စွန်းလွန်းဂူဆရာတော်ကြီး
ဖြေကြားသော
ဝန်ကြီးချုပ်ဦးနု၏
မေးခွန်းများ
ညီညီတင်
တစ်ချိန်က သာသနာမှာ ရဟန္တာတစ်ဆူဟု ကျော်ကြားတော်မူသော
ထွန်ထောင် ဆရာတော် (လူ့ဘဝတုန်းက ထွန်ကိုထောင်၊ နွားတွေကို ဘေးမဲ့ပေးပြီး ရဟန်း
ဘောင် ဝင်ရောက်ခဲ့လို့)စွန်းလွန်းဂူဆရာတော်ဦးကဝိကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက
ဖူးမြော်ရင်း မေး+ ဖြေခဲ့တဲ့ စကားဆိုတာကို လွန်ခဲ့သောနှစ်ပေါင်း(၆၀) ကျော်က
ထုတ်ဝေခဲ့သည့် ဤစာအုပ်လေးကို ပြန်လည်ဖတ်ရှုရသည့်အခါ ပညာရှင်နှစ်ဦး၏ အဘိဓမ္မာဆိုင်ရာ
အမေး အဖြေတွေကို ဓမ္မမိတ်ဆွေများ လေ့လာစေချင်ပါသဖြင့် တင်ပြအပ်ပါသည်။
မေး - လူတို့ပြည်တွင် သစ်လေးပင်၊သေစေလို ရေအေးလောင်း၊
ရှင်စေလို ရေနွေးလောင်း ဟူသော အမေးကို ဖြေကြားတော်မူပါ ဘုရား။
ဖြေ - လူတို့ပြည်တွင် သစ်လေးပင်ဆိုရာ၌ လူ့ပြည် နတ်ပြည်
ဗြဟ္မာ့ပြည်ရယ်လို့ လောက ဝေါဟာရအားဖြင့် ရှိသော်လည်း ဘယ်ပြည်မှာများ
ဘုရားပွင့်တယ်လို့ ကြားဖူးသတုံး။
လူ့ပြည်မှာလို့ ကြားဖူးပါတယ် ဘုရား။
အဲ - ဂင်္ဂါ ဝါဠု သဲစုမက
ပွင့်တော်မူကြတဲ့ဘုရားရှင်များမှာ သစ္စာလေးပါးနှင့်သာ ပွင့်ခြင်းကြောင့်
လူတို့ပြည်တွင် သစ်လေးပင်ဟုဆိုသည်။ သေစေလို ရေအေးလောင်း ဆိုရာ၌ မဂ္ဂင်ရေကို ဆိုလိုသည်။
ရှင်စေလို ရေနွေးလောင်း ဆိုရာ၌ လောဘ၊ ဒေါသ၊ မောဟရေနွေးကို ဆိုလိုသည်။
မေး - မထိုင်ခင်က ခြေဆေး၊ မလင်းခင်က ရောင်နီလာ၊
မချက်ခင်က ထမင်း၊ မကျက် ခင်က
စားပြီးပြီ၊ မရက်ခင်က ပုဆိုး၊ မချုပ်ခင်က ဝတ်ပြီးပြီ၊ ၄င်းအမေးကို ဖြေတော်မူပါဘုရား။
ဖြေ - အေး အဲဒါ ဝိတက်လို့ ခေါ်တယ်။ (ဝိတက် ဆိုသည်မှာ
ကြံစည် စဉ်းစား စိတ်ကူးယဉ်ခြင်း ဖြစ်သည်။)
မေး - ဘုရားတစ်ဆူ တစ်ဆူလျှင် သင်္ချေနှစ်ဆယ် ကုဋေရှစ်ဆယ်ဗိုလ်ခြေတစ်သိန်း
ကျွတ်တမ်းဝင်သွားတယ်လို့ကြားဖူးပါတယ်။ကျန်သောသတ္တဝါတွေဟာ လျော့သလား
မလျော့ဘူးလားဘုရား။
ဖြေ - ဒကာကြီးမေးတဲ့အတိုင်းပဲ လျော့သလားဆို လျော့တယ်၊
မလျော့ဘူးလားဆိုရင်လည်း မလျော့ဘူးပေါ့။
မေး - လျော့တာ ဘယ်လို၊ မလျော့တာ ဘယ်ပုံဆိုတာ
သိလိုကြောင်းပါ ဘုရား။
ဖြေ - လျော့တယ်ဆိုတာက ဥပမာ - ဒကာကြီးအိမ်မှာ
လူဆယ်ယောက် ရှိတယ်ဆိုပါတော့။
ငါးယောက် ဆင်းသွားရင် ဆင်းသွားတဲ့ ပုဂ္ဂိုလ်သတ္တဝါလျော့တာပေါ့၊
မလျော့ဘူးဆိုတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရား မလျော့ဘူး။
မေး - ထင်းမရှိ တောသုံးထောင်၊ ရေမရှိ မြစ်လယ်ခေါင်၊
နှမမရှိ ခြောက်ယောက်မောင်ကို ဖြေရှင်းတော်မူပါဘုရား။
ဖြေ - ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့မှာ ကာမ၊ရူပ၊အရူပ
ဆိုတဲ့ တောသုံးထောင်ထဲတွင် နေငြားသော်လည်း ၄င်းပုဂ္ဂိုလ်များမှာ လောင်စာ မရှိသောကြောင့်
ထင်းမရှိ တောသုံးထောင်ဟုခေါ်သည်။ သတ္တဝါတို့၏အာရုံအစဉ်မှာ မြစ်ရေအလျဉ်ကဲ့သို့ တသွင်သွင်
စီးဆင်းနေငြားသော်လည်း ဘုရားစသော အရိယာသူတော်ကောင်းတို့မှာ အာရုံယိုစီးခြင်း မရှိတာကို
ရေ မရှိ မြစ်လယ်ခေါင်ဟုခေါ်သည်။ ဘုရားစသော အရိယာ သူတော်ကောင်းတို့မှာ မျက်စိ နား
နှာခေါင်း ပါးစပ် ကာယ မန တံခါးခြောက်ပေါက်ပင် ရှိသော်လည်း အာရုံလိုက်စားခြင်း
မရှိတာကို နှမ မရှိ ခြောက်ယောက်မောင်လို့
ခေါ်သည်။
မေး - အရှင်ဘုရားတို့ ရဟန်းများမှာ မိမိကိုယ်ကိုမိမိ
သွေးထွက်အောင်လုပ်ရုံမျှနှင့် ဒုက္ကဋ်အာပတ် တပ်သလား မတပ်ဘူးလား။
ဖြေ - တပ်တယ်။
မေး - ဒါဖြင့်လျှင် ဘုရားလက်ထက်က ရဟန်းတစ်ပါးဟာ မိမိလည်ပင်းကို
ဓားနှင့်လှီးပြီး ဝေဒနာရှုတာနဲ့ အရဟတ္တဖိုလ်ဆိုက်ပြီး ပရိနိဗ္ဗာန်ပြုသွားတယ်လို့
ကြားဖူးပါတယ်။ ၄င်း ရဟန်း ဟာ အာပတ်နှင့်တကွ မဂ်ဖိုလ်သို့ ဆိုက်ပါသလား ဘုရား။
ဖြေ - ဆိုက်တာ မှန်တယ်၊ ဒုက္ကဋ်အာပတ် မရှိလို့ ဆိုက်တာ။
မေး - ဒါဖြင့် ဘုရား၊ အရှင်ဘုရားတို့မှာ သွေးထွက်ရုံမျှနှင့်
အာပတ်သင့်တာ၊ အခုဟာက သွေးထွက်ရုံမက ကိုယ့်ကိုယ်ကိုယ်
အသေတောင် သတ်တာ ဒုက္ကဋ် အာပတ်
မသင့်ပေဘူးလား ဘုရား။
ဖြေ - မသင့်ဘူး။ ဥပမာ ဒကာကြီး ပစ္စည်းမကိုင်နှင့်လို့
မတားမြစ်ခင် ဘုန်းကြီးက ကိုင်လိုက်ရင် ဘုန်းကြီးမှာ အပြစ်များရှိမလား။
မရှိပါ
ဘုရား။
တားမြစ်ပြီးမှ
ကိုင်တော့ရော
အပြစ်ရှိပါတယ် ဘုရား။
အဲသည်ဥပမာအတိုင်းပဲ။ ထိုပုဂ္ဂိုလ်မှာ အပြစ်မရှိတာလည်း မှန်တယ်၊
မဂ် ဖိုလ် ဆိုက်တာလည်း မှန်တယ်။
ကျေနပ်ဝမ်းမြောက်လှပါသည် ဘုရား။
ယင်းရဟန်းကား လူ့ဘဝကို ငြီးငွေ့လွန်းသောကြောင့် ထွက်ပေါက်ရှာသည့်
အနေဖြင့် ရပြီးသား လောကီဈာန်ကို မလျော့ကျခင် မြစ်ကမ်းနားသွားကာ မိမိကိုယ်ကို
ဆံရိတ်သော သင်ဓုန်းဓားဖြင့် လည်ပင်းကို လှီးဖြတ်မည် ကြံရွယ်စဉ်
ရဟန်းဘဝတစ်လျှောက်လုံး စောင့်စည်းထိန်းသိမ်းလာခဲ့သော မိမိ၏ စင်ကြယ်သန့်ရှင်းသော
သီလကို တွေ့မြင်ရသောအခါ အဆင့်ဆင့် ဝမ်းသာမှုပီတိသည် ခန္ဓာကိုယ်တစ်ခုလုံးသို့
ပျံ့နှံ့သော ဖရဏာပီတိအဖြစ်သို့ ရောက်လေ၏။
၎င်းပီတိဝေဒနာကို ခွာ၍ ဝိပဿနာ ရှုမှတ်သောအခါ ကိလေသာကုန်ခြင်း၊
အရဟတ္တမဂ် အရဟတ္တ ဖိုလ်သို့ဆိုက်ခြင်း၊ အသက်ဇီဝိတိနြေ္ဒကုန်ခန်းခြင်းသည်လည်း တစ်ပြိုင်နက်ဖြစ်ကာ
တစ်ခဏအတွင်း အလွန်လျင်မြန်ကာ ပရိနိဗ္ဗာန်စံခြင်းကိစ္စ ပြီးသွား သောကြောင့် သတ္တဝါတို့
တစ်ဘဝမှတစ်ဘဝသို့ကူးပြောင်းတိုင်း ဖြစ်ရာဘုံဘဝကို စုံစမ်း ထောက်လှမ်းလေ့ရှိသော
မာရ်နတ်သည်ပင် မျက်စိလည်သွားသည်ဟူ၏။
ထိုမာရ်နတ်ကား (၃၁)ဘုံအတွင်း ဘယ်နေရာဖြစ်ဖြစ် ရောက်သွားလျှင်
သူ့ပိုင်နက်အတွင်း ဖြစ်သော ကြောင့် ကျေနပ်နေလေ့ ရှိသတဲ့။ မာရ်နတ် ရှာဖွေနေ
ကြောင်းသိသော ဘုရားရှင်က ဟယ်-မာရ်နတ် သင်က ငါဘုရားတပည့်ကို အထင်သေးသကိုး၊
သင်မကျေနပ် လို့ (၃၁)ဘုံ အတွင်း ကြိုက်သလောက်ရှာ ဘယ်တော့မှ တွေ့မှာမဟုတ်တော့ ဘူး။
ငါ့သားတော် ဂေါဓိက ရဟန်းဟာ နိဗ္ဗာန်ဝင်သွားပြီဆိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ သူ့ နေရာနတ်ပြည်ကို
ပြန်သွားသတဲ့။(စကားချပ်-ဂေါဓိကတ္ထေရဝတ္ထု၊ ဓမ္မပဒ)
မေး - တစ်ခုလောက်လျှောက်ပါရစေ၊ သုတ်မဟာဝါပါဠိတော်မဟာနိဗ္ဗာနသုတ်ထဲမှာ
ဘုရား၏ ဓာတ်တော်ဝေခန်း တွေ့ပါ တယ်။
၎င်းသုတ်ကိုပင် ဘုရားဟောလို့ဆိုပါတယ်။ ဓာတ်တော်များကိုဘုရားပရိနိဗ္ဗာန် မပြုမီက ဝေခဲ့ပါသလား သို့တည်းမဟုတ်
ဘယ်သူဝေခဲ့သတုံး ဘုရား။
ဖြေ - ဧဝံ မေ သုတံကို ဘယ်သူဟောသတုံး။
ကျေနပ်လှပါ၏ ဘုရား။
မေး - နိဗ္ဗာန်၏ အကြောင်းကို အမိန့်ရှိတော်မူပါဘုရား။
ဖြေ - နိဗ္ဗာန်အကြောင်း သိချင်သလား၊ သိချင်လျှင် ဘင်
စွန်း မြင်အောင်ကြည့်က သိလိမ့်မည်။
မေး - ဘယ်လို ဘင်စွန်း ဘယ်လိုမြင်အောင်ကြည့်ရမှာတုံး
ဘုရား။
ဖြေ - ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် မိမိ ခန္ဓာကိုယ်ကို
သတိနှင့် သုံးသပ်လျက် သမာဓိ အားကောင်းလာသော် စိတ် စေတသိက် ရုပ် ဆိုတဲ့ တရားသုံးပါးကို ပိုင်းပိုင်းခြားခြား မြင် သောအခါ
ဒီဒုက္ခကြီးဟာ ဘယ်သူ့ကြောင့်လဲလို့ စိစစ်လိုက်တော့ လုပ်ပေးတတ်တဲ့ လောဘဆိုတဲ့ သမုဒယကို
မြင်တော့ မဂ်က အနုသယကို ပယ်သတ်လိုက်တာနှင့် ဥပါဒ် ဌီ ဘင်ဆိုတဲ့ အကြောင်းအကျိုးပြတ်တာကို
ဘင်စွန်းဟု ခေါ်တယ်။ အဲဒီဘင်စွန်းကို ပြောတာ။
မေး - မိမိခန္ဓာကိုယ်ကို ထိတော့ သိတယ်လို့ ပြောတယ်။
သိတယ်ဆိုတာ သူချည်းပဲ သိတာလား သို့မဟုတ် သူတကာ(အခြားတရား)နှင့်ရောစပ်မှ သိတာလား။
ဖြေ - ရောစပ်မှသိတယ်။
မေး - ရောစပ်သူ ထည့်ပေးပါဘုရား။
ဖြေ - ဝေဒနာ သညာ ဝိညာဏ် ထိုသုံးချက် စုမှ သိမှုဖြစ်တယ်။
မေး - စုပေးသူများရှိရင် ထည့်ပေးပါ ဘုရား။
ဖြေ - ထိုသုံးချက်ကို သင်္ခါရက မြေ ရေ လေ မီး ဓာတ်ကြီးလေးပါးကို
တံခါးမှာ စုပေးတော့ သိခြင်း မှတ်ခြင်း ခံစားခြင်းဖြစ်ပေါ်လာသည်ကို သိမှုဖြစ်တယ်(သိတယ်)လို့
ခေါ်တယ်။
မေး -တစ်ထောင့်ငါးရာတည်းဟူသော
ကိလေသာဟာ ခန္ဓာကိုယ်ကြီးတွင် ဘယ်နေရာမှာ ကိန်းပါသတုံး ဘုရား။
ဖြေ - သိချင်သလား၊ သိချင်ရင် ဇာတိ မြင်အောင် ကြည့်၊
ဇာတိ ကိန်းတယ်။
မေး - ဘယ်လို ဇာတိ ဘယ်လို မြင်အောင် ကြည့်ရမှာတုံး
ဘုရား။
ဖြေ - မြေ ရေ လေ မီး ဓာတ်ကြီးလေးပါးရှိတယ် မဟုတ်လား၊
၎င်း ဓာတ်ကြီးလေးပါးကို သင်္ခါရက ပြုပြင်ပေးတော့ သိမှု မှတ်မှု ခံစားမှု ဖြစ်ပေါ်၍
လာတယ်။ အဲဒါ ဇာတိပဲ။ အဲဒီဇာတိကို မြင်အောင်ကြည့်က သိလိမ့်မယ်။
မေး - ရဟန်းများ၌ သိအပ်သော တရားငါးပါးကို အမိန့်ရှိတော်မူပါ
ဘုရား။
ဖြေ - (၁) အလိုရှိခြင်း၊
(၂) ကျက်စားခြင်း၊
(၃) ထောက်တည်ခြင်း၊
(၄) နှလုံးသွင်းခြင်း၊
(၅) ပြီးဆုံးခြင်း၊
အလိုရှိတာက ဘာကို အလိုရှိတာတုံးဆိုရင် သုခ ချမ်းသာကို
အလိုရှိတယ်။
ပညာကို ကျက်စားတယ်။
သီလ သမာဓိ ပညာကို ထောက်တည်တယ်။
ကြောင့်ကျမှု တောင့်တမှုကင်းတာကို နှလုံးသွင်း တယ်။
နိဗ္ဗာန်ကို ပြီးဆုံးတယ်။
အဲဒါ ရဟန်းများ၌ သိအပ်သောတရား ငါးပါးပဲ။
စွန်းလွန်းဆရာတော်ဘုရားကြီးမှ
ဦးနုအတွက် ပဋ္ဌာန်းတရားတော်
ဒကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံဂူ ကျောင်းဘုန်းတော်ကြီး
ဦးကဝိ ရှိတယ်လို့ မကြားဘူးလား။
ကြားပါ၏ ဘုရား။
အဲဒါ ဟိတ်ခတ်တာ။ ဟေတုပစ္စယော လို့ ခေါ်တယ်။ ၄င်းနောက်
သွားဦးမှပါလေလို့ အာရုံက မဆန့် ဘူးလား။
ဆန့်ပါ၏ ဘုရား။
အဲဒီ အာရုံဆန့်တာကို အာရမ္မဏပစ္စယောလို့ ခေါ်တယ်။
နောက်တစ်ဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏
ခြေရင်းသို့ မရောက် ရောက်အောင် သွားဦးမှပဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံကဆွဲလာ၍ အခု
ဘုန်းကြီး ခြေတော်ရင်း သို့ ရောက်လာတာဟာ ဒကာကြီး လာချင်လို့လာတာ မဟုတ်ဘူး၊
ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ဆွဲလာခြင်းကြောင့် အဓိပတိ ပစ္စယောလို့ခေါ်တယ်။
မှန်လှပါ၏ ဘုရား။
အဲဒါ ဘာကြောင့်လာရတာလဲ ဆိုရင် ရှေးက
ဘုန်းကြီးနှင့်တွေ့ခဲ့ရဖူးလို့ ခု တွေ့ချင် တယ်၊ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊
နောင်ကိုလည်း တွေ့ရလေဦးမယ်။ ဒကာကြီး ဝက်သားများ စားဖူးသလား။
စားဖူးပါ၏ ဘုရား။
အဲ ရှေးက ဝက်သားကို စားခဲ့ဖူးလို့ ခု စားချင်တယ်။ ခု
စားချင်လို့ စားရပြန်တယ်၊ နောင်ကိုလည်း စားရလေဦးမယ်။ ခွေးသားရော စားဖူးပါသလား။
မစားဖူးပါ ဘုရား။
အဲ ရှေးက ခွေးသားမစားဖူးလို့ ခု မစားချင်ဘူး၊ ခု မစားချင်လို့
ခု မစားဘူး၊ နောင်ကိုလည်း စားရမှာ မဟုတ်ဘူး။ ရှေးက ဒီတရားမျိုးကို နာခဲ့ရဖူးလို့
ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကိုလည်း နာရလေဦးမယ်။အနန္တရ၊ သမနန္တရ၊
သဟဇာတ၊ အညမညပစ္စည်း ဆက်မသွားဘူးလား။
သွားပါ၏ ဘုရား။
ဘုန်းကြီး၏ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ
ဘုရားကန်တော့၊ မေတ္တာပို့၊ အမျှဝေ၊ မိမိခန္ဓာ ကိုယ်ကို ဘုရားလှူ၊ နှာသီးဖျားမှာ
စိတ်ကိုထား၊လေတိုးထိတော့ သိလိမ့် မယ်။ သိတဲ့ အပေါ် သတိထားရ မယ်ပြောတော့
နိဿယပစ္စယော၊ဥပနိဿယပစ္စယော လို့ခေါ်တယ်။
မှန်လှပါ ဘုရား။
အားထုတ်ဆဲ အခိုက်အတန့်မှာ မျက်စိကတော့ တောင်ကြည့်မြောက်ကြည့်
ကြည့်သေးရဲ့လား။
မကြည့်ပါဘုရား။
နားကကော ဟိုထောင်သည်ထောင် ထောင်သေးရဲ့လား။
မထောင်ပါ ဘုရား။
နှာခေါင်းကကော ဟိုရှူသည်ရှူ ရှူသေးရဲ့လား။
မရှူပါ ဘုရား။
ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။
မရှိပါဘုရား။
ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင်သည်သွားချင် ရှိသေးရဲ့လား။
မရှိပါ ဘုရား။
အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှာ ကာယဆို တဲ့ ဣနြေ္ဒငါးပါး
မလုံဘူးလား။
လုံပါ၏ ဘုရား။
အဲဒါ ဣနြ္ဒိယပစ္စယောလို့ ခေါ်တယ်ကွဲ့။ မိမိနှာသီးဖျားမှာ
လေတိုးထိတာကို သတိနှင့်သုံးသပ်ပါများသော်
ဈာန်သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်။ ကိလေသာတွေ လောင်ကျွမ်းသွားတာကို
ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ ဈာနပစ္စယောပဲ။
မှန်လှပါ ဘုရား။
ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ၊ အေးမှန်းသိတဲ့
အခါမျိုးကျတော့ ပူမှုနှင့်သိမှတ်မှု၊ အေးမှုနှင့် သိမှတ်မှုတွေ ချုပ်သွားလိမ့်မယ်။
အဲဒါ မဂ်ခရီး ရောက်ခြင်းကြောင့် မဂ္ဂပစ္စယောလို့ခေါ်တယ်။
မှန်လှပါဘုရား။
၎င်းမဂ်ခရီးကို သွားပါများ၍ သမာဓိအားကောင်းလာသော် ဖြစ်ခြင်း
ချုပ်ခြင်းကို သိသော ဥာဏ်အမြင် ရင့်သန်လာခြင်းကြောင့် မရှိတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊
ရှိတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ မရှိတာ က ငါ့ခြေ ငါ့လက် ငါ့ခေါင်း၊ရှိတာက စိတ်
စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္ထတရားပဲ။
ကင်းတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊
မကင်းတာက သင်္ခတဓာတ်၊ ကင်းတာက အသင်္ခတဓာတ် မဟုတ်လား။
ဟုတ်ပါ၏ ဘုရား။
အဲဒါ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောလို့
ခေါ်တယ်။
မှတ်ချက် - ဤနေရာမှစ၍ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့်
စွန်းလွန်းဆရာတော်တို့ ဝိပဿနာအကြောင်း၊ ဝိနည်းအကြောင်း၊ အဘိဓမ္မာသဘောတရားများ ဆွေးနွေးခန်း
ပြီးဆုံးပါပြီ။
ချမ်းသာပါစေ၊ငြိမ်းအေးပါစေ၊သံသရာဝဋ်ဆင်းရဲမှ
လွတ်မြောက်ကြပါစေ။
ဘဝတုသဗ္ဗမင်္ဂလံ
ညီညီတင်