Thursday, May 7, 2015

ဆန့်သောလက်တို့ မကွေးမီ ဇနက(တောင်ငူ)

ဆန့်သောလက်တို့ မကွေးမီ
ဇနက(တောင်ငူ)
          တစ်ညလုံး မိုးမှောင်ကျခဲ့သည်။ မိုးကြိုးပစ်သံ တအုန်းအုန်း၊ လေက တဝုန်းဝုန်းဖြင့် ရာသီဥတု       ဆိုးဝါးသယောင်ရှိသော်လည်း နံနက်မိုးသောက် အလင်းသို့ရောက်သောအခါ ကောင်းကင်ရှင်းရှင်း နေခြည် ရွှေရောင်တဝင်းဝင်းနှင့် သာယာအေးချမ်းလှပါဘိ။
          မင်္ဂလာပါ ဆရာဟု နှုတ်ခွန်းဆက်ကာ အိမ်ထဲဝင် လာသူကား အမိုး။
          အမိုးတစ်ယောက် အိမ်ကို စားသောက်ဖွယ်ရာ ရိုးရာမုန့်၊ သစ်သီးဝလံနှင့် ဘုရားပန်း စသည်တို့ကို မကြာခဏ ပေးပို့နေသော်လည်း လူကိုယ်တိုင်လာခဲသည်။ ဈေးသွားဟန်လွှဲဆိုသလို ယခု အိမ်ကိုဝင်လာရာ အကြောင်းထူးရှိဟန်တူ၏။
          အမိုးကို ကြည်သာရွှင်ပျစွာကြိုဆိုပြီး နေရာထိုင်ခင်းပေးကာ လာရင်းအကြောင်းကို မေးမြန်းသောအခါ စကားအဆန်းတွေ ပြောလာသည်မှာ အိမ်က ဆရာကြီး အမေးအမြန်း ထူလှသည်။ ခေတ်တွေ ပြောင်းနေပြီ။ ယောကျာ်းအချင်းချင်း မပွင့်မလင်းလင်မယားဘဝမှ ပွင့်လင်းလင်မယားအဖြစ် လူသိရှင်ကြားလက်ထပ်တဲ့ခေတ် ရောက်ပြီတဲ့။ မိသားစုနဲ့တူအောင် ကလေးတွေ မွေးစားကြတယ်။ အဲဒါ ဒီကလေးက ဘယ်သူ့ကို အမေခေါ်ရမှာလဲ၊ သန်းခေါင် စာရင်းမှာ ဘယ်လို စာရင်းသွင်းမလဲနဲ့ တကျည်ကျည်မေးနေလို့ အမိုးမှာ အလုပ်တစ်ဖက်နှင့် စိတ်ပျက်မိကြောင်း၊ အင်တာနက် အကြည့်များလို့ ကြောင်သွားပုံရကြောင်း၊ အခုလည်း သူ ဆရာကြီးဆီ လာမလို့တဲ့၊ ဈေးသွားပါရစေဦး အိမ်မှာ ခဏလေးစောင့်ပါဆိုပြီး အမိုးက အရင် ထွက်လာခဲ့ကြောင်း တိုင်ပြောလေး ပြောလာပါသည်။ ဧည့်ခံထား သည့်မုန့်ကိုစား၊ ကော်ဖီပူပူလေးသောက်ပြီး ဝမ်းမြောက် ကြည်သာစွာ ပြန်သွား၏။
          ကျွန်ုပ်လည်း ဖထီးတစ်ယောက် ဘယ်ဘယ်ကိုသွား ဘာတွေများ စားမိသောက်မိပါလိမ့်။ အင်တာနက်မှာ ဝင်ရောက်မွှေနှောက်ရင်း မတော်တာမလျော်တာတွေ မြင်မိ ဖတ်မိ ကြားမိပြီး သမာဓိတွေ ပျက်ပြား စိတ်ကစဥ့်ကလျားဖြစ်သွားလေသလားဟု စဉ်းစားနေစဉ် ခြံတံခါးဖွင့်သံ ကြား၍ လှည့်ကြည့်လိုက်တော့ ဖထီးအောင်လှ။
          ခြံတံခါးကြီးကို ပိတ်၊ နောက်ပြန်လှည့်၊ အိမ်ထဲ ကို ဖြည်းဖြည်းညင်သာလှမ်း၍ လာ၏။ အခန်းတံခါး ကိုဖွင့်၊ အိမ်ထဲဝင်၊ တံခါးပြန်စေ့၏။ ခုံလွတ်တွင် လာပြီးထိုင်ကာ ပထမဆုံး ပြောလာသော စကားက-
           “စိတ်ပျက်တယ် ဆရာ၊ မြင်ရကြားရတာတွေ ကြောင့် စထရက်ဆိုလားဘာလား အဲဒါ စိတ်ဖိစီးမှု ဆိုလားပဲဗျာ၊ အဲဒီရောဂါဖြစ်နေတယ်”
          “ဘယ်လို အကြောင်းအရာတွေကိုများ ဖတ်မိ၊ ကြားမိလို့လဲ ပြောပါဦး ဖထီးရ”
          “ဖထီး ပြောပါ့မယ်၊ ဒီဘက်နည်းနည်းလေးတိုး၊ ဟုတ်ပြီ ကမ္ဘာကြီးပျက်တော့မယ်တဲ့ ဆရာ၊ အင်တာနက်ထဲမှာ ဖတ်လိုက်ရတယ်”
          “ဒါများဗျာ အရေးကြီးသယောင် တိုးတိုးတိတ်တိတ် ပြောရတယ်လို့၊ ကျယ်ကျယ်ပြောလည်း ရပါတယ်၊ မြန်မာ့ရိုးရာရွှေပေလွှာတွေက ခေတ်မမီတော့လို့ အင်တာနေရှင်နယ်ရွှေပေလွှာတွေကို ဖတ်နေသလား”
          “ဆရာ့နှယ်၊ အခု ဖန်လုံအိမ်ပြဿနာကြောင့် ကမ္ဘာကြီး အပူရှပ်နေပြီ၊ အိုဇုန်းလွှာအပေါက်ကလည်း ကျယ်ပြီးရင်း ကျယ်လာရင်းပဲ၊ အယ်ဖာရောင်၊ ဂမ်မာရောင်၊ ဘီတာရောင် စတဲ့ ရောင်ခြည်တစ်ထောင်ကလည်း အပူရှပ်နေတဲ့ ကမ္ဘာပေါ်ကို အတားအဆီးမဲ့ ကျရောက်နေတာ တဲ့၊ အယ်နီညိုတို့ လာနီညာတို့ကြောင့် မိုးမရွာရင်လည်း အရှင်း၊ စိုက်ပျိုးသမျှ အကုန်သေ၊ ရွာလိုက်ရင်လည်း တောင်ပြိုကမ်းပြိုအမျောနဲ့ အမြုပ်ပဲ တဲ့ ဆရာ”
          “ခုမှပဲ ဒုဒ္ဒုဘဇာတ်တော်ထဲက ယုန်ကလေးနဲ့ တွေ့ရတော့တယ်။ လက်မောင်းကို လက်အိတ်ရှည်တွေ စွပ်လာတာက ခရမ်းလွန်ရောင်ခြည်တွေ ထိမှာစိုးလို့ ထင်ပါ့၊ အံ့ပါရော ဖထီးရေ့၊ အညာနေပူပူမှာ လုပ်နေရတဲ့ မိဘပြည်သူများကို အားနာလိုက်တာ”
          “ဒါက ဒီနေ့ ပဲခူးတိုင်းမှာ ရောင်ခြည်ပိုပြင်းထန် မယ်လို့ကြေညာထားတယ်၊ ပြောစရာကျန်သေးတယ်၊ အက်ဆစ်မိုးတွေ ရွာ၊ အဆိပ်သင့်ရေတွေ သောက်၊  ပိုးသတ်ဆေးသင့် အသီးအနှံ သစ်သီးဝလံတွေ စား၊  ဧဝရက်လိုဧရာမရေခဲတောင်ကြီး ပျော်ဆင်းစေတဲ့အပူရှိန် ပြင်းပြင်းဒဏ်ကို အကာအကွယ်ပေးမယ့် တောရိပ် တောင်ရိပ်ကလည်း ရှစ်ဆယ့်ငါးရာခိုင်နှုန်းလောက် ပျက်စီးနေလို့ မကာကွယ်နိုင်ဘူး၊ ဂေဟဗေဒစနစ်က အတော့်ကို ပျက်စီးနေပြီ ဆိုပဲ၊ လူတွေ သက်ရှိသတ္တဝါ တွေအားလုံး အနှေးနဲ့ အမြန် ဆိုသလို ဒုက္ခတွေ့တော့မယ်၊ မယုံဘူး မလုပ်နဲ့ ဆရာရဲ့၊ သိပ္ပံပညာ၊ ခေတ်သစ်နည်းပညာတွေနဲ့ စိစစ်ခန့်မှန်းထားတာ”
          “ခက်ပါဘိ ဖထီးရာ၊ သိပ္ပံပညာ သိပ္ပံနည်းကျဆို တိုင်း စိတ်ချရတာမှ မဟုတ်ဘဲ၊ သိပ်မဟန်တဲ့ နည်းပညာအချို့ကြောင့် ခန့်မှန်းသလို ဖြစ်မလာတာတွေ အများကြီးပါ၊ ကိုယ်သန်ရာ စိတ်ဝင်စားရာ မြင်ထောင့် ဘက်ကနေကြည့်ပြီး ပြောကြ ရေးကြတာဖြစ်လို့ မြတ် ဗုဒ္ဓဟောသလို ဧကန် အမှန်တွေချည်း ဖြစ်မလာပါ ဘူး။ အိုင်တီခေတ် ကမ္ဘာပျက်ကိန်း အင်တာနေရှင်နယ် ရွှေပေလွှာတွေလို့ပဲ မှတ်ယူပါတယ်”
          ‘ဒါဆို ဆရာက ကမ္ဘာပျက်ဟောစာတမ်းတွေကို လက်မခံဘူးပေါ့၊ ပညာရှင်တွေရဲ့ဟောချက်တွေဗျ”
          “တချို့ လက်ခံတယ်၊ တချို့ကိုတော့ လက်မခံဘူး ဖထီးရေ့၊ တူးကြဆွကြ ခုတ်ကြချိုင်ကြလို့ ရေ မြေ တောတောင် ပျက်စီးတာ၊ မြစ်တွေ ချောင်းတွေ တိမ်ကောတာကို လက်ခံတယ်၊ ရေကြောတွေ ခန်းခြောက်လို့ သောက်ရေတောင်မရှိတော့တဲ့ အဖြစ်က တကယ်လက်တွေ့ပါဗျာ၊ လိုရင်းကိုပြောပါ့မယ်၊ ဆရာ့ ဇာတိရွာ၊ ရှေးက ဧရာမကျွန်းပင်တွေ ပေါများလို့ ကျွန်း တောကုန်းလို့ ခေါ်ခဲ့ကြတာ၊ ဆရာ့တစ်သက် ကျွန်းပင် မမြင်ဖူးဘူး၊ ဆရာ့အဖေတို့အမေတို့လည်း မမြင်ဖူးဘူးဗျာ၊ ဘယ်ခေတ် ဘယ်နှစ်ကတည်းက ကျွန်း တောပျောက်ပြီး ကုန်းပြောင်ပဲ ကျန်ရစ်တယ်ဆိုတာ နောက်ပိုင်းမျိုးဆက်သစ်တွေ မသိကြဘူး”
          “အတော့်ကို ဆိုးဝါးတဲ့လုပ်ရပ်ပါ ဆရာ၊ မြန်မာ့ထုံးစံ တစ်ပင်ခုတ်ရင် တစ်ကိုင်းချန်၊ တစ်တောခုတ်ရင် တစ်ပင်ချန်၊ ဧကန် မျိုးမတုံး}ဆိုတဲ့ မှာတမ်းကို မလိုက်နာလို့ တောပြုန်းရတာ”
          ‘မှန်တယ် ဖထီးရေ၊ တစ်ကိုင်းလည်းမချန်၊တစ်ပင်လည်း မချန်၊ တစ်တောလုံးကို အမြစ်ကနေ လှန်နေ ကြတာ၊ ဒီလိုပျက်စီးနေတဲ့ ရေမြေတောတောင်ကို မှီပြီး အသက်လု နေရတဲ့ လူသားတွေ၊ သက်ရှိသတ္တဝါတွေတော့ ပျက်စီးကြမှာပါ၊ ကမ္ဘာကြီးကတော့ မပျက်ပါဘူး။ မြေမျက်နှာပြင် အပေါ်ယံ အသွင်အပြင်တွေတော့ ပြောင်းသွားနိုင်ပါတယ် ဖထီးရေ့၊ အကြောက် မလွန်ပါနဲ့”
          “ဒုက္ခရောက်မယ့်ကိစ္စ မကြောက်ဘဲနေပါ့မလား ဆရာရဲ့”
          “ခက်လိုက်ပါဘိ ဖထီးရာ၊ အကြောက်မလွန်ပါနဲ့၊ ဆရာ ပြောပါဦးမယ်၊ ကမ္ဘာကြီးက ရွာဖြစ်နေပြီ၊ ပြားနေပြီ ဖျားနေပြီဆိုပေမဲ့ ဒေသအလိုက်ကွာခြား မှုတွေ ရှိပါတယ်။ အနောက်အာရှမှာ ဆူပွက်နေပေမဲ့ အရှေ့အာရှမှာ ဘေးမသန်းဘဲ အေးချမ်းနေတာမျိုးပေါ့။ လွန်ခဲ့တဲ့ ခရစ်နှစ် (၁၀၅၀)နဲ့ (၁၁၀ဝ) လောက်က အနောက်နိုင်ငံတွေမှာ အမှောင်လွှမ်းတဲ့ ခေတ်ဗျ၊ ကပ်ရောဂါတွေလည်း ဖြစ်တယ်၊ ခရူးဆိတ်လို ဘာသာရေးစစ်ပွဲတွေလည်း သဲသဲမဲမဲ ဆင်နွှဲနေကြတာ။ အဲဒီ အချိန်က မြန်မာနိုင်ငံမှာ သာသနာတော် ထွန်းလင်းတဲ့ ပုဂံခေတ်ပါဗျာ။ အနော်ရထာမင်းကြီး၊ ကျန်စစ်သား မင်းကြီးတို့လက်ထက်ပေါ့။ ဂေါတမမြတ်စွာကို ဆွမ်းပန်း ရေချမ်းကပ်လှူပြီး မေတ္တေယျဘုရားဖြစ်သောခါ သူမတူသောကောင်းမှု ပြု၍ ဗျာဒိတ်တော်  ခံယူရလိုပါ၏ ဆိုတဲ့ ဆုကြီးပန်ပုဂ္ဂိုလ်တွေ၊ ဤသို့သောကျေးဇူးတို့နှင့် ပြည့်စုံလျက် သံသရာ တွင် ကျင်လည်၍ မေတ္တေယျ ဘုရားမျက်မှောက်တွင် မြတ်သော အကျွတ်တရား ရလို သတည်းဟု ဆုတောင်းသံတွေ၊ အမျှဝေသံ ကြေးစည်သံတွေ တဝေဝေနဲ့ အေးချမ်းပါဘိ ဖထီးရေ၊ အဲဒါကြောင့် ကမ္ဘာတစ်ဝက်မှာ ပစ်ကြ ခတ်ကြ အိုးအိမ် ပြိုပျက်ဆူပွက်နေပေမဲ့ ကျန်ကမ္ဘာ တစ်ခြမ်းမှာတော့ အေးချမ်းပါတယ်။ ဖထီးအနေနဲ့ ကမ္ဘာပျက်ကိန်း စာတမ်းတွေ၊ ဗီဒီယို၊ ရုပ်ရှင်ဇာတ်လမ်းတွေ၊ အဟော အပြောတွေကို နားထောင်ပြီး အလုပ် မရှုပ်သင့်ပါဘူး၊ လူတိုင်းလည်းပျက် ဖထီးလည်းပျက်နေတာကို မသိနိုင် လောက်အောင် မေ့လျော့နေတာကမှ တကယ့် ကြောက်စရာ ဖထီးရေ့၊ ကိုယ့်အပျက်ကို မသိတာက အပါယ်ဘုံရောက်မယ်”
          “အဲဗျာ ဒုက္ခနဲ့တည့်တည့်တိုးပါရော့လား၊ ဘာလုပ်ရမလဲ ဆရာ”
          “မြတ်ဗုဒ္ဓ မှာခဲ့တဲ့အတိုင်း သတိပဋ္ဌာန်လေးပါး ဝိပဿနာတရားတို့ကို ကြိုးစားပွားများရမှာပေါ့၊ ‘ဝယ ဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ၊ ပြုပြင်၍ ဖြစ်သမျှသော သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိ၏။ မမေ့မလျော့ ပြည့်စုံအောင် အားထုတ် ကြ’လို့မိန့်တော်မူတယ်။ မပျက်မှာ မပူပါနဲ့ ဖထီးရေ့၊ ဆိုင်ရာအကြောင်းတရားတွေ ပျက်ရင် ချုပ်ရင် ဖြစ် ပေါ်နေတဲ့ အကျိုးတရားတွေလည်း နေ့မြင်ညပျောက် ဆိုသလို ပျက်ပါလိမ့်မယ်၊ ချုပ်ငြိမ်းပါလိမ့်မယ်။ ကမ္ဘာ ပျက်မှာက နောင်ကာလ၊ အခု ဖထီးတို့ ကျွန်တော် တို့ အပျက်ကြီးပျက်ဖို့ စုတိမရဏကြုံဖို့က နေ့လား ညလားဆိုသလို ဖြစ်နေပြီ မဟုတ်လား”
          “ဒုက္ခပါပဲ ဆရာ ကမ္ဘာကြီးပျက်တာမသိလို့ ဘာမှ မဖြစ်ဘူး၊ ကိုယ့်အပျက်ကို မသိရင်သာ ကိုယ်ကျိုး နည်းမှာဆိုတော့ တရားပဲ အားကိုးရမှာပေါ့၊ ဘယ်က စ,ရမှာလဲ ဆရာ၊ ကယ်ပါဦး”
          “သီလက စçရမှာပေါ့၊ အပ္ပမာဒ မမေ့မလျော့ပါ စေနဲ့ဆိုတာ ဒီအတိုင်း ကြောင်ကြောင်ကြီး ကြည့်နေရမှာ မဟုတ်ဘူး၊ သီလအကျင့်ကိစ္စ၊ သမာဓိအကျင့် ကိစ္စ၊ပညာအကျင့်မြတ်တွေကို ပြည့်စုံရင့်ကျက်အောင် ဖြည့်ဆည်းရမှာ။ သီလကို ဦးစွာဖြည့်ရတာက သတိ ပဋ္ဌာန်လေးပါးဝိပဿနာတရားကို ရှုမှတ်ရာမှာ အဓိက လိုအပ်ချက်ဖြစ်နေလို့ပါ”
          “ဆရာရေ၊ တချို့သောပုဂ္ဂိုလ်တွေက သီလက အရေးမကြီးဘူး၊ ဟိုဗျာ အင်္ဂုလိမာလတို့လိုပေါ့ ဆရာ၊ ပြီးတော့ အရက်ချစ်သူ သန္တတိအမတ်မင်း၊ သဘင် ပညာရှင် ဥဂ္ဂသေနတို့လို သောက်ရင်းစားရင်း ကခုန် ပျော်မြူးရင်းနဲ့ အားထုတ်ရင်း တစ်မဂ် တစ်ဖိုလ်က တော့ ရက်တိုတိုနဲ့ရနိုင်တယ်ဆိုပဲ”
          “အယူမလွဲပါနဲ့ဖထီးရာ၊ မြတ်ဗုဒ္ဓနဲ့တွေ့ပြီး ကျွတ်တန်းဝင်ကြမယ့် ပစ္ဆိမဘဝိက ပုဂ္ဂိုလ်တွေကို ကြေးတန်း မထိုးသင့်ဘူး၊ သူတို့က ဘုရားနဲ့တွေ့ပြီး ရဟန္တာတွေ ဖြစ်သွားကြ တာ၊ နောက်ပြန်လှည့်တဲ့ပုဂ္ဂိုလ်တွေ မဟုတ် ဘူး၊ မြတ်ဘုရား အသက်ထင်ရှားမရှိပေမဲ့ ဘုရား ကိုယ်စား ထားခဲ့တဲ့ သာသနာတော်နဲ့ တွေ့နေတာ တောင် သီလမြဲအောင် မစောင့်ချင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဝိပဿနာတရားရှုမှတ်ပါလျက်နဲ့ အသိဥာဏ်ရှေ့တက် မလာဘဲ နောက်ပြန်လှည့် သွားတဲ့ပုဂ္ဂိုလ်တွေရဲ့ ပြောစကားမှာ ကိုယ့်အသိဥာဏ် ရပ်မနေပါနဲ့။ သီလမရှိ တဲ့သူရဲ့စိတ်ဟာ မတည်ငြိမ်ဘူး၊ ရုပ်နာမ်ပေါ်မှာ အသိ ကပ်ထားနိုင်လောက်တဲ့ အနိမ့်ဆုံးသမာဓိကိုတောင် မရနိုင်ဘူး။လေထဲမှာ လွင့်မျောလှုပ်ခတ်နေတဲ့ တံခွန်လို မတည်မငြိမ်ပျံ့လွင့်နေတဲ့စိတ်မျိုးနဲ့ ရုပ်နာမ်ဖြစ် ပျက်ကို မမြင်နိုင်၊ ဖြစ်ပျက်ကို မမြင်လို့ အထက်မဂ် ဥာဏ်အဆင့်ဆင့်ကိုလည်း မရနိုင်ဘူး ဖထီးရေ့၊သီလ ကောင်းမှ သမာဓိလည်း ခိုင်မာတည်ငြိမ်ပါတယ်။ ဒီလို သီလနဲ့သမာဓိ ပြည့်စုံခိုင်ခန့်မှ ပညာ(ဝိပဿနာဥာဏ်) က ပွင့်လင်းနိုင်တာပါ”
          “ဟုတ်ကဲ့ ဆရာ၊ သီလဆိုတာ ကာယကံနဲ့ ဝစီ ကံကိုထိန်းရမှာ မဟုတ်လား၊ သက်သတ်၊ခိုးမှု၊ကာမေသု၊ သုံးခုကာယကံ၊ လှည့်စားရန်တိုက်၊ မိုက်မိုက်ကန်းကန်း နှုတ်ကြမ်းလေခြင်း၊ ပြိန်ဖျင်းစကား ပြောဆိုငြား၊ လေးပါး ဝစီကံ။ သူ့ဥစ္စာမှန်၊ မတရားကြံ၍၊ ဖောက်ပြန်သေကြေ၊ ပျက်စေလိုငြား အယူမှား၊ သုံးပါး မနောကံ၊ ဒါတွေကို မလုပ်မိအောင် ထိန်းရင် ရပြီပေါ့”
          “အဲဒီသီလအဆင့်က အပါယ်ဘုံမရောက်ရုံဘဲ ရှိ သေးတယ်၊ ဝိပဿနာတရားကို တကယ် အားထုတ် မှာဆိုရင် ဣနြ္ဒိယသံဝရသီလအထိ စောင့်ထိန်းရလိမ့် မယ်”
          “ဒီလိုဆိုလုပ်ရမှာပေါ့ လမ်းညွှန်ပါ ဆရာ၊ ဖထီး  ကြိုးစားပါ့မယ်”
          “သေချာ နားထောင်ပါ၊ သမာဓိ ဖြစ်ဖို့အတွက်  ဣနြ္ဒိယသံဝရသီလကို မဖြစ်မနေ စောင့်ထိန်းဖို့ လိုတယ်၊ အရှင်အာနန္ဒာမထေရ်မြတ်က ဟောခဲ့တာကို ထုတ်နုတ်ပြောပါ့မယ်၊ သုဘလုလင်ကိုဟောခဲ့တာပါ”
          “မြတ်ဗုဒ္ဓဟောခဲ့တာ မဟုတ်ဘူးလား ဆရာ”
          “မူရင်းပိုင်ရှင်ကတော့ မြတ်ဗုဒ္ဓပါပဲ၊ သုဘလုလင်က အရှင်အာနန္ဒာမထေရ်မြတ်ကို အိမ်ပင့်ပြီး ဆွမ်းကပ်ရင်း မေးလျှောက်လို့ ဟောရတာပါပဲ၊ အဲဒီအချိန်မှာ မြတ်ဗုဒ္ဓက ပရိနိဗ္ဗာန် စံဝင်သွားပြီ ဖထီးရေ၊ အရှင် အာနန္ဒာမထေရ် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ရောက်လာခိုက် တောဒေယျရဲ့သား သုဘလုလင်က အိမ်ကိုပင့်ခဲ့တာ၊ ရှည်ရှည်ဝေးဝေးဖြစ်နေ မှာစိုးလို့ နောက်ခံဇာတ်ကြောင်းကို မပြောတာပါ”
          “ဟုတ်ပါပြီ ဆရာ၊ ဖထီးတို့က ဇာတ်လမ်းလေးနဲ့ တွဲပြီးမှတ်ရမှ ဓမ္မအမြင်စွဲတယ်၊ ဒါပေမဲ့ အဓိကနဲ့ သာမညတော့ ခွဲတတ်ပါပြီ”
          “အခုတောင် အတော်ရှည်နေလို့ လိုရင်းပဲ ပြောတော့မယ်၊ အရှင်အာနန္ဒာဟောခဲ့တဲ့ သမာဓိအစုထဲကပါ၊ ထိန်းရမယ့် ဣနြေ္ဒက စက္ခုနြေ္ဒ၊ သောတိနြေ္ဒ၊ ဃာနိနြေ္ဒ၊ ဇိဝိနြေ္ဒ၊ ကာယိနြေ္ဒနဲ့မနိနြေ္ဒ ဆိုတဲ့ ဣနြေ္ဒ ခြောက်ပါးပေါ့၊ ရူပါရုံအဆင်းကိုမြင်တဲ့အခါ ယောက်ျား မိန်းမ စတဲ့ သဏ္ဌာန်နိမိတ်ကို မစွဲနဲ့၊ ပြုံးပြ ရယ်ပြ လက်ရိပ်ပြခေါ်ပုံအမူအရာကိုလည်း မစွဲနဲ့ ဖထီးရေ၊ စက္ခုနြေ္ဒကို ဥာဏ်နဲ့ယှဉ် သတိဝင်ပြီးထိန်းရမယ်တဲ့”
          “စက္ခုနြေ္ဒကို မထိန်းဘဲ အရပ်ပြော ခေါတောကြည့် ကြည့်ပြီး သုံးသပ်ရင် ဘာတွေဖြစ်လာမှာလဲ ဆရာ”
          “အဲဒီလို ဣနြေ္ဒပျက်အောင် သတိကွာသွားတဲ့ ပုဂ္ဂိုလ်ရဲ့အမြင်မှာ လှပကျော့ရှင်းတဲ့ အမျိုးသမီးလို့ မြင်မယ်၊ အဘိဇ္ဈာ ဆိုတဲ့ လိုချင် တပ်မက်စိတ်တွေ ထိန်းမနိုင်ဖြစ်မယ်၊ ငါ့ကိုတော့ ပြုံးလည်းပြတယ် အမူ အရာနဲ့ခေါ်နေတယ်လို့ ကိုယ့်ဘာသာကိုယ် တစ်ဖက် သတ်ဆုံးဖြတ်ပြီး ချဉ်းကပ်တယ်၊ ဒါပေမဲ့ ထင်သလို ဖြစ်မလာတော့ ဒေါမနဿဆိုတဲ့ နှလုံးမသာဖြစ်၊ ဒေါသတွေ တစ်ရစ်ပြီး တစ်ရစ် စိတ်ကို ညစ်နွမ်းစေ တယ်၊ အဲဒီလို လိုချင်တပ်မက် လောဘထွက်ခြင်းဆိုတဲ့ အဘိဇ္ဈာ၊ ဒေါမနဿ ဆိုတဲ့ နှလုံးမသာ၊ ဒေါသ ကြီးနေတဲ့ အကုသိုလ်စိတ်တွေနဲ့သာ စုတိစိတ် ကျခဲ့ရင် သွားပေရော့ အပါယ်လေးပါးပဲ၊ တခြားရွေးစရာ လမ်းမရှိဘူး ဖထီးရေ့၊ အကြည့်တစ်ချက် မြင်ကွင်း တစ်ကွက်နောက်မှာ မြင်ရုံနဲ့ရပ်ပြီး စက္ခုနြေ္ဒကိုမထိန်း ရင် ဒုက္ခတွေ ပွားမယ်မှတ်ပါ”
          “အလိုလေး ကြောက်စရာပါလား၊ ဓမ္မကထိက ဆရာကြီးဦးလှသိန်း ဟောခဲ့တာက ‘စက္ခု ရူပေန သံဝါသာ ရာဂပုတံ္တ ဝိဇာယတိ’ မျက်စိနဲ့ရူပါရုံတွေ့လို့ ရာဂသားလေး မွေးဖွားလာတယ်တဲ့ ဆရာ၊ ဖထီးတို့ က ဒီ့ထက်ပိုတယ်၊ ရာဂမိသားစုများစွာ မွေးဖွားလာ တာ ဆရာရေ့”
          “ဒီလောက်တောင် ဣနြေ္ဒပျက်သလား”
          “မြင်မိတော့ ခင်၊ ခင်မိတော့ ကြင်နာချင်သလို ဖေးမချင်သလိုလိုနဲ့ ပိုင်ဆိုင်ဖို့ ကြိုးစားတယ်၊ ငြိမ့် ညောင်းသာယာ နားဝင်ပီယံ၊ ကိုကို ခေါ်သံတွေကိုလည်း နားမှာစွဲတယ်၊ ရနံ့မွှေးမွှေး ဂန္ဓာရုံလေးတွေက နှာဝမှာ ငြိတယ်၊ နူးညံ့အိစက်တဲ့ အထိအတွေ့နဲ အိပ်ရာထက်မှာ နွေးနွေးထွေးထွေး ကွေးကွေးလေး အိပ်ပြီး ဇိမ်ရစ်ချင် တယ်၊ စိတ်ထဲမှာတော့ ဘယ်ပြောကောင်းမလဲ ဆရာ၊ လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို လက်တွေ့မှာ ဖြစ်မလာနိုင်တဲ့ နောက်ဆုံးပေါ် တိုက်ခန်းထဲမှာ ကာမ ဝတ္ထုအစုစုနဲ့ စိတ်ထဲမှာ ထင်သလို ပျော်ပါးနေတာပေါ့၊ အဲဒါကြောင့် ရာဂမိသားစုတွေ မွေးဖွားလာတာလို့ ပြောတာပါ ဆရာ”
          “ဒီလိုဆိုတော့ ရသာရုံကို မစွဲ၊ ဇိဝိနြေ္ဒကိုတော့  ထိန်းတယ် ထင်တယ်”
          “ရသာရုံနဲ့ပတ်သက်လို့တော့ ဆရာရေ၊ အမေး ရှိလို့သာ ကိုယ့်ပေါင်ကိုယ်လှန်ပြီး ခပ်ဖွဖွလေး ထောင်းရတော့မှာပဲ ဖထီးကလေ ငယ်ငယ်ကတည်းက အကောင်းကြိုက်လေး ဆရာရဲ့၊ အဲ . အဲ . .မီးဖိုချောင် အုပ်ချုပ် ချက်ပြုတ်တဲ့အဘွားက လေ့ကျင့်ပေးခဲ့တာပါ၊ ဟင်းကောင်းချက်ရင် အဘွားက ဟင်း အမြည်းခိုင်းတယ်၊ အဲဒါကြောင့် အမေတို့အစ်မတို့က ပြောစမှတ် စကား ရှိတယ်၊ ‘ဟင်းအိုးလည်း တည်ရော ဖထီးလည်း ဆယ်ရော၊ ဟင်းအိုးလည်း ချရော ဖထီးလည်း ဝရော’ တဲ့ ဗျာ၊အဲဒီအကောင်းကြိုက်တဲ့အကျင့်က ကိုယ့်အိုး ကိုယ့်အိမ်နဲ့ နေတဲ့အထိ ပါလာတော့ လျှာရင်းမှ မမြက်ရင် ထမင်းမမြိန်ဘူး၊ ဟင်းကောင်းလေးတစ်ခွက် မြိုးမြိုး မြက်မြက်ကလေးမှ မပါရင် အာသာမပြေဘူး”
          “အေးဗျာ ရသာရုံကိုစွဲမက်မိရင် ဇိဝိနြေ္ဒကို ထိန်း ဖို့ခက်တာ အမှန်ပဲ၊ အရင်က ဖထီးဘယ်လိုပဲနေနေ ကိစ္စမရှိပါဘူး၊ ခုလို သတိပဋ္ဌာန်လေးပါး ဝိပဿနာတရားကို ကျင့်ကြံ ပွားများတော့မယ်၊ ဓမ္မလမ်းပေါ် လျှောက်လှမ်းတော့မယ်ဆိုရင် ဣနြေ္ဒခြောက်ပါးကို ထိန်းရ လိမ့်မယ်”
          “ဖထီး အထူးဂရုစိုက်ပါ့မယ် ဆရာ၊ အသက်ကလည်း တရားနဲ့နေမှတင့်တယ်မှာပါ”
          “သာဓုပါ ဖထီးရေ့၊ တရားရှုမှတ်သူတိုင်း သတိထားရမှာတစ်ခုက ဓမ္မာရုံဆိုတဲ့ ကြံတွေးစရာတွေပဲ၊ မနောအကြည်နဲ့ ဓမ္မာရုံက မျက်လွှာချလိုက်တာနဲ့ ဆုံမိပြီး တွေးတော ကြံစည်စိတ်တွေ အမျှင်မပြတ် ပေါ် နေတတ်တယ်၊ ရုပ်က ဖြစ်ပျက်၊ နာမ်က သိပျက်ဆို သလို စိတ်မှာ သတိလေးဝင်၊ အသိÓာဏ်ယှဉ်လိုက်မှ တွေးတောစိတ်က ရပ်မှာ”
          “ဟုတ်တယ် ဖထီး ခဏခဏဖြစ်ပါတယ်၊အတွေး ထဲမှာ ဖြစ်ပြီးတဲ့အတိတ်ကို ပြန်လှန်၊ ကျေနပ်ခဲ့တာတွေရော မကျေနပ်တာတွေရော အားလုံးကို စားမြုံ့ပြန်တယ်၊ မဖြစ်သေးတဲ့ အနာဂတ်အရေးအတွက် စိတ်ကူးရည်မျှော် အတွေးပုံရိပ်တွေ ဖော်မိတယ်၊ လူက ငုတ်တုတ် စိတ်ကတော့ အလုပ်ရှုပ်လို့ပေါ့ ဆရာ၊ ခုတော့ သဘောပေါက်ပါပြီ၊ စက္ခုနြေ္ဒကစလို့ သောတိနြေ္ဒ၊ ဃာနိနြေ္ဒ၊ ဇိဝိနြေ္ဒ၊ ကာယိနြေ္ဒနဲ့ မနိနြေ္ဒ ဆိုတဲ့ ဣနြေ္ဒ ခြောက်ပါးကို အပ္ပမာဒဆိုတဲ့သတိနဲ့ မထိန်းရင် သမာဓိ ဖြစ်ဖို့ မလွယ်ပါဘူး၊ ဖထီးတို့က အလုပ်သင်ဆိုတော့ နှလုံးသွင်းရမယ့် အဓိကလိုရင်းကိုပြောပါ ဆရာ”
          “အမေးကောင်းပါလား ဖထီးရေ၊ လူတိုင်းမှာ ဒွါရခြောက်ပါးဆိုတဲ့ အကြည်ဓာတ်တွေက ကံပေးတဲ့ ရုပ်ဓာတ် နာမ်ဓာတ်တွေ၊ စိတ်(ဘဝင်)က နာမ်ကိုးဗျ၊ အဆင်း, အသံ, အနံ့, အရသာ, အထိအတွေ့ကောင်း စတဲ့အာရုံခြောက်ပါးကလည်း ကိုယ်မမွေးခင်ကတည်းက ရှိနေကြတာ၊ ဒီတော့ ဆိုင်ရာဒွါရနဲ့ ဆိုင်ရာအာရုံ တွေ့ကြုံတဲ့အခါ မြင်မိတဲ့အရာ၊ ကြားမိတဲ့ အသံ၊ ရှူရှိုက်မိတဲ့အနံ့၊ စားမိတဲ့ အရသာတွေကို ကောင်းလို့လည်း လောဘမဖြစ်စေနဲ့၊ မကောင်းလို့လည်း မကြည်စိတ် ကွက်၊ ဒေါသတွေ မထွက်ပါနဲ့၊ လောဘဒေါသမထွက် မိအောင် ထိန်းတာကိုပဲ ဣနြေ္ဒကိုထိန်းရာ ဣန္ဒြိယ သံဝရသီလကို ထိန်းရာရောက်ပါတယ် ဖထီးရေ”
          “ကျေးဇူးပဲ ဆရာရေ့၊ အရင်တုန်းကတော့ စကား သိမ်းဆည်း၊ စောင့်စည်းဣနြေ္ဒလို့ နှုတ်ဖျားက ရွတ်တာပဲ ရှိတယ်၊ ဒါလည်း ငြိမ်ငြိမ်နေရင် ဣနြေ္ဒလုံပြီ၊  ဣနြေ္ဒရှိတယ်လို့ အောက်မေ့မိပါတယ် ဆရာ၊ အခု ဆရာရှင်းပြမှာပဲ တရားနဲ့နေတဲ့သူ၊ သတိပဋ္ဌာန်လေးပါး ဝိပဿနာတရား ရှုမှတ်သူဆိုရင် သမာဓိ ဖြစ်လာဖို့အတွက် စောင့်စည်းရမယ့် ဣနြေ္ဒခြောက်ပါး ကို ပြည့်ပြည့်စုံစုံ သိလာတာပါ”
          “ဒီလိုဆို အင်တာနက်မှာ ကမ္ဘာပျက်တော့မယ် ဆိုတဲ့ အင်တာနေရှင်နယ် ရွှေပေလွှာ ဟောကိန်းတွေကို ကြည့်ပြီး ဣနြေ္ဒပျက်ဦးမှာလားဗျာ၊ အင်တာနက်ထဲမှာပဲ ဖြစ်စေ၊ ပြင်ပမှာပဲ ဖြစ်စေ အာရုံတွေလိုက် စား အတွေးပွားနေရင်တော့ ဒုက္ခတွေများပြီး သံသရာ ရှည်ဖို့ပဲရှိတယ် ဖထီးရေ့”
          “ကမ္ဘာပျက်လည်း မကြောက်တော့ပါဘူး ဆရာ၊ ကမ္ဘာပျက်မှာက နောင်သောကာလ၊ လောလောဆယ် ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ရုပ်နာမ်ပြိုကွဲ ခန္ဓာစဲနိုင် တယ် ဆိုတဲ့ ဓမ္မအမြင် ရှိပြီ ဖြစ်လို့ ယုန်ကလေးလို မကြောက်တော့ပါဘူး၊ ဖထီးတို့ အရွယ်က ကံပေးသမျှ နေရတဲ့သူပါ၊ မြင်မြင်သမျှ တရားနဲ့ဆင်ခြင်ပြီး စိတ်ကို ပြုပြင်ရပါတယ်၊ အစာ အာဟာရတွေကလည်း သောက်ရေကအစ ဆရာသိ တဲ့အတိုင်းပါပဲ၊ သဘာဝပတ်ဝန်းကျင် ဗဟိဒ္ဓဥတုတွေ ဖောက်ပြန်လို့ အဇ္ဈတ္တက ဓာတ်ကြီးလေးပါးကလည်း မညီမညွတ်ဖြစ်နေပြီ၊ ရုပ်နဲ့နာမ် ကဏ္ဍကောစဖြစ်နေတာ ကြာပြီ၊ ကံဖြတ်တဲ့အချိန် ဘဝဇာတ်လမ်းပြတ်ပါ ပြီ၊ အဲဒီအချိန်ကို ဣနြေ္ဒမပျက် ပြုံးပြုံးလေးနဲ့အသက် ထွက်နိုင်အောင် သီလ, သမာဓိ, ပညာကို ဖြည့်ဆည်းရင်း စောင့်ပါတော့မယ်”
          “ကြိုးစားလိုက်ပါ ဖထီးရေ၊ သာဓုလက်ဆုံခေါ် လျက်ပါဗျာ”
                   အာရုံမလိုက်၊ သတိစိုက်၊
ဥာဏ်ရှိဆင်ခြင် နိဗ္ဗာန်ဝင်။

ဇနက(တောင်ငူ)


No comments: