ထီးကြီးကြီးဆောင်းပါ
ဦးတင်ကြိုင်
(မိုးကုတ်ယောဂီ-ချောက်)
(က)
နေပူ၊ မီးပူ၊ ကိလေသာပူတို့သည် လူတို့ရွာမှာ စွမ်းအားရှိသမျှ
ပူကြပါသည်။ အပူတို့တွင် သဘာဝပူ၊ ပယောဂပူ ဟူ၍ရှိငြား ပူပုံချင်းကတော့ တူပါသည်။
သဘာဝပူ (နေပူ)ကို ထား၍ ပယောဂပူ(မိမိ ကိုယ်တိုင်အားထုတ်မှု)ပူအောင်လုပ်မှုကိုအခြေခံ၍
ပူလာ သော မီးပူ၊ ကိလေသာပူတို့ကို စူးစိုက်လိုပါသည်။ အားလုံးလည်း စူးစူးစိုက်စိုက်
သတိရှိကြ စေချင်ပါသည်။ အပူဘေး ကင်းဝေးအောင် (တစ်နည်း) အပူဒဏ်မှ ကာကွယ်ရေးဖြစ်အောင်
စဉ်းစားကြစေချင်ပါသည်။
အကာမရှိ၊ အကွယ်မရှိ၊ အဖုံးအအုပ်၊ အမိုးမရှိ ဆိုလျှင် (အပူနယ်မှာ
အပူကိုလွယ်၍) အပူမပြယ်ဘဲ အပူထုကြား အပူများနှင့် လမ်းသွားနေကြရမှာ ဖြစ်ပါသည်။
နေ၏ အပူသည် သဘာဝအပူ ဖြစ်၍လည်းကောင်း၊ မီးအပူသည် သဘာဝနှင့်
ပယောဂ နှစ်မျိုးကြောင့် ဖြစ်နိုင်သောအပူဖြစ်၍ လည်းကောင်း၊ အကာအကွယ် ကိုယ်စီနှင့်
ကာကွယ်၍ ချန်ထားလျှင် ရနိုင်သည်။ ဆိုလိုသည်မှာ ဗဟိဒ္ဓဝတ္ထုပစ္စည်း တစ်ခုခုနှင့်
ကာကွယ် ငြှိမ်းသတ် ထားနိုင်လျှင် ရပါသည်။ အမိုးအကာ၊ ရေနှင့်
မီးငြှိမ်းသတ်၊မီးချိတ်မီးကပ်၊ ဆေးဘူးများ စသည်စသည်ဖြင့် ကာကွယ်၍ ရနိုင်ပါသည်။
ကိလေသာ အပူမီးသည်သာ မြတ်ဗုဒ္ဓသာသနာကို လိုက်နာ၍
ငြိမ်းအောင်ငြှိမ်းရမှာ ဖြစ်ပါသည်။ ဤသည်ကိုသာ ပို၍
စူးစူးစိုက်စိုက်ရှိထားကြစေချင်ခြင်း ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ ပွင့်ထွန်းပေါ်လာခြင်းမရှိလျှင် ပူပြီးရင်း
ပူရင်းနှင့် လောကသည် အပူလွင်ပြင်ဖြစ်နေမှာ ဖြစ် ပါသည်။ မြတ်ဗုဒ္ဓ
ပွင့်ထွန်းလာသော်ငြား အပူမငြိမ်း ကြသေးသောသူများ လောကနှင့်အပြည့်ရှိနေပါသေးသည်ဟု
ဆိုရမှာ ဖြစ်ပါသည်။ လောကအပူလွင်ပြင်မှာ အပူရင်ပြင်နှင့် ပူမှန်းမသိဘဲ
ပျော်နေကြသည်က များပါသည်ဟု ပြရမှာလည်း ဖြစ်ပါသည်။
စင်စစ် ထိုသူတို့၏အပျော်သည် အပူကိုဇွတ်ဖြတ် ဇွတ်ကျော်၍
ပျော်နေကြပြီသာ ဖြစ်ပါသည်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက ‘ဝါစရာနဲ့
ရှားရှား၊ မြောင်းကြားမှာ ရအောင် ဝါသော ဩဇာသီးလို’ဟု ဥပမာပြပါသည်။ ကိလေသာအပူမီးသည်
သတ္တဝါကို ပြင်းစွာလောင်ကျွမ်းပါသည်။ နေရာအနှံ့မှာ လောင်ကျွမ်းပါသည်။
ဘဝခရီး စကတည်းက အပူမီး ပါလာပါသည်။ ခန္ဓာရလျှင် ဒုက္ခရခြင်း
ဖြစ်ပါသည်။ ဒုက္ခရလျှင် အပူမီးရခြင်းသာ ဖြစ်ပါသည်။ ဇာတိရ ဇာတိပူ၊ ဇရာရ ဇရာပူ၊ မရဏကြုံ
မရဏပူတို့ စုံအောင် လောင်နေ ကြပြီဖြစ်ပါသည်။ ဒုက္ခအပူခရီး ဤသို့ စပါသည်။
ဘဝခရီးစကတည်းက (၁)ပရိယေသနဒုက္ခ (ရှာဖွေရ အပူဒုက္ခ) (၂)အာရက္ခဒုက္ခ (ရှာဖွေရအာရုံနှင့်တကွ
ပစ္စည်းဥစ္စာကို မပျောက်ပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ရဒုက္ခ အပူ)နှင့်
(၃)ဝိပရိနာမဒုက္ခ (ရှာရ၊ စုထား၊ စောင့်ရှောက်ထားပါလျက် ဆုံးရှုံးသွားသည်။
ပူလောင်ပင်ပန်းရသောဒုက္ခအပူ)တို့နှင့် ရင်ဆိုင်တိုး ကြရပါသည်။
မြတ်ဗုဒ္ဓဟောကြားသော ပုရာဘေဒသုတ္တန်တွင် “ဝီတတဏှော ပုရာဘေဒေါ” မသေခင်မှာ
တဏှာသေရင် ငြိမ်းအေးတယ် အပူဝေးတယ်ဟု ရှိပါသည်။ တဏှာသည် အပူအလောင်တရား ဖြစ်သည်။
တပ်မက်၊ သာယာ၊ စွဲလမ်း၊ လိုချင်၊ တောင့်တ ဟူသ၍ ငြိကပ်ထိစပ် နေသောသဘော ရှိပါသည်။
တဏှာ၏ မူရင်းအဓိပ္ပာယ်သည် ‘ဆာတတ်သော တရား’ဟုပြပါသည်။ တိုက်ရိုက် အပြသည် ‘တဿတိ
ပရိတဿတီ တိတဏှာ’ဟူ၍ ဖြစ်ပါသည်။ ဆာတတ်သောတဏှာ ဖြစ်သည်။
ဇာတိ၊ ဇရာကဲ့သို့ပင် ခန္ဓာမှာ နောက်ရောက်လာ တဏှာသည်လည်း
အပူတရား ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ ၏ဒေသနာမြတ်တရားနှင့် အပူငြိမ်းလာခြင်း မရှိသေးလျှင်
တဏှာ အပြည့်နှင့် အပူမီးကိလေသာတို့ အပြည့် ရှိနေပါသည်။ ခန္ဓာတစ်ခု၊
တစ်ကိုယ်စာမှာပင် ရှိနေကြသော ကိလေသာအပူတို့မှာ -
(၁) ဝီတိက္ကမတဏှာပူ(ကာယကံပြု၊ဝစီကံပြုအပူ၊ သီလနှင့်
ငြှိမ်းရပါသည်။)
(၂)
ပရိယုဋ္ဌာနတဏှာပူ(စိတ်တွင်း သောင်းကျန်း ထကြွအပူ၊ သမထသမာဓိနှင့် ငြှိမ်းရပါသည်)
နှင့်
(၃)
အနုသယတဏှာပူ(အာရုံစုံမှာဖြစ် တဏှာပူ၊ အာရမ္မဏာနုသယကို ဝိပဿနာနှင့်ငြှိမ်းရပါသည်)
ကိုယ်တွင်းသန္တာန်(စိတ်)မှာ ပြန်ပေါ်ဖြစ်လာအာရုံ ဟောင်းမှာ
တဏှာဖြစ်အပူ သန္တာနာ နုသယကို လောကုတ္တရာမဂ်ပညာနှင့် ငြှိမ်းရပါသည်။
ဗဟိဒ္ဓအပူတရားတို့ထက် အဇ္ဈတ္တ ဤအပူတရားတို့က
အလောင်ဆုံးဖြစ်ပါသည်။ အခြား နေပူ၊ မီးပူတို့က ဗဟိဒ္ဓမှာ၊ အပြင်လောကမှာသာ အလောင်ဆုံး
ဖြစ်ပါသည်။ ထို့အပြင် အပြင်မီးထက် အတွင်းမီးက အလွယ်နှင့် ငြှိမ်း၍မရ၊
အငြှိမ်းရခက်သည်။ မြတ်ဗုဒ္ဓ၏ ‘ဓမ္မ’နှင့် ငြှိမ်းမှသာ ငြှိမ်းရလွယ်ပါသည်။
ငြိမ်းရလွယ်ပါသည်။
ကိလေသာအပူမီး (အဇ္ဈတ္တမှာ လောင်သောမီး) သည် သံယောဇဉ်မီး၊
ကိလေသာဆယ်ပါးမီး၊ တစ်ဆယ့် တစ်ပါးမီးတို့သာ ဖြစ်ပါသည်။ ယင်းမီးတို့၏ အပူသည်
ပြင်းစွာလောင်ပါသည်။ ဘဝဖြစ်စ ဇာတိရလာလျှင် ကိလေသာအပူက ပါလာသည်။ ဘဝနိကန္တိက
လောဘဇောမှာ လောဘပူ တွဲပါလာသည်။ နောက် အလိုမကျ (ဒေါသပူ)၊ မသိမှု (မောဟပူ)တို့ပါ ကူ၍
ညီ၍ တွဲပူလာကြပါသည်။ မီး (၁၁)ပါးတို့၏ အပူတို့ စုံတကာစေ့ အပူငွေ့ပြင်းပြင်း
ပူလာကြသည်။ မြတ် ဗုဒ္ဓ၏သာသနာနှင့်မတွေ့ကြသရွေ့ ပူနေ လောင်နေ ကြမှာ ဖြစ်ပါသည်။
ဤအပူ မည်သူကူ၍ယူကြမည်နည်း။ သာသနာ နှင့်တွေ့ရုံတွေ့ကြသူချင်း
ပွေ့ရုံ ပွေ့ထားကြသူချင်း ကူ၍ ယူဖို့ဝေး၊ ‘ငါ့မှာလည်း ရှိတယ်’ဟု
ပြန်ပေးချင်ကြပေလိမ့်မည်။ ခန္ဓာ ဟပ်နေသော ကပ်နေသော အပူ၊ သာသနာဟူသော
အမိုးအကာမရသရွေ့၊ အမိုး အကာ မရှိသရွေ့ အပြန်အလှန် အပူပေး၊ အပူယူနေကြဖို့သာ
ရှိပါသည်။
သူ့မှာလည်း အပူ၊ ငါ့မှာလည်း အပူ၊ အားလုံး မှာလည်း အပူတို့သာ
ရှိနေကြပါသည်။ အပူကိုယ်စီ နှင့်အပူခံ၍ အပျော်ကိုယ်စီနှင့်ပျော်ရန် ကြံနေကြသည်သာ
များပါသည်။ အပူက မပြယ်ပါ။ မပျောက်ပါ။
အပူငြိမ်းအောင် သာသနာ့ဘောင်မှာပဲ ပျော်ကြဖို့ ကောင်းပါသည်။
မြတ်ဗုဒ္ဓသာသနာ နှင့်နေကြရမှာ ဖြစ်ပါသည်။
(ခ)
မြတ်ဗုဒ္ဓသာသနာသည် သတိနှင့် အသိက စပါသည်။
မဟာဗောဓိမြိုင်ဆရာတော်၏ အပြတွင် “သတိသည် သမာဓိသိက္ခာကို တာဝန်ယူသကဲ့သို့ အသိသည်
ပညာသိက္ခာကိုပါ တာဝန်ယူ၏။ ထို့ပြင် အသိနှင့် သတိနှစ်ပါးလုံးသည် သီလသိက္ခာကိုပါ
တာဝန်ယူသေးသဖြင့် မဂ္ဂင်ရှစ်ပါးနှင့် ဖိုလ်သိက္ခာတွင် သတိနှင့်အသိသည်သာ အချုပ်ဟူ၍
မှတ်ရာ၏။”ဟု ပြထားပါသည်။
ဤသို့ဖြင့် သတိသည် အသိကိုဆွဲခေါ်၍ အရှိကို ပြပါသည်။ သတိနှင့်
အသိကြောင့် သမာဓိနှင့်ပညာ သည် တည်ငြိမ်အေးဆေးစွာ အရှိတရားကို မြင်ပါသည်။ နောက်
အမှန်တရားကို မြင်ပါသည်။ အမှန်တရား မြင်သည်နှင့် အပူစုံငြိမ်းပါသည်။
အရှိသည် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်သာ ဖြစ်သည်။ စိတ်သည်
အာရုံဒွါရတိုက်၍ ပေါ်ပါသည်။ အာရုံဒွါရသည် ရုပ်တရား၊ အသိ(စိတ်)သည် နာမ်တရား
ဖြစ်ပါသည်။ စင်စစ် အရှိသည် ရုပ်တရား၊နာမ်တရားသာ ဖြစ်သည်။ ယင်းရုပ်နာမ်တရားသည်
ပရမတ္ထတရားသာ ဖြစ်သည်။ ဤနေရာတွင် စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက်
တရားကို ပြလို ပါသည်။ စေတသိက်သည် စိတ်ကို မှီတွယ်ခြယ်လှယ်သော အခြယ်အလှယ် တရားဖြစ်သည်။
နိဗ္ဗာန်သည် အပူအားလုံးငြိမ်းရာ ဖြစ်သည်။ အပူကာ ဓမ္မနယ် ဖြစ်သည်။ ဤ ဓမ္မနယ်မြေသည်
အမှန်တရား သစ္စာနယ်မြေသာ ဖြစ်သည်။
နေကဲ့သို့အပူ၊ မီးကဲ့သို့အပူမျိုး ရင်တွင်း အဇ္ဈတ္တ ကို
ပူစေသောအရာသည် စေတသိက်၊ ကိလေသာ အပူတို့သာ ဖြစ်ပါသည်။ စိတ်ကို မကောင်းအောင်
ခြယ်လှယ်သော စေတသိက် တွင် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ မိဒ္ဓ၊
ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကစ္စ ဖြင့် (၁၄)ပါး ရှိပါသည်။
‘လောဘ’သည် လိုချင် နှစ်သက် တပ်မက်ခြင်း သဘော၊ ‘ဒေါသ’သည် စိတ်၏ခက်ထန်ကြမ်းတမ်း
ခြင်းသဘော၊ ‘မောဟ’သည် မသိတတ်ခြင်းသဘော ရှိ၊ ‘မာန’ သည် ထောင်လွှားတတ်ခြင်းသဘောရှိ၊
စသည် စသည်ဖြင့် အပူပေးစွမ်းအားများ ကိုယ်စီ ရှိ ထားကြပါသည်။ စင်စစ်
ကိလေသာစေတသိက်တရား တို့သည် အပူပေး အကုသိုလ် တရားများသာ ဖြစ်ကြ ပါသည်။
အကုသိုလ်တရားဟူသည် အကုသလာ= သာဝဇ္ဇာ(အပြစ်တင်ဖွယ်ရှိ)၊
ဒုက္ခဝိပါက(ပျော်ရွှင်ချမ်းမြေ့ဖွယ်မရှိ)ဟု ရှိပါသည်။
ထို့ပြင် လုပ်ဆောင်ချက်တစ်ခုသည် အပြစ်တင်ဖွယ်လည်း ရှိပြီး
အကျိုးရလဒ်မှာ ပျော်ရွှင်ချမ်းမြေ့မှု မရှိဆိုပါလျှင် ထိုပြုမူဆောင်ရွက်ချက်ကို ‘အကုသိုလ်’
ဟု ခေါ်ပါသည်ဟု ပြပါသည်။ ထို့ပြင် မကောင်းမှု အကုသိုလ်ကံသည် အနည်းငယ်သာဟူ၍
မထီမဲ့မြင် မပြုရာဟု ပြသည်။ အကုသိုလ်အငယ်စားသည်လည်း အပူအားရှိသည်။
ဘဝ၏အပူမီးအစသည် ဆန္ဒက စçပါသည်။ ဆန္ဒမပြည့် ဒေါသ တွေ့မည်။
စိတ်ပျက် အားငယ် တွေဝေ လွယ်မည်။ မကျေမနပ်နှင့် ရှိမည်။ ကျေနပ်ချင်လာ၊
အလိုပြည့်ချင် လာပြန်တော့ လောဘ ဖြစ်မည်။ မကျေမနပ်မှာ လိုအပ်ချက်များအကြား တွေဝေ
ငေးမော အတောမသတ် မောဟ ကပ်လာပါမည်။ ဆန္ဒနှင့်ဘဝ မညီသောအခါ ပူလောင်ခြင်းလာပါမည်။
မြတ်ဗုဒ္ဓက ပေဿနဒီကောသလမင်းကြီးကို အပူ ငြိမ်းအောင်
ရောင့်ရဲနိုင်မှု(သန္တုဋ္ဌီနည်း)ဖြင့် မိမိ စိတ် မှာ ရှုပါဟု နည်းပေးလမ်းပြခဲ့ပါသည်။
ဆန္ဒကြောင့် ဖြစ်သော လောဘ၊ ဒေါသ၊ မောဟ အယူတို့ ငြိမ်းအေး ခြင်းပြ သာဓကဖြစ်ပါသည်။
အပူမှာ တဏှာအပူထက် ဥပါဒါန်က ပြင်းထန်သည်ဟုလည်း ပြသည်။ ‘တဏှာ
ပစ္စယာ ဥပါဒါနံ’ အဖြစ် ဆုပ်ကိုင်စွဲလမ်းမှု၊ လိုချင်မှုအပူကို ပြပါသည်။ ဤအပူတို့သည်
ဝတ္ထု၊ ပစ္စည်း၊ အာရုံ၊ ကာမဂုဏ်တို့ ကို လက်ဆုပ်ဖြည် စွန့်လွှတ်လိုက်မှ အပူများက
ကွာကျမှာ ဖြစ်ပါသည်။ သတိအကူနှင့် အပူကို ငြှိမ်းရန် ဖြစ်ပါသည်။ အမှန်မူ ‘အယောနိသော
မနသီကာရ’ ဖြစ်နေလျှင် သူတစ်ပါးစည်းစိမ်ဥစ္စာကို အာရုံပြုပြီး ရင် ထဲမှာ ‘ဣဿာမီး’တရှိန်ရှိန်လောင်ပါသည်။
စိတ်မှာ အမြဲတမ်း ဣဿာမီးတောက်နေ၍ အမြဲတမ်း ပူနေ မှာဖြစ်ပါသည်။ အဘိဇ္ဈာ၊ ဗျာပါဒနှင့်
မိစ္ဆာဒိဋ္ဌိတို့သည် လည်း ထို့အတူသာ။ မနောကံထိုက်စွာ ပူလောင်ကြ သည်သာ ဖြစ်ပါသည်။
ယင်းအဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ တို့ရှိထားလျှင်လည်း မီးလောင်ရာလေပင့် ဝင့်ထည်စွာ
တရားဆိုး သုံးမျိုးလိုက်လာမည်။
ယင်းတို့မှာ -
(၁) လိမ်လည်လှည့်ဖြားမှု မာယာ
(၂) ကောက်ကျစ်စဉ်းလဲမှု သာဌေယျ
(၃) မကောင်းသည့်ဘက်၌ တတ်ကျွမ်း လိမ္မာပါးနပ်မှု၊ အဝါးဝမှု(ဝဉ္စနာပညာ)တည်းဟူသော
တရားဆိုးများနှင့်ကြုံတိုး တိုး၍ ပူကြလောင်ကြရ မည် ဖြစ်ပါသည်။
ဤအပူပေး အကုသိုလ်မီးတို့နှင့်ဝေးအောင် သတိ အကာ၊ အသိ
အမိုးနှင့်ကာ၍ မိုးလျှင် အေးနိုင်ဖွယ် ရှိပါသည်။ နွေးနိုင်ဖွယ်ရှိပါသည်။
မိစ္ဆာဒိဋ္ဌိအယူသည်သာ . . .
(ဂ)
မိစ္ဆာဒိဋ္ဌိ ရှိလျှင် ခန္ဓာအပူမီးတို့ လောင်ပြီးရင်း လောင်ရင်း
ပူနေမှာဖြစ်ပါသည်။ မိစ္ဆာဒိဋ္ဌိသည် သံသရာ့ သစ်ငုတ် (တစ်နည်း) သံသရာ့မီးတုတ်သာ
ဖြစ်ပါသည်။ မငြှိမ်းနိုင်လျှင် ငြိမ်းမည် မဟုတ်သော အပူကိန်းရာ ဖြစ်ပါသည်။ ‘မိစ္ဆာဒိဋ္ဌိရှိလျှင်
ခန္ဓာမီးမွှေးပြီးသား ဖြစ်သည်’ဟု ပြသည်။ ခန္ဓာမီးကား အထက်ပါ အကုသိုလ်စုံမီးတို့အပြင်
အိုမီး၊ နာမီး၊ သေမီးတို့ လောင်နေရာသာ ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိသည် မီးလောင်ပြင်ကို
တည်ဆောက်ရာသာ ဖြစ်သည်။ ပူလောင်နေမှာသာ ဖြစ်ပါသည်။
‘ရေဘေး၊ မီးဘေး၊ ပြည်ပျက်ဘေးကား၊ဆယ်ရေး တစ်ရေး ကယ်နိုင်သေး၏။
အိုဘေး၊ နာဘေး၊ သေခြင်း ဘေးဟု၊ဤဘေးသုံးပါး လွန်ကြီးမားက၊ အဖနှင့်အမိ၊
ဖြစ်တုံဘိလည်း၊ မျက်စိအောက်တွင်၊ ရင်ခွင်ထင်လျက်၊ သက်ပင်ရေးပိုင်၊ မကယ်နိုင်ဘူး၊
လက်မှိုင်ချကာ နေရ စွာရှင့်’
မဃဒေဝမှာ ပြထားသည် ရှိပါသည်။ ထို့ကြောင့် ခန္ဓာပူငြိမ်းအောင်
မိစ္ဆာဒိဋ္ဌိကို သမ္မာဒိဋ္ဌိ ဖြစ်အောင် အမိုးအကာ တည်ဖို့လိုပါသည်။ ဆောင်းထားဖို့ လိုပါ
သည်။
ခန္ဓာအမိုးအကာ၊ ဘဝအမိုးအကာ အောက်မှာ အမှန်မြင် သမ္မာဒိဋ္ဌိသည် လူမဟုတ်၊ သူမဟုတ်၊ ငါ
မဟုတ်၊ ဓာတ်သဘာဝသာ ဟုတ်သည်။ ပရမတ် သဘာဝသာ ဟုတ်သည်ကို ပြပါသည်။ လူ၊ သူ၊ ငါ ဆိုသည်
အပေါ်ယံ၊ လောကအပြစ်မဖြစ်ရုံသုံးသော အခေါ်မှန်သာ ဖြစ်သည်။ ပရမတ်ခန္ဓာသည်သာ ကိလေသာ
အပူမီးအလောင်မီးတို့ကို ငြှိမ်းရန်၊ အေးအေး မြမြရှိရန်၊ အမိုးအကာပြုရန်
အရှိတရားဖြစ်ပါမည်။
ပရမတ္ထသဘာဝသည် အလွယ် ရှာပြ၍ မရပါ။ ကံမျက်စိနှင့် မြင်မရသောသဘော
ရှိပါသည်။ ဥာဏ် မျက်စိနှင့်ဆိုလျှင် အမိုးအကာအစမှ အမိုးအကာအဆုံးထိ
မြင်နိုင်တွေ့နိုင် ပါသည်။ အစွမ်းသည်လည်း အပူကို ငြိမ်းအေးစေပါသည်။
ပရမတ်ခန္ဓာဟုသိလျှင် အပူကာ ခရီး စ၍ရပြီ ဖြစ်ပါသည်။
Óာဏ်မျက်စိနှင့်အကြည့်မှာ အမာခံတရား ‘သီလ၊ သမာဓိ၊ ပညာ’အားတို့
စုဝေး တည်အား ကောင်းရ မှာ ဖြစ်ပါသည်။ တွေ့ဆင်ခြင်၊ မြင်ဆင်ခြင်၊ အပြင်မထွက်
ကျူးလွန်ချက် မရှိအောင် အထက်မှာ ပြခဲ့သည့် သတိ၊ အသိနှင့် စောင့်ထိန်းအားကောင်းရမှာ
ဖြစ်ပါ သည်။ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ (၂၂၇) သွယ်သော သီလအထိ
ပုဂ္ဂိုလ်အလိုက် ရှိပါသည်။
အမာခံတရား သမာဓိသည် ရှုကြည့်မြင်ဥာဏ်ကို တည်ဆောက်မည့်
စိတ်၏နေရာ ဖြစ်ပါသည်။ စိတ်ကို သတိ၊ ဝီရိယနှင့် ထိန်းထားသည်လျှင် ပြေးစိတ်၊ ပျံ့စိတ်
အငြိမ်မှာ တည်စိတ်၊ မတ်စိတ် သမာဓိသည်ရှိ ပါသည်။ ခဏိကသမာဓိနှင့်ပထမဥာဏ်အမြင်မှာ
ပရမတ်ခန္ဓာ၏အဖြစ်ကို(ပေါ်လာသည်ကို) မြင်သည်။
ဤအမြင်သည် ဝိပဿနာသာ ဖြစ်သည်။ ဝိပဿနာ စင်စစ် မဖြစ်သေး။ နောက် ယင်း ပရမတ်ဥာဏ်မြင်ခန္ဓာ
ပေါ်လာပြီး အပျက်ကို မြင်လာမှ ဝိပဿနာအစစ်ဖြစ် သွားပြီ ဖြစ်ပါသည်။
ဤ ]ဖြစ်ပျက်}တို့ တစ်ဆက်တည်း မြင်လာလျှင် အတ္တဘောခန္ဓာကြီးမှအစ
ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့၊ ခေါင်း၊ခါး၊ခြေ၊လက် ပညတ်နိမိတ်တို့ တဖြည်းဖြည်း
အမြင်မှာ ပျောက်ကွယ် သွားသည်။ ရှုခွင်(ဘာဝေတဗ္ဗ) မှာ မမြင်ရ၊ တွေးမရ၊ စဉ်းစားမရ၊
ပေါ်မလာကြတော့။ ပေါ်လာနေသည်က ပရမတ်၊ ဖြစ်ပျက်ခန္ဓာ မွမွရွရွ လှုပ်လှုပ်တို့သာ
ဖြစ်ပါသည်။ ပရမတ် ဖောဋ္ဌဗ္ဗဖြစ်ပျက်တို့ကိုသာ မျက်မှောက်မြင်တွေ့နေရပါသည်။ ဤနေရာတွင်
ဗဟိဒ္ဓအပူ၊ အဇ္ဈတ္တအပူတို့ ငြိမ်နေပြီဖြစ်ပါသည်။
ပရမတ်ဗောဋ္ဌဗ္ဗ(ခန္ဓာဖြစ်ပျက်)တို့ကို မြင်နေသော အမြင်ဥာဏ်သည်
အဇ္ဈတ္တအပူကို ငြှိမ်း၍ ငြှိမ်း၍သွား ပြီး အကာအကွယ်လို အမိုးလို တည်ဆောက်သွားပါသည်။
အကာကြီးကြီး၊ အမိုးကြီးကြီး(ဥာဏ်ခရီး၊ ဥာဏ်စဉ် ကြီးကြီး) အနုလောမဥာဏ်၊ ဂေါတြဘူဥာဏ်
နောက် မဂ်ဥာဏ်ဖိုလ်ဥာဏ်အရောက်မှာ မီးစုံငြိမ်း၍ အပူစုံ သိမ်းသွားမှာ ဖြစ်ပါသည်။
နောက်ဆုံး အဝိဇ္ဇာ၊ ဘဝရာဂ၊ မာနအပူတို့ စင်ကွာ၍ လောကဓံရှစ်ပါး၏ဒဏ်ကို
ခံနိုင်ရည်အပြည့်နှင့် (၃၁)ဘုံကို ခြေစုံကန်၍ အပူအလောင်လွတ်ရာဆီ သွားနိုင်ပြီ
ဖြစ်ပါသည်။
အမှန်မှာမူ မြတ်ဗုဒ္ဓ၏ သံသရာလည်ခန်း အပူ လမ်းပြတရားသည်
လည်းကောင်း၊ သံသရာကျွတ်ခန်း အပူခန်းခြောက်တရားတို့သည်လည်းကောင်း အပူအလောင်ခံ လောကသား
အားလုံးအတွက် အားတက် ဖွယ် အတည်အဆောက်တရားသာ ဖြစ်ပါသည်။ အပူလမ်းပြကို အခြေခံ၍
အပူကင်းပစေရန် ယောဂီတိုင်း မိမိတို့ကိုယ်တိုင် အားစိုက် တည်ဆောက်ကြရမှာ ဖြစ်ပါသည်။
လမ်းပြအတိုင်းပင် တည်ဆောက်ကြရမှာ ဖြစ်ပါသည်။
သံသရာ အပူခရီး အပူမီးကြား သွားလာနေကြ ရသော ဘဝတူယောဂီ
အားလုံးအား အပူကင်းပ၊ ငြိမ်းအေးကြဖို့၊ ကိုယ်ထူကိုယ်ထ ကြိုးစားကြလို့၊ အမိုးအကာ
မိုးသွားကြဖို့၊ သတိ ပေးလျက် ကျေးဇူးတုံ့ပြန်ဆပ်အပ်ပါသည်။
ဥပမာ-နေအပူကွယ်မိုးဖို့ ထီးဆိုလျှင် ‘ထီးကြီးကြီး
ဆောင်းကြဖို့’ လိုပါသည်။ သံသရာ အပူ၊ကိလေသာ အပူတို့အတွက် မြတ်ဗုဒ္ဓမိုးပေးသော သာသနာ
အဆုံးအမ တည်းဟူသော သီလ၊ သမာဓိ၊ ပညာထီး ကြီးကြီးလိုပါသည်။ ထီးကြီးကြီးဆောင်းဖို့
လိုပါသည်။
ကိုယ်စီကိုယ်စီ ‘ဓမ္မထီး ကြီးကြပါစေ’ဟူ၍ . .
သုခီအတ္တာနံ ပရိဟရန္တု
ဦးတင်ကြိုင်
(မိုးကုတ်ယောဂီ၊ ချောက်)
No comments:
Post a Comment