Thursday, May 14, 2015

တွေ့ဆုံမေးမြန်း ဓမ္မလမ်း-မိုးမိုးစောဝင်း









          မြတ်စွာဘုရားသာသနာမှာ ပထမဆုံး ဘိက္ခုနီပြုခွင့်ရပြီး ဘိက္ခုနီများထဲမှာ သိက္ခာဝါ           အကြီးဆုံးရ ဧတဒဂ်ဂုဏ်ထူးကို ချီးမြှောက်ခံရသူဟာ မိထွေးတော်ဂေါတမီဖြစ်တယ်လို့ ဖတ်ရှု မှတ်သားဖူးပါတယ်။  ဘိက္ခုနီ သာသနာဟာ မိထွေးတော်ဂေါတမီရဲ့ စွမ်းဆောင်မှုကို  အခြေ တည်ပြီး အရှင်အာနန္ဒာရဲ့လျှောက်ထား တောင်းပန်မှုနဲ့ ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ ဘိက္ခုနီခေါ် ရဟန်းများဟာ ရဟန်း ယောက်ျားများထက်သိက္ခာပုဒ်(၃၁၁)ပုဒ်ကို  ပိုပြီး တင်းကျပ်စွာ လိုက်နာစောင့်ထိန်းခဲ့ရသူများ ဖြစ်ပါတယ်။ ဘိက္ခုနီသာသနာ ပေါ်ပေါက်လာ ခြင်းဖြင့် အမျိုးကောင်းသမီးလေးတွေဟာ အမျိုးသားများ နည်းတူ တန်းတူအခွင့်အရေးများ ရပြီး ရဟန်းမ ပြုလုပ်လို့ မဂ်ဖိုလ်အသီးအပွင့်များကို ခံစားခွင့်ရခဲ့ပါတယ်။ ဘုရားရှင်သာသနာ ခြောက်ရာကျော်ခန့်အချိန်မှာတော့ ဘိက္ခုနီ သာသနာ ကွယ်ပျောက်ပြီး ရဟန်းမများနည်းကို မှီးလို့ အမျိုးသမီးများဟာ ရှစ်ပါးသော သီလ၊ ဆယ်ပါးသောသီလတို့ကို စောင့်ထိန်းပြီး သာသနာ့ နွယ်ဝင်သီလရှင်အဖြစ် ရပ်တည်ခွင့် ရခဲ့ကြပါတယ်။ သီလရှင်များဟာ ရဟန်းတော် များ နည်းတူ ပရိယတ်ပဋိပတ်တို့ကို ထမ်းဆောင်ခွင့်ရခဲ့ပါပြီ။ ဒါကြောင့်လည်း အမျိုးသမီး သာသနာပြုတွေ များစွာ ထွက်ပေါ်ခဲ့ပြီး အခုဆိုရင် ကျွန်မတို့ရဲ့ အမျိုးသမီးသာသနာကို သီလရှင် ဆရာလေးများ ဆရာကြီးများက ဦးဆောင် ထမ်းပိုးနေကြတာဟာ အင်မတန် သာဓုခေါ်စရာ ကောင်းလှပါတယ်။ ဒါကြောင့်လည်း ဒီတစ်လ တွေ့ဆုံမေးမြန်းဓမ္မလမ်း အစီအစဉ်မှာ ပဲခူးမြို့ လိပ်ပြာကန်သီလရှင် စာသင်တိုက်က ဦးစီး ပဓာနနာယက(ပဲခူးတိုင်း သီလရှင် အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ) ဆရာကြီး ဒေါ်ဂုဏဝတီနဲ့ တပည့် သီလရှင်ဆရာလေး များဖြစ်သော ဒေါ်ဝိမလ စာရီ၊ ဒေါ်ကလျာသိင်္ဂီတို့ကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်ရှင်။         

မိုးမိုးစောဝင်း

တွေ့ဆုံမေးမြန်း ဓမ္မလမ်း

          ၁။ ဆရာကြီးးဘုရားရဲ့ဘွဲ့အမည်နဲ့ အခုလက်ရှိ သီတင်းသုံးနေတဲ့ စာသင်တိုက် အမည်ကို ပြောပြပေးပါဦးဘုရား။
          ဆရာကြီးရဲ့ ဘွဲ့အမည်က  ဒေါ်ဂုဏဝတီဖြစ်ပါတယ်။ စာသင်တိုက်အမည်ကတော့ ပဲခူးမြို့ လိပ်ပြာကန် သီလရှင်စာသင်တိုက်ဖြစ်ပါတယ်။

          ၂။ ဆရာကြီးရဲ့ ကျောင်းတိုက်မှာရှိတဲ့ သီလရှင် ဦးရေနဲ့ စာသင်သားသီလရှင် ဘယ်နှပါးလောက် ရှိပါလဲဘုရား။
          ရှိတဲ့သီလရှင်က ခြောက်ဆယ့်သုံးပါး၊ စာသင်သား သုံးဆယ့်ငါးပါး ရှိပါတယ်။

          ၃။ သင်ယူနေတဲ့ အတန်းတွေကို အမိန့်ရှိပါဦး ဘုရား။
          အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ ဓမ္မာစရိယနဲ့ အခြေပြုတန်းလေးတွေလည်း ရှိပါတယ်။ အခြေပြုတန်းဆိုတာ သီလရှင်ဖြစ်ဖြစ်ချင်း အငယ်တန်း မတိုင်မီ ပရိတ်ကြီးတို့ သီလရှင်ကျင့်ဝတ်တို့ ဘုရားရှိခိုးတို့ စတာတွေ သင်ရတာပေါ့နော်။ အခြေပြုတန်းမှာဆို အငယ်ဆုံး သီလရှင်က ကိုးနှစ်ပါ။

          ၄။ ဆရာကြီးရဲ့ သက်တော်နဲ့ဝါတော်ကိုလည်း ပြောပြပေးပါဦးဘုရား။
          အသက်က ၈၃ နှစ်ပါ၊ ဝါတော်က ၆၈ ဝါပါ။

          ၅။ ဆရာကြီးဘုရား သာသနာ့ဘောင်ကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါဦးဘုရား။
           ဆရာကြီးဘုရားတို့ ငယ်ငယ်တုန်းက ဂျပန်ခေတ်၊ စာသင်လို့ မရတော့ဘူး။ ဆရာတွေကို အစိုးရလစာလည်း မပေးတော့လေ။ အဲဒီတော့ ဆရာကြီးတို့ ငယ်ဘဝမှာ သီလရှင်ကျောင်းကို သွားနေကြတယ်။ ဘုရားစာတွေ ဘာတွေ သွားသင်ကြတယ်ပေါ့။ အဲဒီတော့ သီလရှင် ဝတ်ချင်လား ဘာလား မေးတော့တာပေါ့။ ကိုယ်ကလည်း ငယ်ငယ် ဆိုတော့ ဝတ်မယ် ဝတ်ချင်တယ်လို့ ပြန်ပြောလိုက်တာပေါ့။ သိပ်တော့ ဝတ်ချင်သေးတာ မဟုတ်ဘူး။ ဒါပေမဲ့ အမေက ယုံပြီး တကယ်ပဲ အဟုတ်ဝတ်မယ်ထင်ပြီး ဆွမ်းတွေဘာတွေ ချက်၊ ဘယ်လိုဆွမ်းကျွေးမယ် ဆိုတာတွေ ဘာတွေ အစီအစဉ်လုပ်တော့တာ။ ဆေးဝင်္ကပါ ဆရာတော်ဘုရားကလည်း ဆရာကြီးတို့ တောရကျောင်းနောက်မှာ ဘုရားတွေလာတည် နေတာလေ။ ညကျရင် တရားပွဲတွေ ဘာတွေလုပ်ပေါ့။ လှည်းတွေနဲ့ တရားပွဲကိုသွားရတာ ပေါ့။ တရားနာရတာကို ပျော်နေတာ။ ပြီးတော့ ဆရာတော် ဘုရားတည်တဲ့နေရာမှာ ခဲထု သဲထု လုပ်အားဒါနပေါ့။ ဒီလိုလုပ်နေရင်းနဲ့ကို သီလရှင်ဘဝနဲ့ ဆက်ပျော်သွားတာပဲ။ ဆရာတော် ပြန်ကြွသွားတော့ ဆရာကြီးတို့ရဲ့ ဆရာက နင်တို့ကို ဒီတိုင်းထားလို့ မဖြစ်ဘူး။ စာသင် တိုက်ကိုပို့မယ်ဆိုပြီးတော့ ရန်ကုန် ဗဟန်း (၁)လမ်း ရွှေကြာရုံစာသင်တိုက်ကို ပို့တာ။

          ၆။ ဆရာကြီးဘုရား ပြောပြနေတဲ့ ငယ်ဘဝက ဘယ်ရွာ ဘယ်မြို့များလဲဘုရား။ အဲဒီတုန်းက ဆရာကြီးဘုရားက ဘယ်အရွယ်လောက်လဲ ဘုရား။
          ကွေ့တန်းရှည်ရွာတဲ့ ပဲခူးမြို့နယ်ထဲမှာပဲလေ။ အသက်က ဆယ့်ငါးနှစ်ကျော်ကျော်ပေါ့။

          ၇။ ဒါဆို စာသင်တိုက်ကို့ပို့ပြီး စာသင်စေတဲ့အခါမှာ ဒီ ရွှေကြာရုံကျောင်းတိုက်မှာပဲ တောက်လျှောက် သင်ခဲ့တာလား ။ စာသင်တိုက် အပြောင်းအလဲတွေ ရှိသေးလားဘုရား။
          မရှိဘူး ၊ အဲဒီတစ်ခုတည်းပဲ၊ အဲဒီကျောင်းမှာပဲ အစိုးရ ပထမငယ်ကို ၁၃၁၅- နှစ်မှာအောင်တယ်။ အစိုးရ ပထမလတ်ကို ၁၃၁၆- မှာအောင်တယ်။ အစိုးရ ပထမကြီးကို ၁၃၁၈- မှာ အောင်တယ်။ ၁၃၂၀- ကျတော့ သာသနာ့ဓဇ ဓမ္မာစရိယတန်းကိုအောင်တယ်။  ၁၃၂၂- မှာ သာသနာ့ဓဇဓမ္မာစရိယ ပါဠိပါရဂူတန်းကို အောင်မြင်ခဲ့ပါတယ်။ ဆရာကြီးဘုရား အောင်မြင်ခဲ့တုန်းက အချိန်ဆို ပါဠိပါရဂူတန်းကိုအောင်တာ တစ်နိုင်ငံလုံးမှာ နှစ်ပါးပဲ ရှိခဲ့ပါ တယ်။

          ၈။ ဆရာကြီးဘုရားရဲ့အောင်မြင်မှုတွေက ဂုဏ်ယူစရာပဲဘုရား။ သာသနာ့လမ်းမှာ လျှောက်ပြီး ဒီလိုခက်ခဲတဲ့ စာမေးပွဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဘယ်လို စွမ်းရည်စိတ်ဓာတ်မျိုး ထားခဲ့လို့လဲဘုရား။
          ဆရာကြီးဘုရားက ပင်ကိုÓာဏ်ကောင်းတယ်။ ပြီးတော့ စိတ်မပျံ့လွင့်ဘူး။ ကိုယ့်လျှောက်မယ့် လမ်းကို တဖြောင့်တည်း တစ်စိတ်တည်းထားပြီး တည့်တည့် မတ်မတ်လျှောက်ခဲ့လို့ လို့ သုံးသပ်မိတယ်။
         
          ၉။ အနှောင့်အယှက်ဆိုတာလည်း တစ်ခါမှ မကြုံတွေ့ခဲ့ဖူးလားဘုရား။
          ရှိတာပေါ့။ ကိုယ်က အကြီးဆုံးလေ။ တစ်ခါတလေ အမေ့ကို သနားတယ်။ လူဝတ်နဲ့ အမေ့ကို ကူရင်ကောင်းမလားပေါ့။ ဒါပေမဲ့ အမေက ပြောတယ်။ သာသနာ့ဘောင်မှာပဲ နေပါ။ ငါ့သမီး လူထွက်လည်း အမေ့အတွက် ဘာမှမထူးပါဘူး။ အလတ်တွေ အငယ် တွေရှိပါတယ်။ ရွေးချယ်ထားတဲ့ လမ်းမှာ စိတ် အနှောင့်အယှက် ကင်းကင်းနေပါလို့ပြောတာနဲ့ ဆရာကြီး ဘုရားလည်း ဆက်ဝတ်ဖြစ်ခဲ့တာပါ။အခုတော့ အလတ်ရော အငယ်ရော ဆုံးသွားကြပါပြီ။
         
၁၀။ ဆရာကြီးဘုရား ပရိယတ် ပဋိပတ်ကို မျှတအောင် ဘယ်လို ကျင့်ကြံနေထိုင်ပါလဲဘုရား။
          နှစ်ခုလုံး မျှအောင်ကျင့်သုံးပါတယ်။ ဆရာကြီးက ကိုယ်တိုင်လည်း စာတွေသင်ခဲ့တယ်။ စာချဆရာ အဖြစ်လည်းနှစ်ပေါင်းများစွာလုပ်ခဲ့တယ်။ကိုယ်တိုင်တင်မက ကိုယ့်တပည့်တွေကို လည်း နွေလ ကျောင်းပိတ်တဲ့ အခါဆို တပည့်တွေကိုလည်း တရား အားထုတ်ခိုင်း တယ်။ မိုးကုတ်ဖြစ်ဖြစ် မဟာစည်ဖြစ်ဖြစ် နောက် ဒေးစွန်ပါနားက ဆင်ပုန်းကျောင်းကို လွှတ်တယ်။ တရား အားထုတ်ခိုင်းတယ်။ ဝိပဿနာအားထုတ်ခြင်းရဲ့ စိတ် အေးချမ်းမှုကို သိစေချင်တယ်။ နိဗ္ဗာန်မျက်မှောက် ပြုဖို့ တရားအားထုတ်ရမယ်လေ။ ဆရာကြီးဘုရား ငယ်ငယ်က ဆရာ ဆိုရင် ဘယ်လိုဆုံးမသလဲဆိုတော့ တရားထိုင် တရားအားထုတ်ပြီးမှ စာသင်၊ စာတွေပိုရ တယ်၊ ဥာဏ်ပိုကောင်းတယ်၊ စာမေးပွဲတွေအောင်မယ် ဒီလို ပြောခဲ့တာလေ။ ငယ်ငယ်တုန်း ကတည်းက ဒီစကားကို စွဲနေအောင် မှတ်ခဲ့တာ။ ရန်ကုန်ရောက်ရောက်ချင်းလည်း ရွှေတိဂုံ ဘုရားသွားပြီး ဆုတွေတောင်းခဲ့တာပေါ့။ တကယ်လည်း စာသင်တိုက်ရောက်ရော ပင်ကိုဥာဏ် ကလည်း ကောင်းတာဆိုတော့ စာသင် စာကျက်လို့ သိပ်ကောင်းခဲ့တာပေါ့။
         
          ၁၁။ ဆရာကြီးဘုရားရဲ့ လက်ကိုင်ထားတဲ့ ခံယူချက်များရှိရင် မိန့်ပါဦးဘုရား။
          “စိတ်ကောင်းရှိ သီလမြဲ သံသရာဝဋ်က ကျွတ်မည်မလွဲ” ဆိုတာ ဆရာကြီးဘုရား ကိုင်စွဲထားတဲ့ ဆောင်ပုဒ်လေးပါ။
+++++++
         
၁။ ဆရာလေးရဲ့ ဘွဲ့အမည်နဲ့ သက်တော် ဝါတော်ရယ် ဒီစာသင်တိုက်မှာ တာဝန်ယူရမှု အနေအထားလေးကို ပြောပြပေးပါဦးဘုရား။
          ဆရာလေးရဲ့ ဘွဲ့က ဒေါ်ဝိမလစာရီဖြစ်ပါတယ်။ သက်တော်က သုံးဆယ့်ခုနှစ်ပါ။ ဆရာလေးက တိုက်အုပ်ပါ။
         
          ၂။ ဆရာလေးက စာပေသင်ကြားမှုမှာရော ဘယ်အတန်းတွေသင်ရလဲဘုရား။
ဆရာလေးက အတန်းစုံ မျှသင်ပေးရတာပေါ့။
         
          ဆရာလေး ပရိယတ်မှာအောင်မြင်ခဲ့တဲ့ စာမေးပွဲတွေကိုလည်း ပြောပြပေးပါဦးဘုရား။
          မူလတန်း၊ အငယ်တန်း၊ အကြီးတန်း အောင်မြင်ပြီး ဓမ္မာစရိယတန်း သုံးကျမ်းအောင် တယ်။ ပြီးတော့ ၆၉- ခုနှစ်က သာသနာ့ဓဇဓမ္မာစရိယဘွဲ့ကို ရခဲ့ပြီးပါပြီ။ စမ္မာစရိယတန်းပြီး ကတည်းက စာချခဲ့တာ အခုဆို စာချသက် ဆယ့်နှစ်နှစ်ရှိပါပြီ။
         
          ၃။ သာသနာ့လမ်းကို လျှောက်ဖြစ်ပုံအစလေး။
ဆရာလေးမိဘတွေက ဘုရားတရားသမားတွေပါ။ ဆရာလေး ဆယ်နှစ်သမီးလောက် ကတည်းက အဘိုး အဘွားတွေနဲ့လိုက်ပြီး ဘုန်းကြီးကျောင်းလိုက်၊ ဥပုသ်စောင့် ဒီလိုနေခဲ့ တာပါ။ ဆရာလေးတို့ငယ်ငယ်တုန်းကကိုးကွယ်တာက တောင်စွန်းဓမ္မဒူတအရှင်ပညာဇောတ ဆရာတော်ဘုရားလေ။ အဲဒီမှာ တရားစခန်းဝင်တယ်။  တရားစခန်းမှာ သီလရှင်တွေတွေ့ရ တော့ ကိုယ်လည်း သီလရှင်ဝတ်ချင်စိတ်ပေါက်လာတယ်။ နောက်တော့ အဖေ့ရဲ့အစ်မ သီလရှင်ကြီးက မေးလာတယ်။ သီလရှင် ဝတ်မလားပေါ့။ ဒီလိုနဲ့ ဆယ့်ငါးနှစ်သမီးမှာ သီလရှင် ဝတ်ဖြစ်တယ်။ ဝတ်တုန်းကတော့ အမြဲဝတ်မယ် မရည်ရွယ်ခဲ့ပေမဲ့ သီလရှင်ဘဝရောက်ချိန် မှာပဲ စာသင်တိုက်ကိုရောက်၊ စာတွေလေ့လာဆည်းပူးရင်းနဲ့ပဲ ဒီဘဝကိုပျော်မွေ့သွားတာပါ။
         
          ၄။ ဆရာကြီးဘုရားနဲ့ရော ဘယ်လိုတွေ့ဆုံခဲ့တာလဲဘုရား။
          သီလရှင်စဝတ်ကတည်းက ဆရာကြီးဘုရားဆီမှာပဲ စဝတ်ခဲ့ပြီးတော့ ခုချိန်ထိ အတူတူနေခဲ့တာပါ။
         
          ၅။ ကိုယ့်ဆရာသမားဖြစ်တဲ့ ဆရာကြီးဘုရား အပေါ်မှာ ဆရာလေး လေးစားအားအကျမိဆုံး အချက်က ဘာများဖြစ်မလဲဘုရား။
          အလေးစားရဆုံးအချက်က ဆရာကြီးဘုရားရဲ့ ကြီးမားတဲ့ မေတ္တာတရားနဲ့ ကိုယ်ကျင့်သီလပါ။
         
          ၆။ ဆရာလေးတို့လျှောက်တဲ့လမ်းကို လျှောက် ချင်ကြတဲ့ ညီမတွေ အစ်မတွေကို ဘယ်လိုစကားမျိုး နဲ့လက်ကမ်းခေါ်ချင်ပါသလဲဘုရား။
          အမျိုးသမီးသာသနာကို အမျိုးသမီးတွေ ဆက်လက်ထိန်းသိမ်းမှ တည်တံ့ခိုင်မြဲမှာပါ။ သီလရှင်သာသနာထွန်းကားဖို့ ဆရာလေးတို့သီလရှင် တွေမှာ တာဝန်ရှိတယ်။ ဘဝသံသရာ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းလည်းဖြစ်ပါတယ်။ လူဝတ်ကြောင်ဘဝနဲ့ သီလရှင်ဘဝ မတူပါဘူးဆိုတဲ့ သဘောလေးကိုသိပြီး သာသနာ့လမ်းကို ရဲရဲကြီး လျှောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

          ၇။ ဆရာလေးရဲ့ ရည်မှန်းချက်ကို သိပါရစေ။
          ပညာသင်လို့ မဆုံးသေးပါဘူး၊ မဆုံးခဲ့ပါဘူး။ ဒါပေမဲ့ ဆရာသမားကို ကျေးဇူးဆပ်ဖို့ ဆုံးဖြတ်ပြီး တာမို့ တိုက်မှာပဲ စာချတာဝန်ကို ယူနေပါတယ်။ ဒါပေမဲ့  ကိုယ့်တပည့်တွေ လက်ထက်မှာကျတော့ ကိုယ်မလုပ်နိုင် ခဲ့တာတွေကို သူတို့လုပ်နိုင်အောင် ဖြည့်ဆည်းပေး ရတဲ့ သူဖြစ်ချင်ပါတယ်။ သာသာနာပြုနိုင်တဲ့ သူရဲကောင်း တပည့်တွေ အများကြီး မွေးထုတ် ပေးချင်ပါတယ်။
+++++++

          ၁။ ဆရာလေးရဲ့ ဘွဲ့အမည်နဲ့ သက်တော် ဝါတော်ရယ် ကျောင်းတိုက်မှာ တာဝန်ယူမှုအပိုင်းလေးရယ် ပြောပြပေးပါဦးဘုရား။
          ဆရာလေးဘွဲ့က ဒေါ်ကလျာသိင်္ဂီပါ။ အသက်က သုံးဆယ်တစ်ပါ။ အခု လိပ်ပြာကန် စာသင်တိုက်မှာ တိုက်ကြပ်တာဝန် ထမ်းဆောင်နေပါတယ်။

          ၂။ ဆရာလေး သာသာနာ့ဘောင်ကို စ ရောက်ခဲ့ပုံလေး ပြောပြပေးပါဦးဘုရား။
          ဆရာလေး ငါးနှစ်သမီးကတည်းက သီလရှင် ဝတ်ဖြစ်တာပါ။ ဆရာလေးတို့က သာသနာ့ဘောင်နဲ့ နီးစပ်တယ်ပြောရမှာပေါ့။ ဆရာလေးရဲ့ အစ်မအကြီးက သီလရှင်ပါ။ အစ်ကိုတွေကလည်း ဘုန်းတော်ကြီးတွေပါ။ ဆရာလေးအစ်မကြီးက ဆရာလေးကို သူ့လိုပဲ ဖြစ်စေချင်တော့ ငါးနှစ်သမီးလေးကို အရင်ဒုလ္လဘ ဝတ်ပေးတာပေါ့။ ဒီလိုစိတ်နဲ့ အစ်မက ဆရာလေးကို ပြုစုပျိုးထောင်ပေးခဲ့တာပါ။

         
၃။ မိဘတွေကရော သဘောတူကြပါလား ဘုရား။
          မိဘတွေကတော့ အငယ်ဆုံးသမီးလေး ဆိုတော့ ပထမ သိပ်သဘောမတူကြဘူးပေါ့။ ဒါပေမဲ့ အစ်မကြီးက ဆန္ဒအရမ်းရှိနေတော့ နောက်ဆုံး သဘောတူသွားကြပါတယ်။

          ၄။ ဆရာလေး ဖြေဆိုအောင်မြင်ခဲ့ပြီးတဲ့ စာမေးပွဲတွေကိုလည်း သိပါရစေဘုရား။
          အခြေပြု မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ သာသနာ့ဓဇ ဓမ္မာစရိယတန်း၊ ဝိနယဝိဒူတန်းတို့ အောင်မြင်ခဲ့ပြီးပါပြီ။

          ၅။ ဆရာကြီးဘုရားနဲ့ အသက်ဘယ်နှနှစ် ကတည်းက တွေ့ဆုံခဲ့တယ်ဆိုတာရယ်၊ ဆရာကြီး ဘုရားအပေါ်မှာ လေးစားအားကျမိတဲ့အချက်က ဘာလဲဆိုတာရယ် ပြောပြပေးပါဦး ဘုရား။
          အသက်ဆယ့်တစ်နှစ်ကတည်းက ဆရာကြီးဘုရားရဲ့ ပညာရင်နို့ကို သောက်သုံးခဲ့ တာပါ။ လေးစား အားကျရတဲ့ အချက်ကတော့ အမြဲတမ်း စိတ်နှလုံး အေးချမ်းအောင်နေ တတ်ပြီး မေတ္တာတရားအားကြီးလွန်းတာကို အင်မတန် လေးစားအားကျမိပါတယ်။

          ၆။ သာသနာ့လမ်းကိုလျှောက်တဲ့နေရာမှာ သီလရှင်ဆရာကြီး၊ ဆရာလေးများရဲ့ ဘဝဟာ ခက်ခဲတယ်လို့ တပည့်တော်တို့ နားလည်ပါတယ် ဘုရား။ ဆရာလေးတို့ ဒီအပေါ်မှာရော ဘယ်လို ဝေဖန်သုံးသပ်ချင်ပါလဲ။
          ဟုတ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ ဆရာလေးတို့ကို ပစ္စည်းလေးပါး ဝိုင်းဝန်းပံ့ပိုး ပေးကြတဲ့ ဒါယကာ ဒါယိကာမများရဲ့ ကျေးဇူးတရားနဲ့ အမျိုးသမီးသာသနာ သီလရှင်သာသနာကို ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ သာသနာပြုတယ်ဆိုတဲ့နေရာမှာ ဆရာလေးတို့ တစ်ပိုင်းနဲ့ ပြုလို့် မပြီးဘူးလေ။ ဒကာ ဒကာမတွေရဲ့ အားက အင်မတန် လိုပါတယ်။ ဒကာ ဒကာမတွေ ပံ့ပိုးမှုက အများကြီး အားဖြစ်စေပါတယ်။ ဒကာ ဒကာမ တွေအနေနဲ့လည်း ဒီ ကျောင်းတိုက်က ထူးချွန်တဲ့ စာသင်သားတွေထွက်ရင် အင်မတန် ဝမ်းသာကြတာပေါ့။

          ၇။ ဒီကျောင်းတိုက်ရဲ့ နေ့စဉ်လုပ်ဆောင်မှု ဇယားလေးကိုလည်း သိပါရစေဘုရား။
          ဆရာလေးတို့ မနက် လေးနာရီခွဲ အိပ်ရာထ၊ ငါးနာရီ ဘုရားဝတ်ပြု တစ်နာရီ ကြာတယ်ပေါ့၊ ခြောက်နာရီဆို အရုဏ်ဆွမ်းဘုဉ်းပေးပြီး ခုနစ်နာရီဆို စာသင်ကျောင်းသွား စာချ စာအံပေါ့၊ ဆယ်နာရီထိ လုပ်ကြတယ်။ နောက် ခဏနား ကိုယ်ရေးကိုယ်တာ ကိစ္စလေး တွေလုပ် ၊ ဆယ့်တစ်နာရီဆို နေ့ဆွမ်းဘုဉ်းပေး၊ နောက် နေ့ခင်းတစ်နာရီထိုးရင် စာချ စာအံ ပြန်လုပ်ပေါ့။ လေးနာရီခွဲဆို စာသင်ကျောင်းပြန်ဆင်းပေါ့။ ညနေ ခြောက်နာရီဆို ဘုရားရှိခိုး တစ်နာရီကြာပေါ့။ ခုနစ်နာရီ ဘုရားရှိခိုးပြီးတာနဲ့ စာသင်ကျောင်းပြန်တက် ၊ ည ဆယ်နာရီထိ ပေါ့။ ဒါ တစ်နေ့တာ အချိန်ဇယားလေးပေါ့။ နောက်ပိုင်းအချိန်တွေက တရားအားထုတ် ပုတီးစိတ်ပေါ့။ ည ဆယ့်တစ်နာရီဆိုရင်တော့ အိပ်ကြတာပေါ့။

          ၈။ လျှောက်လှမ်းခဲ့ရတဲ့လမ်းမှာ အခက်အခဲ များရှိရင် ပြောပြပေးပါလားဘုရား။

          အခက်အခဲကတော့ လူ့ဘဝမှာလည်းရှိမယ်။ ဆရာလေးတို့ဘဝတွေမှာလည်း ကာယိကဒုက္ခလေးတွေ ရှိတာပေါ့။ ဒါတွေကို ယောနိသော မနသိကာရဆိုတဲ့ တရားလက်ကိုင် ထားပြီးဖြေရှင်းပါတယ်။

          ၉။ ဆရာလေးရဲ့ ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ပြောပါဦးဘုရား။
          ပရိယတ်ရော ပဋိပတ်ကို တွဲပြီး သာသနာ့ တာဝန်တွေကို ထမ်းဆောင်ချင်ပါတယ်။ အခု ဆရာလေးတို့ ပရိယတ်မှာလည်း အမြင့်ဆုံးတွေလည်း ရှိပါသေးတယ်။ ဆရာလေး ဆက်ဖြေချင်ပါသေးတယ်။ တပည့်လေးတွေကိုလည်း သာသာနာ့အာဇာနည် စွမ်းစွမ်းတမံလေးတွေဖြစ်စေချင်တယ်။ သူတို့လေးတွေ ပြည့်စုံအောင် ပံ့ပိုပေးချင်ပါတယ်။

          ၁၀။ သာသနာတော်ကြီးစည်ပင်ပြန့်ပွားဖို့ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

          စိတ်ကိုထိန်းရင် အားလုံးငြိမ်းတယ်၊ စိတ်တစ်ခု ထိန်း အားလုံးငြိမ်းဆိုတဲ့ မြတ်စွာဘုရားရဲ့ လမ်းညွှန်မှု အောက်မှာ ဆရာလေးတို့ အားလုံးဟာ မိမိစိတ်ကို ထိန်းပြီးတော့ သင့်တင့်အောင် နှလုံးသွင်းပြီးတော့ နေရမယ်။ သာသနာ့ဘောင်ထဲမှာနေမယ်ဆိုရင် မြတ်စွာဘုရားလမ်းညွန်ချက်တွေကို နားထောင်ရမယ်။ ဘုရားသားတော် သမီးတော်တွေဟာ ဘုရားစကား နားထောင် ကျင့်ကြံမယ်၊ လုပ်ဆောင်မယ်ဆိုရင် သာသနာတော်ကြီးကလည်း စည်ပင်ပြန့်ပွားမှာ အသေအချာပါပဲ။

မိုးမိုးစောဝင်း

No comments: