ဆုတောင်းခြင်း
အရှင်ကေဝလ(အလင်းစက်)
(၁) ငါသည် ဘဝဆက်တိုင်း ဒေါသ မရှိသူ ဖြစ်ပါရစေ။
(၂) ငါသည် ဘဝဆက်တိုင်း လောဘ မရှိသူ ဖြစ်ပါရစေ။
(၃) ငါသည် ဘဝဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ။
(၄) ငါသည် ဘဝဆက်တိုင်း အချစ်မရှိသူဖြစ်ပါရစေ။
(၅) ငါသည် ဘဝဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ။
(၆) ငါသည် ဘဝဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ
ဖြစ်ပါရစေ။
ဗုဒ္ဓဘာသာဝင်တို့သည်
အလှူတစ်ခုကိုပြုပြီးတိုင်း ဆုတောင်းသည့်အလေ့ ရှိကြသည်။ ဆုတောင်းခြင်းသည်
ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေး ယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါ သည်။ တောင်းဆိုလေ့ရှိကြသည့်
ဆုအများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွား တိုးတက်လိုခြင်း၊
ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘဝလိုအပ်ချက်များစွာတို့ ဖြစ်ကြသည်။
ထိုသို့ ဆုများစွာကို တောင်းသည့်အခါ
တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်။ မရရှိကြ သည်များလည်း ရှိပါသည်။
ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှ အစပြု၍ ဘုရားအဖြစ်တိုင်အောင် ဆုတောင်းမှုကို
ရှေးဦးစွာပြုရကြောင်း၊ ပြီးလျှင် တောင်းသည့် ဆုအလျောက် လိုအပ်သည့် ပါရမီများကို ဖြည့်ဆည်းရကြောင်း
ပါဠိစာပေတွင် ညွှန်ပြထား ပါသည်။
ဘုရားအဖြစ်တိုင်အောင် ဆုလာဘ်များကို ဆုတောင်းရုံသက်သက်ဖြင့်
ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆိုထားခြင်းမရှိပါ။
ဗုဒ္ဓရှင်တော်လက်ထက်က လူပုဂ္ဂိုလ် ဒါယကာ၊
ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာဝက၊ မဟာသာဝကနှင့်
အခြားရဟန်းများအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့် တပည့်သံဃာတော်များက
တောင်းသောဆုများ ပြည့်စုံကြပါစေဟု ပြန်လည် မိန့်ဆိုကြသည်ကို တွေ့ရသည်။
ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည်
တရားအရှည်ကို ဟောလေ့မရှိဘဲ တောင်းသောဆုများ၊ လိုအပ်သော ဆုများ လပြည့်ညတွင်
ထွက်ပေါ်သော ရွှေလမင်းကြီးကဲ့သို့ ဝင်းဝင်းပပ ပြည့်ဝ ကြပါစေဟု ဆုကိုသာ
ပေးလေ့ရှိကြောင်းကို ပါဠိစာပေတွင် တွေ့ရသည်။ ဆိုခဲ့ ပြီးသည်များကို ထောက်ဆ၍
ကောင်းမှုကိုပြုပြီးတိုင်း ဆုတောင်းသင့်သည်ဟု မှတ်သားရပါမည်။
ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည်
စေတီ ပုထိုးများနှင့် ရဟန်း သံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်။
ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ နှင့် မြန်မာတို့၏နှလုံးသားတွင် အမြစ်တွယ် နေပြီ
ဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့် ရှေးကျသည့်
မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့် တွေ့ရသည်။
အရှင်မဟာသီလဝံသ၏ ဆုတောင်းခန်းပျို့သည်
ရှေးခေတ် ဗုဒ္ဓဘာသာဝင်တို့ ဆုတောင်းမှုကို မည်မျှ နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့်
အကောင်းဆုံး သာဓက ကျမ်းစာတစ်ခုဖြစ်ပါသည်။ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့
လက်ခံကျင့်သုံး သည်ကိုလည်း ပြရာရောက်သည့် သာဓကလည်း ဖြစ်ပါသည်။ အရှင်၏အမြင်တွင်
ဆုတောင်းခြင်းသည် စိတ်ကို တစ်မျိုးတစ်ဖုံ အားပေးရာရောက်သည်၊ နှစ်သိမ့်ရာရောက်
သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်။
ဘဝတွင် တစ်ခါတစ်ရံ
လက်လှမ်းမမီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊
စေတီတော်တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီ တောင်းဆို လိုက်ရလျှင် စိတ်များစွာ
သက်သာရသည်ကို ဆုတောင်းလေ့ရှိသူတိုင်းက သိကြသည်။ သတိပြုသင့်သည်မှာ
မည်သည့်တန်ဖိုးရှိသည့်အရာမျှ ဆုတောင်းသက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်။
လိုချင် သည့်ဆုသည် အဖိုးထိုက်တန်လေလေ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည်လည်း
ကြီးမားရလေလေပင် ဖြစ်ပါသည်။
ဘုရားဖြစ်ချင်လွန်းသဖြင့်
ဒီပင်္ကရာမြတ်စွာဘုရား အထံတွင် ဘုရားဆုတောင်းခဲ့သော သုမေဓာရှင်ရသေ့သည် လေးအသင်္ချေ၊
ကမ္ဘာတစ်သိန်း ဒုက္ခများစွာကို ရင်ဆိုင်ကျော်လွှားရင်း အများတကာ မပြုနိုင်သည့် ဘဝအရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို
ငါးရာ့ငါးဆယ် ဇာတ်နိပါတ် တော်များတွင် လေ့လာသိရှိနိုင်သည်။
ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ
လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ ရှိကြသည်ကို လက်တွေ့
ပတ်ဝန်းကျင်တွင်မက ဆဒ္ဒန်ဆင်မင်း ဝတ္ထုတွင် တွေ့ရသည်။ စူဠ သုဘဒ္ဒါသည် လင်သားအပေါ်
အမျက်ထားပြီး နောင်ဘဝတွင် လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင်သား ၏အစွယ်ကို
နားတောင်းလုပ်ပြီး ပန်ဆင်နိုင်သူ ဖြစ်ရစေရန် ဆုတောင်းကြောင်း လေ့လာရသည်။
မည်သည့်ဆုကို တောင်းသည်ဖြစ်စေ တောင်းဆို
သူ၏စိတ်သည် ထိုဆုအတွက် အမှန်တကယ် ပြင်းပြ ထက်သန်ပြီး တောင်းသည့်ဆုကိုရစေတတ်သည့် အားထုတ်ကြိုးစား
ဖွယ်များကို ဖြည့်ဆည်းလျှင် မိမိ တောင့်တသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း
စာပေအထောက်အထား၊ လက်တွေ့အထောက်အထားများအရ အတည်ပြုနိုင်ပါသည်။
လူတို့တွင် ဘဝတစ်ခုအတွက်
ရင့်ကျက်ပြီးသူ၊ ဘဝများစွာအတွက် ရင့်ကျက်ပြီးသူဟု နှစ်မျိုးရှိကြောင်းကို
မှတ်သားရပါမည်။ ဘဝတစ်ခုအတွက် ရင့်ကျက်ပြီးသူတို့သည် ဘဝတစ်ခု ကောင်းစားမှုကို
ဆုတောင်းလေ့ရှိပြီး ဘဝများစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘဝမှ လွတ်မြောက်ရေးကို
ဆုတောင်းလေ့ ရှိကြောင်းကို တွေ့ရသည်။
ဘဝတစ်ခုတွင် ရင့်ကျက်ပြီးသူဟူသည်
စာရေးသူအရှင်အပါအဝင် စာဖတ်သူအများကို ရည်ညွှန်းပါသည်။ ဘဝများစွာတွင်
ရင့်ကျက်ပြီးသူဟူသည် တရား အမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါသည်။
အရှင်၏ ယခုစာတမ်းတွင် ဘဝတစ်ခုအတွက်
ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့် နေ့စဉ်ဆုတောင်းများ ကို အသေးစိတ်မဖော်ပြတော့ဘဲ
ဘဝများစွာအတွက် ရင့်ကျက်ပြီး ကြသောသူတို့၏ အတုယူဖွယ် ဆုတောင်း ပုံများကို
ဖော်ပြမည်ဖြစ်ပါသည်။
ငါးရာ့ငါးဆယ်ဇာတ်တော်များတွင် ကဏှဇာတ်
ဟူ၍ရှိပါသည်။ ကဏှရသေ့ကြီး တရားကျင့်ရာ သစ်ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး
အရှင်ရသေ့ အလိုရှိသောဆုကို တောင်းဆိုပါဟု ဆုဖြင့် ဖိတ်မန် သောကြောင့် ကဏှရသေ့သည်
အရှင်သိကြားမင်း သင် ပေးနိုင်မည်ဆိုက ပေးပါဟု အစချီပြီး မှတ်သား အတုယူဖွယ်
ဆုခြောက်မျိုးကို တောင်းဆို လိုက်ပါသည်။
(၁) ငါသည် ဘဝဆက်တိုင်း ဒေါသ မရှိသူ ဖြစ်ပါရစေ။
(၂) ငါသည် ဘဝဆက်တိုင်း လောဘ မရှိသူ ဖြစ်ပါရစေ။
(၃) ငါသည် ဘဝဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ။
(၄) ငါသည် ဘဝဆက်တိုင်း အချစ်မရှိသူဖြစ်ပါရစေ။
(၅) ငါသည် ဘဝဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ။
(၆) ငါသည် ဘဝဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ
ဖြစ်ပါရစေ။
ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို
သုံးသပ်ကြည့်လျှင် ဘဝတစ်ခု ချမ်းသာရန်အတွက်
တစ်စုံတစ်ရာ ဆုတောင်း မပါသည်ကို တွေ့ရပေသည်။ စာဖတ်သူတို့ နေ့စဉ်တောင်းဆိုတတ်သည့်
ဆုများနှင့် များစွာပင် ကွာခြားနေသည်ကိုတွေ့ရသည်။ အတုယူ သင့်သည့် မှတ်သားဖွယ်ဆုတောင်းများ
ဖြစ်ပါသည်။ ကဏှဟူသော ပါဠိအမည်မှာ အမည်း = Black ဟု မြန်မာပြန်ဆိုရပါသည်။
ဇာတ်လမ်းအမည်သည် အမည်းဇာတ် ဟု နာမည် ခေါ်ဆို ထားသော်လည်း ကဏှရှင်ရသေ့
တောင်းသောဆုများမှာ မည်မျှဖြူစင် သန့်ရှင်းသည်ကို စာဖတ်သူ သိပြီးအတိုင်းပင်
ဖြစ်ပါသည်။ လောကတွင် တစ်ခါတစ်ရံ ဂုဏ်နှင့်ဒြပ် ထပ်တူ မကျသည့်သဘောပင် ဖြစ်သည်။
ယနေ့ခေတ်တွင်လည်း ကဏှဇာတ်မှဆုတောင်းများကဲ့သို့
အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့်
ဆရာတော်ကြီးများနှင့်လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်။ ထိုအထဲမှ
ဒီပဲယင်းဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို စာဖတ်သူသို့ တင်ပြလိုပါသည်။
ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်
သာသနာပိုင်ဖြစ်ပြီး ပရမတ္ထစက္ခုကျမ်း အပါအဝင် ကျမ်းပေါင်းများစွာကို သာသနာတော်အတွက်
ရေးသားခဲ့သည့် ကျမ်းပြု ဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ
ဘဒ္ဒန္တဥာဏဝရ ဖြစ်ပါသည်။ ဆရာတော်ကြီးသည် သူ၏ ပရမတ္ထစက္ခု ကျမ်းနိဂုံးတွင်
အောက်တွင်ဖော်ပြမည့် ဆု ဆယ်မျိုးကို တောင်းဆိုခဲ့ပါသည်။
(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ။
(၂) သူတစ်ပါးတို့သည်လည်း
ငါ့အကျိုးကိုလိုလားကြပါစေ။
(၃) ငါသည် သူတစ်ပါး၏ဆင်းရဲဒုက္ခကို မနှစ်သက်သူ
ဖြစ်ပါရစေ။
(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က
မလိုလားကြပါစေနှင့်။
(၅) ငါသည် အခြားသတ္တဝါများကို ညှဉ်းဆဲတတ်သူ မဖြစ်ပါစေနှင့်။
(၆) ငါ့အားလည်း အခြားသတ္တဝါတို့က
မညှဉ်းဆဲကြပါစေနှင့်။
(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်။
(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်။
(၉) သတ္တဝါအပေါင်းသည် လမ်းကောက်ကို ရှောင်ရှား၍ လမ်းဖြောင့်ကို
လျှောက်လှမ်းနိုင်ကြပါစေ။
(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍
လမ်းဖြောင့်ကို လျှောက်လှမ်းနိုင်သူ ဖြစ်ရပါစေ။
အထက်တွင်တင်ပြခဲ့သည်များမှာ
ဒီပဲယင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်။
ဆရာတော်ကြီး၏ ဆုတောင်း ဆယ်မျိုးကို
သုံးသပ်ကြည့်လျှင် ဆရာတော်ကြီးသည် လောကီစည်းစိမ်နှင့် ဘဝခံစားမှု တစ်စုံတစ်ရာကို
ဆုမတောင်းဘဲ လူသားတို့အတွက် ကောင်းကျိုးများကိုသာ ဆုတောင်းခဲ့သည်ကို
အတုယူလေးစားဖွယ် လေ့လာရပါသည်။
ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင်
အခြားထင်ရှား သည့် ဆုတောင်းနှင့်ပတ်သက် ဆက်စပ်သောဇာတ်လမ်း တစ်ခုမှာ အကိတ္တိဇာတ်
ဖြစ်ပါသည်။ အကိတ္တိဇာတ်လမ်းသည် လည်း အထက်တွင်တင်ပြခဲ့သော ကဏှဇာတ်နှင့်
အသွားဆင်တူပင် ဖြစ်ပါသည်။ သို့သော် ဆုတောင်းပုံချင်းကား ကွာခြားပါသည်။
အကိတ္တိ ဟူသော ပါဠိအမည်မှာ အ+ကိတ္တိ =
မထင်ရှားသူ၊ မထင်ရှားခြင်း ဟူ၍ မြန်မာအဓိပ္ပာယ် သက်ရောက်ပါသည်။ သို့သော်
ဇာတ်လမ်းတွင် ပါဝင်သော အကိတ္တိရသေ့၏ ဆုတောင်းများမှာ ကမ္ဘာကျော် ဆုတောင်းများဟူ၍ပင်
ခေါ်ဆိုထိုက်လှပါသည်။
အကိတ္တိရှင်ရသေ့၏ မှတ်သား အတုယူဖွယ် ဆုတောင်းများမှာ
-
(၁) လောဘမရှိသူ
ဖြစ်ရပါလို၏။
(၂) ဒေါသမရှိသူ
ဖြစ်ရပါလို၏။
(၃) လူမိုက်ကို
ဘဝဆက်တိုင်း မတွေ့ မမြင်ရပါစေနှင့်။
(၄) လူမိုက်အကြောင်း
ဘဝဆက်တိုင်း မကြားရပါစေနှင့်။
(၅) လူမိုက်နှင့်
ဘဝဆက်တိုင်း မိတ်ဆွေ မဖြစ်ရပါစေနှင့်။
(၆) လူမိုက်နှင့်
ဘဝဆက်တိုင်း စကားမပြောရပါစေနှင့်။
(၇) လူမိုက်အား
ဘဝဆက်တိုင်း မနှစ်သက်ရပါစေနှင့်။
(၈) ပညာရှိကို
ဘဝဆက်တိုင်း တွေ့မြင်ရပါစေ။
(၉) ပညာရှိအကြောင်း
ဘဝဆက်တိုင်း ကြားရပါစေ။
(၁၀)
ပညာရှိနှင့် ဘဝဆက်တိုင်း မိတ်ဆွေ ဖြစ်ရပါစေ။
(၁၁)
ပညာရှိနှင့် ဘဝဆက်တိုင်း စကားပြောခွင့်ရပါစေ။
(၁၂)
ပညာရှိကို ဘဝဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ။
(၁၃)
နံနက် အရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ။
(၁၄)
သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ။
(၁၅) ဆွမ်းဘောဇဉ်များသည်
လှူ၍မကုန်ခန်းသည် ဖြစ်ပါစေ။
(၁၆)
လှူစဉ် စိတ်ကြည်လင်ပါရစေ။
(၁၇)
လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ။
(၁၈)
သိကြားမင်းသည် ငါ၏အထံသို့ နောက်မလာပါစေနှင့်။
အကိတ္တိရှင်ရသေ့၏ဆုတောင်းများကို
ခြုံငုံလေ့လာလျှင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ် ပုံကို တွေ့မြင်ရမည်
ဖြစ်ပါသည်။
ဖော်ပြခဲ့ပြီးသည့် သူတော်သူမြတ်
သုံးဦး၏ဆုတောင်းများတွင် ဘဝအတွက် ရလိုသည်များကို ဆုတောင်းသည်ထက် မရလိုသည်များကိုသာ
ဆုများအဖြစ် တောင်းဆိုကြ သည်ကို တွေ့ရသည်။ ယနေ့ လူတို့ နေ့စဉ်တောင်းဆိုနေကြသော
ဆုတောင်းများနှင့် များစွာ ခြားနားသည်ကိုတွေ့ရပါမည်။
ဆုတောင်းများတွင်လည်း အေးချမ်းမှု အရိပ်အယောင်များကို
ခံစား တွေ့မြင်ရသည်။ မိမိဘဝတွင် ဖြစ်ချင်သည် ရလိုသည်များထက် ကမ္ဘာလောကရှိ လူအများ၊
သတ္တဝါအများ၏ ချမ်းသာမှုအကျိုးစီးပွားများ ကို အလေးပေး ဆုတောင်းတတ်ကြသည်ကို အတုယူ
ဖွယ်တွေ့ရ သည်။ အတုယူသင့်သည်ဟု စာရေးသူထင် မြင်မိပါသည်။
ပါဠိစာပေတွင် ဤကဲ့သို့သော အေးချမ်းသည့်
ဆုတောင်းများ ရှိသကဲ့သို့ အလွန် ရက်စက်သည့် ဆုများစွာကို တောင်းကြသူများကိုလည်း
များစွာ မှတ်တမ်းတင်ထားပါသည်။ ရက်စက်ကြမ်းကြုတ်သည့် ဆုတောင်း များဖြစ်သည့်တိုင်
ထိုဆုများကို တောင်းဆိုသူများ၏ စိတ်ဓာတ် ပြင်းထန်ပုံ၊ လုံ့လပယောဂကြီးမှုတို့ကြောင့်
ဆုတောင်းများသည်လည်း အံ့ဩဖွယ် ပြည့်ဝသည် များကို ပါဠိ နိကာယ်ကျမ်းကြီးများတွင်
ဖော်ပြထားပါသေးသည်။
ဖော်ပြခဲ့ပြီးသည့်
များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး စာဖတ်သူအနေဖြင့် မိမိဘဝနှင့်
မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေး၊ ချမ်းသာစေသည့် ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု
စာရေးသူ ယူဆပါသည်။ မိမိချမ်းသာလျှင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျှင်
ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျှင် ပို၍ပို၍ ကောင်းသည်။ တစ်ကမ္ဘာလုံး
ချမ်းသာလျှင်ကား အကောင်းဆုံးဟု စာရေးသူ ယူဆပါသည်။
စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိ လူတို့
ချမ်းသာ စေမည့် ဆုထူးဆုမြတ်များကို တောင်းဆိုရရှိကြပါစေဟု ဆုမွန်ပြုအပ်ပါသည်။
(ကျမ်းကိုး-ကဏှဇာတက။
အကိတ္တိဇာတက။ ဇာတက ပါဠိတော်နှင့် အဋ္ဌကထာများ၊ ပရမတ္ထစက္ခုကျမ်း၊ ဥပရိပဏ္ဏာသအဋ္ဌကထာ၊
အနုပဒဝဂ်၊ သင်္ခါရူပပတ္တိ သုတ္တဝဏ္ဏနာတို့ကို ကိုးကားပါသည်။)
မေတ္တာဖြင့်
. . .
အရှင်ကေဝလ(အလင်းစက်)
No comments:
Post a Comment