ဥက္ကလာမြင့်သန်းအောင်
သင်္ကဿနဂိုရ်သည် ပဉ္စာလတိုင်းအတွင်းရှိ
အဓိက ကျသောမြို့တစ်မြို့ ဖြစ်သည်။ ပဉ္စာလတိုင်းသည် သောဠသ မဟာဇနပဒ တိုင်းကြီး
တစ်ဆယ့်ခြောက် တိုင်းတို့တွင် တစ်တိုင်း အပါအဝင် ဖြစ်သည်။ သုရ
သေနတိုင်းနှင့်ကောသလတိုင်း နှစ်ခုကြားတွင် တည်ရှိသည်။
ပဉ္စ သင်္ကဿနဂိုရ်
ာလတိုင်း၏
အနောက်မြောက်ဘက်၌ ကုရုတိုင်း ရှိသည်။ အရှေ့တောင်ဘက်တွင် ဝံသတိုင်း ရှိသည်။
ပဉ္စာလတိုင်းတွင် မြောက်ပိုင်းပဉ္စာလနှင့် တောင်ပိုင်း ပဉ္စာလ ဟူ၍ နှစ်ပိုင်းရှိသည်။
ဘာဂီရတီမြစ်သည် ထိုနှစ်ပိုင်းကို တစ်ပိုင်းစီ ခြားထားပေးသည်။
ဗုဒ္ဓဓမ္မ၏အမြင်ဖြင့်ကြည့်လျှင် ပဉ္စာလတိုင်းသည်
အရေးပါအရာရောက်သည့် တိုင်းတစ်တိုင်းဖြစ်သည်။ ဗုဒ္ဓဘုရားရှင်၏ ထင်ရှားသော
တပည့်ကြီးတစ်ဦး ဖြစ်သည့် ဝိသာခပဉ္စာလပုတ္တမထေရ်သည် ပဉ္စာလတိုင်းသား ဖြစ်သည်။
ပဉ္စာလတိုင်းအတွင်း၌ ကမ္ပိလ္လမြို့၊
အာဠဝီမြို့၊ ကဏ္ဏကုဇ္ဇမြို့၊ သောရေယျမြို့ စသောမြို့များ ရှိလေသည်။ ထိုမြို့များထက်
သင်္ကဿမြို့သည် ဗုဒ္ဓဘုရား ရှင်၏ဘဝဖြစ်စဉ်တော်နှင့် အထူးပင် ဆက်စပ်မှုရှိသောကြောင့်
ဗုဒ္ဓဘာသာလောက၌ ရှေးယခင်ခေတ်ကစ၍ ထင်ရှားကျော်ကြားလာခဲ့ရာ ယခုခေတ်အထိပင်
ဗုဒ္ဓဘာသာဝင်များ၏ ဘုရားဖူးဋ္ဌာန စာရင်းဝင်တစ်နေရာ အဖြစ် တည်ရှိနေလေသည်။
သင်္ကဿမြို့သည် ဇမ္ဗူဒိပ်၏ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည်။
ထို့ကြောင့် ပါဠိစာပေ၌သာမက ရှေး သက္ကတစာပေများ၌ပင် သင်္ကဿမြို့အကြောင်း ပါဝင်နေသည်ကို
တွေ့ရသည်။ ဝါလမိကိရှင်ရသေ့၏ ရာမာယဏကျမ်း၌ သင်္ကဿမြို့အကြောင်း ရေးထား သည်ကို
တွေ့ရသည်။
သုဓနုမင်းသည် သင်္ကဿမြို့၌
အုပ်ချုပ်မင်းပြုနေသည်။ မင်းဆိုးမင်းညစ်ဖြစ်သောကြောင့် သုဓနု မင်းကို
မိထိလာပြည့်ရှင် ဘုရင်ဇနကမင်းသည်
သုတ်သင်ပြီး သူ့ညီအစ်ကိုတော် ကုသဒွါဇကို နန်းတင်လိုက်သည်။ ကုသဒွါဇမင်းသည်
သင်္ကဿမြို့ကို နှစ်ပေါင်း ရှည်ကြာ စိုးမိုးအုပ်ချုပ်ခဲ့သည်။ ရာမနှင့် လက္ခဏတို့
တက်ရောက်သော မိထိလာပြည်၌ကျင်းပသည့် သမီးတော် သီတာဒေဝီ၏ပန်းကုံးစွပ်ပွဲတွင်
ကုသဒွါဇဘုရင်လည်း မာဓဝီနှင့်သုကတ္တိ အမည်ရှိ သမီးတော်နှစ်ပါးနှင့်အတူ တက်ရောက်ပြီး
သမီးတော်နှစ်ပါးကို ဘဂုတနှင့်လည်းကောင်း၊ သတြုဃနနှင့် လည်းကောင်း
လက်ထပ်ပေးခဲ့လေသည်။
သင်္ကဿမြို့သည် ရှေးခေတ်ဟောင်းက အလွန် တရာ
ထင်ပေါ်ကျော်ကြားသည့် မြို့တစ်မြို့ ဖြစ်သောကြောင့် နာမည်ကျော် သက္ကတသဒ္ဒါဆရာကြီး ပါဏိနိသူ၏အဋ္ဌအဓနာဃ
အမည်ရှိ နာမည်ကျော် သဒ္ဒါကျမ်းကြီးတွင် သင်္ကဿမြို့အမည်ကို ထည့်သွင်း ဖော်ပြထားသည်။
အလားတူပင် သိဒ္ဓတ္ထ ကောမုဒိ အမည်ရှိ အခြား သက္ကတသဒ္ဒါကျမ်းထဲတွင်လည်း
သင်္ကဿမြို့အမည်ပါရှိလေသည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်အခါက သင်္ကဿ
မြို့အခြေအနေသည် ထိုခေတ်ကုန်သွယ်မှုဆက်သွယ် ရေးအမြင်ဖြင့်ကြည့်လျှင်
အလွန်တရာအကွက်အကွင်း ကျသောမြို့တစ်မြို့ဖြစ်သည်။ နာမည်ကြီးလမ်းမကြီး သုံးခုတို့သည်
သင်္ကဿမြို့၌ဆုံသည်။ ပထမလမ်းမ ကြီးမှာ ဥတ္တရာပထမြောက်ပိုင်းလမ်းမကြီးဖြစ်သည်။
သင်္ကဿမြို့သည် ထိုလမ်းမကြီးပေါ်တွင် ရှိသည်။ တစ်ဘက်တွင် သောရေယျမြို့ရှိပြီး၊
အခြားတစ်ဘက် တွင် ကဏ္ဏကုဇ္ဇမြို့ရှိသည်။ သင်္ကဿမြို့သည် ထိုမြို့ နှစ်မြို့၏အလယ်၌
ရှိသည်။
ဗုဒ္ဓဘုရားရှင်သည် ဝေရဉ္ဇာ၌ ဒွါဒသမဝါ ကပ်တော်မူပြီးနောက်
ဝေရဉ္ဇာမှအစဉ်အတိုင်း သောရေယျ မြို့၊ သင်္ကဿမြို့၊ကဏ္ဏကုဇ္ဇမြို့များကို ဖြတ်သန်းတော်မူလျက်
ထိုလမ်းမကြီးအတိုင်း ပယာဂပတိဌာနသို့ လည်းကောင်း၊ထိုမှတစ်ဆင့်ဗာရာဏသီသို့လည်းကောင်း
ကြွတော်မူလေသည်။
ဒုတိယလမ်းမကြီးမှာ သင်္ကဿမြို့မှ သာကေတ
မြို့ကိုဖြတ်လျက် သာဝတ္ထိမြို့အထိသွားသော လမ်းမကြီးဖြစ်သည်။ သင်္ကဿမြို့မှ
သာဝတ္ထိမြို့အထိ ခရီးမှာ ယူဇနာသုံးဆယ်ရှိသည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ
သင်္ကဿမြို့ပေါ်သို့ဆင်းသက် တော်မူလာပြီးနောက် ထိုလမ်းမကြီးအတိုင်း သာဝတ္ထိမြို့သို့
ကြွတော်မူသည်။
တတိယလမ်းမကြီးမှာ သင်္ကဿမြို့ကိုဖြတ်သွားသောလမ်း
ဖြစ်သည်။ ထိုလမ်းသည် သောရေယျမြို့ မှလာပြီး အစဉ်အတိုင်း သင်္ကဿမြို့၊ ကဏ္ဏကုဇ္ဇမြို့၊
ဥဒုမ္ဗရမြို့၊ အဂ္ဂလပုရမြို့များကို ဖြတ်လျက် သဟဇာတိမြို့အထိ ပေါက်လေသည်။
ရှင်ဥပဂုတ္တမထေရ်မြတ်နှင့်
ဘုရင်အသောကတို့ သည် ဇမ္ဗူဒိပ်ကျွန်းရှိ ဗုဒ္ဓဘုရားရှင်နှင့် ပတ်သက်ဆက်နွယ်နေသည့်
အထွတ်အမြတ်ဌာနများသို့ လှည့်လည်ဖူးမြော်ကြရာ ဌာန အတော်နှံ့သွားလေပြီ။ သူတို့၏
ယခုတစ်ကြိမ် ဘုရားဖူးဌာနသည် သင်္ကဿနဂိုရ်ဖြစ်သည်။ မထေရ်မြတ်နှင့်မင်းကြီးတို့သည်
သင်္ကဿနဂိုရ်သို့ ရောက်တော်မူလာကြသည်။ အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင်၏ ဘဝဖြစ်စဉ်
တော်နှင့် ဆက်စပ်သည့် အခြားဌာနများကို ဖူးတွေ့ရ သကဲ့သို့ပင် ယခု သင်္ကဿနဂိုရ်သို့
ရောက်လာသော အခါတွင်လည်း သဒ္ဓါတရားများ တဖွားဖွားပေါ်နေသည်။ ရှင်ဥပဂုတ္တမထေရ်က
နေရာတစ်ခုသို့ ညွှန်ပြလျက် မိန့်တော်မူလေသည်။
“ဒီနေရာဟာ ရှင်တော်မြတ်ဘုရား တာဝတိံသာက
ဆင်းသက်ြွကလာတော်မူတဲ့နေရာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေ အစဉ်အဆက် ယူဆလာခဲ့ကြတဲ့ အစဉ်အလာတစ်ခု ရှိတယ်၊
ရှင်တော်မြတ်ဘုရား တာဝတိံသာနတ်ပြည် ကြွတော်မူပြီး မယ်တော်ဖြစ်ခဲ့တဲ့ နတ်သားကို
အဘိဓမ္မာတရား ဟောကြားတော်မူတယ်။ တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာတရားဟောတော်မူပြီး
သီတင်းဝါလကျွတ်တဲ့ အခါကျတော့ လူ့ပြည်ကို ပြန်ြွကလာတယ်။ အဲဒီအခါမှာ တာဝတိံသာကနေ
သင်္ကဿနဂိုရ်ကို ပတ္တမြားစောင်းတန်းနဲ့ ဆင်းသက် ကြွတော်မူလာတယ်။ ဒီသင်္ကဿမြို့ရဲ့
တောင်ဘက် မြို့တံခါးဝမှာ ခြေချတော်မူတယ်။ ဒါ့ကြောင့် ဒီနေရာကလည်း ဘုရားရှင်များရဲ့
မကင်းတဲ့ အဝိဇတိတဌာနတစ်ခု ဖြစ်နေပြီး ဗုဒ္ဓဘာသာ ဝင် သူတော်စင်တို့ ရှိခိုး
ဦးတိုက်ရာ အထွတ်အမြတ်ဌာန တစ်ခု ဖြစ်နေတယ်မင်းကြီး”
ဘုရင်အသောကသည် ရှင်ဥပဂုတ္တမထေရ်မြတ်
၏မိန့်ဆိုစကားကို ကြားရသောအခါ စေတနာ သဒ္ဓါတရား ဖြစ်ပေါ်လာပြီးလျှင် သင်္ကဿနဂိုရ်၌လည်း
အခြားသော ဗုဒ္ဓအထွတ်အမြတ်ဌာနများကဲ့သို့ စေတီပုထိုးများနှင့် ကျောက်တိုင်များ
တည်ထားကိုးကွယ်ရန် ဆုံးဖြတ်လိုက်လေသည်။
ဓမ္မပဒအဋ္ဌကထာအဆိုအရ တာဝတိံသာမှ ဆင်းသက်ကြွတော်မူလာသည့်
ဗုဒ္ဓဘုရားရှင်သည် ပထမ ဦးဆုံး လက်ယာခြေတော် ချတော်မူရာနေရာ၌ ခြေတော်ရာစေတီ
တည်ထားကိုးကွယ်ခဲ့သည်။ ထိုနေရာ ကား ယခု ဗိဆာရီဒေဝီဘုရားကျောင်း တည်ရှိသည့်
နေရာဟုဆိုကြသည်။ ထိုဘုရားကျောင်း၌ နတ်သမီး ရုပ်တုတစ်ခုရှိသည်။
ထိုနတ်သမီးရုပ်တုနှင့်ပတ်သက်၍ အချို့က မှတ်ချက်ချပြောဆိုကြသည်များရှိသည်။
ထိုအရပ်ဒေသ၌ ဗိရှဟရီအမည်ရှိသော ဘုရင်မတစ်ဦး
စိုးမိုးအုပ်ချုပ်ခဲ့သည်။ ထိုဘုရင်မသည် တရားနှင့်အညီ အုပ်ချုပ်ခဲ့သည့်အတွက်
ထိုဘုရင်မ နတ်ရွာစံသောအခါ တိုင်းသားပြည်သူများက ဘုရင်မရုပ်တု
ပြုလုပ်ကိုးကွယ်ကြသည်။ သီတင်းကျွတ်လပြည့်နေ့၌ ထိုဘုရားကျောင်းတွင် မြတ်စွာဘုရားရှင်
တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူသည့် အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ကြသည် ဆိုကြ၏။
အသောကမင်းတရားကြီးသည် သင်္ကဿနဂိုရ်၌
ကျောက်တိုင်များ၊ စေတီပုထိုးများ၊ ကျောင်းတိုက်များ ကို တည်ထားကိုးကွယ်လေသည်။
အသောကမင်းကြီး စိုက်ထူခဲ့သော ကျောက်တိုင်တစ်တိုင်ထိပ်ဖျားရှိ ဆင်ရုပ် တစ်ရုပ်သည်
ယခုထက်တိုင် သင်္ကဿနဂိုရ်၌ ရှိနေ သည်။ ထိုဆင်ရုပ်သည် ပေခုနစ်ဆယ်အမြင့်ရှိသည့်
ကျောက်တိုင်ထိပ်က ဆင်ရုပ်ဖြစ်သည်ဟု သမိုင်းပညာ ရှင်အချို့က ယူဆကြသည်။
ထိုကျောက်တိုင် မည်သို့ မည်ပုံ ဖြစ်သွားသည်ဆိုသည်ကို မပြောနိုင်ကြသော်လည်း
ကျန်ရှိနေသည့်ဆင်ရုပ်ကိုမူ အစိုးရက သံလက်ရန်းများ ကာရံ၍ ထိန်းသိမ်းထားကြသည်။
ထိုဆင်ရုပ်၏ကျော၌ ပိယဒဿီအသောက ဟူ၍ ဗြဟ္မီအက္ခရာ စာလုံးဖြင့် ရေးထိုးထားသည်။
တရုတ်ခရီးသည် နှစ်ဦးစလုံးပင်
သူတို့ခရီးစဉ် မှတ်တမ်း၌ သင်္ကဿနဂိုရ်အကြောင်းကို ထည့်သွင်း ရေးသားထားကြသည်။ ၇-
ရာစုအတွင်း အိန္ဒိယသို့ ရောက်လာသော တရုတ်ခရီး သည် ရွှင်ကျန်သည် သင်္ကဿနဂိုရ်သို့လည်း
ရောက်လာသည်။
သူ၏မှတ်တမ်း၌ -
ဘုရင်တစ်ပါးသည်
မူရင်းစောင်းတန်း တစ်နေရာ၌ မူရင်းစောင်းတန်း ပုံစံအတိုင်း အဖိုးတန်ပစ္စည်းများကို
အသုံးပြုလျက် အုတ်နှင့်ကျောက်စောင်းတန်းတစ်ခု တည်ဆောက်ထားသည်။ ထို စောင်းတန်းလှေကားသည်
အမြင့်ပေခုနစ်ဆယ်ရှိပြီး စောင်းတန်းထိပ်၌ ဘုရားကျောင်းတစ်ကျောင်း ဆောက်လုပ်ထား၏။ ထိုဘုရားကျောင်း၌ ဗုဒ္ဓ ကျောက်ဆင်းတု
တစ်ဆူ ကိုးကွယ်ထားသည်။ စောင်းတန်း၏ ယာဘက်နှင့်
ဝဲဘက်တို့၌ ဗြဟ္မာရုပ်နှင့် သိကြားရုပ်တို့ အသီးသီး ရှိနေကြသည်။ ထို ရုပ်တုများမှာ
မြတ်စွာဘုရားရှင် တာဝတိံသာမှ ဆင်းသက် ကြွတော်မူလာပုံကို
သရုပ်ဖော်ထားခြင်း ဖြစ်ဟန်တူသည်။
မြတ်စွာဘုရားရှင်
တာဝတိံသာမှ ဆင်းသက်ကြွတော်မူလာပုံနှင့်ပတ်သက်၍ ဆိုရိုးစကား ရှိခဲ့သည်။
မြတ်စွာဘုရားရှင် တာဝတိံသာမှ သင်္ကဿနဂိုရ်သို့ ဆင်းသက် ကြွလာတော်မူစဉ်က ပတ္တမြားစောင်းတန်း
ဖြင့် ဆင်းသက်ကြွတော်မူသည်။ ဗြဟ္မာမင်းနှင့် သိကြားမင်းတို့သည်လည်း
မြတ်စွာဘုရားနှင့်အတူ လူ့ပြည်သို့ ဆင်းသက်လာကြသည်။ သို့သော် ဗြဟ္မာမင်းနှင့်
သိကြားမင်းတို့သည် မြတ်စွာဘုရားရှင်နှင့်အတူ ပတ္တမြား စောင်းတန်းမှ မဆင်းသက်ကြချေ။
သီးခြား စောင်းတန်း ဖြစ်သည့် ရွှေစောင်းတန်းနှင့် ငွေစောင်းတန်းတို့မှ
ဆင်းသက်လာကြသည်။ ဗြဟ္မာမင်းက လက်ယာဘက် ရွှေစောင်းတန်းမှ ဆင်းသက်လာပြီး သိကြားမင်းက
လက်ဝဲဘက် ငွေစောင်းတန်းမှ ဆင်းသက်လာသည်ဟု ဆိုရိုးစကားရှိခဲ့လေ သည်။
ထိုစောင်းတန်းများသည် သင်္ကဿနဂိုရ်တွင်
ကာလအတန်ကြာမျှ တည်ရှိနေခဲ့ သော်လည်း နောက်ပိုင်းတွင် မြေကြီးအတွင်းသို့
နစ်မြုပ်ပျောက်ကွယ်သွားကြလေသည်။
ဥက္ကလာမြင့်သန်းအောင်
No comments:
Post a Comment