အရိယာ
အရှင်အဂ္ဂသာရ
(ဗုဒ္ဓသာသနာ့ဝန်ဆောင်)
မဟာစည် ဆရာတော်ဘုရား ၏ သီလဝန္တသုတ္တန်
တရားတော်၊ စာ - ၃၈၇ ၌ “သီဟိုဠ်မှာ သာသနာတော် အထူး ထွန်းတောက်တဲ့ အချိန်က
စိတ္တလတောင်မှာ ရဟန္တာ မထေရ်တစ်ပါးကို တောထွက် ဦးပဉ္စင်းကြီးတစ်ပါးက ဝတ်ကြီးဝတ်ငယ်
ပြုစုနေပါသတဲ့။
တစ်နေ့သောအခါ ဆွမ်းခံကြွပြီး အပြန်မှာ
တောထွက်ဦးပဉ္စင်းကြီးက ရဟန္တာမထေရ်ကို ‘အရိယာ ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်ပါလဲ
အရှင်ဘုရား’လို့ မေးတယ်။
ရဟန္တာမထေရ်က ‘ဒီ သာသနာတော်မှာ
တချို့ဦးပဉ္စင်းကြီးတွေဟာ အရိယာမထေရ်တို့၏ သပိတ်သင်္ကန်းကို သယ်ယူကာ ဝတ်ကြီးဝတ်ငယ်
ပြုစုလျက် အတူတကွ သွားလာနေသော်လည်း အရိယာတို့ကို မသိဘူး အရိယာတို့ကို သိရန်
ဒီလိုခက်ခဲတယ် ငါ့ရှင်’ လို့ ပြောကြားတယ်တဲ့။
ဒါပေမဲ့ အဲဒီဦးပဉ္စင်းကြီးက တော့ အဲဒီလို
အမိန့်ရှိဖြေကြားတဲ့ သူ့ဆရာကို အရိယာမှန်း ရဟန္တာမှန်း မသိရှာဘူးတဲ့။”
(မူလပဏ်-ဋ္ဌ-ပ-၂၃)
နောက်ပြီးတော့ အဋ္ဌကထာများမှာ အရိယာများ
အလိုနည်းပုံကိုလည်း ဒီလိုပြဆို ထားပါတယ်။
ယောပန - အကြင်သူသည်
ကား၊သောတာပန္နာဒီသုအညတရော ဟုတွာ - သောတာပန် စသည် တို့တွင် တစ်ပါးပါးဖြစ်ပြီး၍ သောတာပန္နာဒိဘာဝံ - မိမိ၏ သောတာပန်အဖြစ် စသည်ကို
ဇာနာပေတုံ န ဣစ္ဆတိ-သူတစ်ပါး အား သိစေရန် အလိုမရှိ။ အယံ-ဤသူသည်
အဓိဂမအပ္ပိစ္ဆောနာမ-တရားထူးရခြင်းနှင့်စပ်၍ အလိုနည်းသူ မည်၏။
(မူလပဏ်-ဋ္ဌ၊
ဒု-၄၇စသည်)
(ယခု ပြောခဲ့တဲ့ ရဟန္တာတို့၏ ဝန်ခံ
ပြောဆိုပုံ၊ အရိယာတို့၏ အလိုနည်းပုံများနှင့် နှိုင်းယှဉ်ကြည့် လျှင် မိမိကိုယ်ကို
သောတာပန်ဟု၊ ရဟန္တာဟုသိစေလိုသည့်ပြင် ယင်းသို့ မယုံကြည်သူတို့အား မကျေနပ်သည့်လက္ခဏာ ပြနေသော
တရားသမားတို့ကို စဉ်းစားဖွယ်ရှိနေပေသည်။)
ဟူ၍ မိန့်ဆိုထားပေရာ ယခု ကာလ၌ ဖလသမာပတ်
ဝင်စားပုံတို့ကို ခွေရိုက်၍ပင် ဖြန့်ချိနေကြသည့်ပြင် တချို့တရားစခန်းများကလည်း (၇)
ရက်နှင့် အရိယာဖြစ်ရမည် ဟူ၍ အာမခံနှင့် ပြသနေကြပါ၏။
တချို့ပုဂ္ဂိုလ်များကလည်း မိမိတို့
ကိုးကွယ်နေသော ပုဂ္ဂိုလ်များကို အရိယာဟူ၍ သတ်မှတ်ပြောဆိုနေကြပါ၏။
အရိယာတို့ ကိစ္စ၌ မိမိတို့က ဘာမျှမသိဘဲ
လူအများက အရိယာ ရဟန္တာဟု သမုတ်လိုက်လျှင် လိုက်၍ ရောယောင်ကာ ပြောဆိုနေကြသော
ပုဂ္ဂိုလ်များလည်း ရှိကြလေရာ ပြောသင့်မှ ပြောကြရန်၊ စိစစ် ဝေဖန်ရန် လိုအပ်ပါ၏။
မဟာစည် ဆရာတော်ဘုရား၏
သလ္လေခသုတ်တရားတော်ကြီး စာ - ၁၀၇ ၌ “မထေရ်တစ်ပါးက ကမ္မဋ္ဌာန်းတောင်းတဲ့ တပည့်များကို
ဒီလိုကမ္မဋ္ဌာန်းပေးသတဲ့။ တစ်ခဏ ချင်း ရဟန္တာဖြစ်စေနိုင်တဲ့ ကမ္မဋ္ဌာန်း ကို
ဟောမယ်၊မိမိနေရာ ကျောင်းခန်း ထဲဝင်ပြီး မူလကမ္မဋ္ဌာန်းကို နှလုံး သွင်းနေရမယ်၊ အဲဒီလို
နှလုံးသွင်းနေစဉ်မှာ အရောင်အလင်း ပေါ်လာရင် အဲဒါ ပထမမဂ်ပဲ။ အဲဒီ ပုဂ္ဂိုလ်ဟာ
ဆက်ပြီးရှုနေစဉ် ဒုတိယအကြိမ် အလင်းရောင်ပေါ်လာပြန်ရင် အဲဒါ ဒုတိယမဂ်ပဲ။ ထို့အတူ တတိယ
အကြိမ် စတုတ္ထအကြိမ် အရောင်အလင်းပေါ်လာရင်လည်း တတိယမဂ်၊ စတုတ္ထမဂ်ပဲ။ ဒါလောက်ဆိုရင်
အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရောက်ပြီး ဖြစ်တယ်လို့ ကမ္မဋ္ဌာန်းကို ဟောကြားညွှန်ပြပေးသတဲ့။ အဲဒီလို
ကမ္မဋ္ဌာန်းပေးတဲ့အတွက် သူ့တပည့်တွေက အဲဒီဆရာမထေရ်ကို ရဟန္တာပဲလို့
ယုံကြည်ဆုံးဖြတ်ကြသတဲ့။
နောက်ကာလ အဲဒီ မထေရ်
ပျံလွန်တော်မူတဲ့အခါ ရဟန္တာ ပရိနိဗ္ဗာန်စံတယ်လို့ ယုံကြည်ယူဆပြီး အကြီးအကျယ်ပူဇော်ကြ
သင်္ဂြိုဟ်ကြတယ်။ အရိုးများလည်း ကောက်ယူပြီး စေတီတည်ထားကြတယ်။
အဲဒီအခါ ဗဟုသုတပြည့်စုံတဲ့ အာဂန္တုရဟန်းများ
ရောက်လာပြီး မေးမြန်းကြည့်တဲ့အခါ ကျောင်းနေ တပည့်များက သူတို့ဆရာမထေရ်ကြီး
ကမ္မဋ္ဌာန်းတရား ဟောပုံကို ပြောပြပြီးတော့ ပရိနိဗ္ဗာန်စံသွားကြောင်း၊ ဓာတ်တော်များကို
စေတီ တည်ထားကြောင်းများကို ပြောကြတယ်။ အဲဒီအခါ အာဂန္တု ရဟန်းများက
အရှင်တို့ဆရာမထေရ်ကြီး တွေ့တဲ့အရောင်အလင်းဟာ ပုထုဇဉ်ပဲလို့ တရားကျမ်းဂန်နှင့်အညီ
ရှင်းလင်းပြောပြကြတယ်။ ဒါပေမဲ့ အဲဒီမထေရ်ကြီး၏ တပည့် ရဟန်းတွေက သူတို့ဆရာကို
ပုထုဇဉ်လို့ ဆိုရပါမလားလို့ မခံမရပ်နိုင်ဖြစ်ပြီး ငြင်းခုံကြသတဲ့။ အဲဒီလို ရဟန္တာ
မဟုတ်တဲ့ ပုဂ္ဂိုလ်ကို ရဟန္တာလို့ အထင်မှားနေတဲ့အယူကို မစွန့်ရင် အဲဒီလိုပုဂ္ဂိုလ်တွေမှာ
မဂ်ဖိုလ် မရနိုင်ဘူး။ နတ်ပြည်တောင် မရောက်နိုင်ဘူးလို့ အဲဒီ အဋ္ဌကထာမှာ ပြ
ဆိုထားပါတယ်။ ပြဆိုပုံကို ထုတ်ပြပါဦးမယ်။
ဧဝံဝါဒီနံ - ဤသို့ မှားသော
အယူရှိကုန်သော၊ ဘိက္ခူနံ-ရဟန်း တို့၏၊ သတံဝါဟောတု သဟဿံ ဝါ-တစ်ရာသော်လည်းကောင်း၊
တစ်ထောင်သော်လည်းကောင်း ရှိစေ၊ ယာဝတံလဒိံ္ဓ နပ္ပဇဟန္တိ-ထို မှားသော အယူဝါဒကို
မစွန့်သမျှ ကာလပတ်လုံး၊ သဂ္ဂေါပိ မဂ္ဂေါပိ ဝါရိတော ယေဝ-နတ်ပြည်ကိုရော မဂ်ကိုရော
တားမြစ်အပ်သည်သာတည်း တဲ့။
အဲဒီမှာ ဋီကာက ဒီလို ထပ် ဆင့်ပြီး
ဖွင့်ပြပါတယ်။
ကဲ့ရဲ့ထိုက်သော ပုထုဇဉ် အဖြစ်၌တည်သည့်
ပုဂ္ဂိုလ်ကို ချီးမွမ်းထိုက်သော အရိယာအဖြစ်သို့ မြှင့်တင်၍ ယူထားသော ထိုမိစ္ဆာ
အယူကို မြဲမြံစွာ ချီးမြှောက်၍ ပြော ဆိုငြင်းခုံခြင်းကြောင့် ‘နတ်ပြည်ကို ရော
မဂ်ကိုရော တားမြစ်သည်သာ တည်း’ဟု အဋ္ဌကထာဆရာ ဆိုပေသည်တဲ့။
အဲဒါဟာ ကိုယ့်ရဲ့ ဆရာကို မဟုတ်ဘဲနဲ့
ဂုဏ်တင်ပြီး ငြင်းခုံပြောဆိုရင် အပြစ်ကြီး ကြောင်း အထး သတိပြုကြဖို့ပါပဲ။”ဟု
မိန့်ဆိုထာ ပါ၏။
အရိယာတို့၏သီလကိုလည်း မဟာစည်
ဆရာတော်ဘုရား၏ သီလဝန္တသုတ္တန် တရားတော် စာ-
၂၂၁ ၌ ‘အရိယာဥာဏ်အမြင်နှင့် ပြည့်စုံတဲ့ သောတာပန်မှာ ပြည့်စုံမြဲဖြစ်တဲ့
ဓမ္မတာသဘောဆိုတာ ရှိတယ်။ အဲဒီ ဓမ္မတာသဘောနှင့် ငါ့မှာ ပြည့်စုံပါရဲ့လားလို့ ဆင်ခြင်
ရမယ်တဲ့။ အဲဒီဓမ္မတာက ဘယ်လို ဟာလဲဆိုရင် အရိယာမှာ သင့်နိုင်တဲ့ အာပတ် ဆိုတာ ရှိတယ်၊
ကုစား ပြုပြင်လို့ရတဲ့ အာပတ်ပါပဲ။ လောကဝဇ္ဇ မဟုတ်တဲ့ ပဏ္ဏတ္တိဝဇ္ဇ အာပတ် ထဲကပါပဲ။
ဒီအာပတ်တွေထဲမှာလည်း မသိနားမလည်လို့ ဖြစ်စေ၊ စိတ်မပါဘဲ ဖြစ်စေသင့်တဲ့ အာပတ်ပါပဲ။
လူသာမဏေများနှင့် သုံးညဥ့်ထက်အလွန် အမိုးအကာတူတဲ့ အဆောက်အအုံ အတွင်းမှာ
လျောင်းအိပ်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းနှင့် အရုဏ်တက်ချိန်၌
ကင်းကွာနေ ခြင်း စသည်ကြောင့် သင့်တဲ့အာပတ်မျိုးပါပဲ။
အဲဒီလို အာပတ် မတော်တဆ သင့်ခဲ့လျှင်
လျင်မြန်စွာ ဒေသနာ ပြောကြားပြီး ကုစားပါတယ်တဲ့။
လျင်မြန်ပုံ ဥပမာကတော့ ကလေး သူငယ်ဟာ လက်ဖြင့် မီးကျီးခဲကို ထိမိရင်
ချက်ချင်း လက်ကိုပြန်
ရုပ်သိမ်းသလိုပါပဲတဲ့။ လူကြီးဆိုရင် ရုတ်တရက် မပူသေးတဲ့ အတွက် လက်ကို
ပြန်ရုပ်သိမ်းတာ ဖင့်နှေးနိုင်တယ်။ ကလေးသူငယ်ကတော့ အသားကနုလို့ မြန်မြန်ပူပြီး
မြန်မြန် ရုပ်သိမ်းတယ်၊ အဲဒီလိုပဲ အာပတ်
ကို အမြန်ကုစားတယ်။ နောင်လည်း အဲဒီအာပတ်မျိုး မသင့်ရအောင် ရိုသေစွာ
စောင့်ရှောက်သွားတယ်၊ အဲဒါဟာ သောတာပန် ရဟန်းမှာ ပြည့်စုံမြဲ ဓမ္မတာပါပဲ” ဟု
မိန့်ဆို ထားပေရာ -
ယခုကာလ၌ကား ငွေ၊ ကြေး
များကိုလက်ခံသုံးစွဲပြီး သိလျက်နှင့် အာပတ်ကို ကျူးလွန်နေကြသော ပုဂ္ဂိုလ်များကိုပင်
ရဟန္တာဟု သမုတ် နေကြပါ၏။ ကြည်ညိုနေကြသော တပည့် ဒကာများကလည်း ငွေကို ရုပ်အမှတ်နှင့်ကိုင်တာပါ၊
အစွဲမပါဘဲ သုံးနေတာပါဟူ၍ ကိုယ် ကြည်ညိုနေသော ပုဂ္ဂိုလ်ကို ဘက်လိုက်၍ သာသနာဖျက်စကားများကို
ပြောဆို နေကြပါ၏။
ဓမ္မာစရိယ ဦးဌေးလှိုင်၏ သီဟိုဠ်ခေတ်
စံတော်ဝင်အရိယာများ၊ စာ-၅၀၁ ၌ “အထူးမှတ်သား ရန်မှာ အရိယာမဟုတ်သော ပုဂ္ဂိုလ်အား
အရိယာအဖြစ် ပြောဆို ချီးမွမ်းခြင်းသည်လည်း အရိယာ ပုဂ္ဂိုလ်အား
ကဲ့ရဲ့စွပ်စွဲသကဲ့သို့ပင် အရိယူပဝါဒကံ ထိုက်ကြောင်း ယင်း ပါဠိအဋ္ဌကထာတို့၌
တိုက်ရိုက်ပင် ပြဆိုထားလေသည်။ အထူးသတိ ရှိကြပါကုန်။
နိန္ဒိယ ပသံသာယဟိပသံသိယ နိန္ဒာယစ သမကောဝ
ဝိပါ ကော (အက္ကောသသုတ်အဖွင့်)
အဘယ်ကြောင့် သဘောတူ သနည်းဆိုသော် မိမိ
သူတစ်ပါး အယူအကျင့်မှားယွင်းစေနိုင်သော ကြောင့် ဖြစ်ကြောင်း (ယင်းဋီကာ၌)
ထပ်မံဖွင့်ဆိုထားလေသည်။
“ယခုအခါ ရိပ်သာပြိုင်၊ ဆရာ ပြိုင်၊
တရားပြိုင်များ အထူးသတိထားကြရန် ဖြစ်ပါသည်။ မိမိ လိုလား၍ ပို၍ပြောခြင်း၊ မလိုလား၍
နှိမ့်ချ၍ပြောခြင်း စသည်ဖြင့် (မရိုးသားသောစိတ်ဖြင့်) အရိယာတို့၏ ကိစ္စတွင်
တစ်စုံတစ်ရာဝင်ရောက် စွက်ဖက်ဝေဖန်ပြောဆိုခြင်းများမှ အထူးရှောင်နိုင်ကြပါစေကုန်။ သူတော်ကောင်းတို့၏သဘော၊
သိမ်မွေ့လှသော တရားသဘောကား သိခက်နက်နဲပေစွ။ ထေရာပဒါန်၌ ဟောတော်မူသည့်အတိုင်း သာသနာ
တော်သည် လူလိမ္မာ လူပညာရှိတို့အတွက် အမြိုက်ဆေးကြီး ဖြစ်သော်လည်း နှုတ်မစောင့်သော
လူမိုက်တို့ အတွက်ကားဝမ်းလျောဆေး(အဆိပ် တုံး)ပင် ဖြစ်တတ်လေသည်”ဟု မိန့်ဆိုထားပါ၏။
တချို့ပုဂ္ဂိုလ်များ ပျံလွန်တော်
မူသောအခါ ဓာတ်တော် အလုံးလေးများ၊ မျက်လုံးတော် ဓာတ်များ၊ ဆံတော်ဓာတ်များပင်
ကျသည်ဟု ပြောကြပြီး မိမိတို့ကိုးကွယ်နေသော ပုဂ္ဂိုလ်ကို ရဟန္တာဖြစ်သည်ဟုပြော
ဆိုနေကြသော ပုဂ္ဂိုလ်များကိုလည်း တွေ့ရပေရာ အောက်ပါ အဆိုအမိန့်များနှင့် စိစစ်ကြပါ။
မဟာစည် ဆရာတော်ဘုရား၏ သလ္လေခသုတ်တရားတော်ကြီး
စာ-၉၆ ၌ “ရဟန္တာဓာတ်တော်ဆိုတာ အရိုးတွေပါပဲ၊ မြန်မာပြည်မှာတော့ ဓာတ်တော်ဆိုရင်
ဘုရားဓာတ်တော်များလို အလုံး အလုံး ကလေးတွေလို့ ဒီလိုအများက ထင်မြင်ယူဆပြောဆို
နေကြတယ်။ အမှန်မှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဘုရားဓာတ်တော်များသာ မြတ်စွာဘုရား၏
အဓိဋ္ဌာန်ချက် ကြောင့် အလုံး အလုံးကလေးတွေ ဖြစ်ကြတာပါ။ ရဟန္တာများ၏ ဓာတ်တော်ကျတော့ ပကတိအရိုး အတိုင်းပါပဲ။ ဘာကြောင့် ဒီလိုသိရသလဲဆိုရင် ဘုန်းကြီးတို့
အိန္ဒိယ နိုင်ငံ ကာလကတ္တားမြို့ကို သီးသန့် လေယာဉ်ဖြင့် သွားပြီး အရှင်သာရိပုတ္တရာ၊
အရှင်မဟာမောဂ္ဂလာန်တို့၏ ဓာတ်တော်များကို ပင့်ဆောင်စဉ် အခါတုန်းက ဓာတ်တော်တိုက်ထဲမှာ
အရှင်သာရိပုတ္တရာ၊အရှင်မောဂ္ဂလာန်တို့၏ ဓာတ်တော်တွေကို ထင်ရှား တွေ့ခဲ့ရပါတယ်။ ပကတိ အရိုး
အတိုင်းပါပဲ။ အရောင်အဆင်းက ဖြူဖွေးနေတယ်။ ပုံသဏ္ဌာန်က တော့ လက်ဆစ်ရိုးကလေးတွေ
လက်ဆစ်ကလေးများအတိုင်းပါပဲ။ အစွန်းနှစ်ဘက်
အဆစ်နေရာက ကြီးပြီး ခါးလယ်က သေးနေတယ်။ အဲဒီ ရှင်သာရိပုတ္တရာ၊ ရှင်မဟာ
မောဂ္ဂလာန်တို့၏ ဓာတ်တော်များတောင် ပကတိအရိုးအတိုင်းရှိတယ် ဆိုတော့ ဒိပြင်
ရဟန္တာဓာတ်တော်များဟာလည်း ပကတိအရိုးအတိုင်းပဲ ရှိလိမ့်မယ်ဆိုတာ သံသယဖြစ် ဖွယ်
မရှိပါဘူး။ ဒါကြောင့် ယခု မြန်မာပြည်မှာ ရိုသေလေးစားအပ်တဲ့ ဆရာတော်တစ်ပါးပါး
ပျံတော် မူလို့ မီးသင်္ဂြိုဟ်တဲ့အခါမှာ ကျောက် ခဲလုံးကလေးများလို ဓာတ်တော်များ
ကျတယ်ဆိုတာကို ချင့်ပြီးယုံ ကြဖို့ပါပဲ”
စာ - ၁၇၈။ “အဲဒီ မြတ်စွာ
ဘုရားဓာတ်တော်များဟာ အကြီးစား၊ အလတ်စား၊ အငယ်စား သုံးမျိုး ရှိတယ်။
မဟန္တာမုဂ္ဂတ္တောဝ - ဓာတ် တော်အကြီးစားတွေက
ပဲနောက် လုံးပမာဏ ရှိကြတယ်။ မဇ္ဈိမဘိန္န တဏ္ဍုလ-အလတ်စားတွေက ဆန် ကျိုးပမာဏ ရှိကြတယ်။
ခုဒ္ဒကာ သာသပမတ္တ - အငယ်စားတွေက မုန်ညင်းစေ့ပမာဏရှိကြတယ်တဲ့။ ဒါ
ဘုရားဓာတ်တော်များရဲ့ပမာဏပဲ။ အသွေးအရောင် အဆင်းကတော့ မဟန္တာသုဝဏ္ဏဝဏ္ဏာ-ဓာတ်တော် အကြီးတွေက
ရွှေအဆင်း ရှိကြတယ်။မဇ္ဈိမာဗကုလဝဏ္ဏာ- အလတ်စားတွေက ခရေစေ့အဆင်း ရှိကြတယ် တဲ့။ နီကြင်ကြင်အရောင် ရှိမှာပေါ့။
ခုဒ္ဒကာမုတ္တ ဝဏ္ဏာ -အငယ်စားတွေက ပုလဲ အဆင်းရောင် ရှိကြတယ် တဲ့။ ဖြူဖြူကလေးတွေ
ဖြစ်မှာပေါ့။ ဒါက ဘုရားဓာတ်တော်များရဲ့ အသွေးအရောင် အဆင်းပဲ။ အဲဒီပမာဏ အသွေးအရောင်
အဆင်းများနှင့် နှိုင်းယှဉ်ပြီး ဘုရား ဓာတ်တော်အစစ် ဟုတ်,မဟုတ် ဆုံးဖြတ်နိုင်ပါတယ်။
ရဟန္တာ ဓာတ်တော်များကတော့ အရိုးအတိုင်းပဲ
ဖြစ်သင့်တဲ့ အကြောင်း ပထမပိုင်းတုန်းက ပူတိဂတ္တတိဿမထေရ်၏ဝတ္ထု (စာ-၁၀၁)မှာ
ပြောခဲ့ပြီးပါပြီ။
ယခု ကမ္ဘာအေးစေတီမှာ ကိုးကွယ်ထားတဲ့အရှင်သာရိပုတ္တရာ၊
အရှင်မောဂ္ဂလာန်တို့၏ ဓာတ်တော်များကို ဖူးမြော်ကြည့်ရှုပြီးတော့ ဆုံးဖြတ်နိုင်ပါတယ်။
အဲဒီဓာတ်တော်နှစ်ဆူဟာ ဟိုတုန်းက
ကာလကတ္တား မဟာဗောဓိကျောင်း ဓာတ်တော်တိုက်ထဲက အရိုးဓာတ်တော်တွေထဲမှ ပေးလိုက်တဲ့
ဓာတ်တော်အသေး အငယ်လေး နှစ်ဆူဖြစ်ပါတယ်။ အဲဒီ ဓာတ်တော်တိုက်ထဲမှာ
လက်ချောင်းရိုးအတိုင်း ပကတိ အရိုးအတိုင်း အရိုးဓာတ်တော်ကြီး တွေလည်း
တော်တော်များများ ရှိနေပါတယ်။ ဒါကြောင့် ရဟန္တာ ဓာတ်တော်ကတော့ ပကတိအရိုး အတိုင်းသာ
ဖြစ်သင့်တယ်လို့ ဘုန်းကြီး သဘောကျနေပါတယ်”ဟု မိန့်ဆိုထားပါ၏။
ဓမ္မာစရိယ ဦးဌေးလှိုင်၏ ‘သီဟိုဠ်ခေတ်
စံတော်ဝင်အရိယာများ’စာအုပ်၌ အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿရဟန္တာအရှင်မြတ်ကြီး
၏ဓာတ်တော်နှင့် ဓာတ်တော်ကြုပ် တို့ကို ပုံနှင့်တကွဖော်ပြထားပေရာ အလုံးလေးတွေ
မဟုတ်ဘဲ အရိုးများ အတိုင်းသာ တွေ့ရပါ၏။
တည်တော ဆရာတော်ဘုရား ၏ ယနေ့
ဗုဒ္ဓဝါဒဆိုင်ရာ အမေး အဖြေများအမှတ်စဉ်-၂၊ စာ-၁၀၂ ၌ “ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် စံဝင်
ပြီး ခန္ဓာကိုယ်ကို မီးသင်္ဂြိုဟ်လိုက်တော့ ပကတိ လူသားများလို အရိုးအတိုင်း မကျဘူး၊
အရိုးအသားများဟာ အဓိဋ္ဌာန်ချက်အတိုင်း အစိတ်စိတ်ဖြစ်ပြီးကျတယ်။ ရဟန္တာများမှာတော
ဘယ်လိုဓာတ်တော် ကျမလဲ၊ဒါဟာ မေးသင့်တဲ့ ပြဿနာပေါ့။
ဘုရားရှင်များဟာ အဓိဋ္ဌာန် တော်မူသည့်အတိုင်း
ဓာတ်တော် အစိတ်စိတ်ဖြစ်ပြီးကျတယ်။ ရဟန္တာများမှာလည်း အဓိဋ္ဌာန်တော်မူခဲ့လျှင်
ဘုရားကဲ့သို့ပင် ဓာတ်တော် အစိတ်စိတ်ကျသင့်တာပါပဲ။
အရှင်အာနန္ဒာဝတ္ထုကို ကြည့်လေ။ အဓိဋ္ဌာန်တော်မူခဲ့သော အဓိဋ္ဌာန်ချက်အတိုင်း
ခန္ဓာနှစ်ခုကပြီး ကျခဲ့တယ် မဟုတ်လား။ ဒါကြောင့် ဆဠာဘိညရဟန္တာပုဂ္ဂိုလ်ဟာ ပရိနိဗ္ဗာန်
စံဝင်ခါနီး အဓိဋ္ဌာန်တော်မူခဲ့လျှင် ဓာတ်တော်
အစိတ်စိတ်ကျမယ်လို့ ဖြေဆိုရမယ်။
အကယ်လို့ အဓိဋ္ဌာန်ချက်မရှိခဲ့လျှင်
ပကတိအရိုးသာ ကျမယ်။ အစိတ်စိတ်ဖြစ်ပြီး
ကျမှာ မဟုတ်ဘူး။များသောအားဖြင့် ရဟန္တာဟာ ဗုဒ္ဓဘုရားရှင်လို သာသနာတော်
တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ် မဟုတ်ဘူး။ ဘုရားရှင်ရဲ့သာသနာအရိပ် အောက်မှာ တာဝန်
နည်းပါးစွာ ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်မို့ ဝေနေယျ သတ္တဝါများကို ငဲ့ဖို့ မရှိဘူး။
ငါ၏ခန္ဓာဟာ ဓာတ်တော်အစိတ်စိတ် ဖြစ်ပြီး ငါ့ရဲ့ဝေနေယျများ ကိုးကွယ်ရာဖြစ်ပါစေလို့
ကျန်ဝေနေယျများ အတွက် အဓိဋ္ဌာန်ဖို့ မရှိဘူး။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန် စံလွန်ပြီးတဲ့နောက်
မီးသင်္ဂြိုဟ်ပြီးလျှင် ဓာတ်တော်အစိတ်စိတ်မကျပါဘူး၊ အရိုးသာကျပါတယ်”
စာ - ၁၀၃။ “လူရိုး,သားရိုး၊ အရိုးဟောတဲ့
ပါဠိပုဒ်ဟာ ဓာတု ဆိုတဲ့ ပုဒ်နှင့် အဋ္ဌိ ဆိုတဲ့ ပုဒ်နှစ် ပုဒ် ရှိကြောင်းကို
အဘိဓာန်ဂါထာ နံပါတ် -၂၇၈မှာ ‘ပဏ္ဏကေ အဋ္ဌိ ဓာတွိတ္ထီ’လို့ ပြဆိုထားတယ်။ ဒါကြောင့်
ဓာတုဓာတ်တော်ဆိုတာ အမှန်တကယ်တော့
အရိုးပါပဲ။
အရိုးရှိတဲ့ သတ္တဝါ မှန်လျှင်
ဘယ်ပုဂ္ဂိုလ်ပင်ဖြစ်စေ ကွယ်လွန် ပြီးနောက် အရိုးကျန်မှာချည်းပဲ။ ဒါကြောင့် ဓာတ်တော်ကျတယ်ဆိုတာ
အရိုးကျခြင်းကို ဆိုလိုပါတယ်။ ခု လူများထင်နေကြတာက ဓာတ်တော်ဆိုတာ ဘုရားရှင်ရဲ့
ဓာတ်တော်လို အစိတ်စိတ်အလုံး တွေလို့ ထင်နေကြတာကိုး။ရဟန္တာရဲ့ ဓာတ်တော်ဟာ
ဘုရားရှင်ရဲ့ ဓာတ်တော်လို အလုံး အလုံး မဟုတ်ပါဘူး။ ရိုးရိုးလူအရိုးအတိုင်းပါပဲ။
အေးလေ အရှင်အာနန္ဒာလို ပရိနိဗ္ဗာန်စံခါနီး အဓိဋ္ဌာန်ပြုခဲ့လျှင် အစိတ်စိတ်အလုံးလေးတွေ
ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
များစွာသော ရဟန္တာအရှင် မြတ်တို့ကတော့
ငါ့ခန္ဓာဓာတ်တော် အစိတ်စိတ်ဖြစ်ပါစေလို့ အဓိဋ္ဌာန် ခြင်း မရှိကြပါဘူး။ အဓိဋ္ဌာန်ခြင်း
မရှိတဲ့အတွက် မီးပူဇော်တော့ ပကတိအရိုးသာ ကျပါတယ်။ အများထင်သလို ဓာတ်တော် အစိတ်စိတ်
မကျပါဘူး}}
စာ - ၁၁၂။ “အမှန်ကတော့ ဓာတု-ဓာတ်ဆိုတာ(အရိုး)လို့
ဆိုလိုရင်း ဖြစ်တယ်ကွယ့်။ ဒါကြောင့် အဓိဋ္ဌာန်ချက်ကြောင့် အရိုးတွေ ကြေမွပြီး အလုံး
အလုံး အစိတ် အစိတ် ဖြစ်လာသည်ကို ဖြစ်စေ၊
အလုံးအလုံး မဖြစ်ဘဲ ပကတိအရိုး အတိုင်းကျသည်ပင် ဖြစ်စေ ဓာတု ဆိုတဲ့ ပုဒ်က
အရိုးကို ဟောတဲ့ အတွက် ‘ဓာတ်ကျတယ်’ လို့ပင် ခေါ်ဆိုနိုင်ပါတယ်။”
“သည်လိုဆို ပုထုဇဉ် ကွယ်လွန် လျှင်လည်း
အရိုး ကျတယ်၊ ရဟန္တာ ပရိနိဗ္ဗာန် ဝင်စံတော်မူတော့လည်း အရိုးပဲ ကျတယ်၊ အရိုးကျတာချင်း
အတူတူမို့ ပုထုဇဉ်နှင့် ရဟန္တာ ဘယ်လိုခွဲခြားပြီး သိနိုင်မှာလဲ ဘုရား”
“အေးကွယ်၊ ရုတ်တရက်တော့ မသိနိုင်ဘူး၊
သို့သော်လည်း သိနိုင်တဲ့ နည်း ရှိပါ သေးတယ်”
“ဘယ်လိုနည်းလဲ ဘုရား၊ အမိန့်ရှိပါဦး”
“သုတ္တနိပါတ်အဋ္ဌကထာ၊ (ပ) အာမဂန္ဓသုတ်အဖွင့်
၃၈၃-မှာ ယေဟိဥဿန္နကိလေသာသတ္တာ၊
တေအတိဒုဂ္ဂန္ဓာဟောတိ၊ နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂနံ္ဓ နဟောတိလို့ ဖွင့်ပြထားတယ်။
အဓိပ္ပာယ်ကတော့ ‘အကြင်ပုဂ္ဂိုလ်တွေဟာ ကိလေသာ အလွန်ထူပြောတယ် ဆိုလျှင်
ထိုပုဂ္ဂိုလ်တွေဟာ အလွန်အနံ့ ဆိုးသတဲ့ကွယ်။ ကိလေသာ ကင်းတဲ့ ရဟန္တာများကျတော့
ပရိနိဗ္ဗာန်စံဝင်ပြီးတဲ့ ခန္ဓာကိုယ်သော်လည်း မကောင်းတဲ့ အပုပ်နံ့မထွက်ဘူးတဲ့ကွယ်။
သည်စကားရပ်ဟာ ကွယ်လွန် ပြီးတဲ့
ပုဂ္ဂိုလ်ရဲ့ ခန္ဓာကိုယ် နံခြင်း မနံခြင်းကို ထောက်ပြီး ပုထုဇဉ် ရဟန္တာ
ခွဲခြားကြခြင်း ဖြစ်တယ်။ သို့သော် ခန္ဓာကိုယ် မနံတိုင်းလည်း ရဟန္တာလို့
မဆုံးဖြတ်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အချို့ပုဂ္ဂိုလ်များမှာ
ရှေးဆုတောင်းကောင်းလို့ ပုထုဇဉ်ဘဝနှင့် ခန္ဓာကိုယ်ဟာ မနံဘဲ မွှေးနေတယ်။ ပြီးတော့ သီလ
ပြည့်ဝတဲ့ ပုဂ္ဂိုလ်များဟာလည်း သီလတန်ခိုးကြောင့် ခန္ဓာကိုယ်က အပုပ်နံ့မထွက်ဘဲ
အမွှေးနံ့ထွက်နေ သေးတယ်။ ဒါကြောင့် ခန္ဓာကိုယ်က မပုပ်မသိုးတိုင်းလည်း ရဟန္တာလို့ ဧကန်
မဆုံးဖြတ်နိုင်သေးဘူး။
လောကမှာ အအေးဓာတ် စိမ်ထားလို့
မပုပ်ခြင်း၊ ဆေးထိုးထားလို့ မပုပ်ခြင်း၊ မံမီဆေးများ လိမ်းကျံထားလို့
မပုပ်ခြင်းဆိုတာတွေလည်း ရှိနေတယ် မဟုတ်လား။
ဒါကြောင့် ခန္ဓာကိုယ် မပုပ်ရုံ မျှနှင့်
ရဟန္တာလို့ ဧကန်မဆုံးဖြတ်နိုင်ဘူး။ ရဟန္တာရယ်လို့ အတော် အတန် ဆုံးဖြတ်နိုင်တာကတော့
ခန္ဓာကိုယ်ကို မီးသင်္ဂြိုဟ်ပြီးသည့်နောက် ကျန်ရစ်တဲ့ အရိုးစုဓာတ်ကို
အကဲခတ်ကြည့်ဖို့ပဲကွယ့်”
“ဘယ်လိုများ အကဲခတ် ကြည့်ရမှာလဲ ဘုရား”
“အကဲခတ်ရမှာက ဗာကုလသုတ်အဖွင့်အတိုင်းပေါ့ကွယ်၊ကျန်ရစ်တဲ့
အရိုးဓာတ်ဟာ အညစ်အကြေး မတင်ဖြူဖြူစင်စင်သန့်သန့်ရှင်းရှင်း၊ နှစ်သက်ဖွယ်
ကြည်ညိုဖွယ်အသွင် ကိုဆောင်လျှင် ရဟန္တာသော်လည်းကောင်း၊သီလဝန္တပုဂ္ဂိုလ်သော်လည်းကောင်း
ဖြစ်ရမယ်လို့ ယုံကြည်သင့်တာပေါ့၊ အကယ်၍ ကျန်ရစ်တဲ့ အရိုးဓာတ်ဟာ မည်းညစ်ညစ်
ညှီဟောက်ဟောက် မသန့်မစင် နှစ်သက်ဖွယ်မရှိ ကြည်ညိုဖွယ်မရှိ ဖြစ်ခဲ့လျှင်
ကိလေသာမကုန်သေးသောပုဂ္ဂိုလ်လို့ ယုံကြည်သင့်တယ်ကွယ့်”ဟု မိန့်ဆိုထားပါသည်။
အထက်ပါအဆိုအမိန့်များကို ကြည့်လျှင်
ရဟန္တာဟု ဧကန် ဆုံးဖြတ်ရန် မည်မျှခက်ခဲကြောင်း သိနိုင်လောက်ပါ၏။
ဤမျှခက်ခဲသော အရိယာတို့ ၏ ကိစ္စ၌ ဘာမှ
မသိဘဲ မိမိတို့ ကြည်ညိုသောပုဂ္ဂိုလ်များကို ဂုဏ် တင်လို၍ အရိယာ ရဟန္တာဖြစ်သည်ဟု
ပြောဆိုနေကြလျှင်ကား-
သာသနဓဇဓမ္မာစရိယ ဝိနယ ပါရဂူ လယ်တီကေလာသ၏
ရဟန္တာ စစ်တမ်း၊ စာ-၄၇၌ “ဥပရိပဏ္ဏာသ အဋ္ဌကထာကြီး၌လည်း ယာဝတံ လဒိံ္ဓနပ္ပဇဟန္တိ၊ သဂ္ဂေါပိ
မဂ္ဂေါပိ ဝါရိတောယေဝ (မ၊ဌ၊၄။၂၆)။ ယေ၊ အကြင် လူမိုက်တို့သည်။ ယာဝ၊ အကြင်မျှလောက်
ကာလပတ်လုံး။ တံလဒိံ္ဓ၊ ထိုပုထုဇဉ်ကို ရဟန္တာဟု ယူဆမိသော မိစ္တာ အယူကို၊ နပ္ပဇဟန္တိ၊
မစွန့်လွှတ်ကြကုန်။ တာဝ၊ ထိုမျှလောက်သော ကာလ ပတ်လုံး၊ တေသံ၊ ထိုလူမိုက်အား။
သဂ္ဂေါပိ၊ နတ်ရွာသုဂတိကို လည်းကောင်း၊ မဂ္ဂေါပိ၊ မဂ်ကို လည်းကောင်း၊ ဝါရိတောယေဝ၊
တားမြစ်အပ်သည်သာလျှင်တည်း” ဟူ၍လည်းကောင်း၊
ဥပရိပဏ္ဏာသ ဋီကာကြီး၌လည်း “နိန္ဒိယေ
ပုထုဇ္ဇနဘာဝေဌိတံ ပသံသံအရိယဘာဝံ
အာရောပေတွာ မိစ္ဆာလဒိံ္ဓ အဘိနိဝိဿ ပဂ္ဂယှ ဝေါဟရဏတော သဂ္ဂေါပိ မဂ္ဂေါပိ
ဝါရိတောယေဝ(မ၊ ဋီ၊ ၃၊ ၂၄၂) နိန္ဒိယေ၊ ကဲ့ရဲ့ထိုက်သော။ ပုထုဇ္ဇန ဘာဝေ၊
ပုထုဇဉ်၏အဖြစ်၌၊ ဌိတံ၊ တည်သောသူကို၊ ပသံသံ၊ ချီးမွမ်း ထိုက်သော၊ အရိယဘာဝံ၊ အရိယာ
အဖြစ်သို့၊ အာရောပေတွာ၊ တင်၍၊ တံမိစ္ဆာလဒိံ္ဓ၊ ထိုမှားယွင်းသော မိစ္ဆာအယူကို၊
အဘိနိဝိဿ၊ သက်ဝင်နှလုံးသွင်း၍၊ ပဂ္ဂယှ၊ ချီးမြှောက်၍၊
ဝေါဟရဏတော၊ ပြောဆိုခြင်းကြောင့်၊ သဂ္ဂေါပိ၊ နတ်ရွာ သုဂတိကိုလည်းကောင်း၊ မဂ္ဂေါပိ၊
မဂ်ကိုလည်းကောင်း၊ ဝါရိတောယေဝ၊ တားမြစ်အပ်သည် သာလျှင်တည်း”ဟူ၍ ပါရှိပေရာ
ဝစီကံမှုကို ဆင်ခြင်၍ ပြုသင့်ပါကြောင်း တင်ပြအပ်ပါသည်။
အရှင်အဂ္ဂသာရ
(ဗုဒ္ဓသာသနာ့ဝန်ဆောင်)
No comments:
Post a Comment