ဆွတ်ပလောင်းက လွမ်းနေမည်
ပီတိ(ပေကြီး)
အခန်း- ၁
၂၀ဝ၈-ခုနှစ်
စိတ်ရှည်ဇွဲသန်၊ သည်းညည်းခံ ပြုရန်သာသနာဟူသော
သာသနာပြုဆောင်ပုဒ် အားလျော်စွာ မိမိအား တာဝန်ပေးအပ်လိုက်သည့်သာသနာ ပြုဋ္ဌာနတွင်
အဆင်မပြေ၍ ရရာ နေရာတွင် စိတ်ဓာတ်မကျ၊ဇွဲမချဘဲ မေတ္တာကြီးစွာ ဆက်လက်သာသနာပြုဖို့ ခိုင်မာစွာ
ဆုံးဖြတ်လိုက်သည်။
အခန်း-၂
ဆွတ်ပလောင်းကျေးရွာ
ဆွတ်ပလောင်း ကျေးရွာသည်
မိုင်းဖြတ်နှင့် ကျိုင်းတုံမြို့အကြား ကားလမ်းပေါ်တွင် တည်ရှိသည်။
ရွာနှင့်မြို့၏အကွာအဝေးသည် (၁၃) မိုင်မျှသာဖြစ်သော်လည်း ရွာသည် အလွန် ခေါင်လှသည်။
အိမ်ခြေ (၇၀) ခန့်ရှိပြီး ရှမ်း၊ လားဟူနှင့် အခါလူမျိုးများ နေထိုင်ကြသည်။ ရွာတွင်
နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၊ျွဃ ခရစ်ယာန်များ အလွန် ပေါသလောက် ဗုဒ္ဓဘာသာဟူ၍
(၇)အိမ်မျှ သာရှိသည်။
ဤရွာ၏ထူးခြားမှုတစ်ခု ရှိ၏။ ထိုသည်မှာ ရွာ၏အရှေ့ဘက်တွင်
ရေကြည်ချောင်း၊ ရွာ၏အနောက်ဘက်တွင် ရေနောက်ချောင်း ဟူ၍ ချောင်းနှစ်ချောင်းရှိကာ
မိုးရွာသောအခါ ရွာ၏အရှေ့ဘက် ရေကြည်ချောင်းမှ ကြည်လင်သော ရေများ အလျင်စီးလေ့ရှိပြီး
ရွာ၏အနောက်ဘက် ရေနောက်ချောင်းမှနောက်ကျိ သောရေများသည် နောက်မှသာ
စီးဆင်းလေ့ရှိခြင်းပင် ဖြစ်သည်။
အရှင်သည် ဗုဒ္ဓဘာသာ (၇) အိမ်မျှသာရှိသော ယင်းရွာကလေးသို့
သာသနာပြုရန် ဆုံးဖြတ်လိုက်သည်။ ဗုဒ္ဓဘာသာ များတဲ့နေရာကို သာသနာပြုရခြင်းထက်
ဗုဒ္ဓဘာသာ အနည်းစုနေထိုင်ရာမှာ သာသနာပြုရခြင်းကို ပိုမို နှစ်သက်သည်။ကိုယ်တိုင်
သာသနာပြု စွမ်းရည် ဘယ်လောက်ရှိမလဲ ဆိုသည်ကို စိစစ်ရမည်။
သယ်ဆောင်လာသော ပစ္စည်းများကိုကားပေါ်မှချကာ ဆွတ်ပလောင်းကျေးရွာ အတွင်းသို့
ခြေလှမ်းဝင်လိုက်သည်။
“ဗမာဘုန်းကြီးတွေ လာနေပြီ၊ မကြာခင် ငါတို့ရွာက ပစ္စည်းတွေ
သယ်ပြီး ပြန်သွားလိမ့်မယ်”
ဝင်ဝင်ချင်း ဆောက်နှင့်ထွင်း သလို အခံရခက်သွားသည်။သို့သော်
အရှင်သည်ကား မေတ္တာပို့ မပျက်။သူတို့ပြောသည့်စကားသည် အရှင်၏ သာသနာပြုခရီးသော့ချက်
ဖြစ်သည်။
“ဒီရွာကလူတွေ ဒီအတွေးမျိုး ရှိနေတာကို ဖျက်ဆီးပေးရမယ်။
ဘုရားသာသနာ ဘာဆိုတာ သိစေရမယ်”ဟုတွေးကာ အရှင် တစ်ချက် ပြုံးလိုက်သည်။
ဤသို့ ထင်မည်ဆိုလျှင်လည်း ထင်စရာ ဖြစ်သည်။ ရွာအတွင်း၌
ခရစ်ယာန်ဘာသာကျောင်းတော်များ ရှိသကဲ့သို့ ဘာသာရေး ခေါင်းဆောင် များလည်း ရှိကြသည်။
ဗုဒ္ဓဘာသာတွင် ပေ (၂၀ ထ ၃၀) နံကပ် တစ်ထပ် ဘုန်းတော်ကြီးကျောင်း ဆောင်ရှိသော်လည်း
ရွာတွင် အမြဲနေ ရဟန်းမရှိ။ အခါရက်များတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်
နေသောကြောင့် မြို့မှ ရဟန်းများ လာရောက် သီလပေးလျက် သီလပွဲများကို သိမ်းကာ
မြို့ကိုသာ ပြန်သွားကြသည်။ ထို့ကြောင့် ဤသို့ ထင်ခြင်း ဖြစ်သည်။ ယခုလည်း
ကျောင်းတွင် ကိုရင်ကြီးတစ်ပါး ရှိနေသည်။ ယင်းကိုရင်ကြီးမှာ ဤရွာ ဇာတိ အခါလူမျိုး
ကိုရင်ကြီး ဖြစ်သည်။သူသည်လည်း အမြဲသီတင်း သုံးခြင်းမဟုတ်၊ ခဏတာ ဇာတိကို
အလည်လာခြင်းသာ ဖြစ်သည်။
ခန္တီးတောင်တွင် သူ၏ ဆရာ သမားနှင့်အတူ သီတင်းသုံးကြောင်း
သိရသည်။ ရွာအတွင်းမှ ရွာထိပ် တောင်ကုန်းပေါ်တွင်ရှိသောဘုန်းတော်ကြီးကျောင်းသို့
အရှင်၏ ခြေလှမ်း များကို ဆက်လက်ဦးတည် လျှောက်လှမ်းနေသည်။
“ဪသြော် ရွာနဲ့ဘုန်းကြီးကျောင်း သွားတဲ့လမ်းက မကောင်းပါလား၊
ဒီအတိုင်းဆို ဝါတွင်း မိုးရွာတဲ့အခါ ရွှံ့ဗွက်တွေကြောင့် သက်ကြီးရွယ်အိုတွေ
အသွားအလာ ခက်ရချည်ရဲ့၊ ဒီလမ်းတွေကောင်းလာအောင်လည်း လုပ်ဆောင်ပေးရမယ်”
အရှင်သည် ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုမို
နှစ်သက်ကြောင်းသိသာသည်။ ရွာကို ဝင်လိုက်သည်နှင့် လုပ်ပေးရမည့်အရာ များကို
ကြည့်နေသည်။ ဤသည်မှာ အောင်မြင်ခြင်း၏ လမ်းစပင် ဖြစ်သည်။
“အရှင်ဘုရား တပည့်တော်တို့ ရွာကို သီတင်းသုံးမယ်ဆိုတော့
အရမ်းဝမ်းသာတာပဲ ဘုရား၊တပည့်တော်တို့မှာ အမြဲသီတင်းသုံးသံဃာ မရှိတော့ သာရေး
နာရေးတွေမှာ အလွန်ဒုက္ခရောက်ရပါတယ် ဘုရား၊ ဒီရွာမှာ မျှတစွာ သီတင်းသုံးတော်မူပါ
ဘုရား၊ အရှင်ဘုရားအတွက် လိုအပ်တဲ့ ဆွမ်းကွမ်းပစ္စည်းလေးပါး ဘာမှမပူပါနဲ့၊
တပည့်တော်တို့ တာဝန်ယူပါတယ်ဘုရား”
ပြုံးရွှင်သော မျက်နှာ၊ ရွှန်းမြသောပီတိဖြင့် အထူးကြိုဆိုလျှောက်ထားကြသည်မှာ
ဆွတ်ပလောင်း ကျေးရွာကုန်စုံဆိုင်ကြီးကို ပိုင်ဆိုင်ထားသော
ဦးကျော်နိုင်နှင့်ဒေါ်နန်းကိန်းခမ်း တို့ လင်မယားနှစ်ဦးပင် ဖြစ်သည်။
သူတို့နှစ်ဦးသည် လျှောက်ထားသည့်အတိုင်း အားကိုး အားထားရသော ဆရာဒကာရင်းများ
ဖြစ်လာကြသည်။
အခန်း-၃
တောင်တန်းများဆီမှ တိုးဝှေ့လာသော လေစိမ်းများသည် နှင်းမှုန်
များနှင့်အတူ အအေးဓာတ်များကို သယ်ဆောင်လာသည်။ စိမ့်နေအောင် အေးကာ တုန်နေအောင်
ချမ်းသည်။ မြူမှုန်များဖြင့် ထုံမွှမ်းထားသော တောင်စဉ်တောင်တန်းများသည် ရှုမငြီးဖွယ်
စက္ခုအာရုံကို ဆွဲဆောင်နိုင်လွန်းသည်။
မိဝေးဖဝေး ဆွေမရှိ မျိုးမရှိ၊ ဘာသာအယူချင်းတူသူဟူ၍ ဆယ်
ဂဏန်းမျှသာရှိသော တောင်တန်းပေါ်က ရွာလေးတွင် နေရသည်မှာ လွမ်းဆွတ်ဖွယ်
ကောင်းလှသည်။သို့သော် အချစ်ရေးထက် စစ်ရေးက အရေးကြီးသည်ဆိုသလို ဆရာတော်မှာ လွမ်းဆွေးဖို့အချိန်မရှိပေ။
ဘာသာခြားများစွာရှိသော ကျေးရွာတွင် သာသနာပြုရခြင်းဖြစ်သောကြောင့် ကြမ်းလျှင်
ကြမ်းခံရမည်၊ ရမ်းလျှင် ရမ်းခံရမည်၊ ဘာသာခြား တို့၏ တိုက်ခိုက်ခြင်းကို များစွာ
ခံရမည်မှာ မလွဲ။ သို့သော်အတိုက်အခံ ရှိမှ ကြိုးစားမှုစွမ်းအား ပိုမိုကြီးမားသည်။ ခလုတ်ရှိသော
လမ်းကို လျှောက်မှ သတိလက်လွတ် မဖြစ်မည်။ဒါကြောင့် မြတ်ဗုဒ္ဓလက်ထက်က အရှင်ပုဏ္ဏထုံး
နှလုံးမူပြီး သာသနာပြုရမည်။
အရှင်သည် ဆွတ်ပလောင်း ကျေးရွာကိုရောက်သည်မှ သည်းခံစိတ်ကို
ပိုမိုမွေးဖွားကာ နေသည်။ ဘယ်သို့သော အတိုက်အခံစကား များကိုပြောနေစေကာမူ
ပြန်တုံ့ပြန်မှု မရှိပေ။ နေ့စဉ် လူမျိုးဘာသာမရွေး မေတ္တာပွားသည်၊ အမျှဝေသည်၊
အန္တရာယ်ကင်း ပရိတ်ရွတ် ဖတ်ပေးသည်။
ထို့ကြောင့်ပင် ဖြစ်မည်၊အခြား ဘာသာဝင်များက အရှင်အား ခေါ် ထူး
မေးဖြေ တစ်ခွန်းစ နှစ်ခွန်းစ ပြုလုပ်လာကြသည်။
“ဘုန်းဘုန်း ကျောင်းမှာ ဘာလုပ်ပေးရမလဲ ဘုရား”
“ဟော- ကလေးတွေပါလား၊
နံနက်အစောကြီး မအေးကြဘူးလားကွ၊ ဘာမှတော့ လုပ်စရာမရှိပါဘူးဗျာ၊ ဆရာတော်
လှည်းထားတဲ့ အမှိုက်တွေကိုကျုံးပြီး တစ်နေရာမှာ စု၊ ပြီးရင် မီးရှို့ရအောင်၊ဒါပေမဲ့
ခု မလုပ်နဲ့ဦး၊ ကျောင်းပေါ်မှာရှိတဲ့ မုန့်တွေစားဖို့ သွားကြမယ် ကျောင်းပေါ်”
“ဟေး ဟေး”
အရှင်သည် ကလေးများကို အလေးတယူ ဆက်ဆံတတ်သလို ချစ်လည်း
ချစ်ခင်၏။ ကလေးများ လာပြီဆိုလျှင် ရှိသမျှမုန့် အကုန် ကျွေးသည်။ ဘာမှမရှိလျှင်
မြို့က ယူလာခဲ့သော သကြားလုံးများကို ဝေငှသည်။ထို့ကြောင့် ကလေးများ သည်
ဘုန်းတော်ကြီးကျောင်းတွင် အလွန်ပျော်ကြသည်။ မုန့်စားခြင်း၊ အမှိုက်သိမ်းခြင်းများပြီးလျှင်
အရှင်သည် ရွာထဲသို့ ဆွမ်းခံကြွလေ့ရှိ၏။ ဆွမ်းခြွံကသောအခါ ကလေးများ အပြင်
လူရွယ်လူလတ် လူပျိုပေါက် များပါ ဆွမ်းခံလိုက်ကြသည်။
အရှင်သည် ဘုန်းတော်ကြီး ကျောင်းတွင် တစ်ပါးတည်း နေရသော်ငြား
ပျင်းစရာ မရှိပေ။ အပတ်စဉ် ဥပုသ်နေ့တိုင်း ဥပုသ်စောင့်သူများ စည်ကားနေသကဲ့သို့
နေ့စဉ် ကျောင်း ဝေယျာဝစ္စလုပ်ရင်း ဆရာတော်၏ အဆုံးအမများကို နာယူကြသူများနှင့်
ပြည့်နှက်နေသည်။
အရှင်၏ နေထိုင်မှု ရိုးရှင်းခြင်း နှင့်
စေတနာကောင်းမြတ်ခြင်းတို့ ကြောင့် ရွာသားများ၏ ယုံကြည်မှုကို ရလာခဲ့သော်လည်း
အရှင်လုပ် ပေးချင်သောအရာများကိုကား မပြုလုပ်ရသေး ပေ။
ရွာတွင် ရေရှားပါးမှုပြဿနာ၊ လမ်းများ ဆိုးဝါးခြင်း
ပြဿနာများကို ဖြေရှင်းပေး ချင်သည်။ ရွာတွင် ကျန်းမာရေးကောင်းဖို့ အဓိက ရေ ရှိရမည်။
နောက် အိမ်သာကောင်း ကောင်းများ ရှိရမည်။ ဘုန်းကြီး ကျောင်းတွင်ရှိသော ကုဋီအိမ်ကား
ကျောင်းနှင့် အလှမ်းဝေးသည့် အပြင် ရေမရောက်သောကြောင့် စိတ်ညစ်စရာကောင်းသည်။
ပိုဆိုးသည်ကား သန့်ရှင်းမှု အားနည်းသောကြောင့်
ကျွတ်များက တက်သေးသည်။
ထို့ကြောင့် အရှင်သည် ဥပုသ်သီတင်းမှ ရရှိသော လာဘ်လာဘများနှင့်
မြို့မှပါလာသော ငွေတိုငွေစများကို စုပေါင်းကာ ကုဋီအိမ်အသစ်ဆောက်ခြင်း၊
အုတ်လမ်းများခင်း ခြင်း၊ အင်္ဂတေရေစင်ကြီးတည်၍ ရွာအတွင်း ပိုက်များကို ကိုယ်တိုင်
တပ်ဆင်သွယ်တန်းပေးခြင်းများ ကို ပြုလုပ်ရာ ရွာထဲမှ အလှူရှင်များကလည်း
ဝိုင်းဝန်းလှူဒါန်းကြသည်။ ဗုဒ္ဓဘာသာတွင်မက ခရစ်ယာန် ဘာသာဝင်များကပါ
လုပ်အားပေးကြသည်။
အခြားဘာသာဝင်များကပင် အရှင့်အား စိတ်ဝင်စားစ ပြုလာသောအခါ အရှင်သည်
ပိုမို သတိ ကြီးစွာထားရသည်။ မေတ္တာတရား များကို ပိုမိုပို့သရသည်။ အထူးအားဖြင့် ဘာသာ
မရွေး၊ လူတန်းစား မရွေး၊ ငါ့သွေး ငါ့သားကဲ့သို့ တစ်စုတစ်စည်းတည်း ထားရသည်။
မှန်ပေသည်။ ဤသို့မထားနိုင်လျှင်လည်း မလွယ်ချေ။
ရောက်နေသောနေရာသည် ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်း၊မိုင်းဖြတ်၊တကယ့် နေရာ။
သူပုန်များ အလွန်ပေါပြီး ဗမာစစ်တပ်နှင့် ခဏတိုင်း တိုက်ပွဲ များဖြစ်သည့်နေရာ။
အထူးသဖြင့် ကျေးရွာအတွင်းရှိ လူများထဲတွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းဝင်များ
ရှိနေသည်။ ထို့ထက် တိုင်းရင်းသားတွေ
ဖြစ်ပြီး ဘာသာရေး အသိခေါင်းပါးကြသည်။မထင်လျှင် မထင်သလို ပစ်သတ်နိုင်သည်။
အရှင်ပုဏ္ဏထုံး နှလုံးမူထား သောအရှင်သည်ကား မေတ္တာတရားသည်သာ
အားကိုးရာအစစ် မဟာလက်နက်ကြီးတစ်ခုသာ ရှိသည်။
အခန်း-၎
နေ့စဉ် ကျောင်းသို့ လာကြသူများသည် ခါတိုင်းကဲ့သို့
ဗုဒ္ဓဘာသာဝင် ကလေးများချည်း မဟုတ်ကြတော့။ ခရစ်ယာန် ဘာသာဝင် ကလေးပေါင်းများစွာပါ
ပါဝင်လာ ကြသည်။ သူတို့လည်း ဝိုင်းဝန်းလုပ်အားပေး ကုသိုလ်ယူကြသည်။ အရှင်
ကျွေးသည်များကို စားသည်။ ရေကြည်ချောင်းနံဘေးတွင် ထိုင်ကာ အရှင်ပြောပြသော
ဆုံးမစကားများ ပုံပြင်များကို စိတ်ဝင် တစားနားထောင်ကြသည်။ ကလေးသဘာဝ ကျောင်းထဲတွင်
ကစားကြသည်။ ကြာတော့ သူတို့လေးတွေသည် ဗုဒ္ဓဘာသာဝင်ကဲ့သို့ ဖြစ်လာကြသည်။
“အရှင်က ငါတို့ကလေးတွေကို မုန့်ကျွေးပြီး
စည်းရုံးတယ်၊နေ့တိုင်း ငါတို့ရဲ့ ကလေးတွေ အရှင့်ကျောင်းမှာချည်း နေနေကြတယ်”
ခရစ်ယာန်ဘာသာဝင်များက အရှင့်အား လျှောက်ထားကြသည်။ အရှင်သည်
အပြုံးမပျက် -
“ဒကာကြီးတို့ ကလေးတွေကို ဦးဇင်းက စည်းရုံးတာမဟုတ်ပါဘူး။ သူတို့ဘာသာ လာကြတာပါ၊ဦးဇင်းဆီ လာရင်တော့
ဦးဇင်းက ဘယ်လို လူမျိုးတွေပဲ လာ လာ ကျွေးရ မွေးရမယ်၊ ပျော်ရွှင်အောင်
ထားရမယ်၊သူကဘာလူမျိုးမို့ သူကဘာသာ ခြားမို့ ဆိုတဲ့အတွေးမျိုး ဦးဇင်းမှာ မရှိပါဘူး၊
ဒါကြောင့် ကလေးတွေ ဦးဇင်းဆီကို မလာစေချင်ရင် ကိုယ့်ကလေးကို နိုင်အောင် ထိန်းကြပါ၊
ဦးဇင်းကတော့ ကိုယ့်ဆီလာတဲ့ ကလေးတွေကို အလေးတယူ ဆက်ဆံပေးရမှာပဲ”
ဘာသာခြားများသည် အရှင်၏ စကားကို မလွန်ဆန်နိုင်ကြပေ။
သူတို့၏ကလေးများကို ဘယ်လိုပင် နိုင်အောင် ထိန်းကြသော်လည်း ကလေးများက
ဘုန်းကြီးကျောင်းသို့ ခိုး၍ သွားကြသည်။ထို့အတွက်
အရှင်အား အရေးတယူ မလုပ်ရန် လျှောက်ထားခြင်း ဖြစ်သော်လည်း အရှင့်စကားက ပို၍
ယုတ္တိယုတ္တာ ရှိနေသောကြောင့် မည်သို့မျှမပြော သာဖြစ်ရသည်။
“တပည့်တော်တို့လည်း အရှင် ဘုရားကို ခင်မင်မိသလို သံယောဇဉ်
လည်း ဖြစ်မိပါတယ် ဘုရား၊ဗုဒ္ဓ ဘာသာဘုန်းကြီးဆိုရင် အမြဲယူပြီး ပြန်တာလို့
နားလည်ထားတဲ့ တပည့်တော်တို့
အထင်နဲ့အမြင်ကို အရှင်ဘုရားက ကြည်လင်အောင် လုပ်ပြခဲ့လို့
လေးစားရပါတယ်။တစ်သက်နဲ့တစ်ကိုယ် အရှင်ဘုရားလို ရဟန်းမျိုး မတွေ့ရဖူးပါ ဘုရား”
“ဒကာကြီးတို့ - လူဆိုတာ အကြောင်း မသိခင်တော့ ဒီလိုပဲ
ကိုယ်ထင်တာ အပြစ်ရှာတတ်ကြတာပဲ၊ ဦးဇင်းတို့လို ရဟန်းတွေဆိုတာ အလွန် သိမ်မွေ့ရပါ တယ်။အလှူခံပုဂ္ဂိုလ်တွေဆိုပေမဲ့
ကိုယ်ကချည်း အလှူခံနေလို့လည်း မဖြစ်ဘူး၊ ကိုယ့်ဘက်ကလည်း ပြန်လှူရတယ်။ ရဟန်းဆိုတာ
ပရဟိတ ဥယျာဉ်မှူးကြီးပဲ။ ပြောစရာရှိတာက ဘယ်နေရာ ဘယ်ဘာသာဝင်မှာမဆို
ကောင်းသူတော်သူရှိသလို ဆိုးတဲ့သူတွေလည်း ရှိတယ်။ အဲဒီ ဆိုးဝါးတဲ့သူကို
မြင်ဖူးရုံနဲ့ အားလုံးက ဒီအတိုင်းချည်းပဲလို့ မှတ်ယူလို့ မရဘူး။
ဒကာကြီးတို့အသိုင်းအဝိုင်းမှာလည်း ဒါမျိုးတွေရှိတယ် မဟုတ်လား”
“မှန်ပါ ရှိပါတယ် ဘုရား၊ တကယ်ပါ အရှင်ဘုရားကိုတော့
တပည့်တော်တို့ မလေးစားဘဲမနေနိုင်အောင်ပါပဲ ဘုရား၊ လုပ်ကိုင်မှု စွမ်းရည်ကောင်းသလို
စကားပြော စွမ်းရည်ကလည်း အလွန်ကောင်းမွန် သိမ်မွေ့လှပါတယ် ဘုရား၊ အရှင်ဘုရားရောက်လာမှ
ဒီရွာလေးဟာ အရင်နဲ့မတူအောင် တိုးတက် စည်ကားလာပါတယ်။ နောက်ပြီး အရင်ထက် လည်း
စည်းလုံးညီညွတ် လာကြတယ်ဘုရား၊ ဒီလို ဘာသာ မခွဲခြားဘဲ ဆောင်ရွက်ပေးတဲ့ အတွက် တပည့်တော်တို့
ကျေးဇူးတင်ပါတယ်၊ အရှင်ဘုရားကို ကူညီ စောင့်ရှောက်ပါ့မယ်၊ လိုတာရှိရင်လည်း
ပြောပါဘုရား”
အရှင်၏
တိုက်ပွဲသည်ကား အောင်နိုင်ပြီဟု ဆိုရချေမည်။ဘာသာခြားများကပါ အရှင်အား
ကူညီစောင့်ရှောက်လာကြသည်။ တောလိုက်၍ ရလာသော အသား ဟင်းလျာများကိုလည်း အရှင့်အား
လာပေးကြသည်။ သာရေး နာရေးပွဲများတွင်လည်း ကျောင်းသို့ လာရောက် ပါဝင်
လုပ်ဆောင်လာကြသည်။ သို့သော် ဘာသာအယူဝါဒကိုတော့ မပြောင်းကြသေးပေ။
အရှင်သည် သူ၏ သာသနာပြု ခရီးကို ဤမျှလောက်ဖြင့်မကျေနပ်။
ဤထက်တိုး၍ ဆက်လက် သာသနာပြုသည်။ ရွာတွင်ရှိသော ကလေးများအား မျက်စိရေး နားရေး
ပွင့်လန်း စေရန်၊ မိုင်းဖြတ်မြို့ ပေါ်သို့ ခေါ်ဆောင်ကာ မြို့နေ ကလေးများနှင့်အတူ
ယဉ်ကျေးလိမ္မာ သင်တန်းများ ပို့ချပေးသည်။ စာမေးပွဲများပြုလုပ်ပေးသည်။ဆုနှင်းသဘင်များဖြင့်
ထိုက်ထိုက်တန်တန် ဆုချပေးသည်။ ထို့ကြောင့် ကလေးများသည် အလွန်ယဉ်ကျေးလာကြ ကာ
ကျေးရွာနေ မိဘပြည်သူများ စိတ်ချမ်းမြေ့ကြရလေသည်။
အခန်း-၅
ဆွတ်ပလောင်းကျေးရွာတွင် တစ်ခါမျှ မဖြစ်ဖူး မရှိဖူးခဲ့သော
သက်ကြီးပူဇော်ပွဲကြီးဖြစ်ဖို့ အရှင်က အသက်သွင်းပေးလိုက်သည်။ အားလုံးမှာအပြုံးကိုယ်စီဖြင့် ဝမ်းသာ
ကြည်နူးလျက် တက်တက်ကြွှကြွ ကူညီလုပ်ဆောင်ကြသည်။
ထို သက်ကြီးပူဇော်ပွဲ၌ ခယဂုဏ် ဝယဂုဏ်တို့ကို အရှင်က
သေသေချာချာ နားလည်သဘော ပေါက်အောင် ရှင်းပြပေးသည်။ ကြီးသူ ရိုသေ၊ ရွယ်တူ လေးစား၊
ငယ်သူသနားဖို့နှင့် လူတန်းစား မခွဲခြားဖို့ စိတ်နေသဘောထားများ အကြောင်းကိုလည်း
ခွဲခြမ်းစိတ်ဖြာ ပြပေးနေသည်။ ဤရွာတွင် တစ်ခါမျှ မဖြစ်ဖူးတဲ့ပွဲ၊ တစ်ခါမျှ
မကြားဖူးတဲ့ စကား၊ တစ်ခါမျှ မကြားဖူးတဲ့တရား၊ တစ်ခါမျှမကြည်နူးဖူးတဲ့ ကြည်နူးမှု
မျိုးများအား အရှင်၏ ကမကထ ပြုမှု၊ လှူဒါန်း ဦးဆောင်ပေးမှုတို့ ကြောင့်
သက်ကြီးရွယ်အိုများမှာ ပီတိမျက်ရည်များ လှိုင်လှိုင်ကျလျက် ဆုပေး
ကျေးဇူးတင်စကားပြောကြ သည်မှာ ဘေးမှကြည့်နေသူတိုင်း မျက်ရည် ကျအောင် ခံစားရသည်။
သစ်တစ်ပင်ကောင်းငှက်တစ်သောင်း နားနိုင်ဆိုသည်မှာ အားလုံးနားလည် သဘောပေါက်ကြလေပြီ။
သက်ကြီးပူဇော်ပွဲ အပြီးတွင် အရှင်၏လာဘ်လာဘမျှော်ကိုးခြင်း
ကင်းသော ကိုယ်ကျိုးမဖက် သက် သက်သော ပရဟိတများလုပ်ဆောင်မှုသတင်းသည် မိုင်းယောင်း၊
မိုင်းဖြတ်၊ ကျိုင်းတုံနှင့်စစ်တပ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများထံသို့တိုင်
ရှမ်းပြည်နယ်အရှေ့ပိုင်း တစ်ခွင်လုံး
ဟိုးလေးတကျော် နာမည်ကြီးသွားလေသည်။
အခန်း-၆
၂၀ဝ၉-ခုနှစ်
ပန်းသတင်း လေညင်းဆောင် လူသတင်း လူချင်း ဆောင်လေရာ အရှင်၏ ကောင်းသတင်းများကြောင့်
ကိုးကွယ် ဆည်းကပ်ကြသူများမှာ ဆွတ်ပလောင်းကျေးရွာ တွင်မက အနီးပတ်ပတ်လည်
တိုင်းရင်းသား ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်မှ လူများနှင့် လက်နက်ကိုင်အဖွဲ့အစည်း
များပါ ပါဝင်လာကြသည်။ ဝါတွင်း ဥပုသ်နေ့များတွင် မြို့ကျောင်းများထက် ဥပုသ်သီတင်း
လာရောက် ဆောက်တည်သူများ စည်ကားလှ သည်။ကားဖြင့် တစ်သွယ်၊ဆိုင်ကယ် ဖြင့် တစ်မျိုး၊
ခြေကျင်ဖြင့်တစ်ပြန် ပေါလျှံအောင် လာကြသည်။ အရှင်၏ ဟောပြောရေးကောင်းမှု၊ လုပ်ဆောင်ချက်ကောင်းမှု
အကျိုးဆက်များ သည် မြို့ပေါ်တရားပွဲများပင်တက်၍ ဟောရသည်အထိပင်။
“အရှင်ဘုရားရဲ့ဂုဏ်သတင်း ကြီးလွန်းလို့ မြို့ပေါ်ကနေ လာပြီး
တပည့်တော်တို့ ဥပုသ်စောင့်ကြတာပါ ဘုရား၊ စောစောက သူများ ပြောတာ မယုံကြည်ခဲ့ပါဘူး၊
အခု အရှင်ဘုရားကို လက်တွေ့ဖူးလိုက်ရတဲ့အခါမှ ကြားသိထားတာထက်ပင် ပိုပြီး ကြည်ညိုစရာကောင်းနေပါတယ်
ဘုရား”
အရှင်အား ဤသို့လျှောက်သွား သောလူများ မနည်းတော့ပေ။ သို့သော်
အရှင်ကား မတုန်လှုပ်သလို ဂုဏ်လည်း မမြောက် လမ်းမှန်ကို လျှောက်ရင် ကောင်းကျိုးကအလိုလို
လိုက်နေမည်ဆိုသည်ကို သဘောပေါက်ပြီးသား ဖြစ်သည်။ သို့သော် ဆွတ်ပလောင်းကျေးရွာ အတွင်းမှ
လူများ၏ ပြန်လည် ပြောပြမှုကို ကြားသိရသောအခါတွင် အရှင်သည် ကြက်သီး ဖြန်းဖြန်း
ထမိသွားသည်။
“ဟိုနေ့က အရှင်ဘုရားကို ကြည်ညိုစရာတကယ်ကောင်းတယ်လို့
လျှောက်သွားတာ အခြားသူ မဟုတ်ဘူး ဘုရား၊ အရပ်ဝတ်နဲ့လာလို့၊ အဲဒါ
စစ်ထောက်လှမ်းရေးမှူး တွေ၊ ဟိုနေ့က အဖွဲ့တွေကတော့ ပြည်နယ်ဗုဒ္ဓဘာသာခေါင်းဆောင်
ဦးအောင်စိုးတို့အဖွဲ့၊ ဟိုနေ့က အဖွဲ့ တွေက ငြိမ်းချမ်းရေးခေါင်းဆောင် အဖွဲ့၊
ဟိုနေ့က လက်နက်ချအဖွဲ့၊ ဟိုနေ့က မိုင်းဖြတ်ထောက်ပို့တပ်က ဟိုနေ့က . . .”
အရှင် ကြက်သီးဖြန်းဖြန်းထမိ သွားသည်ကား ဒီလူတွေလာတုန်းက
ပြောတာ အမှားများ ပါသွားလား စိုးရိမ်စိတ်ကြောင့် ဖြစ်သော်
လည်းအရှင်၏လုပ်ရပ်များကောင်းမွန် မှန်ကန်လိမ့်မည်ဖြစ်ကြောင်း အရှင် ကိုယ်တိုင်
ယုံကြည်မိသည်။ စစ်တပ်ကလာလို့ ပိုလုပ်ပြ စရာမလို၊ သာသနာရေးမှူးလာလို့လည်း ပိုမို လုပ်ပြစရာမလို၊
နေမြဲ လုပ်မြဲ ပြောမြဲသာ ပယောဂကင်းကင်း ရိုးရှင်း သောနေထိုင်မှု ဖြစ်သည်။ လူတစ်ယောက်
ကောင်းသတင်း ထွက်ရင် ဟုတ်,မဟုတ် စစ်ဆေးရေးတွေ ဝင်မည်မှာ သဘာဝ။မှန်ကန်အောင်နေသူအဖို့
မည်သည့်ထောက်လှမ်း ရေးကိုမျှ ကြောက်လန့်စရာမလိုပေ။
အခန်း-၇
ကိုးကွယ်မှု များပြားလာသည် နှင့်အမျှ အရှင်၏ ကျောင်းဝန်းအတွင်း
အဆောက်အဦးများလည်း တိုးပွားလာခဲ့သည်။ (၁၅) ပေအခန်း ကျောင်းမကြီးမှ ပေ (၂၀ _ ၁၅)ပေ ဆွမ်းစားဆောင်ကြီး
တိုးချဲ့ဆောက်နိုင်ခဲ့သည်။ မီးဖိုဆောင်များအပြင် အိမ်သာ၊ ရေကန်၊ အုတ်လမ်းများ ဖြင့်
အလွန်ပင် စည်ပင်ပြန့်ပွားလာလေသည်။
“ဒီနှစ် ဒီကျောင်းကထိန်ပွဲကို တပည့်တော်တို့ ခင်းပါရစေဘုရား”
အရှင်အား လျှောက်ထားနေသည်မှာ အခြားသူ မဟုတ်။မိုင်းဖြတ်
ထောက်ပို့တပ်မှူးနှင့် တပ်မှူး ကတော်တို့ပင် ဖြစ်သည်။မိုးပေါ်ကျ ကထိန် ဖြစ်၍
အသာတကြည်ပင် လက်ခံလိုက် သည်။
“တပည့်တော်တို့ အရှင်ဘုရား ကို ကြည်ညိုလို့ ကထိန်ခင်းမယ်
သာပြောတာ၊ ဒီဆွတ်ပလောင်းရွာက တပည့်တော်တို့ လာလို့မလွယ်တဲ့
နယ်မြေပါ၊အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေမြင်ရင် အချိန်မရွေး ပစ်သတ်နိုင်ပါတယ်၊
ဒါပေမဲ့ မပူပါ နဲ့ ဘုရား၊ တပည့်တော်တို့ အခြေ အနေကြည့်ပြီး လာမှာပါ”
ကြည်ညိုမှုနှင့် ယုံကြည်မှုသဒ္ဓါ တရား၏စွမ်းအားသည် အင်မတန်
ကြီးမားပါကလားဟု အရှင် တွေးလိုက်မိသည်။ အသက် အန္တရာယ် များကြားမှပင် ကထိန်လာခင်းမည်တဲ့။
သို့သော် အရှင်ယုံကြည်သည်။ ဤကထိန်ပွဲတွင် ဘယ်လိုလက်နက် ကိုင် အဖွဲ့အစည်းကမျှ
လက်နက် ကိုင်လိမ့်မည် မဟုတ်။ အကြောင်း ကား အစိုးရတပ်များ၏ ယုံကြည် ပူဇော်မှုကို
အရှင် ခံယူ နေရသလို အခြား လက်နက်ကိုင်အဖွဲ့အစည်း များ၏ ကြည်ညို ပူဇော်မှုကိုလည်း
ခံယူထားရ သောကြောင့် ဖြစ်သည်။ မည်သို့သော ရန်ငြိုးများ ရှိစေကာမူ အရှင်၏
ကထိန်ပွဲဟူသော အကြောင်းကြောင့်တော့ စစ်ဖြစ်လိမ့်မည် မဟုတ်ပါ။
“လာကြဝေ့ - ဆရာတော်ဘုရား ကျောင်းကထိန်ပွဲအတွက် ဝိုင်းဝန်းလုပ်အားပေး
ကုသိုလ်ယူရအောင်”
နှိုးဆော်သံနှင့်အတူ ဆွတ်ပလောင်းရွာအတွင်းမှ
တိုင်းရင်းသားပေါင်းစုံ ဘုန်းကြီး ကျောင်း ရောက်ရှိ လုပ်အားပေးနေကြသည်။ ခရစ်ယာန်
ဘာသာဝင်များကလည်း အများစု ပါဝင်ကြ သည်။ ကလေး လူကြီး မည်သူမဆို လာကြသည်။ ဆွတ်ပလောင်းကျေးရွာတွင်
ယခု ကျင်းပမည့် ကထိန်ပွဲသည် ကျေးရွာသမိုင်းတွင် အကြီးမားဆုံးသော ပွဲကြီးဖြစ်သည်။
ရွာနီးချုပ် ကျေးရွာ ပရိသတ်များ၊ မြို့ပေါ်ပရိသတ်များ၊ စစ်တပ်များပါ
စုံလင်အောင်လာကြမည်။ ထို့ကြောင့် ရွာခံများက ဗုဒ္ဓဘာသာ မဟူ၊ ခရစ်ယာန်ဘာသာ
မခွဲခြားဘဲ ဝိုင်းဝန်းလုပ်အားပေး နေကြသည်။ ဤပွဲမှာ ရပ်ရွာတိုးတက်ရေးကို
ဦးတည်သည်ဟုလည်း ယုံကြည်ထားကြသည်။ ချဉ်ပေါင်သီး ဘိလပ် သင်သူက သင်၊ ဆန်ရွေးသူက ရွေး၊
ထင်းရှာသူက ရှာ၊ မီးဖိုကျင်း တူးသူ ကတူး၊ ဧည့်ခံမဏ္ဍပ် ဆောက်သူက ဆောက်နှင့်
မြင်ကွင်းက အတုယူ အားကျဖွယ်ရာဖြစ်၏။
ကထိန်ပွဲရက် ရောက်ပါပေပြီ။ ထောက်ပို့တပ်မှူးကား အလုပ်ကိစ္စ
အရေးကြီးသဖြင့် ပါမလာ။ သို့သော် တပ်မှူးကတော်နှင့်မိသားစုပါသည်။ ဖိတ်ကြားထားသော
ဗိုလ်မှူးများပါ သည်။ ပြည်နယ်အခါ ဗုဒ္ဓဘာသာခေါင်းဆောင်နှင့် စစ်ထောက်လှမ်း ရေးများ၊
ငြိမ်းချမ်းရေး လက်နက်ချ အဖွဲ့အစည်းများ၊ အကောက်ခွန် ဝန်ကြီးဌာနဆိုင်ရာပုဂ္ဂိုလ်များ၊လဝက
ဒုဦးစီးမှူးနှင့်အဖွဲ့များ၊ ကျိုင်းတုံမြို့နယ် ပညာရေးအဖွဲ့အစည်းများ၊ ကျန်းမာရေး အဖွဲ့အစည်းများနှင့်
အခြား တိုင်းရင်းသူတိုင်းရင်းသားများ ကြိတ်ကြိတ်တိုး လာကြသည်။ ကျောင်းဝန်းထဲတွင်
ကားများ မဆံ့တော့။ လူများလည်း ကြပ်သိပ်နေသည်။
လာသမျှပရိသတ်အား ထမင်း အဝကျွေးသည်။ နေရာအခက်အခဲကြောင့်
ထမင်းပွဲမပြင်နိုင်၊ဒီအတိုင်း ပုံပက်စားကြရသည်။ ရရာမြေပြင် ပေါ်တွင် တွေ့ကရာကို
ခင်းပြီးထိုင်ကြသည်။
“အရှင်ဘုရား၊ တပည့်တော် က တပ်မှူး . . . .ပါ ဘုရား”
“တပ်မှူး ဘယ်သူတွေဘာတွေ လုပ်မနေနဲ့ ဒကာကြီး၊ အဲဒီမှာ
ဟင်းလိုက်ချိုင့် ထမင်းဝိုင်းတွေ ကြည့်လိုက်ဦး၊ ဗိုက်ဆာရင်ကိုယ်တိုင်လည်း ဝင်စား”
“တင်ပါ့ဘုရား”
ကထိန်ပွဲတွင် အရှင့်အား
ဖူးမြော်လိုကြသောကြောင့် လာကြသည့် အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင် များစွာ
ရှိသည်။ သို့သော် အရှင်သည်ကား တပ်မှူး ဟူ၍ ပိုနေရာ မပေး။ လဝကဆို၍ ပိုမကျွေးဘဲ
ရပ်ရွာလူထုလုပ်သလို ဝိုင်းဝန်းလုပ်ခိုင်းသည်။ ရပ်ရွာလူထု စားသလို စားခိုင်းသည်။
အားလုံးကလည်း ထိုသို့ ပြုလုပ်ခွင့်ရသည်ကို ကျေနပ်နေကြသည်။
“အရှင်ဘုရားကို ကျေးဇူးတင် လိုက်တာ ဘုရား၊လွတ်လပ်တဲ့ဘဝကို
အရှင်ဘုရား ကျောင်းကို လာမှပဲ တပည့်တော်တို့ ရတော့တယ်၊ဘယ် နေရာပဲ သွားသွား ဒီလို
လွတ်လပ် ပျော်ရွှင်မှုမျိုး မရခဲ့ဘူး၊ ဗိုလ်မှူးဆို တော့ အသက်ငယ်ပေမဲ့ ဘယ်သူကမှ
ဒီလိုမလုပ်ခိုင်း ကြဘူး၊ ဟာ- ဗိုလ်မှူး နေ နေ ကျွန်တော်တို့ လုပ်မယ် ကိုင်မယ်နဲ့ နေရာတကာ လူကြီး တစ်ယောက်လို
မှင်သေသေနဲ့ ငြိမ်နေရတာ စိတ်ကျဉ်းကြပ်လိုက်တာ ဘုရား၊နေရထိုင်ရလည်း ခက်လိုက်တာ၊
စားတာတောင် လက်ဆေးစရာမလိုဘဲ နေခဲ့ရတာ၊ဒီလို လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ဖို့
တပည့်တော်တို့မှာ အခွင့် မရတော့ဘူး ထင်နေတာ၊ခု အရှင်ဘုရား ကျောင်းရောက်မှပဲ
လွတ်လပ်ရေးရပြီး ပျော်ရွှင်ရပါတယ် ဘုရား၊ဒီပွဲလေးကို မေ့မှာမဟုတ် တော့ပါဘုရား”
ရင်တွင်းခံစားချက်များကို ပွင့်လင်းစွာ ထုတ်ဖော်ပြနေသော
ဗိုလ်မှူးစကားကို နားထောင်ရင်း ဆရာတော်ကိုယ်၌လည်း ရင်ထဲထိအောင် ကြည်နူးမိသည်။
ဝေါ . . .ဝေါ . . .ဝေါ . . .ဂျိမ်း
အမှတ်မထင် သည်းကြီးမည်း ကြီး ရွာချလိုက်သောမိုးကြောင့်
ကထိန်ပွဲကြီးမှာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားသည်။ သို့သော် စိတ်မပျက်ကြ။ ပိုမို၍ပင်
ပျော်ရွှင်နေမိ ကြသည်။ မိုးရေရွှဲရွှဲ မိုးရွာထဲတွင် ဖြစ်သလိုစား ဖြစ်သလိုနေ အေးစိမ့်သည့်
လေပြည်တို့နှင့် အတူ ရင်မှာ အေးနေကြသည်။
သို့လင့်ကစား ဝိုင်းဝန်း စိုးရိမ် နေကြသည်မှာ ကထိန်သင်္ကန်းညှပ်ရန်
ဆောက်လုပ်ထားသော ရေကြည် ချောင်းအတွင်းက ယာယီသိမ်။ ဆွတ်ပလောင်း ကျောင်းတိုက်တွင်
သိမ်မရှိ၊ ထို့ကြောင့် ရဟန်းခံလျှင် ဖြစ်စေ၊ ကထိန်ခင်းလျှင် ဖြစ်စေ၊
ရေကြည်ချောင်းအတွင်း သစ်ဝါးများဖြင့် ရေသိမ် ဆောက်လုပ်ကာ ကမ္မဝါဖတ်ကြ ညှပ်ကြရ၏။
အရှင်နှင့်အတူ ပင့်သံဃာအာဂန္တုကများ သိမ်အတွင်း သင်္ကန်း မညှပ်ရသေး။ ထို့ကြောင့်
ရေသိမ်ရေထဲပါသွားလျှင် ဒုက္ခ။ လူအားလုံးသည် ရေသိမ်ရှိရာ ရေကြည်ချောင်းတွင်းသို့
စိတ် ဝင်တစား သွားရောက်ကြည့်ရှုကြ သည်။
ထူးဆန်းနေသည်။ မိုးရွာတာ ကြာနေပြီ၊ ရေကြည်ချောင်းသည် သာမန်
စီးနေကျ စိမ့်စမ်းနှင့် မိုး ကြောင့် ဘေးဝဲယာမှ စီးဆင်းလာ သော ရေမျှလောက်သာ လာနေသည်။
ခါတိုင်းကဲ့သို့ မိုးရွာသည်နှင့် ချောင်းအပြည့် ရေမလာသေး။
“ရွာအနောက်ဘက်က ရေ နောက်ချောင်းက ရေစီးနေပြီ တဲ့ ဟေ့”
အသံကို ကြားလိုက်သည်နှင့် ဆွတ်ပလောင်းကျေးရွာသူကျေးရွာ
သားများ မျက်လုံးမျက်ဆံပြူးကုန်ကြသည်။ မြို့ပေါ် ပရိသတ်များကတော့ ဘာမှ နားမလည်သည့်
မျက်လုံးများဖြင့်။
ဆွတ်ပလောင်းရေကြည်ချောင်း ရေနောက်ချောင်းဆိုတာ
သမိုင်း အစဉ်အလာ ကြီးမားသည်။ မိုး ဘယ်လောက်ရွာရွာ ရေနောက်ချောင်းက
ရေအရင်စီးသည်ဆိုတာ မရှိခဲ့။ ရေကြည်ချောင်း စီးပြီးမှ ရေနောက်ချောင်းက စီးဆင်းမြဲ။
ခုက ပြောင်းပြန်။ မိုးရွာသည်မှာ ကြာလာသည်အထိ ရေကြည်ချောင်းက မစီးဆင်းသေး။
ရေသိမ်အတွက် သောကမအေး ဖြစ်နေချိန်မှာ ရေနောက်ချောင်းက ရေအရင် စီးသွားသည် ဆိုသောအခါ
သူတော်ကောင်း နတ်ကောင်း မ, သည်ဟု ဆိုရချေမည်။ အရှင်၏ သာသနာပြုခရီးတွင် သမ္မာဒေဝ
နတ်အများက ဝိုင်းဝန်းစောင့်ရှောက် နေလေပြီ။
မိုးသည် အရမ်းမသည်းတော့။ အချိန်လည်း ကျနေသည့်အတွက် ဆရာတော်များ
ကထိန်သင်္ကန်းကို ရေသိမ်အတွင်း ညှပ်ကြသည်။ ပြီး သောအခါ ဆွမ်းကပ်၊ ကထိန် အနုမောဒနာ နာကြား၊ ရေစက်ချ အမျှဝေကာ
ကထိန်ပွဲကြီးကို အောင်မြင်စွာ အဆုံးသတ် လိုက်သည်။ လာသမျှ ဧည့်ပရိသတ်များ ကိုယ့်ရပ်
ဌာနေသို့ ပြန်ကုန်ကြသည်နှင့် ရေကြည်ချောင်းကား ချောင်းရေ များ ဒလဟော စတင်စီးဆင်းလေတော့သည်။
နောက်တစ်နေ့ မိုးလင်းသောအခါ ရေသိမ်သည် ချောင်းအတွင်း၌ အစအနပင် ရှာမရတော့။
“ငါတို့ဘုန်းကြီး အရမ်းတန်ခိုး ကြီးတယ်၊ ငါတို့ဘုန်းကြီး
အရမ်း တန်ခိုးကြီးတယ်၊ ရေကြည်ချောင်း ရေနောက်မှလာပြီး ပွဲပြီးမှ ရေသိမ်
မျောပါသွားတယ်”
ကျေးရွာနေလူထုကား တိုင်းရင်းသားပီပီ
ရိုးရှင်းစွာကြုံးဝါး လိုက်ကြသည်။ အရှင့်အား သူတို့ ကိုးကွယ်ခွင့်ရသည်ကို
ကျေနပ်နေကြလေသည်။ သူတို့သည် ဤအရှင်ကို လက်လွှတ် နိုင်တော့မည်မဟုတ်ပါချေ။
အခန်း-၈
အရှင်၏ ကျော်ကြားသော သတင်းသည်ကား မိုင်းဖြတ် ဗဟိုသာသနာပြု
ကျောင်းတိုင် ပေါက်ကြားသွားလေသည်။
ခက်သည်ကား အရှင်သည် ဤရွာအား တာဝန်ကျရွာ အဖြစ်နှင့် လာရောက်
သာသနာပြုရသည်မဟုတ်သကဲ့သို့ ဤရွာသည် သာသနာပြုကျေးရွာ၊ သာသနာပြု ကျောင်းအဖြစ်
စာရင်းဝင်လည်း မဟုတ်သေးချေ။
“အရှင်ဘုရား တပည့်တော် ဝမ်းနည်းတယ် ဘုရား၊သာသနာပြု
ရဟန်းလောကမှာ တောင် မုဒိတာ မပွားနိုင်သူတွေ များတယ် ဘုရား”
တပ်သားတစ်ယောက်၏ လျှောက်ထားချက်ကို ကြားရသော အခါ
အရှင်သည် ဘာမျှမပြောသာတော့ချေ။အရှင်၏နှုတ်သည် ဆိတ်နေသော်ငြား အရှင်သည် ဤသို့ သောအပြုအမူမျိုးကို
မနှစ်မြို့သည်မှာ မျက်ဝန်းအိမ်များကိုကြည့်ရုံဖြင့် သိနိုင်သည်။
“ဗဟို သာသနာပြုကျောင်း ဆရာတော်ဘုရား၊ ယခုတပည့်တော် သီတင်းသုံး
နေထိုင်သော ဆွတ်ပလောင်း ကျေးရွာသာသနာသည် အလွန်ပင် စည်ပင်လျက်ရှိ ပါသည်။
ကျေးရွာတွင်း ခရစ်ယာန်များပင်လျှင် သာရေးနာရေးများကို ဝိုင်းဝန်းလုပ်ဆောင်နေပါပြီ၊
နောင် တွင်လည်း ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားအချို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်းဖို့
အာသီသ ရှိနေကြသည် ကို ကြားသိနေရပါသည်။
အဆောက်အဦးများနှင့် ရေမီးများလည်း ပြည့်စုံလျက်ရှိပါသည်။
ရွာနီးချုပ်စပ် ကျေးရွာများနှင့် ရွာနီး ချုပ်စပ်မြို့များမှလည်း ဆွတ်ပလောင်း
သာသနာကို စိတ်ဝင်စားနေကြ ပါပြီ၊
ထို့အတွက်ကြောင့် ဤရွာ ဘုန်းတော်ကြီးကျောင်းအား သာသနာပြုကျောင်းအဖြစ် သတ်မှတ်
ဖွင့်လှစ်ရန် လာရောက် လေ့လာတော်မူကြပါဘုရား၊ တပည့်တော် ကျေးရွာလူထု ကိုလည်း အကျိုးအကြောင်းရှင်းပြကာ
တိုင်ပင်ပြီး ဖြစ်ပါသည် ဘုရား။ ဒီအတွက် သူတို့ လက်မှတ်ထိုးပေးဖို့လည်း
ဝန်မလေးကြပါဘုရား”
အရှင်သည် သာသနာတော်အတွက် တကယ့် မွန်မြတ်သော စိတ်ထားဖြင့်
ဗဟိုသာသနာပြု ကျောင်းလက်အောက်ခံ စာရင်းဝင် သာသနာပြုကျောင်း ဖွင့်လှစ်ရန် အခါခါ
အကြောင်းကြားခဲ့သည်။ သို့သော် လများပင် ကြာခဲ့သော်လည်း ဗဟိုမှ သတင်းအစအနပင်
ပြန်မပို့ပေ။
အခန်း-၉
“အရှင်ဘုရား စာလာပါတယ် ဘုရား၊ ဗဟိုကတဲ့”
ဗဟိုက ဆို၍ အရှင်သည် စာကို စိတ်ဝင်တစား ကောက်ဖတ်လိုက်သည်။
“ဆွတ်ပလောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအား ဗဟို
သာသနာပြုကျောင်းမှ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဩဝါဒါစရိယ ဆရာတော်များ၏ စည်းမျဉ်းအရ သာသနာပြု ကျောင်းစာရင်းဝင်အဖြစ်
သတ်မှတ်လိုက်သည်။ ထို ကျောင်း၏ ထေရဝါဒ ဗုဒ္ဓသာသနာပြု ရဟန်းတော်အဖြစ်လည်း ယခု
လက်ရှိအရှင်စန္ဒကုမာရအား ခန့်အပ်လိုက်သည်။”
စာလွှာ၏အနှစ်ချုပ်ကား ဤမျှသာ ဖြစ်သည်။
++++++++
၂၀ဝ၉-ခုနှစ်သည်လည်း ကုန် လုနီးနီး ဖြစ်နေချေပြီ။ အရှင်သည်
တက္ကသိုလ်မှ သာသနာပြုတာဝန်ဖြင့် ထွက်လာခဲ့သည်မှာ နှစ်နှစ် ရှိပြီ။ ဆက်လက်
သာသနာပြုလိုက ပြုလို့ ရသေးသည်။ အခြေအနေအရ ဆက်လက်နေချင်စိတ် မရှိတော့။ ဒီတော့
တက္ကသိုလ်မြေ ကိုပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
“ဘုန်းကြီး - ငါတို့က နင်နဲ့ ဘာသာမတူပေမဲ့ နင့်ကိုတော့
တကယ်ခင်မင်မိသလို သံယောဇဉ်လည်း ဖြစ်မိတယ်၊ နောက်လည်း နင်ပြန်လာမယ်ဆို ငါတို့ရွာက
အမြဲ ကြိုဆိုနေမှာပါ”
“အရှင်ဘုရား ပြန်လာဖို့ မမေ့ပါနဲ့၊တောင်တန်းမြေကို ရောက်ရင်
ဝင်လာပါ၊ တောင်စဉ်မှိုင်းမှိုင်းတွေနဲ့အတူ ဆွတ်ပလောင်းက လွမ်းနေလိမ့်မယ်ဆိုတာ စိတ်ထဲမှာ
အောက်မေ့ပေးပါ ဘုရား”
“ဘုန်းဘုန်း၊ ဘုန်းဘုန်း မရှိတော့ရင်
ကျောင်းမှာမသွားရတော့ဘူးပေါ့၊ မုန့်တွေ မစားရတော့ဘူးပေါ့၊ ပုံပြင်တွေ
မကြားရတော့ဘူး ပေါ့၊ တပည့်တော်တို့ကို ယဉ်ကျေးလိမ္မာ သင်တန်းတွေ
မသင်ပေးချင်တော့ဘူးလား၊ ဂုဏ်ပြုလက်မှတ်တွေ မပေးချင်တော့ဘူးလား၊ အခုတော့
ဘယ်ကိုသွားသင်ရမှာလဲ ဘုရား}}
လူကြီးများက လူကြီးအလိုက်၊ ကလေးများက ကလေးအလိုက် ကြေကွဲစွာ ဝမ်းနည်းနေကြသော်လည်း
အရှင့်ဆုံးဖြတ်ချက်ကား ပြန်ကိုပြန်ရမည်။ သို့သော် ဆွတ်ပလောင်းကိုတော့ သတိရတိုင်း
ပြန်လာလည် မည်။ ဆွတ်ပလောင်း၏ အနာဂတ် သာသနာကိုတော့ရင်လေးမိသည်။ ဘာတွေ ဖြစ်ကြဦးမလဲ။
အရှင်သည် အလာတုန်းက သယ်လာသည့်ပစ္စည်းများသာ ပြန်သယ်သည်။
နောက်တိုး ပစ္စည်းတစ်ခုမျှမသယ်ဆောင်။ လိုက်ပို့မည့် ဒကာများနှင့်အတူ အထုပ်များကို
ဆွဲလျက် မေတ္တာပို့ရင်း ဘုန်းကြီး ကျောင်းမှရွာတွင်းသို့ဝင်လိုက်သည်။ ထို့နောက်
အဝေးပြေးလမ်းမပေါ် သို့ ဦးတည်လိုက်သည်။
“ဘုန်းဘုန်းဘုရား နေပါဦး ဘုရား”
အသံနှင့်အတူ အနောက်ဆီမှ ခရစ်ယာန်မလေးတစ်ယောက် ပြေးလိုက်လာ၏။
လက်ထဲတွင် အလွန် လှပသည့်ရွှေဖရုံသီးကြီးအား မနိုင်မနင်းသယ်လာသည်။ သူမလေး၏
မျက်ဝန်းအိမ်တွင် မျက်ရည်များက မြစ်နှစ်စင်းသဖွယ် စီးဆင်းနေသည်။
“ဘုန်းဘုန်းကျောင်းကို လာ တိုင်း ဘုန်းဘုန်းက မုန့်တွေ ကျွေးတယ်။
ပုံတွေ ပြောပြတယ်။ ဒါပေမဲ့ ဘုန်းဘုန်းကို ဘာမှပြန်မပေးခဲ့ဘူး၊ ဘုန်းဘုန်း
ပြန်တော့မယ်ဆိုတာ သိတော့ ယာခင်းကို ပြေးပြီး ခူးလာခဲ့တာ ဘုန်းဘုန်း ယူသွားပါနော်”
ငိုသံသဲ့သဲ့ဖြင့် ပြောရှာသည်။
ရပ်ရွာတွင်းမှ မြင်နေရသူ
အားလုံး မှင်သက်သွားကြသည်။ ဣနြေ္ဒမဆည်နိုင်ဖြစ်ကာ မျက်ရည် မိုးများ
ဖြိုင်ဖြိုင်ကျကုန်တော့သည်။ အရှင်သည် ကလေးမလေး၏ စေတနာကို အသိအမှတ်ပြုကာ ဆုချွေရင်း
ရွှေဖရုံသီးကို ပွေ့ကိုင်လိုက်သည်။ မျက်နှာထားက တည်ငြိမ်နေသော်လည်း အရှင်၏
ရင်တွင်းမှာကား-----
“ဪသြော် အချစ်အလွမ်း
အပြန်လမ်းကား
မျက်ထားငြိမ်သွဲ့
နေပေမဲ့လည်း
သံယောဇဉ်နှောင်
ရင်တွင်း
လောင်သည်
ညို့ရောင်မျက်ရည်
သဲ့သဲ့တည်း”
ချစ်ခင်ဆုံကွဲ ဓမ္မတာပဲ ဆိုပေသည့် ဤခွဲခွာမှုသည် ရင်နာစရာ
ကောင်းသည်။ အစကောင်းပေမဲ့ အနှောင်းမသေချာခဲ့သည်ကို ရင်နာ သည်။ သို့သော်
အောင်မြင်မှုဖြင့် စပြီး ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခြင်းတော့ကား မဟုတ်။ တရားသဖြင့်
ပြုလုပ်တတ်သူသည် မတရားသဖြင့် ဖိနှိပ်တတ်သူ လက်အောက်မှာ မနေခြင်းဖြင့်
အောင်နိုင်မှုကို ယူရ မည်။ အရှင်ပြောတုန်းကသူတို့လာခဲ့ရင် အရှင်သည်လည်း
ဆွတ်ပလောင်းကို တစ်ဝါထပ်နေဖို့ စိတ်ကူးထားသည်။ ခုတော့ . . .။
အခန်း-၁၀
ဆွတ်ပလောင်းကို လွမ်းမိသောကြောင့် အရှင်သည် ဆွတ်ပလောင်းရွာ
အခြေအနေကို စုံစမ်းမိသည်။
“အရှင်ဘုရား
မရှိတော့တဲ့နောက် ဗဟိုက သာသနာပြုဆရာတော်တစ်ပါး လွှတ်တယ်။ ဒါပေမဲ့ ရွာကလူတွေက
မကိုးကွယ်ကြဘူး၊ ကျောင်းကိုပေးထားတဲ့ မီးကြိုးတွေ ဓားနဲ့ ခုတ်ဖြတ်ပစ်တယ်၊
ကျောင်းကိုလှူထားတဲ့ သုံးပေအမြင့် ကြေးဘုရားကြီးကို ရွာထဲ ပြန်ပင့်ထားတယ်၊
ကျောင်းက တန်ဖိုးရှိပစ္စည်းတွေလည်း ရွာထဲသယ်သွားတယ်”
“အဲဒီတော့ သာသနာပြုဆရာတော် ဘာဆက်လုပ်လဲ”
“မနေနိုင်တော့ ပြန်သွားတာပေါ့ဘုရား၊ ပြန်သွားတော့ နောက်တစ်ပါး
ပို့တယ်၊ ဒါလည်း အဆင်မပြေဘူး၊ ခုတော့ ဆွတ်ပလောင်း ဘုန်းကြီးကျောင်းမှာ သံဃာကင်းပပြီး
သာသနာ ကွယ်သလို ဖြစ်နေပါတယ် ဘုရား”
ကြားရသည့် သတင်းကြောင့် အရှင်မှာ စိတ်မကောင်းဖြစ်မိသည်။
သို့သော် မကယ်နိုင်။
“အရှင်ဘုရား ပြန်လာမယ်ဆို ဒီရွာက အချိန်မရွေးပဲ၊ ဒါပေမဲ့
တပည့်တော်တို့ တစ်သက်မှာ အခြား သာသနာပြု လွှတ်လိုက်တဲ့ ဆရာတော်ကို မကိုးကွယ်နိုင်ဘူး၊
နောက် လူတွေတော့ မသိဘူး” ဆိုသော ရွာလူကြီးတစ်ယောက်၏စကားကို ပြန်လည်ပြီး ကြားမိပြန်
တော့ ဆွတ်ပလောင်းကို သွားချင်နေမိပြန်၏။ သို့သော် ဒီတစ်ခါနေလျှင် တစ်သက်လုံး နေမှ ရမည်။
တစ်သက်လုံး ဆိုသည်ကား . . . .။
မြတ်ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ဖို့ သာသနာပြု ရဟန်းတွေမှာ
များစွာ တာဝန်ရှိ သည်။ သဒ္ဓါ တရားရှိလာအောင် လုပ်ပြီး၊ ဖြစ်ပြီး သဒ္ဓါတရားကို
ကိုယ်တိုင်မဖျက်ဆီး ဖို့လည်း လိုပြန်သည်။ဂုဏ်ကြောင့်လည်း သာသနာ မပြုသင့်၊ ငွေကြောင့်လည်း
သာသနာမပြုသင့်၊ အောင်မြင်မှုကြောင့်လည်း သာသနာ မပြုသင့်။ သာသနာပြုသည်ဆိုရာ၌
အတ္တကင်းဖို့ ပိုမို အရေးကြီးသည်။ ပေးဆပ်ရမည့်သူသည် လိုချင် တပ်မက်မှုကို
ထိန်းချုပ်နိုင်ရမည်။ ကိုယ်မစွမ်းဆောင်နိုင်တာကို သူများ စွမ်းဆောင်နိုင်လျှင်
မုဒိတာပွား အားပေးရမည်။
တို့များသာသနာ၊
ထွန်းလင်းဖြာ၊ ကမ္ဘာတည်သရွေ့ ရှိစေသော်။
ပီတိ(ပေကြီး)

No comments:
Post a Comment