မောနေယျအကျင့်မြတ်
မသုမေ
“မေမေရေ၊ သမီးတို့တောင်တက်အသင်းထဲက တောင်တက်အဖွဲ့ဝင်နှစ်ဦး
ပျောက်နေလို့ ဘေးကင်း ရန်ကင်းနဲ့ ပြန်ရောက်လာပါစေ ဆိုပြီး ဘုရားရှိခိုးပြီး
ဆုတောင်းနေရတာ၊ ဒီဓာတ်ပုံထဲက နှစ်ယောက်ပေါ့။ မေမေလည်း ကူညီပြီး ဆုတောင်းပေးဦးနော်”
“အေးပါ သမီးရယ်၊ မေမေလည်း ဆုတောင်းပေးပါ့မယ်၊ ဘယ်လိုဖြစ်ပြီး
ပျောက်သွားတာလဲ သမီးရဲ့”
“သမီးတို့ တက္ကသိုလ် ခြေလျင်နှင့်တောင်တက် အသင်းက အဖွဲ့ဝင် (၈)
ဦးဟာ အရှေ့တောင်အာရှနဲ့ မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ‘ခါကာဘိုရာဇီ’တောင်ကို
တက်ကြတာပါ၊ အဖွဲ့ဝင် (၈) ဦးစလုံးဟာ Base Camp ဖြစ်တဲ့ အမြင့်ပေ (၁၃၂၀ဝ)အထိ တက်
ပါတယ်။ ဩဂုတ်လ (၂၂) ရက် မနက် (၇)နာရီလောက်မှာ ကိုအောင်မြင့်မြတ်နဲ့
ကိုဝေယံမင်းသူတို့ နှစ်ဦးပဲ အဲဒီ Base Camp ကနေ တောင်ထိပ်ကို တက်ကြတာပါ။ ဩဂုတ်လ
(၃၁) ရက် ညနေ (၄)နာရီ (၂၅)မိနစ်မှာ အမြင့်ပေ (၁၉၆၀ဝ) ရှိတဲ့ တောင်ထိပ်ကို
ရောက်ပြီး နိုင်ငံတော်အလံကို စိုက်ထူ
အောင်ပွဲခံနိုင်ခဲ့ပါတယ်။ Base Camp
မှာကျန်ခဲ့တဲ့ အထောက်အကူပြု (၆) ဦးနဲ့ဆက်သွယ်ပြီး နိုင်ငံတော်သီချင်းကို
အတူတူသီဆို ဂုဏ်ပြုကြတယ်တဲ့။ သီချင်းဆိုပြီးလို့ ပြန်အဆင်းမှာ
ဆက်သွယ်ရေးစကားပြောစက် အားမရှိတော့ဘူး ဆိုပြီး အဆက်အသွယ်ပြတ်သွားလိုက်တာ ခုဆိုရင်
ရက် (၂၀) ရှိနေပြီ”
“ဪသြော် . . .ဒါဆိုရင် အခြေအနေ တော်တော် မကောင်းတာပါလား”
“သမီးလည်း ဒီလို တောင်တက်ရတော့မှ လူ့အသက်တစ်ချောင်းဆိုတာ
တော်တော် မခိုင်ခံ့တာပါလား၊ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာ သိလာရတယ်။ ပြီးတော့
လူဆိုတာ အစုလိုက် အဖွဲ့လိုက် ရွာတည် မြို့တည်ပြီး အခြေတကျနေကြလို့သာ လူအဖြစ်
ရပ်တည် ရှင်သန်ဖို့ အဆင်ပြေတာပဲ၊ လူသူကင်း ဆိတ်ပြီး ဝေးလံခေါင်သီတဲ့နေရာတွေမှာ
လူ့ဘဝတစ်ခု ရှင်သန်နိုင်ဖို့ တော်တော်ခက်ခဲပင်ပန်းတာပဲဆိုတာ လက်တွေ့သိလာရတယ်။
တောင်တက်သမားတို့၏ချစ်ခြင်းမေတ္တာ
“တစ်ခရီးတည်း အတူသွားလာခဲ့ရလို့ ဒီလို ဗဟုသုတတွေကို
သိလာရတာချင်း တူလို့လားတော့ မသိဘူး။ သမီးတို့တောင်တက်သမားတွေဟာ အခြား အားကစားသမား တွေနဲ့ မတူဘူး၊ အချင်းချင်း ညီရင်း
အစ်ကို မောင်ရင်းနှမတွေလို သိပ်ချစ်ကြတာ၊ တစ်ဦးပေါ် တစ်ဦးလည်း မေတ္တာထားပြီး
ထောက်ထားညှာတာ ကြတယ် မေမေရဲ့”
“ဒါကတော့ ဒီလိုရှိတယ် သမီးရဲ့၊ အခြား အားကစားသမားတွေကတော့
ပြိုင်ပွဲတွေမှာ အများအား ဖြင့် လူလူချင်း ယှဉ်ပြိုင်ရတာလေ၊ သူနိုင်ရင် ကိုယ် ရှုံးမယ်ဆိုတဲ့ အခြေအနေ ကြောင့်
စိတ်အခန့်မသင့်စရာ ပဋိပက္ခကလေးတွေ ရှိတတ်တယ်။ တောင်တက် အားကစားကတော့
အဲဒီလိုမဟုတ်ဘူး။ တောင်တက် အသင်းကြီးတစ်ခုလုံးနဲ့ တောင်တက်ခရီးစဉ်ကြီးနဲ့ ယှဉ်ပြိုင်ရတာဆိုတော့
တောင်ထိပ်ကိုရောက်အောင် တက်နိုင်ပြီဆိုတာနဲ့ တောင်တက်အသင်းသား အားလုံးရဲ့
အောင်နိုင်မှုဖြစ်တာကြောင့် အချင်းချင်း စည်းလုံးကြ၊ ချစ်ခင်ညှာတာကြ၊
သံယောဇဉ်ကြီးကြတာပေါ့”
“မေမေပြောတာ ဟုတ်တယ်၊ သမီးတို့အသင်းဟာ တောင်တက်ခရီးလမ်းကြမ်းကို
ခက်ခဲပင်ပန်းစွာ အတူ မျှဝေခံစားပြီး ကျော်ဖြတ်အနိုင်ယူကြသူအချင်းချင်း ဆိုတော့
စည်းလုံးချစ်ခင်ကြတာပေါ့”
“အသင်းထဲက အစ်ကိုနှစ်ယောက် ရေခဲတောင်ပေါ်မှာ အသက်ဆက်ပြီး
ရှင်သန်ဖို့ ဘယ်လောက်များ ခက်ခဲပင်ပန်းလိုက်ကြမလဲနော်၊ ဘုရား . .ဘုရား . .
မြန်မြန်ရှာတွေ့ပါရစေ”
ဘဝတဏှာ
“ဘဝတစ်ခု ရှင်သန်ဖို့ဆိုတာက ကံ၊ စိတ်၊ ဥတု၊
အာဟာရတွေရဲ့အပေါ်မှာ တည်မှီနေတယ်။ သမီးတို့ တောင်တက်သမားတွေဟာ အပူအအေးမျှတတဲ့ နေရာဒေသမှာ
နေထိုင်လာခဲ့ကြတာက ကျင့်သားရနေပြီ။ ဒီတော့ ရေခဲတောင်ပေါ်မှာ ရာသီဥတုအပြောင်း အလဲ၊
အအေးဒဏ်ကိုလည်း ခံရမယ်။ လမ်းခရီးမှာ စားသောက်ဖို့ အာဟာရကလည်း ခုလောက်ဆို ကုန်နေ
ပြီးရောပေါ့၊ လုံလောက်တဲ့ အာဟာရကို မမှီဝဲရရင် လည်း အသက်ရှင်နိုင်ဖို့ မလွယ်ဘူး”
“သက်ရှိသတ္တဝါတွေဟာ ရောက်ရာဘဝတွေမှာ ကိုယ့်ရဲ့အသက်ကို
ခင်မင်တွယ်တာတဲ့ ဘဝတဏှာ အစွဲတွေ ရှိကြတယ်၊ ဒါကြောင့်လည်း ဘဝမှာ နေပျော် အောင်၊
စားဝတ်နေရေးတွေ အဆင်ပြေအောင် လူတွေဟာ တီထွင်ကြံဆကြတယ်။ တီထွင်ဆန်းသစ်မှုတွေ အဆင့်အတန်းမြင့်လာတာနဲ့အမျှ ပူတဲ့ဒေသမှာ လေအေးပေး
စက်နဲ့နေတယ်၊ အေးတဲ့ဒေသမှာ အပူပေးစက်နဲ့ နေတယ်၊ အာရုံကောင်းတွေ ခံစားဖို့ ပစ္စည်း
အသုံးအဆောင်အမျိုးမျိုး ထုတ်လုပ်အသုံးပြုကာ ဘဝကြီးဟာ နေပျော်တယ်လို့ ယူဆလာကြတယ်။
လူဖြစ်လာ ရတဲ့ ဒုက္ခဆင်းရဲတွေကိုမေ့ပြီး ဒီဒုက္ခတွေကို ဖုံးကွယ်ဖို့
ပစ္စည်းအသုံးအဆောင်ကောင်းတွေကို သုံးကြတယ်။ အဲဒီပစ္စည်းတွေ သုံးနေရတာကိုပဲ သုခလို့
တွေးကာ ဒုက္ခသံသရာတောကြီးထဲမှာ ပျော်မွေ့နေကြတယ်။ ဗုဒ္ဓ မြတ်စွာဘုရားရှင်ကတော့
ဒုက္ခကို ဖုံးကွယ်ပုန်းအောင်း နေတဲ့လမ်းစဉ်ကို အားမပေးပါဘူး။ ဒုက္ခမှ အပြီးအပိုင်
လွတ်မြောက်ရေးလမ်းစဉ်ကိုသာ ညွှန်ပြတော်မူခဲ့ပါတယ်။ အဲဒီလမ်းစဉ်တွေထဲမှာ ‘မောနေယျအကျင့်မြတ်’
ဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ် သမီးရဲ့”
“မောနေယျအကျင့်မြတ်အကြောင်းကို ပြောပြပါလား မေမေ”
မောနေယျ အရှင် တစ်ပါးပင်
“ဘုရားတစ်ဆူရဲ့ တစ်သာသနာမှာ မောနေယျ အကျင့်မြတ်ကိုကျင့်သူဟာ
တစ်ပါးတည်းပဲ ရှိနိုင်သတဲ့ သမီးရဲ့။ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာလည်း
အရှင်နာလက တစ်ပါးတည်းသာ မောနေယျ အကျင့်မြတ်ကို ကျင့်ခဲ့သူဖြစ်တယ်တဲ့။ အရှင်နာလက ဟာ
မြတ်စွာဘုရား မပွင့်မီ (၃၅)နှစ်က ကြိုတင်ပြီး ဟိမဝန္တာမှာ နေတယ်တဲ့။
အရှင်နာလကရဲ့အကျိုး ကိုလိုလားတဲ့ နတ်တွေက မြတ်စွာဘုရား ပွင့်တော်မူ
လာပြီဖြစ်ကြောင်းနဲ့ ဓမ္မစကြာတရားဦးဟောကြားပြီးလို့ ယခုအခါ မိဂဒါဝုန်မှာ သီတင်းသုံး
နေထိုင်တော်မူ ကြောင်း ပြောကြားကြသတဲ့။ ဒါကြောင့် အရှင်နာလက ဟာ မဟာသက္ကရာဇ် (၁၀၃)
ခုနှစ် ဝါဆိုလပြည့်ကျော် (၇)ရက်နေ့မှာ ဘုရားရှင်ရှိရာ မိဂဒါဝုန်သို့ ကြွလာခဲ့တယ်။ မြတ်စွာဘုရားထံမှာ
မောနေယျအကျင့်တရားကို ဟောကြားပေးတော်မူပါလို့ လျှောက်ထား တောင်းပန်မှု ကြောင့် (၂၃)
ဂါထာရှိတဲ့ မောနေယျအကျင့် အကျယ်ကို ဟောတော်မူခဲ့တယ်တဲ့ သမီးရဲ့”
မောနေယျအကျင့်မြတ်
“ချစ်သား နာလက၊ သင့်အား ငါဘုရားသည် မောနေယျအကျင့်ကို
အကျယ်အားဖြင့် ဟောကြားပေအံ့။ ချစ်သားသည် ကိုယ်ကို ကြံ့ခိုင်စွာထားလျက် အစွမ်းကုန်
ကြိုးစားအားထုတ် လော့။
၁။ မောနေယျအကျင့်ကို ကျင့်သူသည် ပြုနိုင်ခဲသည်ကို
ပြုစွမ်းနိုင်သော ဇွဲ၊ လုံ့လ၊ ဝီရိယ အထူးရှိရမည်။
၂။ ကျင့်နိုင်ခဲသော မောနေယျအကျင့် ဟူသည်မှာ မိမိကိုယ်ကို
ဆဲဆိုသော ပုဂ္ဂိုလ်နှင့် ကြည်ညို၍ ရှိခိုးသောပုဂ္ဂိုလ်ကို အတူအမျှဖြစ်အောင် ကျင့်ရမည်။
၃။ တောမီးလောင်သောအခါ မီးရောင်အမျိုးမျိုးထွက်ပေါ်လာသကဲ့သို့သော
အာရုံ အမျိုးမျိုးတို့က မဖြားယောင်းနိုင်အောင် ကျင့်ရမည်။
၎။ ကာမအာရုံ အမျိုးမျိုးတို့ကို ပယ်ရှားပြီး
မေထုန်အကျင့်မှလည်း ဝေးစွာ ရှောင်ကြဉ်ရမည်။
၅။ သူတစ်ပါးတို့၏အသင်းဝင်သတ္တဝါတို့၌ ဆန့်ကျင်မုန်းတီးခြင်း၊
မိမိ၏အသင်းဝင်သတ္တဝါတို့၌လည်း ချစ်ခြင်း၊တပ်မက်ခြင်း မပြုရ။သတ္တဝါတို့ကို ကိုယ်တိုင်လည်း
မသတ်ရ၊ မညှဉ်းဆဲရ။ သူတစ်ပါးတို့ကိုလည်း သတ်ဖြတ်ညှဉ်းဆဲရန် မစေခိုင်းရ၊
၆။ ပစ္စည်း (၄)ပါးတို့၌ ငြိကပ်တွယ်တာခြင်း
မရှိစေရ။ မရသေးသည်ကို လိုချင်တပ်မက်ခြင်း၊ ရပြီးသည်ကို မပေးလို၊ မလှူရက်၊
တပ်မက်ခြင်း လောဘတရားတို့ကို ပယ်စွန့်ရမည်။ ဟောပြီး၊ ဟောဆဲ၊ ဟောလတံ္တ့သော မောနေယျ အကျင့်တို့ကို
ကျင့်ရမည်။
၇။ မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ဆွမ်းစားသောအခါ (၄)လုတ်၊
(၅)လုတ် လျှော့စားရမည်။ ပစ္စဝေက္ခဏာဆင်ခြင်၍လည်း စားရမည်။ ပိုင်းခြားအပ်သော
အာဟာရရှိသူ ဖြစ်ရမည်။
အပိစ္ဆဂုဏ်နှင့်ပြည့်စုံသူ ဖြစ်ရမည်။
အပိစ္ဆာ-အလိုနည်းခြင်း
(၄)မျိုး
က။ မိမိ၏ပစ္စည်း (၄)
ပါးတို့၌ တဏှာလောဘ နည်းခြင်းဟူသော
ပစ္စယအပိစ္ဆ။
ခ။ မိမိ၏ဓုတင်အကျင့်မြတ်ကို
ကျင့်နေခြင်း အကြောင်းကို
သူတစ်ပါးတို့အား မသိစေခြင်း တည်းဟူသော ဓုတင်္ဂအပိစ္ဆ။
ဂ။ မိမိ၏စာပေကျမ်းဂန်တတ်မြောက်ခြင်း၊
ဗဟုသုတ ရှိသည်ကို သူတစ်ပါးတို့အား အသိ မပေးလိုခြင်းတည်းဟူသော
ပရိယတ္တိအပိစ္ဆ။
ဃ။ မိမိ၏မဂ်ဖိုလ်တရားထူးရရှိခြင်းအကြောင်းကို
သူတစ်ပါးတို့အား အသိမပေးလိုခြင်း တည်းဟူသော အဓိဂမအပိစ္ဆတို့နှင့်ပြည့်စုံရမည်။
၈။ မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ဆွမ်းခံခြင်း၊
ဆွမ်းစားခြင်းကိစ္စပြီးလျှင် လူများနှင့် ကြာရှည်စွာ စကားပြော၍မနေရ။ မိမိနေရာတောအရပ်သို့
သွားရမည်။ သစ်ပင်ရင်း၌ဖြစ်စေ၊ မိမိနေရာ၌ဖြစ်စေ၊ ထိုင်၍ ကျင့်နေရမည်။ မြတ်စွာဘုရားရှင်သည်
မောနေယျအကျင့်ကိုကျင့်လိုသော နာလကမထေရ်အား ဓုတင် (၁၃) ပါးတို့ကိုလည်း ဟောကြားတော်မူပေသည်။
၉။ ဓုတင် (၁၃)ပါးကိုဆောင်လျက် မောနေယျအကျင့်မြတ်ကိုကျင့်သော
ရဟန်းသည် မဖြစ်သေးသော လောကီဈာန်ကိုဖြစ်စေခြင်း၊ဖြစ်ပြီးသော လောကီဈာန်ကို ဝသီဘော်
(၅) ပါးတို့ဖြင့် နိုင်နင်းအောင် လေ့လာ၍ ကြိုးကုတ်အားထုတ်ကာ တောအရပ်၌ ပျော်ပိုက်သူ
ဖြစ်ရမည်။လောကီဈာန်သက်သက် အားထုတ်ရုံမျှဖြင့် မပြီးသေး။ သောတာပတ္တိမဂ် စသည်နှင့်ယှဉ်သော
လောကုတ္တရာဈာန်ဖြင့်လည်း မိမိကိုယ်ကို ရွှင်လန်းစေလျက် ဈာန်ဝင်စားကာ နေထိုင်ရာ၏ဟု
မိန့်ကြားတော်မူ၏။
၁၀။ မောနေယျအကျင့်မြတ်ကို ကျင့်သောရဟန်းသည် ရွာတွင်း၌
ဆွမ်းခံပြီးသောအခါ တောသို့ပြန်ကြွရမည်။ ဆွမ်းခံချိန် မရောက်မီအတွင်း စေတီ၌ ပြုအပ်သော
ဝတ် စသည်ကို ပြုလုပ်၍ ကာယဝိဝေက၊ စိတ္တဝိဝေကတရားတို့ကို ပွားများ၍နေရမည်။ ဆွမ်းခံရွာသို့အသွား၊
ဆွမ်းခံရွာမှအပြန်တို့၌ ကမ္မဋ္ဌာန်းတရား နှလုံးသွင်း၍သာ သွားရပြန်ရမည်။
၁၁။ မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ဆွမ်းခံရွာအတွင်းသို့
ရောက်သည် ရှိသော် သာသနာတော်နှင့် မလျော်သော ဒကာ၊ ဒကာမများနှင့် ရောနှောမှုမပြုရာ။ အ,ဆွံ့နေသောသူကဲ့သို့
နေရမည်။ ဆွမ်း အာဟာရတို့ကို ရဖို့ရန်
နိမိတ်၊ ဩဘာ၊ ပရိယာယ်၊ သွယ်ဝိုက်သောစကားမျိုးကို မပြောရ။
၁၂။ မောနေယျအကျင့်မြတ်ကိုကျင့်သော ရဟန်းသည် ဆွမ်းခံရွာသို့ဝင်သည်ရှိသော်
ဆွမ်းရခြင်း မရခြင်းတို့ကို အကြောင်းပြု၍ တုန်လှုပ်ခြင်းမရှိ၊ သည်းခံခြင်း၊
တာဒိဂုဏ်နှင့် ပြည့်စုံရမည်။ သစ်သီးရှာသော ယောက်ျားသည် သစ်ပင်သို့ချဉ်းကပ်ပြီးလျှင်
သစ်သီးကိုရသည် ဖြစ်စေ မရသည်ဖြစ်စေ ချစ်ခြင်း၊မုန်းခြင်း မပြုဘဲ လျစ်လျူရှုကာ
ထိုသစ်ပင်ကိုစွန့်ခွာ သကဲ့သို့
ထို့အတူ ဆွမ်းရခြင်း မရခြင်းတို့ကို အကြောင်းပြု၍ ချစ်ခြင်း မုန်းခြင်းမပြု။
လျစ်လျူရှုကာ ဒကာ ဒကာမတို့၏အိမ်ကို စွန့်ခွာဖဲသွားရမည်။
၁၃။ မောနေယျအကျင့်မြတ်ကိုကျင့်သော ရဟန်းသည် သပိတ်ကို
ပိုက်၍ ဆွမ်းခံဝင်ရာ၌ မအ,သော်လည်း အ,အကဲ့သို့
ကျင့်ရာ၏။ အနည်းငယ်မျှ လှူဒါန်းခြင်းကိုလည်း မကဲ့ရဲ့၊ မရှုတ်ချရာ။ အနည်းငယ်မျှသာ
လှူဒါန်းသော ဒကာ ဒကာမတို့အား မထီမဲ့မြင်မပြုရာ။ အထင်သေးမှုမပြုရာ။
၁၄။ မောနေယျအကျင့်မြတ်ကိုကျင့်သော ရဟန်းသည် ဆွမ်းခံဝတ်နှင့်
ပြည့်စုံရုံမျှဖြင့် ရောင့်ရဲတင်းတိမ် မနေရ။ လွန်ကဲထူးမြတ်သော အကျင့်မြတ်ကို ကျင့်ကြံအားထုတ်နေရမည်။
ရဟန်းကိစ္စပြီးစီးအောင် အားထုတ်ရမည်။သာသနာတော်၏ အနှစ်သာရသည် အကျင့် တည်းဟူသော
ပဋိပတ် ဖြစ်သည်။
၁၅။ ချစ်သား နာလက၊ မောနေယျအကျင့်မြတ်ကိုကျင့်သော
ရဟန်းသည် မိမိရထိုက်သော အကျင့်ဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံအားထုတ်အပ်၏။
အရဟတ္တဖိုလ်သို့ဆိုက်ရောက်ပြီးသော မောနေယျရဟန်းအား တဏှာအစစ် (၁၀၈) ပါးတို့ လည်း
ကုန်သွားပေပြီ။ ကိလေသာရေအယာဉ်ကို အကြွင်းမဲ့ ဖြတ်အပ်ပြီ။ ကုသိုလ်အမှု၊ အကုသိုလ်အမှုတို့ကိုလည်း
ပယ်အပ်ပြီ။ရာဂကြောင့်ဖြစ်သော ပူလောင်မှု၊ ဒေါသကြောင့်ဖြစ် သော ပူလောင်မှုများလည်း
အနည်းငယ်မျှ မရှိတော့ချေ။
၁၆။ မောနေယျအကျင့်မြတ်ကိုကျင့်သော ရဟန်းသည် ပျားရည်သုတ်လိမ်းထားသော
ဓားသွားကို လျက်သောသူသည် လျှာပြတ်မည့်ဘေးမှ စောင့်ရှောက်ရ၊ သတိပြုရသကဲ့သို့
ထို့အတူ တရားသဖြင့် ရအပ်သောပစ္စည်းလေးပါးတို့ကို သုံးဆောင်သော မောနေယျရဟန်း သည်
မိမိ၏စိတ်ကို ကိလေသာ ဖြစ်မည့်ဘေးမှ စောင့်ရှောက်ရ၏။
၁၇။ မောနေယျအကျင့်မြတ်ကိုကျင့်သော ရဟန်းသည် ကုသိုလ်တရား
ဖြစ်ပွားစေရန် မရပ်မနားပြုလေ့ရှိသောအားဖြင့် မပျင်းရိသောစိတ်ရှိသူလည်း ဖြစ်ရမည်။ ဆွေမျိုးအကြောင်း၊ မြို့ရွာအကြောင်း စသဖြင့်
အကြံအစည်မများသူ ဖြစ်ရာ၏။
ကိလေသာတည်းဟူသော အစိမ်းနံ့ကင်းသူ ဖြစ်ရာ၏။ တဏှာ,ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော ဘဝကီးငယ်တို့၌
မမှီတွယ်သူဖြစ်ရာ၏။ သာသနာအကျင့်မြတ်လျှင် အားပြုရာရှိသူဖြစ်ရမည်။
၁၈။ မောနေယျအကျင့်မြတ်ကိုကျင့်သော ရဟန်းသည် အဖော်မမှီး၊
တစ်ကိုယ်တည်းသာ ဆိတ်ငြိမ်ရာ၌ နေရာ၏။ ကာယဝိဝေက၊ စိတ္တဝိဝေက နှစ်ပါးဖြင့် အဖော်မမှီး၊
တစ်ကိုယ်တည်းနေခြင်းကို ‘မောနေယျ’ ဟူ၍ ငါဘုရား ဟောတော်မူ၏။ ထိုသို့ ပျော်မွေ့နိုင်သည်ရှိသော်
အရပ် (၁၀)မျက်နှာတို့၌ ကျော်စောသူဖြစ်လတံ္တ့။
၁၉။ မောနေယျအကျင့်မြတ်ကိုကျင့်သော ရဟန်းသည် ကာမနှစ်ပါးကို
ပယ်စွန့်၍ ဈာန်နှင့်ပြည့်စုံကြကုန်သော ပညာရှိသူတော်ကောင်းတို့၏ချီးမွမ်းသံကို ကြားရသော်လည်း စိတ်ပျံ့လွင့်ခြင်းမရှိဘဲ
ရှေးကထက် ‘ဟီရိတရား’၊ ‘သဒ္ဓါတရား’တို့ကို ဖြစ်ပွားစေရာ၏။ လွတ်မြောက်ကြောင်း
အကျင့်ကိုသာ အားထုတ်ရာ၏။ ယင်းသို့အားထုတ်သည်ရှိသော် ငါဘုရား၏သားတော်စစ်
ဖြစ်လိမ့်မည်။
၂၀။ ချောင်းငယ်၊
မြောင်းငယ်တို့သည် တလှုပ်လှုပ် အသံထွက်၍စီးသွားကြကုန်၏။ ဂင်္ဂါ စသောမြစ်ကြီးတို့သည်
အသံမထွက်ဘဲ တိတ်ဆိတ်စွာ စီးသွားကြကုန်၏။ ထို့အတူ ငါဘုရား၏သားတော် မပီသသူတို့သည်
ချောင်းငယ်မြောင်းငယ်များပမာ ပျံ့လွင့်တုန်လှုပ်၏။ ငါဘုရား၏သားတော်ပီသသူများသည်ကား
‘ဟီရိတရား’ ၊‘သဒ္ဓါတရား’တို့ကို ဖြစ်ပွားစေလျက်
မြစ်ကြီးပမာ နှိမ့်ချသောစိတ်ရှိသည်ဖြစ်၍ ဆိတ်ဆိတ်သာ တည်နေရာ၏။
၂၁။ ငါဘုရား တစ်ဆင့်တိုး၍ ဩဝါဒပေးလိုသည်မှာ အကြင်အိုးခွက်သည်
ရေမပြည့်ဘဲ ယုတ်လျော့နေ၏။ ထိုအိုးခွက်သည် ဘောင်ဘင်ခတ်လျက် အသံထွက်၏။ အကြင်အိုးခွက်
သည် ရေပြည့်နေ၏။ ထိုရေပြည့်သောအိုးခွက်သည် အသံမထွက် ငြိမ်သက်၏။ ထို့အတူ လူမိုက်သည်
ရေတစ်ဝက်ဖြင့် အသံထွက်သော အိုးခွက်နှင့်တူ၏။ ပညာရှိသည် ရေပြည့်အိုးနှင့် တူ၏။
၂၂။ ငါဘုရားသည် အနက်သဒ္ဒါနှင့်ပြည့်စုံသည့် အကျိုးစီးပွားနှင့်စပ်သည့်
အကြင်စကားကို များစွာဟောကြား၏။ ထိုစကားကို ပျံ့လွင့်ခြင်း၊ တုန်လှုပ်ခြင်း၊ ဥဒ္ဓစ္စဖြင့်
ပြောကြားသည် မဟုတ်။ စင်စစ်သော်ကား ငါဘုရားသည် အကျိုးရှိ မရှိ၊ အသိဥာဏ်ဖြင့်
ပိုင်းခြား၍ သိလျက်သာ ဟောကြားခြင်းဖြစ်သည်။ဤကဲ့သို့ဟောကြားရာမှာလည်း ဤတရားသည် ဤသူအတွက်
အကျိုးစီးပွားဖြစ်ကြောင်းတည်း၊ ထိုတရားသည် ထိုသူအတွက် အကျိုးစီးပွား ဖြစ်ကြောင်းတည်းဟု
အထူးထူး အပြားပြားကို သိ၍သာ များစွာဟောကြားခြင်းဖြစ်သည်။
၂၃။ မောနေယျအကျင့်မြတ်ကို ကျင့်သော အကြင်ရဟန်းသည် ငါဘုရား ခွဲခြားသိမြင်၍ ဟောကြားအပ်သောတရားကို
သိမြင်၏။ လုံခြုံအောင်စောင့်ထိန်း၏။ ထိုရဟန်းသည် မောနေယျအကျင့်ကို ကျင့်ထိုက်သူဖြစ်၏။
ထိုမောနေယျအကျင့်ရှိသော ရဟန်းသည် အရဟတ္တဖိုလ်ဥာဏ်ကို ဧကန်မုချ ရနိုင်၏။’လို့
မြတ်စွာဘုရားရှင်ဟာ အရဟတ္တဖိုလ်ကို အထွတ်တပ်ကာ မောနေယျ အကျင့်မြတ်နဲ့ စပ်တဲ့
တရားဒေသနာ (၂၃) ဂါထာ ဟောကြားတော်မူခဲ့ပါတယ်”
တောရပ်ဝင်ပြီ
“အရှင်နာလကမထေရ်ဟာ အလွန် ကြည်ညိုသော စိတ်နဲ့ ဘုရားရှင်ကို
ရှိခိုးဦးချကာ တောအရပ်ကို ဝင်ပြီး မောနေယျအကျင့်ကို ကျင့်ကြံ အားထုတ်တော့သတဲ့။
တောအုပ်တစ်ခု မှာ တစ်ရက်သာ နေပြီး နှစ်ရက် မနေဘူးတဲ့။ သစ်တစ်ပင်ရင်းမှာ တစ်ရက်သာ
နေပြီး နှစ်ရက် မနေဘူးတဲ့။ ရွာတစ်ရွာမှာ တစ်ရက် သာ ဆွမ်းခံပြီး နှစ်ရက်
ဆွမ်းမခံဘူးတဲ့။ ဒီနည်းအတိုင်း တစ်တောမှ တစ်တော၊ သစ်တစ်ပင်မှ တစ်ပင်၊ ရွာ တစ်ရွာမှ
တစ်ရွာ၊ ပြောင်းရွှေ့ လှည့်လည်တော်မူကာ မောနေယျအကျင့်ကို ဥက္ကဋ္ဌပုဂ္ဂိုလ်အဖြစ် အသက်ထက်ဆုံး
အမြတ်ဆုံးကျင့်တော်မူလို့ မကြာမီမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ရဟန္တာ
ဖြစ်တော်မူ သတဲ့။ အသက်ထက်ဆုံး အမြတ်ဆုံးကျင့်တဲ့ ဥက္ကဋ္ဌ ပုဂ္ဂိုလ်ဟာ (၇)လçသာ
အသက်ရှည်နိုင်ပြီး ပရိနိဗ္ဗာန် ဝင်စံရသတဲ့။ အလယ်အလတ် မောနေယျအကျင့် မြတ်ကို
ကျင့်ကြံသူ ‘မဇ္ဈုံ’ပုဂ္ဂိုလ်ကတော့ (၇)နှစ်သာ အသက်ရှည်နိုင်ပြီး ပရိနိဗ္ဗာန်ဝင်စံရသတဲ့။
လျော့လျော့နုံ့နုံ့ မောနေယျအကျင့်ကို ကျင့်ကြံတဲ့ ‘မုဒုံ’ပုဂ္ဂိုလ်ကတော့ ၁၆-နှစ်သာ
အသက်ရှည်ပြီး ပရိနိဗ္ဗာန်ဝင်စံရသတဲ့”
“အရှင်နာလကမထေရ်ဟာ မောနေယျအကျင့်မြတ်ကို အမြတ်ဆုံးကျင့်သူ
ဥက္ကဋ္ဌပုဂ္ဂိုလ် ဖြစ်တာကြောင့် (၇)လ ပြည့်တဲ့အခါမှာ မိမိရဲ့အာယုသင်္ခါရ ဇီဝိတိနြေ္ဒ သက်တမ်းကုန်တော့မယ်ဆိုတာကို
ဆင်ခြင်သိတော်မူသတဲ့။ ဒီအခါမှာ ကိုယ်တော်ကို ရေချိုးသန့်စင်တယ်။ ခါးပန်းကြိုးကို
မလျှော့မတင်း ပတ်တော်မူပြီး ဧကသီအပေါ်မှာ နှစ်ထပ်သင်္ကန်းကြီးကိုထပ်ခြုံကာ ဘုရားရှင်ရှိရာ ရာဇဂြိုဟ်ပြည်ဘက်သို့ မျက်နှာမူ
ရှိခိုး ဦးချတော်မူပါသတဲ့။ ပြီးမှ ဟိင်္ဂုလ မည်တဲ့တောင်ကို မှီပြီး မတ်တတ်ရပ်လျက်သာ
ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတဲ့”
အရှင်နာလက၏အန္တိမဈာပန
“ဘုရားရှင်ဟာ အရှင်နာလကမထေရ် ပရိနိဗ္ဗာန် စံဝင်ကြောင်း
သိတော်မူပြီး နောက်တော်ပါ သံဃာများနဲ့အတူ ကြွသွားတော်မူတယ်။ အရှင်နာလကရဲ့
ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ကာ အရိုးဓာတ်များကို စေတီတည်ထားပြီး ပြန်ြွကသွားတော်မူသတဲ့”
“အဲဒီလိုပဲ ဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော်မှာ
မောနေယျအကျင့်မြတ်ကို ဥက္ကဋ္ဌပုဂ္ဂိုလ်အဖြစ် ကျင့်ကြံတော်မူပြီး ရဟန္တာဖြစ်ကာ
ပရိနိဗ္ဗာန် စံဝင်တော်မူသူဟာ အရှင်နာလကတစ်ပါးသာဖြစ်သတဲ့ သမီးရယ်”
စိတ်ချမ်းသာ၍
ကိုယ်ကျန်းမာကြပါစေ။
မသုမေ
No comments:
Post a Comment