Thursday, May 7, 2015

ငိမ်းချမ်းမှုကို ရှာဖွေခြင်း သျှင်တေဇမာလာ(နဂါးပေါ်)

ငြိမ်းချမ်းမှုကို ရှာဖွေခြင်း
သျှင်တေဇမာလာ(နဂါးပေါ်)
          ဘဝတစ်ခု အစပြုပြီ ဆိုကတည်းက သတ္တဝါ ကောင်၏ မဖြစ်မနေ ကြုံတွေ့ရမည့် တရားကား ဒုက္ခဆင်းရဲသာတည်း။ အမိဝမ်းတိုက်၌ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ အလွန် ကျဉ်းမြောင်းသော ကျင်ငယ်ပေါက်မှ တိုးထွက်ရသော ဇာတိဆင်းရဲ၊ ခန္ဓာအိမ်ကြီး အိုမင်း ရင့်ရော်လာခြင်း ဇရာဆင်းရဲ၊ အနာရောဂါပေါင်းစုံတို့ ဖိစီး နှိပ်စက်ခံရခြင်း ဗျာဓိဆင်းရဲ၊ ခန္ဓာအိမ် အသစ် ပြန်ဖြစ်ဖို့အတွက် သေဆုံးရခြင်း မရဏဆင်းရဲဟူ၍ ဘဝတစ်ခု ဖြစ်တည် ရခြင်း၌ မဖြစ်မနေကြုံတွေ့ရမည့် သဘောတရားများပေ။
          ယင်းသတ္တဝါကောင်၌ ခံစားရသည့်အခွင့်ကို ခြုံငုံ သုံးသပ်သော် ဆင်းရဲခြင်းဖြင့် မွေးဖွား၊ ဆင်းရဲခြင်းဖြင့် ကြီးပြင်း၊ ဆင်းရဲခြင်းဖြင့် သေဆုံးကြရသည်ချည်း။ ထို့၏နောက်ထပ် နောက်ထပ်လည်း ဤအတူပင် အသစ်ပြန်စ၊ ကြာလျှင် အဟောင်းဖြစ်၊ ပြီးလျှင်ပျက်စီး။ ဤနည်းဖြင့်ပင် လည်ပတ်နေရသည်ကိုမူးမေ့၍ အရသာ တွေ့နေကြလေသည်။
          ဤတွင် ဆင်းရဲဒဏ်ကို မခံစားနိုင်သောအခါ ချမ်းသာရာကို ရှာဖွေကြ ရလေတော့သည်။ ယင်းသို့ ရှာဖွေကြရာ၌ ဘဝက ပေးသော ရိုးရာအသိဖြင့် ရိုးရိုးရှင်းရှင်း သာမန် အားထုတ်ကျင့်ကြံကြသောအခါ  သာမန်ချမ်းသာကိုတော့ကား ရရှိခံစားကြရ၏။ ယင်း သာမန်ချမ်းသာဟူသည်ကား လောကီစည်းစိမ်ဥစ္စာများ ဖြစ်ပေသည်။ ယင်းလောကီစည်းစိမ် ဥစ္စာသည် အပေါ်ယံ သဘောဆန်သည့် ချမ်းသာဖြစ်၍ ခန္ဓာကိုယ် ဖုံးလွှမ်းမှုအတွက်သာ လုံခြုံမှုကို ရရှိနိုင်၏။ အပေါ်ယံဆင်းရဲကိုသာ ပယ်ဖျောက်ပေးနိုင်စွမ်း ရှိ၏။ ဤသည်လည်း အချိန်အတိုင်းအတာ ကာလအပိုင်းအခြားဖြင့်သာ ပယ်ဖျောက်နိုင်စွမ်းရှိ၏။ တကယ့်ဆင်းရဲကို ကား မပယ်ဖျောက်နိုင်ပေ။
          ယင်းလောကီစည်းစိမ်သည် ဘဝကို အာသာဖြေရုံ အာသာပြေရုံမျှသာ ချမ်းသာမှုကို ပေးစွမ်းနိုင်၍ ဒုက္ခပိုး ရွထိုးလာသောအခါ စည်းစိမ်ဥစ္စာတို့သည် အနာ၌ အဘယ်သို့မျှ တိုးမရသော ဆေးတစ်မျိုးသာ ဖြစ်ပေတော့မည်။
          ယနေ့ခေတ် စည်းစိမ်ဥစ္စာချမ်းသာသည်ဟု ဆို သော်လည်း ကာမဂုဏ်အရသာကို ခံစားမှုအပိုင်းဝယ် မြတ်ဗုဒ္ဓလက်ထက်တော်ကာလမှ ‘ယသ’ဟု အမည် ရသော သူဌေးသားအား မမီသေးပေ။
          ရာသီသုံးပါး၌ နွေဆိုလျှင် နွေရာသီဥတုနှင့် သင့်တင့်စေမည့် ပြာသာဒ်စံအိမ်၊ မိုးဆိုလျှင် မိုးရာသီဥတု နှင့်သင့်တင့်စေမည့် ပြာသာဒ်စံအိမ်၊ ဆောင်းဆိုလျှင် ဆောင်းရာသီဥတုနှင့်သင့်တင့်စေမည့် ပြာသာဒ်စံအိမ် ဟူ၍ သုံးမျိုးဆောက်လုပ်ကာ စံစားနေခဲ့၏။ အလုပ် အကျွေး ပြုစုမည့်သူနှင့် အခစားများမှအစ အားလုံး အမျိုးသမီးများချည်း ထားရှိ၏။ ဤအပြင် အတီး အမှုတ် ကခြေသည်များဖြင့် အခါအားလျော်စွာ ဖျော်ဖြေ ခံစား စံစားစေ၏။ ဤမျှ ကာမဂုဏ်ခံစားမှုနှင့် စည်းစိမ် ခံစားမှု၌ ကြွဝချမ်းသာသော ယသသူဌေးသားအား ယင်းတို့သည် တကယ့် အစစ်အမှန် ချမ်းသာ မဟုတ်ကြောင်းကို သိရှိနားလည်ဖို့အတွက်  ဖန်တီးလာသော  အကြောင်းတရားကား ဖြစ်ပေါ်လာခဲ့ပေ၏။
          ဤ၌ သတ္တဝါကောင်၏ ဘဝတစ်ခုဝယ် “ကံစီမံရာအတိုင်း”ဟူသော သဘောတရား သည် ယသသူဌေးသားအား သက်ရောက်လာတော့၏။ ကံ ဟူသည် အလုပ် ဖြစ်၍ မိမိပြုလုပ် ထားသမျှအလုပ်သည် မိမိ၏ကံ မည်၏။ ယင်းမိမိပြုလုပ်မှု ကောင်းကံ ဆိုးကံသည် မိမိ၌ မုချရောက်လာမည်ကိုကား ဧကန်ဖြစ်ပါ၏။ အကျိုးပေး ရာ၌ အနှေးနှင့်အမြန်သာ ကွာ၏။ ဤတွင်လည်း မိမိ၏စိတ်စေတနာနှင့် လုံ့လပြုခြင်း၌ အားကြီးမှု အားနည်းမှုအပေါ် မူတည်၏။ အားကြီးသောကံသည် ရှေးဦးစွာ ရောက်လာ၍ အားနည်းသော ကံသည် နောက်ကျမှ ရောက်ရှိလာတတ်၏။ မိမိတို့ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်နေပါလျက် ကံမကောင်း ဖြစ်နေ ရခြင်းသည် ယခင်ပြုလုပ်မိထားသော အကုသိုလ်ကံ များ အားကြီးနေသောကြောင့် လက်ရှိ မိမိပြုလုပ်နေသော ကုသိုလ်ကံကို လွှမ်းမိုးနေသောကြောင့် ကောင်းကျိုး မပေးစွမ်း နိုင်သေးခြင်း ဖြစ်ပါ၏။
          ယသသူဌေးသားအတွက် စစ်မှန်သော ချမ်းသာကိုရရှိဖို့ သူပြုထားခဲ့ဖူးသောကံ အကျိုးပေးချိန်ရောက် ရှိလာခဲ့၏။ ကခြေသည်များဖြင့် ဖျော်ဖြေနေသောည တစ်ည၌ ယသသူဌေးသားသည် ခါတိုင်းညများကဲ့သို့ ဖျော်ဖြေမှုတို့တွင် စိတ်ပါဝင်စားမှုမရှိဘဲ စောစောအိပ် ပျော်သွားခဲ့၏။ ယသ အိပ်ပျော်သွားသည် ရှိသော် ကခြေသည်များသည်လည်း ဖျော်ဖြေမှုကိုရပ်၍ ယင်းနေရာ၌ပင် စိတ်လွတ်ကိုယ်လွတ် အိပ်လိုက်ကြတော့၏။
          ကခြေသည်များ အိပ်မောကျနေသောအခါ ယသ သူဌေးသားသည်လည်း တစ်ရေးနိုး လာသည်။ တစ်ရေးနိုးလာသောအခါ မိမိ၏ဘေးပတ်ပတ်လည် မျက်မှောက်၌ တချို့က ဗုံကိုဖက်၍၊ တချို့က စည်တိုကို ဖက်၍၊ တချို့က လင်းကွင်းကိုဖက်၍၊ တချို့က စောင်း ကောက်ကိုဖက်၍ ဆံပင်က ဖိုးရိုးဖားယား၊ အဝတ် တန်ဆာက ဖရိုးဖရဲ၊ ပါးစပ်ကြီးများက ဟပြဲပြဲ၊ သွားရည်ပုတ်များက ရွှဲရွှဲ၊ ဟောက်သံ ညည်းသံများက ဆူဆူညံညံဖြင့် ပိုးလိုးပက်လက် အိပ်စက်နေကြသော ကခြေသည်များကို တွေ့ရှိလိုက်၏။ ယင်းမြင်ကွင်းသည် ယသအတွက် အနိဋ္ဌာရုံကြီးဖြစ်နေခဲ့၏။
          စိတ်ပိုင်းဆိုင်ရာသည် အာရုံတစ်ခု၌ ငြီးငွေ့မှုဖြစ် ပေါ်လာသော် ခံစားလိုမှုသည် ကင်းမဲ့လာ၏။ ခံစား လိုမှု ကင်းမဲ့လာသော် ထိုအာရုံအပေါ်၌ တပ်မက်မှု နည်းပါးလာ၏။ တပ်မက်မှု နည်းပါးလာသော် တဖြည်းဖြည်းထိတ်လန့်ခြင်း၊ သတိသံဝေဂတရားများအဖြစ် ပြောင်းလဲဖြစ်တည်လာတော့၏။
          ယသသည် နေ့စဉ် မြင်တွေ့နေရသော အာရုံ တရားများ၌ ငြီးငွေ့မှုဖြစ်ပေါ်လာ၏။ ဤသည်ကို တစ်နည်းအားဖြင့် ရိုးအီမှုဖြစ်သည်ဟုလည်း ဆိုရ၏။ နေ့စဉ် ခံစားစံစားခဲ့ရသော အလှတရားများ၌ ငြီးငွေ့မှု ရိုးအီမှုတို့ဖုံးလွှမ်းလာသော် ယင်းအလှတရားများကား အရောင်ပြောင်းသွား၏။ အရုပ်ဆိုး အကျည်းတန်ခြင်း ဘက်သို့ ယိမ်းယိုင်သွား၏။ ထိုအခါ ယသ၏အမြင်၌ သူသေကောင်ပုပ်များ စွန့်ပစ်ထားသည့် သုသာန် တစ်ဆုံး သင်္ချိုင်းကုန်းသို့ ရောက်ရှိနေရသည့်အလား  ခံစားမှုများ သည် အရာအားလုံးကို အိုစာသွားစေတော့သည်။ လက်ရှိတွေ့ကြုံနေရသော အာရုံခံစားမှုအပေါ်၌ ထိတ်လန့်တုန်လှုပ်လာ၏။ ယင်းထိတ်လန့်ခြင်း၏ နောက်၌ ကပ်ပါလာသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ တရား’အလင်းရောင်တစ်ခုကား ယသ၏ စိတ်ကို ထွန်းလင်းပေးလာ၏။

          အသာတံ သာတရူပေန၊ ပိယရူပေန အပ္ပိယံ။
          ဒုက္ခံ သုခဿ ရူပေန၊ ပမတံ္တ အတိဝတ္တတိ။

           သာယာဖွယ်မဟုတ်သော တရားများသည် သာယာဖွယ်အသွင်အားဖြင့် မေ့လျော့ ပေါ့ဆ၍ နေသောသူကို လွှမ်းမိုးဖိစီးလေတော့၏။ မေ့လျော့နေသော သူကို မသာယာဖွယ် တရားများသည် သာယာဖွယ် အသွင်အားဖြင့် လာ၍ လွှမ်းမိုး၏။ ချစ်နှစ်သက်ဖွယ် မဟုတ် မချစ်မနှစ်သက်ဖွယ်အသွင်အားဖြင့် မေ့လျော့ပေါ့ဆ၍ နေသောသူကို လွှမ်းမိုးလေတော့၏။
          တဏှာတရား၊ ဒိဋ္ဌိတရားများဖြင့် အရောင်ခြယ် ထားသောအခါ အမှန်တရားတွေက အမှားတရား အဖြစ်၊ အမှားတရားတွေက အမှန်တရားအဖြစ် သတ္တ ဝါကောင်၏ အာရုံ၌ ကဘောက်တိ ကဘောက်ချာ ပြောင်းတိပြောင်းပြန်ပြု၍ ထင်ဟပ်ပေးနေတော့၏။ ထိုအခါ တဏှာ ဒိဋ္ဌိတို့၏ အပေါင်းအဖော်ဖြစ်သော  အဝိဇ္ဇာတရားက သတ္တဝါကောင်၏ဘဝနှင့် သံသရာ တစ်လျှောက်လုံးကို လိမ်လည်လှည့်ပတ်၍ ဒုက္ခအမျိုး မျိုးပေးကာ အားပါးတရကြီး နှိပ်စက်နေတော့သည်။
          ထိုအခါ ယသသူဌေးသား၏ ‘ဘော ဥပ္ပဒ္ဒုတံ ဝတ=အိုအချင်းတို့ နှိပ်စက်အပ်ပေစွ။ ဘော ဥပသဋ္ဌံ ဝတ=အိုအချင်းတို့ ဘေးရန်များလှပေစွ’ဟု ကြောက်လန့်တကြား အော်ဟစ် လေတော့၏။ ယင်းသို့ အော် ဟစ်၍ ညတွင်းချင်းပင် မြတ်ဗုဒ္ဓရှိရာ မိဂဒါဝုန်တောသို့ ပြေးသွား လေတော့သည်။
          မြတ်ဗုဒ္ဓထံတော်အပါးသို့ရောက်သည်အထိ ယသသည် ‘နှိပ်စက်ခံနေရပါပေါ့လား၊ ဘေးရန်တွေနဲ့ ကြုံတွေ့နေရပါပေါ့လား’ဟု နှုတ်မှ တစာစာ မြည်တန်းနေမိသောအခါ မြတ်ဗုဒ္ဓက -

          ဣဒံ ခေါ ယသ အနုပဒ္ဒုတံ၊ ဣဒံ အနုပသဋ္ဌံ။
          ဧဟိ ယသ နိသီဒ ဓမ္မံ ဒေသေဿာမိ။
          ယသ၊ ဤနိဗ္ဗာန်တရားသည် နှိပ်စက်ခံရသည့် နှိပ်စက်ခံရမည့်တရား မဟုတ်၊ နေရာမဟုတ်၊ အရာ မဟုတ်၊ ဌာနမဟုတ်၊ ဘုံမဟုတ်။ နိဗ္ဗာန်တရားသည်  ဘေးရန်များသည့်တရားမဟုတ်၊ နေရာမဟုတ်၊အရာ မဟုတ်၊ ဌာနမဟုတ်၊ ဘုံမဟုတ်။ ယသ လာလော့။ ငါ တရားဟောပေအံ့။
          ယသသူဌေးသားသည် မြတ်ဗုဒ္ဓထံတော်မှ နိဗ္ဗာန် ဟူသော စကားကို ကြားရသောအခါ ထိတ်လန့်နေ သောစိတ်များ ပျောက်၍îဖရဏာပီတိသည် ဂွမ်းဆီထိ ကဲ့သို့ပင်မက သူ၏တစ်ကိုယ်လုံးကိုပင် ကြက်သီးမွေး ညင်းများ ထçရသည်အထိ ဖြစ်ခဲ့ရ၏။
          ဤနေရာ၌ သတ္တဝါကောင်သည် မိမိ၏ နေ့စဉ် ကြုံတွေ့ဖြတ်သန်းနေရသော ဘဝများထဲ၌ အချိန်ကာလ အသက်အရွယ်အပိုင်းအခြားကြောင့်လည်းကောင်း၊ ဖြစ်တည်ဖို့ ကံတရားအကြောင်းကြောင့်လည်းကောင်း၊ အကြောင်းတစ်ခုခုမှ တိုက်ဆိုင်ပေးခြင်းကြောင့် လည်း ကောင်း မိမိစိတ်ကို ထိတ်လန့်မှု သတိသံဝေဂ ဖြစ်ပေါ် လာသည်ရှိသော် မိမိ၌ စစ်မှန်သောမှီတွယ်ရာကို ရှာမှီးနိုင်ဖို့ လိုပါ၏။ ယင်းမှီတွယ်ရာများဖြင့် မိမိစိတ်ကို ထွက်ပေါက် ပေးနိုင်ရပေမည်။ ဤတွင် အလုပ်၌ စိတ်ညစ်စရာ စိတ်ရှုပ်ထွေးစရာများ တွေ့ခြင်းကြောင့် လည်းကောင်း၊ မိသားစု၌ အိမ်တွင်းရေးအဆင်မပြေခြင်းကြောင့် လည်းကောင်း၊ ပြဿနာတစ်ခုခုကြောင့် လည်းကောင်း မိမိတို့ ထွက်ပေါက်ရှာကြရာ၌ မှီတွယ်ရာများ မှားယွင်းနေကြလေသည်။ အဘယ်သည်တို့ နည်းဟူမူ စိတ်ရှုပ်ထွေးလို့ ခေါင်းရှုပ်လို့ အဆင်မပြေလို့ဟုဆိုကာ နိုက်ကလပ်၊ KTVများဖြင့်လည်းကောင်း၊ အရက်သေစာများ ဖြင့်လည်းကောင်း မှီတွယ်ရာပြု၍ စိတ်ကို ထွက်ပေါက်ပေးနေကြသည်မှာ လွဲမှားသည့် လမ်းစဉ်တစ်ခုဟု ဆိုရပေမည်။
          အတုယူသင့်သည်မှာ ယသသူဌေးသား၏ လမ်းစဉ်ပေ။ မတင့်တယ်သည့်အာရုံများဖြင့် စိတ်ရှုပ်ထွေး ထိတ်လန့်နေသောအချိန်၌ သူသည် မြတ်ဗုဒ္ဓတည်း ဟူသော မှီတွယ်ရာကို ရှာမှီးခဲ့၍ ယခု မြတ်ဗုဒ္ဓထံတော်မှ ချမ်းသာရာ နိဗ္ဗာန် ဟူသော စကားလုံးကို စတင် ကြားသိခဲ့ရလေသည်။
          ယင်း၏နောက်၌ နိဗ္ဗာန်ဟူသော စကားလုံးကို ကြားရရုံမျှဖြင့် စိတ်အစဉ်အား ချမ်းသာမှု ငြိမ်းအေးမှုများ ပေးစွမ်းနိုင်သည်ဆိုပါမူ ကိုယ်တိုင် ရောက်ရှိ ခံစားမိသော် အဘယ်မျှ ချမ်းသာလိုက်မည်နည်းဟု ယသ တွေးနေမိ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓဟောကြား နေသော ဒေသနာတော်ကို စူးစိုက်၍ နာယူမှတ်သားလေသည်။
          မြတ်ဗုဒ္ဓက ဒါနတရား၊ သီလတရားနှင့် သဂ္ဂနတ် ပြည်ရောက်ကြောင်းတရားများကို အစဉ်အတိုင်း ဟောကြားတော်မူ၏။ ဤသို့ အစဉ်အတိုင်းဟောကြားခြင်းကို ‘အနုပုဗ္ဗိကကထာ’ ဟု ခေါ်ဆိုရ၏။ ယင်းနောက် ကာမာနံ အာဒီနဝ ကထာ = ကာမဂုဏ် အပြစ်များသည် ယုတ်ညံ့ပုံ၊ ညစ်နွမ်းပုံ။ ထိုမှနောက်၌ နေက္ခမ္မ ဟူသော ကာမဂုဏ်မှထွက်မြောက်ရာ တရားများ၏ အကျိုးအာနိသင်ကို ဟောကြားတော်မူ၏။
          ဤသို့ အာရုံစူးစိုက်၍နာကြားမိသောအခါ ယသ၏ စိတ်သည် နူးညံ့လာ၏။ သာယာငြိမ်းချမ်းမှုကို တွေ့ထိ ခံစားလာရ၏။ ကလ္လစိတ္တ=ခံ့ကျန်းသည့်စိတ်၊ မုဒုစိတ္တ= နူးညံ့သည့်စိတ်၊ ဝိနီဝရဏစိတ္တ=နီဝရဏတရား ကင်းမဲ့ သည့်စိတ်များ ဖြစ်ပေါ်လာ၏။ ယင်းသည်ပင် နိဗ္ဗာန သုခ၏ ဓာတ်ခံကောင်းများ ဖြစ်ပါ၏။ ဥပမာအားဖြင့် ဖြူစင်သော အဝတ်တန်ဆာ၌ ဆေးရောင်ခြယ်သသော် ယင်းဆေးရောင်သည် တစ်ခဏချင်းပင် ထင်းထင်း လင်းလင်း စွဲကပ်သွားသကဲ့သို့ ဤအတူပင် ယသ၏ စိတ်သည် စင်ကြယ်ခြင်း၏ နောက်၌ ဒုက္ခသစ္စာç သမုဒယသစ္စာç မဂ္ဂသစ္စာ,နိရောဓသစ္စာ ဟူသော သစ္စာလေးပါး တစ်နည်း သမုက္ကံသိတဒေသနာတော် ဆေးရောင်ကို ခြယ်သပေးလေ၏။
          ယင်းနှင့်အတူ ယသ၏စိတ်၌ သိရှိထင်ဟပ်လာသော တရားကား အားလုံးသော သတ္တဝါသင်္ခါရတို့  သည် ဖြစ်ပြီးလျှင် ပျက်စီးတတ်သောသဘောရှိသည် ဟူသော သောတာပတ္တိမဂ်ဥာဏ်အသိ ဝင်ရောက်လာ ၏။ ထိုအခါ ယသသည် သောတာပန် ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိသွား၍ နိဗ္ဗာန်ဘုံတရားကို အထင်အရှားတွေ့ ရှိလေတော့သည်။ သို့သော် သူတွေ့ရှိသော နိဗ္ဗာန် တရားမှာ ဆုံးခန်းထိ မတိုင်သေး။ သောတာပတ္တိမဂ် တရား နိဗ္ဗာန်အဆင့်သို့သာ ရောက်ရှိသေး၍ သောတာပတ္တိဖိုလ်တရားနိဗ္ဗာန်အဆင့်သို့ ကူးပြောင်း ရောက်ရှိဖို့ လိုသေးသည်။
          ထိုအချိန်မှာပင် ယသ၏ဖခင်သည် ယသပျောက် ဆုံးသွား၍ ခြေရာခံကာ လိုက်လာခြင်းနှင့် တိုက်ဆိုင်နေ၏။ မြတ်ဗုဒ္ဓက ယသ၏ အာရုံစူးစိုက်မှုကို ပျက်ပြယ်မည် စိုးသောကြောင့် လည်းကောင်း၊ ဖခင်ကြီး၏ အနှောင့်အယှက်ဖြင့် ဓမ္မန္တရာယ် ဖြစ်မည် စိုးသောကြောင့် လည်းကောင်း၊ ယသအား တန်ခိုးအာနုဘော်ဖြင့် ကာကွယ်ထား၍ ဖခင်ဖြစ်သူ အား တရား ဆက်လက် ဟောကြားလေ၏။
          ယင်းတရားတော်၏ ဆုံးခန်း၌ ဖခင်ကြီးသည် လည်း သောတာပန်တည်၍ သန္တိသုခနိဗ္ဗာန်နန်းကို  ရှာဖွေ တွေ့ရှိသွားလေတော့၏။ ထိုအခါ အားရဝမ်းသာဖြင့်ပင် “မြတ်စွာဘုရား၊ နှစ်သက်ဖွယ်ရှိပါပေစွ။ မြတ်စွာဘုရား၊ ကောင်းမြတ်လှပါပေစွ။ ဥပမာ မည်သည် ကား မှောက်ထားအပ်သောအရာဝတ္ထုကို လှန်ပြဘိ သကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသော အရာဝတ္ထု ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ ခရီးလမ်း၌ လမ်းမှားနေ သော ပုဂ္ဂိုလ်အား ဖြောင့်ဖြောင့်တန်းတန်း လမ်းကို ညွှန်ပြဘိသကဲ့သို့လည်းကောင်း မျက်စိ အမြင်ရှိသူတို့သည် အဆင်းအာရုံတို့ကို မြင်ကြရကုန် လတံ္တ့။ ဤသို့သော အောက်မေ့နှလုံးသွင်း၍ အမှောင် တွင်း၌ ဆီမီးကိုထွန်းညှိဘိသကဲ့သို့လည်းကောင်း၊ ဤ အတူပင် မြတ်စွာဘုရားသည် များစွာသောအကြောင်း ဖြင့် တရားတော်မြတ်ကို ဟောကြားတော်မူအပ်ပါပေ သတည်း”ဟု လျှောက်ထားလေ၏။
          ဤ၌ ဖခင်ဖြစ်သူကို ဟောသော တရားသည် သားဖြစ်သူ ယသအား တိုက်ရိုက်ဟောသော တရား ဖြစ်သောကြောင့်ပင် ယသသည်တရားနာရင်း ဝိပဿနာ ဘူမိဟူသော သင်္ခါရတရားများကို အဖန်ဖန်အထပ်ထပ် သုံးသပ်ဆင်ခြင် ရှုမှတ် ပွားများနေ၏။ ဤသို့ အဖန်ဖန် အထပ်ထပ် ရှုမှတ် ဆင်ခြင်ပွားများ အားထုတ်သော အခါ ‘အနုပါဒါယ = မည်သည့်အရာကိုမျှ မစွဲလမ်းမူ၍၊ အာသဝေဟိ = အာသဝေါတရားတို့မှ၊ စိတံ္တ = စိတ်သည်၊ ဝိမုစ္စိ = လွတ်လေပြီ’။
          ယသကား မဂ်ဖိုလ်သို့ ဆိုက်ရောက်၍ အာသဝေါ ကင်းကွာ ရဟန္တာအဖြစ်သို့ တည်လေပြီ။ ထိုအခါ ယသသည် သတ္တဝါကောင်တို့၏ ဘဝသံသရာတစ်လျှောက် ခံစားနေရသော၊ ဖိစီးနှိပ်စက်ခံနေရသော ဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ အပြီးတိုင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိလေတော့၏။ ဤတွင် သတ္တဝါတို့ ရှာဖွေနေသည့် စစ်မှန်သောချမ်းသာရာ နိဗ္ဗာန်ကို ယသသည် ရှာဖွေ၍ တွေ့ရှိသွားလေတော့၏။

သျှင်တေဇမာလာ(နဂါးပေါ်)


No comments: