Thursday, May 7, 2015

ဘယ်သောင်ယံ ဘယ်ကမ်းစပ်ဆီမှ မနားလိုပါ ယောဂီ(ရွှေပြည်သာ)

ဘယ်သောင်ယံ ဘယ်ကမ်းစပ်ဆီမှ မနားလိုပါ
ယောဂီ(ရွှေပြည်သာ)
          ၁။
          လေညှင်းတသွဲ့သွဲ့ကြားက တချွင်ချွင် တချွမ်ချွမ် လှုပ်ခတ်နေတဲ့ ဆည်းလည်းသံက တန့်ကြည့် တောင်စေတီတော်မြတ်ကြီးရဲ့ ခြေတော်ရင်းမှာ ရောက်ရှိနေတဲ့ ဘုရားဖူး ဧည့်သည်တော်များရဲ့ သဒ္ဓါတရားကို ပိုမိုနိုးကြားစေပါ တယ်။ ရင်ပြင်တော်ပေါ်ကို ရောက် တာနဲ့ ကိုယ့်အတွက် အဆင်ပြေမယ့် တစ်နေရာကို ရွေးချယ်ပြီး စေတီတော်မြတ်ကြီးကို စေ့စေ့ငုငု ဖူးမြော်ရင်းက အသင့်ပါလာတဲ့ လှူဖွယ် ဝတ္ထုကို ဘုရားရှင်ထံမှောက် လိုရာဆုပန်၍ လှူဒါန်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက် စေတီတော်မြတ်ကြီးကို လက်ယာရစ် တစ်ပတ်ပတ်၍ ဖူးမြော်ကြည်ညိုရင်း ပုဂံရဲ့ အလှတရားကို တန့်ကြည့်တောင်ပေါ်ကနေ ငေးကြည့်နေမိတယ်။
          သာယာလှပတဲ့ ပုဂံမြေက စိတ်ကို ညှို့ယူဖမ်းစားနေတဲ့ပုံများ အရာရာကို မေ့မျော သွားလောက်အောင်ပါပဲလား။
          “ဪ သြော်-ဒါကလည်း စိတ်ကို ဖမ်းစားနိုင်တဲ့ အကြောင်းတရားတွေ ပြည့်စုံနေလို့ပဲလေ”လို့ သတိ ဥာဏ်က ထပ်ဆင့် တွေးနေမိပြန်ပါတယ်။
          ခုလို ပုဂံမြေရဲ့အလှတရားကို ကြည့်ရှုခံစားနေမိတာဟာ ဒီတစ်ခါ တည်းမှမဟုတ်တာ။ ဒီတစ်ခေါက် နဲ့ပါ ဆိုရင် ပုဂံမြေကို ခြေချမိတာ လေးကြိမ်တောင် ရှိနေပြီပဲ။ အဲဒီ လေးကြိမ် ထဲမှာ ပထမဦးဆုံး တစ်ကြိမ်ရောက်ခဲ့စဉ်က ပုဂံမြေရဲ့အလှဟာ စိတ်ကို ခုလို မဖမ်းစားနိုင်ခဲ့ ပါဘူး။
          အဲဒီတုန်းက ပုဂံမြေဟာ မလှလို့တဲ့လား၊ မဟုတ်ပါဘူး။ ပုဂံမြေဟာ အရင်ကတည်းက သူ့သဘာဝနဲ့သူ့အလှတို့က ရှိနေလျက်ပါ။ ဒါပေမဲ့ အဲဒီ အလှတရားတွေပေါ်မှာ နှလုံး မသွင်းမိနိုင်လောက်အောင်ကို ရွှေရင်စို့ခဲ့ရလို့ပါပဲ။
          ၂။
          နှစ်စဉ်နှစ်တိုင်းလိုလို နွေရာသီ ကျောင်းပိတ်ရက်တွေမှာဆို ကျွန်မတို့ မိသားစုနဲ့အတူ မိတ်ဆွေ အပေါင်း အသင်းများတို့ပါ ဘုရားဖူးရင်း အပန်းဖြေခရီး ထွက်ဖြစ်ပါတယ်။ အဲဒီနှစ်မှာ တော့ ခရီးသွားဖို့ အစီအစဉ်ဆွဲထားပြီးခါမှ မထင်ထားတဲ့ အကြောင်းအရာတစ်ခုက ရုတ်တရက် ပေါ်လာခဲ့တယ်လေ။  အဲဒါကတော့ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတဲ့ အနက်က တက္ကသိုလ်ပထမနှစ် တက်နေတဲ့ သားဖြစ်သူက မိဘတွေနဲ့ မတိုင်ပင်ဘဲ အိမ်ထောင်ပြုသွားခဲ့လို့ပါပဲ။
          ပျိုမျစ်နုနယ် ငယ်ငယ်ရွယ်ရွယ်သာ ရှိသေးတဲ့သားအတွက် ကျွန်မတို့ မိဘတွေမှာ ဘယ်လောက်တောင် နှမျောသတ ခံစားရလိမ့်မလဲ။ ထွေးပိုက်လို့မှ မနွေးသေးတဲ့ အရွယ်။
          ပြီးတော့ သားရဲ့ အနာဂတ် အတွက် မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြုစုပျိုးထောင်လာခဲ့ရတဲ့ မိဘနှစ်ပါးအနေနဲ့ ဘယ်လောက်တောင် ယူကျုံးမရ ဖြစ်နေလိမ့်မလဲ ဆိုတာ အဲဒီလို အဖြစ်မျိုးနဲ့ကြုံတွေ့ရတဲ့ မိဘတွေသာ ပိုပြီး ခံစားတတ်ကြမှာပါ။
          အဲဒီကြားထဲက ခရီးသွားဖို့ အတွက် ဦးစီးဦးဆောင်ပြုတဲ့သူက သားရဲ့အဖေဆိုတော့ စီစဉ်ပြီးသား ခရီးတစ်ခုကို ကိုယ့်မိသားစုကြောင့် ခရီးအတူသွားမယ့် မိတ်ဆွေများ အားလုံး စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် အဲဒီခရီးစဉ်ကို မဖြစ်မနေ ထွက်လာခဲ့ရပါတယ်။
          မိသားစု စုံစုံညီညီသွားနေကျဆိုတော့ ရင်နှစ်သည်းချာ သားကလေး ပါမလာတဲ့ခရီးမှာ ကျွန်မတို့ မိသားစုအတွက်တော့ ပျော်စရာ ဆိုတာ ကောင်းကင်နဲ့မြေကြီးပမာ ဝေးကွာနေတော့တာပေါ့။
          အဲဒီလို ခရီးတစ်လျှောက်မှာ သားကို သတိရတဲ့ စိတ်နဲ့ ရွှေရင် ဆို့နင့်ခဲ့ရတဲ့ အဖြစ်တွေကြောင့် ပုဂံမြေရဲ့ အလှဆိုတာ ဘာမှန်းတောင်မသိခဲ့ရပါဘူး။ ဒါဟာလည်း အကြောင်းအကျိုး ဆက်နွှယ်နေတဲ့ ဓမ္မသဘာဝတစ်ခုပဲ မဟုတ်လား။
          တကယ်တော့ လောကကြီးထဲ မှာ အကြောင်းနဲ့ကင်းတဲ့ အကျိုးတရားဆိုတာ ဘယ်အရာမှမရှိနိုင် ပါဘူး။ အပြင်(ဗဟိဒ္ဓ)လောက ဆို တဲ့ သမုတိသစ္စာနယ်မှာတောင် အကြောင်းတရားနဲ့မကင်းသလို အတွင်း(အဇ္ဈတ္တ)လောက ဖြစ်တဲ့ ပရမတ္ထသစ္စာနယ်က ‘စိတ်၊      စေတသိက်၊ ရုပ်’တရားတွေဟာလည်း အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားတွေပဲ မဟုတ်လား။
          ပရမတ္ထသစ္စာ ဖြစ်တဲ့ ခန္ဓာရဲ့ သဘောက မြင်သိစိတ်ကလေး တစ်ခု ဖြစ်ဖို့ရာမှာတောင် ‘မျက်စိ အကြည်၊ အဆင်း၊ အလင်း၊နှလုံး သွင်း’ဆိုတဲ့ အကြောင်းတရား လေးခုစုံမှ ဖြစ်ပေါ် နိုင်တာလို့ ဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် လောကဆိုတာ တစ်ခုတည်းနဲ့ ဖြစ်နိုင်တဲ့သတ္တိ မရှိပါဘူး။ အဲဒီလို တစ်ခုတည်းကြောင့် ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာ ဘုရားရှင်က အရင်ဦးဆုံး ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သိမြင်ခဲ့တာပါ။
          ပါရမီတွေ ပြည့်စုံပြီးသား ဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး ဆိုရင် အရှင်အဿဇိက ‘ယေ ဓမ္မာ ဟေတုပ္ပဘဝါ’ (အကြင် တရားအားလုံးတို့သည် အကြောင်း ကြောင့် ဖြစ်သည်။) လို့ တစ်ပိုဒ် တစ်ဂါထာ ဟောကြားလိုက်ရုံနဲ့တင် ဥာဏ်အမြင်ရှင်းလို့ သောတာပန် တည်သွားခဲ့တာ။
          ကျွန်မတို့ ဝေနေယျတွေမှာ တော့ တရားတော်ကို သညာသိနဲ့ အရင် နာကြားပြီး ပညာသိ ဖြစ်အောင် ကိုယ်တိုင်ရှုမှတ်နှလုံးသွင်း လို့ မြင်သိစိတ်လေးတစ်ခု ဖြစ်ပေါ်ဆဲမှာ ကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်သုံးသပ်ပြီး ဆင်ခြင်မှသာအကြောင်း လေးခုနဲ့ ကင်းပြီး မဖြစ်နိုင်ဘူး ဆိုတာ ဂဃနဏ သိနိုင်မှာပါ။ အဲဒီလို ကြိမ်ဖန်များစွာသိမှသာ လောကကြီး တစ်ခုလုံးမှာ အကြောင်းကင်းတဲ့ တရား မရှိနိုင်ဘူးဆိုတာကို ခိုင်ခိုင်မာမာ ယုံကြည် သက်ဝင်လာမှာပါ။
          ၃။
          တန့်ကြည်တောင်ပေါ်ကနေ ပုဂံမြေရဲ့အလှကို ခံစားနေမိတာဟာ ဝေဒနာရဲ့သဘော (ဝေဒနက္ခန္ဓာ ရဲ့သဘောဟာ ခံစားတတ်တဲ့ သဘောသက်သက်မျှသာ) အဲဒီ အပေါ်မှာ သာယာတယ်လို့ ခံစားမိ လိုက်တာက နှစ်သက်မှုတဏှာ။ အဲဒီ တဏှာရဲ့ သဘောကလည်း အမြဲ ခံစားလို့မရပါဘူး။ အကြောင်း ပြည့်စုံမှ ခံစားနိုင်တာပါ။ ပုဂံမြေရဲ့ မြင်ကွင်းကို မြင်တွေ့နေရပေမဲ့ စိတ်ဟာ တခြားအာရုံတစ်ခုဆီကို ရောက်နေမယ်၊ဒါမှမဟုတ် ညမှောင် နေတဲ့ အချိန်မျိုးမှာဆို ပုဂံမြေဟာ လှလိုက်တာလို့ ခံစားမိမှာ မဟုတ်ပါဘူး။
          လှလိုက်တဲ့ ပုဂံမြေလို့ နှစ်သက်တဲ့ စိတ်ကလေးတစ်ခု ဖြစ်ဖို့ရာမှာ  -   
၁။       သဘာဝအလှကို ခံစား တတ်တဲ့ ဓာတ်ခံရှိရပါမယ်။
          ၂။       ပုဂံမြေလို့ သတ်မှတ်ထား တဲ့နေရာရှိရပါမယ်။
          ၃။       အဲဒီ ပုဂံမြေကို ကြည့်ရှု နှလုံးသွင်းနေမိဖို့လိုပါမယ်။
          ၄။  အလင်းရောင်ရှိတဲ့အချိန် မျိုးလည်း ဖြစ်ရပါမယ်။
          အဲဒီ အကြောင်းတရားတွေ ပြည့်စုံမှ လှလိုက်တဲ့ပုဂံမြေရယ်လို့ စိတ်ထဲမှာ နှစ်သက်မှု ဖြစ်ပေါ်လာ မှာပါ။ ဒါဆို ဓမ္မသဘောဟာ တစ်ခု တည်းကြောင့် ဖြစ်နိုင်တဲ့သတ္တိ မရှိဘူးဆိုတာ သေချာနေပါပြီ။
          အဲဒီလို ဥာဏ်အမြင် ရှင်းလာတဲ့အခါ လောကကြီးတစ်ခုလုံးမှာ သူ့ကြောင့်၊ ငါ့ကြောင့်၊ ဒါ့ကြောင့်၊ ဒီဟာကြောင့် ဆိုပြီး တစ်ခုတည်း ကို ပုံချတတ်တဲ့ အတ္တအယူဟာ မှေးမှိန် ပပျောက် သွားရတော့တာပါပဲ။ အဲဒီအခါကျမှ ‘ဟေတု ပဋိစ္စ သမုပ္ပာဒံ န အတ္တဂတံ္တ န ပရဂတံ္တ’ သူ့ကြောင့်လည်း မဟုတ်၊ငါ့ကြောင့် လည်း မဟုတ်၊ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရား တွေပဲ ဆိုတဲ့  ယုံကြည်ချက်ဟာ ရင်ထဲမှာ  ကိန်းအောင်းသွားတော့မှာပါ။
၎။
          ကျွန်မတို့ ဘုရားဖူးအဖွဲ့သားများဟာ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စွယ်တော် လေးဆူအနက်မှ တစ်ဆူဖြစ်တဲ့ ရွှေစည်းခုံစွယ်တော်ဘုရားကို နံနက် ငါးနာရီ လောက်ကတည်းက ဖူးမြော် ခဲ့ပြီးပါပြီ။ အဲဒီကမှတစ်ဆင့် စက်လှေနဲ့ ဧရာဝတီမြစ်ကြီးကို        ဖြတ်ကျော်ကာ မြစ်ရဲ့ အနောက်ဘက်မှာတည်ရှိတဲ့ တန့်ကြည့်တောင် စွယ်တော်ဘုရားကို ဖူးမြော်ခဲ့ကြပါတယ်။ ပြီးတာနဲ့ လောကနန္ဒာစွယ်တော်ဘုရား၊ တုရင်တောင်  စွယ်တော်ဘုရား တို့ကို မွန်းမတည့်ခင် အမီ ဖူးမြော်နိုင်ဖို့ မြစ်ဆိပ်ကို ပြန်ဆင်းလာခဲ့ကြပါတယ်။
          ကျွန်မတို့ ဗုဒ္ဓဘာသာဝင် အများစုရဲ့ ယုံကြည်ချက်တစ်ခုက စွယ်တော်လေးဆူကို တစ်နေ့တည်း မှာ မွန်းမတည့်ခင်အမီ ဖူးမြော်ရ မှာပါ။ အနော်ရထာမင်းကြီး သစ္စာ ဓိဋ္ဌာန်ပြု ထားခဲ့တဲ့အတိုင်း မနက် အရုဏ်တက်ချိန်ကစလို့ မွန်းမတည့် ခင်အချိန်အတွင်း တစ်ဆူပြီး တစ်ဆူ ဖူးမြော်ရမှာပါ။ ဘုရားတစ်ဆူနဲ့ တစ်ဆူမှာလည်း တူသော လှူဖွယ် ဝတ္ထုကိုပဲ လှူဒါန်း ရပြီး လိုရာဆု တစ်ခုတည်းကို စွယ်တော်လေးဆူ စလုံးမှာ တူသောဆုကိုပဲ တောင်းရမှာပါ။ အဲဒီလိုလှူဒါန်းပြီး လိုရာဆုကို တောင်းမယ်ဆိုရင် ဆုတောင်းပြည့်တယ်လို့ ယုံကြည်ထားကြ ပါတယ်။ ဒါကြောင့် ကျွန်မတို့အဖွဲ့ဟာ တန့်ကြည့်တောင်ကနေ တက်သုတ်ရိုက် ပြန်လာခဲ့ရပါ တယ်။ အခု ကျွန်မတို့အားလုံး စက်လှေပေါ်မှာ နေရာယူလိုက်ကြပြီး မကြာခင်မှာဘဲ လာရာမြစ်ဆိပ်ဘက်ကို ပြန်လည် ထွက်ခွာလာခဲ့ကြပါတယ်။
                       ၅။  
           စက်လှေသံနဲ့အတူ ဘုရားဖူး အဖွဲ့သားများရဲ့ ထွေရာလေးပါး စကားပြောဆိုသံ တွေဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်မှာ စီစီညံလို့ ပါပဲ။ လှိုင်းသံ၊ ရေသံ၊ လူသံ၊ စက်သံတွေကို ဥပေက္ခာပြုပြီး လူးလွန့်ရွေ့လျားနေတဲ့ ရေဇလာ နဒီ ဧရာဝတီရဲ့အလှကို မျက်စိတစ်ဆုံး ငေးကြည့်နေမိပါတယ်။ အခုလို မြစ်ပြင်ကျယ်ကြီးကို မြင်မိ လေတိုင်းမှာ သတိမရဘဲ မနေနိုင်တဲ့ တရားတစ်ပုဒ် ရှိပါတယ်။ အဲဒါက တော့ ဘုရားရှင်ကိုယ်တော်မြတ် ကြီး နောက်ပါရဟန်းငါးရာတို့ကို ဂင်္ဂါမြစ်ကမ်းနံဘေးမှာ ဟောကြား တော်မူခဲ့တဲ့ ဒါရုက္ခန္ဓောပမသုတ္တန် တရားတော်ပါပဲ။
          ဂင်္ဂါမြစ်ကမ်းနံဘေးမှာ နောက် ပါ ရဟန်းငါးရာနဲ့အတူ တင့်တယ် သပ္ပာယ်စွာ ကြွချီ တော်မူလာတဲ့ ဘုရားရှင်ရဲ့ ရုပ်အဆင်းသဏ္ဌာန် ဟာ တုနှိုင်းစရာမရှိလောက်အောင်ကို အာရုံထဲမှာပုံဖော်နေမိပါတယ်။
          အာရုံနဲ့ ဒွါရ တိုက်တိုင်း ဓမ္မ အစဉ်သာ ထင်ရှားနေတဲ့ ဘုရား ရှင်ရဲ့ဥာဏ်တော်ဟာ ခုလိုမြစ်ပြင် ကျယ်ကြီးထဲမှာစီးမျောလာတဲ့ သစ် ဆွေးတုံး(ထင်းတုံး)ကလေးကို မြင်မိတယ် ဆိုရင်ပဲ တရားတစ်ပုဒ်ဟောဖို့ အကြောင်းတစ်ခုဖြစ်လာခဲ့ပါပြီ။
          လှုပ်လီလှုပ်လဲ့နဲ့ မြစ်ပြင်ကျယ် ကြီးထဲမှာ ရေစီးနဲ့အတူမျောပါလာတဲ့ သစ်ဆွေးတုံး ကလေးကို မြင်တော်မူလိုက်တယ်ဆိုရင်ပဲ ဘုရား ရှင်က နောက်ပါရဟန်းတို့ကို ခုလို မိန့်တော် မူလိုက်ပါတယ်။
          “ချစ်သားတို့၊ ဟိုးရှေ့မှာ မျော ပါလာတဲ့ သစ်ဆွေးတုံးကလေးကို မြင်မိကြတယ် မဟုတ်လား”
          ရဟန်းများ -
          “မင်ပါတယ် အရှင်ဘုရား”
          “အဲဒီလို ရေစီးအတိုင်းမျောပါ နေတဲ့ သစ်တုံးကလေးဟာ အမှိုက် သရိုက်နဲ့တူတဲ့ အချက် ရှစ်ချက်နဲ့သာ မကပ်ငြိဘူးဆိုရင် သမုဒ္ဒရာထဲကို ပုံမှန်အတိုင်း စီးဝင်သွားတော့မှာ အသေအချာပဲ ချစ်သားတို့။ အဲဒီကပ်ငြိတတ်တဲ့ တရားရှစ်ချက်ကတော့ -
          ၁။ ဤမှာဘက်ကမ်းကိုလည်း မကပ်။
          ၂။ ထိုမှာဘက်ကမ်းကိုလည်း မကပ်။
          ၃။ ရေလယ်ကောင်လည်း မမြုပ်။
          ၄။ သောင်ပေါ်လည်းမတင်။
          ၅။ လူမဆယ်ရင်။
          ၆။ နတ်မကယ်ရင်။
          ၇။ ဝဲလည်း မစုပ်။
          ၈။ အတွင်းလည်း မပုပ်ဆွေး ဘူးဆိုရင် သမုဒ္ဒရာထဲကို ရေစီး အတိုင်း မျောပါသွားလိမ့်မယ် ချစ်သားတို့။
          အဲဒီလို ဘုရားရှင်က သစ် ဆွေးတုံး(ထင်းတုံး)ကလေးကို ညွှန် ပြပြီး ဟောကြားလိုက်တယ်ဆိုရင်ပဲ သားရဟန်းတော်တွေဟာ သစ် တုံးလေးနဲ့ဥပမာပေးထားတဲ့ ခန္ဓာငါးပါး၊ ရုပ်နာမ် နှစ်ပါးတို့အပေါ် မှာ အာရုံစိုက်မိမှာ မလွဲပါပဲ။ အဲဒီ အချက်ရှစ်ချက် ရဲ့အဓိပ္ပာယ်တွေက
          ၁။ ဤမှာဘက်ကမ်းကိုလည်း မကပ်ဆိုတာဟာ ‘မျက်စိ၊နား၊နှာ၊ လျှာ၊ ကိုယ်၊ စိတ်’ဆိုတဲ့ အတွင်း အာယတန ခြောက်ပါးပဲ ဖြစ်ပါ တယ်။
          ၂။ ထိုမှာဘက်ကမ်း ဆိုတာ  ‘အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ သဘောတရား’ ဖြစ်တဲ့ အပြင်အာယတနခြောက်ပါးကို ဆိုပါတယ်။
          ၃။ ရေလယ်ကောင်လည်း မမြုပ် ဆိုတာဟာ ဗဟိဒ္ဓ၊ အဇ္ဈတ္တ တို့ကို မစွဲလမ်းခြင်းပဲ ဖြစ်ပါတယ်။
          ၄။ သောင်ပေါ်လည်း မတင် ဆိုတာ မာနမဝင်ခြင်းပဲဖြစ်ပါတယ်။
          ၅။ လူမဆယ်ဆိုတာ လူတွေ နဲ့ရောနှောပြီးမနေခြင်း(လူဝတ်ကြောင် ယောဂီတွေဆိုရင် သံယောဇဉ်တရား၌ မကပ်ငြိခြင်းပဲ) ဖြစ်ပါ တယ်။
          ၆။ နတ်မကယ် ဆိုတာက ကုသိုလ်ကောင်းမှုတို့အပေါ်၌ နတ်ဖြစ်ရန် ဆုမတောင်း ခြင်းပဲ ဖြစ်ပါတယ်။
          ၇။ ဝဲလည်းမစုပ် ဆိုတာ - ကာမဂုဏ်အာရုံပေါ်မှာ မပျော်မွေ့ ခြင်းကို ဆိုပါတယ်။
          ၈။ အတွင်းလည်း မပုပ်ဆွေး ဆိုတာ ကိုယ်ကျင့်တရားတို့ မပုပ်ဆွေးခြင်းပဲ ဖြစ်ပါတယ်။
          ဘုရားရှင် ဟောကြားတော်မူ ခဲ့တဲ့ ဒါရုက္ခန္ဓောပမသုတ္တန်တရားတော်ကို အမှတ်ရ နေရင်းမှ ဧရာဝတီ မြစ်ရေပြင်ပေါ်မှာ လူးလွန့်ရွေ့လျားနေတဲ့ လှိုင်းလုံးများကို စူးစိုက်ကြည့် နေမိပါတယ်။
          အဝိဇ္ဇာရေလှိုင်းနဲ့ ဝိဇ္ဇာရေ လှိုင်း၊ ကပ်ငြိခြင်းနဲ့ မကပ်ငြိခြင်း၊ အဝိဇ္ဇာက အပူလှိုင်း၊ ဝိဇ္ဇာက အအေးလှိုင်း၊ အဝိဇ္ဇာရေလှိုင်းနဲ့တူ တဲ့ မောဟတရား ကိုယ့်သန္တာန်မှာ သက်ရောက် နေရင် အချက်ရှစ်ချက် နဲ့ကပ်ငြိနေမှာ မလွဲပါပဲ။ အဲဒီအခါ မှာ ကိလေသာစိတ်တို့ရဲ့ နားခိုရာ ဖြစ်တဲ့ ဟိုမှာဘက်ကမ်း၊ ဒီမှာဘက် ကမ်း၊ သောင်ပေါ်၊ ဝဲဂယက် အစရှိတဲ့ သံသရာ မြစ်ရေပြင်မှာ အခါအခွင့်သင့်သလို ကျင်လည်ကျက်စား နေရဦးမှာပါပဲ။ မိမိသန္တာန်မှာ အဝိဇ္ဇာရေလှိုင်းတွေ ဂယက်ထနေ တဲ့ ကြားထဲက သတိပဋ္ဌာန်အကူ အညီယူပြီး ဝိဇ္ဇာ ရေလှိုင်းတို့ ဖြတ်ကျော် ဝင်ရောက်လာနိုင်မယ်ဆိုရင်  အဲဒီ ရေစီးကြောင်းပေါ်ကနေ အပူလှိုင်း အအေးလှိုင်းတို့အပေါ် ဥပေက္ခာပြုပြီး တည်ကြည်ငြိမ်သက် စွာနဲ့ မယိမ်းမယိုင် မတိုးမဆုတ် မယုတ်မလျော့တဲ့ မဇ္ဈိမလမ်းစဉ် အတိုင်း လိုရာခရီးကို နှင်မယ်ဆို ရင် အချက် ရှစ်ချက်နဲ့ မကပ်ငြိ တော့ဘဲ ခန္ဓာငါးပါး ဖြစ်ပျက်တရား ဟာ သူ့ဓမ္မဖြစ်စဉ်အတိုင်း ချုပ်ဆုံး ခြင်း၏ တည်ရာဆီသို့ စီးဝင်သွား တော့မှာပါလား ဆိုတာကို ဥာဏ်အမြင် သုံးသပ် ဆင်ခြင်နေမိပါ တယ်။
          ထပ်မံပြီး ဥာဏ်အမြင်သုံးသပ်မိတာကတော့ အဲဒီလို မကပ်ငြိခြင်းရဲ့ အကြောင်းက ဝိဇ္ဇာဥာဏ်၊ဝိဇ္ဇာဥာဏ်ဖြစ်ဖို့အကြောင်းက ဗိုလ်ငါးပါး။ ဒါဆိုရင် ရွှေစည်းခုံစေတီနှင့် တန့်ကြည့်တောင်စေတီတော်တို့မှာ တောင်းခဲ့တဲ့ ဆုက ဆုတောင်းရုံ သက်သက်နဲ့ ဘယ်လိုမှ မပြည့်နိုင်ပါလား။ လိုရာခရီးတစ်ခုကို သွားချင် တယ်ဆိုရင် စိတ်ကူးရုံနဲ့ မရောက်နိုင်ဘဲ ကိုယ်တိုင် ထသွားမှရောက် နိုင်သလို “ဤဘဝ ဤခန္ဓာသည် နောက်ဆုံး ဘဝဇာတ်သိမ်း ခန္ဓာ ချုပ်ငြိမ်းရပါလို၏ အရှင်ဘုရား။” (မှတ်ချက်-သည်နေရာမှာ သံဝေဂဥာဏ် ထက်သန်သောအချိန်တွင် တောင်းသောဆုကို ဆိုလိုပါသည်) ဟု တောင်းခဲ့သောဆုကို ပိုင်ဆိုင် လိုရင်တော့ စက္ကန့်တိုင်းမှာ ဝိဇ္ဇာဥာဏ် သက်ဝင်နိုင်ဖို့ ‘သဒ္ဓါဗိုလ်၊ သတိဗိုလ်၊ ဝီရိယဗိုလ်၊သမာဓိဗိုလ်၊ ပညာဗိုလ်’တို့ကို လက်ကိုင်ထားလို့ လိုရာခရီးကို နှင်ရမှာပါ။ အဲဒီလို မိမိသန္တာန်မှာ အမြဲတမ်း ဝိဇ္ဇာဥာဏ် ဖြစ်နေမှသာ ခန္ဓာငါးပါးနဲ့ ဥပမာ ပေးထားတဲ့ သစ်ဆွေးတုံး ကလေးဟာ ‘ကမ်းကပ်၊ သောင်တင်၊ ရေမြုပ်၊ ဝဲစုပ်’ အစရှိတဲ့ ကိလေသာတရားတို့ရဲ့ ခေါ်ဆောင်ရာ နေရာမှာ မနားခိုတော့ဘဲ သမုဒ္ဒရာထဲသို့ ဖြောင့်ဖြူးစွာ စီးဝင်သွားနိုင်တော့မှာ မဟုတ်ပါလား။
          ၆။
           အင်ဂျင်စက်သံကြောင့် တဖြည်းဖြည်း အရှိန်လျော့ကျလာတာနဲ့အမျှ တွေးလက်စ အတွေး လုံးလေးတွေက မှေးမှိန် လျော့ရဲသွားလေပြီ။ အပြင်အာရုံဘက်ဆီ ကိုသတိထားမိ လိုက်တော့မှ ကျွန်မ တို့ စီးနင်းလိုက်ပါလာတဲ့ စက်လှေဟာ ကမ်းစပ်ဆီသို့ တရွေ့ရွေ့ဆိုက် ကပ်လို့နေပါပြီ။ စက်လှေပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်များအားလုံးလည်း လှုပ်လှုပ်ရွရွ ဖြစ်နေကြပါပြီ။ အခု စက်လှေပေါ်က ဆင်းတာနဲ့ လောကနန္ဒာ စွယ်တော် ဘုရားကို မော်တော်ကားနဲ့ ခရီး ဆက်ရဦးမှာပါ။ စက်လှေပေါ်က မဆင်းခင်လေးမှာ လာရာလမ်းကို မျှော်ကြည့်နေမိပြန်ပါတယ်။ ဟိုး အဝေးဆီမှာကျန်ရစ်ခဲ့တဲ့ တန့်ကြည့်တောင် စွယ်တော်ဘုရား ကို လက်အုပ်ချီ ဖူးမြော်နေမိရင်း ဒါရုက္ခန္ဓောပမ သုတ္တန်တရားတော်ကို ထပ်မံ နှလုံးသွင်း နေမိပါတယ်။
          မိမိတောင်းခဲ့တဲ့ဆု ပြည့်ဖို့ရာ မှာ အချက် ရှစ်ချက်နဲ့ မကပ်ငြိဖို့ က အဓိကပဲ မဟုတ်လား။ မိမိ လိုချင်တဲ့ အကျိုးတရားအတွက် ဖြည့်ဆည်းရမယ့်အကြောင်းတရားကို သေချာသိနေမှတော့ ကိုယ့်တာဝန် ကို ကျင့်ရုံမှတစ်ပါး အခြားမရှိတော့ပါလား။
          အခု လောကနန္ဒာစွယ်တော် ဘုရားကိုရောက်ရင် တောင်းမယ့်ဆု တစ်ခုက ရွှေစည်းခုံ၊ တန့်ကြည့်တောင်တို့မှာ တောင်းခဲ့တဲ့ ဆုနဲ့ သဏ္ဌာန်ကွဲပြား ခြားနားပေမဲ့ သဘောကတော့ အတူတူပဲ ဖြစ်နေမှာပါ။
          အဲဒီဆုကတော့ “ဘယ်သောင် ယံ၊ ဘယ်ကမ်းစပ်ဆီမှ မနားလိုတော့ပါ အရှင်ဘုရား” ဟူ၍သာ တောင်းဆိုနေမိတော့မှာပါ။

ယောဂီ(ရွှေပြည်သာ)

No comments: