Wednesday, May 13, 2015

သတိကိုအဖော်ပြု၍ ဝေဒနာကို ရင်ဆိုင်ခြင်း-ဧရာငြိမ်းအေး


သတိကိုအဖော်ပြု၍ ဝေဒနာကို ရင်ဆိုင်ခြင်း
ဧရာငြိမ်းအေး
(၁)
          အခုတလောမှာ ရှုမှတ်မှုရဲ့အာရုံက နှလုံးသားနေရာဆီ ရောက်နေပါတယ်။ နှလုံးနေရာ က တစ်ခါတစ်ရံမှာ နည်းနည်း အောင့်နေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ဟာတာတာနဲ့ အသက်ရှူမဝသလို ခံစားရတာမျိုးလည်း ရှိတတ်တယ်။ အဲဒီနှလုံးနေရာကို စူးစိုက်မှတ်လိုက် တဲ့အခါမှာ လေပူဖောင်းကို ဖိချ လိုက်သလို လေတွေသွားတဲ့ အသံလိုမျိုးဖြစ်တာကိုလည်း သတိပြုမိနေ ပါတယ်။ အခု နောက်ပိုင်းကာလတွေမှာ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာ တချို့သော လူတွေဟာ Heart Attack  ဆိုတဲ့ ရုတ်တရက် နှလုံးထိခိုက်တဲ့ ရောဂါဝေဒနာမျိုးတွေနဲ့ နေရင်းထိုင်ရင်း သွားလာရင်းနဲ့ သေဆုံးတတ်ကြတာတွေကို တွေ့ကြုံ ကြားသိလာရပါတယ်။
          နာမည်ကြီးတဲ့ အနုပညာရှင် တချို့လည်း အကောင်းအတိုင်းလို သွားလာနေရင်းကနေ ရုတ်တရက် နှလုံးခုန် ရပ်ပြီး ချက်ချင်းဆိုသလို သေသွားကြတာတွေလည်း မကြာခဏ ကြားသိလာရတဲ့အခါမှာ နှလုံးနေရာက ဓာတ်သဘာဝဖောက်ပြန် မှုကို သတိပြုမိပြီ ‘ဒီလို အဖြစ်အပျက်မျိုးနဲ့လည်း သေသွားနိုင်တာပါပဲလား”ဆိုတဲ့ အတွေးလည်း ဖြစ်လာပါတယ်။
          လူတွေဟာ သေခါနီးမှာရောဂါ ဝေဒနာကို သေရလောက်အောင် နာကျင်ခံစားရလို့ သေသွားကြတာ လို့ ကြားဖူးထားပါတယ်။ ချက်ချင်း သေသွားကြပေမဲ့လည်း သေရလောက် အောင် နာကျင်တဲ့ဝေဒနာကို ခံစားသွားကြရမှာပါပဲ။ နှလုံးရောဂါနဲ့သေသွားကြတဲ့သူတွေဟာ လည်း အဲဒီနှလုံးသားနေရာက စူးစူးရှရှ ထိုးနှက် နာကျင်ခြင်းကို ခံစားသွားကြရမှာပါပဲ။ အဲဒီဝေဒနာပေါ်မှာ ‘ယောနိသောမနသိကာရ’ ဆိုတဲ့ နှလုံးသွင်းမှုမှန်ကန်စွာနဲ့ ရှုမြင် သုံးသပ် ဆင်ခြင်တတ်ဖို့ အလွန် အရေးကြီးပါလားဆိုတာ သတိသံဝေဂ ဖြစ်မိပါတယ်။ ခန္ဓာရဲ့ရောဂါ ဝေဒနာအပေါ်မှာ ယထာဘူတကျကျ ရှုမှတ်ဆင်ခြင်တတ်ဖို့ဆိုတာကလည်း အလေ့အကျင့် ကောင်း ရှိထားဖို့ လိုအပ်ပါတယ်။
(၂)
          ခန္ဓာကိုယ်ဟာ ပထဝီ၊တေဇော၊ အာပေါ၊ ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ ဖြစ်တည် တည်ဆောက် ထားတဲ့ နေရာမှာ ဓာတ်သဘာဝတွေ အညီအမျှ ဖြစ်တည် လုပ်ဆောင်နေမှ ခန္ဓာကိုယ်က     ကျန်းမာရေးကောင်းပြီး ပေါ့ပါး သွက်လက်နေတာပါ။ ဓာတ်သဘာဝ တစ်ခုခုက အညီအမျှ မဖြစ်ဘဲနဲ့ ဓာတ်သဘော လွန်ကဲမှုတွေ၊ ယုတ်လျော့မှုတွေရှိနေပြီ ဆိုရင် ခန္ဓာကိုယ်မှာ ဖောက်လွဲ ဖောက်ပြန်မှုတွေကို ခံစားလာရတတ်ပါတယ်။ ပထဝီဆိုတဲ့ မာမှု ပျော့မှုသဘော၊ တေဇောဆိုတဲ့ ပူမှုအေးမှုသဘော၊ အာပေါဆိုတဲ့ ဖွဲ့စည်းမှု ယိုစီးမှု သဘော၊ ဝါယော ဆိုတဲ့ ကျုံ့မြှွုကမှုသဘောတွေမှာ ဓာတ်သဘာဝတစ်ခုရဲ့ ဆန့်ကျင်ဘက်သဘောက အားများနေသည် ဖြစ်စေ၊ အားလျော့နေသည်ဖြစ်စေ ခန္ဓာကိုယ်မှာ ရောဂါဝေဒနာဆိုတာ ဖြစ်လာ ခံစားလာရပါတယ်။
          ကျွန်မတို့ရဲ့ ဒီခန္ဓာကိုယ်ကြီးဟာ တစ်ခါတစ်ရံမှာ တော်တော်လေး အခံရခက်တဲ့ ခံစားမှုဝေဒနာ တွေဖြစ်နေတတ်ပါတယ်။ ကိုယ်မှာ ဖြစ်စေ၊ စိတ်မှာဖြစ်စေ ဆင်းရဲတဲ့ ဝေဒနာ တစ်မျိုးက လှုပ်ခတ် ခံစားနေရတာတွေ ရှိပါတယ်။ ဒီအခါမှာ ဖြစ်ရင် ဖြစ်မှန်းသိပြီး ရှုမှတ် ဆင်ခြင် နေနိုင်ရင် တော်တော်အကျိုးများပါ  တယ်။ လှုပ်ခတ်နေတဲ့ ခံစားမှုဝေဒနာကိုဖြစ်စေ၊ မခံသာတဲ့ ရောဂါဝေဒနာကိုဖြစ်စေ ဖြစ်နေတဲ့သဘော လေးအတိုင်းသိပြီး ရှုမှတ်လိုက်တဲ့ အခါမှာ ခံစားမှုအရလည်းသက်သာ သွားပါတယ်။ စိတ်လည်း ကြည်လင်မှုရပါတယ်။ ခံစားမှု ရောဂါဝေဒနာရဲ့ ခံသာမှု၊မခံသာမှုတွေရဲ့မတည် ငြိမ်ဘဲ လှုပ်ခတ်နေတဲ့သဘောတွေကို သိမြင်လာရလို့ အသိဥာဏ်လည်း ရှင်းလင်းလာပါတယ်။
          မဟာစည် ဆရာတော်ဘုရားကြီးရဲ့သစ္စာလေးပါးတရားတော်မှာ ဒုက္ခ (၁၂) မျိုးကို မြတ်စွာဘုရား ဟောကြားထားခဲ့ကြောင်းကို ပြဆိုထားပါတယ်။ အဲဒီဒုက္ခသစ္စာ ဒုက္ခတရား (၁၂)မျိုးဆိုတာ -
          (၁)ဇာတိ - ဘဝသစ်ဖြစ်ရတဲ့ဆင်းရဲ။
          (၂)ဇရာ - အိုရတဲ့ ဆင်းရဲ။
          (၃)မရဏ-သေရတဲ့ဆင်းရဲ။
          (၄)သောက-စိုးရိမ်ရတဲ့ဆင်းရဲ
          (၅)ပရိဒေဝ - ငိြုွေကးရတဲ့ဆင်းရဲ။
          (၆)ဒုက္ခ-ကိုယ်ဆင်းရဲခြင်း။
          (၇)ဒေါမနဿ - စိတ်နှလုံးမသာမယာဖြစ်ခြင်း၊စိတ်ဆင်းရဲခြင်း။
          (၈)ဥပါယာသ-စိတ်နှလုံး ပြင်းစွာပင်ပန်းခြင်း။
          (၉)အပ္ပိယေဟိသမ္ပယောဂ- မချစ်ခင်မနှစ်သက်အပ်သောပုဂ္ဂိုလ်တွေ၊ဝတ္ထုတွေနဲ့                   မတွေ့ချင်ဘဲ တွေ့ရ၊ ကြုံရ၊ ပေါင်းသင်းဆက်ဆံရတဲ့ဆင်းရဲ။
          (၁၀)ပိယေဟိဝိပ္ပယောဂ-ချစ်ခင်အပ်တဲ့ ပုဂ္ဂိုလ်၊ ဝတ္ထုတွေနဲ့ ကွေကွင်းခွဲခွာရတဲ့ဆင်းရဲ။
          (၁၁)ယံ ပိစ္ဆံ န လဘတိ၊တမ္ပိဒုက္ခံ-ကိုယ့်အလိုအတိုင်း မဖြစ်တဲ့ ဆင်းရဲ။
          (၁၂) သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာ ဒုက္ခာ-ဥပါဒါနက္ခခန္ဓာ (၅) ပါး၊ ရုပ်နာမ်တရားတွေဟာ ဆင်းရဲ ဆိုတဲ့ ဆင်းရဲခြင်းတွေကို ပြဆိုထားပါတယ်။
          ဒါတွေဟာ မိမိရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခတွေပါပဲ။ ဒီဆင်းရဲတွေဟာ လူရယ်လို့၊ သတ္တဝါ ရယ်လို့ ဖြစ်နေကြရင် မကြုံဆုံ၊ မခံစားချင်လို့လည်း မရပါဘူး။ အချိန်တိုင်းမှာ ကြုံနေရမယ့် ဆင်းရဲတွေနဲ့ ကံအကြောင်းတရားတွေ တိုက်ဆိုင်တဲ့အခါတွေ တိုင်းမှာ ကြုံနေရမယ့် ဆင်းရဲတွေပါ။ ဒီဒုက္ခ (၁၂)ပါး လုံးကို ပြေးမလွတ်တမ်းကြုံဆုံခံစား နေရမှာပါ။ ဇာတိ ဆိုတဲ့ ဘဝသစ်ြဖစ်ရတဲ့ဆင်းရဲဆိုတာလည်း ဒီဘဝမှာ ကြုံခဲ့ရပြီးပြီ။ သံသရာမှာဘဝသစ် ဖြစ်တိုင်းလည်း ကြုံနေရဦးမှာပါ။ ဇရာဆိုတဲ့ အိုခြင်းဆင်းရဲကတော့ အချိန်တိုင်းမှာ ကြုံနေဖြစ်နေရတဲ့ဆင်းရဲပါ။ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ အချိန်တိုင်းမှာ အခါမလပ် အိုနေ ပျက်စီးနေတာပါ။ တရွေ့ရွေ့နဲ့ အိုနေ ပျက်စီးနေတဲ့ သဘောကို သတိ မပြုမိတော့ မသိကြပါဘူး။ အသက် (၅၀) (၆၀) (၇၀) အဲဒီလို အသက်ကြီးပိုင်းရောက်မှ အိုကြ တယ်လို့ထင်နေကြတဲ့ သမားရိုးကျ အထင်အမြင်တွေဟာ မှားယွင်းနေပါတယ်။ ဘဝသစ်စပြီး ဖြစ်တည် ရှင်သန်လာပြီးကတည်းက အချိန်ရှိသရွေ့ အိုခြင်းတရားဘက်ဆီကို ချဉ်းကပ်ရင်း ဟောင်းနွမ်းပျက်စီးမှု တွေက ဖြစ်ပေါ်နေတာပါ။ ကလေးအရွယ် လူငယ်အရွယ် နုနယ်ပျိုမြစ် ပါတယ် ဆိုပေမဲ့လည်း မွေးလာကတည်းက ဖြစ်လာခဲ့တဲ့ ရုပ်တရား နာမ်တရားတွေက ပျက်စီးပြီး၊ အသစ်ဖြစ်လာရတဲ့ ရုပ်တရားနာမ် တရားတွေကလည်း အချိန်တိုင်းမှာ အိုနွမ်းပျက်စီးနေရတာပါပဲ။အသက်ကြီးမှ ရုတ်ချည်းကြီး အိုသွား ပျက်စီးသွားတာမဟုတ်ဘဲ အချိန်နဲ့အမျှ အိုဟောင်းပျက်စီးခြင်းတရားထဲ တိုးဝင်နေရတာက ဇရာဆင်းရဲပါ။
          မရဏဆိုတဲ့ သေခြင်းဆင်းရဲကတော့ ဘဝတစ်ခုရဲ့ အဆုံးသတ် နောက်ဆုံးအချိန်ကျမှ ကြုံတွေ့     ရင်ဆိုင်ရတယ်ဆိုပေမဲ့လည်း ဘဝတစ်ခုမှာတော့ အကြီးမားဆုံးနဲ့ အရေးကြီးဆုံး အဆုံးအဖြတ်ဆင်းရဲ ပါပဲ။  ကျွန်မတို့ကို ဘယ်လိုမရဏ ဆင်းရဲက ဘယ်လောက်အထိ နှိပ်စက်လို့ ဘဝတစ်ခု အဆုံးသတ်သွားရမယ်လို့လည်း ကြိုတင်ပြီး မသိမြင်နိုင်ပါဘူး။ လူတိုင်းဟာ မရဏ-သေခြင်းတရားကို ရင်ဆိုင် ကြုံတွေ့ကြရဦးမှာပါပဲ။ အဲဒီ နောက်ဆုံး အချိန်ကို  အကောင်းဆုံး ရင်ဆိုင်သွားနိုင်ဖို့ အတွက်လည်း သံဝေဂတရားနဲ့ ကြိုတင်ပြီး တွေးတော ဆင်ခြင်နေမိပါတယ်။ တစ်ဘဝစာ ရှိရှိသမျှ ရုပ်ဝတ္ထု ပိုင်ဆိုင်မှု၊ ဂုဏ်ဒြပ်ဟူသမျှကို ထားခဲ့ ပြီးပြုကျင့်မှုကံအကျိုးတွေနဲ့ကျင့်ကြံမှု ဥာဏ်အကျိုးအမြတ်တွေကိုပဲ ကိုယ် အားထုတ် လုပ်ဆောင်ထားသမျှ အကျိုးတရားတွေအဖြစ် ရရှိပိုင်ဆိုင်သွားကြမှာပါ။ အရိယာမဖြစ်သေး သရွေ့ ထောက်ရာတည်ရာ မရသေးသရွေ့ သေခါနီးကာလမှာ အယူမှားမယ့် အရေးတွေ ကလည်း တွေးကြောက်စရာကောင်းလှပါတယ်။ သတ္တဝါတွေဟာ မိမိတို့ တမလွန်ဘဝရဲ့ မသေချာ မရေရာ မှုတွေ ရှိနေခြင်းကြောင့်ပဲ သေခြင်းတရားကို ကြောက်ရွံ့နေကြရ တာပါ။တမလွန်ဘဝရဲ့သေချာရေရာတဲ့ ထောက်တည်အားကိုးရာ တရားအသိနဲ့ ပြည့်ဝနေပြီဆိုရင် သေခြင်း တရားရဲ့ ခြိမ်းခြောက်မှုကနေလည်း လွတ်မြောက်ခွင့် ရနေမှာပါ။ မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားထားခဲ့သလိုပါပဲ။ အပါယ်ဘုံဘဝတွေကို ရောက်စရာ အကြောင်းမရှိတော့ဘူး၊ သုဂတိ ဘုံဘဝကိုသာ ရမှာသေချာနေတဲ့ သူအတွက် ‘အိမ်စုတ်အိမ်ငယ်လေးကနေ အိမ်ကြီးအိမ်ကောင်းကို ပြောင်းရမယ့်သူ”လိုပဲ ကြောက်ရွံ့စရာ ထိတ်လန့်စရာမရှိဘဲ စိတ် အေးချမ်းသာစွာနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားရုံပါ။
          သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အပ္ပိယေဟိ သမ္ပယောဂ၊ ပိယေဟိ ဝိပ္ပယောဂ၊ ယံ ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခ ဆိုတဲ့ ဆင်းရဲဒုက္ခတွေကလည်း လူရယ်လို့ ဖြစ်လာရင် မကြုံဆုံချင်လို့ မခံစားချင်လို့ မရပါဘူး။ လူရယ်လို့ဖြစ်လာ ပြီဆိုကတည်းက စိုးရိမ်ပူဆွေးစရာ တွေက ကြုံနေရတာပါပဲ။ ငိြုွေကး စရာတွေကလည်း ရှောင်ကွင်းချင်လို့ မရနိုင်ပါဘူး။ ကိုယ်ဆင်းရဲခြင်းတွေကလည်း ခန္ဓာ ရှိနေမှတော့ ရောဂါဝေဒနာတွေနဲ့မလွတ်ကင်းနိုင်ပါဘူး။ မကြာခဏ ဆိုသလို ခန္ဓာကိုယ်ရဲ့နေရာအနှံ့ကနေ ထိခိုက်နာကျင်မှုတွေနဲ့ နပမ်းလုံးနေရတာ ပါပဲ။ စိတ်နှလုံး မသာမယာ ဖြစ်ရတာကလည်း နှလုံးသွင်းမှားရင် မှားသလို အချိန်တိုင်း ကြုံဆုံနေရတဲ့ ဒုက္ခတစ်မျိုးပါ။
                   ကျွန်မတို့တွေဟာ နေ့စဉ် ကြုံတွေ့နေရတဲ့ အခြေအနေတွေမှာ အခက်အခဲ တွေဖြစ်ရတိုင်း၊ စိတ်မှာ မှားယွင်းတဲ့ လက်ခံမှု ဖြစ်တိုင်းမှာ  စိတ်ထဲ မကျေနပ်တဲ့ မသာယာတဲ့ ခံစားမှုက ဖြစ်နေတတ်ပါတယ်။ အဲဒီခံစားမှုတွေက အတိုင်းထက်အလွန် ဆိုးရွားစွာ ခံစားလာရပြီ ဆိုရင်တော့ စိတ်နှလုံး ပြင်းစွာ ပူလောင်ပင်ပန်းမှုတွေအထိ ဖြစ်ကြရပြီပေါ့။ ဒီကြားထဲမှာမှ ကိုယ်က မချစ်ခင် မနှစ်သက်တဲ့ပုဂ္ဂိုလ်တွေ၊ အရာဝတ္ထုတွေ၊ အခြေအနေတွေနဲ့ မတွေ့ချင်ဘဲ တွေ့ရ ကြုံရတဲ့အခါ၊ ကိုယ် ပေါင်းသင်းဆက်ဆံရတဲ့ ချစ်ခင်ရတဲ့ နှစ်သက်မိတဲ့ ပုဂ္ဂိုလ်တွေ၊ အရာဝတ္ထုတွေ၊ အခြေအနေတွေနဲ့ ကွေကွင်း ခွဲခွာရတဲ့အခါ ကိုယ်,စိတ် ဆင်းရဲ ဒုက္ခတွေကလည်း ဖြစ်တတ်ကြပါတယ်။ ကိုယ့်အလိုအတိုင်း မဖြစ်တဲ့ ဆင်းရဲကတော့  ပြောမနေပါနဲ့၊ နေ့စဉ်နဲ့အမျှ ဆိုသလိုပါပဲ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ အရာဝတ္ထုတွေ၊ အခြေအနေတွေမှာ ကိုယ့်စိတ်တိုင်းကျ ကိုယ့်သဘောကျ ဖြစ်ဖို့ ဆိုတာကလည်း တကယ် မလွယ်တဲ့ ကိစ္စပါ။ ဒီတော့လည်း ကိုယ့် အလိုကျ မဖြစ်တိုင်းမှာ ဆင်းရဲနေတော့တာပါပဲ။
          သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ-ဆိုတဲ့ ဥပါဒါနက္ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားတွေဟာ ဆင်းရဲ ဆို တဲ့ဆင်းရဲမှုမှာတော့ ကျွန်မတို့အနေ နဲ့ ဆင်ခြင်ပိုင်းခြားနိုင်တဲ့အသိဥာဏ် မဖြစ်ပေါ် နိုင်ရင် ဒါတွေကို ဆင်းရဲလို့ မသိမမြင်နိုင်ပါဘူး။ ဒါဟာ သင်္ခါရ ဒုက္ခအမျိုးအစားမှာ အကျုံးဝင် တဲ့ ဖြစ်ပျက်သမျှ ရုပ်နာမ်မှန်သမျှတွေရဲ့ဆင်းရဲပါ။
          ဆိုင်ရာ ဆိုင်ရာ အကြောင်း တရားတွေကနေ ပြုပြင်ပေးလို့ ဖြစ်ပေါ်လာရတဲ့ ခန္ဓာ၊မှားယွင်းတဲ့အမြင်တွေနဲ့ စွဲလမ်းစေတတ်တဲ့ ခန္ဓာ - ခန္ဓာငါးပါးဟာ ဆင်းရဲတယ်ဆိုတာ ကို သိမြင်ဖို့အတွက် ဝိပဿနာ ဥာဏ်အမြင်နဲ့ ကြည့်တတ်မြင်တတ် ရှုမှတ်တတ်ဖို့လိုပါတယ်။ အရှေ့မှာ ပြောခဲ့သမျှ ဆင်းရဲဒုက္ခအားလုံးဟာလည်း ဒီခန္ဓာငါးပါးအပေါ်မှာ တည်မှီပြီး ဖြစ်လာရတာပါ။ဒါကြောင့် ခန္ဓာကိုယ်ရဲ့ဒွါရခြောက်ပါးလုံးမှာ သတိ မရှိရင်၊ နှလုံးသွင်းမှားရင် လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖြစ်နေ တာပါ။ အဝိဇ္ဇာ ဆိုတဲ့ မသိခြင်း၊ ပညာကင်းမဲ့ခြင်း - မောဟတရား ကြောင့် ဝေဒနာပစ္စယာ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတွေအထိ ဆက်သွားပြီး ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းက အခါခါ လည်နေရပါတယ်။ အထူးသဖြင့် မြင်မှု၊ ကြားမှုဆိုတဲ့ အာရုံ နဲ့ဒွါရ တိုက်ဆိုင်မှုကြောင့် ဖြစ်ရတဲ့ မြင်စိတ်၊ကြားစိတ်စသည်မှာ သတိ နဲ့ပညာ ဦးစီးမှု နောက်ကျလေ့ရှိတိုင်း မကြာခဏဆိုသလို ဒေါမနဿ ဝေဒနာဖြစ်တတ်ပါတယ်။ဒါကလည်း ကိုယ့်ကို ဒုက္ခပိုပေးတတ်တဲ့ အာရုံလို့လည်း ရှိတတ်ပါသေးတယ်။ ကျွန်မဆိုရင် နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ်တွေမှာထက် မြင်စိတ်၊ ကြားစိတ် ကြောင့် ဒေါသဖြစ်လွယ်တာ ကိုယ့် ဘာသာ သတိပြုမိပါတယ်။ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ်တွေမှာတော့ ဥပေက္ခာဝေဒနာ ဖြစ်တတ်ပါတယ်။ သိပ်ပြီး မထိရှလွယ်တတ်တဲ့ အာရုံတွေလို့ ပြောရပါမယ်။ မြင်စိတ်၊ ကြားစိတ်၊ တွေးကြံစိတ်တွေကြောင့် နှစ်သက်မှုတွေ မနှစ်သက်မှုတွေ ဖြစ်ရတာ များပါတယ်။ ဒါကြောင့် ဒွါရခြောက်ပါးထဲမှာ အထူးသဖြင့် မြင်မှု၊ ကြားမှု၊ တွေးတောမှုကြောင့်  လောဘ၊ ဒေါသ၊ မောဟ အဖြစ်များ တယ်လို့ မိမိကိုယ်ကို သတိပြု သုံးသပ်မိရင်း ဒီ ကိလေသာရောဂါ ဝေဒနာတွေကို ဝိပဿနာနဲ့ကုစား ဖို့အရေး စိတ်မှာ အချက်ပေး ခေါင်းလောင်းသံတွေ အမြဲ လိုဖြစ်နေပါတယ်။
          ဒိဋ္ဌေ ဒိဋ္ဌ မတံ္တ၊ သုတေ သုတ မတံ္တ၊ မုတေ မုတ မတ္တံ၊ မြင်လျှင် မြင်ကာမျှ၊ကြားလျှင် ကြားကာမျှ၊ တွေ့လျှင် တွေ့ကာမျှ သဘောထားနိုင်တဲ့ ဝိပဿနာဥာဏ်က စိတ်မှာ လွှမ်းမိုးထားနိုင်ပြီဆိုလျှင် ရွံမုန်းစရာကောင်းတဲ့ ကိလေသာတွေ၊ အထူးသဖြင့် ဒေါမနဿ ဝေဒနာတွေရဲ့ ဖိစီးနှိပ်စက်ခြင်းတွေက လွတ်မြောက်ခွင့်၊ ငြိမ်းအေးခွင့် ရနေမှာပါ။
(၃)
          မကြာသေးခင်က ဆုံးပါးသွားခဲ့တဲ့ ကျွန်မတို့ရဲ့မိခင် ရောဂါဝေဒနာ ခံစားနေရစဉ်က ကျွန်မတို့ အနီးကပ် ပြုစုခွင့်ရလိုက်ပါတယ်။
          အသည်းကင်ဆာရောဂါရဲ့ ဆိုးဝါးတဲ့ နောက်ဆုံးအဆင့်အဖြစ် သိလိုက်ရပြီး ဆေးဝါး ကုသမှုခံယူရင်း သားသမီးများနဲ့ မြေးတွေရဲ့ ပြုစုစောင့်ရှောက်မှုတွေ ခံယူနေရင်းက (၄)လ အရောက်မှာ အမေ ဆုံးပါးသွားခဲ့တာပါ။ အမေ့ကို ပြုစုစောင့်ရှောက်နေရင်း စိတ်ထဲမှာ သံဝေဂတရား အမြဲလို ဖြစ်မိခဲ့ပါတယ်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဆင်းရဲတွေရဲ့ ဖိစီးနှိပ်စက်ခံ ခန္ဓာကြီး ရဲ့သဘောကို အမေ့ရဲ့ ရောဂါ ဝေဒနာကို စောင့်ကြည့်ပေးနေရင်းက မိမိရဲ့ ခန္ဓာထဲ အထိ ဆင်ခြင်နေမိတယ်။ အသည်းကင်ဆာရောဂါရဲ့ ဝေဒနာနှိပ်စက်မှုဒဏ်ကို အမေက နောက်ဆုံးအချိန်အထိ မညည်းညူဘဲ ရင်ဆိုင်သွားနိုင်ခဲ့တာကို အမေ ဆုံးသွားတော့ မိသားစုနဲ့ ဆွေမျိုးစုအပြင် ပတ်ဝန်းကျင်က လူတွေကတောင် တသသပြောဆိုရင်း မိမိတို့ ကြုံဆုံရမယ့် သေခြင်းတရားအတွက် အတုယူဖို့ကို သံဝေဂတရားနဲ့ယှဉ်ပြီး ချီးမွမ်း ပြောဆိုတာတွေ ကျွန်မတို့ ကြားရ၊ ကြုံရပါတယ်။
          သေခြင်းတရား ဆိုတဲ့ မရဏ မတိုင်ခင်မှာ နှိပ်စက်တဲ့ ဗျာဓိဆင်းရဲ ရဲ့ ထိုးနှက် တိုက်ခိုက်မှုတွေကိုလည်း အမေ့ကို စောင့်ကြည့်ရင်း မျက်စိရှေ့မှာ အထင်အရှား မြင်တွေ့ လိုက်ရပါတယ်။ တစ်ချိန်က မိသားစုအတွက်၊ သားသမီးတွေအတွက် အရာရာကို စီစဉ် ဆောင်ရွက်ပေးတတ်တဲ့ အမေ၊ စကားနည်းပေမဲ့  အလုပ်သိပ်လုပ်တဲ့ အမေ၊စည်းစနစ် ကောင်းပြီး သတိသိပ်ကောင်းတဲ့ အမေဟာ ဗျာဓိဆင်းရဲကြောင့် ရုပ်ခန္ဓာတွေ  တဖြည်းဖြည်းချင်း ဆုတ်ယုတ်ပြောင်းလဲသွားရပါတယ်။ ဟိုအရင်က မိသားစုအရေးမှန်သမျှ အသေးအဖွဲလေးကအစမိသားစုဝင် အားလုံးက အမေ့ကိုပဲတိုင်တည် လုပ်ဆောင်ခဲ့ကြပြီး အမေကလည်း အမြဲတမ်း စိတ်ဝင်တစားနဲ့ စီမံပေး၊ ဆုံးဖြတ်ပေးခဲ့တာပါ။ ဒါပေမဲ့ ရောဂါ ဝေဒနာဒဏ် ဖိစီးနှိပ်စက်လာတဲ့ ကာလတွေမှာတော့ အမေဟာ တဖြည်းဖြည်းချင်း မိသားစုနဲ့ သီးခြားဆန်သွားပါတယ်။ အမေနဲ့ အနီးစပ်ဆုံးက အမေ့ရဲ့ရောဂါဝေဒနာပဲ ဖြစ်သွားပုံ ရပါတယ်။ စကားလည်း သိပ်မပြောတော့ဘဲ ရောဂါဝေဒနာကိုပဲ သည်းခံ ရင်ဆိုင် နေပါတော့တယ်။ အမေဟာ သတိကို လက်ကိုင်ထားပြီး ပြင်းထန်လှတဲ့ ဝေဒနာတွေကို ရှုမှတ်ဆင်ခြင်နေပုံ ပေါ်ပါတယ်။ တစ်ချက်ကလေးမျှ မညည်းညူခဲ့တာဟာ လေးစားစရာ ကောင်းလှပါတယ်။ ဒေါမနဿကိုလည်း အကောင်းဆုံး နှိပ်ကွပ် နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေ့ကို ကြည့်ရင်း ‘ငါသာဆိုရင်’ဆိုတဲ့ အတွေးကို ကျွန်မ မကြာခဏတွေး စိတ်ပေါ်တာပါ။ ]ဒီခန္ဓာဝန်ဒုက္ခကြီး အင်မတန်ကြီးလေးလှပါလား၊ ငါ့မှာသာ အဲဒီလို ဗျာဓိဒုက္ခ နှိပ်စက်ခံရပြီ ဆိုရင် သတိကို အဖော်ပြုရင်း သည်းခံရင်ဆိုင်ကျော်ဖြတ်သွားနိုင်ပါ့မလား၊ တကယ် မလွယ် သေးဘူး၊ ကြိုးစားရဦးမှာ”ဆိုတဲ့ ဆင်ခြင်မှု တွေက အမြဲမပြတ် လွှမ်းမိုးနေခဲ့ပါတယ်။ အမေ့ကို သနားစိတ်၊ဆုံးရှုံး စွန့်လွှတ်ရမှာကို နှမြောတသ စိတ်တွေနဲ့အတူ သံဝေဂအတွေးစိတ်တွေ ရောပြွမ်းနေခဲ့တာပါ။
          အမေက ကျွန်မတို့အတွက် စံနမူနာကောင်း ပြပေးသွားသလိုပါ ပဲ။ ဘဝမှာ အသက် (၃၅)နှစ်ရောက် သည်အထိ သေလုမျောပါးဝေဒနာသည်တွေကို မျက်စိရှေ့ မြင်တွေ့ စောင့်ကြည့်ရတာမှာ အမေက ကျွန်မအတွက် ပထမဆုံးပါပဲ။   သေခါနီးကာလတွေကို တစ်ရက်ချင်း ရင်ဆိုင်နေရတာ မျက်စိရှေ့မှာ မျက်ဝါးထင်ထင်မြင်တွေ့နေရတာလေ။ နောက်ဆုံး ရက် (၂၀)လောက်မှာ ကိုယ့်ခန္ဓာကိုတောင် ကိုယ်လုံးဝ မနိုင်တော့တာပါ။ ဘေးကနေ စောင့်ကြည့်ပြီး ထူမ,ပေးမှ ထလို့ရတော့တာပါ။ အမေ့မှာ ရှိနေတာ ဆိုလို့ သတိနဲ့ဝေဒနာ နှစ်မျိုးပါပဲ။ အမေ့ ခန္ဓာက ကျန်တာတွေ ဘာမှကို ကောင်းစွာ မစွမ်းဆောင်နိုင်တော့တာပါ။ ခန္ဓာကိုယ် အင်အားတွေ ဖြည်းဖြည်းချင်း ယုတ်လျော့နေပေ မဲ့လည်း တစ်ယောက်ယောက်က အမေ့ကို ထူမပေးပြီးရင် အမေက သူ့ခန္ဓာရဲ့ အပေါ့အလေး အညစ် အကြေးသုတ်သင်တဲ့ ကိစ္စတွေကို  သူ့ဘာသာ တည်ငြိမ်စွာနဲ့ မဆုံးမီ နာရီပိုင်းအထိ လုပ်ဆောင်နေပါ သေးတယ်။ ခန္ဓာအားကို မစိုက်နိုင်ပေမဲ့ စိတ်အားက နောက်ဆုံးအထိ ကောင်းမွန်နေဆဲလို့ သိမြင်နေကြရပါတယ်။ သတိနဲ့ ဝေဒနာကိုရင်ဆိုင်နေတာ နောက်ဆုံး ထွက်သက်အထိ ပါပဲ။ခန္ဓာကိုယ်ကတော့ ဒုက္ခအတုံး အခဲကြီးသက်သက် ဖြစ်ရပြီလေ။ တန်ဖိုးမဲ့လှတဲ့ ဒုက္ခခန္ဓာကြီးထဲကနေ တန်ဖိုးရှိတဲ့ အသိဥာဏ်အနှစ် တရားကိုရယူသွားနိုင်ဖို့ အရေးကြီး လှပါလားဆိုတာ သင်ခန်းစာတွေရ စေခဲ့ပြီ။အမေက ကျွန်မတို့ကို မွေးဖွားခဲ့ ပြီး၊ကျွေးမွေးပြုစုစောင့်ရှောက်  ခဲ့ပြီး၊လောကီနဲ့လောကုတ္တရာအသိတရားတွေကို သူ့ဘဝတစ်လျှောက်လုံးပေးခဲ့တဲ့အပြင် ဘဝရဲ့နောက်ဆုံး အချိန်တွေအထိ သတိတရား၊ အသိဥာဏ်တရားတွေ ထားရှိဖို့ အရေးကိုနည်းပေးလမ်းပြရင်း သေခြင်းတရားကို ရင်ဆိုင်ပြသွားခဲ့တာကလည်း ကျွန်မတို့အတွက် တန်ဖိုး အရှိဆုံးအမွေအနှစ် ဖြစ်ရပါတယ်။       မြတ်စွာဘုရားရှင်ရဲ့ သတိပဋ္ဌာန် အကျင့်မြတ်တရားကို ဘဝရဲ့နေရေး၊ သေရေးမှာ အသုံးချတတ်ဖို့ ကျွန်မတို့ကို အမေက အမူအကျင့်နဲ့ ရှေ့ဆောင်ပြသွားခဲ့ပါပြီ။ အမေနဲ့ ကျွန်မတို့တွေဟာ သံသရာမှာလည်း တွေ့ကြုံခဲ့ကြမှာပါ။ ဒီဘဝတစ်ခုမှာကိုပဲ ကျေးဇူးကြီးမား လွန်းလှတဲ့ အမေ့ရဲ့လောကီအမွေအနှစ်အပြင် သတိနဲ့နေတတ်ခြင်းအမွေအနှစ်ကိုလည်း ကျွန်မတို့တွေ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရင်း နောက်ဆုံးထွက်သက်အချိန်ထိ ဘဝခန္ဓာရဲ့ ဒုက္ခဝေဒနာတွေကို အသိဥာဏ်နဲ့ရင်ဆိုင်ကျော်ဖြတ်ဖို့အရေးကြိုးစား နေရပါဦးမယ်။


ဧရာငြိမ်းအေး


No comments: