအဝင် ဆရာသမားတွေရဲ့ ကောင်းမှု ကုသိုလ် အင်အားတွေအများကြီးနဲ့၊ ယောဂီပေါင်း မြောက်မြားစွာရဲ့ ဒါန၊ သီလ၊ ဘာဝနာအားတွေ စုပေါင်းပြီးတော့မှ ဒီရိပ်သာကို တည်ထောင်တာ ဆိုတော့ ဒီစွမ်းအားတွေ မရှိတော့ဘူးဆိုရင် ရိပ်သာ ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူမမာ၊ အဘိုးအဘွား၊ ယောဂီတွေအနေနဲ့ကလည်း   ကိုယ်စွမ်းနိုင်သလောက် တရားနာ၊ တရားအားထုတ် တဲ့အလုပ်၊ ဒါနပြု၊ သီလဆောက်တည်တဲ့ အလုပ် တွေကို ဝိုင်းဝန်းပြုလုပ်ပေးပါ။ ဒါမှ နောက်ရောက် လာမယ့် အဘိုးအဘွားတွေ၊ လူမမာတွေကလည်း ဒီအစဉ်အလာကောင်းလေးကို လက်ခံပြီး ကိုယ် ရှင်သန်နေထိုင်ခွင့်ရသလောက် တစ်စက္ကန့်ပဲဖြစ်ဖြစ်၊ တစ်မိနစ်ပဲဖြစ်ဖြစ်၊ တစ်နာရီပဲဖြစ်ဖြစ်၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်ပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာပဲဖြစ်ဖြစ် အင်မတန် ကြုံတောင့်ကြုံခဲတဲ့ တရားအားထုတ်၊ သာသနာပြုတဲ့အလုပ်ကို ဝိုင်းဝန်းပြီးတော့မှ ပြုလုပ် နိုင်ပါမယ်။
          မဖြစ်သေးခင်ကတော့ ဖြစ်လာအောင် ကြိုးစားရပါ တယ်။ ဖြစ်လာပြီဆိုရင်တော့လည်း ပိုပြီးတော့မှ တိုးတက် ကျယ်ပြန့်လာအောင်çရေရှည်ရပ်တည်နိုင်အောင် ဝိုင်းပြီး တော့မှ ကြိုးစားရမယ့်တာဝန်က ရိပ်သာထဲက သက်ကြီး ရွယ်အိုတွေ၊ လူမမာတွေ၊ မှီခိုရာမဲ့ ကလေးသူငယ်တွေနဲ့ ယောဂီအားလုံးမှာသာမက အပြင်ဘက်က အလှူရှင် တွေနဲ့ နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီနေတဲ့ ဝေယျာဝစ္စ၊
ပရဟိတအဖွဲ့တွေမှာပါ တာဝန်ရှိပါတယ်။
၈။ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
          ပရဟိတလုပ်ငန်းဆိုတာ တစ်ခုပြိုလဲသွားရင်၊ တစ်ခု မရှိတော့ဘူးဆိုရင် နှစ်ခု၊ သုံးခုလည်း ဖြစ်လာဖို့ မလွယ်ပါဘူး။ တစ်ခုနဲ့တစ်ခုက မှီနေတာပါ။
          သာသနာပြုတဲ့လုပ်ငန်းမှာ တရားရိပ်သာ တစ်ခု ဆိုလည်း တခြားရိပ်သာတွေနဲ့ ပတ်သက်နေတာ၊ မှီခို နေတာပါ။ ဦးဇင်းကိုယ်တိုင်လည်း မိုးကုတ်ရိပ်သာတင် မက ဦးဂိုအင်ကာရိပ်သာ၊ ဆရာကြီးဦးဘခင်ရိပ်သာ တွေပါ ဝင်ခဲ့ပါတယ်။ ဒီရိပ်သာတွေဝင်၊ ရိပ်သာတွေ အကြောင်းကို လေ့လာလို့ သိလာပြီး  နဂိုရှိပြီးသား ရိပ်သာတွေကို အခြေခံပြီးတော့မှ သဘာဝတရားရိပ်သာ ဆိုတာ ပေါ်ပေါက်လာတာပါ။ ရိပ်သာတွေလည်း တစ်ခုနဲ့ တစ်ခုက မှီနေတာပါ။ ဒီမှာက ပရဟိတအလုပ်တွေကိုပါ အကြီးအကျယ် လုပ်နေတာဖြစ်တော့ မြန်မာပြည်နဲ့ ကမ္ဘာပေါ်မှာရှိပြီးသား တရားရိပ်သာတွေ၊ ပရဟိတ လုပ်ငန်းတွေကို ပိုမိုခိုင်မာလာစေသလို အသစ်အသစ် သော တရားရိပ်သာတွေ၊ ပရဟိတလုပ်ငန်းတွေ ပေါ်ပေါက်လာစေဖို့လည်း ကူညီနေတဲ့သဘောပါ။
          ကိုယ်က သူများကို မှီခိုနေသလို ကိုယ့်ကိုလည်း သူများက မှီခိုနေတာပါပဲ။ အပြန်အလှန် ဆက်စပ်          ပတ်သက်နေတာပါ။ တစ်ခုဖြစ်လာပြီဆိုရင် နောက်ဟာ တွေဖြစ်လာဖို့ မခဲယဉ်းတော့ပါဘူး။ တစ်ခု ပျက်စီးသွား မယ်ဆိုလည်း ကျန်တာတွေ ပျက်စီးဖို့ဆိုတာ မခက်ခဲတော့ပါဘူး။
          ဒါကြောင့် ရိပ်သာတစ်ခုတည်းရဲ့ အကျိုးစီးပွား အတွက်မဟုတ်ဘဲ ကောင်းမှုကုသိုလ်လုပ်တဲ့ လုပ်ငန်းတွေအားလုံးရဲ့ အကျိုးစီးပွားအတွက် ကြိုးကြိုးစားစား ဝိုင်းဝန်းပြီးတော့မှ အားထုတ်ဖို့ လိုအပ်ပါတယ်။
၉။ ကောင်းတာမလုပ်ဘဲနဲ့ ကောင်းကျိုးမဖြစ်နိုင်ပါ
          ကောင်းတဲ့ဘက်က အားသာတယ်ဆိုရင် ကောင်း တဲ့အကျိုး ခံစားရတဲ့သူတွေ များလာမှာပါ။ တစ်ဦး တစ်ယောက်ချင်းစီက ကောင်းတာတွေများလာရင် တစ်ဦးတစ်ယောက်တွေ စုပေါင်းထားတဲ့ အဖွဲ့အစည်း တစ်ခုချင်းစီမှာ ကောင်းတဲ့သူတွေ များလာမယ်။ အဖွဲ့ အစည်းတွေမှာလည်း မကောင်းတဲ့အဖွဲ့အစည်းတွေထက် ကောင်းတဲ့အဖွဲ့အစည်းက များလာရင် ကောင်းတဲ့ဘက် က အသာစီးရပြီး ကောင်းကျိုးတွေများလာမယ်။ တစ်ယောက်တည်းသမားတွေ အနေနဲ့လည်း ကိုယ်လို  တခြားတစ်ယောက်တည်းသမားပေါင်း မြောက်မြားစွာ အတွက် တာဝန်ရှိသလို အဖွဲ့အစည်းတစ်ခုအနေနဲ့ လည်း တခြားအဖွဲ့အစည်းပေါင်း မြောက်မြားစွာ အတွက် တာဝန်ရှိပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အသင်း၊ နာရေးကူညီမှုအသင်း၊ လူမှုရေးအသင်းတွေ အားလုံးဟာ ဆက်စပ်ပတ်သက်နေတာပါ။ အဲဒါကြောင့် ဒီသဘာဝတရားရိပ်သာ တိုးတက်ရင် တိုးတက် သလောက် ဒီလို ပရဟိတလုပ်ငန်းတွေလည်း များလာ မယ်။ ဒီရိပ်သာ ရှင်သန်တိုးတက်နေသလောက် အလား တူ တခြားရိပ်သာတွေလည်း အများကြီး ပေါ်ပေါက် လာပါမယ်။ ရေများ ရေနိုင်၊ မီးများ မီးနိုင်တဲ့ သဘော ပါ။
          စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်တယ်ဆိုရင် အလားတူ တခြားစီးပွားရေးလုပ်ငန်းတွေ အများကြီး ပေါ်ပေါက်လာတာပါ။ ထီဆိုင်တွေ ရောင်းကောင်းတယ် ဆိုရင် နောက်ထပ် ထီဆိုင်တွေ အများကြီးပေါ်ပေါက် လာသလိုပါပဲ။ ဒါပေမဲ့ လောကီအလုပ်တွေကျတော့ ကျန်းမာရေးပြဿနာတွေ၊ အချင်းချင်းပြဿနာတွေက အင်မတန်များပါတယ်။ ဘုရား၊ တရား၊ သံဃာနဲ့ ပတ်သက်တဲ့ ဒီ ဒါန၊သီလ၊ဘာဝနာ အလုပ်တွေကျတော့ အဲဒီ ပြဿနာတွေကို လျော့နည်းစေပါတယ်။ ကောင်းကျိုးချမ်းသာတွေ ဖြစ်စေပါတယ်။ ဒီမှာ တရား နာ၊ တရားအားထုတ်၊ သီလတွေစောင့်ထိန်းနေတာကိုက ကိုယ့်အကျိုးကို ဆောင်ရွက်နေတာဆိုလည်း ဟုတ်တယ်။ ကိုယ့်မိသားစု အကျိုး၊ ရပ်ရွာအကျိုး၊ နိုင်ငံအကျိုး၊ ကမ္ဘာကြီးရဲ့အကျိုးကို ဆောင်ရွက်နေတာဆိုလည်း ဟုတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကိုက (၃၁)ဘုံသား ကမ္ဘာသူ ကမ္ဘာသားတွေထဲက တစ်ယောက်ဖြစ်နေတဲ့ အတွက်ပါ။ လူတွေက အများလုပ်သလို လိုက်လုပ်တတ် တဲ့ အကျင့်ရှိပါတယ်။ မကောင်းတာလုပ်ရင်လည်း ဝိုင်း ပြီးတော့မှ လိုက်လုပ်ကြ၊ ကောင်းတာလုပ်ရင်လည်း ဝိုင်းပြီးတော့မှ လိုက်လုပ်ကြတော့ ကောင်းတဲ့လုပ်ရပ်က အားသာလာမယ်ဆိုလို့ရှိရင် ကောင်းတာတွေလုပ်ဖြစ်ဖို့က သိပ်လွယ်သွားပြီး မကောင်းတာတွေနေရာမှာ ကောင်းတာတွေ အများကြီး အစားထိုးဖြစ်လာလိမ့်မယ်။
          နဂိုတုန်းက အခြေအနေကျတော့ ပရဟိတအဖွဲ့ အစည်းတွေ အင်မတန်နည်းပါတယ်။ တရားရိပ်သာတွေ ဆိုလည်း တစ်လတလေ ဖွင့်တာမျိုးတော့ ရှိပေမဲ့ အမြဲတမ်းဖွင့်တာမျိုးက အင်မတန် နည်းပါတယ်။ စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ ပညာရေးသမားက များပေမဲ့ တရားသမားက နည်းပါတယ်။ ကောင်းမှု ကုသိုလ်ပြုတဲ့သူတွေလည်း နည်းပါတယ်။
          အခုခေတ်မှာတော့ မြို့ကြီးတွေတင်မက နယ်တွေမှာ ပါ ပရဟိတလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ၊ နာရေး ကူညီမှုတွေ အင်မတန်ကို များပြားလာပါပြီ။ ဒါတွေက ဆက်စပ်ပတ်သက်နေတာပါ။
          -        ဒီမှာလုပ်တဲ့ ကောင်းမှုကုသိုလ်နဲ့ အပြင်မှာလုပ်တာနဲ့၊
          -        အပြင်မှာလုပ်တာနဲ့ ဒီမှာလုပ်တာနဲ့၊
အပြန်အလှန် ဆက်စပ်ပတ်သက်နေတာပါ။ မီဒီယာ ခေတ်ဆိုတော့ ဒီမှာ ဘာလုပ်လဲဆိုတာ အပြင်က သိ တယ်၊ အပြင်က ဘာလုပ်လဲဆိုတာလည်း ဒီက သိနိုင် တာပဲ။ မကောင်းမှုဆိုရင် လျင်မြန်စွာ ပျံ့နှံ့တတ်သလို ကောင်းမှုဆိုတာက ပိုပြီးတော့တောင် လျင်မြန်စွာ ပျံ့နှံ့ပါတယ်။ ဒါကြောင့် ကောင်းတာတွေကို ပြုလုပ်ထားမယ် ဆိုရင် ကောင်းကျိုးတွေ မဖြစ်ပါနဲ့လို့ တားလို့ မရပါ ဘူး။
          ကောင်းတာမလုပ်နိုင်ဘဲနဲ့ ကောင်းကျိုးတွေပဲ ဖြစ်ချင်နေကြလို့ လိုအင်ဆန္ဒ မပြည့်ကြတာပါ။ ဦးဇင်း အနေနဲ့ ဒါကို နားလည်လို့ ဘယ်လောက်အခက်အခဲ ရှိရှိ ဘယ်လောက်ကြာကြာ ဒီကောင်းမှုကုသိုလ်အလုပ် ကို မစွန့်ဘဲနဲ့ ပြုလုပ်တယ်။ ဘယ်သူမှ မလုပ်လည်း ကိုယ်ကတော့ ဆက်လုပ်တယ်။ ယောဂီတွေအားလုံး လည်း ဒီလို စိတ်ထားနဲ့ ဒီလို ပြုလုပ်ဖို့ တာဝန်ရှိပါ တယ်။ အင်မတန် တန်ဖိုးရှိတဲ့ ရခဲလှတဲ့ အလုပ်ကို ပြုလုပ်နေခြင်းပါ။ လူကတော့ အသက် ငယ်ရင်ငယ်မယ်၊ ကြီးရင်ကြီးမယ်၊ ကျန်းမာရင် ကျန်းမာမယ်၊ မကျန်းမာ ရင် မကျန်းမာဘူး၊ ငါ စွဲကြီးရင်ကြီးမယ်၊ နည်းရင် နည်းမယ်၊ ပညာတတ်ရင် တတ်မယ်၊ မတတ်ရင် မတတ်ဘူး။ ဒါက အရေးမကြီးပါဘူး။ လုပ်တဲ့လုပ်ရပ်က ကြီးကျယ်တဲ့ တန်ဖိုးရှိတဲ့ ကောင်းမှုကုသိုလ်အလုပ် ဖြစ်နေဖို့သာ အရေးကြီးတာပါ။
ဦးဥတ္တမသာရ
                                                                                                                 

No comments: