ဘယ်အရွယ်မှာ
တရားအားထုတ်ရမလဲ
လမင်းငယ်(ဟုမ္မလင်း)
ဘယ်အရွယ်မှာ တရားအားထုတ်ရင် အကောင်း
ဆုံးဖြစ်မလဲဆိုတဲ့ ဒီမေးခွန်းရဲ့ အဖြေကိုမဖြေခင် အာရုံနှိုးတဲ့အနေနဲ့ အားလုံး
ကြားဖူးပြီးဖြစ်တဲ့ ဝတ္ထုလေး တစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။ မဟာဓနသူဌေး
သားရဲ့ဝတ္ထုလေးပါ။
မြတ်စွာဘုရား လက်ထက်တော်က ကုဋေ ရှစ်ဆယ်ကြွယ်ဝ
ချမ်းသာတဲ့ သူဌေးသားတစ်ယောက် ရှိပါတယ်။ သူဌေးသားရဲ့မိဘတွေက သားဖြစ်သူကို
ချစ်လွန်းအား ကြီးလို့ ဒီတစ်သက် စားမကုန်ဘူးဆိုပြီး ပညာ မသင်စေဘဲ ကတာ၊
သီချင်းဆိုတာ၊ တီးမှုတ်တာလောက်ပဲ သင်စေပါတယ်။
အရွယ်ရောက်လာတော့ သူ့လိုပဲ ကုဋေရှစ်ဆယ်
ြွကယ်ဝချမ်းသာတဲ့ ပညာမတတ်တဲ့ သူဌေးသမီးတစ်ယောက်နဲ့ အိမ်ထောင်ချပေးပါတယ်။ နှစ်ယောက်
ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ်ြွကယ်ဝ ချမ်းသာတဲ့ သူဌေးလင်မယားပေါ့။ ဒီလိုနဲ့
နှစ်ဘက် မိဘတွေ ကွယ်လွန်သွားကြရောပဲ ဆိုပါတော့။
သူဌေးဆိုတော့ ဘုရင့်ဆီကို နေ့စဉ်
အခစားဝင် ရပါတယ်။ ဒါကို နေ့စဉ်တွေ့နေရတဲ့ အရက်သမား တွေက
စည်းရုံးဖို့ပြင်ဆင်ကြပါတယ်။ တစ်နေ့ သူဌေးသား ဘုရင့်ဆီက ပြန်အလာ လမ်းမှာ
အရက်သမားတွေက အရက်ကို သောက်ပြ၊ အမြည်းကိုစားပြနဲ့ -
“အရှင်သူဌေးသား၊ အသက်တစ်ရာရှည်ပါစေ၊
အရှင်သူဌေးသားကို အမှီပြုပြီး စားနိုင်သောက်နိုင်ရပါလို၏။”လို့ ဆုတောင်းကြပါတယ်။
ဒီလိုနဲ့ အရက်သမားတွေနဲ့ပေါင်းမိပြီး အရက်တွေ သောက်ဖြစ်သွားပါတယ်။
စာထဲမှာ ပြထားတာကတော့ သူဌေးသားက ငွေတွေကို
ဘေးမှာပုံပြီး သူ့ရဲ့ သောက်ဖော်သောက်ဖက် အရက်သမားတွေနဲ့ ပန်းတွေ ဝယ်ခိုင်းလိုက်၊
နံ့သာတွေ ဝယ်ခိုင်းလိုက်၊ ပြီးတော့ တီးတတ်မှုတ်တတ်တဲ့ သူတွေခေါ်ပြီး တီးခိုင်း
မှုတ်ခိုင်း၊ သီချင်း ဆိုတတ်တဲ့ သူတွေခေါ် သီချင်းဆိုခိုင်း၊ ကတတ်တဲ့သူတွေကို ကခိုင်း၊
ဆုငွေတွေကို တစ်ထောင် နှစ်ထောင်မျိုး ဆုချလိုက်၊ အရက်တွေ သောက်လိုက်နဲ့
အလုပ်မလုပ်ဘဲ အရက်ချည်း ထိုင်သောက်နေလိုက်တာ ပစ္စည်းတွေ ကုန်ခန်းပြီး
တောင်းစားရတဲ့ဘဝ ရောက်သွားရောပဲ ဆိုပါတော့။
တစ်နေ့မှာ မြတ်စွာဘုရားက တောင်းစားနေတဲ့
သူဌေးလင်မယားကို ရဟန်းသာမဏေ တွေက စားကြွင်း စားကျန်တွေ ပေးနေတာတွေ့မြင်တော့
အရှင်အာနန္ဒာကို အောက်ပါအတိုင်း မိန့်တော်မူပါတယ်။
“ချစ်သားအာနန္ဒာ၊ အခုမြင်နေရတဲ့
နှစ်ယောက်ကို ကြည့်စမ်းပါ။ သူဌေးသားဟာ ပထမအရွယ်မှာ တကယ်လို့ စီးပွားရှာလိုက်ရင်
ဒီမြို့မှာ ပထမအချမ်းသာဆုံး သူဌေးကြီး ဖြစ်လိမ့်မယ်။ အိမ်မှ ထွက်ပြီး ရဟန်းပြု
တရားအားထုတ်လိုက်မယ်ဆိုရင် အရဟတ္တ ဖိုလ်ကို ရလိမ့်မယ်။ သူ့မယားဟာလည်း အနာဂါမိ
ဖိုလ်ကို ရလိမ့်မယ်။ ဒုတိယအရွယ်မှာ စီးပွားရှာ လိုက်ဦးမယ် ဆိုရင်လည်း ဒီမြို့မှာ
ဒုတိယအချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြု တရားအားထုတ်မယ် ဆိုရင်
အနာဂါမ်ဖြစ်လိမ့်မယ်။ မယားလည်း သကဒါဂါမ် ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် သတိဥာဏ်ဝင်ပြီး
တတိယ အရွယ်မှာ စီးပွားရှာလိုက်ဦးမယ်ဆိုရင်လည်း တတိယ
အချမ်းသာဆုံးသူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြု တရား အားထုတ်မယ်ဆိုရင် သကဒါဂါမ်
ဖြစ်လိမ့်မယ်။ မယားက သောတာပန်ဖြစ်လိမ့်မယ်။
အခုအရွယ်မှာတော့ အချိန်တွေ လွန်ခဲ့ပြီ။
လူ့ စည်းစိမ်တွေမှဆုတ်ယုတ်ခဲ့သလို ရဟန်းအဖြစ်ဆိုတဲ့ မဂ်ဖိုလ်တွေမှလည်း
ဆုတ်ယုတ်ခဲ့ပြီ။ ရေခြောက်သွေ့ နေတဲ့ ရေအိုင်ကိုရောက်ရှိနေတဲ့ ကြိုးကြာငှက်လိုဖြစ်
ခဲ့ရရှာပြီ။”
အားလုံး ကြားဖူးထားတဲ့ ဝတ္ထုလေးပါ။
အထက်က ဝတ္ထုလေးမှာ မြတ်စွာဘုရားက အရှင်
အာနန္ဒာကို မှတ်ချက်ချပြတဲ့ စကားလေးက အဓိက လိုရင်းပါ။ မြတ်စွာဘုရားရဲ့ အဓိကလိုရင်း
မှတ်ချက် ကလေးကိုပဲ ကိုင်ပြီး ပြောရအောင်ပါ။
လောကလူသားတွေ ပြောနေကြတဲ့ စကား ရှိပါ
တယ်။ ဘာလဲဆိုတော့ ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယအရွယ် တရားရှာတဲ့။ ဒီ
ဆောင်းပါးမှာတော့ တရားထူးတရားမြတ်ရဖို့ နည်းလမ်းကိုပဲ ဦးစားပေး ရေးသွားမှာဆိုတော့
ကျန်တဲ့ အစိတ် အပိုင်းတွေကို မသုံးသပ်တော့ပါဘူး။ ဒီတော့ “တရားထူး တရားမြတ် ရဖို့
ဘယ်အရွယ်ဟာ အခွင့်အရေးအသာဆုံးလဲ”ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ စကားတော်ကို ထောက်ပြီး
ပထမအရွယ်ဟာ တရားထူး တရားမြတ်ရဖို့ အခွင့်အရေးအသာဆုံးပါ။
မဟာဓနသူဌေးသားဝတ္ထုလေးကို ထပ်အာရုံပြု
ကြည့်ပါဦး။ မဟာဓနသူဌေးသားလင်မယားဟာ ပထမ အရွယ်မှာသာ တရားအားထုတ်ရင် ယောက်ျားက
ရဟန္တာဖြစ်ပြီး မိန်းမက အနာဂါမ်ဖြစ်ရမှာပါ။ ပထမအရွယ်မှာ သတိမေ့ပြီး တရားအားမထုတ် ဖြစ်တာ
ထားလိုက်ပါဦး။ ဒုတိယအရွယ်မှာ သတိသံဝေဂဖြစ်ပြီး တရားအားထုတ်လိုက်မယ် ဆိုရင်လည်း
ယောက်ျားက အနာဂါမ်တည်ပြီး မိန်းမက သကဒါဂါမ်ဖြစ်ရမှာပါ။
ဒုတိယအရွယ်မှာ သတိမေ့ပြီး တရားအားမထုတ်ဖြစ်တာ
ထားလိုက်ပါဦး။ တတိယ အရွယ်မှာ သတိ သံဝေဂဖြစ်ပြီး တရားအားထုတ်လိုက်မယ်ဆိုရင်လည်း
ယောက်ျားလုပ်သူက သကဒါဂါမ်ဖြစ်ပြီး မိန်းမလုပ်သူက သောတာပန်ဖြစ်ရမှာပါ။ အခုတော့
အရွယ်သုံးပါး လွန်ခဲ့ပြီ ဖြစ်သလို တရားထူးတရားမြတ်တွေနဲ့ ဝေးသွားခဲ့ရပါပြီ။
ဒီဝတ္ထုလေးကိုထောက်ပြီး
တရားထူးတရားမြတ်ရဖို့ ပထမအရွယ်ဟာ ပထမ အခွင့်အရေး အသာဆုံးပါ။ ဒုတိယအရွယ်ဟာ
ဒုတိယအခွင့်အရေး အသာဆုံးပါ။ တတိယ အရွယ်ဟာ တတိယ အခွင့်အရေး အသာဆုံးပါ။ အဓိက
ပြောလိုရင်းကတော့ ငယ်ရွယ်နုပျို နေတဲ့ ပထမအရွယ်ဟာ တရားထူး တရားမြတ်ရဖို့
အခွင့်အရေး အသာဆုံး ဖြစ်သလို တရားအားထုတ်လို့ အကောင်းဆုံး အရွယ်လည်း ဖြစ်ပါတယ်။
စာရေးသူကတော့ လူငယ်တွေနဲ့ တွေ့ရတဲ့အခါ
တိုင်း “တရားအားထုတ်တာ ငယ်လေကောင်းလေပဲ”လို့ဆိုပြီး အထူးပဲ တိုက်တွန်းဖြစ်ပါတယ်။
လူငယ်တွေဟာ လောကီ အာရုံတွေ အများကြီးမတွေ့ရသေးတော့ တကယ့် အဖြူထည်ကလေးပါ။ အရောင်
မတင်ရ သေးပါဘူး။ အရောင် မတင်ရသေးတဲ့ အဖြူဆွတ်ဆွတ်မှာ ဘာအရောင်တင်တင် စွဲပါတယ်။
ဒါကြောင့် အဖြူထည်အရွယ်လေးတွေမှာ ဝိပဿနာအရောင်ဆိုးပေးရင် သိပ်စွဲလွယ်သလို သိပ်လည်း
ခိုင်ခန့်ပါတယ်။
ဣဿာ မစ္ဆရိယ ရာဂ လောဘ ဒေါသ သောက စတဲ့
ကိလေသာ အညစ်အကြေးတွေ နည်းနေသေး တာရယ်၊ ရုပ်ကလည်း နုပျို၊ နာမ်ကလည်း နုပျိုနေတာကြောင့်
တရားအားထုတ် ရတာ အကောင်းဆုံး အရွယ်ပါပဲ။ ရုပ်ကလည်း နုပျို၊ နာမ်ကလည်း နုပျိုနေတဲ့အချိန်ဟာ
ဘာလုပ်လုပ် တက်တက်ကြွကြွရှိသလို ရုပ်နောက်ကို နာမ်က ကောင်းကောင်းလိုက်နိုင်သလို
နာမ်နောက်ကိုလည်း ရုပ်က ကောင်းကောင်းလိုက်နိုင်ပါတယ်။
ကမ္မဋ္ဌာန်းဆရာက ထိုင်ဆိုလည်း
ထိုင်လိုက်နိုင်တာပါပဲ။ ထဆိုလည်း ထçလိုက်နိုင်တာ ပါပဲ။ စင်္ကြံလျှောက်ဆိုလည်း
လျှောက်လိုက်နိုင်တာပါပဲ။ ဒီလို ပြင်မှတ်လိုက်ဆိုလည်း မှတ်လိုက်နိုင်တာပါပဲ။ ဒါဟာ
နုပျိုခြင်းရဲ့အခွင့်အရေးတွေပါပဲ။
နုပျိုခြင်းဆိုတာ ဘဝမှာ တစ်ကြိမ်သာရတာပါ။
ဘဝမှာ တစ်ကြိမ်သာ ရတဲ့ နုပျိုခြင်း ဆိုတဲ့ အခွင့် အရေးကိုရနေတုန်းမှာ
လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ပစ်လိုက်တာဟာ ဘဝအတွက် အဓိပ္ပာယ်ရှိ သွားတာပါပဲ။
နုပျိုတုန်းမှာ တရားအားထုတ်ပါဆိုတော့
ပညာသင်ကြားမှု၊ အလုပ်လုပ်မှု အားလုံးကို စွန့်လွှတ်ပြီး အားထုတ်ရမှာလားဆိုတော့
အဲဒီလိုလည်း မဟုတ်ပါဘူး။ ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ကိုယ့်ဟာကိုယ်
အားထုတ်လို့မရပါဘူး။ ဆရာ လိုပါတယ်။ နည်းလိုပါ တယ်။ ဆရာနဲ့နည်း ရဖို့အတွက် ရိပ်သာ
တစ်ခုခုမှာ ဆယ်ရက်ဖြစ်စေ၊ ဆယ့်ငါးရက်ဖြစ်စေ ဝင် ရပါ့မယ်။ တစ်လလောက်
ဝင်လိုက်နိုင်တယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ လူဆန်ဆန် ပြောရင်တော့
သင်တန်းတက်လိုက်တာပါပဲ။ ဒါဆိုရင် နည်းကောင်းကောင်း ရသွားပါပြီ။ နည်းရပြီဆိုရင်
ကိုယ့်အိမ်မှာ အချိန်ပိုင်းလေးနဲ့ အားထုတ်သွားလို့ရပါတယ်။ မနက် နာရီဝက်၊ နေ့ခင်း
နာရီဝက်၊ ည နာရီဝက်လောက် အားထုတ်သွားနိုင်တယ်ဆိုရင်ပဲ မဆိုးပါဘူး။
တရားအားထုတ်ပြီးစမှာ စိတ်ထားလေးတွေက
ကောင်းနေတတ်ပါတယ်။ စိတ်ထားလေး ကောင်းနေတော့ ဘယ်သူနဲ့ပဲ စကားပြောပြော အဆင်ကိုပြေနေတာပါပဲ။
တစ်ဘက်သားက မချေမငံ ပြောလာရင်တောင် ကိုယ်က သည်းခံပြီးသားဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့
နေ့ခင်းပိုင်းလောက်အရောက်မှာတော့ စိတ်ထားကလေးက နည်းနည်းညံ့ချင်လာပါပြီ။ ဒီတော့
ဘက်ထရီ အားကုန်တဲ့အခါ ချာဂျင် ပြန်သွင်းရသလို ပါပဲ။ ကိုယ့်နှလုံးသားထဲကို
ဝိပဿနာချာဂျင် နာရီဝက် ဒါမှမဟုတ် ဆယ့်ငါးမိနစ်လောက် ပြန်သွင်းရပါ တယ်။ ဒီလိုပါပဲ
ညပိုင်းကျတော့ စိတ်ထားလေးက ညံ့ချင်လာပြန်ပါပြီ။ဒါကြောင့် တစ်ခါ ဝိပဿနာချာဂျင်
နာရီဝက်၊ ဆယ့်ငါးမိနစ်လောက် ထပ်သွင်းရပါတယ်။ တစ်နေ့ကို ဝိပဿနာချာဂျင် မနက် တစ်ခါ
နေ့လယ် တစ်ခါ ညတစ်ခါ တစ်နေ့ သုံးခါလောက်တော့ နေ့စဉ် သွင်းပေးရပါတယ်။
ဒီအပြုအမူလေးတွေဟာ
ကိုယ့်ဘဝနဲ့ကိုယ့်လုပ်ငန်း ခွင်ကို အထောက်အကူပြုပြီးသား ဖြစ်နေတတ်ပါတယ်။
တစ်နေ့တစ်နေ့ လူမျိုးစုံနဲ့ တွေ့နေရတာဆိုတော့ ဆုံးဖြတ်ချက်မှား မသွားအောင်
ကိုယ့်နှလုံးသားထဲကို ဝိပဿနာချာဂျင်လေးတွေ အားကုန်ခါနီးတိုင်း ပြန်ပြန်
သွင်းသွင်းပေးရပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်နဲ့ အဆင်မပြေ
ဖြစ်ပြီး စကားကို ပက်ခနဲ ပြန်ပြောမိခဲ့ပြီ ဆိုရင် ကိုယ့်ကိုယ်ကို
သတိထားကြည့်လိုက်ပါ။ ဝိပဿနာချာဂျင် အားကုန်နေလို့ဆိုတာ တွေ့ရပါလိမ့်မယ်။ တရားအားထုတ်လို့ရတဲ့
အရသာဟာ ဘာနဲ့မှလဲလို့ မရပါဘူး။ ဒါက တရားအားထုတ်ဖူးသူတိုင်း သိပါတယ်။
မဝင်ဖူးသေးရင်တော့ ]ဖြစ်မှဖြစ်ပါ့မလား’ဆိုပြီး စိုးရိမ်နေ တတ်တာပါ။
ရိပ်သာထဲရောက်သွားရင်တော့ သူလို ကိုယ်လိုလူတွေ အများကြီးနဲ့တွေ့ပြီး
အဆင်ပြေသွားကြတာပါပဲ။
ကဲ-ထားပါတော့။ တတိယအရွယ် အိုမှ တရားဝင်ပြီပဲ
ဆိုပါတော့။ တတိယအရွယ် ဆိုတာ ရုပ်ကလည်း အို၊ နာမ်ကလည် အိုလာပါပြီ။ ရုပ်က
အိုလာပြီဆိုရင် ထိုင်ရ ထရတာ လည်း အဆင်မပြေတော့သလို ထိုင်တဲ့အခါမှာလည်း
ကြာကြာမထိုင်နိုင်တော့ပါဘူး။ ဆယ့်ငါးမိနစ် တစ်ခါလောက် ပြင်ပြင်နေရပါတယ်။ တချို့
ဝတဲ့လူတွေဆိုရင် ထိုင်ရတာ တော်တော်လေး ခက်ပါတယ်။ တချို့ဆိုရင် လူတွဲနဲ့မှ ထနိုင် ထိုင်နိုင်ပါ
တယ်။ ဒါဟာ ရုပ်အိုခြင်းရဲ့ လက္ခဏာ တချို့ပါ။
နာမ်အိုတယ်ဆိုတာက သတိတွေမေ့နေတာပါ။ ဥပမာ
အခန်းထဲ ဆေးယူမယ်ဆိုပြီး ဝင်သွား၊ အခန်းထဲကျတော့ ‘ငါဘာယူမလို့ပါလိမ့်’ဆိုပြီးမေ့နေ၊
အခန်း ထဲကနေ အပြင်ပြန် ထွက်လာပြီးမှ ‘ဪ သြော် ငါ ဆေးယူဖို့ ဝင်သွားတာပဲ’ဆိုပြီး
သတိရပြီး အခန်းထဲပြန်ဝင်ရ၊ ဒါဟာ နာမ်အိုခြင်းရဲ့လက္ခဏာတချို့ပါ။ တရားထိုင်တဲ့အခါမှာလည်း
ရုပ်အိုလာတဲ့အတွက် ကြာကြာ မထိုင်နိုင်၊ ကြာကြာမထိုင်နိုင်တော့ မကြာခဏပြင်၊
မကြာခဏပြင်တော့ သမာဓိပျက်။
နောက် နာမ်က အိုလာတဲ့အတွက် ကမ္မဋ္ဌာန်း
အာရုံပေါ်မှာ သတိကောင်းကောင်း မကပ်နိုင်တော့ပါဘူး။ နာမ်နဲ့လုပ်ရတဲ့အလုပ်မှာ နာမ်က
အိုသွားတဲ့အတွက် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့ သဘောပါ။ ဒီတော့ သမာဓိက တော်တော်နဲ့မဖြစ်။
သမာဓိ မဖြစ်တော့ ဥာဏ်စဉ်တွေက မထင်နဲ့၊ ကမ္မဋ္ဌာန်း ဆရာက တရားစစ်တဲ့အခါကျတော့ ရှေ့က
ယောဂီ ငယ်ငယ် ကလေးမလေးတွေကသာ “ဘယ်လိုမှတ်လိုက်တယ် ဘုရား၊ ဘယ်လို မှတ်လိုက်တယ်
ဘုရား”နဲ့ လျှောက်စရာတွေ တစ်လှေကြီး လျှောက်သွား၊ ကိုယ့်မှာတော့
ဘာမှလျှောက်စရာမရှိ။ ဒီတော့ စိတ်ဓာတ်တွေ ကျပြီး အိမ်ပြန်ချင်စိတ်ပေါက်လာ၊
အိမ်ပြန်ရောက်ပြီး နောက်တစ်ခါ တရားဝင်ဖို့ သားသမီးတွေက တိုက်တွန်းရင် တစ်ကြိမ်တည်းနဲ့
သေမလောက် ကြောက်သွားတော့တာပါပဲ။ ဒါဟာ တတိယအရွယ်လို့ခေါ်တဲ့ ရုပ်နာမ်
အိုခြင်းရဲ့ဆိုးပြစ်လက္ခဏာတွေပါပဲ။
နောက် တတိယအရွယ်ရဲ့ဆိုးကျိုးတစ်ခုလည်း ရှိပါသေးတယ်။
ယောဆရာတော်ဘုရားရဲ့ တရားတွေထဲမှာ အိုလာပြီဆိုရင် ‘အိုပယ် ဖြစ်တတ်တယ်’ဆိုတဲ့
စကားလုံးလေး မကြာခဏပါလေ့ရှိပါတယ်။ အိုပယ် ဆိုတဲ့ စကားလုံးကလေးက သိပ်လှတာပါ။
အိုလာပြီ ဆိုရင် ကိုယ့်ရဲ့သားသမီး မြေး မြစ်တွေက ကိုယ့်ကို ပယ်ထားလိုက်တာပါ။ ထမင်း
ကျွေးရုံ၊ အဝတ်ဆင်ရုံ ကလွဲလို့ အကြံဥာဏ်ယူတာ တိုင်ပင်ဆွေးနွေးတာတွေ မရှိတော့ပါဘူး။
ကိုယ်နဲ့ခပ်လှမ်းလှမ်းမှာ မြေးတွေက
တိုးတိုး တိုးတိုး နဲ့ စကားပြောနေမယ်၊ ကိုယ်က ဒါကို ‘ဟဲ့ မြေးတို့
ဘာတွေပြောနေတာလဲ’လို့ သွားမေးမယ်။ ဒီတော့ မြေးတွေက ‘အို ဒါလူကြီး တွေရဲ့ကိစ္စမဟုတ်ပါဘူး။
လူငယ်တွေရဲ့ကိစ္စပါ’လို့ ပြန်ပြောခံရ။ တချို့ ငွေကြေးလည်း ချမ်းသာပါရဲ့၊ ပညာလည်း
တတ်ပါရဲ့၊ မိသားစု အသိုင်းအဝိုင်းကလည်း ပေါပါရဲ့၊ သတင်းစာ စာအုပ်ကြော်ငြာလေးကို
ဖတ်ပြီး ‘သားရေ အရှင်ဆန္ဒာဓိကရဲ့ နောက်ဆုံးထွက်စာအုပ်ကလေး ဝယ်ခဲ့ပါဦး’လို့ မှာဖြစ်
လိုက်ပါရဲ့။
တစ်ရက်လည်း ပါမလာ၊ နှစ်ရက်လည်း ပါမလာ။
ရက်တွေသာ ကြာသွားတယ် လိုချင်တဲ့စာအုပ်က မရ။ ကိုယ်တိုင်ထွက်ဝယ်ဖို့ကျတော့လည်း
ကားရှိပေမဲ့ မောင်းပို့မယ့်သူ မရှိ။ ဒါတွေဟာ အိုပယ်ရဲ့ထင်ရှားတဲ့
လက္ခဏာဆိုးတချို့ပါ။
တခြား ဒီထက်ဆိုးတဲ့ကိစ္စတွေလည်း
ရှိချင်ရှိဦး မှာပါ။ တကယ်လို့သာ ပထမအရွယ်မှာ တရားကို ကြိုးကြိုးစားစား
အားထုတ်ခဲ့ရင် သူတို့ဘယ်လောက်ပဲ အိုပယ်လုပ်ထားလုပ်ထား၊ ကိုယ်က ကိုယ့်ဝိပဿနာ
တရားလေးနဲ့ နေနေလိုက်ရင် ‘အိုပျော်’ဖြစ်သွားမှာပါ။ ဝိပဿနာတရားဆိုတာ တစ်ယောက်တည်း
တစ်စိတ်တည်း အားထုတ်ရတာဆိုတော့ သူတို့ အိုပယ် လုပ်လေ ကိုယ့်အတွက် တရားမှတ်ရတာ
အကောင်းဆုံး ဖြစ်လေပါပဲ။
တရားထူးတရားမြတ်ရတာကို ခဏထားလိုက်ပါ ဦး။
လူ့ဘဝသက်တမ်းကို ယေဘုယျ ခုနစ်ဆယ့်ငါး နှစ်နဲ့တွက်ရင် အသက် နှစ်ဆယ့်ငါးနှစ်အတွင်းဟာ
တရားအားထုတ်လို့ ပထမအကောင်းဆုံးအရွယ်ပါ။ အသက်ငါးဆယ်အတွင်းဟာ တရားအားထုတ်လို့ဒုတိယ
အကောင်းဆုံးပါပဲ။ ကျန်တဲ့ တတိယအရွယ်သက်တမ်းကိုတော့ ဆက်မပြောပါရစေနဲ့။
ကိုယ့်အရွယ်ကိုယ် ပြန်ကြည့်ပြီး ဆုံးဖြတ်ဖို့ပဲ လိုပါတယ်။ မြင့်မြတ်တဲ့
လူ့ဘဝကိုရလာတယ်။ မြင့်မြတ်တဲ့လူ့ဘဝကို ရလာပြီး လူ့ဘဝရဲ့အနှစ်သာရဖြစ်တဲ့
ဝိပဿနာတရားလေးမှ အားထုတ်မသွားရဘဲ သေသွားမယ်ဆိုရင် လူ့ဘဝကို ရလာတာ ဘာမှအဓိပ္ပာယ်
မရှိတော့ ပါဘူး။ လူဆိုတာ သေမျိုးပါ။ မသေခင်လေးမှာ ဒီဝိပဿနာ တရားလေးတော့
ကုသိုလ်ဖြစ် လောက်ပဲဖြစ်ဖြစ်၊ ဗဟုသုတဖြစ် လောက်ပဲ ဖြစ်ဖြစ်၊ ပါရမီပါသွားအောင်
အားထုတ်သွား သင့်ပါတယ်။
လောကီထဲ နေနေကြတာဆိုတော့ လောကီအာရုံတွေနဲ့တော့
ကင်းလို့မရပါဘူး။ ဒါပေမဲ့ မော်ဒန်တွေ၊ ပို့စ်မော်ဒန်တွေ၊ မန်ယူတွေ၊ အာစင်နယ်တွေ၊
နှစ်လုံးသုံးလုံးတွေ၊ ရာထူးဌာနန္တရတွေ၊ အပြန်အလှန် တုံ့ပြန်မှုတွေ၊
အောင်မြင်ကျော်ကြားမှုတွေနောက် တကောက်ကောက်လိုက်နေရမှုတွေနဲ့တော့ အရွယ်
သုံးပါးလုံးကို အချိန်ကုန်မသွားသင့်ပါဘူး။ ဒါတွေကို ဘဝရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ
သဘောထားသင့်ပါတယ်။ ဘဝရဲ့အဓိက အခန်းကဏ္ဍထဲမှာရှိမနေသင့်ပါဘူး။
ကဲ စာဖတ်သူ ‘ဘယ်အရွယ်ဟာ တရားအားထုတ်
လို့ အကောင်းဆုံးလဲ’လို့ မေးလာခဲ့ရင် ပထမအရွယ်ပါပဲ။ ဘဝမှာ တစ်ကြိမ်သာရတဲ့ နုပျိုခြင်းကို
ဝိပဿနာအရာမှာ ကောင်းကောင်းကြီး အသုံးချပစ်လိုက်စမ်းပါ။
လမင်းငယ်(ဟုမ္မလင်း)
No comments:
Post a Comment