Thursday, May 7, 2015

တွေ့ဆုံမေးမြန်း ဓမ္မလမ်း မိုးမိုးစောဝင်း


          လူတစ်ဦးတစ်ယောက်ထံကို (သို့) လူအများစုထံကို သူတို့ရဲ့ စိတ်အတွင်း သန္တာန်ထဲ အထိ မြတ်ဗုဒ္ဓရဲ့ အဆုံးအမများ ကိုပို့ဆောင်ပေးခြင်းဟာ သာသနာပြုခြင်းလို့ မှတ်ယူဖူး ပါတယ်။
          မသိသူများ သိလာစေဖို့၊ မကြည်ညိုတတ်သူများ ကြည်ညိုလာတတ်စေဖို့၊ ကြည်ညို ရင်းစွဲ ရှိပြီးသူများ ပို၍ ပို၍ ကြည်ညိုလာစေဖို့ ဟောပြောပို့ချ၊ ရေးသား ဖော်ပြခြင်းတွေဟာ သာသနာပြုခြင်းပဲ ဖြစ်ပါတယ်။
          ရဟန်းတော်များအတွက် missionary ဆိုတာ ဘာသာရေးကို သင်ပြပေးခြင်း ဖြစ်သလို  ministry ဆိုတာ လူသားအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ နားလည်ထားပါတယ်။
          ကျွန်မတို့ရဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ဒီ missionary နဲ့ ministry ကို တွဲဖက်လုပ်ဆောင်သွားတယ်ဆိုတာ ဘာသာရေးသမိုင်းများအရ သတိပြုမိပြီးသား ဖြစ်မှာပါ။
          ဒီလိုပဲ မြတ်စွာဘုရားရဲ့သားတော်များဖြစ်တဲ့ ရဟန်းတော်များဟာလည်း ဘုရားရှင်ရဲ့ လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးကြမှသာ လိုအပ်ချက်တွေ များလွန်းနေတဲ့ ကျွန်မတို့ရဲ့ လောကကြီး သာယာအလင်း ပွင့်လို့ လူတိုင်း လမ်းမှန်ကို လျှောက်နိုင်ကြမှာ ဖြစ်ပါတယ်။
          ဒီအတွေးနဲ့အတူ ဒီတစ်လမှာတော့ သာသနာပြု ဆရာတော်တစ်ပါးဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ ဖူဆန်း မြို့မှာရှိတဲ့ ဗုဒ္ဓသာသနာ့ရိပ်မွန်မှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ပဏ္ဍိစ္စကို တွေ့ဆုံမေးမြန်း ဓမ္မလမ်းအစီအစဉ်မှ မေးမြန်းဖြစ်ခဲ့ပါတယ်။
မိုးမိုးစောဝင်း

တွေ့ဆုံမေးမြန်း ဓမ္မလမ်း
မိုးမိုးစောဝင်း
၁။       အရှင်ဘုရားရဲ့ ဘွဲ့တော်ကို အရင် အမိန့်ရှိပါဦး ဘုရား။ သက်တော် ဝါတော်ကိုလည်း ဘွဲ့နာမည်နဲ့ အတူ ဖြေပေးပါဦးဘုရား။
          အရှင်ပဏ္ဍိစ္စပါ။ အသက် (၄၄) နှစ်၊ (၂၄) ဝါပါ။ မြန်မာပြည်မှာတော့ ပြည်တော်ဦး ဆရာတော်၊ ရန်ကုန် စန်းမြသီတာဆရာတော်လို့ သိကြပါတယ်။
၂။       အရှင်ဘုရား လက်ရှိ သီတင်းသုံးရာ အရပ်နဲ့ တာဝန်ယူနေရတဲ့ သာသနာ့လုပ်ငန်းများ ကိုလည်း သိချင်ပါတယ်ဘုရား။
          တောင်ကိုးရီးယားနိုင်ငံ ဖူဆန်းမြို့ ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်မှာ သီတင်းသုံးနေပါတယ်။
          မြန်မာပြည်မှာတော့ ကျိုက္ကစံဘုရားနောက်ဘက်ရှိ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်နဲ့ မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း ပဓာနနာယက၊ ဒဂုံမြို့သစ် အရှေ့ပိုင်း (၁၂)ရပ်ကွက်ရှိ စန်းမြသီတာ မဟာစည်ရိပ်သာ နာယက ကမ္မဋ္ဌာနာစရိယအဖြစ် တာဝန်ယူ ထားပါတယ်။
          ကိုးရီးယားမှာတော့ ၂၀၁၀- ခုနှစ်က စပြီး ဝါဆို ဝါကပ် နေထိုင်ခဲ့တဲ့ (၅) နှစ်ကာလအတွင်း သာသနာ ပြုဌာန (၅) ဌာန ထူထောင်ပြီး သာသနာရေး၊ လူမှုကူညီရေး၊ ပညာရေးကိစ္စများကို တာဝန်ယူ ဆောင်ရွက်နေပါတယ်။     
          ပထမဦးဆုံး အနေနဲ့ ကိုးရီးယား-မြန်မာ ပြည် တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်ကို ကိုးရီးယားအလှူရှင် တစ်ဦးရဲ့တိုက်ခန်းငှားရန် စပေါ်ငွေ ဝမ်သိန်း (၁၅၀ဝ) မ,တည် လှူဒါန်းမှုဖြင့် ၂၀၁၀- ခုနှစ် ၂-လပိုင်း ၁၅-ရက်က ဖူဆန်းမြို့မှာ စတင်တည်ထောင်ဖြစ်ခဲ့ပါ တယ်။ အဲဒီအချိန်ကစပြီး ကိုးရီးယားလူမျိုးများအတွက် (၁)ဗုဒ္ဓဘာသာရဲ့အနှစ်သာရနဲ့ ဝိပဿနာ (၂)အဘိဓမ္မာသင်တန်း (၃)လက်ရွေးစင်သုတ္တန်တရားတော်များ ဆိုတဲ့ သင်တန်း (၃)ခုကို လက်ရှိအချိန်အထိ (၅)နှစ်ဆက်တိုက် ပို့ချပေးလျက်ရှိပါတယ်။ သင်တန်းဆင်း ကိုးရီးယားလူမျိုးများ (၂၀ဝ) ကျော်ရှိခဲ့ပါပြီ။
          မြန်မာလူမျိုးများအတွက် လစဉ်တရားပွဲ၊ သင်္ကြန်  နှစ်ဦးတရားပွဲ၊ ဝါဆိုကထိန် တရားပွဲများအပြင် သာရေး နာရေးကိစ္စအလုံးစုံကို လိုအပ်ချက်နဲ့အညီ ရဟန်း ကျင့်ဝတ်မပျက် အကောင်းဆုံး ဆောင်ရွက်ပေးနေပါ တယ်။မွေးရပ်မြေနဲ့ ချစ်ခင်သူတွေကို ခွဲပြီးနေရတဲ့သူတွေ အတွက် စိတ်ပိုင်းဆိုင်ရာ အားဆေးလေးတစ်ခွက်ပဲ ဖြစ်ဖြစ်ပေါ့။
          ၂၀၁၀- ခုနှစ် ၁၂- လ ၁၂- ရက်နေ့မှာ ဖူဆန်း နှင့် ကင်မ်ဟဲမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာလူမျိုး များရဲ့တောင်းဆိုချက်အရ ဓမ္မယာနမဇ္ဈိမယာနအဖွဲ့ကို ကိုးရီးယားနိုင်ငံရဲ့ အသင်းအဖွဲ့ ဖွဲ့စည်းမှုဥပဒေနဲ့အညီ ဖွဲ့စည်းပြီး တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ ကိုးရီးယား ရောက် မြန်မာများအတွက် အကျိုးရှိမယ့် လုပ်ငန်း များ၊ မြန်မာပြည်တွင်းမှလူငယ်များအတွက် ပညာရေး အခြေခံ ပရဟိတလုပ်ငန်းများကို ပြုလုပ်ရန် ရည်ရွယ် ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ စတင်တည်ထောင်တဲ့ အချိန်ကစပြီး အခုအချိန်အထိ မြန်မာကိုးရီးယား ဒကာ ဒကာမများနဲ့အတူ ပရဟိတလုပ်ငန်းများကို စွမ်းနိုင်သမျှ ဆောင်ရွက်နေကြပါတယ်။
          ဒုတိယဌာနအဖြစ် ၂၀၁၁- ခုနှစ်မှာ ကင်မ်ဟဲမြို့မှာ ဓမ္မယာန မဇ္ဈိမယာနအဖွဲ့ ရုံးခန်းကို စတင်ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ မြန်မာလူမျိုးများအတွက် မိဘအိမ်သဖွယ် အချိန်မရွေး လာရောက်တည်းခိုနေထိုင်ရာ၊ သာရေး နာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများ ဆောင်ရွက်နိုင်ရာ နေရာတစ်ခု ဖြစ်နေပါတယ်။
          တတိယဌာနအဖြစ် ၂၀၁၂- ခုနှစ်မှာ ဖူဆန်းမြို့ ဆာ့ဆာန်ခရိုင် ဓမ္မယာနပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန်အမှတ် (၂) ကို ကိုးရီးယားယောဂီတစ်ဦးရဲ့အလှူနဲ့ တည်ထောင်ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ အရှင်မဏ္ဍလ (တက္ကသီလဓမ္မာစရိယ)က နာယကအဖြစ် တာဝန်ယူ သာသနာပြုခဲ့ပါတယ်။ ကိုးရီးယားလူမျိုးများအတွက် ဗုဒ္ဓဘာသာနဲ့ ဝိပဿနာတရား လေ့လာရာ၊ မြန်မာ လူမျိုး ပညာသင်ကျောင်းသူကျောင်းသားများနဲ့အလုပ် သမားများအတွက် မိဘအိမ်သဖွယ် အားထားရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
          ၂၀၁၂- ခုမှာပဲ ကင်မ်ဟဲ ဓမ္မယာန မဇ္ဈိမယာန အဖွဲ့ရုံးခန်းအပြင် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန် အမှတ် (၃)ကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။  အရှင် ဩဒါတာလင်္ကာရ (သာမဏေကျော် ဓမ္မာစရိယ)က နာယကအဖြစ် တာဝန်ယူ သာသနာပြုလျက် ရှိပါတယ်။
          စတုတ္ထဌာနအဖြစ်တော့ ၂၀၁၃- ခုမှာ ဂွမ်ဂျူးမြို့ ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် အမှတ် (၄) ကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီး ဒေါက်တာဦးဝဏ္ဏ (Ph.D. ဓမ္မာစရိယ)က နာယကအဖြစ် တာဝန်ယူ သာသနာပြုလျက်ရှိပါတယ်။
          (၄)ခုမြောက်ဌာနအထိ တိုက်ခန်းများကို ငှားရမ်း လျက် တည်ထောင်ခဲ့ရသော်လည်း ပဉ္စမဌာနအနေနဲ့ ၂၀၁၄- ခုမှာတော့ ထူးထူးခြားခြား ပထမဦးဆုံးနှင့် ယခုအချိန်အထိ တစ်ခုတည်းသောမြန်မာပိုင်ကျောင်း ကို ကိုးရီးယားမြန်မာ ဒကာဒကာမများ၏အလှူ ဝမ် သိန်း (၅၀ဝ၀) ခန့်ဖြင့် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် အမှတ် (၅)အဖြစ် ဖူဆန်းမြို့မှာပဲ တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
          ဒါ့အပြင် ဆိုးလ်မြို့၊ ဒယ်ဂူးမြို့နှင့် ချောန်နန်းမြို့ မှ ကိုးရီးယားယောဂီများရဲ့ ပင့်ဖိတ်ချက်အရ အပတ်စဉ် တရားပွဲများ၊ လစဉ် (၇) ရက် တရားစခန်း၊ နှစ်စဉ် (၄၅) ရက် စခန်းများ ဖွင့်လှစ်လျက် တရားဟော တရားပြပေးလျက်ရှိရာ မကြာခင် ဆိုးလ်မြို့၌လည်း ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် အမှတ် (၆)  ဖြစ်ထွန်းပေါ်ပေါက်ရန် အလားအလာ ကောင်းများ ရှိနေပါတယ်။ (၄၅) ရက်ဖြင့် အားရတင်းတိမ်ခြင်းမရှိသော ကိုးရီးယား ယောဂီများရဲ့လျှောက်ထားချက်အရ လာမယ့်နှစ် ဝါတွင်းကာလမှ စတင်၍ (၃) လ တရား စခန်းကို ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။
          ဓမ္မယာန မဇ္ဈိမယာနအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ခဲ့သမျှထဲက အထူး ကျေနပ်အားရတဲ့ ကိစ္စကတော့ ပညာတော်သင်ကျောင်းသားများကို ကူညီပေးနိုင်ခဲ့တာကိုပါ။ အခုဆိုရင် Pukyong National University မှာ  ဘွဲ့ကြိုနဲ့ မဟာဘွဲ့ကျောင်းသား (၄၀) ကျော် (၅၀) နီးပါး ပညာသင်ဆုရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။
          ပြည်တွင်းမှာလည်း ၂၀၁၃- ခုနှစ်မှာ တရားဝင်  အသင်းအဖွဲ့ မှတ်ပုံတင် ရရှိခဲ့ပါပြီ။ ၂၀၁၁- ခုနှစ်     ကတည်းက ရုံးခွဲနေရာအဖြစ် တည်ထောင်ပြီး ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း (၁၂) ရပ်ကွက်၊ ဆဒုံဒူးဝါးနဲ့ ဗိုလ်လင်းယုန် လမ်းထောင့်က ပေ(၄၀ _ ၆၀) မြေနှစ်ကွက်မှာ ပေ (၅၀)ပတ်လည် မူကြိုကျောင်းကို ကိုးရီးယားကျောင်းတစ်ကျောင်းမှ ဝမ် သိန်း (၃၀ဝ) မတည်ပြီး ဓမ္မယာန မဇ္ဈိမယာန အဖွဲ့ဝင် ကိုးရီးယားမြန်မာများရဲ့ကုသိုလ်အဖြစ် ဆောက်လုပ်နေပါတယ်။

၃။       အရှင်ဘုရားရဲ့ပရိယတ်မှာ အောင်မြင်ခဲ့မှုအနေ အထားလေးတွေကိုလည်း သိပါရစေ ဘုရား။
          ပရိယတ်ကိုတော့ ပထမကြီးအောင်ပြီး ဓမ္မာစရိယ တန်းအထိ သင်ယူခဲ့ပါတယ်။ ခေတ်ပညာကတော့ ဆယ်တန်းအောင်ပြီး နောက်ပိုင်း အကြီးတန်းပြီးတဲ့အထိ နားထားရာ ကနေ အဝေးသင် မြန်မာစာဘွဲ့ရပါတယ်။ မဟာသန္တိသုခကျောင်းမှာ ပြည်ပသာသနာပြု ရဟန်းတော်များ အထူးသင်တန်း (၂) နှစ် တက်ရောက် ခဲ့ပြီး ကိုးရီးယား ဖူဆန်းက Pukyong National University မှာ Early Childhood Education နဲ့ မာစတာ (၂ )နှစ် သင်ယူခဲ့ပါ တယ်။

၎။       အရှင်ဘုရား သာသနာ့ဘောင် ဝင်ရောက်  ဖြတ်သန်းခဲ့မှုလေးလည်း ပြောပြပေးပါဦး ဘုရား။
          ဘုန်းကြီးက ဝိရိယနည်းတော့ ပညာရေးမှာ သူတစ်ပါး အားကျစရာ ထူးချွန်မှုမျိုး မရှိပါဘူး။ အခက် အခဲဆိုတာကတော့ အသက်အရွယ်အလိုက် အမျိုးမျိုးပေါ့နော်။ (၁၀)တန်း ကို ကလေး အ - ထ-က(၁)က အောင်ခဲ့ပါတယ်။ မှတ်မှတ်ရရရှိနေတာကတော့ (၁၀) တန်း အောင်ပြီး ကိုရင်ဝတ် တက္ကသိုလ်တက်ဖို့စောင့် ရင်း နိုင်ငံရေးကြောင့် တက္ကသိုလ် မဖွင့်ဘဲ အသက်ပြည့်တာနဲ့ ရဟန်းခံဖြစ်သွားတာ။ တောင်ကြီးတက္ကသိုလ်မှာ ဘူမိဗေဒအထူးပြုနဲ့ ကျောင်းတက်ဖို့ အကုန်ပြင်ပြီးမှ မတက်ဖြစ်ဘဲ စာသင်တိုက်ရောက်ခဲ့ပါတယ်။စာသင် တိုက်ရောက်တော့ အတန်းကျောင်းမှာ နားလည်ဖို့ အဓိက၊ အလွတ်ကျက်ဖို့ ဒီလောက် အားမစိုက်ခဲ့တော့ ဘုန်းကြီးလောကမှာ အာဂုံရမှ အာဂလူဆိုပြီး အလွတ် ကျက်ရတာတွေ များလို့ တော်တော် အခက်တွေ့ခဲ့တယ်။ မုံရွာ ပဇ္ဇောတာရုံဆရာတော်ဘုရားကြီးနဲ့ ငယ်ဆရာရင်း ဖြစ်သူ မုံရွာ စန်းမြသီတာ မဟာစည်ဆရာတော်ကြီး တို့ရဲ့မေတ္တာတရားကြောင့် အခက်အခဲတွေကို ခံနိုင်ရည် ရှိပြီး သာသနာမှာ ရပ်တည်နိုင်ခဲ့တာပါ။ မူလတန်းကနေ ပထမကြီးတန်းအထိ မုံရွာသဒ္ဓမ္မ ပဇ္ဇောတာရုံ ကျောင်းတိုက်မှာ ပညာသင်ယူခဲ့ပါတယ်။ ဓမ္မာစရိယတန်း ကိုတော့ မန္တလေး မြဝတီမင်းကြီးစာသင်တိုက်မှာ လေ့လာခဲ့ပါတယ်။

၅။       ဘဝမှာ ပရိယတ် ပဋိပတ် ဘယ်အရာကို အားသန်ခဲ့ပါသလဲ ဘုရား။ ဒါမှမဟုတ် မျှတအောင် စိတ် ထားတတ်ခဲ့တယ်ဆိုရင်လည်း ဒီအကြောင်းလေးကို ရှင်းပြပေးပါဦး ဘုရား။
          ပရိယတ်ကို စာမေးပွဲဖြေတာ အားမသန်ပေမဲ့ ဘုရားဟောကို ဘဝမှာ လက်တွေ့ အသုံးချဖို့ တကယ် နားလည်ချင်စိတ်နဲ့ သင်ယူ လေ့လာတာတော့ အားသန်ပါတယ်။ ပဋိပတ်အကျင့်တရားကနေ ပရိယတ်ကို နားလည်တာ ပိုအရသာရှိသလို ပရိယတ်ကြောင့် ပဋိပတ်ကို မတိမ်းမစောင်း သုတေသန နည်းကျကျ လုပ်နိုင်တာလည်း အင်မတန် ကျေနပ်စရာကောင်း တယ်လို့ ခံစားရပါတယ်။ ပဋိပတ်ကင်းတဲ့ ပရိယတ် ကလည်း အရသာ မရှိသလို၊ ပရိယတ်ကင်းတဲ့ ပဋိပတ် ကလည်း အန္တရာယ်ကြီးပါတယ်။ သင်လို့ သိတာက ကျင့်ရကောင်းမှန်းသိ၊ ကျင့်ချင်စိတ်ပေါက်စေပြီး မှန်မှန်ကန်ကန် ကျင့်တတ်အောင် လုပ်ပေး ပါတယ်။ ကျင့်လို့ သိတာက စိတ်ဓာတ်ကိုပြောင်းလဲစေပြီး လူ့ အဆင့်အတန်းကို မြှင့်ပေးနိုင် ပါတယ်။ တစ်ဆင့်မြင့်လာတဲ့သူကမှ တစ်ဆင့်မြင့်တဲ့ သင်သိကို လိုလား ခံယူတာမို့ ပရိယတ်သင်သိနဲ့ ပဋိပတ်ကျင့်သိကို မျှတအောင်ပဲ စိတ်ထားခဲ့ပါတယ်။

၆။ အရှင်ဘုရားလျှောက်ခဲ့တဲ့လမ်းမှာ အခက်ခဲဆုံးလို့ ထင်ခဲ့တဲ့ အပိုင်းများရှိရင် သိပါရစေ။ ဒါတွေကို ဘယ်လို ဖြတ်ကျော်ခဲ့သလဲဆိုတာလည်း မိန့်ပါဦး ဘုရား။

          မမြင်ရတဲ့အခက်အခဲတွေထဲတော့ ကိုယ့်စိတ်နဲ့ကိုယ် ပြဿနာဖြစ်တဲ့ကိစ္စကို ထိန်းရတာ အခက်ဆုံးပါပဲ။ အထူးသဖြင့် မာနတရားနဲ့ခေါင်းမာတာကိုပေါ့။ ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကို လေးစား တန်ဖိုးထားတဲ့စိတ်၊ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်နဲ့ ကျော်ဖြတ်ခဲ့တာ များပါတယ်။
          အပေါ်ယံမြင်ရတဲ့ အကြောင်းအရာထဲက ဆိုရင် တော့ ကိုးရီးယားမှာ သာသနာပြုရင်း ကြုံရတဲ့ မဟာ ယာနနဲ့ ထေရဝါဒ(သူတို့ကတော့ ဟီနယာနလို့ ခေါ် တယ်။)ပြဿနာက အခက်ခဲဆုံးလို့ခံစားခဲ့ရပါတယ်။  အမေတစ်ယောက်တည်းက မွေးလို့ အရင်းကြီးတွေပေမဲ့ ဖအေကွဲလို့ အစေးမကပ်တဲ့ အမေတူ အဖေကွဲ မောင်နှမလို၊ အဖေတူ အမေကွဲလို၊ အဖေ့ကို ကြည့် ရင် အရင်းခေါက်ခေါက်ကြီးပေမဲ့ အမေကွဲလို့ အပေါက် မတည့်တဲ့ ညီအစ်ကိုလိုဘဝမျိုး ကို ရင်နာနာနဲ့ရင်ဆိုင် ခဲ့ရလို့ပါ။ ဆရာဝန်က လူနာကို ခွဲစိတ်တဲ့ စိတ်မျိုးနဲ့ ရောဂါပျောက် အောင် ခွဲရတာပဲလေလို့ သွေးအေးအေး ခေါင်းမာမာနဲ့ ကျော်ဖြတ်ခဲ့ရပေမဲ့ ရင်ထဲမှာတော့ နာ ရတာပေါ့။ ဘုန်းကြီးက အသက် (၃၁)နှစ်၊ (၁၁) ဝါအရ ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်သွားတာ လည်း အကြောင်း တစ်ခုဖြစ်ပါတယ်။
၇။       ခုလို ကိုးရီးယားမှာ သာသနာပြုဖို့ ဖြစ်လာခဲ့တဲ့ အစလမ်းကိုလည်း သိချင်ပါတယ် ဘုရား။
          ၂၀ဝ၁- ခုနှစ်မှာ ငယ်ဆရာရင်းဖြစ်သူ မုံရွာ စန်းမြသီတာ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ တာဝန်ပေးချက်အရ ရန်ကုန် ဒဂုံမြို့သစ်အရှေ့ပိုင်း (၁၂) ရပ်ကွက်ရှိ စန်းမြသီတာ မဟာစည်သာသနာ့ရိပ်သာမှာ နာယက ကမ္မဋ္ဌာနာစရိယအဖြစ် တာဝန်ယူခဲ့ရပါတယ်။ မုံရွာဆရာတော်ကြီးနှင့်တကွ တောင်ပုလု ကျောက်ဆင် တောရ ဆရာတော်၊ ဖားအောက်တောရ ဆရာတော် စသော ဆရာတော်ကြီးများထံမှာ နည်းယူ အားထုတ်ခဲ့ ဖူးပေမဲ့ ထပ်ပြီး ရွှေဥမင်တောရဆရာတော်ကြီးထံကို မုံရွာဆရာတော်ကြီးက ပို့ဆောင်အပ်နှံပေးခဲ့ပါတယ်။ ပုလဲမြို့သစ် ရွှေဥမင်ရိပ်သာမှာ သီတင်းသုံးနေတုန်း နေရာချပေးခံရတဲ့အဆောင်က နိုင်ငံခြားသားများ သီးသန့်ထားတဲ့အဆောင် ဖြစ်နေပါတယ်။ အဆောင်မှူး နှင့် ဘုန်းကြီးကလွဲပြီး အခြားသူတွေက ကိုးရီးယား၊ ဗီယက်နမ်၊ ထိုင်ဝမ် စတဲ့ နိုင်ငံခြားသား ယောဂီတွေပါ။ မနက်ဆွမ်းခံမထွက်မီ သင်္ကန်းရုံချိန်ရောက်ရင် နိုင်ငံခြားသား ရဟန်းတော် (၁၀) ပါးကျော် ကျော်က ဘုန်းကြီးဆီကိုလာပြီး သင်္ကန်းရုံသင်ပေးဖို့ အကူအညီ တောင်းကြတယ်။ အဲဒီရဟန်းတော်တွေထဲက အသက် (၆၀)ကျော်အရွယ် ဟန်ဘိုဂွမ်း အမည်ရှိ ကိုးရီးယား ဘုန်းတော်ကြီးတစ်ပါးနဲ့ အသက် (၂၈)နှစ်ခန့်အရွယ်ရှိ ဝေါန်းဂတ်ခ် အမည်ရှိ ကိုးရီးယားဘုန်းကြီး (၂)ပါးက ဘုန်းကြီးနှင့် အလွန်ရင်းနှီးခဲ့ပါတယ်။
          ဒီဘုန်းတော်ကြီးတွေ ရွှေဥမင်ရိပ်သာမှာ တရား အားထုတ်ပြီး ကိုးရီးယားမပြန်မီ ဘုန်းကြီးရဲ့ စန်းမြ သီတာ မဟာစည်ရိပ်သာကို လာရောက် တရားအားထုတ် နေထိုင်သွား ကြပါတယ်။ ဒီ ဟန်ဘိုဂွမ်း ဘုန်းတော်ကြီးရဲ့ပင့်ဆောင်မှုနဲ့ အစစအရာရာ ပံ့ပိုးမှုနဲ့ ၂၀ဝ၂- ခုနှစ်ကစပြီး ကိုးရီးယားနိုင်ငံကို  ကြွရောက် သာသနာပြုဖို့ လမ်းစပေါ်ခဲ့ပါတယ်။

၈။       နိုင်ငံမတူ လူမျိုးမတူ ဘာသာခြားများတဲ့နေရာ မှာ အရှင်ဘုရားရဲ့သာသနာပြုခရီးဟာ ချောမွေ့ပါရဲ့လား။
          ဒီကမ္ဘာပေါ်မှာ ရဟန်းတော်များအတွက် မြန်မာပြည်ဟာ အကောင်းဆုံးပါ။ မြန်မာ လူမျိုးလောက် ရဟန်းတော်များကို ရိုသေလေးစား တန်ဖိုးထားတဲ့လူမျိုး ဘယ်မှာမှရှိမှာ မဟုတ်ပါဘူး။ မြန်မာလူမျိုး ဗုဒ္ဓ ဘာသာတွေနဲ့နှိုင်းယှဉ်ကြည့်နေမယ်ဆိုရင်တော့ နိုင်ငံခြား သာသနာပြုလုပ်ငန်းဟာ ချောမွေ့တယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူး။ ဘုန်းကြီးရဲ့ ကိုရီးယား သာသနာ ပြုလုပ်ငန်းကတော့ အကျိုးပေးလို့ ပြောရမလား အစစ အရာရာ အဆင်ပြေချောမွေ့ ပါတယ်။

၉။       မိဘဆွေမျိုးအသိုင်းအဝိုင်းကရော သာသနာ့ ဘောင်ခရီးအစမှသည် အခုထိ အရှင်ဘုရားလျှောက်ခဲ့တဲ့ သာသနာလမ်းကို ဘယ်လိုများ ဝေဖန်သုံးသပ်ပါသလဲ ဘုရား။
          ဖခင်ကြီးကတော့ ဘုန်းကြီး (၆) နှစ်သားက ဆုံး သွားပါတယ်။ဘုန်းကြီးက သာသနာ့ ဘောင်ကို မမျှော်လင့်ဘဲ ရောက်ခဲ့တာပါ။ (၁၀) တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ စောင့်ရင်း မြန်မာ့ဓလေ့ရိုးရာအတိုင်း ရှင်ပြု တရားစခန်းဝင် တရားအားထုတ်ရင်း အသက်ပြည့်လို့ ရဟန်းခံဖြစ်ရာက မထွက်ဖြစ်ဘဲ အခုချိန်ထိ မြဲသွား တာပါ။ ဘုန်းကြီး ရဟန်း (၁၀) ဝါရတော့ တက္ကသိုလ် ဖွင့်ပေမဲ့ ရဟန်းဘဝမှာ ပျော်နေလို့ တက္ကသိုလ် တက်ရကောင်းမလား၊ စာသင်တိုက်သွားပြီး ဘုရားစာသင်ရင် ကောင်းမလား ဝေခွဲမရ ဖြစ်နေတုန်းမှာတော့ အစ်မ ဖြစ်သူ (၆) ယောက်စလုံးက ရဟန်းပြုရန် သဘောမတူ ကြပါဘူး။ မိခင်ဖြစ်သူကတော့ ရခဲတဲ့ သာသနာမှာ ပျော်သလောက် နေ၊ တစ်နှစ် နေနေ နှစ်နှစ်နေနေ မပျော်ရင် ပြန်ထွက်ခဲ့လို့ ပြောပါတယ်။  ငယ်ငယ်တုန်းက (၁၁) နှစ်သားအရွယ်လောက်က တောင်ပုလုဆရာတော် ဘုရားကြီးထံ ရှင်ပြုခဲ့စဉ်က မထွက်ချင်ပါလို့ပြောပေမဲ့ မယ်တော်ကြီးက ငယ်လွန်းသေးလို့ အတန်းကျောင်း ပညာ ဆက်လက်သင်ကြားစေဖို့ လူထွက်စေခဲ့ပါတယ်။ အဲဒီတုန်းက တောင်ပုလုဆရာတော်ဘုရားကြီးက ‘ကိုရင် မထွက်ချင်တာကို အတင်းထွက်ခိုင်းရင် လူ့အသက် သတ်သလိုပဲ ကိုရင့်အသက်ကို သတ်လိုက်သလို ဖြစ်တယ်’လို့ ပြောခဲ့ဖူးတာကို မယ်တော်ကြီးက အင်မတန် စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက လူထွက်ခိုင်းခဲ့တာကို သတိရတိုင်း စိတ်မကောင်းဖြစ်လို့ အခုတစ်ခေါက်မှာတော့ ပျော်သလောက်နေ တစ်သက် နေရင် ဝမ်းအသာဆုံး အပျော်ဆုံးဖြစ်ပေမဲ့ မပျော်လို့ ထွက်ခဲ့ရင်လည်း ဘာမှမဖြစ်ဘူးလို့ တိုက်တွန်း အားပေး ပါတယ်။ အစ်မဖြစ်သူတွေက ဘွဲ့မရ ပညာမတတ် နောင် တစ်ပိုင်းတစ်စနဲ့ လူထွက်လာရင် ဘယ်လိုလုပ်မလဲလို့ မယ်တော်ကြီးကို မေးတော့ မယ်တော်ကြီးက ဘာမှ မပူနဲ့၊ လုပ်မစားတတ်ရင်လည်း အမေလုပ်ကျွေးမယ်လို့ ပြောခဲ့ဖူးပါ တယ်။ အခုတော့ မိဘညီအစ်ကိုမောင်နှမ အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါတယ်။

၁၀။     ဘာသာစကား သင်ယူမှုအပေါ်မှာ အရှင်ဘုရား ဘယ်လိုများ ကြိုးစားအားထုတ်မှုတွေ ရှိပါသလဲ ဘုရား။
          ကိုရီးယားဘာသာစကားကို တစ်သီးတစ်သန့် အထူးတလည် သင်ယူလေ့လာခဲ့တာမျိုး မဟုတ်ပါ။ မြန်မာကလေးက မွေးလာပြီး တစ်လုံးပြော နှစ်လုံး ပြောနှင့် မြန်မာစကား ပြောတတ်လာသလို ကိုရီးယား ကလေးငယ်လေးက ကိုရီးယားစကားကို မပင်မပန်း ပြောတတ်လာသလိုမျိုး ကိုရီးယားတွေကြားထဲမှာနေရင်း အင်မတန် ကံကောင်းထောက်မစွာ ပြောတတ်သွားပါတယ်။ သီးသန့် သင်ယူ ကျက်မှတ်ရမယ်ဆိုရင် ပင်ပန်းခက်ခဲတယ်လို့ ခံစားမိမှာ မလွဲမသွေပါပဲ။ တကယ်တော့ ဘာသာစကား သင်ယူလေ့လာရာမှာ ကိုယ် သင်ယူ မယ့် ဘာသာစကား ပြောဆိုတဲ့နိုင်ငံ လူမှု အသိုင်းအဝိုင်းမှာ နေထိုင်ပြောဆို သင်ခွင့်ရရင် အကောင်းဆုံးပါပဲ။ စနစ်တကျမသင်ယူခဲ့ရတဲ့အတွက် အရေး၊အဖတ်မှာတော့ အားနည်း ပါတယ်။ ပြောတာနဲ့ နားထောင်တာကတော့ ကိုရီးယားလူမျိုးတစ်ယောက် ပြောသလို ပြောနိုင်ပါတယ်။

၁၁။     လောကရဲ့ ရွေးချယ်မှုလမ်းကြောင်းတွေ အများကြီးထဲကမှ သာသနာ့အရိပ်ကို ခိုဝင်ဖို့ အရှင်ဘုရား စိတ်ကူးဖြစ်ခဲ့ ရွေးချယ်ခဲ့ပုံလေးကိုလည်း မျှဝေပါဦးဘုရား။

          နောက်ဆုံး ယတိပြတ် ဆုံးဖြတ်ချက်ချပြီး သာသနာ လမ်းကိုရွေးချယ်မိခဲ့တဲ့ အကြောင်းကတော့ အငယ်ဆုံး ညီလေး ဆုံးသွားမှုနှင့်ဆက်စပ်ပါတယ်။ တစ်နှစ်ကြီး တစ်နှစ်ငယ် ညီအစ်ကိုသုံးယောက်ဟာ အသက် သိပ်မကွာလို့ သူငယ်ချင်းလိုပဲ နေခဲ့ကြတာ ပါ။ သေခြင်း တရားနှင့်ပတ်သက်တဲ့တရားတွေ အများကြီးနာဖူးခဲ့သလို မရဏာနုဿတိ ကမ္မဋ္ဌာန်းလည်း စီးဖြန်းဖူးပါတယ်။ ဒါပေမဲ့ ညီဖြစ်သူရဲ့သေဆုံးမှုလောက် ထိထိရောက်ရောက် သံဝေဂမရခဲ့ဖူးပါ။ အနီးကပ်ဆုံး လူတစ်ယောက် သေဆုံးသွားတဲ့အခါ သေခြင်းတရားဆိုတာ ကိုယ်နဲ့မဝေးတဲ့အရာတစ်ခုဆိုတာ အသေအချာ ခံစားလိုက်ရပါတယ်။ ည မျက်စိမှိတ် အိပ်ရာ ဝင်ပြီး မနက် အိပ်ရာထတဲ့အခါ မျက်စိပြန်ပွင့်လာပါ့မလား၊ နေထွက်တာကို မြင်မှမြင်ခွင့်ရ ပါဦးမလားလို့ စဉ်းစားမိခဲ့ပါတယ်။ အဲဒီ အကြောင်းကြောင့်ပဲ တခြားလမ်းတွေအားလုံးက အဓိပ္ပာယ်မဲ့သလိုဖြစ်သွားပြီး သာသနာလမ်းကို ရွေးချယ် ဖြစ်သွားခဲ့ပါတယ်။

၁၂။     ဘဝမှာ ကျေးဇူးအတင်ထိုက်ဆုံး ပုဂ္ဂိုလ် ဆိုရင် အရှင်ဘုရား ဘယ်သူ့ကို ရည်ညွှန်းချင် ပါသလဲ ဘုရား။
          ကျေးဇူးတင်ထိုက်တဲ့ပုဂ္ဂိုလ်တွေကတော့ အများကြီးပါပဲ။ သာသနာမှာဆိုရင်တော့ မိဘသဖွယ် စောင့်ရှောက်ခဲ့ကြတဲ့ ငယ်ဆရာရင်း ဖြစ်သူ မုံရွာ စန်းမြသီတာ မဟာစည် ဆရာတော်ဘုရားကြီးနဲ့ ကိုရီးယားနိုင်ငံမှ ဟန်ဘိုဂွမ်းကိုရီးယားဘုန်းတော်ကြီးတို့ပါ။
          လူ့ဘောင်မှာဆိုရင်တော့ ဘုန်းကြီး အသက် (၆) နှစ်အရွယ် ဖခင်ကြီး ဆုံးပြီး အစ်မကြီး အမိအရာလို မိသားစုတစ်စုလုံး၏တာဝန်ကိုယူခဲ့ရတဲ့ အစ်မအကြီးဆုံးကို ကျေးဇူး အတင်ဆုံးပါ။

၁၃။     အတိုင်းအတာတစ်ခုအထိ ပညာတွေ သင်ယူ အောင်မြင်ပြီးပြီ။ သာသနာပြု ခရီးတွေလည်း ခြေဆန့် ပြီးပြီ။ ကိုယ့်လမ်းကိုလျှောက်ချင်တဲ့ ညီတော် နောင်တော်တွေကို ဘယ်လိုစကားမျိုး လက်ဆင့်ကမ်း မှာကြားချင်ပါသလဲ ဘုရား။

          လုပ်နိုင်ခဲ့သမျှကို ကျေနပ်အားရမှုရှိတာ အမှန် ပါပဲ။ သာသနာပြုနဲ့ ပတ်သက်လို့တော့ ပြည်တွင်းပဲ ဖြစ်ဖြစ်၊ ပြည်ပပဲ ဖြစ်ဖြစ် မဟာစည်ဆရာတော် ဘုရားကြီး အမိန့်တော်ရှိတဲ့ အတိုင်း ပဋိပတ်မကင်းတဲ့ ပရိယတ်၊ ပရိယတ် မကင်းတဲ့ ပဋိပတ်မူနဲ့ သွားရင် အကောင်းဆုံး ပါပဲ။ မဟာသန္တိသုခ ပြည်ပသာသနာပြု ရဟန်းတော်များ အထူးသင်တန်းကို တက်ရောက် နေစဉ် သင်တန်းသားအချင်းချင်း ဦးဂိုအင်ကာ သာသနာပြုတာ ဘာကြောင့်အောင်မြင်သလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ရဖူးပါတယ်။ သင်တန်းသားအများစုက ဘာသာစကား ကျွမ်းကျင်မှုကို အဓိကထားထောက် ပြကြပေမဲ့ ဘုန်းကြီးကတော့ နံပါတ် (၁) က ကိုယ်တွေ့ တရားရှိမှု၊ နံပါတ် (၂)က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခဲ့တဲ့အတွက် စီမံခန့်ခွဲရေး ကောင်းမှု၊ နောက်ဆုံးအနေနဲ့သာ ဘုန်းကြီးက ဘာသာစကားကို ထောက်ပြခဲ့ ပါတယ်။ လယ်တီဆရာတော် ဘုရားကြီးများ၊ တောင်ပုလုဆရာတော်ဘုရားကြီးများနဲ့ မဟာစည်ဆရာတော်ဘုရားကြီးများကလည်း ဘာသာရပ်ခြားစကား မပြောဆိုကြဘဲနဲ့ ကိုယ်တွေ့တရား ခိုင်မာမှုကြောင့် ကမ္ဘာကျော်အောင် သာသနာပြုတော်မူနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ပရိယတ်၊ ပဋိပတ် ကိုယ်တွေ့တရားခိုင်မာမှုက ပဓာနလို့ အကြံပြုချင်ပါတယ်။
၁၄။     အရှင်ဘုရားဘဝမှာ ကိုင်စွဲထားတဲ့ ဆောင်ပုဒ် များရှိရင် သိပါရစေ။

          စံ တန်ဖိုးနဲ့ပတ်သက်ရင် ‘စိတ်ထားကောင်း၊ အတွေးအခေါ်ကောင်း၊ လုပ်ရည်ကိုင်ရည်ကောင်းသူ ဖြစ်ရမယ်’။ အလုပ်နဲ့ ပတ်သက်ရင်တော့ ‘အလုပ်ဆိုတာ အခွင့်အရေး။ ကိုယ်လုပ်ချင် ဖြစ်ချင်တာကို အစွမ်းကုန် ကြိုးစားမယ်၊ ဖြစ်သလောက်နဲ့ကျေနပ်မယ်’ လူမှု ဆက်ဆံရေးနဲ့ပတ်သက်ရင် ‘ကိုယ့်ကိုယ်ကိုမှ မယုံကြည် တဲ့သူကို ဘယ်သူမှယုံမှာမဟုတ်။ ကိုယ့်ကိုယ်ကိုမှ မလေးစားတဲ့သူ ဘယ်သူကမှ လေးစားမှာမဟုတ်’၊ အရှုပ်အရှင်း အကြပ်အတည်းကြုံရင် အထင်လွဲအစွပ် စွဲခံရရင် ‘အချိန်ကဆေး၊ အချိန်က ကုစားသွားလိမ့်မယ်။ အချိန်ကအဖြေ၊ အချိန်က စကားပြော လိမ့်မယ်။ ငါလျှောက်နေတဲ့လမ်း၊ ငါလုပ်နေတဲ့အလုပ် ငါသိတယ်’ ဆိုတဲ့ ဆောင်ပုဒ်တွေကို ကိုင်စွဲထားပါတယ်။

၁၅။     အရှင်ဘုရား ရန်ကုန်မှာ သီတင်းသုံးစဉ် အချိန်ကလည်း ပရဟိတလုပ်ငန်းကို အင်မတန် အားပေးတယ်လို့ သိထားပါတယ်။ နာဂစ်ကလေးများအပေါ်လည်း ကယ်ဆယ် ပညာသင်ထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းတွေနဲ့ ရန်ကုန် ကျောင်းမှာ လုပ်ထားတဲ့ ပညာဒါနသင်တန်းများ ဖွင့်ရခြင်းရည်ရွယ်ချက်လေးလည်း ပြောပြပေးပါဦး။

          ၂၀ဝ၂- ခုနှစ်က ကိုရီးယားကို ပထမဆုံးအကြိမ် ရောက်ခဲ့ပါတယ်။ ပြည်ပခရီး အနေနဲ့လည်း ပထမဆုံး ဖြစ်သလို တစ်သက်နဲ့ တစ်ကိုယ် လေယာဉ်လည်း ပထမဆုံး စီးဖူး တာပါ။ အဲဒီနှစ်က ကိုရီးယားနိုင်ငံရဲ့ လေဆိပ်အသစ်ဖြစ်တဲ့ အင်ချွန်းလေဆိပ် ဖွင့်တဲ့နှစ်ပါ။ နှစ်ပေါင်း(၅၀)လောက် ရပ်တန့်နေတဲ့ မြန်မာပြည်ကနေ နှစ်ပေါင်း (၃၀)လောက် ရှေ့ပြေးနေ တဲ့ ကိုရီးယားကို ရောက်သွားတော့ နဖူးတွေ့ ဒူးတွေ့ ခံစားရတာတွေ အများကြီးပေါ့။ ကိုရီးယားမှာ (၇)လခွဲနေပြီး မြန်မာပြည် အပြန် အင်ချွန်းလေဆိပ်မှ ဟောင်ကောင်လေဆိပ်၊ ဟောင်ကောင်လေဆိပ်မှ ဘန်ကောက်လေဆိပ်၊ ဘန်ကောက်လေဆိပ်မှ နောက်ဆုံး ရန်ကုန် လေဆိပ်။ ဆင်းသက်ခဲ့ရာ လေဆိပ်လေးခု တမင်တကာ နှိုင်းယှဉ် ကြည့်တာမဟုတ်ပေမဲ့ အတိုင်းသား ပေါ်လွင်နေတာပါ။ တို့နိုင်ငံ မွဲဆို တကယ်မွဲတာကိုးလို့ ရင်ထဲမှာ ဆို့ဆို့နစ်နစ် ခံစားခဲ့ရပါတယ်။ အားမနာတမ်းပြောရရင် အဲဒီအချိန် ရန်ကုန်လေဆိပ်အဟောင်းက အင်ချွန်းလေဆိပ် သန့်စင်ခန်းလောက်တောင် သန့်ရှင်းသပ်ရပ် သားနားမှု မရှိပါဘူး။
          တရားဟော တရားပြ ဘုန်းကြီးတစ်ပါးအနေနဲ့ ယခင်က သာသနာရေးကိစ္စလောက်ပဲ စဉ်းစားမိပေမဲ့ အဲဒီအချိန်ကစလို့ တိုင်းပြည်အတွက် အခြားသော လုပ်ဆောင်နိုင်မယ့် အချက်များကိုလည်း မဖြစ်မနေ စဉ်းစားမိပါတယ်။ နောက်ဆုံး ပညာရေးသာ ပဓာန၊ ပညာ မတတ်လို့ ဆင်းရဲကြတယ်လို့ ကောက်ချက်ချ မိပါတယ်။ တိုင်းပြည်အတွက် လုပ်ဆောင်စရာ ကိစ္စ များစွာရှိပေမဲ့ ရဟန်းတော်တစ်ပါးအနေနဲ့ ပညာရေး သာ အသင့်လျော်ဆုံးလို့ ယူဆမိတာ လည်း ပါပါတယ်။ ထူးချွန်ပေမဲ့ မိဘပတ်ဝန်းကျင်ချို့တဲ့လို့ အစွမ်းရှိသလောက် ကြီးပွားခွင့် မရရှာတဲ့ လူငယ်တွေကို ပညာနဲ့ အကူအညီပေးမယ်လို့ သန္နိဋ္ဌာန်ချပြီး ပရဟိတလုပ်ငန်းကို လုပ်ဆောင်ဖြစ်ခဲ့တာပါ။


No comments: