Thursday, May 7, 2015

လောကထဲမှာ နေဝံ့ပါမှ လက်ဆောင်ခံ

လောကထဲမှာ နေဝံ့ပါမှ
လက်ဆောင်ခံ
                                (က)
          ပထမပြန်စာမေးပွဲအတွက် ဇာတကပါဠိတော်ကို လေ့လာသင်ယူခိုက်တွင်- နေဝ တေ အဟံ အတ္တနော ဒါနဿ အန္တရာယံ၊န ပစ္စေကဗုဒ္ဓဿ ဇီဝိတန္တရာယံ ကာတုံ န ဒဿာမိ။ အဇ္ဇဒါနိ မယှံဝါ တုယှံဝါ ဗလမဟန္တတံ အာနုဘာဝ မဟန္တတံ ဇာနိဿာမိ - ဟူသော ပါဠိကို အနက်လှည့် ဆိုရသောအခါ လွန်စွာ အားတက်သရော ဖြစ်မိပါ၏။
          နောက် ပါဠိပိုဒ်ကို ထင်ရှားအောင် အနက်ဖွင့် ဆိုပါလျှင် - “ဒီနေ့ ဒီအချိန်မှာ မင်းနဲ့ငါ ဘယ်သူက အင်အားပိုကြီးတယ်၊ စွမ်းအင်ထက်မြက်တယ်ဆိုတာ သိရသေးတာပေါ့”ဟူ၍ ထွက်ပေါ်လာမည် ဖြစ်၏။
          ဖြစ်စဉ် အကျဉ်းချုပ်မှာ - ပစ္စေကဗုဒ္ဓါအရှင်မြတ် သည် ခုနစ်ရက်ပတ်လုံး သမာပတ်ဝင်စားပြီး သမာပတ်မှ ထသောအခါ ဘုရားလောင်းသူဌေး၏ အိမ်ရှေ့သို့ ဆွမ်းအလို့ငှာ ရပ်တော်မူ၏။ ထိုအချိန် ဘုရားလောင်းက တိုက်အပေါ်ထပ်မှာ ထမင်းပွဲရှေ့ အသင့်ရောက်နေ၏။ ထမင်းပွဲတန်းလန်းနှင့်ပေမို့ အသင့်ရပ်နေသော ကောင်လေးတစ်ဦးကို ဆွမ်း လောင်းခိုင်းလိုက်ပါသည်။ ခူးပြီးခပ်ပြီး ဆွမ်း-ဆွမ်ဟင်းလင်ပန်းကို ကိုင်လျက် ထိုကောင်လေးသည် ဆွမ်းမလောင်းဘဲ ကြောက်ရွံ့စွာဖြင့် ပြန်လာခဲ့၏။ အကြောင်းမှာ ပစ္စေကဗုဒ္ဓါအရှင်ထံ မရောက်မီ အိမ်ရှေ့တွင် အတောင်ရှစ်ဆယ်ခန့် နက်သော အလျှံတပြောင်ပြောင် မီးကျီးတွင်းကြီး ပေါ်ပေါက်နေ သောကြောင့်ဖြစ်၏။ သူဌေးပိုင်သော အိမ်ရှေ့ခြံဝမှာ ဘယ်က မီးကျီးတွင်းက ရှိရမည်နည်း။ ဘယ်တုန်းကမှ ရှိခဲ့တာမဟုတ်။ သည်ကောင်လေး မဟုတ်သေးပါဘူးဟု ဘုရားလောင်းက ယူဆဟန် တူပါသည်။ နောက်တစ်ယောက် ခိုင်းပြန်၏။ ပြန်လာ၏။ နောက် တစ်ယောက်ပြီးတစ်ယောက် ထပ်ခိုင်း၍ပြန်ချည်း လာကြသောအခါ နောက်ဆုံးတွင် ကိုယ်တိုင်သွားရောက် လောင်းလှူဖို့ ဖြစ်လာ၏။
          ဟုတ်ပါ့။ ရှားမီးကျီးတွင်းကြီး ကြောက်ခမန်းပါလား။ ဘယ်က ဘယ်လို ပေါ်လာရသလဲ။ ဒါဟာ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး။ အနီးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ တွေ့ရပါပြီ။ မာရ်နတ်ဆို သူပါကလား။
          “မာရ်နတ် ဒါ သင့်လက်ချက်လား” မေးတော့ “ဟုတ်ပါသည်”တဲ့။
          “ဘာရည်ရွယ်ချက်နဲ့ ခုလိုလုပ်တာလဲ”ဆိုတော့ “သင့်အလှူလည်း မအောင်မြင်စေချင်လို့၊ ပစ္စေက ဗုဒ္ဓါလည်း ပရိနိဗ္ဗာန်စံသွားအောင်လို့” ဆိုပဲ။
          ခုနစ်ရက်ပတ်လုံး စားသောက်မှု မပြုဘဲ သမာပတ် ဝင်စားခဲ့သော အရှင်မြတ်။ ယနေ့သာ ဆွမ်းမရလျှင် အာဟာရပြတ်သည့်အတွက် ပရိနိဗ္ဗာန်စံပေလိမ့်မည်။ ဤသည်ကို အမှတ်ပြု၍ ထမင်းအသက် ခုနစ်ရက်ဟု ဆိုလိုဟန်ရှိ၏။
          ဘုရားလောင်းက “ငါ့အလှူကိုလည်း အနှောင့် အယှက် မပေးစေရဘူး၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ရဲ့ အသက်အန္တရာယ်ကိုလည်း ပြုခွင့်မပေးနိုင်ဘူး”ဟူ၍ ရှေ့အပိုဒ်ဖြင့်ဆို၏။ ဤအပိုဒ်၏အဓိပ္ပာယ်မှာ အထက် တွင် ဆိုခဲ့သည့်အတိုင်း ဖြစ်၏။
          “မင်းနဲ့ငါ ဘယ်သူ ပိုအစွမ်းထက်တယ် ဆိုတာ သိရမှာပေါ့”ဟူ၍ ဆိုသူမှာ လူသား တစ်ယောက် ဖြစ်၏။ သင်္ကန်းဝတ်ထားသူ မဟုတ်။ ရသေ့ မဟုတ်။ ဈာန်မရ။ တန်ခိုးရှင် မဟုတ်။ ဘုရားလောင်းစင်စစ် မှန်သော်လည်း လူဝတ်ကြောင်တစ်ယောက်။
          တစ်ဘက်ပုဂ္ဂိုလ်က တန်ခိုးရှင်။ သာမန်လူ   မော့မကြည့်ဝံ့လောက်အောင် ကြမ်းလည်း ကြမ်း၊ စွမ်းလည်း စွမ်းပါဘိ။ ထိုအခြေအနေမျိုးတွင် မာရ်နတ်သည် ဘုရားလောင်းကို မှုန့်မှုန့်ညက်ညက်ကြေသွားအောင် အရိုးအသားများရှာမရအောင် လုပ်ပစ်ဖို့ မခဲယဉ်းဟု ထင်စရာတော့ရှိ၏။ လုပ်ချင်တိုင်းသာ လုပ်၍ရမည် ဆိုလျှင် ဘုရားလောင်းသည် စကားပင် ဆုံးအောင် ပြောလိုက်နိုင်မည် မဟုတ်ချေ။
          စွမ်းရည်ဆိုသည်မှာ သူ့ကဏ္ဍနှင့်သူ ရှိ၏။ ထို ဇာတ်တော်တွင် မာရ်နတ်က ရန်စသည် မှန်၏။ အရပ် စကားဖြင့် ဆိုရလျှင် ရန်စသူ မာရ်နတ်ကို ဘုရား လောင်းက မယှဉ်သာအောင် ကွာနေသဖြင့် ကြောက် ပါပြီ လန့်ပါပြီဟု နောက်ဆုတ်မပြေးရုံမက ပြန်လည် စိန်ခေါ်ဝံ့သော သဘော ဖြစ်၏။ထိုဘဝတွင်ဘုရားလောင်းမှာ မာရ်နတ်ကို မကြောက်မရွံ့ စိန်ခေါ်ဝံ့လောက် အောင် ဘာအစွမ်းများရှိသနည်း။ သူ့မှာ ဘာတွေ ပိုင်ဆိုင်ထား၍ ဘာတွေအားကိုးရှိ၍ ပြန်လှန် ပြောဝံ့သနည်း။
          မီးကျီးတွင်း ခပ်လှမ်းလှမ်းတွင် ရပ်လျက် ပစ္စေက ဗုဒ္ဓါအရှင်ထံ လှမ်းလျှောက်ထားသော စကားက -
          “တပည့်တော် ဒီမီးကျီးတွင်းထဲ ဇောက်ထိုးကျချင် ကျသွားပါစေ၊ ဒီဆွမ်းကိုတော့ အရှင်ဘုရားထံ ရောက်ပါစေမည်”စသည် ဖြစ်၏။ အကယ်၍ လူက တွင်းထဲ ကျသွားလျှင်ပင် ဆွမ်းလင်ပန်းကို အကျမခံ။ ရောက်အောင် တွန်းပို့လိုက်မည့်သဘောဖြစ်၏။
          ဘုရားလောင်း၏ယုံကြည်ချက်မှာ ထိုအခိုက် သူ ထားရှိသောစေတနာနှင့် ဘဝအဆက်ဆက် ဆည်းပူးခဲ့သော ပါရမီတော်တို့သာ ရှိသည်ဆိုရပါမည်။ မြေ လျှိုးနိုင်သော မိုးပျံနိုင်သောတန်ခိုးများ မရှိသော်လည်း ပါရမီ၊ စေတနာမြတ် အစွမ်းတန်ခိုးများရှိသည်ဟုဆို လိုပါသည်။ နတ်မင်းတို့၏ကမ္မဇိဒ္ဓိတန်ခိုးတို့သာ စွမ်းသည် မဟုတ်။ အားကိုးဖြစ်သည် မဟုတ်။ လူသား တို့၏ မိမိတို့ကျင့်သုံးခဲ့သော ဒါန သီလ စသည်တို့ သည်လည်း မြင့်သောစွမ်းရည်များ ဖြစ်ကြသည်။ မြတ်သော အားကိုးဖွယ် အားပြုဖွယ်များ ဖြစ်ကြသည်ဟု လည်း ဆိုလိုပါသည်။
          (ခ)
          ဗဟုပုတ္တိကာသောဏာ ထေရီ၏ ဇာတ်ကြောင်းကို လေ့လာလျှင် သိနိုင်ပါ၏။ ရပ်ရွာထဲမှ ဘိုးဘွားများလည်း တောင်ဝှေးတစ်ချောင်းလက်ဆွဲ၍ လမ်းလျှောက်ရင်း ပြောလေ့ရှိကြပါ၏။ “ငါ့မှာတော့  သားသမီးတွေ အများကြီးမွေးထားပြီမို့ အားကိုးရမယ် မှတ်တာ လက်တွေ့ကျတော့ ဒီတောင်ဝှေးလောက်တောင် အားမကိုးရဘူး”စသည်တည်း။
          သက်မဲ့ဖြစ်သော တောင်ဝှေး တစ်ချောင်းတွင်လည်း သူ့အလျောက် အားကိုးထိုက် သောအစွမ်း ရှိ၏။ လဲမကျအောင် ထောက်ကူနိုင်၏။ မှောင်ထဲတွင် တိုက်မိ ခိုက်မိဖွယ်များကို စမ်းထောက်၍ သိနိုင်၏။  စွမ်းရည်ဟူသည်မှာ အရာဝတ္ထုတိုင်းတွင် အနည်းနှင့် အများရှိကြသည်ချည်း ဖြစ်၏။
          ရေတွင် သောက်လျှင် အဆာပြေနိုင် အမောပြေစေနိုင်သော စွမ်းရည် စသည်ရှိ၏။ မီးတွင် ဆောင်းတွင်း ချမ်းအေးသည့်အခါ လှုံသူကို အချမ်းပြေစေနိုင်သော လောင်ကျွမ်းစေ တတ်သော စွမ်းရည် စသည် ရှိ၏။ အိတ်ကပ်ထဲ ပိုက်ဆံဖောင်းနေအောင် ထည့်၍ အပြင်ထွက် သူက ပိုက်ဆံအားကိုးရှိ၍ အားတို့ မာန်တို့ ရှိ၏။ ပညာတတ်သူက ပညာအားကိုးရှိ၍ ပညာ ရဲရင့် ပွဲလယ်တင့်ဟူသည်နှင့်အညီ မိမိကိုယ်ကိုယ် ယုံကြည်သောအမူအရာ ခံ့ညားသော အနေအထိုင်များ ရှိတတ်၏။
          အားကစားဂျာနယ်တို့ကိုကြည့်လျှင် ကမ္ဘာကျော် ဘောလုံးသမားများသည် အသင်းလိုက် ဓာတ်ပုံရိုက်သောအခါ သူတို့ကိုယ် သူတို့ ယုံကြည်မှုပြည့်ဝသော မျက်နှာမျိုး တကယ့်သူရဲကောင်းကြီးတို့၏ဟန်ပန်မျိုးတွေ ရှိ၏။ ပြောင်းဖူးဖက်ဆေးလိပ် သောက်တတ် သော ဘိုးဘွားများ ကြိုတင်ပြင်ဆင်မှုမရှိဘဲ သာရေး နာရေး လူအများရှိရာထိုင်ရသောအခါ ‘အင်္ကျီလုံချည်မှာ ဆေးလိပ်မီးပွား ကျပေါက်တာများရှိမလား၊ မြင် မကောင်းသောနေရာမှာများ ပေါက်နေလား’စသည်ဖြင့် မလုံမလဲဖြစ်ကြသည်ကိုတွေ့ဖူး၏။ အဝတ်အစား ထူထဲလုံခြုံလျှင် ပင် စိတ်လုံခြုံမှုရှိတတ်သည်ကို ပြလိုရင်း ဖြစ်၏။ ဘိုးဘွားများပင်လျှင် လူသူရှေ့မှောက်တွင် မြင်မကောင်းဖြစ်မည်ကို ရွံ့ကြသေး၏။
          ရှေ့နားက လုံမပျိုများ ရင်ဖုံးအင်္ကျီနှင့် ဘာနှင့် ဘယ်နေရာမှ ပေါ်သည် ဟိုက်သည်မရှိ။ လုံလုံခြုံခြုံ ဝတ်ဆင်၍ သွားလာသောအခါ အလိုလိုနေရင်း မိမိ ကိုယ်ကိုယ် ယုံကြည်မှု တိုးလျက် ရှိကြ၏။ လုံသော  ယုံကြည်မှုကိုကျော်၍ မလုံသောယုံကြည်မှုတစ်မျိုး ရှိသေးသည် လား မဆိုတတ်။ သို့သော် လှသည်ဟူသော ယုံကြည်မှုရှိ၍တော့ ဖြစ်တန်ရာ၏။
          စိတ်လုံခြုံမှု၊ စိတ်ယုံကြည်မှု၊ စိတ်အားဖြစ်မှု အမျိုးမျိုးရှိကြကြောင်းကို ပြလိုရင်းဖြစ်၏။ သူ့ အတိုင်းအတာ သူ့အရည်အသွေးနှင့်သူ ယုံကြည်မှုတော့ ရှိကြ၏။
          ဆိုပါစို့။ အထက်ပါလူတို့တွင် ဘောလုံး အားကစား သမားတစ်ဦးသည် သူရဲကောင်း တစ်ယောက်၏ မကြောက်မရွံ့ ရဲဝံ့သော အမူအရာမျိုး ရှိပေ၏၊ အားကစားစွမ်းရည်ကို အကြောင်းပြု၍ ထိုသို့သော ဟန်ပန် ရှိ၏။ ဘယ်လောက် ရှိသနည်း။ ဘယ်အထိ ရှိသနည်း။ ကျရှုံးမှုနှင့်ကြုံပါက ထိုမူရာမျိုး ရှိပါဦးမည်လော။ မမျှော်လင့်ဘဲ ငယ်ငယ်နှင့်ပင် သေပေါက် သေဝ ရောက်ပါက သေမင်းကိုရင်ဆိုင်လောက်သော ရဲဝံ့မှုမျိုး ဖြစ်ပါ၏လော။
          နာမည်ကျော်ပွဲလမ်းတစ်ခုတွင် ရုပ်ရှင်ရုံ၊ ဇာတ် ရုံ၊ ဆပ်ကပ်၊ ရုပ်သေးသွင်းပွဲ မျိုးစုံရှိသည် ဆိုပါစို့။ ကြိုတင်လက်မှတ်အသီးသီးရောင်းချသည်ကို ရုပ်ရှင် လက်မှတ်တစ်ခု ဝယ်ယူ၍ ငါ့လက်ထဲမှာ လက်မှတ်ရှိ တာပဲဟူ၍ ကြိုက်ရာရုံထဲ မဝင်ရောက်နိုင်ပါ။ ရုပ်ရှင် လက်မှတ်သည် ရုပ်ရှင်ရုံဝင်ခွင့်သာဖြစ်၏။ ဇာတ်ရုံ ဝင်ခွင့် မဟုတ်ချေ။ အကန့်အသတ်ရှိ၏။
          ထို့အတူ ငွေကြေးချမ်းသာသူပေမို့ ငွေ၏အစွမ်း၊ ပညာစွမ်း၊ အားကစားစွမ်း စသည် တစ်ခု နှစ်ခု ရှိ သည်တို့မှာ သူ့အကန့်နှင့်သူရှိ၏။
          အားကစားစွမ်းရည်ကောင်းခြင်းသည် ကုသိုလ် ကောင်းရှိခြင်းနှင့် မတူ၊ ကိုယ်ကျင့်ကောင်းရှိခြင်းနှင့် မဆိုင်။ လက်ဝှေ့ကျော်တစ်ဦးသည် သောက်စားခြင်း၊ မှောက်မှားခြင်းကြီးစွာ ဒုစရိုက်မှုပြုကျင့်၍ မျက်မှောက် ဘဝတွင် အန္တရာယ်မကျရောက်အောင် ငွေဖြင့် ပညာ ဖြင့် အကာအကွယ်ယူပါက ရကောင်း ရနိုင်ပေ၏။ ‘ငါ့လိုကောင်က ငရဲရောက်သွားလည်း ဂရုမစိုက်ဘူး၊ ယမမင်းကို အလဲထိုးပြီး ငရဲဘုံကို ဖျက်ဆီးပစ်မယ်’ ဟူ၍ ဘယ်လက်ဝှေ့ကျော်မှ မစွမ်းနိုင်ပါ။
          ဖြစ်တတ်သည်မှာ လူတို့သည် မိမိ၌ တစ်စုံတစ်ခု ကောင်းခြင်းရှိလျှင်၊ ငွေကြေး စသည် အတော်များများ ပိုင်ဆိုင်ထားလျှင် ကိုယ့်မှာ အရာအားလုံး ရှိလေဟန် အထင်ရောက်တတ် ကြ၏။ ရုပ်ရည်ချောမောမှုကို အကြောင်းပြု၍ မာန်မောက်သည်လည်းရှိ၏။ တစ်ခုကောင်းရှိ လျှင် ထိုတစ်ခုကို အကြောင်းရင်းအခြေခံပြု ၍ နောက်ထပ် နှစ်ခု သုံးခုကောင်းလာအောင် မကြိုးပမ်းတတ်ဘဲ ရှိပြီးသား တစ်ခုကောင်းကို အကြောင်းပြု၍ မာန်မူလျှင် တိုးတက်မလာ ရုံမက ရှိပြီးသား အကောင်းပါ လျော့ကျသွားတတ်သည်ကို သတိမူရပေမည်။
          ရုပ်ရည်ချောမောမှုဆိုလျှင် အိုမင်းချိန်အထိ မပါ နိုင်။ နုပျိုချိန်ကိုလွန်လျှင် ထားခဲ့ရမည် ဖြစ်၏။ တစ်နည်းအားဖြင့် ကိုယ့်ထံမှ သူ ဖဲခွာသွားမည် ဖြစ်၏။ ငွေကြေး၊ လောကီပညာ စသည်တို့သည် မသေခင်လောက်သာ အလွန်ဆုံးလိုက်ပါနိုင်မည်။ အကယ်၍ ပြိတ္တာမျိုး၌ ဖြစ်ပါက ငါသည် ယခင်ဘဝက စည်းစိမ်ရှင်ပဲ၊ ပညာတတ်ပဲ၊ နိုင်ငံကျော်ပဲ စသည်ဖြင့် ပြန် အားကိုး၍ ပြန်ဖမ်းဆုပ်၍ ရတော့မည်မဟုတ်။
          (ဂ)
          လက်ဝှေ့ကျော်ပင် ဖြစ်စေ ကိုယ်က မယှဉ်ပြိုင်၊ မထိုးသတ်လိုတော့ချိန်တွင် ရပ်နားနိုင် ၏။ ထို လောကမှ အပြီးထွက်နိုင်၏။ မိမိက စိန်ခေါ်သည်ဖြစ်စေ မခေါ် သည်ဖြစ်စေ ရပ်နားခွင့် တောင်း၍မရသည်ကား လောကဓံရှစ်ပါး ဖြစ်၏။ မထင်မှတ်ဘဲ ဝင်ချင်ဝင်လာ၏။ ခပ်ပြင်းပြင်း မွှေချင်မွှေနှောက်သွားတတ်၏။ ချစ်ခင်သူ တို့နှင့် လတ်တလော သေကွဲ ရှင်ကွဲ ခွဲရမည်။ အခြေကျ ကောင်းမွန်ပြီးသား စီးပွားတစ်ခု၊ အခွင့်ထူးတစ်ခု ဆုံးရှုံးမည်ကို ကြောက်၏။ မိမိအိမ် ရှိ လူတစ်ယောက် ကြီးကျယ်စွာ ကျန်းမာရေးဖောက်မည် ကိုကြောက်၏။ လောကဓံကို အန်တုနိုင်လောက်သော ကုသိုလ်စွမ်း ဥာဏ်စွမ်း အလွန်နည်းလျှင် အလွန် ကြောက်၏။ အချို့မှာ အကြောက်လွန်၍ ရူးသွပ်သွားခြင်း၊ စိတ်ဓာတ် အခြေပျက်သွားခြင်းများဖြစ်၏။
          စီးပွားရေးအမြဲကောင်းနေသူကတော့ ရှိသည်ဆို လိမ့်မည်။ အမြဲကျန်းမာနေသူ၊ အမြဲမခွဲဘဲနေရသူက တော့ မရှိမည် သေချာ၏။ အသက်ခန္ဓာရှင်သန်ခြင်း ကပင် မမြဲဟုဆိုပါလျက် စီးပွားက မြဲသည်ထင်မှတ်ခြင်းက မလျော်ကန်ပါ။
          ဘုရင့်နောင်သည် သူရဲကောင်း ရွေးသောအခါ လက်သည်းကြားတွင် အပ်စိုက် တူနှင့်ရိုက်၍ နောက် မတွန့်သူကို အာဂသတ္တိရှင် ဟူ၍ ရွေးချယ်သည် ဆို၏။ သတ္တိကောင်း မကောင်း စမ်းသပ်သည့်သဘော ဖြစ်၏။ လောကဓံကမူ ဘုရင့်နောင်၏စမ်းသပ်မှုမျိုးထက် ကြမ်းသည် ရင့်သည်ဟုဆိုရပါလိမ့်မည်။
          လာဘ စသော အကောင်းလေးမျိုးကို ရစေ၍ ယစ်မူးသွားအောင်၊ ဘဝင်မြင့် အောက်ခြေလွတ်သွား အောင်၊ အကျင့်ကောင်းတွေ ကမောက်ကမဖြစ်သွား အောင် စမ်းသပ်တတ်၏။ ကောင်းရာမှ ရုတ်ခြည်း တစ်ဆစ်ချိုးဆိုးသွားအောင် ဖန်တီးတတ်၏။
          အလာဘ စသော အဆိုးလေးမျိုးဖြင့် စိတ်ဓာတ် ကျအောင်၊ ချောက်ချားအောင်၊ အတွေးမှား အကျင့် မှားတွေ ဝင်လာအောင် စမ်းသပ်တတ်၏။ ပညာတတ် ဘွဲ့ရခြင်း၊ ရွှေငွေပေါများခြင်းသည် ဘာမှအသုံးမကျ ဟုမဆိုလိုပါ။ လောကဓံကိုအံတုလောက်သော အရည် အသွေး မပြည့်မီသေးဟုသာ ဆိုလိုပါ၏။ ပညာရည် ပြည့်ဝသော ဆရာတို့သည် ဘယ်ပုစ္ဆာ လာမေးမေး ချက်ချင်းပင် ဖြေဆိုနိုင်သကဲ့သို့၊ ပိဋကတ်ကျွမ်းကျင် နှံ့စပ်သော ဆရာတော်သည် ဗုဒ္ဓဒေသနာနှင့်စပ်၍ ဘယ်ရှုထောင့်က လာမေးမေး ကျေလည်အောင် ရှင်းပြနိုင်သကဲ့သို့ လောကဓံကို မဖြုံလောက်အောင် လောကသဘော ဓမ္မသဘော ကျေညက်သောသူအဖို့ ကောင်းဆိုးလောကဓံကို အထူးအဆန်းမှတ်ယူနေမည် မဟုတ်။
          ယနေ့ အောင်မြင်မှုရ၍ ခါးကို ဟန်ပါပါထောက် ၍ ဂုဏ်ယူရယ်မောနေသူသည် နောက်နေ့တွင် ရယ် ချင်မှ ရယ်နိုင်တော့မည်။ ယနေ့ ငွေတွေ အပုံလိုက် ပိုင်ဆိုင်သူသည် နောက်နေ့ ပိုင်ချင်မှ ပိုင်တော့မည်။  ယနေ့ ကျန်းမာရေးဒေါင်ဒေါင်မြည် အသက်ရှင်နေသူ သည် နောက်နေ့ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သည်။ 
          ဘာအတွက်မဆို အဆင်သင့် ဖြစ်နေသူ၊ ဆိုး လည်း မဖြုံ၊ ကောင်းလည်း မတုန်ဟူသည်ကား ရှား ပါလိမ့်မည်။ သို့သော် အရာရာတိုင်းအတွက် တုန်လှုပ် ဖို့ အသင့်ဖြစ်နေသူပမာ စိတ်ဓာတ် ယိမ်းယိုင်လွယ် လွန်းပါက ‘ငြိမ်းချမ်းသောသဘော ဆိုတာ ဘယ်လိုဟာ’ဟူ၍ မေးယူရလောက်အောင် ဖြစ်ပေမည်။
          လူတို့ သက်တမ်းစေ့ မနေနိုင်အောင် အမျိုးမျိုး လှုပ်ြွေခနေသောအကြောင်းတို့တွင် အစားအသောက် မသန့်ရှင်းမှု၊ လေကောင်းလေသန့်မရမှု စသည်တို့  ပါဝင်၏။ အဓိကအားဖြင့် စိတ်အလှုပ်အခတ်များမှုက ထိပ်ဆုံးမှ ပါဝင်၏။ စိတ်အထောင်းနာသဖြင့် ကိုယ်ကြေကြရ၏။
          စီးပွားရေးမကောင်း၊ ရာသီဥတုမကောင်း စသည် ကြုံနေရလျှင်ပင် လူတွေကိုတော့ ကောင်းစေချင်ပါ၏။ ထိုအတွက် စိတ်ဓာတ်တို့ သန်သန်စွမ်းစွမ်း အေးအေး ချမ်းချမ်း ရှိနိုင်စေရန် အကြံပြုရေးသားလိုက်ပါ၏။

လက်ဆောင်ခံ

No comments: