Thursday, May 14, 2015
စွန်းလွန်းဂူဆရာတော်ကြီး ဖြေကြားသော ဝန်ကြီးချုပ်ဦးနု၏ မေးခွန်းများ-ညီညီတင်
စွန်းလွန်းဂူဆရာတော်ကြီး ဖြေကြားသော
ဝန်ကြီးချုပ်ဦးနု၏ မေးခွန်းများ
ညီညီတင်
          တစ်ချိန်က သာသနာမှာ ရဟန္တာတစ်ဆူဟု ကျော်ကြားတော်မူသော ထွန်ထောင် ဆရာတော် (လူ့ဘဝတုန်းက ထွန်ကိုထောင်၊ နွားတွေကို ဘေးမဲ့ပေးပြီး ရဟန်း ဘောင် ဝင်ရောက်ခဲ့လို့)စွန်းလွန်းဂူဆရာတော်ဦးကဝိကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ဖူးမြော်ရင်း မေး+ ဖြေခဲ့တဲ့ စကားဆိုတာကို လွန်ခဲ့သောနှစ်ပေါင်း(၆၀) ကျော်က ထုတ်ဝေခဲ့သည့် ဤစာအုပ်လေးကို ပြန်လည်ဖတ်ရှုရသည့်အခါ ပညာရှင်နှစ်ဦး၏ အဘိဓမ္မာဆိုင်ရာ အမေး အဖြေတွေကို ဓမ္မမိတ်ဆွေများ လေ့လာစေချင်ပါသဖြင့် တင်ပြအပ်ပါသည်။
မေး -   လူတို့ပြည်တွင် သစ်လေးပင်၊သေစေလို ရေအေးလောင်း၊ ရှင်စေလို ရေနွေးလောင်း ဟူသော အမေးကို ဖြေကြားတော်မူပါ ဘုရား။
ဖြေ -   လူတို့ပြည်တွင် သစ်လေးပင်ဆိုရာ၌ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ရယ်လို့ လောက ဝေါဟာရအားဖြင့် ရှိသော်လည်း ဘယ်ပြည်မှာများ ဘုရားပွင့်တယ်လို့ ကြားဖူးသတုံး။
                   လူ့ပြည်မှာလို့ ကြားဖူးပါတယ် ဘုရား။
                   အဲ - ဂင်္ဂါ ဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ဘုရားရှင်များမှာ သစ္စာလေးပါးနှင့်သာ ပွင့်ခြင်းကြောင့် လူတို့ပြည်တွင် သစ်လေးပင်ဟုဆိုသည်။ သေစေလို ရေအေးလောင်း ဆိုရာ၌ မဂ္ဂင်ရေကို ဆိုလိုသည်။ ရှင်စေလို ရေနွေးလောင်း ဆိုရာ၌ လောဘ၊ ဒေါသ၊ မောဟရေနွေးကို ဆိုလိုသည်။
မေး -   မထိုင်ခင်က ခြေဆေး၊ မလင်းခင်က ရောင်နီလာ၊ မချက်ခင်က ထမင်း၊ မကျက်                             ခင်က စားပြီးပြီ၊ မရက်ခင်က ပုဆိုး၊ မချုပ်ခင်က ဝတ်ပြီးပြီ၊ ၄င်းအမေးကို                          ဖြေတော်မူပါဘုရား။
ဖြေ -   အေး အဲဒါ ဝိတက်လို့ ခေါ်တယ်။ (ဝိတက် ဆိုသည်မှာ ကြံစည် စဉ်းစား စိတ်ကူးယဉ်ခြင်း ဖြစ်သည်။)
မေး -   ဘုရားတစ်ဆူ တစ်ဆူလျှင် သင်္ချေနှစ်ဆယ် ကုဋေရှစ်ဆယ်ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်သွားတယ်လို့ကြားဖူးပါတယ်။ကျန်သောသတ္တဝါတွေဟာ လျော့သလား မလျော့ဘူးလားဘုရား။
ဖြေ -   ဒကာကြီးမေးတဲ့အတိုင်းပဲ လျော့သလားဆို လျော့တယ်၊ မလျော့ဘူးလားဆိုရင်လည်း မလျော့ဘူးပေါ့။
မေး -   လျော့တာ ဘယ်လို၊ မလျော့တာ ဘယ်ပုံဆိုတာ သိလိုကြောင်းပါ ဘုရား။
ဖြေ -   လျော့တယ်ဆိုတာက ဥပမာ - ဒကာကြီးအိမ်မှာ လူဆယ်ယောက် ရှိတယ်ဆိုပါတော့။
          ငါးယောက် ဆင်းသွားရင် ဆင်းသွားတဲ့ ပုဂ္ဂိုလ်သတ္တဝါလျော့တာပေါ့၊ မလျော့ဘူးဆိုတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရား မလျော့ဘူး။
မေး -   ထင်းမရှိ တောသုံးထောင်၊ ရေမရှိ မြစ်လယ်ခေါင်၊ နှမမရှိ ခြောက်ယောက်မောင်ကို ဖြေရှင်းတော်မူပါဘုရား။
ဖြေ -   ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့မှာ ကာမ၊ရူပ၊အရူပ ဆိုတဲ့ တောသုံးထောင်ထဲတွင် နေငြားသော်လည်း ၄င်းပုဂ္ဂိုလ်များမှာ လောင်စာ မရှိသောကြောင့် ထင်းမရှိ တောသုံးထောင်ဟုခေါ်သည်။ သတ္တဝါတို့၏အာရုံအစဉ်မှာ မြစ်ရေအလျဉ်ကဲ့သို့ တသွင်သွင် စီးဆင်းနေငြားသော်လည်း ဘုရားစသော အရိယာသူတော်ကောင်းတို့မှာ အာရုံယိုစီးခြင်း မရှိတာကို ရေ မရှိ မြစ်လယ်ခေါင်ဟုခေါ်သည်။ ဘုရားစသော အရိယာ သူတော်ကောင်းတို့မှာ မျက်စိ နား နှာခေါင်း ပါးစပ် ကာယ မန တံခါးခြောက်ပေါက်ပင် ရှိသော်လည်း အာရုံလိုက်စားခြင်း မရှိတာကို နှမ မရှိ ခြောက်ယောက်မောင်လို့            
ခေါ်သည်။
မေး -   အရှင်ဘုရားတို့ ရဟန်းများမှာ မိမိကိုယ်ကိုမိမိ သွေးထွက်အောင်လုပ်ရုံမျှနှင့် ဒုက္ကဋ်အာပတ် တပ်သလား မတပ်ဘူးလား။
ဖြေ -   တပ်တယ်။
မေး -   ဒါဖြင့်လျှင် ဘုရားလက်ထက်က ရဟန်းတစ်ပါးဟာ မိမိလည်ပင်းကို ဓားနှင့်လှီးပြီး ဝေဒနာရှုတာနဲ့ အရဟတ္တဖိုလ်ဆိုက်ပြီး ပရိနိဗ္ဗာန်ပြုသွားတယ်လို့ ကြားဖူးပါတယ်။ ၄င်း ရဟန်း ဟာ အာပတ်နှင့်တကွ မဂ်ဖိုလ်သို့ ဆိုက်ပါသလား ဘုရား။
ဖြေ -   ဆိုက်တာ မှန်တယ်၊ ဒုက္ကဋ်အာပတ် မရှိလို့ ဆိုက်တာ။
မေး -   ဒါဖြင့် ဘုရား၊ အရှင်ဘုရားတို့မှာ သွေးထွက်ရုံမျှနှင့် အာပတ်သင့်တာ၊                                အခုဟာက သွေးထွက်ရုံမက ကိုယ့်ကိုယ်ကိုယ် အသေတောင် သတ်တာ ဒုက္ကဋ်     အာပတ် မသင့်ပေဘူးလား ဘုရား။
ဖြေ -   မသင့်ဘူး။ ဥပမာ ဒကာကြီး ပစ္စည်းမကိုင်နှင့်လို့ မတားမြစ်ခင် ဘုန်းကြီးက ကိုင်လိုက်ရင် ဘုန်းကြီးမှာ အပြစ်များရှိမလား။
မရှိပါ ဘုရား။
တားမြစ်ပြီးမှ ကိုင်တော့ရော
          အပြစ်ရှိပါတယ် ဘုရား။
          အဲသည်ဥပမာအတိုင်းပဲ။ ထိုပုဂ္ဂိုလ်မှာ အပြစ်မရှိတာလည်း မှန်တယ်၊ မဂ် ဖိုလ် ဆိုက်တာလည်း မှန်တယ်။
          ကျေနပ်ဝမ်းမြောက်လှပါသည် ဘုရား။
          ယင်းရဟန်းကား လူ့ဘဝကို ငြီးငွေ့လွန်းသောကြောင့် ထွက်ပေါက်ရှာသည့် အနေဖြင့် ရပြီးသား လောကီဈာန်ကို မလျော့ကျခင် မြစ်ကမ်းနားသွားကာ မိမိကိုယ်ကို ဆံရိတ်သော သင်ဓုန်းဓားဖြင့် လည်ပင်းကို လှီးဖြတ်မည် ကြံရွယ်စဉ် ရဟန်းဘဝတစ်လျှောက်လုံး စောင့်စည်းထိန်းသိမ်းလာခဲ့သော မိမိ၏ စင်ကြယ်သန့်ရှင်းသော သီလကို တွေ့မြင်ရသောအခါ အဆင့်ဆင့် ဝမ်းသာမှုပီတိသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သော ဖရဏာပီတိအဖြစ်သို့ ရောက်လေ၏။
          ထိုမာရ်နတ်ကား (၃၁)ဘုံအတွင်း ဘယ်နေရာဖြစ်ဖြစ် ရောက်သွားလျှင် သူ့ပိုင်နက်အတွင်း ဖြစ်သော ကြောင့် ကျေနပ်နေလေ့ ရှိသတဲ့။ မာရ်နတ် ရှာဖွေနေ ကြောင်းသိသော ဘုရားရှင်က ဟယ်-မာရ်နတ် သင်က ငါဘုရားတပည့်ကို အထင်သေးသကိုး၊ သင်မကျေနပ် လို့ (၃၁)ဘုံ အတွင်း ကြိုက်သလောက်ရှာ ဘယ်တော့မှ တွေ့မှာမဟုတ်တော့ ဘူး။ ငါ့သားတော် ဂေါဓိက ရဟန်းဟာ နိဗ္ဗာန်ဝင်သွားပြီဆိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ သူ့ နေရာနတ်ပြည်ကို ပြန်သွားသတဲ့။(စကားချပ်-ဂေါဓိကတ္ထေရဝတ္ထု၊ ဓမ္မပဒ)
မေး -   တစ်ခုလောက်လျှောက်ပါရစေ၊                                       သုတ်မဟာဝါပါဠိတော်မဟာနိဗ္ဗာနသုတ်ထဲမှာ ဘုရား၏ ဓာတ်တော်ဝေခန်း တွေ့ပါ             တယ်။ ၄င်းသုတ်ကိုပင် ဘုရားဟောလို့ဆိုပါတယ်။ ဓာတ်တော်များကိုဘုရားပရိနိဗ္ဗာန်                မပြုမီက ဝေခဲ့ပါသလား သို့တည်းမဟုတ် ဘယ်သူဝေခဲ့သတုံး ဘုရား။
ဖြေ -   ဧဝံ မေ သုတံကို ဘယ်သူဟောသတုံး။
          ကျေနပ်လှပါ၏ ဘုရား။
မေး -   နိဗ္ဗာန်၏ အကြောင်းကို အမိန့်ရှိတော်မူပါဘုရား။
ဖြေ -   နိဗ္ဗာန်အကြောင်း သိချင်သလား၊ သိချင်လျှင် ဘင် စွန်း မြင်အောင်ကြည့်က သိလိမ့်မည်။
မေး -   ဘယ်လို ဘင်စွန်း ဘယ်လိုမြင်အောင်ကြည့်ရမှာတုံး ဘုရား။
ဖြေ -   ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် မိမိ ခန္ဓာကိုယ်ကို သတိနှင့် သုံးသပ်လျက် သမာဓိ အားကောင်းလာသော် စိတ် စေတသိက် ရုပ် ဆိုတဲ့ တရားသုံးပါးကို ပိုင်းပိုင်းခြားခြား မြင် သောအခါ ဒီဒုက္ခကြီးဟာ ဘယ်သူ့ကြောင့်လဲလို့ စိစစ်လိုက်တော့ လုပ်ပေးတတ်တဲ့ လောဘဆိုတဲ့ သမုဒယကို မြင်တော့ မဂ်က အနုသယကို ပယ်သတ်လိုက်တာနှင့် ဥပါဒ် ဌီ ဘင်ဆိုတဲ့ အကြောင်းအကျိုးပြတ်တာကို ဘင်စွန်းဟု ခေါ်တယ်။ အဲဒီဘင်စွန်းကို ပြောတာ။
မေး -   မိမိခန္ဓာကိုယ်ကို ထိတော့ သိတယ်လို့ ပြောတယ်။ သိတယ်ဆိုတာ သူချည်းပဲ သိတာလား သို့မဟုတ် သူတကာ(အခြားတရား)နှင့်ရောစပ်မှ သိတာလား။
ဖြေ -   ရောစပ်မှသိတယ်။
မေး -   ရောစပ်သူ ထည့်ပေးပါဘုရား။
ဖြေ -   ဝေဒနာ သညာ ဝိညာဏ် ထိုသုံးချက် စုမှ သိမှုဖြစ်တယ်။
မေး -   စုပေးသူများရှိရင် ထည့်ပေးပါ ဘုရား။
ဖြေ -   ထိုသုံးချက်ကို သင်္ခါရက မြေ ရေ လေ မီး ဓာတ်ကြီးလေးပါးကို တံခါးမှာ စုပေးတော့ သိခြင်း မှတ်ခြင်း ခံစားခြင်းဖြစ်ပေါ်လာသည်ကို သိမှုဖြစ်တယ်(သိတယ်)လို့ ခေါ်တယ်။
မေး -တစ်ထောင့်ငါးရာတည်းဟူသော ကိလေသာဟာ ခန္ဓာကိုယ်ကြီးတွင် ဘယ်နေရာမှာ ကိန်းပါသတုံး ဘုရား။
ဖြေ -   သိချင်သလား၊ သိချင်ရင် ဇာတိ မြင်အောင် ကြည့်၊ ဇာတိ ကိန်းတယ်။
မေး -   ဘယ်လို ဇာတိ ဘယ်လို မြင်အောင် ကြည့်ရမှာတုံး ဘုရား။
ဖြေ -   မြေ ရေ လေ မီး ဓာတ်ကြီးလေးပါးရှိတယ် မဟုတ်လား၊ ၄င်း ဓာတ်ကြီးလေးပါးကို သင်္ခါရက ပြုပြင်ပေးတော့ သိမှု မှတ်မှု ခံစားမှု ဖြစ်ပေါ်၍ လာတယ်။ အဲဒါ ဇာတိပဲ။ အဲဒီဇာတိကို မြင်အောင်ကြည့်က သိလိမ့်မယ်။
မေး -   ရဟန်းများ၌ သိအပ်သော တရားငါးပါးကို အမိန့်ရှိတော်မူပါ ဘုရား။
ဖြေ -   (၁) အလိုရှိခြင်း၊
          (၂) ကျက်စားခြင်း၊
          (၃) ထောက်တည်ခြင်း၊
          (၄) နှလုံးသွင်းခြင်း၊
          (၅) ပြီးဆုံးခြင်း၊
          အလိုရှိတာက ဘာကို အလိုရှိတာတုံးဆိုရင် သုခ ချမ်းသာကို အလိုရှိတယ်။
          ပညာကို ကျက်စားတယ်။
          သီလ သမာဓိ ပညာကို ထောက်တည်တယ်။
          ကြောင့်ကျမှု တောင့်တမှုကင်းတာကို နှလုံးသွင်း တယ်။
          နိဗ္ဗာန်ကို ပြီးဆုံးတယ်။
          အဲဒါ ရဟန်းများ၌ သိအပ်သောတရား ငါးပါးပဲ။
စွန်းလွန်းဆရာတော်ဘုရားကြီးမှ ဦးနုအတွက် ပဋ္ဌာန်းတရားတော်
          ဒကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံဂူ ကျောင်းဘုန်းတော်ကြီး ဦးကဝိ ရှိတယ်လို့ မကြားဘူးလား။
          ကြားပါ၏ ဘုရား။
          အဲဒါ ဟိတ်ခတ်တာ။ ဟေတုပစ္စယော လို့ ခေါ်တယ်။ ၄င်းနောက် သွားဦးမှပါလေလို့ အာရုံက မဆန့် ဘူးလား။
          ဆန့်ပါ၏ ဘုရား။
          အဲဒီ အာရုံဆန့်တာကို အာရမ္မဏပစ္စယောလို့ ခေါ်တယ်။
          နောက်တစ်ဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ ခြေရင်းသို့ မရောက် ရောက်အောင် သွားဦးမှပဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံကဆွဲလာ၍ အခု ဘုန်းကြီး ခြေတော်ရင်း သို့ ရောက်လာတာဟာ ဒကာကြီး လာချင်လို့လာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ဆွဲလာခြင်းကြောင့် အဓိပတိ ပစ္စယောလို့ခေါ်တယ်။
          မှန်လှပါ၏ ဘုရား။
          အဲဒါ ဘာကြောင့်လာရတာလဲ ဆိုရင် ရှေးက ဘုန်းကြီးနှင့်တွေ့ခဲ့ရဖူးလို့ ခု တွေ့ချင် တယ်၊ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလည်း တွေ့ရလေဦးမယ်။ ဒကာကြီး ဝက်သားများ စားဖူးသလား။
          စားဖူးပါ၏ ဘုရား။
          အဲ ရှေးက ဝက်သားကို စားခဲ့ဖူးလို့ ခု စားချင်တယ်။ ခု စားချင်လို့ စားရပြန်တယ်၊ နောင်ကိုလည်း စားရလေဦးမယ်။ ခွေးသားရော စားဖူးပါသလား။
          မစားဖူးပါ ဘုရား။
          အဲ ရှေးက ခွေးသားမစားဖူးလို့ ခု မစားချင်ဘူး၊ ခု မစားချင်လို့ ခု မစားဘူး၊ နောင်ကိုလည်း စားရမှာ မဟုတ်ဘူး။ ရှေးက ဒီတရားမျိုးကို နာခဲ့ရဖူးလို့ ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကိုလည်း နာရလေဦးမယ်။အနန္တရ၊ သမနန္တရ၊ သဟဇာတ၊       အညမညပစ္စည်း ဆက်မသွားဘူးလား။
          သွားပါ၏ ဘုရား။
          ဘုန်းကြီး၏ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့၊ အမျှဝေ၊ မိမိခန္ဓာ ကိုယ်ကို ဘုရားလှူ၊ နှာသီးဖျားမှာ စိတ်ကိုထား၊လေတိုးထိတော့ သိလိမ့် မယ်။ သိတဲ့ အပေါ် သတိထားရ မယ်ပြောတော့ နိဿယပစ္စယော၊ဥပနိဿယပစ္စယော လို့ခေါ်တယ်။
          မှန်လှပါ ဘုရား။
          အားထုတ်ဆဲ အခိုက်အတန့်မှာ မျက်စိကတော့ တောင်ကြည့်မြောက်ကြည့် ကြည့်သေးရဲ့လား။
          မကြည့်ပါဘုရား။
          နားကကော ဟိုထောင်သည်ထောင် ထောင်သေးရဲ့လား။
          မထောင်ပါ ဘုရား။
          နှာခေါင်းကကော ဟိုရှူသည်ရှူ ရှူသေးရဲ့လား။
          မရှူပါ ဘုရား။
          ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။
          မရှိပါဘုရား။
          ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင်သည်သွားချင် ရှိသေးရဲ့လား။
          မရှိပါ ဘုရား။
          အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှာ ကာယဆို တဲ့ ဣနြေ္ဒငါးပါး မလုံဘူးလား။
          လုံပါ၏ ဘုရား။
          အဲဒါ ဣနြ္ဒိယပစ္စယောလို့ ခေါ်တယ်ကွဲ့။ မိမိနှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့်သုံးသပ်ပါများသော်  ဈာန်သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်။ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ ဈာနပစ္စယောပဲ။
          မှန်လှပါ ဘုရား။
          ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ၊ အေးမှန်းသိတဲ့ အခါမျိုးကျတော့ ပူမှုနှင့်သိမှတ်မှု၊ အေးမှုနှင့် သိမှတ်မှုတွေ ချုပ်သွားလိမ့်မယ်။ အဲဒါ မဂ်ခရီး ရောက်ခြင်းကြောင့် မဂ္ဂပစ္စယောလို့ခေါ်တယ်။
          မှန်လှပါဘုရား။
          ကင်းတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာက သင်္ခတဓာတ်၊ ကင်းတာက အသင်္ခတဓာတ် မဟုတ်လား။
          ဟုတ်ပါ၏ ဘုရား။
          အဲဒါ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောလို့ ခေါ်တယ်။
          မှတ်ချက် - ဤနေရာမှစ၍ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် စွန်းလွန်းဆရာတော်တို့ ဝိပဿနာအကြောင်း၊ ဝိနည်းအကြောင်း၊ အဘိဓမ္မာသဘောတရားများ ဆွေးနွေးခန်း ပြီးဆုံးပါပြီ။
ချမ်းသာပါစေ၊ငြိမ်းအေးပါစေ၊သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
ဘဝတုသဗ္ဗမင်္ဂလံ
ညီညီတင်
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း အတွဲ-၁၆၊ အမှတ်-၅၊ ၂၀၁၅-ခုနှစ်၊ မေလထုတ်ကို အောက်ပါ Link တွင် Download ယူ၍ဖတ်ရှုနိုင်ပါပြီ..............
တွေ့ဆုံမေးမြန်း ဓမ္မလမ်း-မိုးမိုးစောဝင်း
          မြတ်စွာဘုရားသာသနာမှာ ပထမဆုံး ဘိက္ခုနီပြုခွင့်ရပြီး ဘိက္ခုနီများထဲမှာ သိက္ခာဝါ           အကြီးဆုံးရ ဧတဒဂ်ဂုဏ်ထူးကို ချီးမြှောက်ခံရသူဟာ မိထွေးတော်ဂေါတမီဖြစ်တယ်လို့ ဖတ်ရှု မှတ်သားဖူးပါတယ်။  ဘိက္ခုနီ သာသနာဟာ မိထွေးတော်ဂေါတမီရဲ့ စွမ်းဆောင်မှုကို  အခြေ တည်ပြီး အရှင်အာနန္ဒာရဲ့လျှောက်ထား တောင်းပန်မှုနဲ့ ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ ဘိက္ခုနီခေါ် ရဟန်းများဟာ ရဟန်း ယောက်ျားများထက်သိက္ခာပုဒ်(၃၁၁)ပုဒ်ကို  ပိုပြီး တင်းကျပ်စွာ လိုက်နာစောင့်ထိန်းခဲ့ရသူများ ဖြစ်ပါတယ်။ ဘိက္ခုနီသာသနာ ပေါ်ပေါက်လာ ခြင်းဖြင့် အမျိုးကောင်းသမီးလေးတွေဟာ အမျိုးသားများ နည်းတူ တန်းတူအခွင့်အရေးများ ရပြီး ရဟန်းမ ပြုလုပ်လို့ မဂ်ဖိုလ်အသီးအပွင့်များကို ခံစားခွင့်ရခဲ့ပါတယ်။ ဘုရားရှင်သာသနာ ခြောက်ရာကျော်ခန့်အချိန်မှာတော့ ဘိက္ခုနီ သာသနာ ကွယ်ပျောက်ပြီး ရဟန်းမများနည်းကို မှီးလို့ အမျိုးသမီးများဟာ ရှစ်ပါးသော သီလ၊ ဆယ်ပါးသောသီလတို့ကို စောင့်ထိန်းပြီး သာသနာ့ နွယ်ဝင်သီလရှင်အဖြစ် ရပ်တည်ခွင့် ရခဲ့ကြပါတယ်။ သီလရှင်များဟာ ရဟန်းတော် များ နည်းတူ ပရိယတ်ပဋိပတ်တို့ကို ထမ်းဆောင်ခွင့်ရခဲ့ပါပြီ။ ဒါကြောင့်လည်း အမျိုးသမီး သာသနာပြုတွေ များစွာ ထွက်ပေါ်ခဲ့ပြီး အခုဆိုရင် ကျွန်မတို့ရဲ့ အမျိုးသမီးသာသနာကို သီလရှင် ဆရာလေးများ ဆရာကြီးများက ဦးဆောင် ထမ်းပိုးနေကြတာဟာ အင်မတန် သာဓုခေါ်စရာ ကောင်းလှပါတယ်။ ဒါကြောင့်လည်း ဒီတစ်လ တွေ့ဆုံမေးမြန်းဓမ္မလမ်း အစီအစဉ်မှာ ပဲခူးမြို့ လိပ်ပြာကန်သီလရှင် စာသင်တိုက်က ဦးစီး ပဓာနနာယက(ပဲခူးတိုင်း သီလရှင် အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ) ဆရာကြီး ဒေါ်ဂုဏဝတီနဲ့ တပည့် သီလရှင်ဆရာလေး များဖြစ်သော ဒေါ်ဝိမလ စာရီ၊ ဒေါ်ကလျာသိင်္ဂီတို့ကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်ရှင်။         
မိုးမိုးစောဝင်း
တွေ့ဆုံမေးမြန်း ဓမ္မလမ်း
          ၁။ ဆရာကြီးးဘုရားရဲ့ဘွဲ့အမည်နဲ့ အခုလက်ရှိ သီတင်းသုံးနေတဲ့ စာသင်တိုက် အမည်ကို ပြောပြပေးပါဦးဘုရား။
          ဆရာကြီးရဲ့ ဘွဲ့အမည်က  ဒေါ်ဂုဏဝတီဖြစ်ပါတယ်။ စာသင်တိုက်အမည်ကတော့ ပဲခူးမြို့ လိပ်ပြာကန် သီလရှင်စာသင်တိုက်ဖြစ်ပါတယ်။
          ၂။ ဆရာကြီးရဲ့ ကျောင်းတိုက်မှာရှိတဲ့ သီလရှင် ဦးရေနဲ့ စာသင်သားသီလရှင် ဘယ်နှပါးလောက် ရှိပါလဲဘုရား။
          ရှိတဲ့သီလရှင်က ခြောက်ဆယ့်သုံးပါး၊ စာသင်သား သုံးဆယ့်ငါးပါး ရှိပါတယ်။
          ၃။ သင်ယူနေတဲ့ အတန်းတွေကို အမိန့်ရှိပါဦး ဘုရား။
          အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ ဓမ္မာစရိယနဲ့ အခြေပြုတန်းလေးတွေလည်း ရှိပါတယ်။ အခြေပြုတန်းဆိုတာ သီလရှင်ဖြစ်ဖြစ်ချင်း အငယ်တန်း မတိုင်မီ ပရိတ်ကြီးတို့ သီလရှင်ကျင့်ဝတ်တို့ ဘုရားရှိခိုးတို့ စတာတွေ သင်ရတာပေါ့နော်။ အခြေပြုတန်းမှာဆို အငယ်ဆုံး သီလရှင်က ကိုးနှစ်ပါ။
          ၄။ ဆရာကြီးရဲ့ သက်တော်နဲ့ဝါတော်ကိုလည်း ပြောပြပေးပါဦးဘုရား။
          အသက်က ၈၃ နှစ်ပါ၊ ဝါတော်က ၆၈ ဝါပါ။
          ၅။ ဆရာကြီးဘုရား သာသနာ့ဘောင်ကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါဦးဘုရား။
           ဆရာကြီးဘုရားတို့ ငယ်ငယ်တုန်းက ဂျပန်ခေတ်၊ စာသင်လို့ မရတော့ဘူး။ ဆရာတွေကို အစိုးရလစာလည်း မပေးတော့လေ။ အဲဒီတော့ ဆရာကြီးတို့ ငယ်ဘဝမှာ သီလရှင်ကျောင်းကို သွားနေကြတယ်။ ဘုရားစာတွေ ဘာတွေ သွားသင်ကြတယ်ပေါ့။ အဲဒီတော့ သီလရှင် ဝတ်ချင်လား ဘာလား မေးတော့တာပေါ့။ ကိုယ်ကလည်း ငယ်ငယ် ဆိုတော့ ဝတ်မယ် ဝတ်ချင်တယ်လို့ ပြန်ပြောလိုက်တာပေါ့။ သိပ်တော့ ဝတ်ချင်သေးတာ မဟုတ်ဘူး။ ဒါပေမဲ့ အမေက ယုံပြီး တကယ်ပဲ အဟုတ်ဝတ်မယ်ထင်ပြီး ဆွမ်းတွေဘာတွေ ချက်၊ ဘယ်လိုဆွမ်းကျွေးမယ် ဆိုတာတွေ ဘာတွေ အစီအစဉ်လုပ်တော့တာ။ ဆေးဝင်္ကပါ ဆရာတော်ဘုရားကလည်း ဆရာကြီးတို့ တောရကျောင်းနောက်မှာ ဘုရားတွေလာတည် နေတာလေ။ ညကျရင် တရားပွဲတွေ ဘာတွေလုပ်ပေါ့။ လှည်းတွေနဲ့ တရားပွဲကိုသွားရတာ ပေါ့။ တရားနာရတာကို ပျော်နေတာ။ ပြီးတော့ ဆရာတော် ဘုရားတည်တဲ့နေရာမှာ ခဲထု သဲထု လုပ်အားဒါနပေါ့။ ဒီလိုလုပ်နေရင်းနဲ့ကို သီလရှင်ဘဝနဲ့ ဆက်ပျော်သွားတာပဲ။ ဆရာတော် ပြန်ကြွသွားတော့ ဆရာကြီးတို့ရဲ့ ဆရာက နင်တို့ကို ဒီတိုင်းထားလို့ မဖြစ်ဘူး။ စာသင် တိုက်ကိုပို့မယ်ဆိုပြီးတော့ ရန်ကုန် ဗဟန်း (၁)လမ်း ရွှေကြာရုံစာသင်တိုက်ကို ပို့တာ။
          ၆။ ဆရာကြီးဘုရား ပြောပြနေတဲ့ ငယ်ဘဝက ဘယ်ရွာ ဘယ်မြို့များလဲဘုရား။ အဲဒီတုန်းက ဆရာကြီးဘုရားက ဘယ်အရွယ်လောက်လဲ ဘုရား။
          ကွေ့တန်းရှည်ရွာတဲ့ ပဲခူးမြို့နယ်ထဲမှာပဲလေ။ အသက်က ဆယ့်ငါးနှစ်ကျော်ကျော်ပေါ့။
          ၇။ ဒါဆို စာသင်တိုက်ကို့ပို့ပြီး စာသင်စေတဲ့အခါမှာ ဒီ ရွှေကြာရုံကျောင်းတိုက်မှာပဲ တောက်လျှောက် သင်ခဲ့တာလား ။ စာသင်တိုက် အပြောင်းအလဲတွေ ရှိသေးလားဘုရား။
          မရှိဘူး ၊ အဲဒီတစ်ခုတည်းပဲ၊ အဲဒီကျောင်းမှာပဲ အစိုးရ ပထမငယ်ကို ၁၃၁၅- နှစ်မှာအောင်တယ်။ အစိုးရ ပထမလတ်ကို ၁၃၁၆- မှာအောင်တယ်။ အစိုးရ ပထမကြီးကို ၁၃၁၈- မှာ အောင်တယ်။ ၁၃၂၀- ကျတော့ သာသနာ့ဓဇ ဓမ္မာစရိယတန်းကိုအောင်တယ်။  ၁၃၂၂- မှာ သာသနာ့ဓဇဓမ္မာစရိယ ပါဠိပါရဂူတန်းကို အောင်မြင်ခဲ့ပါတယ်။ ဆရာကြီးဘုရား အောင်မြင်ခဲ့တုန်းက အချိန်ဆို ပါဠိပါရဂူတန်းကိုအောင်တာ တစ်နိုင်ငံလုံးမှာ နှစ်ပါးပဲ ရှိခဲ့ပါ တယ်။
          ၈။ ဆရာကြီးဘုရားရဲ့အောင်မြင်မှုတွေက ဂုဏ်ယူစရာပဲဘုရား။ သာသနာ့လမ်းမှာ လျှောက်ပြီး ဒီလိုခက်ခဲတဲ့ စာမေးပွဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဘယ်လို စွမ်းရည်စိတ်ဓာတ်မျိုး ထားခဲ့လို့လဲဘုရား။
          ဆရာကြီးဘုရားက ပင်ကိုÓာဏ်ကောင်းတယ်။ ပြီးတော့ စိတ်မပျံ့လွင့်ဘူး။ ကိုယ့်လျှောက်မယ့် လမ်းကို တဖြောင့်တည်း တစ်စိတ်တည်းထားပြီး တည့်တည့် မတ်မတ်လျှောက်ခဲ့လို့ လို့ သုံးသပ်မိတယ်။
          ၉။ အနှောင့်အယှက်ဆိုတာလည်း တစ်ခါမှ မကြုံတွေ့ခဲ့ဖူးလားဘုရား။
          ရှိတာပေါ့။ ကိုယ်က အကြီးဆုံးလေ။ တစ်ခါတလေ အမေ့ကို သနားတယ်။ လူဝတ်နဲ့ အမေ့ကို ကူရင်ကောင်းမလားပေါ့။ ဒါပေမဲ့ အမေက ပြောတယ်။ သာသနာ့ဘောင်မှာပဲ နေပါ။ ငါ့သမီး လူထွက်လည်း အမေ့အတွက် ဘာမှမထူးပါဘူး။ အလတ်တွေ အငယ် တွေရှိပါတယ်။ ရွေးချယ်ထားတဲ့ လမ်းမှာ စိတ် အနှောင့်အယှက် ကင်းကင်းနေပါလို့ပြောတာနဲ့ ဆရာကြီး ဘုရားလည်း ဆက်ဝတ်ဖြစ်ခဲ့တာပါ။အခုတော့ အလတ်ရော အငယ်ရော ဆုံးသွားကြပါပြီ။
၁၀။ ဆရာကြီးဘုရား ပရိယတ် ပဋိပတ်ကို မျှတအောင် ဘယ်လို ကျင့်ကြံနေထိုင်ပါလဲဘုရား။
          နှစ်ခုလုံး မျှအောင်ကျင့်သုံးပါတယ်။ ဆရာကြီးက ကိုယ်တိုင်လည်း စာတွေသင်ခဲ့တယ်။ စာချဆရာ အဖြစ်လည်းနှစ်ပေါင်းများစွာလုပ်ခဲ့တယ်။ကိုယ်တိုင်တင်မက ကိုယ့်တပည့်တွေကို လည်း နွေလ ကျောင်းပိတ်တဲ့ အခါဆို တပည့်တွေကိုလည်း တရား အားထုတ်ခိုင်း တယ်။ မိုးကုတ်ဖြစ်ဖြစ် မဟာစည်ဖြစ်ဖြစ် နောက် ဒေးစွန်ပါနားက ဆင်ပုန်းကျောင်းကို လွှတ်တယ်။ တရား အားထုတ်ခိုင်းတယ်။ ဝိပဿနာအားထုတ်ခြင်းရဲ့ စိတ် အေးချမ်းမှုကို သိစေချင်တယ်။ နိဗ္ဗာန်မျက်မှောက် ပြုဖို့ တရားအားထုတ်ရမယ်လေ။ ဆရာကြီးဘုရား ငယ်ငယ်က ဆရာ ဆိုရင် ဘယ်လိုဆုံးမသလဲဆိုတော့ တရားထိုင် တရားအားထုတ်ပြီးမှ စာသင်၊ စာတွေပိုရ တယ်၊ ဥာဏ်ပိုကောင်းတယ်၊ စာမေးပွဲတွေအောင်မယ် ဒီလို ပြောခဲ့တာလေ။ ငယ်ငယ်တုန်း ကတည်းက ဒီစကားကို စွဲနေအောင် မှတ်ခဲ့တာ။ ရန်ကုန်ရောက်ရောက်ချင်းလည်း ရွှေတိဂုံ ဘုရားသွားပြီး ဆုတွေတောင်းခဲ့တာပေါ့။ တကယ်လည်း စာသင်တိုက်ရောက်ရော ပင်ကိုဥာဏ် ကလည်း ကောင်းတာဆိုတော့ စာသင် စာကျက်လို့ သိပ်ကောင်းခဲ့တာပေါ့။
          ၁၁။ ဆရာကြီးဘုရားရဲ့ လက်ကိုင်ထားတဲ့ ခံယူချက်များရှိရင် မိန့်ပါဦးဘုရား။
          “စိတ်ကောင်းရှိ သီလမြဲ သံသရာဝဋ်က ကျွတ်မည်မလွဲ” ဆိုတာ ဆရာကြီးဘုရား ကိုင်စွဲထားတဲ့ ဆောင်ပုဒ်လေးပါ။
+++++++
၁။ ဆရာလေးရဲ့ ဘွဲ့အမည်နဲ့ သက်တော် ဝါတော်ရယ် ဒီစာသင်တိုက်မှာ တာဝန်ယူရမှု အနေအထားလေးကို ပြောပြပေးပါဦးဘုရား။
          ဆရာလေးရဲ့ ဘွဲ့က ဒေါ်ဝိမလစာရီဖြစ်ပါတယ်။ သက်တော်က သုံးဆယ့်ခုနှစ်ပါ။ ဆရာလေးက တိုက်အုပ်ပါ။
          ၂။ ဆရာလေးက စာပေသင်ကြားမှုမှာရော ဘယ်အတန်းတွေသင်ရလဲဘုရား။
ဆရာလေးက အတန်းစုံ မျှသင်ပေးရတာပေါ့။
          ဆရာလေး ပရိယတ်မှာအောင်မြင်ခဲ့တဲ့ စာမေးပွဲတွေကိုလည်း ပြောပြပေးပါဦးဘုရား။
          မူလတန်း၊ အငယ်တန်း၊ အကြီးတန်း အောင်မြင်ပြီး ဓမ္မာစရိယတန်း သုံးကျမ်းအောင် တယ်။ ပြီးတော့ ၆၉- ခုနှစ်က သာသနာ့ဓဇဓမ္မာစရိယဘွဲ့ကို ရခဲ့ပြီးပါပြီ။ စမ္မာစရိယတန်းပြီး ကတည်းက စာချခဲ့တာ အခုဆို စာချသက် ဆယ့်နှစ်နှစ်ရှိပါပြီ။
          ၃။ သာသနာ့လမ်းကို လျှောက်ဖြစ်ပုံအစလေး။
ဆရာလေးမိဘတွေက ဘုရားတရားသမားတွေပါ။ ဆရာလေး ဆယ်နှစ်သမီးလောက် ကတည်းက အဘိုး အဘွားတွေနဲ့လိုက်ပြီး ဘုန်းကြီးကျောင်းလိုက်၊ ဥပုသ်စောင့် ဒီလိုနေခဲ့ တာပါ။ ဆရာလေးတို့ငယ်ငယ်တုန်းကကိုးကွယ်တာက တောင်စွန်းဓမ္မဒူတအရှင်ပညာဇောတ ဆရာတော်ဘုရားလေ။ အဲဒီမှာ တရားစခန်းဝင်တယ်။  တရားစခန်းမှာ သီလရှင်တွေတွေ့ရ တော့ ကိုယ်လည်း သီလရှင်ဝတ်ချင်စိတ်ပေါက်လာတယ်။ နောက်တော့ အဖေ့ရဲ့အစ်မ သီလရှင်ကြီးက မေးလာတယ်။ သီလရှင် ဝတ်မလားပေါ့။ ဒီလိုနဲ့ ဆယ့်ငါးနှစ်သမီးမှာ သီလရှင် ဝတ်ဖြစ်တယ်။ ဝတ်တုန်းကတော့ အမြဲဝတ်မယ် မရည်ရွယ်ခဲ့ပေမဲ့ သီလရှင်ဘဝရောက်ချိန် မှာပဲ စာသင်တိုက်ကိုရောက်၊ စာတွေလေ့လာဆည်းပူးရင်းနဲ့ပဲ ဒီဘဝကိုပျော်မွေ့သွားတာပါ။
          ၄။ ဆရာကြီးဘုရားနဲ့ရော ဘယ်လိုတွေ့ဆုံခဲ့တာလဲဘုရား။
          သီလရှင်စဝတ်ကတည်းက ဆရာကြီးဘုရားဆီမှာပဲ စဝတ်ခဲ့ပြီးတော့ ခုချိန်ထိ အတူတူနေခဲ့တာပါ။
          ၅။ ကိုယ့်ဆရာသမားဖြစ်တဲ့ ဆရာကြီးဘုရား အပေါ်မှာ ဆရာလေး လေးစားအားအကျမိဆုံး အချက်က ဘာများဖြစ်မလဲဘုရား။
          အလေးစားရဆုံးအချက်က ဆရာကြီးဘုရားရဲ့ ကြီးမားတဲ့ မေတ္တာတရားနဲ့ ကိုယ်ကျင့်သီလပါ။
          ၆။ ဆရာလေးတို့လျှောက်တဲ့လမ်းကို လျှောက် ချင်ကြတဲ့ ညီမတွေ အစ်မတွေကို ဘယ်လိုစကားမျိုး နဲ့လက်ကမ်းခေါ်ချင်ပါသလဲဘုရား။
          အမျိုးသမီးသာသနာကို အမျိုးသမီးတွေ ဆက်လက်ထိန်းသိမ်းမှ တည်တံ့ခိုင်မြဲမှာပါ။ သီလရှင်သာသနာထွန်းကားဖို့ ဆရာလေးတို့သီလရှင် တွေမှာ တာဝန်ရှိတယ်။ ဘဝသံသရာ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းလည်းဖြစ်ပါတယ်။ လူဝတ်ကြောင်ဘဝနဲ့ သီလရှင်ဘဝ မတူပါဘူးဆိုတဲ့ သဘောလေးကိုသိပြီး သာသနာ့လမ်းကို ရဲရဲကြီး လျှောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
          ၇။ ဆရာလေးရဲ့ ရည်မှန်းချက်ကို သိပါရစေ။
          ပညာသင်လို့ မဆုံးသေးပါဘူး၊ မဆုံးခဲ့ပါဘူး။ ဒါပေမဲ့ ဆရာသမားကို ကျေးဇူးဆပ်ဖို့ ဆုံးဖြတ်ပြီး တာမို့ တိုက်မှာပဲ စာချတာဝန်ကို ယူနေပါတယ်။ ဒါပေမဲ့  ကိုယ့်တပည့်တွေ လက်ထက်မှာကျတော့ ကိုယ်မလုပ်နိုင် ခဲ့တာတွေကို သူတို့လုပ်နိုင်အောင် ဖြည့်ဆည်းပေး ရတဲ့ သူဖြစ်ချင်ပါတယ်။ သာသာနာပြုနိုင်တဲ့ သူရဲကောင်း တပည့်တွေ အများကြီး မွေးထုတ် ပေးချင်ပါတယ်။
+++++++
          ၁။ ဆရာလေးရဲ့ ဘွဲ့အမည်နဲ့ သက်တော် ဝါတော်ရယ် ကျောင်းတိုက်မှာ တာဝန်ယူမှုအပိုင်းလေးရယ် ပြောပြပေးပါဦးဘုရား။
          ဆရာလေးဘွဲ့က ဒေါ်ကလျာသိင်္ဂီပါ။ အသက်က သုံးဆယ်တစ်ပါ။ အခု လိပ်ပြာကန် စာသင်တိုက်မှာ တိုက်ကြပ်တာဝန် ထမ်းဆောင်နေပါတယ်။
          ၂။ ဆရာလေး သာသာနာ့ဘောင်ကို စ ရောက်ခဲ့ပုံလေး ပြောပြပေးပါဦးဘုရား။
          ဆရာလေး ငါးနှစ်သမီးကတည်းက သီလရှင် ဝတ်ဖြစ်တာပါ။ ဆရာလေးတို့က သာသနာ့ဘောင်နဲ့ နီးစပ်တယ်ပြောရမှာပေါ့။ ဆရာလေးရဲ့ အစ်မအကြီးက သီလရှင်ပါ။ အစ်ကိုတွေကလည်း ဘုန်းတော်ကြီးတွေပါ။ ဆရာလေးအစ်မကြီးက ဆရာလေးကို သူ့လိုပဲ ဖြစ်စေချင်တော့ ငါးနှစ်သမီးလေးကို အရင်ဒုလ္လဘ ဝတ်ပေးတာပေါ့။ ဒီလိုစိတ်နဲ့ အစ်မက ဆရာလေးကို ပြုစုပျိုးထောင်ပေးခဲ့တာပါ။
၃။ မိဘတွေကရော သဘောတူကြပါလား ဘုရား။
          မိဘတွေကတော့ အငယ်ဆုံးသမီးလေး ဆိုတော့ ပထမ သိပ်သဘောမတူကြဘူးပေါ့။ ဒါပေမဲ့ အစ်မကြီးက ဆန္ဒအရမ်းရှိနေတော့ နောက်ဆုံး သဘောတူသွားကြပါတယ်။
          ၄။ ဆရာလေး ဖြေဆိုအောင်မြင်ခဲ့ပြီးတဲ့ စာမေးပွဲတွေကိုလည်း သိပါရစေဘုရား။
          အခြေပြု မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ သာသနာ့ဓဇ ဓမ္မာစရိယတန်း၊ ဝိနယဝိဒူတန်းတို့ အောင်မြင်ခဲ့ပြီးပါပြီ။
          ၅။ ဆရာကြီးဘုရားနဲ့ အသက်ဘယ်နှနှစ် ကတည်းက တွေ့ဆုံခဲ့တယ်ဆိုတာရယ်၊ ဆရာကြီး ဘုရားအပေါ်မှာ လေးစားအားကျမိတဲ့အချက်က ဘာလဲဆိုတာရယ် ပြောပြပေးပါဦး ဘုရား။
          အသက်ဆယ့်တစ်နှစ်ကတည်းက ဆရာကြီးဘုရားရဲ့ ပညာရင်နို့ကို သောက်သုံးခဲ့ တာပါ။ လေးစား အားကျရတဲ့ အချက်ကတော့ အမြဲတမ်း စိတ်နှလုံး အေးချမ်းအောင်နေ တတ်ပြီး မေတ္တာတရားအားကြီးလွန်းတာကို အင်မတန် လေးစားအားကျမိပါတယ်။
          ၆။ သာသနာ့လမ်းကိုလျှောက်တဲ့နေရာမှာ သီလရှင်ဆရာကြီး၊ ဆရာလေးများရဲ့ ဘဝဟာ ခက်ခဲတယ်လို့ တပည့်တော်တို့ နားလည်ပါတယ် ဘုရား။ ဆရာလေးတို့ ဒီအပေါ်မှာရော ဘယ်လို ဝေဖန်သုံးသပ်ချင်ပါလဲ။
          ဟုတ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ ဆရာလေးတို့ကို ပစ္စည်းလေးပါး ဝိုင်းဝန်းပံ့ပိုး ပေးကြတဲ့ ဒါယကာ ဒါယိကာမများရဲ့ ကျေးဇူးတရားနဲ့ အမျိုးသမီးသာသနာ သီလရှင်သာသနာကို ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ သာသနာပြုတယ်ဆိုတဲ့နေရာမှာ ဆရာလေးတို့ တစ်ပိုင်းနဲ့ ပြုလို့် မပြီးဘူးလေ။ ဒကာ ဒကာမတွေရဲ့ အားက အင်မတန် လိုပါတယ်။ ဒကာ ဒကာမတွေ ပံ့ပိုးမှုက အများကြီး အားဖြစ်စေပါတယ်။ ဒကာ ဒကာမ တွေအနေနဲ့လည်း ဒီ ကျောင်းတိုက်က ထူးချွန်တဲ့ စာသင်သားတွေထွက်ရင် အင်မတန် ဝမ်းသာကြတာပေါ့။
          ၇။ ဒီကျောင်းတိုက်ရဲ့ နေ့စဉ်လုပ်ဆောင်မှု ဇယားလေးကိုလည်း သိပါရစေဘုရား။
          ဆရာလေးတို့ မနက် လေးနာရီခွဲ အိပ်ရာထ၊ ငါးနာရီ ဘုရားဝတ်ပြု တစ်နာရီ ကြာတယ်ပေါ့၊ ခြောက်နာရီဆို အရုဏ်ဆွမ်းဘုဉ်းပေးပြီး ခုနစ်နာရီဆို စာသင်ကျောင်းသွား စာချ စာအံပေါ့၊ ဆယ်နာရီထိ လုပ်ကြတယ်။ နောက် ခဏနား ကိုယ်ရေးကိုယ်တာ ကိစ္စလေး တွေလုပ် ၊ ဆယ့်တစ်နာရီဆို နေ့ဆွမ်းဘုဉ်းပေး၊ နောက် နေ့ခင်းတစ်နာရီထိုးရင် စာချ စာအံ ပြန်လုပ်ပေါ့။ လေးနာရီခွဲဆို စာသင်ကျောင်းပြန်ဆင်းပေါ့။ ညနေ ခြောက်နာရီဆို ဘုရားရှိခိုး တစ်နာရီကြာပေါ့။ ခုနစ်နာရီ ဘုရားရှိခိုးပြီးတာနဲ့ စာသင်ကျောင်းပြန်တက် ၊ ည ဆယ်နာရီထိ ပေါ့။ ဒါ တစ်နေ့တာ အချိန်ဇယားလေးပေါ့။ နောက်ပိုင်းအချိန်တွေက တရားအားထုတ် ပုတီးစိတ်ပေါ့။ ည ဆယ့်တစ်နာရီဆိုရင်တော့ အိပ်ကြတာပေါ့။
          ၈။ လျှောက်လှမ်းခဲ့ရတဲ့လမ်းမှာ အခက်အခဲ များရှိရင် ပြောပြပေးပါလားဘုရား။
          အခက်အခဲကတော့ လူ့ဘဝမှာလည်းရှိမယ်။ ဆရာလေးတို့ဘဝတွေမှာလည်း ကာယိကဒုက္ခလေးတွေ ရှိတာပေါ့။ ဒါတွေကို ယောနိသော မနသိကာရဆိုတဲ့ တရားလက်ကိုင် ထားပြီးဖြေရှင်းပါတယ်။
          ၉။ ဆရာလေးရဲ့ ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ပြောပါဦးဘုရား။
          ပရိယတ်ရော ပဋိပတ်ကို တွဲပြီး သာသနာ့ တာဝန်တွေကို ထမ်းဆောင်ချင်ပါတယ်။ အခု ဆရာလေးတို့ ပရိယတ်မှာလည်း အမြင့်ဆုံးတွေလည်း ရှိပါသေးတယ်။ ဆရာလေး ဆက်ဖြေချင်ပါသေးတယ်။ တပည့်လေးတွေကိုလည်း သာသာနာ့အာဇာနည် စွမ်းစွမ်းတမံလေးတွေဖြစ်စေချင်တယ်။ သူတို့လေးတွေ ပြည့်စုံအောင် ပံ့ပိုပေးချင်ပါတယ်။
          ၁၀။ သာသနာတော်ကြီးစည်ပင်ပြန့်ပွားဖို့ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။
          စိတ်ကိုထိန်းရင် အားလုံးငြိမ်းတယ်၊ စိတ်တစ်ခု ထိန်း အားလုံးငြိမ်းဆိုတဲ့ မြတ်စွာဘုရားရဲ့ လမ်းညွှန်မှု အောက်မှာ ဆရာလေးတို့ အားလုံးဟာ မိမိစိတ်ကို ထိန်းပြီးတော့ သင့်တင့်အောင် နှလုံးသွင်းပြီးတော့ နေရမယ်။ သာသနာ့ဘောင်ထဲမှာနေမယ်ဆိုရင် မြတ်စွာဘုရားလမ်းညွန်ချက်တွေကို နားထောင်ရမယ်။ ဘုရားသားတော် သမီးတော်တွေဟာ ဘုရားစကား နားထောင် ကျင့်ကြံမယ်၊ လုပ်ဆောင်မယ်ဆိုရင် သာသနာတော်ကြီးကလည်း စည်ပင်ပြန့်ပွားမှာ အသေအချာပါပဲ။
မိုးမိုးစောဝင်း
Wednesday, May 13, 2015
လွဲချော်နေတဲ့ အသိလေးများ-အရှင်ပညာသီဟာဘိဝံသ (ပဉ္စနိကာယ်)
လွဲချော်နေတဲ့ အသိလေးများ
အရှင်ပညာသီဟာဘိဝံသ
(ပဉ္စနိကာယ်)
          ဗုဒ္ဓဘာသာဝင်များ ဆောင်ရွက် လေ့ရှိကြတဲ့ ကုသိုလ်ပွဲတချို့မှာ လွဲချော်နေတဲ့ အသိကလေးများ ရှိနေတာကို သတိထားမိတယ်။        ဥပမာ -အနေကဇာတင်ရာမှာ ထီး၊ တံခွန်၊ ကုက္ကား၊ မလေးပွား၊ ဂြိုဟ် ရွက် စတာတွေ လိုçမလို။ နောက် အနေကဇာတင်တာ နေ့လယ်တွင် မတင်ကောင်း ဆိုတာမျိုးလိုပေါ့။
အနေကဇာတင်ကြွရန် ပင့်သူတိုင်း နောက်ဆက်တွဲက ‘ဘာတွေ လုပ်ထားရမှာလဲ ဘုရား’ လို့ မေးလျှောက်လေ့ရှိကြတယ်။
          ‘ဘာမှမလိုပါဘူး၊ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရုပ်ပွားတော်ကို ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး၊သစ်သီး ကပ်ထားရင် ရပါတယ်’ လို့ ပြောလိုက်ရင်ပဲ ‘မဟုတ်ဘူးလေ ဘုရာ့၊ ထီး၊ တံခွန်၊ ကုက္ကား၊ မလေးပွား၊ ဂြိုဟ် ရွက် စတာတွေ ဝယ်ထားဖို့လိုတယ် မဟုတ်လား ဘုရား’ တဲ့။ အထွန့် တက်လေ့ ရှိကြတာကို အမြဲကြုံရ တတ်တယ်။ မလိုပါဘူးပြောတာကိုပဲ သူတို့က မယုံကြဘူး။အိမ်ရောက် ရင် အဲဒါတွေမဝယ်ဖို့ ပြောထားပေမဲ့ ဝယ်ထားသူတွေက များလှ တယ်။
          ရဟန်းတော်များကလည်း ဒီကိစ္စ အလေးထားပြီး မပြောကြ၊ ရှင်းပြမပေးကြတော့ အဲဒီထီး၊တံခွန်၊ ကုက္ကား၊မလေးပွား၊ဂြိုဟ်ရွက် စတာတွေက အနေကဇာတင်ရာမှာ မပါမပြီး အဓိကနေရာကို ယူလာတာ ကာလကြာပေါ့။ အဲဒါတွေ မပါရင်ဘဲ အနေကဇာတင်ကိစ္စ မဖြစ်တော့သလိုမျိုးတွေ ဖြစ်လာကြတယ်။
          မြို့ကြီး ပြကြီးတွေမှာ ဘုရား စောင်းတန်းသွားပြီး ထီး၊ တံခွန်၊ ကုက္ကား၊မလေးပွား၊ ဂြိုဟ်ရွက် စတာတွေကိုဝယ်ရတာ မခက်လှပေမဲ့ မြို့ ငယ်နဲ့ရွာတွေမှာတော့ အဲဒါတွေက ရှိခဲလှသမို့ အတော်ကြောင့်ကျစိုက် ပြီး မြို့သွားသူကို မှာကြရတယ်။ အလုပ်ပိုတယ်ဆိုတာ အပိုအလုပ် တွေကို လုပ်ကြလို့ ဖြစ်တယ်။ကြေကွဲ ဖို့ကောင်းတာက အချို့ ရဟန်းတော်များက အနေကဇာတင်တယ်ဆိုတာ အရုဏ်တက် လုပ်ရတယ်၊ ထီး၊ တံခွန်၊ကုက္ကား၊မလေးပွား၊ ဂြိုဟ်ရွက် တွေ ဘုရားဈေးမှာရှိတယ်၊ သွားဝယ်ထားကြ၊ ဖြစ်နိုင်ရင် သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုး ဘုရားမှာ ပူဇော်ထား ကြ၊သာသနာပွဲ ထိုးထားကြ၊ ဆန်ပန်းပေါက်ပေါက်လည်း စီစဉ်ထားကြ လို့ မိန့်တော်မူလေ့ရှိကြတယ်။
          ဒကာ၊ဒကာမတွေက ဘာသာရေးကိစ္စ မှန်သမျှ ဘုန်းကြီးတွေ ပြောရင် အမှန်လို့ တစ်ထစ်ချ မှတ် ယူထားတတ်ကြသူတွေ ဆိုတော့ အမှန်တွေပဲ ထင်ကြတယ်။လုပ်လာ လိုက်ကြတာ ဒီကနေ့တိုင်ပဲ ဆိုပါတော့။
          အမှန်ကတော့ ဘုန်းကြီးတိုင်းလည်း ပိဋကတ်ကို ကျွမ်းကျင်တတ်မြောက်ခြင်း ရှိကြတာမဟုတ်လို့ ဆရာသမားတွေနဲ့ အတူနေကြ ရင်း ဆရာသမားတွေပြောခဲ့သလို ကိုယ် လူကြီးဖြစ်လာတော့လည်း ပြောရိုးပြောစဉ် ပြောနေကြရတာ၊ မစိစစ်ဖြစ်ကြတော့ဘူး ဆိုပါတော့။
          ဒကာ၊ ဒကာမတွေကလည်း မိဘတွေနဲ့အတူနေလာ၊ ဒီလိုနဲ့ အိုး ကွဲအိမ်ကွဲ ဖြစ်လာ ကြတော့ မိဘတွေဆောင်ရွက်သလိုမျိုး ဘာသာရေးကိစ္စတွေမှာ ကိုယ်တိုင် ဦးစီးဆောင်ရွက် ဖြစ်ကြတယ်။ ဘာမှထူးပြီးလည်း စဉ်းစားမနေတော့ဘူး။ အမေတို့ လုပ်ကိုင်ဆောင်ရွက် သလိုမျိုး လုပ်ပစ်လိုက်တော့တာ။
          အဲဒီတော့ စာရေးသူ ပြောသ လို အနေကဇာ တင်ရာမှာ ဘာမှ မလိုဘူးဆိုတာကို လက်မခံနိုင်ဘူး၊ မယုံကြည်ဘူးပေါ့။ သိနေတဲ့ အသိအမှားက အခံရှိနေခြင်း၊ ကိုယ်သာ မဟုတ် လူတိုင်း ကာလကြာရှည်၍ သူရောငါပါ လက်ခံဆောင်ရွက်ကြ တာဖြစ်လို့ အမှန်တွေဟုသာ တစ်ထစ်ချ မှတ်ယူနေကြတယ်။
          ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး လွဲချော်နေတဲ့ အသိလေးများကို တည့်မတ်ပေးဖို့ ဘုရားပွင့်လာတာ ဖြစ်တာမို့ လွဲမှားနေတဲ့ အသိလေးတွေကို တရားဟောရင်းနဲ့ပြောဖြစ် ပါတယ်။
          တစ်ခါက အိမ်ထောင်ကျသွား တဲ့ သမီးဖြစ်သူရဲ့ အိမ်တက်အနေကဇာတင်မှာ သမီးဖြစ်သူက စာရေးသူကို တံခွန် ကုက္ကားစတာတွေ လုပ်ထားရမလားလို့ မေးလို့ ဘာမှ မလိုကြောင်းပြောတာကို အမေဖြစ်သူက ဆရာတော်ကလည်း လုပ်ပြီ၊ ရှေးထုံးတွေ မဖျက် ပါနဲ့တဲ့။ ရှေးထုံးကြီးတဲ့။
          စာရေးသူက ဒါတွေ မပါလို့ ဘာမှမဖြစ်ပါဘူးပြောတော့ အဖေ ဖြစ်သူက ဘုရားဈေးက တံခွန် ကုက္ကားရောင်းသူတွေ မရောင်းရတာပေါ့ ဘုရားတဲ့။ အမှန်ပါပဲ။
          အနေကဇာတင်တယ် ဆိုတာကို ဦးစွာ သဘောပေါက်ရင် ထီး၊ တံခွန်၊ ကုက္ကား၊ မလေးပွား၊ ဂြိုဟ် ရွက်တို့ လို,မလို ဆိုတာ သူ့အလိုလို ဘာသာရှင်းပါတယ်။
          လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင် ကာလကြာရှည်စွာ ပါရမီ ဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါး၊ စရိယ သုံးပါးဆိုတဲ့ ပါရမီအလုပ်များစွာတို့ ကိုအားထုတ်ခဲ့ရတဲ့ မြတ်ဗုဒ္ဓလောင်းလျာဟာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ အရုဏ်တက် ချိန်မှာ မျှော်မှန်းခဲ့တဲ့ ဘုရား ဖြစ်ရေး၊ သဗ္ဗညုတဥာဏ်တော်ရရှိရေး ဆန္ဒတော်ကြီးဟာ အောင်မြင်ထမြောက် ပြည့်စုံ ခဲ့တယ်။
          ဘုရား ဖြစ်ပြီးစအချိန်၊ နှလုံးသားမှာ ဟန့်တားလို့မရနိုင်လောက်အောင် အားရတော်မူ လွန်းလို့ နှုတ်တော်မှနေ စကားတော်တွေ အံထွက်လာကြတယ်။ အဲဒီစကားတော်များကို ဥဒါန်းစကားလို့ခေါ်ဆိုတယ်။ ပီတိအဟုန်ကြောင့် ပေါ်ထွက်လာတဲ့ စကားတွေပေါ့။
          ဆိုပါတော့ - ကိစ္စတစ်ခုကို အလေးထား ဆောင်ရွက်ခဲ့တယ်။ အောင်မြင်ဖို့လည်း အထူးမျှော်မှန်း ထားတယ်။မျှော်မှန်းထားတဲ့အတိုင်းလည်း အောင်မြင် ဖြစ်ထွန်းခဲ့ရင် အော်ဟစ် ခုန်ပေါက်ကာ ပျော်မြူးသွားသလိုမျိုးနဲ့ခပ်ဆင်ဆင်တူမယ် ထင်ပါတယ်။
          ဆီအိုးထဲ ဆီများသွန်းလောင်းတဲ့အခါ ဆီတွေက များပြီး အိုးက သေးနေလို့ အိုးအပြင် ဆီများ လျှံ ထွက်ကျလာသလို ကန်ဘောင်နဲ့ ပြည့်စုံတဲ့ ရေကန်ကြီးအတွင်းသို့ဝင် လာတဲ့ရေ က များပြီး ကန်ဘောင်ပေါ်သို့ ရေများ လျှံတက်ကီား ဆင်းသွားသလိုမျိုးဟု ဥပမာနှစ်မျိုး နဲ့ထင်ရှားအောင် ရှင်းပြထားတယ်။
ဥဒါန်းစကားတော်
၁။       အနေကဇာတိသံသာရံ
          (၂)ဂါထာ။
၂။       ပဋိစ္စသမုပ္ပာဒ်အနုလုံပဋိလုံ
၃။       ယဒါ ဟဝေ ပါတုဘဝန္တိဓမ္မာ
          (၃)ဂါထာတို့ ဖြစ်ပါတယ်။
          ယနေ့အခါမှာတော့ အနေက ဇာတင်ရာမှာ ဟေတုပစ္စယော စတဲ့ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိနဲ့ ကျက်သရေမင်္ဂလာ ကောင်းကျိုးချမ်းသာတို့ ဖြာဖြာမိုးမိုး ဖြိုးဖြိုးမောက် ပြည့်စုံစေရန် ရည်သန်၍ ဇယန္တော ဗောဓိယာမူလေ စတဲ့ ပုဗ္ဗဏှ သုတ်လာ ဇယမင်္ဂလာ အောင်ဂါထာ တို့ကိုလည်း ထည့်သွင်းရွတ်ဆိုပူဇော်ကြပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ဘုရား ဖြစ်ပြီးစအချိန် အနည်းငယ်မှာ ဥဒါန်း စကားတော်တို့ကို ကျူးရင့် တော်မူပါတယ်။ စဉ်းစားလိုက်ရင် သိသာ ပါတယ်။ အဲဒီဥဒါန်းစကား တော်တွေ ကျူးရင့်တော်မူစဉ်က ဗုဒ္ဓဘုရားရှင်ရဲ့ လက်တော်မှာ မည်သည့်အရာမျှ ကိုင်ခြင်းမရှိပါ။ ဒါကြောင့် တံခွန် ကုက္ကား စတာတွေ မပါရင်လည်း ဖြစ်ပါတယ်။ အနေကဇာတင်ဆိုတာ ဘုရားကို ပန်းတင်သလို၊ဆွမ်းတော်တင်သလိုမျိုးမဟုတ်။ ဘုရား ဖြစ်စအချိန်မှာ ဗုဒ္ဓဘုရားရှင် ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားတော်များကို ရဟန်း တော်များက ရွတ်ဆိုပူဇော်ခြင်းဖြစ်ပါ တယ်။ ဘုရားဖြစ်စ အချိန်က အရုဏ်တက်မို့ အရုဏ် တက်ချိန် အနေကဇာတင်ရမယ်လို့ ထင်နေတာပါ။ အရုဏ်တက်ပြီးစမှ မဟုတ်၊ အဆင်ပြေတဲ့ အချိန် တင်လို့ရပါ တယ်။ ဗုဒ္ဓနှုတ်ခပတ်မို့ အမြဲ ပူဇော် နေရင်တောင် အမြဲကုသိုလ်ရ နေမှာပါ။
          ဒါ့အပြင် အောင်ဂါထာတွေမို့ အမြဲ ရွတ်ဆိုပူဇော်နေရင်အောင် ဓာတ်တွေ ကိန်းနိုင်မယ် ထင်ပါ တယ်။ ဗုဒ္ဓဂုဏ်တော်တွေဖြစ်လို့ပါ။
          ယနေ့အခါမှာတော့ ဗုဒ္ဓကိုယ်တော်တိုင် ကျူးရင့်နေသည့်အလား သံဃာတော်များက ရွတ်ဖတ်ပြီး ဘုရားရှင်ကိုယ်စား ရုပ်ပွား ဆင်းတုပေါ်သို့ရောက်စေရန် တင်ပေးလိုက်ခြင်းမျိုး ဖြစ်နေတာမို့ အနေကဇာ တင်ပေးတယ်လို့ ဆိုရမလားပဲ။
          ဥဒါန်းစကားတော်တို့ရဲ့အစ စကားက အနေကဇာတိဖြစ်တယ်။ အနေကဇာတိ ဆိုတဲ့ ပါဠိကို စွဲ၍ ပါဠိသက်ဝေါဟာရ အနေနဲ့ အနေ ကဇာတင် လို့ အလွယ်ခေါ်ဆိုဟန် တူပါတယ်။
          အနေကဇာတိ အက္ခရာငါးလုံးမှာ နောက်ဆုံး တိ အက္ခရာ၌လုံးကြီး တင်ကို ‘င်’အသတ် ပြောင်းလိုက်ရင် အနေကဇာတင်ဆိုတဲ့ မွေးစား စကားဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
          အဲဒီလို ဗုဒ္ဓပူဇာကို အနေကဇာ တင်လို့ ခေါ်ဆိုခြင်းကား အဘယ်အချိန်ကစခဲ့တယ် ဆိုတာတိတိကျကျ မပြောနိုင်ဘူး။ ရှေးမထေရ်တို့ရဲ့ အစဉ်အလာအတိုင်း ဘာသာရေး ယဉ်ကျေးမှုအရ ဆက်လက်ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ပိဋကတ်တော်မှာ ဒီပါဠိ တော်များကို ရွတ်ဆိုပြီး အနေကဇာ တင်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပါ။(စာရေး သူ စာမနှံ့လို့လည်း ဖြစ်နိုင်ပါတယ်)
          သံဃာတော်များက မိမိတို့နေအိမ်မှာကိုးကွယ်မယ့် ဆင်းတုတော်မြတ်ကို ထိုပါဠိ တော်များနဲ့ ရွတ်ဆိုပူဇော်ပေးခြင်းဟာ မိမိတို့နေအိမ်၌ ဘုရားပွင့်တော်မူလာခြင်းအသွင်ကို ဆောင်တယ်လို့လည်း ဆိုနိုင်ပါတယ်။
          ဒါကြောင့် နေအိမ်ရှင်များက ‘ငါတို့အိမ်မှာ ဘုရားပွင့်ပြီ’လို့သာ မှတ်ထားကြရပါမယ်။ ပြီးတော့ ငါတို့မိသားစုတွေက ဘုရားနဲ့ အတူနေတာလို့လည်း သဘောပေါက်ကြရပါမယ်။ ရုပ်ပွားတော်မြတ်ကို ဆန်၊ ပန်း၊ ပေါက်ပေါက် တွေနဲ့ပစ်ပေါက်ခြင်းကဘာကြောင့်လဲ ဆိုရင် တော့ မာရ်နတ်ကြီးက ဘုရားပွင့်ထွန်းမည့် အရုဏ်သို့ မဆိုက်ရောက်ခင် တစ်ညအလို ညနေ ဆည်းဆာအချိန်မှာ ဗောဓိပင် နဲ့ရွှေပလ္လင်ကို လုတယ်။ ဓားမိုး လှံမိုးစတဲ့လက်နက်တွေနဲ့ ပစ်ပေါက်တယ်။ ဓား,လက်နက် စတာတွေက ရှက်စနိုးကြလို့ မြတ်ဗုဒ္ဓထံတော် အရောက်မှာ တော့ လက်နက်အသွင် မဟုတ်ကြတော့ဘဲ ပန်းများအသွင် ဖြစ်သွားကြသတဲ့။ ဒီကနေ့ အနေကဇာတင်ရာမှာ ဆန်၊ ပန်း၊ ပေါက်ပေါက်တို့ဖြင့် ရဟန်းတော်များက ပစ်ပေါက်နေခြင်း ဟာ မာရ်နတ်နဲ့ သူ့စစ်တပ် ထိုတုန်းက  ပြုမူဟန်ကို ပမာပြုခြင်းလို့ ဆိုနိုင်ပါတယ်။ ဆန်ပန်းပေါက်ပေါက်တို့ ဖြင့် ရဟန်းတော်များကပစ်ပေါက်နေခြင်းဟာ မိမိတို့ကိုယ်တိုင် မာရ်နတ်ရဲ့ ဘက်တော်သားတွေ ဖြစ်နေသလိုမျိုးပါ။ အပျက်စိတ်နဲ့သာ ပစ်ပေါက်မိရင် ကံကြီးထိုက်မယ်။ ယနေ့ခေတ်မှာ ပိုက်ဆံတွေနဲ့ပါ ပစ်ပေါက်ပေးနေကြရတယ်။
          ပေါက်ပေါက်နဲ့ ပစ်ပေါက်ခြင်းကတော့ ပေါက်ပေါက်မြောက်မြောက် ဖြစ်စေဖို့ထင်ရဲ့။ ပိုက်ဆံများနဲ့ ပေါက်ကြတာကတော့ ငွေတွေ ဝင်လာမစဲ တသဲသဲ ပျံဝဲလာဖို့နေမှာပါ။ ရှေးဆရာတော်ကြီးများကိုယ်တော်တိုင် ထုံးစံအတိုင်း ဆောင်ရွက်နေကြလေတော့ နောင် သံဃာများလည်း အစဉ်အလာအတိုင်း ဆောင်ရွက်ပေးနေကြရတယ်။ဘုရားနဲ့ပတ်သက်တဲ့ ကိစ္စမို့ စိတ် ထားတတ်ရင် ကုသိုလ်ရမှာပါ။ အနေကဇာတင်ခြင်းကား ရုပ်တုတော် စေတီတော် များ ထုလုပ် ကိုးကွယ်ခြင်းက အစပြုခဲ့တာ။ထုလုပ်တည်ထားပြီးနောက် ဒီအတိုင်း ကိုးကွယ်ခြင်းထက် ဘုရားဖြစ်စအချိန်က ကျူးရင့်တော်မူခဲ့တဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ် ပူဇော်ပေးခြင်းဖြင့် သိဒ္ဓိတင်သလိုမျိုး ဆောင်ရွက်တာများလားဟုပင် စဉ်းစားမိပါသည်။
          မြန်မာလူမျိုးတို့က သိဒ္ဓိတင်ပေးတတ်သူကို အထင်ကြီးလေးစားကြတယ်၊ ယုံမှတ်ကြတယ်။ ဘုရား ကိုးကွယ်တာတောင် စီးပွားဖြစ်ဂမုန်းလို သဘောထား ကိုးကွယ်နေကြတာ။ ဘွဲ့အမည်တော် စီးတဲ့ ဆင်းတုတော်နဲ့ ပုံသဏ္ဌာန် ထူးဆန်းတဲ့ ဆင်းတုတော်များဆို ရက်မအားရအောင် နေအိမ်တွေမှာ နှစ်ကုန်ထိ လှည့်လည် ဒေသစာရီ ကြွကာ ပူဇော်ခံနေရတယ်။
          အသိမိသားစုများ အနေကဇာ တင်ပင့်လို့ ကြွရတိုင်း ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်က လာဘ်ခေါ် ဂမုန်း မဟုတ်ဘူး၊ဘုရားထံ ဆုတောင်းပြီး ကိုယ့်ဒုက္ခကို ပြောပြသလိုမျိုး အပူ မကပ်ကြနဲ့လို့အမြဲပြောဖြစ်ပါတယ်။
          မြန်မာလူမျိုးတို့ရဲ့ ကိုးကွယ်မှုကား ဗေဒင်နဲ့နွှယ်လျက် ရောရောထွေးထွေးဖြစ်နေတာ ကို နေရာတိုင်း လိုလိုမှာ တွေ့ရတယ်။ ယတြာချေခြင်း၊ ဘေးမဲ့ပေးခြင်း၊ ဘုရားကိုးဆူ ကပ်ခြင်း၊ ဂုဏ်တော်ပုတီးစိပ်ခြင်းတို့အပြင် အနေကဇာတင်ရာမှာလည်း ဗေဒင်ရဲ့ အငွေ့အသက်များ ပါဝင်နေတယ်။ တံခွန် ကုက္ကား၊ ထီးဖြူ ဂြိုဟ်ရွက်၊ ကြက်လျှာတို့ကို သံဃာ တော်များ ကိုင်နေရတာကိုက သာဓကပါ။
          ဒီကနေ့အခါမှာတော့ တတ်နိုင်တဲ့ ကုသိုလ်ရှင်များက သစ်သီး ကိုးမျိုး၊ ပန်းကိုးမျိုးကို အနေကဇာ တင်မယ့်ရုပ်ပွားတော်အား ကပ်လှူ ပူဇော်တာကို တွေ့ရတတ်ပါတယ်။ ပိုပြီး ဗေဒင်ဆန်လာတာပေါ့။ ရွာမှ မိသားစုအချို့ဟာ ရေကြည်ရာ မြက်နုရာဆိုသလို ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးတွင် စီးပွားလာရှာနေကြတယ်။
          တစ်နေ့တွင် ကိစ္စနဲ့ စာရေးသူ ရောက်သွားရာ ၄င်းတို့အိမ်မှဆင်းတုတော်များကို အနေကဇာတင်ရာတွင် ရဟန်းတော်များ ကိုင်လျက် အသုံးပြုခဲ့တဲ့ ထီးဖြူ၊တံခွန်၊ကုက္ကား၊ ကြက်လျှာ၊မလေးပွား၊ဂြိုလ်ရုပ်စက္ကူ စတာတွေကို ဘယ်မှာစွန့်ပစ်ရမည် မသိဖြစ်နေကြောင်းနဲ့ ထိုအရာတို့ကို မည်သည့်နေရာမှာထားရမှာကို မေးကြလို့ နတ်အိုးကွဲအကြောင်း ပြောဖြစ် ခဲ့တယ်။
          နတ်စင်တင်တဲ့ နတ်ပန်းထိုးတဲ့ ပန်းအိုး ကွဲသွားရင် အခြားအိုးကွဲတွေလို အိမ် နောက်ဖေးမှာ အခြား အသုံးမဝင်တဲ့ အဟောင်းအစုတ် ပလုပ်တွေကိုပစ်ထားသလိုမျိုး ထား ဖို့ကလည်း မဝံ့။အရှင်ကြီးတွေ ကိုင် မှာ စိုးရတယ်။ အဲဒီ ထီးဖြူ၊ တံခွန်၊ ကုက္ကား၊ကြက်လျှာ၊ မလေးပွား၊ဂြိုဟ် ရုပ်စက္ကူ စတာတွေကလည်း ပစ်စရာနေရာရှားလှတယ်။
          စာဖတ်သူများလည်း စဉ်းစား ကြည့်ပါ။ ထိုအရာများကို ဘုရားစင်တွင် အမြဲ တင်လှူ ထားရမှာလား။ ဒါမှမဟုတ် အိမ်ရှေ့ အိမ်နောက် အမှိုက်ပုံ မည်သည့်နေရာမှာ စွန့် ကြရမှာလဲ။
          အထက်ပါ  အနေကဇာတင် ဖြစ်စဉ်အရ ထီးဖြူ၊တံခွန်၊ကုက္ကား၊ ကြက်လျှာ၊မလေးပွား၊ ဂြိုဟ်ရုပ်စက္ကူ  စတာတွေ လိုçမလိုဆိုတာ ဘာသာ ရေးအသိဥာဏ် အထိုက်အလျောက် ရှိသူပင် ထိုကိစ္စ မလိုအပ်တာကို သိနိုင်ပါတယ်။ ဒါပေမဲ့ တွင်ကျယ်နေတဲ့ကိစ္စဖြစ်နေလို့ ဘုရားအနေကဇာ တင်ရာမှာ ထိုတံခွန်၊ ကုက္ကားစတာတွေ မပါမဖြစ်လို့ အများအမြင် ရှိ လာပါတော့တယ်။
          အမှန်ကတော့ တံခွန်၊ကုက္ကား စတာတွေ မပါလည်း အနေကဇာတင်လို့ဖြစ်တာကို ပြောချင်တာပါ။ အဲဒါတွေကို သိပ်အလေးမထားကြပါနဲ့။ ထေရဝါဒသာသနာထွန်းကားခဲ့တဲ့ တိုင်း နိုင်ငံတိုင်းမှာ စေတီပုထိုးနဲ့ရုပ်ပွားတော်များ ထုဆစ်ကိုးကွယ်လေ့ရှိကြတယ်။
          စေတီတော်၊ဆင်းတုတော်တို့ ကို အများဆုံး ထုလုပ်ကိုးကွယ်တာကလည်း အခြား ဗုဒ္ဓဘာသာနိုင်ငံများထက်စာရင် မြန်မာပြည်က ပို များပုံ ရပါတယ်။ ဒါကြောင့် အနေကဇာတင် ပူဇော်ခြင်းကား မြန်မာနိုင်ငံရဲ့ မူပိုင်ဘာသာရေးဓလေ့များ ဖြစ်လေရော့သလားဟုပင် တွေးမိ ပါတယ်။
          စေတီတော်တွင် ဓာတ်တော်များထည့်သွင်းခြင်း၊ ဆင်းတုတော်များ ထုလုပ်ခြင်းသည် သက်တော် ထင်ရှား မြတ်ဗုဒ္ဓကိုယ်စား ကိုးကွယ်နိုင်ဖို့ အတု(အတူ)ပြု ထုလုပ်ကိုးကွယ်ခဲ့ ကြခြင်းဖြစ်ပါတယ်။
          ဘုရားရှင်ကား တစ်မြို့တစ်ရွာ တစ်ကျောင်းတည်းမှာ အမြဲသီတင်းသုံးနေထိုင်ခြင်း မရှိ။ အချို့ ဒကာ ဒကာမများ မြတ်ဗုဒ္ဓ ရှိလိမ့်မယ် အထင်နဲ့ ဇေတဝန်ကျောင်းတော်သို့ ဘုရားဖူးလာတတ်ကြတယ်။
          ကျောင်းတော်ရောက်မှ ဘုရား မရှိတာနဲ့ကြုံလို့ စိတ်မကောင်းဖြစ်ကြရတယ်။ ဘုန်းကံအလွန်ကြီးမားတဲ့ ဆရာတော်ကြီးများထံ ဝေးကွာတဲ့မြို့ရွာများမှ အဖူးမြော်သွားကြရာ ဆရာတော်ကြီး ခရီးသွားနေခိုက်နဲ့ ကြုံပါက စိတ်မောလူမောနဲ့ ပြန်ရသလိုမျိုး နေမှာ။ အရှင်အာနန္ဒာ မထေရ်က အမြော်အမြင်ကြီးစွာနဲ့ ကျောင်းတော်မှာ ဗုဒ္ဓ မရှိခိုက် ဗုဒ္ဓကိုယ်စား ပူဇော်ကိုးကွယ်နိုင်ရန် ဗုဒ္ဓကိုယ်စား ရည်မှန်းထုလုပ်တဲ့ ဥဒ္ဒိဿက ရုပ်ပွားတော်နဲ့ ဗုဒ္ဓ အသုံးအဆောင် ပရိဘောဂစေတီတော် တည်ထားကိုးကွယ်ခွင့် တောင်းခံပါတယ်။ ဗုဒ္ဓက ဗောဓိပင် စိုက်ပျိုးပူဇော်ဖို့ ခွင့်ပြုခဲ့တယ်။
           အရှင်အာနန္ဒာက အရှင် မောဂ္ဂလာန်ကို မဟာဗောဓိပင်မှ အစေ့ကို ယူဆောင်စေပြီး ဇေတဝန် ကျောင်းတော်မုခ်ဝအနီးမှာဗောဓိပင် ကို စိုက်ပျိုးစေပြီး ဗောဓိပင်အောက်မှာ ဗုဒ္ဓ ကိုယ်တော်တိုင် သမာပတ် ဝင်စံတော်မူပါတယ်။ ကိုးကွယ်ကြ သူတို့ အကျိုးများဖို့ အထူးဆောင်ရွက်ခြင်းဖြစ်ကြောင်း စာမှာ ဆိုပါတယ်။(မိမိ သိအပ်ပြီး အရဟတ္တဖိုလ်ကို ထပ်တလဲလဲ ဖြစ်စေခြင်းကို ဖလသမာပတ်ဟု ဆိုသည်။)
          ဗုဒ္ဓမရှိတော့တဲ့ ယနေ့လိုအခါ မျိုးမှာ နေအိမ်မှာ ဘုရားဆောင်နဲ့ ဘုရားဆင်းတု တော်များ ထားကာ ကိုးကွယ်ကြခြင်းမှာ ဗုဒ္ဓဘာသာပီပီ ဘုရားနဲ့ အတူတူနေချင်လို့ ဖြစ်ပါ တယ်။ မြန်မာအများစုက မိဘနဲ့ အတူနေလေ့ရှိကြတယ်မဟုတ်လား။
          ငါတို့ဟာ ဘုရားနဲ့အတူနေကြသူများ ဖြစ်တယ်။ ဘုရားမကြိုက်တဲ့ အကုသိုလ်အမှုကို လွန်ကျူးရင် ဘုရားသိလိမ့်မယ်လို့တွေးပြီး အကုသိုလ် ပြုလုပ်ခြင်းမှ ရှက်ခြင်း ဟိရီ၊ ကြောက်ခြင်း ဩတ္တပ္ပ ဆိုတဲ့ သူတော်ကောင်းတရားနှစ်ပါးနှင့် ပြည့်စုံစွာ နေကြရမယ်။ ဒါမှ ဘုရားကို အလေးထားသလိုမျိုး ဖြစ်ပါတယ်။
          ဥပမာ - အလေးထားအပ်တဲ့ မိဘ၊ ဆရာသမားတို့နဲ့အတူနေသူတို့ဟာ မိဘဆရာသမားတွေ မနှစ်သက်တဲ့ကိစ္စများကို မလွန်ကျူးကြသလိုမျိုးပေါ့။ မိဘကို အလေးထားကြရမယ် မဟုတ်လား။ အကုသိုလ်ပြုခွင့်ကြုံလာခဲ့ရင်တောင် ဗုဒ္ဓရဲ့ပုံတော်ကို မြင်နေရင် မလွန်ကျူးဖြစ်ဘူးပေါ့။
          နေအိမ်မှာ ဧည့်သည်တော့ ဖိတ်ခေါ်ထားပြီး ဧည့်သည်ကိုဘာမှ မကျွေးမမွေး၊ ဂရုမစိုက်ဘဲ ပစ်ထားလို့မဖြစ်ပါ။
          အလားတူ နေအိမ်မှာ မြတ်ဗုဒ္ဓ ကို အနေကဇာတင်ကာ ပင့်ထားပြီး ပန်းတော်၊ရေတော်၊ဆွမ်းတော်၊ ဆီမီး၊သစ်သီးတွေနဲ့ဝေဆာနေအောင် ပူဇော်ကြခြင်း အလျဉ်းမရှိကလည်း သင့်တော်,မသင့်တော်ကို ကိုယ်တိုင် ဝေဖန်ဆန်းစစ်စေချင်ပါတယ်။
          ဆီမီး ကပ်လှူခြင်းဖြင့် မျက်စိ အမြင်ကောင်းခြင်း၊ပန်းကပ်လှူခြင်း ဖြင့် အနံ့လည်း သင်း၊အဆင်းလည်း လှခြင်း၊ သောက်တော်ရေ ကပ်လှူ ခြင်းဖြင့်သန့်ရှင်းခြင်း၊အေးချမ်းခြင်း၊ နံ့သာတိုင် ကပ်လှူခြင်းဖြင့် ဂုဏ်သတင်းမွှေးခြင်း ကောင်းကျိုးများကို ရုပ်ပွားတော်မြတ်ကို အကြောင်း ပြုပြီး ရနိုင်တယ်။ ဘုရားစင်နှင့် ရုပ်ပွားတော်မြတ်သည် စိတ်ကို ကြည်လင် စေနိုင်ပါတယ်။
          ဒါကြောင့် ဘုရားစင်ကို ကြည်ညိုဖွယ်ဖြစ်အောင် သန့်ရှင်း သပ်ရပ်စွာ ပန်းရေချမ်း တို့ဖြင့် ဝေဆာနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး၊ ဆွမ်းကုသိုလ် ကောင်းမှုပြု ကြရုံမျှနဲ့ တင်းတိမ်အားရ ကျေနပ် မနေကြပါဘဲ ဣတိပိ သော ဘဂဝါ အရဟံ စတဲ့ ဂုဏ်တော် (၉)ပါးကို လည်း ပွားကြရပါမယ်။ ပုံတော်မြင် ဂုဏ်တော်ပွားခြင်းက ဘုန်းတန်ခိုး ကျက်သရေ တိုးပွားခြင်း စတဲ့ အခြားကောင်းကျိုး အများအပြားကိုလည်း အပိုဆောင်း ရနိုင်ပါတယ်။
          ထီး၊ တံခွန်၊ ကုက္ကား၊ မလေး ပွား၊ဂြိုဟ်ရွက် စတာတွေက အနေကဇာတင်ရာမှာ မပါမပြီးဟု အထင် ရှိတတ်ကြ၍ အဲဒါတွေ မပါလည်း အနေကဇာတင်လို့ ဖြစ်ပါတယ် ဆိုတာရယ်၊ အချိန်မရွေး လည်း အနေကဇာတင်နိုင်ပါတယ် ဆိုတာရယ်ကို ဒေသနာတော်အရ ပြောပြချင်လို့ ရေးသားခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမျှ အပြစ်ပြော ခြင်းမဟုတ်ပါ။ တံခွန်၊ကုက္ကား စတာ တွေ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ကြည်ညိုစိတ်နဲ့ သက်တော်ထင်ရှား ဘုရားရှင်အား ရည်မှန်း  ပူဇော်လှူဒါန်းခြင်းဖြစ်တာမို့ ကုသိုလ်ဧကန် ရနိုင်ပါတယ်။
အရှင်ပညာသီဟာဘိဝံသ
(ပဉ္စနိကာယ်)
ဆေးမစားမီပုံနှင့် ဆေးစားဆဲပုံ-သိန်းဆွေ(ဖောင်းပြင်)
ဆေးမစားမီပုံနှင့် ဆေးစားဆဲပုံ
သိန်းဆွေ(ဖောင်းပြင်)
           ရပ်ကွက်တွင်းမှ လူကြီးတစ်ဦး၏ ရက်လည်ဆွမ်းကျွေးတရားနာပွဲတွင် သူငယ်ချင်း တစ်ယောက်နှင့် တွေ့သည်။ သူက စ၍ နှုတ်ဆက်သည်။
          “လာ သူငယ်ချင်း၊ ဒီမှာထိုင်”
          ကျွန်တော့်ကို သူ့အနားမှာ ထိုင်စေပါသည်။
          “မင်း ဆယ့်ငါးရက်တရားစခန်းဝင်ဖြစ်တယ်ဆို”
          “ဝင်ဖြစ်တယ် သူငယ်ချင်း၊ သင်္ကြန်တွင်း အပြင်ထွက်လည်မလား၊ ရိပ်သာကျောင်း သွားမလား မဲနှိုက်လိုက်တော့ ရိပ်သာကျောင်း မဲပေါက်သွားတာနဲ့ တရားစခန်းဝင် ဖြစ်သွား တာကွ”
          “ငါ မသိလို့ တစ်ခုလောက်မေးချင်တယ်ကွာ”
          “မေးလေကွာ”
          ကျွန်တော် တိုတိုပင် ပြောလိုက်ပါသည်။
          “တရားစခန်း မဝင်မီနဲ့ ဝင်ပြီးအခြေအနေ ဘာကွာခြားသလဲ”
          သူ့မေးခွန်းက လွယ်သလိုနဲ့ ဖြေဆိုရန် တော်တော် ခက်ပါသည်။ သို့သော် ကျွန်တော် ကြိုးစား၍ဖြေကြည့်ပါသည်။
          “သူငယ်ချင်းရဲ့မေးခွန်းကို ဝေဘူဆရာတော်ကြီးရဲ့စကားနဲ့ပဲ ဖြေကြည့်မယ်ကွာ။ ဆရာတော်ကြီးက ပြောဖူးတယ်တဲ့၊ မောလို့ ရေသောက်တာတော့ လူမြင်တယ်။ အမောပြေ သွားတာကိုတော့ မမြင်နိုင်ဘူးတဲ့။ တရားအလုပ်လုပ်တယ်ဆိုတာ အဲဒီသဘောပဲ”
          ကျွန်တော့်စကားကို သူငြိမ်သက်စွာ နားထောင်နေပါသည်။ ပြီးတော့ သူ့ထံမှ စကားသံထွက်လာပြန်သည်။
          “ဆရာတော်ကြီးရဲ့စကားက သိပ်လေးနက် ကျယ်ဝန်းတာပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ ဒီလောက်နဲ့ သိပ်သဘောမပေါက်ဘူး၊ ငါတို့က တစ်ထွာပြရင် တစ်မိုက်လောက် မြင်အောင် မနည်းကြည့်ရတာ။ ဆေးမစားမီပုံနဲ့ ဆေးစားပြီးဆိုပါတော့ကွာ၊ အဲဒါလေးကို အသေးစိတ် သိချင်တာ”
          အသေးစိတ်သိချင်ရင်တော့ ကိုယ်တိုင်အားထုတ် ကြည့်ပါလားဟု ပြောလိုက်ချင် သည်။ သို့သော် ကျွန်တော် မပြောရက်ပါ။ သူတကယ် သိချင်နေပုံ ရသည်။
          “ဆေးမစားမီနဲ့ ဆေးစားပြီးလို့တော့ မပြောပါနဲ့ကွာ၊ ဝိပဿနာဆေးဆိုတာ ရဟန္တာ မဖြစ်သေးသရွေ့ အမြဲစားနေရမယ့်ဆေး”
          “ဟုတ်ပါပြီ၊ မင်း ဆေးစားပြီးသလောက်ပေါ့ကွာ”
           “အခု ဒီဆွမ်းကျွေးပွဲမှာတော့ အသေးစိတ်ပြောဖို့ဆို မဖြစ်နိုင်ဘူးကွ၊ အိမ်ကို တစ်ရက်လောက် လာလည်ပါလား၊ အဲဒီကျတော့ ပြောကြတာပေါ့”
          “ဟာ နောက်ရက်တွေ ဘာတွေ လုပ်မနေနဲ့၊ အခု သူငယ်ချင်းပြန်တော့ လိုက်ခဲ့မယ်လေ၊ အားတယ် မဟုတ်လား”
          ကျွန်တော့် သူငယ်ချင်းသည် စိတ်မြန်လက်မြန်သမားပီပီ ထပြန်ရန်ပြင်နေလေပြီ။
          ဤသို့နှင့် ကျွန်တော့်အိမ်သို့ သူရောက်လာသည်။ သူ့ကို ဘယ်ကစ၍ ရှင်းပြရပါ့။
          သူသည် စာပေသမား တစ်နည်းအားဖြင့် စာဖတ် သန်သူဖြစ်၍ ပဋိစ္စသမုပ္ပာဒ်လည်ပုံ ပြတ်ပုံတို့ကို စာအုပ်ကြီးပုံစံဖြင့် ရှင်းပြလို့တော့ မဖြစ်သေး။  
          တရားအားထုတ်စဉ် ခန္ဓာက ပြသောတရား၊ တစ်နည်းအားဖြင့် လက်တွေ့မျက်မြင် တရားတို့ကို ပြောပြမှ ဖြစ်မည်။ ဒါမှ ဆေးမစားမီနှင့် ဆေးစားဆဲပုံတို့ကို သူ သဘောပေါက် ပေလိမ့်မည်။
          “တရားစခန်းမှာ နေ့စဉ် နံနက် (၄) နာရီ ဆိုရင် အိပ်ရာထ၊ ကိုယ်လက်သန့်စင်ရတယ်။ (၄)နာရီခွဲမှာ တရားအားထုတ်ဖို့ ဓမ္မာရုံကြီးပေါ်တက်ရတယ်။ (၄) နာရီခွဲကနေ (၅) နာရီခွဲ အထိ တစ်နာရီ အားထုတ်၊ (၅)နာရီခွဲမှာ ဓမ္မာရုံက ဆင်းလာပြီး ဘောဇနဆောင်မှာ အရုဏ် ဆွမ်းစားရတယ်၊ ဆွမ်းစားပြီး (၆)နာရီခွဲ မှ (၇)နာရီခွဲအထိ တရားအားထုတ်၊ ပြီးရင် နာရီဝက် စင်္ကြံလျှောက်၊ ရှစ်နာရီ ထိုးတဲ့အခါကျတော့ ဥပုသ် ဆောက်တည်၊ ပြီးရင် ဆရာတော်က ပဋိစ္စသမုပ္ပာဒ် လည်ပုံ၊ ပြတ်ပုံတို့ကို စက်ဝိုင်းဒေသနာနဲ့ဟောပြော ရှင်းပြတယ်ကွ၊ တစ်နေ့မှာ ဆွမ်းစားချိန်၊ ရေချိုးချိန် ကလွဲပြီး တရားအားထုတ်ချိန် ကိုးချိန်ရှိတယ်”
          သူငယ်ချင်းအား တရားစခန်း၏အလုပ်ချိန်တို့ကို နိဒါန်းအနေဖြင့် ရှင်းပြရသည်။
          “ပထမဆုံးရက်မှာ ဘယ်လိုဖြစ်သလဲ ဆိုတော့ ဝင်လေထွက်လေရှုမှတ်ရင်း ဆယ်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်မှာ နောက်ကျောထဲ ထင်းချောင်းကြီးတစ်ချောင်း ဒေါင်လိုက်ဝင်လာသလို ခံစားလာရတယ်။ အဲဒီထင်းချောင်းကြီးဟာ ပျောက်မသွားဘဲ ကျော        တစ်ပြင်လုံး အောင့်နေအောင်၊ ပူနေအောင် ဒုက္ခပေးနေတယ်ကွ။ ကျောပြင်မှာ အဲဒီအချောင်း ကြီး ဒုက္ခပေးနေတုန်းမှာပဲ ပေါင်တွေ ခြေသလုံးတွေကလည်း ကိုက်ခဲလာလိုက်တာ မခံနိုင်အောင်ပါပဲ။ ကိုက်ခဲမှုဟာ ရိုးတွင်း ခြင်ဆီတွေပါ ပေါက်ထွက်လာတော့မလား အောက်မေ့ရတယ်”
          “ဒီဝေဒနာတွေက ဘာတွေလဲ၊ ဘာဖြစ်လို့ အခု မှပေါ်လာရတာလဲ၊ အရင်က ကုလားထိုင်ပေါ်မှာ နေထွက်က နေဝင်အထိ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ခဲ့ဖူးတယ်၊ ဒါမျိုး တစ်ခါမှမပေါ်ဖူးဘူး”
          “ဒီဝေဒနာတွေ သက်သာလိုသက်သာငြားဆိုပြီး တင်ပျဉ်ခွေကို ဖြည်းဖြည်းချင်းဖြုတ်ပြီး မိန်းကလေးတွေလို ဒူးတုပ်ထိုင်ကြည့်တယ်။ အဲဒီလို ထိုင်ကြည့်တော့လည်း ခဏပဲ သက်သာ ပြီး နောက်ပြန်ပေါ်တာပဲ။ တစ်နာရီအတွင်းမှာ သုံးကြိမ်လောက် ပြင်ပြင်ထိုင်ရတယ် သူငယ်ချင်း”
          “ရာသီဥတုကြောင့်ပဲလား၊ ဝေဒနာကြောင့်ပဲလား မသိဘူး၊ တရားထိုင်ချိန် တစ်နာရီပြည့်လို့ ကြေးမောင်း ခေါက်လိုက်ပြီဆိုရင် တစ်ကိုယ်လုံးချွေးတွေ ရွှဲနစ်နေ တော့တာပဲ”
          “ပထမနေ့တစ်နေ့လုံး တရားထိုင်တိုင်း နောက်ကျောပြင်ထဲကို ထင်းချောင်းလို အချောင်းကြီးက ရောက်ရောက်လာပြီး ဒုက္ခပေးနေတော့တာပဲ။ တရား အားထုတ်ဖို့ ထိုင်ပြီး ဆယ့်ငါးမိနစ်လောက်ဆို ကျောအလယ်လောက်မှာ ခဲလုံးတစ်လုံးစာလောက် ကွက်ပြီး အောင့်လာတယ်။ အဲဒီ ခဲလုံးအရွယ်လေးဟာ တဖြည်းဖြည်းနဲ့ ကြီးလာပြီး ဒေါင်လိုက်ရှည်လျား သွား ပြီး ကျောထဲမှာ တုတ်ချောင်းကြီးတစ်ချောင်းလို ဖြစ်လာတော့တာပဲ၊
          နောက်ရက်တွေမှာ တရားထိုင်ဖို့ ကြေးမောင်း ခေါက်တဲ့ အသံဟာ မိုးခြိမ်းသံလား အောက်မေ့ရတယ်။ တရားထိုင်ရမှာကို ကြောက်လာတယ်။ ခန္ဓာအကြောင်း သိချင်လို့ အားထုတ်လာတာပဲ၊ ဘာလို့ကြောက်ရမှာလဲ၊ ခုမှ အစရှိသေးတယ်၊ ဇွဲလျှော့ချင်နေပြီလား ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး ဓမ္မာရုံကို ချီတက်နေရတယ်ကွ”
          သူငယ်ချင်းသည် ကျွန်တော်ပြောသမျှကို ငြိမ်၍ နားထောင်နေပါသည်။
          “ဒုတိယရက်မှာတော့ ကျောထဲ ဒေါင်လိုက်ဝင် လာတဲ့ ထင်းချောင်းဟာ ဒေါင်လိုက်မဟုတ်တော့ဘဲ ပုံစံပြောင်းသွားပြန်ပြီကွ၊ ဒေါင်လိုက် မဟုတ်တော့ဘဲ ကန့်လန့်ဖြစ်နေပြန်တယ်။ ကျောပြင်တစ်ခုလုံး အောင့်နေတယ်။ ပေါင်တွေ ခြေသလုံးတွေ လည်း ထုံကျဉ်နေတာပဲ။ နေရာပြင်ထိုင်လည်း ခဏပဲ၊ ထင်းချောင်းကြီးဟာ ခန္ဓာကိုယ်ကို တံကျင်လျှိုထားသလားမှတ်ရတယ်၊
          အံ့ဩစရာကောင်းတာက အချိန်စေ့လို့ တရားဖြုတ်လိုက်တာနဲ့ ဒီဝေဒနာတွေဟာ ဘယ်ရောက်ကုန်တယ် မသိဘူး။ ခန္ဓာကိုယ်ပေါ်ကနေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန် ကြတယ်။
          ခန္ဓာကိုယ်မှာ ဒီလိုဖြစ်မှုပျက်မှုတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ အခု ဒီလိုတွေ တွေ့လာတော့ အံ့ဩမိတယ်။ ဪသာ်-ဒီခန္ဓာကြီးဟာ ဒီလိုဖြစ်ပျက်မှုတွေနဲ့ ဖောက်ပြန် နေတာပါလား၊ ဖောက်ပြန်တယ်ဆိုတာ ဒီလို ကိုးလို့ သိလာရတယ် သူငယ်ချင်း။
          နေ့ဆွမ်းစားပြီး စင်္ကြံလျှောက်ချိန်မှာ ဆရာတော် ကိုသွားပြီး လျှောက်ထားတယ်ကွ၊ တရားထိုင်လိုက်ရင် ကျောထဲရောက်ရောက်လာတဲ့ ထင်းချောင်းကိစ္စ၊ သူက ပေးတဲ့ ဝေဒနာတွေအကြောင်းနဲ့ ဒီဝေဒနာတွေ ပျောက်အောင် ဘယ်လိုရှုမှတ်ရမလဲဆိုပြီး လျှောက် ထားမေးမြန်းကြည့်တော့ ဆရာတော်က -
          ‘ဒကာကြီး တဲ့၊ ဝေဒနာတွေကို မခံချင်တာက ဒေါသ၊ သူတို့ကို ပျောက်စေချင်တာက လောဘ တဲ့။ ဒေါသလည်း မဖြစ်နဲ့၊ လောဘလည်း မဖြစ်နဲ့၊ ဒီလိုဖြစ်တာ အကြွေးတွေ ဆပ်နေရတယ်လို့ပဲ မှတ်ပါတဲ့။  အကြွေးတွေ ပိနေတဲ့ လူတစ်ယောက်ဟာ အကြွေးဆပ်လို့ ကျေသွားတော့ ပေါ့သွားသလိုပေါ့။ ဒကာကြီးလည်း အြွေကးတွေရှိသလောက်တော့ ဆပ်ပါဦး တဲ့၊  အကြွေးတွေကျေသွားရင် ပေါ့သွားလိမ့်မယ်တဲ့၊ ဘယ်လို အကြွေးလဲဆိုတာ တဖြည်းဖြည်းတော့ သိလာပါလိမ့်မယ်}တဲ့၊ ဆရာတော်ကို ကန်တော့ပြီး ထပြန်မယ် လုပ်တော့ ဆရာတော်က သတိပေးစကား မိန့်ကြားခဲ့သေးတယ်ကွ၊
          ‘ဒကာကြီး တဲ့၊ ရုပ်တွေ နာမ်တွေဟာ အမြဲပဲ ဖြစ်ပျက်နေကြတယ် တဲ့၊ ဖြစ်ပျက်ရုံ ဖြစ်ပျက်နေကြ တာမဟုတ်ဘဲ ခန္ဓာကိုနှိပ်စက်ပြီးတော့လည်း ဖောက်ပြန် ဖြစ်ပျက်နေကြတာကို သတိထားပေါ့’ တဲ့။”
          သူငယ်ချင်းသည် ကျွန်တော်ပြောသမျှကို ကြားဖောက်မေးမြန်းခြင်း မပြုဘဲ ဂရုစိုက် နားထောင်နေ သည်ကို သတိထားမိသည်။ ကျွန်တော် သူ့ကို ဆက်ပြောပြနေမိသည်။
          “ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာတော်ပြောတဲ့ အကြွေး ဆိုတာကို လုံးဝ နားမလည်သေးဘူး၊ ဘာ အကြွေးလဲ၊ ဘယ်တုန်းက တင်ခဲ့တဲ့အကြွေးလဲ၊ ဒီ အကြွေးတွေ ဘယ်တော့ကျေမှာလဲ၊ အို-တွေးမနေ တော့ပါဘူးဆိုပြီး တရားထိုင်ချိန် အဲဒီထင်းချောင်းကြီး ခန္ဓာထဲ ပေါ်လာပြီဆိုရင် အဲဒီနေရာကို စိတ်စိုက်ပြီး ရှုပစ်လိုက်တယ်။ ပေါင်က နာလာပြီဆိုရင် နာတဲ့နေရာကို စိုက်ပြီး ရှုပစ်လိုက်တယ်။
          အဲဒီလို ဇွဲသန်သန်နဲ့ ရှုမှတ်လိုက်တော့ သုံးရက် မြောက်ညနေပိုင်းမှာ ထင်းချောင်းလို အရာဝတ္ထုဟာ ပေါ်မလာတော့ဘူးကွ၊ အထိုင်ပြင်ရတဲ့အကြိမ်ကလည်း သုံးကြိမ်ကနေ တစ်ကြိမ်သာ ပြင်ရတော့တယ်။ လေးရက် မြောက်တဲ့နေ့ကျတော့ တစ်ကြိမ်မှ မပြင်ရတော့ဘဲ ထိုင်နိုင်သွားပြီ။ ဆရာတော်ပြောသလို အြွေကးတွေ ကျေစပြုလာပြီနဲ့တူတယ်ကွ”
          ကျွန်တော်တို့နှစ်ယောက်သည် ဇနီးသည်က လာချပေးသည့် လက်ဖက်ရည်နှင့် မုန့်တို့ကို စားသောက် ရင်း တရားစခန်းမှာ တွေ့ခဲ့ ကြုံခဲ့တာတွေကို စိတ်ရှည်ရှည် ပြောပြနေ မိသည်။ ကျွန်တော် ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်ချိန်မှာ သူငယ်ချင်းထံမှ စကား ထွက်လာသည်။
          “အင်း ဆေးမစားမီနဲ့ ဆေးစားဆဲပုံကို နည်းနည်း တော့ သဘောပေါက်လာပြီ”
          သူ သဘောပေါက်လာပြီဆို၍ ကျွန်တော် ပြောပြရတာ အားရှိလာသည်။
          “ဆရာတော်က ညနေပိုင်း တရားဟောတဲ့အခါမှာလည်း ရှင်းပြပါတယ်။ သုခ၊ ဒုက္ခ၊ ဥပေက္ခာ စတဲ့ ဝေဒနာတွေဟာ ဧည့်သည်တွေပါပဲတဲ့။ ဧည့်သည်ဆို တဲ့အတိုင်း ပေါ်တဲ့အခါ ပေါ်လာမယ်၊ ပျောက်တဲ့အခါ ပျောက်သွားလိမ့်မယ်တဲ့။ ပေါ်လာတဲ့အခိုက်မှာ ပေါ်လာ တဲ့ဝေဒနာလေးကို သိပေးနေပါတဲ့။ သိရုံပဲ သိပေးနေပါ တဲ့၊ ဒါပေမဲ့ ဒါဟာ ဝိပဿနာ မဟုတ်သေးဘူးတဲ့၊ ဝိပဿနာရဲ့ ရှေ့ပိုင်းပဲ ရှိသေးတယ်တဲ့”
          “အင်း ဝိပဿနာအလုပ်က တော်တော်သိမ်မွေ့ တာပဲနော်”
          သူငယ်ချင်းသည် ကျွန်တော် ရှင်းပြနေသည်ကို တလေးတစား မှတ်သားနေပုံရသည်။
          “တရားထိုင်တဲ့ရက် ငါးရက် ခြောက်ရက်လောက်မှာ ထူးဆန်းတဲ့အဖြစ်တစ်ခု ကြုံရ တယ်ကွ၊ ဘယ်လိုလဲ ဆိုတော့ ငါ့ရဲ့တင်ပါးအောက်မှာ ကြိမ်လုံးတစ်လုံး လာခံနေသလို ခံစားနေရတယ်။ ကြိမ်လုံးတစ်လုံးပေါ်မှာ အကြာကြီး ထိုင်ထားတဲ့ ညာဘက်တင်ပါးဟာ ဘယ်လောက်နာမလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ ဒါနဲ့ တရားထိုင်ချိန်စေ့သွားတော့ ကိုယ့်တင်ပါး အောက်မှာ ဘာရှိသလဲ လိုက်ကြည့်တော့လည်း ဘာမှ မတွေ့ရဘူး၊ မကျေနပ်တာနဲ့ ကိုယ်ဝတ်ထားတဲ့ ပုဆိုးကို သေသေချာချာကြည့်လိုက်တော့ ပုဆိုးချုပ်ရိုးကြောင်းလေးဟာ တင်ပါးဘက်မှာရှိနေတာကို သတိထားမိတယ်ကွ၊ ဪသြော် ငါ့ကို ဒုက္ခပေးနေတာ ဒီပုဆိုး ချုပ်ရိုးကြောင်းလေးပါလားလို့ သိလိုက်ရတယ်။
          ရူပက္ခန္ဓာလို့ ခေါ်တဲ့ တို့ရဲ့ရုပ်ခန္ဓာဟာ နူးညံ့သိမ်မွေ့ပြီး ခိုင်မြဲမာကျောတဲ့ အနှစ်ရယ်လို့ မရှိဘူး၊ ငါ့ရဲ့ခန္ဓာဟာ ပုဆိုးချုပ်ရိုးကြောင်းလေးပေါ်မှာတောင် ကြာကြာမထိုင်နိုင်တဲ့ ခန္ဓာပါ လား၊ ဒါကြောင့် ဗုဒ္ဓက ထိခိုက်မခံ ပျက်စီးလွယ်တယ်လို့မို့ ရူပက္ခန္ဓာကို ရေမြှုပ်နဲ့ ဥပမာပေး ခိုင်းနှိုင်းခဲ့တာပါလားလို့ သဘောပေါက်လာတယ် သူငယ်ချင်းရ”
          သူငယ်ချင်းမျက်နှာကို ကြည့်လိုက်တော့ တည်ငြိမ်နေပြီး တစ်ခုခုကို စဉ်းစားနေပုံ ရသည်။ ခဏနေတော့ သူ့ထံမှ မေးခွန်းတစ်ခုထွက်လာသည်။
          “အခုနက မင်းပြောတဲ့ အကြွေးဆိုတာကော သဘောပေါက်လာပြီလား”
          “တရားစခန်း သိမ်းခါနီးကျတော့ ဆရာတော်က ရှင်းပြတယ်ကွ၊အြွေကးဆိုတာ ဘဝသံသရာတစ်လျှောက်မှာ မသိမှုနှင့်ဖြစ်စေ၊ သိမှုနှင့်ဖြစ်စေအကုသိုလ်မှုတွေ လုပ်ခဲ့ကြ တယ်တဲ့။ မကောင်းမှုအကုသိုလ် မှန်သမျှဟာ အြွေကးပဲတဲ့။ ဒီအကြွေးးတွေကို အပါယ်ငရဲ အထိ ဆင်းပြီးတော့လည်း ဆပ်ခဲ့ရပြီ၊ တိရစ္ဆာန်မျိုးစုံ ဖြစ်ပြီးတော့လည်း ခန္ဓာနဲ့ ဆပ်ခဲ့ရပြီ၊ အြွေကးတွေက မကျေနိုင်သေးပါဘူးတဲ့။ အခု သာသနာတော်နှင့်ကြုံတုန်း ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ဝိပဿနာနဲ့ သံသရာကြွေးတွေ ဆပ်နေတာတဲ့၊ မဂ်တရား ဖိုလ်တရား လို့ဆိုတဲ့ လောကုတ္တရာအကျင့်မြတ်နှင့်သာလျှင် အကြွေးတွေကို အပြတ်ရှင်းနိုင်မှာတဲ့။ ဥပမာအားဖြင့် သိန်း လေးငါးရာ အကြွေးတင်နေတဲ့ ပုဂ္ဂိုလ်ဟာ သိန်းတစ်ထောင်ကျော် ထီဆုကြီးပေါက်လိုက်တော့ အကြွေးတွေ အပြတ်ဆပ်သွားနိုင်သလိုပေါ့တဲ့”
          “နေဦးကွ၊ ဒီနေရာမှာ ငါ တစ်ခုမေးချင်သေးတယ်၊ မင်းဖြေနိုင်မယ်ထင်ပါတယ်”
          သူက ကျွန်တော့်စကားကို ဖြတ်၍ပြောပါသည်။ ကျွန်တော်ကလည်း သူ့စကားကို အလိုက်သင့် ဖြေရပါသည်။
          “မေးပေါ့၊ သိသလောက် ဖြေကြည့်တာပေါ့ မဖြေနိုင်တော့လည်း ဖြေနိုင်တဲ့ဆီ ပြေးကြတာပေါ့”
          ကျွန်တော့်စကားကြောင့် သူ့မျက်နှာမှာ ပြုံးယောင်သမ်းသွားသည်။ ပြီးတော့မှ တည်ငြိမ်သောမျက်နှာထားဖြင့် သူသိချင်တာကို မေးလာသည်။
          “ခုနက မင်းပြောတဲ့ မဂ်တရား ဖိုလ်တရားက အကုသိုလ်တွေကို ပယ်သတ်ပြီး အပါယ်ဒုက္ခတွေ မလာအောင် မင်းပြောသလိုပေါ့၊ သံသရြာွေကးတွေ ကျေသွားအောင် ဘယ်လိုဆပ်လိုက်တာလဲ၊ ဥပမာ- အင်္ဂုလိမာလတို့လို၊ ဒီဘက်ခေတ်မှာဆိုရင် သဲအင်းဂူ ဆရာတော်တို့လိုပေါ့၊ ဒီပုဂ္ဂိုလ်တွေဟာ လူမိုက်ကြီးတွေ ဖြစ်ခဲ့ကြပေမဲ့ သံသရာကြွေးတွေ အပြတ်ဆပ် သွားနိုင်ကြတယ်ပေါ့ကွာ၊ ဘယ်လိုဆပ်သွားနိုင်တာလဲ၊ အဲဒါ သိချင်နေတာ”
          သူ့မေးခွန်းက တော်တော်မြင့်ပါသည်။
          “မင်းက ငါ့ကို အဂ္ဂမဟာပဏ္ဍိတများ အောက်မေ့နေလား မသိဘူး”
          ကျွန်တော်က ဤသို့ပြောတော့ သူက  
          “ငါ့အတွက်တော့ မင်းက အဂ္ဂမဟာပဏ္ဍိတာပါပဲကွာ”တဲ့။
          “အဲဒီလောက်လည်း  အထင်မကြီးပါနဲ့ကွာ၊ တကယ်တော့ မင်းက ငါ့ထက် စာဖတ်အား ပိုကောင်းပါတယ်၊ ထားတော့၊ သူငယ်ချင်းသိချင်နေတဲ့ကိစ္စကို  စာတွေပေတွေနဲ့တော့ ရှင်းမပြတတ်ဘူး၊ လက်တွေ့ အားထုတ်ခဲ့တဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီးတော့ ပြောကြည့် ရအောင်”
          သူငယ်ချင်းသည် ကျွန်တော်ပြောမည့်စကားကို စိတ်ဝင်စားစွာ နားစွင့်နေပုံရပါသည်။
          “ဆရာတော်က ယောဂီတွေကို တရားပြတဲ့အခါ ‘သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှု’လို့ပြောလေ့ရှိတယ် ကွ။ ဝိပဿနာတရား အားထုတ်တဲ့နေရာမှာ ပညာဥာဏ်ဟာ အတော်လေးအရေးပါတယ်။ ပညာနဲ့ ဘာကို ရှုမှတ်ရသလဲဆိုတော့ ရုပ်နာမ်တို့ရဲ့ ဖြစ်မှုပျက်မှု တွေကို မြင်အောင်ရှုရတယ်၊ ကာယ၊ ဝေဒနာ၊ ဓမ္မ၊စိတ္တ ဘယ်အာရုံပဲ ရှုရှု၊ ဖြစ်ပျက်မြင်အောင် ရှုရတယ်။ ဥပမာ နှာသီးဝက ဝင်လေလေး ဖြစ်သွားတယ်၊ ခဏအကြာမှာ ဝင်လေလေး ကုန်သွားတယ်၊ ကုန်သွားတယ်ဆိုတာ ပျောက်သွားတာ၊ ပျောက်တယ်ဆိုတာ ပျက်သွားတာ လို့ သိပေးလိုက်ပေါ့၊ အဲဒီလိုသိလိုက်တာလေးကို မဂ်ဥာဏ်က သိလိုက်တာလို့ ဆိုတယ်”
          “အင်း မိုးကုတ်ဆရာတော်ရဲ့တရားစာအုပ်တွေမှာ ဖြစ်ပျက်မဂ်ဆိုတာတော့ ခဏခဏတွေ့ဖူးတယ်”
          “ဟုတ်ပြီ၊ အဲသည်လို မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့ သဘောတွေကို သိနေတဲ့ ယောဂီ၊ တစ်နည်းအားဖြင့် ဖြစ်ပျက်တွေကို မြင်နေတဲ့ ယောဂီရဲ့အာရုံတွေထဲမှာ လောဘ ဒေါသ ကိလေသာတွေ ဖြစ်ပေါ်နိုင်ပါ့မလား”
          “အင်း စိတ်က တစ်ပြိုင်ထဲမှာ နှစ်ခုမဖြစ်ဘူးဆိုတော့ ကိလေသာတွေ မလာနိုင်ဘူးပေါ့”
          သူ စဉ်းစဉ်းစားစားဖြေပါသည်။
          “ကိလေသာတွေ မလာတာ သေချာသွားပြီဆိုရင် ထိုယောဂီရဲ့စိတ်တွေဟာလည်း ငြိမ်သက်အေးချမ်း နေလိမ့်မယ်နော်”
          “ကိလေသာနဲ့ဝေးနေမှတော့ ငြိမ်သက်နေမှာပေါ့”
          သူငယ်ချင်း သိချင်နေသည့် အကြောင်းအရာဆီ ရောက်အောင် တစ်ချက်ချင်း မေးလိုက် ပြောလိုက်ဖြင့် ဆွဲခေါ်နေရသည်။
          “မင်းပြောတဲ့ စကားလုံးနဲ့ပဲ ပြောကြစို့၊ အဲဒီလို ကိလေသာတွေနဲ့ ဝေးနေအောင် ဘယ်အရာက ဆောင်ရွက်နေတယ်ဆိုတာကော သတိထားမိလား”
          သူ အနည်းငယ်စဉ်းစားလိုက်ပြီး-
          “ရှုမှတ်နေတဲ့ စိတ်က ဆောင်ရွက်နေတယ်လို့ ထင်တယ်”ဟု ဖြေပါသည်။
          “အဲဒီရှုမှတ်နေတဲ့စိတ် ဆိုတဲ့အထဲမှာ သာမန် ရှုမှတ်နေတာ မဟုတ်ဘဲ စောစောက ပြောခဲ့ကြသလို သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှုဆိုတဲ့အတိုင်း ဥာဏ်ပညာတွေ ပါတယ်ကွ၊ ဘယ်လိုဥာဏ်ပညာလဲဆိုတော့ အနိစ္စကို အနိစ္စမှန်း၊ ဒုက္ခကို ဒုက္ခမှန်း၊ အနတ္တကို အနတ္တမှန်း မှန်မှန်ကန်ကန် သိတဲ့ဥာဏ်ပေါ့။ အဲဒီလို သိနေတာကို ဝိပဿနာစကားနဲ့ ယထာဘူတဥာဏ် သို့မဟုတ် မဂ္ဂသစ္စာလို့ ခေါ်တယ်ကွ၊ ဒီအထိအောင် မရှင်းတာမရှိဘူး မဟုတ်လား”
          ကျွန်တော့်စကားကြောင့် သူရယ်ပါသည်။
          “ရှင်းပါတယ်ကွ၊ မင်းကလည်း မနောက်စမ်းပါနဲ့”
          “ကျေးဇူးပဲကွာ၊ ရှင်းတယ်ဆိုရင် နောက်တစ်ဆင့် တက်ပြီးပြောရအောင်”
          ကျွန်တော် ရှင်းပြသည်ကို သဘောပေါက်သည် ဆို၍ ဝမ်းသာရပါသည်။
          “အဲဒီလိုဖြစ်ပျက်တွေကို မဂ်က သိနေတဲ့အချိန်မှာ လောဘ၊ ဒေါသ၊ တဏှာမာနတွေ မလာဘူး၊ ဟုတ်တယ်နော်”
          သူ ခေါင်းညိတ်ပြပါသည်။
          “အဲဒီကိလေသာတွေ မလာတဲ့အတွက် အပါယ်ငရဲကိုဖြစ်စေ၊ ရောက်စေနိုင်တဲ့ အကုသိုလ်တွေလည်း ကင်းမနေဘူးလား”
          “အင်း ကင်းနေပါလိမ့်မယ်”
          “ကောင်းပြီ၊ အဲဒီလိုအပါယ်ငရဲ ဆင်းရဲဒုက္ခတွေ ကျရောက်မလာအောင် ဘယ်တရားက တားထားသလဲ ဆိုတော့ မဂ်ဆိုတဲ့ တရားက တားမြစ်ထားတယ်လို့ သိလိုက်ပါတဲ့”
          “အင်း-အင်း- ရေးရေးတော့ မြင်လာပြီ”
          “အဲသည် မဂ်က လောကီမဂ်ပဲ ရှိသေးတယ်နော်။ လောကုတ္တရာမဂ် မဟုတ်သေးဘူး၊ လောကီမဂ်ဆိုတာ တစ်နာရီအားထုတ်ရင် တစ်နာရီပဲ အပါယ်ငရဲကို တားနိုင်မယ်၊ တစ်နှစ်အားထုတ်ရင် တစ်နှစ်တား နိုင်မယ်။ တစ်ဘဝစာ အားထုတ်ရင် တစ်ဘဝစာပဲ တားနိုင်မယ်။ ဆရာတော်မိန့်သလို အြွေကးတော့ မကျေနိုင်ဘူးပေါ့၊ လောကုတ္တရာမဂ်ကို တက်လှမ်းနိုင်မှ”
          “ဟုတ်ပြီ ငါသိချင်နေတာ အဲဒီနေရာပဲ”
          ကျွန်တော့်စကားမဆုံးမီ သူငယ်ချင်းက ဝမ်းသာအားရ ပြောပါသည်။ သူ့မျက်နှာသည် ဖုံးကွယ်နေ သည့်အရာတစ်ခုကိုတွေ့လိုက်ရသလို အံ့ဩဝမ်းသာသည့်အသွင်ကို ဆောင်နေ သည်။ သူက ဆက်ပြောသည်။
          “ဟုတ်တာပေါ့၊ လောကီမဂ်က ကိလေသာတွေကို တစ်နာရီ၊ တစ်ရက်၊ တစ်ဘဝပဲ မောင်းထုတ်နိုင်တာ၊ လောကုတ္တရာမဂ်ကတော့ ကိလေသာတွေကို အပြီးတိုင် မောင်းထုတ် နိုင်တဲ့အတွက် သံသရာကြွေးတွေ ကျေရုံမက သံသရာကပါ လွတ်မြောက်သွားကြတာကိုး၊ အင်္ဂုလိမာလတို့၊သဲအင်းဂူဆရာတော်တို့ ဘဝသံသရာကလွတ်မြောက် သွားကြတာကို သဘောပေါက်ပြီ သူငယ်ချင်း”
          သူငယ်ချင်သည် ခက်ခဲသည့် သင်္ချာပုစ္ဆာတစ်ပုဒ်ကို မှန်ကန်အောင် တွက်နိုင်သည့် ကျောင်းသားတစ်ယောက်ကဲ့သို့ ဝမ်းသာနေရှာသည်။
          “သူငယ်ချင်းပြောလိုက်တဲ့စကားကို နည်းနည်းလေး အဖြောင့်ပြန်ပြောကြည့်ရအောင်”
          သူ ကျွန်တော့်မျက်နှာကို လှမ်းကြည့်နေသည်။
          “မဂ္ဂင်ရှစ်ပါးလုံး မပြည့်စုံတဲ့ လောကီမဂ်သည် ပင်လျှင် အပါယ်ဒုက္ခတွေ မလာအောင် တားမြစ်နိုင် သေးရင် မဂ္ဂင်ရှစ်ပါးလုံးပြည့်စုံတဲ့ လောကုတ္တရာမဂ်ကို ရရှိသွားကြတဲ့ အရိယာ ပုဂ္ဂိုလ်တွေအဖို့ သံသရာဝဋ်က လွတ်မြောက်သွားကြတယ်ဆိုတာ ယုံမှားစရာ မရှိဘူးပေါ့ကွာ”
          “အင်း-သူငယ်ချင်းစကားက ပိုပြည့်စုံပါတယ်”
          သူက ကျွန်တော့်စကားကို တည်ငြိမ်လေးနက်စွာ ထောက်ခံစကားဆိုပါသည်။
          “ဒီလောက်ဆို ဆေးမစားမီနှင့် ဆေးစားဆဲပုံကို သူငယ်ချင်း သဘောပေါက်လောက်ပြီ”
          “သဘောပေါက်ပြီ သူငယ်ချင်း”
          “သဘောပေါက်ပြီဆိုရင် ဝိပဿနာဆေးစားဖို့ လိုပြီနော်”
          “စားမယ် သူငယ်ချင်း၊ ဒီနှစ် ဝါတွင်းက စပြီး ငါ့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး ဝိပဿနာတရားကို အားထုတ်သွားဖို့ ဆုံးဖြတ်လိုက်ပြီ”
          “ခုလိုကြားရတာ ဝမ်းသာပါတယ်ကွာ”
          သူငယ်ချင်းသည် တည်ငြိမ်သောဣနြေ္ဒဖြင့် ကျွန်တော့်အိမ်မှ ပြန်သွားသည်။ ကျွန်တော့် သူငယ်ချင်းသည် ရိုးသားတည်ကြည်သူဖြစ်၍ သူပြောသလို ကြိုးစား အားထုတ်မှာ သေချာပါသည်။
သိန်းဆွေ(ဖောင်းပြင်)