အပ္ပမာဒစကားဦး
နံနက်ခင်းဓမ္မအတွေးစများ
၁။ မြင်းရိုင်း
မြင်းရိုင်းတွေဟာ ကဆုန်ပေါက်ပြေးတတ်တယ်။ ရှေ့ခြေ
နှစ်ချောင်းမြှောက်ပြီး ပတတ်ရပ်တတ်သလို နောက်ခြေအစုံနဲ့ ကန်တတ်ပြန်တယ်။
မကျွမ်းကျင်တဲ့ မြင်းစီးသမား ဆိုရင် ကျောပေါ်က ခါချတတ်သလို အသံအကျယ်ကြီးနဲ့
အော်မြည်တတ်တယ်။
အဲဒီမြင်းရိုင်းကို ယဉ်ကျေးအောင် လေ့ကျင့်ပေးပြီးသကာလ
ကျောပေါ်မှာ လှည်းအိမ်ကိုဆင်၊ မျက်လုံးအစုံရဲ့ ဘေးနှစ်ဘက်ကိုကာ၊
နှင်တံကလေးနဲ့သတိပေးရင်း လမ်းမပေါ် ပြေးခိုင်းလိုက်တော့ ပတတ်ရပ်လို့လည်းမရ၊
ကန်လို့လည်း မရ၊ ဘေးကိုလည်း မမြင်တော့ ခရီးတွင်တော့တာပေါ့။
ဒါကြောင့် စိတ်နဲ့တူတဲ့မြင်းရိုင်းကို ကိလေသာအာရုံတွေကြားက
ဆွဲထုတ်၊ သီလနဲ့ယဉ်ကျေးအောင်လုပ်၊ သမာဓိနဲ့တူတဲ့ လှည်းအိမ်ကို ထမ်းခိုင်း၊
အာရုံတစ်ပါး စိတ်မသွားအောင် ဝိပဿနာ မျက်လုံးအကာကိုတပ်၊ နှင်တံနဲ့တူတဲ့
သတိနဲ့ယှဉ်ပြီး ခရီးနှင်ခဲ့ရင်
ငြိမ်းချမ်းရေးခရီးစဉ်အဆုံးထိ ရောက်သွားနိုင်မည်ဟု ....
၂။ မြင်းယဉ်
စနစ်တကျလေ့ကျင့်လိုက်လို့ မြင်းရိုင်းတွေကနေ မြင်းယဉ်
ဖြစ်လာတဲ့အခါမှာတော့ ကိုယ်သွားမယ့်ခရီးအတွက် အထောက်အပံ့ကောင်းတစ်ခု
ရလိုက်သလိုပါပဲ။
မြင်းယဉ်တွေဟာ သခင်အပေါ်မှာ သစ္စာစောင့်သိကြပါတယ်။
ကိုယ်မသွားနိုင်တဲ့ ကိုယ်လိုရာခရီးကို (ဘယ်လောက်ပဲ ဝေးပါစေ) ကိုယ့်ကို
သူ့ကျောပေါ်တင်ပြီး မရောက်ရောက်အောင်
ပို့ဆောင်ပေးတတ်ပါတယ်။
မြင်းယဉ်တွေဟာ သူတို့ရဲ့ စွမ်းအားထက်လှတဲ့ ကြွက်သားတွေရဲ့
သန်စွမ်းမှုကို အရင်းပြုပြီး မိုင်ပေါင်းကုဋေ ခရီးဝေးကိုလည်း အပြေးနှင်နိုင်သလို
တောင်တန်းတွေပေါ်လည်း မမောမပန်း တက်လှမ်းနိုင်ပါတယ်။
ရေပြင်ကျယ်တွေကို ဖြတ်နိုင်သလို။ ရွှံ့ညွှံတွေထဲလည်း
ဖြတ်သွားရဲပါတယ်။ ဒါဟာ မြင်းရိုင်းကို မြင်းယဉ်ဖြစ်အောင် လေ့ကျင့်ပေးနိုင်ခြင်းရဲ့
ရလဒ်ပဲပေါ့။ သံသရာခရီးကို ဖြတ်သွားခဲ့ကြတဲ့ သူတော်ကောင်းအသီးသီးဟာ သည်လိုပဲ
စိတ်နဲ့တူတဲ့ မြင်းရိုင်းကို မြင်းယဉ်ဖြစ်လာအောင် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးပြီးသကာလ
ကိုယ်သွားလိုရာ သံသရာခရီးဆုံးပန်းတိုင်ဆီကို ရောက်နိုင်ဖို့ အသုံးချသွားကြတာပါ။
အခု ကိုယ်စီးနေတဲ့မြင်းဟာ မြင်းရိုင်းလား၊ မြင်းယဉ်လား။
မြင်းယဉ်ဖြစ်နေပြီဆိုရင်တော့ လက်ခမောင်းခတ်ပေတော့။
တစ်ချိန်ချိန်မှာ ခရီးဆုံးကို ရောက်တော့မှာ။ မြင်းရိုင်းဖြစ်နေသေးရင်တော့ ကျောပေါ်က
ခါချခံရမယ်၊ အနင်းခံရမယ်၊ အကန်ခံရမယ်။
ရွေးချယ်ပိုင်ခွင့်ကတော့ ကိုယ့်လက်ထဲမှာ......။
မြသန်းစံ
(၂၀-၂-၂၀၁၅)
No comments:
Post a Comment